← Chapters

အကြီးအကဲ ဝံပုလွေ

Vol. 04 Ch. 181

အကြီးအကဲ ဝံပုလွေ

Vol. 04 Ch. 181

ဝမ်မင်း၏မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားကာ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။

“မင်း ငါ့ကို အနိုင်ကျင့်နိုင်တယ်၊ စော်ကားနိုင်တယ်။ ဒါပေမယ့် မင်း ငါတို့ အကြီးအကဲ ဝံပုလွေကို ပြစ်မှားရဲရင် စော်ကားရဲရင် ငါ မင်းကို မဆုံးမရဲဘူးလို့ မင်း ထင်နေတာလား။”

“ငအတစ်ယောက်ပဲ။”

ထန်ရှု လှောင်ပြောင်လိုက်သည်။

“လူ့ဘောင်အသိုင်းအဝိုင်းက ဥပဒေနဲ့အညီ နေထိုင်ကြရပြီး မင်းက ငါ့ကို ဆုံးမချင်နေတာလား။ ပိုကောင်းအောင် အဆုံးသတ်ပေးလိုက်မယ်လို့ မင်းတွေးနေတာလား။ မင်းက ငါ့မျက်လုံးထဲမှာ ပုရွက်လေးတစ်ကောင်ထက် မပိုဘူး။ မင်းရဲ့အသုံးမကျတဲ့ သိုင်းပညာမတောက်တခေါက်နဲ့ ငါ့ကို ဆုံးမနိုင်မယ်လို့ ထင်နေတယ်ပေါ့လေ။ မင်း ငါ့ကို ဟာသလုပ်နေတာလား။”

ထိုအချိန်တွင် ကားမောင်းသူနေရာတွင် ထိုင်နေသော ဓားအမာရွတ်ချန်သည် အပြင်ဘက်တွငါ ရန်ဖြစ်နေသံကို ကြားရသဖြင့် ကားပေါ်မှ ဆင်းကာ လာခဲ့သည်။ သူသည် ဝမ်မင်းအား ဒေါသဖြစ်စွာနှင့် ကြည့်လိုက်သည်။ ထန်ရှုသည် သူ၏ကာကွယ်ပေးမှုအားမလိုအပ်သည်ကို သိသော်လည်း ဒေါသတကြီး ပြောဆိုလိုက်သည်။

“ချီးတဲ့မှပဲ မင်းက ဘာကောင်တုန်း။ ငါ့သူဋ္ဌေးရှေ့မှာ ထောင်လွှားနေရဲသေးတယ်ပေါ့ဟုတ်စ။ ငါ မင်းကို သေအောင် မဆုံးမနိုင်ဘူးလို့ မင်း ထင်နေတာလားကွ.. ဟမ်။”

“ဟင်…”

ဝမ်ရှန်၏အမူအရာသည် ရုတ်ခြည်းပင် ပြောင်းလဲသွားပြီး သူ၏မျက်လုံးများသည် အဝိုင်းသား ဖြစ်သွားရကာ ဓားအမာရွတ်ချန်အား ကြည့်လျက် တုန်တုန်လှုပ်လှုပ်ဖြစ်သွားလေသည်။

“ခင်..ခင်ဗျား..ခင်ဗျားက အစ်ကိုကြီးချန်လား။ သူဋ္ဌေးဓားအမာရွတ်ချန်လား။”

ဓားအမာရွတ်ချန်၏နဖူးမြင့်တက်သွားပြီး ဝမ်ရှန်အား ကြည့်လိုက်သည်။

“မင်း ငါ့ကို သိတာလား။”

သူ၏ပြန်မေးလိုက်သောစကားကြောင့် ဓားအမာရွတ်ချန်ဟုတ် မဟုတ် မသေချာနေသော ဝမ်ရှန်သည် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်သွားသည်။ သူသည် ဝမ်မင်း၏လက်အား ဆွဲလိုက်ကာ မချိပြုံး ပြုံးလိုက်သည်။

“အစ်ကိုကြီး ချန်… ခင်ဗျား ဖြစ်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို မထင်ထားမိဘူး။ ကျွန်တော့်သူဋ္ဌေး ခြေကျိုးလျူနဲ့ရှိတုန်းက အစ်ကိုကြီးကို ပထမဆုံးတွေ့ဖူးတာပါ။ အခုက နားလည်မှုလွဲတာပါ။ ကျွန်တော့်အစ်ကိုကြီးက သူ့ကို အစ်ကိုကြီးရဲ့သူဋ္ဌေးမှန်း မသိလို့ပါ။ အစ်ကိုကြီးသူဌေးဆီမှာ အလုပ်လုပ်ဖို့ သူ့ကို ကျွန်တော် ဖျောင်းဖျလိုက်ပါမယ်။”

“အဲ့ဒါဆို မင်းက ခြေကျိုးလျူရဲ့လူတွေထဲက တစ်ယောက်ပေါ့။ အဲ့ဒီကောင်လေးက ခုတလော လမ်းကြောင်းလွဲနေတယ်။ မကြာခင် သူ မကောင်းတဲ့ဘေးဖြစ်တော့မယ်လို့ ငါ ကြားနေတယ်။ ဒါပေမယ့် ငါ့သူဋ္ဌေးက မင်းအစ်ကိုကြီးကို သဘောကျတယ်ဆိုမှတော့  မင်းတို့ မြန်မြန်ပြင်ဆင်ပြီး ဒီနေရာကနေ မြန်မြန်ထွက်ဖို့ ငါ မင်းကို ပြောချင်တာ။ နို့မဟုတ်ရင်…”

ဝမ်ရှန်၏မျက်နှာ ဖြူလျော်သွားတော့သည်။

“အ..အစ်ကိုကြီး ချန်.. အစ်ကိုကြီး ဘာကို ဆိုလိုတာလဲ။ ကျွန်တော့်ကို အသေးစိတ် ပြောပြပေးနိုင်မလား။”

“မင်း ငါပြောတာ သေသေချာချာ နားထောင်။ ခြေကျိုးလျူရဲ့ကောင်မလေးက သူ့နောက်ကွယ်မှာ ဘိန်းဖြူအမှုနဲ့ ပတ်သက်နေတယ်။ အဲ့ဒါက သေချာပေါက် သူကျဆုံးမယ့်အရာပဲ။ ငါ ကြားတာတော့ သူ့လူ့တစ်ချို့တောင် အဲ့ဒီအမှုထဲ ပါနေတယ်။ ရဲဋ္ဌာနက ငါနဲ့အဆက်အသွယ်ရှိတဲ့ သောက်ဖော်သောက်ဖက်တွေဆီက ကြားတာ။ ငါတို့သောက်ကြတုန်းက သူတို့ ငါ့ကို ပြောပြတယ်။”

ဝမ်ရှန်သည် တုန်ရီနေသော်လည်း ဓားအမာရွတ်ချန် ဘာပြောနေသည်ကို သူ နားလည်သည်။ ခြေကျိုးလျူ၏ချစ်သူကောင်မလေးသည် ကံကြမ္မာဆိုးနှင့်တွေ့ခဲ့ပါက ထိုအရာအားလုံးသည် ခြေကျိုးလျိူသို့ လာရောက် ဆက်နွယ်လိမ့်မည်ဖြစ်သည်။ သူနှင့် အချို့ကောင်လေးများသည် ခြေကျိုးလျူနောက်သို့ လိုက်ရင်း မကောင်းမှုအချို့ကျူးလွန်ထားခဲ့ကြပေသည်။ သို့ဖြစ်ရာ…

ထန်ရှုသည် ဓားအမာရွတ်ချန်၏မျက်လုံးများအား စိုက်ကြည့်လိုက်ရင်း ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“ထားလိုက်တော့။ သူ့ကို ခြောက်မနေပါနဲ့။ ပထမတော့ အထူးတပ်အငြိမ်းစားတွေက အသုံးဝင်ကြလိမ့်မယ်လို့ ထင်ခဲ့မိတာ။ ဒီလိုမျိုး အသုံးမကျတဲ့ အမှိုက်ဖြစ်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သွားကြစို့။”

“ရပ်လိုက်စမ်း။”

ထန်ရှု လှည့်ထွက်သွားတော့မည့်ဟန်အား ကြည့်ကာ ဝမ်မင်းသည် ရုတ်တရက် ထအော်လိုက်ခြင်းဖြစ်သည်။

ထန်ရှု နောက်လှည့်ကြည့်လိုက်ရင်း သရော်လိုက်သည်။

“ဘာလဲ။ သွေးပူလေ့ကျင့်ခန်း လုပ်ချင်လို့လား။”

ဝမ်မင်း ထန်ရှု၏လေသံအား မနှစ်သက်သည့်ဟန် ဖြစ်သွားသည်။

“မင်းရဲ့အားမရှိတဲ့ကိုယ်လုံးနဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား။ ငါ မင်းကို သတိပေးလိုက်မယ်။ မင်းဘာသာ ဘာကောင်ပဲဖြစ်ဖြစ် အကြီးအကဲဝံပုလွေကို စော်ကားလို့ကတော့ မင်းကို ငါဆုံးမရလိမ့်မယ်။”

ထန်ရှု လက်တစ်ချောင်း ကွေးပြလိုက်ရင်း လှောင်လိုက်သည်။

‘ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်းနဲ့ငါ လက်ရုံးရည်ချင်း ယှဉ်ကြတာပေါ့။ ငါ နိုင်ရင် မင်း ငါနဲ့လိုက်လာရမယ့်အပြင် အကြီးအကဲဝံပုလွေအကြောင်း မင်း သိသမျှ ပြောပြရမယ်။ မင်း ရှုံးရင် မင်းညီရဲ့ ပြသနာကို သနားစရာအဖြစ် မခံသလို သူ့ဘဝတစ်လျှောက်လုံး ထောင်ကျနေရမယ့်အဖြစ်မျိုး မဖြစ်စေရဘူး။ သူ လွတ်သွားအောင်တောင် လုပ်ပေးနိုင်တယ်။”

ပြသနာမကြီးစေရန်နှင့် ထောင်မကျစေရန် ကူညီပေးမယ်ဟုတ်လား။

ဝမ်မင်းသည် ချက်ချင်းပင် ထန်ရှု၏စကားနောက်ကွယ်မှ ဆိုလိုရင်းအား နားလည်သွားသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။ မင်းက အရှက်မရှိတဲ့ ကလိမ်ကကျစ်ပဲ။”

ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ထန်ရှု ပြောလိုက်သည်။

“မင်းနဲ့စကားပြောတာ ငါ့ကို တချို့ပြသနာတွေ နားလည်စေတယ်။ မင်းက အငြိမ်းစား အထူးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ရင်ဖြစ်လိမ့်မယ် ဒါပေမယ့် မင်းက လက်ရွေးစင်ထဲက တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒါက ငါ့အတွက် အကြောင်းမဟုတ်ပါဘူး။ နိုင်ငံခြားတိုင်းပြည်မှာ တာဝန်ထမ်းဆောင်ရတဲ့ လျှို့ဝှက်စစ်ဆင်ရေးမှာ ပါတဲ့ အဲ့ဒီလိုလက်ရွေးစင်စစ်သားတွေက သူတို့ရဲ့အသက်ကို မျဉ်းတစ်ကြောင်းပေါ်မှာ တင်ထားရသလိုပဲ သေခြင်းတရားကို ပြန်လှန်တွန်းလှန်ရတယ် တိုက်ခိုက်ရတယ်-အဲ့လိုလူတွေကမှ တကယ့်လက်ရွေးစင် စစ်သားအစစ်အမှန်တွေပဲ။ ထားလိုက်ပါတော့။ အခု ငါ မင်းနဲ့ အရေးကြီးတာပဲ ပြောမယ်။ မင်း ငါနဲ့ အလောင်းအစား လုပ်ရဲလား။ မလုပ်ရဲဘူးလား။ မင်း ဆုံးဖြတ်။”

ဝမ်မင်းသည် ခေါင်းကိုယမ်းလိုက်သည်။

“ငါ ရှုံးရင် မင်းအတွက် အလုပ်လုပ်ပေးမယ်ဆိုတဲ့ကတိပဲ ပေးနိုင်တယ်။  အကြီးအကဲဝံပုလွေအကြောင်းတော့ ဘာမှ ပြောမပြနိုင်ဘူး။ ပြီးတော့လည်း တရားဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်ဆို ငါ ဘာမှ လုပ်လိမ့်မှာမဟုတ်ဘူး။”

“ငကြောက်…”

ထန်ရှု သရော်လိုက်ပြီး ပရာဒိုကားဆီ လှည့်ထွက်လာလိုက်သည်။

ဝမ်မင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ၏မျက်ဝန်းများအတွင်းမှ ဒေါသမီးလျှံများ တရှိန်ရှိန်ထွက်နေသည်။ ထန်ရှု ခြေ၃လှမ်း၊ ၄လှမ်းသာ လျှောက်ပြီးချိန်တွင် သူသည် ရုတ်ခြည်းပင် အပြေးသွားရာ အသက်၂ရှိုက်အတွင်း ထန်ရှုအား လမ်းပိတ်ထားလိုက်နိုင်ပြီး သူ၏ခြေထောက်များဖြင့် ထန်ရှု၏ပါးပြင်အား ပြင်းထန်စွာ ကန်လိုက်သည်။

“ဟမ့်…”

ထန်ရှုသည် အလင်း၏အလျင်အတိုင်း လှုပ်ရှားကာ ဝမ်မင်း၏ခြေဖဝါးအား တိကျစွာ ဖမ်းလိုက်သည်။ သူနှင့်နီးကပ်အောင် ဆွဲယူလိုက်ကာ ထန်ရှု၏လက်ဖဝါးသည် ဝမ်မင်း၏ရင်ညွန့်သို့ ချက်ချင်း ရိုက်လိုက်သည်။ သူ၏ခြေမအားဖြင့် ဝမ်မင်း၏ဖိနပ်မပါသော ခြေဖဝါးအား ဖိနှိပ်လိုက်ပြီး ဝမ်မင်းအား လဲကျသွားစေသည်။

“မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား။” ထန်ရှုသည် ဆက်မတိုက်တော့ဘဲ သရော်လိုက်သည်။

ဝမ်မင်းသည် ထန်ရှု၏ခွန်အားအား အမှန်တကယ်ပင် အံ့အားသင့်နေသည်။ ထိုအရာသည် သူ့အား ခြောက်လှန့်စေနိုင်သည် ဆိုသော်ငြား သူ၏ရင်တွင်းမှ မခံချင်စိတ်နှင့် ဒေါသသည် ပိုမိုပြင်းထန်လာသောကြောင့် သူသည် လဲကျနေရာမှ ခုန်ထကာ ထန်ရှုထံသို့ လက်သီးထိုးချက်များအား အဆက်မပြတ် ပစ်ထိုးလိုက်သည်။

“ဖြောင်း…”

ထန်ရှုသည် သူ၏လက်ဖြင့် လက်သီးများအား ဖမ်းဆုပ်လိုက်သည်။ ခေါင်းတစ်ချက်ယမ်းလိုက်ပြီး သူ၏ခြေဖဝါးသည် ဝဲပျံသွားကာ ဝမ်မင်း၏ရင်ဘတ်အား ကန်ထည့်လိုက်သဖြင့် ဝမ်မင်းသည် နောက်သို့ လွင့်စဉ်သွားရသည်။ ထို့နောက် ထန်ရှုသည် ခံစားချက်ကင်းမဲ့သော အသံဖြင့်

“မင်းက ငါနဲ့အဆင့်တူ မဟုတ်ဘူး။ သာမန်လူတွေနဲ့ နှိုင်းယှဉ်ရင်တော့ မင်းမှာ စွမ်းရည်အချို့ရှိတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောက်ထက်မပိုဘူး။ ငါသာ လူအင်အား အမှန်တကယ် လိုအပ်မနေဘူးဆိုရင် မင်းလိုလူမျိုးကို အပင်ပန်းခံပြီး လာရှာမှာ မဟုတ်ဘူး။”

ဝမ်မင်း လုံးဝတုန်လှုပ်နေပြီဖြစ်သည်။ သူ၏ရင်ညွှန့်မှ တက်လာသော နာကျင်မှုသည်  သူ့အား အသက်ရှူမှားစေသည်။ ထိုလူငယ် အမှန်ပြောနေခြင်းကို သူနားလည်လိုက်သည်။ ထိုလူငယ်နှင့်နှိုင်းယှဉ်မည်ဆိုပါက သူသည် ပုရွက်ဆိတ်တစ်ကောင်အဖြစ်ပင် စဉ်းစားနိုင်မည်မဟုတ်ချေ။ သူ့ဘဝတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော ပြိုင်ဖက်များနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ဆိုးဆိုးဝါးဝါး ရှုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်တော့သည်။ ထို့ကဲ့သို့ ခွန်အားကြီးလှသည့် ကျွမ်းကျင်သူအား တစ်ခါမှ မကြုံခဲ့ဖူးပါချေ။ သူ၏ရင်ထဲတွင် အကြီးအကဲဝံပုလွေသည် အလွန်သန်မာသည်။ သူနှင့်အတူ လူ ၃ယောက် သို့မဟုတ် ၅ယောက် ရင်ဆိုင်လျှင်ပင် သူ၏ပြိုင်ဖက်မဟုတ်ချေ။ သို့သည့်တိုင် အကြီးအကဲဝံပုလွေသည် ထိုကဲ့သို့ ခွန်အားနှင့် သူတို့အား ပြန်ချနိုင်မည်မဟုတ်မှန်း သူ သေချာသိသည်။ သည်လူငယ်သည် အကြီးအကဲဝံပုလွေထက်ပင် ပိုမို ကြောက်စရာကောင်းလှပေသည်။

“မင်း ဘယ်သူလဲ။” ဝမ်မင်းသည် သူ၏ရင်ဘတ်အား ဖိထားရင်း ထန်ရှုအား ကြည့်လိုက်သည်။

“မင်း ငါဘယ်သူလဲသိချင်ရင် ငါ့နောက်လိုက်ပြီး အလုပ်လုပ်။ မင်းစကားကို ပြန်ဖြေရရင် ငါ့အလုပ်က ဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်မဟုတ်သလို ငါကိုယ်တိုင်ကလည်းစပြီး မချိုးဖောက်ဘူး။ ဒါပေမယ့် ငါ့ကို အမှားပြုလုပ်ဖို့ ပြစ်မှုကျူးလွန်တဲ့မည်သူမဆို ငါ သနားညှာတာမှု မပေးဘူး။ သစ္စာရှိတဲ့လူတွေ ငါလိုအပ်တယ်။ ပြီးတော့ သူတို့က ငါ့အမိန့်ကို တင်းကျပ်စွာ လိုက်နာဖို့ လိုတယ်။”

ထန်ရှုသည် သူ၏ခွန်အားအပြည့် မသုံးထားသည်ကို ဓားအမာရွတ်ချန်၏အနားတွင် ရှိနေသော ဝမ်ရှန်သည် ရှင်းလင်းစွာ မြင်နေရသည်။ သူသည် သူ၏အစ်ကိုကြီးအား စိုးရိမ်ပူပန်သော်လည်း ဝမ်မင်းအား အနှောင့်အယှက်မဖြစ်စေရန်အတွက် နောက်ပြန်ဆုတ်လိုက်သည်။ အစ်ကိုကြီး ဝမ်မင်း၏ စွမ်းဆောင်ရည်ကို သိထားသော ဝမ်ရှန်သည် အကြီးအကျယ် တုန်လှုပ်နေမိသည်။ ပြီးခဲ့သော ရက်အနည်းငယ်က သူနှင့်သူငယ်ချင်းများသည် အခြားလူမိုက်အဖွဲ့၏ဝိုင်းဝန်းရိုက်နှက်ခြင်းအား ခံနေရချိန်တွင် ဝမ်မင်း ရောက်လာပြီး ဓားများကိုင်ဆောင်ထားသောလူမိုက်တစ်ဒါဇင်အား ဒဏ်ရာများ ရစေလျက် လဲသိပ်နိုင်ခဲ့သည်။

သို့သော် ယခု ထိုစွမ်းအားကြီးသော သူ၏အစ်ကိုသည် ထိုလူငယ်၏ရိုက်နှက်ခြင်းအား ပြန်ပင်မခုခံနိုင်ဘဲ လွယ်ကူစွာ ခံနေရသည်လား။ ဘယ်လိုခွန်အားမျိုးအား ထိုလူငယ် ပိုင်ဆိုင်ထားပါသနည်း။

“အစ်ကိုကြီးချန်… ခင်ဗျားသူဋ္ဌေးက ဘာစီးပွားရေးလုပ်တာလဲ။ ဘယ်လောက်တောင် သူ စွမ်းအားကြီးတာလဲ။” ဝမ်ရှန်သည် အသံတိမ်တိမ်ဖြင့် မေးလိုက်သည်။

ဓားအမာရွတ်ချန်သည် ဝမ်ရှန်အား ကြည့်လိုက်သည်။ “ငါ မသိဘူး။”

ဟမ်… သူမသိဘူး။

ဝမ်ရှန်သည် အံ့အားသင့်သွားသည်။

“ခင်ဗျား ဘယ်လိုမသိတာလဲ။ သူ့အတွက် အလုပ်လုပ်တယ်ဆိုပြီး သူဘာလုပ်မှန်း အစ်ကိုကြီးချန် မသိဘူးလား။ အစ်ကိုကြီးချန်… ကျွန်တော့်ကို နောက်နေတာလား။”

“ငါ တကယ် မသိဘူး။ ငါ သိတာက သူဋ္ဌေးက အရမ်းစွမ်းအားကြီးပြီး ချမ်းသာတယ်။ လုပ်ငန်းစုကြီးတစ်ခုရဲ့သူဋ္ဌေးပဲ။ အဲ့ဒါကလွဲပြီး သူ့အကြောင်း ငါ ဘာမှ မသိဘူး။”

“ဒါပေမယ့် အဲ့ဒါကို ခင်ဗျား သူ့နောက်လိုက်ပြီး အလုပ်လုပ်သေးတာလား။” ဝမ်ရှန် အံ့အားသင့်နေဆဲဖြစ်သည်။

ဓားအမာရွတ်ချန်သည် ဝမ်ရှန်အား မျက်စိစွေကြည့်လိုက်သည်။

“သူဋ္ဌေးက အရမ်းကြွယ်ဝပြီး လူကောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူ့နောက်လိုက်ရင် ငါ့အနာဂတ်က ကောင်းမွန်လိမ့်မယ်လို့ ငါ ပြောနိုင်တယ်။”

“ဟင်…” ဓားအမာရွတ်ချန်အဖြေကြောင့် ဝမ်ရှန် ကြက်သေ သေသွားတော့သည်။

ထန်ရှုသည် ဝမ်မင်းအား အေးဆေးစွာ ကြည့်လိုက်သည်။

“မင်း ငါ့ကို အခုချက်ချင်းအဖြေပေးဖို့ မလိုပါဘူး။ ငါလိုအပ်တာ တစ်ယောက် နှစ်ယောက်လည်း မဟုတ်ဘူး။ ငါ အသင်းတစ်သင်းစာ လိုအပ်တယ်။ မင်း သဘောတူရင် မင်းရဲ့အကြီးအကဲဝံပုလွေနဲ့ ငါ့ကို ကြယ်တာရာမှာ လာရှာပါ။ တောင်တံခါးမြို့အိမ်ရာမှာ ငါနေတယ်။ မင်း မှတ်ထားရမှာက မင်းမှာ အချိန်၃ရက်ပဲရတယ်။ အဲ့ဒီ၃ရက်ထက် ကျော်သွားရင်တော့ ငါ မင်းကို လက်မခံတော့ဘူး။”

ပြောပြီးသည်နှင့် ထန်ရှုသည် ချာကနဲလှည့်ကာ ကားဆီ လျှောက်သွားသည်။ ကားပေါ်ရောက်သည်နှင့် သူသည် ခေါင်းပြန်လှည့်လိုက်ပြီး

“ငါ မင်းကို ငါ့ရဲ့ကမ်းလှမ်းချက်တွေ မပြောရသေးဘူးနဲ့တူတယ်။ မင်းသာ ငါ့လက်အောက်မှာ အလုပ်လုပ်မယ်ဆိုရင် မင်းရဲ့ညီလေးကို တည်ငြိမ်တဲ့ဘဝတစ်ခုကို ပေးနိုင်သလို မင်းကို နေဖို့ ကိုယ်ပိုင်နေရာလေးတစ်ခုပေးမယ်။ မင်းတို့၂ယောက်စလုံးရဲ့အနာဂတ်အတွက် ငါ အာမခံတယ်။”

ပါရာဒိုကားစတင်ထွက်ခွာသွားပြီဖြစ်သည်။

ဝမ်မင်းနှင့် ဝမ်ရှန်သည် ထွက်ခွာသွားသော ကားအား စိတ်ရှုပ်နေသောအမူအရာဖြင့် ကြည့်ကာကျန်နေခဲ့သည်။ ဝမ်ရှန်သည် ထန်ရှု မည်သို့ပြောပြော စိတ်ထဲမထားသော်လည်း ဝမ်မင်းသည် တိတ်ဆိတ်နေပြီး စိတ်အတွင်းတွင် အတွေးများ ယောက်ယတ်ခတ်နေသည်။ သူသည် သေနတ်များ၊ လူ၏သွေးများနှင့် အကျွမ်းတဝင်ရှိနေပြီဖြစ်သည်။ သူ၏အသက်သည် ၃၀ရှိခဲ့ပြီ။ သာမန်လူတစ်ယောက်ပုံစံဘဝနှင့် နေထိုင်ခြင်းသည် သူ့အတွက် အဆင်မပြေ နေသားမကျဟု အမှန်တကယ် ခံစားနေရသည်။ သူသည် သည်အခက်အခဲနှင့် စိတ်ခံစားမှုအား လွန်ခဲ့သောလများက ဖိနှိပ်ထားခဲ့ရသည်။ နေထိုင်နေရသော နေ့ရက်တိုင်းသည် နှစ်များအလား ရှည်ကြာလွန်းလှပြီး နှိပ်စက်မှုတစ်ခုအလားဖြစ်သည်။

အကြီးအကဲဝံပုလွေကို ငါ ဆက်သွယ်သင့်သလား။

ဒီလူငယ်ရဲ့မူလအစက ဘာလဲ။

ဝမ်မင်း၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေသည်။

ဝမ်ရှန်သည် သူ့အား တံတောင်နှင့်တွက်လိုက်သည်။

“အစ်ကိုကြီး… အဲ့ဒီသူဋ္ဌေးကြီးလက်အောက်မှာ အလုပ်လုပ်ရင် ငါတို့ကောင်းမွန်လှပတဲ့ဘဝမှာ နေနိုင်လောက်တယ်လို့ ငါ ပြောရဲတယ်။ ဓားအမာရွတ်ချန်က စန်းပေမှာဆိုရင် ရက်စက်ပြီး အကြင်နာကင်းတဲ့လူလို့ ငါ သိတယ်။ ဒါပေမယ့် အခု သူတောင် အဲ့ဒီလူနောက်လိုက်နေတယ်ဆိုရင် ငါတို့လည်း လိုက်သင့်တယ်လို့ ငါ ထင်တယ်။”

“ပါးစပ် ပိတ်ထား။” ဝမ်မင်းသည် လေသံတိုးတိုးဖြင့် ဆူလိုက်သည်။

ဝမ်ရှန်သည် ဂျီကျလိုက်သည်။

“အစ်ကိုကြီး.. ငါတို့ရဲ့ မသားနားတဲ့သွင်ပြင်လည်း ကြည့်လိုက်ဦး။ တစ်ကိုယ်လုံးလည်း ညစ်ပေနေတာပဲ။ လစာဆိုလည်း နည်းတယ်။ ကောင်းမွန်တဲ့ဘဝကို မင်း မနေချင်ဘူးလား။ ပြီးတော့ ငါက ငယ်သေးတယ်။ ဘာမှလည်း မရှိဘူး။ မင်း.. မင်းဆိုလည်း အသက်၃၀ရှိနေပြီ မိန်းမတောင် မရသေးဘူးမဟုတ်လား။ ငါ အသက်၃၀ရောက်တဲ့အခါလည်း မင်းလိုမျိုးဖြစ်စေချင်ပြီး လူပျိုပဲ လုပ်စေချင်သေးတာလား။”

“ဒါ…” ဝမ်မင်း ချီတုံချတုံ ဖြစ်သွားသည်။

သူ၏ညီငယ်ပြောသည်မှာ အမှန်တွေချည်းမှန်း သူသိသည်။ သို့သော် သူသည် ထိုလူငယ်၏နောက်ခံအကြောင်းကို မသိချေ။ တခြားသူသည် သူ့အား ကတိများပေးကာ လှုပ်ရှားရန် ကြိုးစားနေခြင်းကိုလည်း သူ သဘောပေါက်သည်။ ထိုကဲ့သို့သော သိုင်းပညာအုတ်မြစ်ရှိသူသည် သူ့အား အလုပ်လုပ်စေချင်ပါဦးမည်လား။

“အစ်ကိုကြီး သဘောမတူရင် အဖေနဲ့အမေရဲ့အုတ်ဂူတွေဆီသွားပြီး တိုင်ပြောမယ်။”

ဝမ်ရှန်သည် ဝမ်မင်းအား ဒေါသတကြီး ကြည့်ကာ အော်ပြောတော့သည်။

ဝမ်မင်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ့ကို အချိန်နည်းနည်းလောက် ပေးပါ။ ငါ သူငယ်ချင်းအချို့ကို သွားရှာရမယ်။ ပြီးရင် ကြယ်တာရာကို သွားမယ်။ ငါ သူ့လက်အောက်မှာ အလုပ်လုပ်တယ်ဆိုရင်တောင်မှ သူ့နောက်ကြောင်း ရှင်းရှင်းလင်းလင်း သိဖို့ လိုသေးတယ်။”

“ဝေး… ကောင်းတယ်။ မင်းသွားရင် ငါလည်း လိုက်မယ်။” ဝမ်ရှန်သည် အပျော်လွန်သွားပြီး မစဉ်းစားတော့ဘဲ အော်လိုက်သည်။

ဝမ်မင်းသည် သူ့အား အေးစက်စွာ ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ဟင့်အင်း မင်းလိုက်လို့မရဘူး။ ငါ့သူငယ်ချင်းတွေရှာပြီး သူတို့နဲ့သွားရလိမ့်မယ်။ မင်းက စန်းပေမှာ လိမ်လိမ်မာမာနေ။ ငါ့ပြောစကားနားမထောင်ရင် ငါအဲ့ဒီသူဋ္ဌေးဆီမှာ အလုပ်လုပ်ရင်တောင် မင်းကို မခေါ်ဘူး။”

“မင်း…”

***

All Chapters