လေပြင်းတစ်ချက်၏ စွမ်းအား.....
Vol. 31 Ch. 429
" နားလည်မှုလွဲတာနေမှာပါ......"
နန်ကုန်းဟန် ကြောင်စီစီနိူင်စွာရယ်မောနေ၏။သို့သော် စကားဆုံးမဆုံးမှီမှာပင် အလင်းကန့်လန့်ကာနောက်ကွယ်မှ အေးစက်သောစကားသံတစ်သံထွက်ပေါ်လာသည်။
" နန်ကုန်းဟန်...သူက ငါ့လူသုံးယောက်ကို သတ်သွားတာနော်...."
နန်ကုန်းဟန်၏စကားလုံးများ ထွက်မလာနိူင်ကြတော့ပေ။စုမင် ပြုံးနေသည်ကိုမြင်သောအခါ နန်ကုန်းဟန် ဘာဆက်ပြောရမလဲ တွေးတောရင်း ဉီးနှောက်ခြောက်နေရှာ၏။
" နောင်ကြီး နန်ကုန်း...ဒီကိစ္စမှာဝင်မပါပါနဲ့...ကလေးနှစ်ယောက်ကိုပဲ ခဏလောက်စောင့်ရှောက်ထားပေးပါ...ဒါတွေ ရှင်းပြီးရင် ကျုပ်တို့ဆက်သောက်ကြတာပေါ့....."
စုမင်သည် ထိုသို့ပြောပြီးသောအခါ အဘင်းကန့်လန့်ကာနောက်ကွယ်မှ အမျိုးသမီးထံသို့ လှည့်ကြည့်လိုက်သည်။
" မင်းတို့မျိုးနွယ်စုရဲ့နှောင်းပိုင်းရှာမန် ဘယ်လောက်သန်မာလဲ ငါသိချင်နေပြီ......"
စုမင် လိမ်ညာနေခြင်းမဟုတ်သလို မောက်မာစွာချဲ့ကားပြောဆိုနေခြင်းလဲ မဟုတ်ပေ။ သူ့တွင် အခြေတည်အဆင့်စိတ်ဝိဉာဉ်၊ မာန်ဝိဉာဉ်အဆင့် အိပ်အလောင်းကောင်၊ လေမာန်နတ်ဘုရား၏အမွေနှစ် စသည်ဖြင့် ဝှက်ဖဲများစွာရှိနေပေသည်။ ထို့ကြောင့် သူနှင့် နှောင်းပိုင်းရှာမန်တို့ကြားတွင် ကွာခြားချက်မည်မျှရှိမည်ကို သိချင်နေမိ၏။
စုမင်၏ စွမ်းအားများသည် စွမ်းအားမျိုးစုံရောထွေးနေသည်ဖြစ်၍ စုမင် မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ခြင်းနှင့် ပတ်သတ်ပါက ပြသာနာတက်သွားနိူင်ပေသည်။ စုမင်တွင် အင်မော်တယ်ဝိဉာဉ်စွမ်းအား၊ မာန်စွမ်းအား၊ ရှာမန်မျိုးနွယ်စု၏ကျိန်စာစွမ်းအား စသည်ဖြင့် စွမ်အားမျိုးစုံရှိနေသည်။ထို့ကြောင့် အနီးအနားတွင် အဆုံးသတ်ရှာမန်တစ်ယောက်သာ မရှိပါက စုမင် မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရန် ခက်ခဲပေလိမ့်မည်။
ဟုန်လော့၏ ဆယ်ဘဝကျင့်စဉ်သည် စုမင်၏တည်ရှိမှုများကို ဖယ်ပျက်ထားပြီးဖြစ်သောကြောင့် တိထျန်းပင်လျှင် စုမင်အား ရှာတွေ့နိုင်ဖို့ ခက်ခဲပေမည်။ သို့ပါသော်ကြောင့် တခြားသူများအဖို့တော့ ပြောနေစရာပင်မလိုတော့ပေ။
စုမင် ၏စကားများကြောင့် နန်ကုန်းဟန်သည် အခြေအနေကို ပြေလည်အောင်ဖြေရှင်းရန် စဉ်းစားထားသည့် စကားလုံးများကို မျိုသိပ်လိုက်ရရှာသည်။ သူသည် စုမင်ကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး စုမင်၏ စွမ်းအားကို တစ်ဖန် ခန့်မှန်းမိပြန်သည်။ စုမင်၏အကြည့်များကို အကဲခတ်ကြည့်ခြင်းအားဖြင့် နှောင်းပိုင်းရှာမန်ကို တိုက်ခိုက်ရန် အမှန်တကယ် ရည်ရွယ်ထားပုံရသည်။အကယ်၍ညစုမင်အစား တခြားသောရှာမန်တစ်ယောက်သာ ထိုစကားများကို ပြောခဲ့ပါက နန်ကုန်းဟန် ယုံလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း စုမင်သည် နန်ကုန်းဟန်အား အံ့အားသင့်စေခဲ့သည်။စုမင်၏ ထူးဆန်းသော အပြုအမူများသည် များပြားလှသော အန္တာရာယ်များကို ဖိတ်ခေါ်နေသလိုပင်။ အလောင်းနှစ်လောင်းနှင့်ပတ်သက်သော ပြသာများလဲ ရှိနေသေးသည်။ ပထမအလောင်းသည် တစ်ချက်တည်းနှင့် ပွဲသိမ်းခံထားရမှန်း သိသာလှပေသည်။
ပို၍ထူးဆန်းသည်က ဒုတိယအလောင်းသာပင်...ထိုအလောင်းကို ကြည့်ရသည်မှာ ကျိန်စာတစ်ခုနှင့်ပင်တူနေသေးသည်။ ထို့ကြောင့် စကားမပြောနိူင်ဖြစ်နေရှာသော နန်ကုန်းဟန်သည် စုမင်အား ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်လေတော့သည်။
နှောင်းပိုင်းရှာမန်အား စုမင်တိုက်ခိုက်လိုကြောင်း ကြားလိုက်ရသည့်အခါတွင် အမျိုးသမီး၏ မျက်နှာပေါ်တွင် ဟာသတစ်ခုကြားလိုက်ရသလို လှောင်ပြောင်ကဲ့ရဲ့လိုသော အမူအရာများ ပေါ်ထွက်လာလေ၏။
" နင်က အရှက်မရှိဘဲ ကြွားဝါနေတဲ့ ဘဝင်ကောင်ပဲ....နင်က သိပ်ကိုအားနည်းလွန်းတဲ့ အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်ဖြစ်ပြီး ပြောရဲတယ်နော်...အေး..ငါ့ဉီးရီးတော်ရောက်လာတဲ့အခါကျရင်လဲ နင် ဒီစကားမျိုးထပ်ပြောရဲဉီးမလားဆိုတာ ကြည့်ကြရအောင်....."
သူမ ဘေးနားတွင်ရှိနေသော ကောင်လေးသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အလင်းကန့်လန့်ကာ၏ကာကွယ်ပေးမှုကြောင့် ကြောက်စိတ်များလျော့ပါးလာသောအခါ ထိုကောင်လေးသည် စုမင်အား မုန်းတီးနေသော အကြည့်များဖြင့် အေးစက်စွာစိုက်ကြည့်နေ၏။
ဤအဖြစ်အပျက်သည် ရှာမန်မြို့၏ လူစည်ကားရာအရပ်တွင် ဖြစ်ခဲ့သည့်အတွက် လူအများ၏အာရုံကို ဆွဲဆောင်နိူင်ခဲ့၏။ရွှေပွဲလာဧည့်ကရိသတ်တို့သည် မည်သည်ဖိအားမျှ မရှိဘဲ ဤ အဖြစ်အပျက်အား ဖျော်ဖြေပွဲတစ်ခုသဖွယ် အေးအေးလူလူ ကြည့်နေကြသည်။
ပွဲကြည့်သူအရေအတွက်သည် ရာဂဏန်းကျော်မျှရှိလိမ့်မည်။ ထို့အပြင် အချင်းချင်းသတင်းပို့ကြသည့်အတွက် ပွဲကြည့်ရန် ရှာမန်အချို့ထပ်ရောက်လာပြန်သည်။
" ဒါ...အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုက မဒမ်ကျောက်မဟုတ်လား....သူမက အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုမှာ အလှဆုံးအမျိုးသမီးပဲ...."
" အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုက မျိုးနွယ်စုကြီးတစ်ခုမဟုတ်ပေမယ့် မျိုးနွယ်စုကြီးတွေနဲ့ မတိမ်းမယိမ်းလောက်ပဲ....သူတို့မှာ အဆုံးသတ်ရှာမန်တစ်ယောက်မှ မရှိပေမယ့် နှောင်းပိုင်းရှာမန် လေးယောက်တောင်ရှိတာ.....မျက်ဖုံးတပ်ထားတဲ့သူက ဘယ်သူလဲ......အရှေ့ပိုင်းမြူရွက်မျိုးနွယ်စုကို ဘယ်လိုတောင် အာခံခဲ့တာလဲ...."
" စိတ်ဝင်စားစရာပဲ....မဒမ်ကျောက်ကအလင်းကန့်လန့်ကာကိုတောင် အသက်သွင်းလိုက်တာပဲ....ငါမှတ်မိသလောက်ဆို မျိုးနွယ်စုကြီးတွေရဲ့ ပင်မအဖွဲ့ဝင်တွေမှာသာ ဒီလိုမျိုး ခုခံရေးမန္တာန်တွေရှိနိူင်တာမလား...အဲ့ဒီ့အလင်းကန့်လန့်ကာကို အသက်သွင်းလိုက်တာနဲ့ အနီးအနားတစ်ဝိုက်မှာရှိနေတဲ့ မျိုးနွယ်စုဝင်တွေကို ချက်ချင်း သတိပေးနိူင်တယ်တဲ့...."
စုမင်သည် လက်နောက်ပစ်ကာ ကောင်းကင်ကြီးကိုမော့ကြည့်နေ၏။
ကလေးသုံးယောက်သည် ယခုအခါ အတော်လေး ထိတ်လန့်နေပုံရသော်လည်း စုမင်၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်သောအခါ တဖြည်းဖြည်း တည်ငြိမ်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသော်လည်း စိုးရိမ်မှုအရိပ်အမြွက်အနည်းငယ် ကျန်ရှိနေသေးသည်။
အချိန်တွေကုန်ဆုံးလာသည်မှာ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းချိန်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မဒမ်ကျောက်သည်လည်း အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်စိတ်တွေ မြင့်တက်လာနေ၏။ တကယ်ဆို အလင်းကန့်လန့်ကာအား အသက်သွင်းလိုက်သည်နှင့် သူမ၏ဉီးရီးတော် အမြန်ရောက်လာသင့်သည်။ သို့သော်လည်း ယခုအချိန်အထိရောက်မလာနိုင်သေးပေ။
စုမင်၏ တည်ငြိမ်အေးဆေးသော အမူအရာသည် သူမအား ဖိအားတစ်ချို့ပေးစွမ်းနေ၏။
" အမွှေးတိုင်တစ်ဝက်စာ အချိန်ကုန်သွားပြီး...မင်းပြောတဲ့ နှောင်းပိုင်းရှာမန်က အခုထိရောက်မလာသေးဘူး...."
စုမင်သည် မဒမ်ကျောက်အား တစ်ချက်ကြည့်လိုက်ပြီး အပြစ်တင်နေသော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း ငါမစောင့်တော့ဘူး"
စုမင်သည် စကားပြောရင်း အလင်းကန့်လန့်ကာဆီသို့ လျှောက်သွားခဲ့သည်။
မဒမ်ကျောက်ဘေးမှ ကောင်လေးသည် စိတ်လှုပ်ရှားနေသော်လည်း မဒမ်ကျောက်သည် ပြုံးရုံသာပြုံးနေ၏။ စုမင် ထိုအလင်းကန့်လန့်ကာအား အချိန်တိုအတွင်း ဖျက်ဆီးနိူင်မည်ဟု သူမ မယုံကြည်ပေ။
စုမင်သည် အလင်းကန့်လန့်ကာဆီသို့ ခပ်အေးအေးလျှောက်လှမ်းသွားခဲ့ပြီး ထိုအလင်းကန့်လန့်ကာအား ညာလက်ဖြင့် အသာအယာ ထိလိုက်သည့် အခါ တွန်းကန်အားတစ်ခုကြောင့် ပေအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။
မဒမ်ကျောက်သည် ဤသည်ကိုမြင်သောအခါ စိတ်ကနေ သက်ပြင်းတစ်ချက်ချလိုက်ပြီး.....
" နင် ဒီအလင်းကန့်လန့်ကာကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး "
စုမင်သည် ထိုအမျိုးသမီးအား တည်ငြိမ်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီးနောက် အလင်းကန့်လန့်ကာကို
မျက်နှာမူကာ လေထဲတွင် နောက်ပြန်
လမ်းလျှောက်နေ၏။
" ဘာလို့ ထွက်သွားတာလဲ...နင် မစောင့်ရဲတော့တာတော့မဟုတ်ဘူးမလား....ငါ့ဉီးရီးတော် ရောက်မလာသေးရင်တောင် နင်ငါတို့ကို ဘာလုပ်နိုင်မှာမို့လဲ...ဒီအလင်းကန့်လန့်ကာက နင်ချိုးဖျက်နိုင်လောက်တဲ့အရာမဟုတ်ဘူး....."
" နင် ငါတို့ခြေထောက်တွေကိုချိုးပစ်မယ်လို့ပြောခဲ့တယ်မလား...နင် ငါ့ဉီးရီးတော်ကိုစောင့်နေမယ်လို့လဲ ပြောခဲ့တယ်မလား..ဘာအခုမှကြောက်နေတာလဲ...."
မဒမ်ကျောက်သည် ချက်ချင်းပင် လှောင်ပြောင်နေ၏။ စုမင် လွတ်မြောက်သွားမည်ကို သူမ စိုးရိမ်နေပြီး သူမ၏ စကားလုံးများထဲတွင် ဒေါသအငွေ့အသက်များပြည့်နှက်နေ၏။
သူမတစ်ယောက်တည်းသာ ဤသို့လှောင်ပြောင်နေခြင်းမဟုတ်ပေ။စောင့်
ကြည့်နေသူတွေကလည်း အစပိုင်းတွင် ကြမ်းပြနေသော်လည်း နောက်ပိုင်းကျမှ ထွက်ပြေးဟန်ပြင်နေသော စုမင်အား လှောင်ပြောင်ရယ်မောနေကြသည်။
သို့သော် စုမင်၏လုပ်ရပ်ကို ထောက်ခံသူများလည်းရှိသေးသည်။နှောင်းပိုင်းရှာမန်သည် အချိန်မရွေးရောက်လာနိူင်ပြီး ဆက်လက်စောင့်ဆိုင်းနေပါက ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်နေပေလိမ့်မည်။
အခြားသူဆိုပါက အစောကြီးကတည်းကပင် ထွက်ပြေးနှင့်နေပြီ.....
စုမင်သည် ထိုအမျိုးသမီးကို လျစ်လျူရှုထားလိုက်ပြီး ပေတစ်ရာခန့်အကွာတွင် ရပ်လိုက်ကာ ညာလက်ကိုလှုပ်ရှားလိုက်လေသည်။ ထိုအခါ ညာလက်ထဲတွက် အနက်ရောင်ဆူးတင်းပုတ်တစ်လက် ပေါ်လာလေ၏။
ထိုအနက်ရောင်ဆူးတင်းပုတ်တစ်ခုလုံးသည် မည်းနက်နေပြီး ၎င်းထံမှ ရှေးကျသောအရိုင်းဆန်သည့်အငွေ့အသက်များထွက်ပေါ်နေ၏။ စုမင်သည် ထိုဆူးတင်းပုတ်ကြီးအား ပေတစ်ရာအောက်တွင်ရှိနေသော အလင်းကန့်လန့်ဆီသို့ လွှတ်ချလိုက်လေသည်။
ဆူးတင်းပုတ်ကြီးသည် ပစ်လွှတ်လိုက်သည်နှင့် ၎င်း၏အရွယ်အစားသည် ပေတစ်ရာခန့်ရှည်လျားလာလေ၏။အလျားအနံသာမက ထူထည်သည်လည်း ကြီးမားလာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပေါက်ကွဲသံများဆူညံလာသည်။ ထိုတင်းပုတ်ဆီမှ ထွက်ပေါ်လာသော စူးရှသည့် ဟိန်းဟောက်သံသည် ကောင်းကင်ယံထိတိုင် ပျံ့လွင့်သွားခဲ့သည်။
မယုံနိုင်လောက်သောလေးလံလှသော ထိုဆူးတင်းပုတ်ကြီးသည် အလင်းကန့်လန့်ကာဆီသိို့ အနက်ရောင်လေရဟတ်တစ်ခုသဖွယ် ကျဆင်းလာလေ၏။ မဒမ်ကျောက်သည် ထိုမြင်ကွင်းအားမျက်လုံးအပြူးသားဖြင့် ကြည့်နေ၏။ တောင်တန်းကြီးတစ်ခုသဖွယ် ကျဆင်းလာနေသော ထိုတင်းပုတ်ကြီးသည်ကောင်းကင်ပေါ်က လမင်းကိုပင် ဖုံးလွှမ်းသွားပြီး မြေပြင်ပေါ်တွင် ကြီးမားသောအရိပ်ကြီးတစ်ခု ဖြစ်ပေါ်နေစေသည်။
ထိုအချိန်တွင် အလင်းကန့်လန့်ကာဆီမှ ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားစေနိုင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။ထိုအသံထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသာအသံများ တိမ်မြှုပ်သွားပြီး အလင်းကန့်လန့်ကာသည် ပို၍ပင်စူးရှတောက်ပလာသည်။
ထိုကဲ့သို့ တောက်ပနေချိန်မှာပင် အလင်းကန့်လန့်ကာအား အသွားကိုးချောင်းဖြင့်ဘထိုးဖောက်လိုက်သည့်အသံများသည် လေထုထဲတင် ပဲ့တင်ထပ်နေ၏။ အလင်းကန့်လန့်ကာတစ်ခုလုံးမှ အက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာနေ၏။ အလင်းကန့်လန့်ကာ အကြီးအကျယ်ထိခိုက်သွားခြင်းကြောင့် ထွက်ပေါ်လာစွမ်းအားများသည် ဧရိယာတစ်ခုလုံးကို နှစ်မြှုပ်သွားစေခဲ့သည်။
ယခုချိန်တွင် အလင်းကန့်လန့်ကာ၏ ပြင်းထန်သောစွမ်းအားများကြောင့် အနက်ရောင်ဆူးတင်းပုတ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ မြေပြင်ပင်လျှင် အနည်းငယ်တုန်ဟီးသွားသောကြောင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိအဆောက်အအုံများသည်လည်း လှုပ်ယမ်းကုန်ကြသည်။ ဖုန်မှုန့်များသည် လေထုထဲတွင် ပျံ့နှံနေ၏။
မြေပြင် တုန်ခါသွားသည်နှင့်အမျှ သေးငယ်သော အက်ကြောင်းများ ပေါ်လာသည်။ ထိုအက်ကြောင်းများသည် ကျယ်လောင်သောအသံများနှင့်အတူ ဧရိယာအနှံ့သို့ ပျံ့နှံ့သွားကာ ပေတစ်ထောင်ပတ်လည်ကို ဖုံးလွှမ်းသွားခဲ့သည်။မြေပြင်ကို မြင်လိုက်ရသည်နှင့် မည်သူမဆို ပင့်သက်ရှိုက်မိလောက်သည်အထိ ထိတ်လန့်စရာကောင်းနေ၏။
ဧရာမတင်းပုတ်ကြီးပေါ်တွင် မည်သည့်ထိခိုက်ရာမှ မတွေ့ရပေ။ ထိုတင်းပုတ်ကြီးမှ ပျံ့လွင့်နေသော ရှေးကျသောအရိုင်းဆန်သည့်အငွေ့အသက်များကြောင့် ၎င်း ပတ်ပတ်လည်တွင် အေးစက်သောလေထုများဖြစ်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းသည် မြင်ရသူအပေါင်းအား အသက်ရှူကြပ်သည်အထိ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် စုမင်သည် တင်းပုတ်ကြီးအား ကောက်ယူလိုက်သည်။ ထိုတင်းပုတ်ကြီးသည် စုမင်လက်ထဲတွင် အရွယ်အစားသေးငယ်လာပြီး နောက်ဆုံးတွင်ပျောက်ကွယ်သွားလေ၏။
မဒမ်ကျောက်၏မျက်နှာသည် အလွန်အမင်းဖြူဖျော့နေလေ၏။သူမသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ မြေပြင်ကိုတစ်လှည့် စုမင်ကိုတစ်လှည့် ကြည့်နေသည်။ စုမင်ကိုကြည့်သောအကြည့်များသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်နေသောအကြည့်များဖြစ်သည်။
သူမဘေးနားက ကောင်လေးသည် ကြောက်လန့်လွန်းသဖြင့် မြေပေါ်တွင် လဲကျနေလေ၏။
" ငါ ဒါကို မချိုးဖျက်နိုင်ဘူး...."
စုမင် ပြတ်သားစွာပြောလိုက်သည်။
တခဏတာ တိတ်ဆိတ်နေပြီးနောက် ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်လာပြန်သည်။ ထိုမြင်ကွင်သည် မြင်လိုက်ရသူအပေါင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကုန်လေပြီ။
ဆူးတင်းပုတ်ကြီး၏ ပြင်းထန်လှသောစွမ်းအားနှင့် ခန့်ညားထည်ဝါသောတည်ရှိမှုတို့သည် လူတိုင်း ခုခံရန်မစွမ်းသာသောအရာများဖြစ်သည်။
" သူကဘယ်သူလဲ....အဲ့တာ..အဲ့တာကြီးကရော ဘာကြီးလဲ ...."
" ရိုက်ချက်တစ်ချက်တည်းနဲ့ အလင်းကန့်လန့်ကာကို အကြီးအကျယ်ထိခိုက်သွားစေတယ်.....မယုံနိုင်စရာကောင်းတဲ့စွမ်းအားမျိုးပဲ......"
" သူက ထူးဆန်းတဲ့ မှော်ရတနာရဲ့ ခွန်အားကို သုံးခဲ့တာပဲ....ဆူးတင်းပုတ်ကြီးရဲ့အလေးချိန်တစ်ခုတည်းတင် အတော်ထိတ်လန့်စရာကောင်းနေပြီ...ဒါ့ကြောင့် ဆူးတင်းပုတ်ကြီးတစ်ခုတည်းရဲ့ အလေးချိန်နဲ့တင် အလင်းကန့်လန့်ကာကို ဖျက်ဆီးဖို့လုံလောက်နေပြီ...."
" ဘာပဲဖြစ်ဖြစ် သာမန် အလယ်အလတ်ဆင့်ရှာမန်တစ်ယောက်သာ ဒီလူကိုရန်သွားရှာလို့ကတော့ ပြန်ခုခံလိုက်ဖို့ခက်ခဲလိမ့်မယ်...."
ကြည့်ရှုနေသူများ၏စကားသံများကြောင့် မဒမ်ကျောက်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်နေ၏။ထိုလူငယ်သုံးယောက်အား ပြုမူခဲ့သည်များကို သူမ နောင်တရေးရေးရနေပြီဖြစ်သည်။
နန်ကုန်းဟန် ပင့်သက်ရှိုက်နေခဲ့မိသည်။ စုမင် ဆူးတင်းပုတ်ကြီးကိုသုံးနိူင်သည်ကိုမြင်သည့်အခါ သူခန့်မှန်းထားသည့် စုမင်၏စွမ်းအား အနေအထားသည်လည်း မြင့်တက်သွားခဲ့ပြီဖြစ်သည်။ အကယ်၍ စုမင်၏ တင်းပုတ်ရိုက်ချက်အား ရှောင်တိမ်းချင်ပါက မိမိဘက်ကလည်း ကြီးမားသော အဖိုးအခပေးဆပ်ရမည်ကို နန်ကုန်းဟန် သိနေ၏။လက်ရှိတွင်ညနယ်မြေနှစ်ခုကြား စစ်မက်ဖြစ်ပွားနေချိန်ဖြစ်သောကြောင့် အစပိုင်းတွင် စုမင်အားညသတိထားဆက်ဆံခဲ့သော်လည်း ယခုတွင်မူ စိတ်ရင်းအမှန်ဖြင့်မိတ်ဖွဲ့ချင်နေပြီဖြစ်သည်။
နန်ကုန်းရှန်၏ မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီး သူမသည် စုမင်အား ဝေခွဲရခက်နေသောအကြည့်များဖြင့်ကြည့်နေ၏။
လန်လန် နှင့် အားဟူ တို့သည် ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာသောအခါချက်ချင်းပင် အော်ဟစ်အားပေးခဲ့ကြသည်။ သူတို့သည် ကလေးအရွယ်များဖြစ်ကြပြီး အထူးသဖြင့် သူတို့ဘက်တွင်ရှိသော အားကောင်းလှသော စစ်သည်တော်များကို အလွယ်တကူနှစ်သက်အားကျပေလိမ့်မည်။
မဒမ်ကျောက် စိတ်ပျက်အားငယ်မှုများထဲတွင် နစ်မြောနေချိန်၌ အလင်းကန့်လန့်ကယပေါက်ကွဲသွားသောကြောင့် သူမ တကိုယ်လုံးတုန်ရီလာတော့သည်။ထိုအချိန်တွင် ကောင်းကင်ထက်ကနေ အေးစက်သော အသံ တစ်သံထွက်ပေါ်လာပြီး ရှည်လျားသော အလင်းတန်းငါးခုသည် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသော နေရာသို့ ဉီးတည်လာနေကြသည်။ ဉီးဆောင်လာသူသည် တစ်ခေါင်းလုံးဖြူဖွေးနေသော အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ့နောက်ကလိုက်လာသူ လေးယောက်စလုံးသည် ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ထိုငါးယောက်သည် ရှာမန်မြို့အနီး လီတစ်ရာပတ်လည်အတွင်း ပျံသန်းခြင်းတားမြစ်ထားသည့်အချက်ကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်နေ၏။
မဒမ်ကျောက်သည် စိတ်ပျက်အားငယ်နေချိန်တွင် မျှော်လင့်ချက်ကို ရှာတွေ့ခဲ့ပုံရသည်။ သူမ လျင်မြန်စွာ မတ်တတ်ထရပ်ကာ “ဉီးရီးတော်” ဟု ထိတ်လန့်တုန်လှုပ်စွာ အော်လိုက်သည်။
မျက်နှာဖုံးအောက်ရှိ စုမင်၏ မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခု ပေါ်လာသော်လည်း သူ့မျက်လုံးများထဲတွင်တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်လျှံနေသည်။ စုမင် အသက်ပြင်းပြင်းရှူပြီး စွမ်းအားများကို စတင်ဖြန့်ကျက်လိုက်သည်။ သူ့ခြေဖဝါးအောက်တွင် ဖုန်မှုန့်တွေ ပြန့်နှံ့လာသောအခါ
ခေါင်း မော့ကြည့်လိုက်လေ၏။