အကြွေးများ ဆပ်ခြင်း
Vol. 04 Ch. 182
ကြယ်တာရာဘူတာရုံ…
အိုးရန်လူလူသည် အနက်ရောင်သားရေဝတ်စုံအပြည့်ဝတ်ဆင်ကာ ဘဲနှုတ်သီး ဦးထုပ်အနက်နှင့် ကြီးမားသော နေကာမျက်မှန်အမည်းရောင်အား တပ်ဆင်ပြီး သူမ၏ မျက်နှာလှလှလေးအား ဖုံးကွယ်ထားသည်။ ဘူတာအတွင်းရှိ ရထားဆိုက်ရာ ပလက်ဖောင်းအနီးရှိ တိုင်တစ်လုံးအား မှီကာ လက်ပိုက်ထားရင်း ထွက်လာသော ခရီးသည်များအား တောက်လျှောက် ကြည့်နေသည်။ သူမ၏အတွေးထဲတွင် ထန်ရှုအား ကျင်းမန်ကျွန်းသို့ မည်သို့ခေါ်ဆောင်ရမည်ကို တွေးတောလျက်ရှိသည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က တစ်နှစ်ပတ်လုံး မမြင်တွေ့ရဖူးသော မိခင်ဖြစ်သူသည် အိမ်ပြန်လာပြီး သူမနှင့်စကားပြောခဲ့သည်။ သူမ၏မိခင်သည် ထန်ရှု နွေဦးသစ်တော တောင်စဉ်တောင်တန်းသို့ စွန့်စားခန်းဖွင့်နေသည်ကိုပင် သိနေပြီး သူ့အား မိသားစုဧည့်သည်အဖြစ် ဖိတ်ကြားရန် ပြောခဲ့သည်။
ထန်ရှုသည် သူ၏ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဖြေပြီးရုံရှိသေးသည်ကို သူမ သိသည်။ သည်နေ့တွင် ထန်ရှုသည် ကြယ်တာရာကို ပြန်လာမည်ကို သိနေသောကြောင့် လေယာဉ်ပေါ်ကဆင်းသည်နှင့် ဘူတာရုံသို့ အပြေးအလွှားလာခြင်းဖြစ်တော့သည်။
“သည် မြင့်မြတ်တဲ့ အမျိုးသမီးကိုယ်တိုင် ကြယ်တာရာကို လာဖိတ်တာကိုမှ သူ ငြင်းရဲရင် သူ့ကို အကြိမ်အနည်းငယ်လောက်တော့ ငါ ကိုက်ရလိမ့်မယ်။”
ထိုအကြောင်းတွေးမိသည်နှင့် သူမ တစ်ချက်ပြုံးလိုက်မိသည်။
ထွက်လာသော လူအုပ်များကြားထဲမှ ထန်ရှုအား တွေ့လိုက်ရသောကြောင့် အိုးရန်လူလူသည် ပလက်ဖောင်းမှ ထွက်လာခဲ့သည်။ သူမ၏မျက်လုံးများသည် အရောင်တောက်ပသွားခဲ့ပြီး အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“အာ.. မင်း ဒီနေရာကို ဘယ်လို ရောက်နေတာလဲ။”
ထန်ရှုသည် အေးစက်စက်အမူအရာဟန်ပန်ဖြစ်နေသော အိုးရန်လူလူအား ကြည့်လိုက်သည်။ သူမသည် ဦးထုပ်နှင့် ကြီးမားသော နေကာမျက်မှန်တို့ဖြင့် သူမ၏မျက်နှာတစ်ခုလုံးနီးပါး ဖုံးကွယ်ထားသော်လည်း အကြည့်တစ်ချက်ဖြင့်ပင် သူမအား ထန်ရှု မှတ်မိသည်။
အိုးရန်လူလူသည် သူမ၏နေကာမျက်မှန်အား ချွတ်လိုက်ရာ တိုင်းပြည်နှင့်လူမျိုး ပျက်စီးနိုင်လောက်အောင် ဘေးဆိုးသယ်ဆောင်လာနိုင်သည့် အလှတရားသည် ပေါ်ပေါက်လာခဲ့သည်။ သူမ၏နှုတ်ခမ်းလှလှလေးများအား ကွေးညွတ်သွားအောင် ချစ်စရာကောင်းလှသည့်အပြုံးအား ပြုံးပြလျက်
“ဘယ်လိုရောက်ရမှာလဲ။ နင့်ကို လာတွေ့တာလေ။ ဒါနဲ့ ဘယ်လိုလဲ။ အံ့သြစရာဖြစ်ရဲ့လား။ ကြီးမားပျော်ရွှင်စရာကောင်းတဲ့ အံ့သြစရာတစ်ခုလေ။”
“အမှန်တကယ်ကို ပျော်ရွှင်ကြည်နူးရတဲ့ အံ့သြစရာပါ။ အိမ်ပြန်ဖို့ အငှားကား ဒါမှမဟုတ် ဘတ်စ်ကား စီးရတော့မယ်လို့တောင် ကျွန်တော်က တွေးနေတာ။”
အိုးရန်လူလူ၏မျက်နှာထက်မှ အပြုံးသည် အေးခဲသွားပြီး ထန်ရှု၏ခြေထောက်အား စိတ်ဆိုးဆိုးနှင့် ကန်လိုက်သည်။
“နင် ငါ့ကို နင့်ရဲ့ ကားမောင်းသူလို့ ထပ်ပြီး တွေးနေပြန်ပြီလား။”
ထန်ရှုသည် ရှောင်တိမ်းဟန်လည်းမပြ၊ ကန်လိုက်သောကြောင့် နာကျင်ဟန်လည်းမပြဘဲ အိုးရန်လူလူအား ပြုံးပြီး ကြည့်နေသည်။
“ကျွန်တော့်ရဲ့ကားမောင်းသူအမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူစရာကောင်းတယ်လို့ မင်း မထင်ဘူးလား။ လူအများကြီးက ငိုယိုပြီးတောင် ဖြစ်ချင်လွန်းလို့ တောင်းဆိုနေကြတာကို ကျွန်တော်က ငြင်းပစ်ခဲ့တာချည်းပဲ။ စကားမစပ် သွားကြရအောင်။ မျက်လုံးအများကြီးက မင်းကို ဝိုင်းကြည့်ကြလိမ့်မယ်။”
အိုးရန်လူလူသည် ဘေးပတ်လည်အား လှည့်ကြည့်လိုက်ရာ သူမအား ဝိုင်းကြည့်နေကြသော ခရီးသွားဧည့်သည်များအား တွေ့လိုက်ရသည်။ အသက်ရှုမှားနိုင်သည့် အကြည့်များအား ကြည့်ရင်း ဂုဏ်ယူနေရမည်လားဟု တွေးမိသည်။
ထန်ရှု၏နောက်တွင် ရပ်နေသော ဓားအမာရွတ်ချန်သည်လည်း ထိုနည်းတူ ဖြစ်နေသည်ကို သူမ သတိထားမိသည်။
"ထန်ရှု... သူက ဘယ်သူလဲ။"
ထန်ရှု လှည့်ကြည့်လိုက်ရာ အိုးရန်လူလူ၏အလှတွင် နစ်မျောနေသော ဓားအမာရွတ်ချန်အား တွေ့လိုက်ရသောကြောင့် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
"သူက ကျွန်တော် စန်းပေသွားတုန်းက တွေ့ခဲ့တဲ့ အရည်အချင်းရှိသူတစ်ယောက်ပဲ။ ကျွန်တော့်လက်အောက်မှာ အလုပ်လုပ်ဖို့ခေါ်လာခဲ့တာ။"
ဓားအမာရွတ်ချန်သည် အိုးရန်လူလူ၏အလှတွင် နစ်မျောနေသော သူ၏အကြည့်အား ခွာလိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူသည် စန်းပေမြို့တွင် အလွန်ထင်ရှားသူဖြစ်သော်လည်း အိုးရန်လူလူ၏အလှတွင် ကျရှုံးခဲ့ရသောကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ အိုးတိုးအမ်းတန်း ဖြစ်သွားရသည်။
ယခင်က ထန်ရှု၏ သိုင်းပညာနှင့် ကြွယ်ဝမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကြောက်ရွံ့ရိုသေမှုမှသည် ကြည်ညိုလေးစားခြင်းသို့ ကူးပြောင်းသွားခဲ့သည်။ ဓားအမာရွတ်ချန်သည် မိန်းကလေးများစွာအား မြင်ဖူးပါသော်လည်း အိုးရန်လူလူကဲ့သို့ လှပသည့် မိန်းကလေးမျိုးအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထိုသို့သော မိန်းမလှလေးတစ်ယောက်သညိ သူ၏သူဌေးအား ဘူတာရုံတွင် အပြေးအလွှား လာရောက်ကြိုပေးနေသည်တဲ့လား။
အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူ၏သူဌေးသည် ထိုမိန်းမလှလေးအား သူ၏ကားမောင်းသူအဖြစ် သဘောထား ထားသည်တဲ့လား။
ကြယ်တာရာမြို့ အကောင်းစားဟိုတယ် အပြင်ဘက်တွင်...
ထန်ရှုသည် ဓားအမာရွတ်ချန်အား ဟိုတယ်တွင် ပို့ပေးကာ ရက်အနည်းငယ် တည်းခိုနိုင်ရန် စီစဥ်ပေးပြီး မနက်ဖြန် လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် သူသည် အိုးရန်လူလူ မောင်းနှင်သော ကားလေးနှင့် တောင်တံခါးမြို့အိမ်ရာသို့ ပြန်လာခဲ့လေသည်။
လမ်းတွင်...
ထန်ရှုသည် ချန်းကျီကျုံးနှင့် ခန်းရှဆီ သူ့အိမ်သို့လာရောက်ရန် ဖုန်းဆက်လိုက်သည်။ သည်တစ်ခေါက် စွန့်စားခန်းထွက်ခြင်းမှ ရလာသော အကျိုးအမြတ်သည် အတော်များသည်။ သူသည် ၂.၅ဘီလီယံအား မည်သို့ခွဲဖြာပေးမည်ကို တွေးတော စီစဥ်ထားခဲ့ပြီးဖြစ်သည်။
တောင်တံခါးမြို့အိမ်ရာမှ သူ၏အိမ်ရှိနေရာကွက်လပ်တွင် အိုးရန်လူလူသည် ကားရပ်တန့်လိုက်ကာ စူးစမ်းနေသည်။
"ထန်ရှု.. ဒါ နင့်ရဲ့အိမ်လား။ အတော်မိုက်တာပဲ။"
ထန်ရှုသည် ကားနောက်ဖုံးအား ဖွင့်ကာ အတွင်းမှ သူ၏ခရီးဆောင်အိတ်ကြီးအား ယူလိုက်ရင်း
"လုံကျန်ယု ကျွန်တော့်ကို ပေးထားတာ။"
အိုးရန်လူလူသည် ပြုံးလိုက်ရင်း
"လုံကျန်ယုက တကယ့်ကို အမြင်ကောင်း ရှိတာပဲ။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရတာကလည်း တကယ်ကို ကြီးမားမယ်လို့ ငါထင်တယ်။ သူတို့ကုမ္ပဏီ ကံကြမ္မာကို ပြောင်းလဲပေးတဲ့ အကြီးစား ကူညီမှုကို နင် လုပ်ပေးလိုက်တာလို့ ငါကြားတယ် ဟုတ်တယ်မလား ။"
ထန်ရှုသည် ပြုံးသာနေပြီး ထိုအကြောင်းအရာအား ဆက်မပြောချေ။
အိမ်ထဲသို့ ရောက်သောအခါ မီးဖိုခန်းထဲတွင် မုချင်းဖျင် အလုပ်များနေသည်ကို သိလိုက်ရသောကြောင့် မီးဖိုခန်းတံခါးအနားသို့ လျှောက်သွားလိုက်သည်။
"အစ်မကြီး... ဒီနေ့ည ဧည့်သည်တွေ လာမှာမို့ စားစရာတွေ ပြင်ဆင်ထားပေးပါဦး။"
မုချင်းဖျင်သည် အသံကြားလိုက်သည်နှင့် ထန်ရှုပြန်လာပြီကို သိလိုက်သောကြောင့် ပြုံးကာ လှည့်လာရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထန်ရှု၏အနောက်မှ အိုးရန်လူလူအား တွေ့လိုက်ရသဖြင့် အံ့ဩသွားကာ ပြုံးရင်း နှုတ်ဆက်လိုက်သည်။
"အာ.. မစ္စအိုးရန်... တွေ့ရတာ ဝမ်းသာပါတယ်ရှင်။"
အိုးရန်လူလူလည်း ပြန်ပြုံးပြလိုက်ရင်း
"ဟယ်လို အစ်မကြီး မု... ရင်ရင် ဘယ်ရောက်နေလဲ ကျွန်မ သူ့ကို ဒီနားတစ်ဝိုက် မတွေ့မိဘူး။"
"ရင်ရင် ခန်းမကျယ်ထဲမှာ စာသင်နေတယ်။ အချိန်ကြည့်ရတာတော့ မကြာခင် ပြီးတော့မှာပါ။" မုချင်းဖျင် ဖြေလိုက်သည်။
အိုးရန်လူလူ မီးဖိုခန်းထဲသို့ ဝင်လာသည်ကိုကြည့်ပြီး ထန်ရှု ဘာမျှ ဆက်မပြောတော့ချေ။ ထို့နောက် သူသည် ဒုတိယထပ်မှ စာကြည့်ခန်းသို့ သွားလိုက်ပြီးနောက် ယူလာသော အိတ်ထဲမှ သဲကျောက်၂တုံးအား ထုတ်ယူပြီး စာအုပ်စင်၏ထိပ်ဆုံးအဆင့်တွင် တင်ထားလိုက်သည်။
"ငါ့မှာ မီးခံသေတ္တာ မရှိဘူးပဲ။"
ထန်ရှု တစ်ခဏမျှ တွေးတောလိုက်ပြီး ဆုံးဖြတ်ချက်တစ်ချို့ ချလိုက်သည်။
ထို့နောက် သူသည် ပထမထပ်သို့ ဆင်းလာခဲ့သည်။
အိုးရန်လူလူသည် မီးဖိုခန်းထဲတွင် ရှိနေသေးပြီး မုချင်းဖျင်အား ချက်ပြုတ်ရာတွင် ကူညီပေးနေစဥ်တွင် ချန်းကျီကျုံးသည် ရောက်ရှိနေပြီဖြစ်ပြီး ဧည့်ခန်းတွင် ထိုင်စောင့်နေသည်။
"ဆရာ..."
ချန်းကျီကျုံးသည် ထန်ရှုအား ဆရာအဖြစ် သတ်မှတ်လိုက်ကတည်းက အလွန်လေးစားစွာ ဆက်ဆံသည်။
ထန်ရှုသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ချန်းကျီကျုံးအား ထိုင်ရန် အချက်ပြလိုက်ပြီးနောက်
"ကျွန်တော့်ကို ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ် ပေးဦ။ အခုတစ်ခေါက်သွားတာ အကျိုးအမြတ် ရလာတာရှိလို့ ကျွန်တော် ခင်ဗျားဆီက ယူထားတာကို အရင်ဆုံး ပြန်ပေးမလို့ပါ။"
"ဆရာ... ဒီပိုက်ဆံကို တပည့်တစ်ယောက်ရဲ့ဝတ္တရားအဖြစ် ငါ တွေးထားပြီးသားပါ။ လောကနိယာမဥပဒေအရဆိုရင် ပြန်ပေးဖို့ မလိုဘူးလို့ သဘောသက်ရောက်ပါတယ်။ နောက်ပြီး ငါလည်း ပိုက်ဆံ မလိုသေးပါဘူး။" ချန်းကျီကျုံး အလျင်အမြန်ပင် ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပြန်ပေးရလိမ့်မယ် တချို့ကိုတော့ အရေးပေါ်အသုံးစရိတ်အဖြစ် သိမ်းထားရလိမ့်မယ်။ ခင်ဗျားမှာလည်း ဆေးဝါးလုပ်ငန်းစု ရှိနေတယ်မဟုတ်လား။ နောက်ပိုင်း ကျွန်တော် ပေးလိုက်တဲ့ဆေးပင်စာရင်းတွေထဲက ဆေးပင်တွေကို ကျွန်တော့်ဆီ ပို့ပေးပါ။ ခင်ဗျားကျင့်ကြံတာကို အထောက်အပံ့ဖြစ်တဲ့ ဆေးလုံးတွေ ကျွန်တော် ဖော်ပေးမယ်"
ဆရာက ဆေးလုံး ဖော်စပ်ပေးမယ်တဲ့လား။
ချန်းကျီကျုံး၏မျက်လုံးများ အရောင်တောက်ပသွားကာ ထန်ရှုအား တလေးတစား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဆရာ။"
ထန်ရှုသည် ချန်းကျီကျုံး၏ဘဏ်အကောင့်ထဲသို့ အွန်လိုင်းဘဏ်စနစ်ဖြင့်ပိုက်ဆံများ လွှဲပေးလိုက်သည်။
"ခင်ဗျားရဲ့ခုတလော ကျင့်ကြံမှုအခြေအနေ ဘယ်လိုရှိလဲ။ အစစ်အမှန်ချီကနေ အစစ်အမှန်စွမ်းအားကို ပြောင်းပြီးသွားပြီလား။"
"ဟုတ်တယ်ဆရာ။ ပြောင်းပြီးသွားပြီ။ ဆေးရည်အတွက်လည်း ကျေးဇူးတင်ပါတယ် ဆရာ။ ဒါပေမယ့် ငါ့ခွန်အားတွေ တိုးနေတုန်းပဲ။ အခုဆို အရင်ကထက် ၂ဆသန်မာလာပြီ။"
"ခင်ဗျားရဲ့ကျင့်ကြံမှုအဆင့်က ခုမှ အင်မော်တယ်တံခါးဝကို ခြေတစ်လှမ်းပဲ ရောက်သေးတယ်။ အနာဂတ်လမ်းကြောင်းက အဝေးကြီးပဲ။ ခင်ဗျား ရွေရောင်အူတိုင်အဆင့်နဲ့ အခြေတည်အဆင့်ရောက်မှသာ အောင်မြင်မှု အနည်းငယ် ရပြီလို့ ဆိုနိုင်မယ်။ အင်မော်တယ်အဆင့်ကို စရောက်တော့မှ ကျွန်တော့်လိုအပ်ချက်နဲ့အနည်းငယ် ကိုက်ညီလာတယ်လို့ ပြောလို့ရမှာ။"
ခိုင်မာသော သန္နိဌာန်သည် ချန်းကျီကျုံး၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
"ဆရာ... ဒီတပည့်က ကျင့်ကြံမှုလမ်းက လိုအပ်ချက်တွေ ကိုက်ညီအောင် အရာရာ လုပ်ပါမယ်။ ဘယ်အရာကိုမှ လစ်လျူမထားပါဘူး။ ဆရာလိုအပ်တဲ့ဆေးပင်တွေကိုလည်း အားသွန်ခွန်စိုက် ရှာပါမယ်။"
"ဘီ..ဘီ..ဘီ"
ချန်းကျီကျုံး၏ဖုန်းမှ မြည်လာခြင်းဖြစ်သည်။
သူသည် ဖုန်းထုတ်ကြည့်လိုက်ရာ ငွေလွှဲအကြောင်းကြားစာ ဖြစ်နေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။
"ဆရာ... ငါ့ကို ၂ဘီလီယံတောင် လွှဲလိုက်တာလား အများကြီးပဲ။"
"ဟုတ်တယ်။ ခင်ဗျားငွေရတာမြန်လိုက်တာ။"
ချန်းကျီကျုံးသည် အံ့အားသင့်နေရင်း
"မရောက်သေးပါဘူးဆရာ။ လွှဲကြောင်း အကြောင်းကြားစာပါ။ မနက်ဖြန်မှ ငွေဝင်မှာပါ။ ဒါနဲ့ ဒီလောက် အချိန်လေးမှာ ဆရာ ငွေ အများကြီး ဘယ်လိုရှာလိုက်လဲ။"
“ငါ တစ်ချို့အရာတွေကို ကျင့်ကြံသူ၂ယောက်ဆီ ရောင်းလိုက်လို့။”
“ဟင်.. ဆရာရောင်းလိုက်တဲ့ဟာက ဒီလောက်တောင်တန်ကြေးရှိတာလား။”
“အဲ့ဒါက သူ့တန်ဖိုးမဟုတ်ဘူး။ ကျွန်တော် ရောင်းလိုက်တာက အင်မော်တယ်ကျင့်စဉ်တစ်စုံနဲ့ သားရဲထိန်းချုပ်နည်းလျှို့ဝှက်ပညာလေ။ကံမကောင်းချင်တော့အဲ့ဒီကျင့်ကြံသူ၂ယောက်က ဘီလံယံအနည်းငယ်ပဲ ချမ်းသာလောက်အောင် ဆင်းရဲလွန်းနေတယ်။ နို့မဟုတ်ရင် ကျွန်တော် ဘီလီယံ ဒီ့ထက် ပိုရမှာ။”
ဘီလံယံအနည်းငယ်လောက် ချမ်းသာတာကို ဆင်းရဲလွန်းသေးသတဲ့လား။
ချန်းကျီကျုံး မချိသွားဖြဲသာ ရယ်နိုင်တော့သည်။ သူ၏စုစုပေါင်း အသားတင်ချမ်းသာမှုပင်လျှင် ၁၀ဘီလီယံပတ်လည်လောက်သာ ရှိသည်။ သို့သော် ထန်ရှု၏မျက်လုံးထဲတွင် ထိုပိုက်ဆံသည် ကောင်းမွန်သည့်အဆင့် ဖြစ်မည်မဟုတ်ချေ။
၁၀မိနစ် ကြာပြီးနောက်…
ခန်းရှ အိမ်ကို ရောက်လာသည်။ ထန်ရှု၏ဘေးတွင် ထိုင်နေသော ချန်းကျီကျုံးအား မြင်သောအခါ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ထန်ရှုကို ကြည့်ကာ မေးလိုက်သည်။
“သူဋ္ဌေး… ငါ့ကို ရှာတာ တစ်ခုခု ရှိနေလို့လား။”
“ဟုတ်တယ်။ ကုမ္ပဏီမှာ ပိုက်ဆံ လိုနေတယ်မဟုတ်လား။ လတ်တလော ခရီးကနေ ကျွန်တော် ပိုက်ဆံရလာတယ်။ ၃၀၀မီလံယံ ခင်ဗျားဆီ လွှဲပေးလိုက်မယ်။ ပိုက်ဆံမလောက်သေးရင် ကျွန်တော့်ဆီ ဖုန်းဆက်ပါ။”
“၃၀၀ မီလီယံရှိတာလား။ ဒါ ကောင်းသွားပြီ။” ခန်းရှ ဝမ်းသာကျေနပ်သွားသည်။
“ပိုက်ဆံ ရှာရတာမလွယ်တာ ခင်ဗျားလည်း သိတာပဲ။ အဲ့ဒါကြောင့် အကောင်းဆုံး အသုံးပြုပါ။ ကုမ္ပဏီကို တတ်နိုင်သမျှ လမ်းကြောင်းမှန်အတိုင်း သွားနိုင်အောင် စီမံခန့်ခွဲပေးပါ။”
ခန်းရှ ရယ်မောလိုက်သည်။
“သူဋ္ဌေး… ၃၀၀မီလီယံ ရသွားပြီဆိုတော့ စက်တင်ဘာ၁ရက်နေ့မတိုင်ခင် ကုမ္ပဏီရဲ့ကနဦးအဆင့်ကို ပြီးပြည့်စုံစေရမယ်လို့ ငါ အာမခံတယ်။ နောက်ပြီး ငါ ကြယ်တာရာက အချို့ဘဏ်တွေကို ဆက်သွယ်ထားပြီးပြီ။ ငါတို့ကုမ္ပဏီရဲ့ခိုင်မာမှုနဲ့လုပ်ဆောင်ရည်အကြောင်း ဥပဒေနဲ့အညီပြနိုင်တာနဲ့ သူတို့ဆီက ငွေပမာတစ်ခုကို ချေးယူလို့ရနိုင်မယ်။”
“ဘဏ်ချေးငွေလား။ ဘဏ်ကနေ ချေးဖို့ လိုသေးတာလား။” ထန်ရှု မျက်မှောင်ကြုပ်သွားသည်။
‘ဟုတ်တယ်။ ငါရဲ့စီးပွားရေးစီမံကိန်းအရဆိုရင် ရင်းနှီးမြှုပ်နှံမှုခန့်မှန်းငွေက အနည်းဆုံး ၃ဘီလီယံ လိုလိမ့်မယ်။ ငါတို့ရဲ့လက်ရှိ ငွေလည်ပတ်စီးဆင်းမှုက အဲ့ဒီပမာဏနဲ့ဆို အတော်နည်းသေးတယ်။ အဲ့ဒါကြောင့် စီမံကိန်းအတိုင်း အကောင်အထည်ဖော်ဖို့ဆိုရင် ဘဏ်ချေးငွေ လိုကို လိုအပ်တယ်။”ခန်းရှ ခေါင်းညိတ်လိုက်ရင်း ရှင်းပြလိုက်သည်။
“ကောင်းပြီ။ အဲ့ဒါဆိုလည်း ဒီပြသနာကို ခင်ဗျား ကိုင်တွယ်ပြီး စီစဉ်လိုက်ပါ။ အခု ခင်ဗျား အလုပ်များနေသေးလား။”
“များနေသေးတယ်။ ဒါပြီးရင် ငါ ပြန်သွားရမယ်။” ခန်းရှ ပြန်ဖြေလိုက်သည်။
“အဲ့ဒါဆိုလည်း ထားလိုက်ပါတော့။ ကျွန်တော် ပြင်ဆင်နေတဲ့ နောက်စီမံကိန်းတစ်ခု ရှိသေးတယ်။ အစက ကျွန်တော် ခင်ဗျားကို ပေးမလို့ပဲ… ဒါပေမယ့် ခင်ဗျားကိုင်နေရတာ များနေပြီး အလုပ်လည်းမအား ဖြစ်နေတယ်ဆိုတော့ နောက်တစ်ယောက် ရှာပြီး ကိုင်ခိုင်းလိုက်တော့မယ်။ အာ.. လူတိုင်းလည်း ရောက်နေတာဆိုတော့ အရင် ညစာ စားသွားပြီးမှ အလုပ်ပြန်လုပ်ပါ။”
“သူဋ္ဌေး… နင့်မှာ အခြားစီမံကိန်း ရှိနေတာလား။ ဘာစီမံကိန်းလဲ။”
ခန်းရှ အလျင်စလို မေးလိုက်သည်။
သည်ဟာလည်း စီမံကိန်းကောင်းတစ်ခုပဲ ဖြစ်လိမ့်မည်။
သူမသည် မည်သည့်အခါမျှ မဖော်ပြသော်လည်း သူမလက်ထဲတွင် ယခုရှိနေသည့် ကျန်းမာရေး အထောက်အကူပြုထုတ်ကုန်… စသော စီမံကိန်းအားလုံးသည် အမြတ်ကြီးစွာ ရမည့်အရာများဖြစ်သည်။ ထိုအရာများသည် သူမအတွက် အလွန်ကြိုးစားစေရပြီး တအားပင်ပန်းစေသော်လည်း အကောင်းဆုံး ဖြစ်အောင် လုပ်လိုစိတ်ရှိသည်။ ထို့ပြင် သူမသည် ထန်ရှုအား နက်နက်ရှိုင်းရှိုင်း အကောင်းမြင်မှုရှိပြီး ထန်ရှု စဉ်းစားသောအရာများသည် သေချာပေါက် အလွန်ကောင်းမွန်သော စီမံကိန်းများ ဖြစ်လိမ့်မည်ဟု သူမ ယုံကြည်သည်။
“ကျွန်တော် ဝိုင်စက်ရုံတည်ထောင်ပြီး ဝိုင်တွေ ရောင်းမလို့။” ထန်ရှု ဖြေလိုက်သည်။
ဝိုင်တွေ၊ အရက်တွေလား။
တစ်ခဏမျှ ခန်းရှ တွေဝေသွားပြီးနောက် မေးလိုက်သည်။
“အာ..သူဋ္ဌေး… ဝိုင်ဖောက်ဖို့ ပြုလုပ်နည်းနဲ့ ပုံသေနည်း နင့်ဆီမှာ ရှိပြီလား။ ဘယ်လိုအရသာ ဖြစ်မလဲ။”
“ကျွန်တော့်မှာ ပြုလုပ်နည်းနဲ့ ပုံသေနည်း ရှိပြီးသား။ အဲ့ဒါ အလွန်ကောင်းတဲ့ဝိုင်လို့ ခင်ဗျား စိတ်ချနိုင်တယ်။ နောက်ပြီး အဲ့ဒါကို ကမ္ဘာ့အကောင်းဆုံးဝိုင်အဖြစ် စဉ်းစားထားတယ်။”
ကမ္ဘာ့အကောင်းဆုံးဝိုင်လား။
သည်ဟာသည် ခန်းရှအကြိုက်ဆုံးစကားဖြစ်သည်။ သူမ၏ရယ်မောနေသောအမူအရာနှင့် လှပသောမျက်ဝန်းတို့သည် ထက်ရှသောအသွင်သို့ ပြောင်းသွားပြီး
“သူဋ္ဌေး… ဝိုင်စက်ရုံရဲ့နာမည်ပေါ်က အမှတ်အသားက ငါတို့ရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုပဲ ဖြစ်ရမယ်။ ပြီးတော့ ငါ အဲ့ဒါကို လုပ်ငန်းခွဲအဖြစ် ပြုလုပ်လိုက်ရင် သူ့ရဲ့အထွေထွေ စီမံမှုကို ငါ ထိန်းချုပ်ပေးနိုင်တယ်။ အသေးအဖွဲကိစ္စလေးတွေကိုတော့ ငါတို့လက်အောက်က စီမံခန့်ခွဲသူတွေကို လုပ်ခိုင်းနိုင်တယ်။”
***