အသေးစား တွေ့ဆုံပွဲလေး
Vol. 04 Ch. 183
ခန်းရှ၏မျက်နှာထက်မှ အပျော်ရိပ်နှင့် မြင့်မားသည့် တိုက်ပွဲဝင်လိုစိတ်အား ကြည့်ပြီး ထန်ရှု အံ့အားသင့်သွားသည်။
“ခင်ဗျားမှာ အလုပ်တွေ ပြည့်နေပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါကို စီမံခန့်ခွဲချင်သေးတာလား”
“ငါ အဲဒါအတွက် အချိန်ရအောင် လုပ်မှာမို့ အဆင်ပြေပါတယ်”
ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရတော့သည်။
“ခင်ဗျား ပင်ပန်းမနေဘူးလား”
စိတ်ပိုင်းဖြတ်ပြီးသည့်ဟန်ဖြင့် ခန်းရှ ပြောလိုက်သည်။
“သူဌေး ... နင် စိတ်ချလက်ချနေပါ။ ငါ့အတွက် ငါ့အခြေအနေကို ငါ ကောင်းကောင်းသိပါတယ်။ ငါ ကျန်းမာမှ ငါ့ရဲ့အကောင်းဆုံး အရည်အချင်းတွေနဲ့ အလုပ်မှာ လုပ်ဆောင်နိုင်မှာပေါ့”
ထန်ရှုသည် တစ်ချက်တွေးလိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။
“ဒါနဲ့ ... ခင်ဗျား စိတ်မဆိုးဘူးဆိုရင် ကိုယ်ရေးကိုယ်တာ နည်းနည်း မေးလို့ရမလား”
“ဘယ်လို ကိုယ်ရေးကိုယ်တာ မေးခွန်းလဲ။ နင်ငါ့ကိုကြိုက်တာ မေးနိုင်ပါတယ်” ခန်းရှ ဇဝေဇဝါ ဖြစ်သွားသည်။
“ကျွန်တော် ခင်ဗျားမိသားစု အကြောင်း တစ်ခါမှ မမေးခဲ့ဖူးဘူး။ ခင်ဗျားမှာ မိသားစုဝင်တွေ ရှိသေးလား”
ခန်းရှ၏မျက်ဝန်းများမှ အထီးကျန်သည့်ဟန် အေးစက်တင်းမာသည့်ဟန် ရှိသော အရိပ်ယောင်တစ်ခု ရိပ်ခနဲ ပေါ်ထွက်လာခဲ့ပြီး စိတ်ပျံ့လွင့်သွားသည့်ဟန် ရှိသည်။ ထို့နောက် သူမသည် ခေါင်းကိုတစ်ချက် ယမ်းလိုက်ရင်း
“ငါ့ကို အမေရိကန်မိဘတွေက မွေးစားပြီး ပျိုးထောင်လာခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အနည်းငယ်က မွေးစားမိဘတွေက လေယာဉ်ပျက်ကျတဲ့ အထဲမှာပါပြီး ကွယ်လွန်သွားခဲ့ပါပြီ။ နိုင်ငံခြားသား အဘိုးကြီး တစ်ယောက်နဲ့ လက်ထပ်ထားတဲ့ မွေးစားအမေဘက်က အဘွားတော့ ရှိသေးတယ်။ ငါ ပထမဆုံး သွားလည်ဖြစ်တာတောင် တစ်နှစ်နီးပါး ကြာခဲ့ပြီပေါ့”
ထန်ရှုသည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး သူ၏ရင်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ခင်ဗျားရဲ့ကျန်းမာရေး ပိုပြီးစိတ်ချရအောင်လို့ ကျွန်တော် ကျင့်ကြံနည်း ကျင့်စဉ်တစ်စုံ သင်ပေးမယ်။ ဒါပေမဲ့ အဲဒါက ခင်ဗျားကလွဲပြီး ဘယ်သူကိုမှ ပြန်မသင်ပေးရဘူး ... အဲဒါတော့ မှတ်ထားပေး။ ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက် ဆိုတာလည်း ဘယ်သူကိုမှ ပြောလို့မရဘူး”
ကျင့်ကြံနည်း ကျင့်စဉ်ကို လေ့ကျင့်ရမှာလား။
ခန်းရှ အနည်းငယ် ကြောင်သွားပြီး ပြန်တုံ့ပြန်လိုက်သည်။
“အာ ... သူဌေး ... နင်ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ကျင့်ကြံနည်း ကျင့်စဉ်ကို လေ့ကျင့်ပြီး၊ အစစ်အမှန်ချီတွေသုံးပြီး သိုင်းပညာကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာမယ်ဆိုတော့ ငါတို့တစ်တွေက ရှေးအရင်ဘိုးဘေးတွေ ခေတ်မှာပဲ ရှိသေးတယ်လို့ နင် ထင်နေတာလား”
ထန်ရှု မျက်မှောင်ကြုတ် သွားရသည်။ ချက်ချင်းပင် သူသည် ခန်းရှ၏ဘေးတွင် ပေါ်လာပြီး အလင်းကဲ့သို့ လျင်မြန်သော ရွေ့လျားမှုနှင့်အတူ ခန်းရှ၏ပခုံးအား ဆုပ်ကိုင်ကာ သူမအား လေထဲသို့ ပစ်လိုက်သည်။ သူ၏လက်ကောက်ဝတ်အား လှည့်ပတ်မှုကြောင့် ခန်းရှသည် လေထဲတွင် လည်နေတော့သည်။ သူမ စူးစူးဝါးဝါး အော်ဟစ်နေခြင်းအား ထန်ရှုသည် လျစ်လျူရှုထားသည်။ အချိန်မကုန်လိုက်ပါပဲနှင့် ထန်ရှုသည် လျှပ်စီးသဖွယ် လက်ခနဲ ဖြစ်သွားကာ သူတို့နှစ်ဦးစလုံးသည် အိမ်၏အရှေ့တံခါးပေါက် အပြင်ဘက်တွင် ပေါ်လာခဲ့ပြီဖြစ်သည်။
“ဝုန်း ...”
ထန်ရှုသည် ခန်းရှအား အောက်သို့ ချပေးလိုက်သည်။ သူမသည် တုန်လှုပ်နေပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ဒီဟာ ...”
ခန်းရှသည် လဲကျသွားပြီးနောက် သူမသည် မူးဝေကာ စိတ်လွတ်သွားသည့်ဟန် ရှိနေသော်လည်း သူမ၏မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်သည် စိုးစဉ်းငယ်မျှပင် မရှိပါချေ။ ထိုအစား အံ့သြတုန်လှုပ်မှုတို့သာ ရှိနေသည်။ ဘေးဘီဝဲယာ ကြည့်ပြီးနောက် သူမ၏ကိုယ်လုံးလေးသည် အနည်းငယ် တုန်ရီသွားခဲ့သည်။
သူမ ကြောက်လန့်နေခဲ့တာလား။ ဟုတ်ပါသည်။ လက်ရှိ ကြုံတွေ့လိုက်ရသော အတွေ့အကြုံသည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူမကိုယ်တိုင် ထိတွေ့ခံစားခဲ့သည် မဟုတ်ပါက ရိုးရှင်းစွာပင် ထိုအရာအား ခန်းရှ ယုံကြည်လိမ့်မည် မဟုတ်ပါချေ။
ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကျွန်တော်တို့ ခြံအပြင်ဘက် ရောက်နေတာကို တွေ့လား”
“အင်း ...” ခန်းရှသည် အယောင်ယောင် အမှားမှားဖြင့် ခေါင်းညိတ်လိုက်သည်။
ထန်ရှုသည် သူမ၏ပခုံးအား နောက်တစ်ကြိမ် ထပ်မံကိုင်လိုက်သည်။ သူ၏အရှိန်အား အကန့်အသတ်အထိ ရောက်အောင် မြှင့်လိုက်ရာ အသက်၂ရှိုက်အတွင်း အိမ်ထဲ ဧည့်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး ခန်းရှအား ဆိုဖာပေါ်သို့ပင် တင်ပေးလိုက်သည်။
“ကမ္ဘာပေါ်မှာ သိုင်းပညာ ကျွမ်းကျင်သူတွေ ရှိနေသေးတယ်ဆိုတာ အခု ခင်ဗျား ယုံပြီလား”
ခန်းရှသည် မတ်မတ်ထိုင်ကာ ဘေးဘီဝဲယာအား ကြည့်လိုက်သည်။ အကြောက်တရားနှင့် သတိရှိနေသည့် အမူအရာသည် သူမ၏မျက်လုံးများထဲတွင် ပေါ်လွင်နေသည်။ ကျောက်ရုပ်သဖွယ် အာစေးမိနေပြီး နောက်မှသာလျှင် သူမ စကား ပြန်လည်ပြောနိုင်တော့သည်။
“သူဌေး ... နင်က စွမ်းအားကြီးတဲ့ သိုင်းပညာရှင် ကျွမ်းကျင်သူ တစ်ယောက်ဆိုတာ မြင့်မားသော နဂါးသိုင်း သင်တန်းကျောင်းကို ခေါ်သွားကတည်းက ငါ သိပါတယ်။ ဒါ ... ဒါပေမဲ့ အခုစွမ်းအားကြီးက ငါ့ရဲ့ စိတ်ကူးမြင်နိုင်စွမ်း ထက်တောင် ကျော်လွန်နေတယ်လေ။ အဲဒီ သိုင်းပညာလောကရဲ့ ကျွမ်းကျင်သူတွေတောင် ဒီအဆင့်ထိ ရောက်ဦးမှာ မဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်”
ထန်ရှု ပြုံးလိုက်သည်။
“ခင်ဗျားမှာ ထက်ရှတဲ့အမြင်နဲ့ အကဲဖြတ်နိုင်စွမ်း ရှိသားပဲ။ ကျွန်တော်က တကယ်တော့ သိုင်းပညာရှင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူး။ အင်မော်တယ်ကျင့်ကြံသူ တစ်ယောက်ပါ။ ခင်ဗျား လက်တွေ့ဘဝမှာ အဲဒီလိုလူတွေကို မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်။ ဒါပေမဲ့ ရှန်းရှတီဗွီဇာတ်လမ်းတွဲမှာ ပါတဲ့ အင်မော်တယ်တွေကိုတော့ ခင်ဗျား မြင်ဖူးလောက်ပါတယ်။ ဇာတ်လမ်းတွေမှာ ပြတာထက်စာရင် အစစ်အမှန်အင်မော်တယ် ကျင့်ကြံသူတွေက ပိုပြီး စွမ်းအားကြီးတယ်။ သူတို့က သဘာဝရဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်ပြီးတော့ ဓားပျံတွေနဲ့ ပျံသန်းနိုင်ကြတယ်။ စစ်မှန်တဲ့ စွမ်းအားကြီးသူတွေဆိုရင် ကြယ်တွေ လတွေကိုတောင်မှ ခူးဆွတ်နိုင်သလို ကောင်းကင်ပေါ်က နေရာတိုင်းကို အခက်အခဲ ပြဿနာမရှိဘဲ သွားလာနိုင်ကြတယ်”
“အင်မော်တယ် ဟုတ်လား” ခန်းရှ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
“ဟုတ်တယ်။ ဉာဏ်အမြင်ပွင့်ပြီးတော့ အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ခက်ခဲတဲ့ အကြောင်းအရာ တစ်ခုတော့ မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို အင်မော်တယ် ကျင့်ကြံမှုကျင့်စဉ် သင်ပေးမယ်။ ခင်ဗျားသာ ကောင်းကောင်းလေ့ကျင့်ရင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ဖို့ အခွင့်အရေးများပြီး အင်မော်တယ်ကမ္ဘာက အင်မော်တယ်တစ်ယောက် ဖြစ်လာပါလိမ့်မယ်”
ခန်းရှသည် အံ့သြတုန်လှုပ်နေသော အမူအရာနှင့် ဖြစ်နေသည်။
“သူဌေး ... နတ်ပုံပြင်တွေထဲကလို ငါတို့ကမ္ဘာမှာ အင်မော်တယ်ကမ္ဘာရယ်လို့ နောက်တစ်ခု ရှိနေသေးတာလား”
ထန်ရှု ပြုံးလိုက်သည်။
“နတ်ပုံပြင်တွေထဲက အင်မော်တယ်ကမ္ဘာက အရမ်း သေးနုပ်လွန်းပါတယ်။ ခင်ဗျား ဉာဏ်အမြင်ပွင့်ပြီးတော့ အင်မော်တယ်တစ်ယောက် ဖြစ်လာတဲ့အခါကျရင် အစစ်အမှန် အင်မော်တယ်ကမ္ဘာက ဘာနဲ့တူသလဲဆိုတာ ကိုယ်တိုင် သိလာပါလိမ့်မယ်။ သူ့မှာ ဘယ်လို အံ့ချီးဖွယ်ရာတွေနဲ့ ခမ်းနားမှုတွေ ရှိနေသလဲဆိုတာ ခင်ဗျား မြင်လာရလိမ့်မယ်။ ညစာစားပြီးရင် ခင်ဗျားကို သင်ပေးမယ်။ ဒီဟာကို ဘယ်သူ့ကိုမှ ဘယ်တော့မှ မပြောရဘူးဆိုတာတော့ မှတ်ထားပါ”
ခန်းရှ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ရုတ်ခြည်းပင် သူမ၏အမူအရာသည် ပြောင်းလဲသွားရပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“သူဌေး ... ခုနက ငါ့မိသားစုအကြောင်း မေးတာ ငါ့မိဘတွေနဲ့ သူငယ်ချင်းတွေကို ဒီအကြောင်းတွေ ပြောမှာ ကြောက်လို့လား”
“ဟုတ်တယ်”
ထန်ရှု အေးဆေးစွာ ဆက်လက်ပြောဆို လိုက်သည်။
“ကျွန်တော် ခင်ဗျားကို လခစားဝန်ထမ်း တစ်ယောက်အစား ကျွန်တော့်ရဲ့အစစ်အမှန် လက်အောက်ငယ်သား တစ်ယောက် ဖြစ်စေချင်တာ။ ခင်ဗျားရဲ့ကမ္ဘာက အဆက်မပြတ် တိုးတက် ကျယ်ပြန့်လာလိမ့်မယ်။ ခင်ဗျားသာ ကျွန်တော့်နောက် လိုက်မယ်ဆိုရင် အနာဂတ်မှာ အဆုံးအစမရှိတဲ့ စကြဝဠာကို သွားလာချင်တယ် ဆိုရင်တောင်မှ လွယ်ကူနေလိမ့်မယ်”
ခန်းရှသည် တံတွေးတစ်ချက်အား အလျင်စလို မျိုချလိုက်ကာ အသက်ရှူသံတွေ မြန်လာခဲ့သည်။
“သူဌေး ... အင်ဒီ့ကိုရော သင်ပေးလို့ရမလား။ သူမက ငါ့နောက်လိုက်ခဲ့တာ နှစ်တွေအကြာကြီး ရှိခဲ့ပြီ။ သူမက လုံးဝကို ယုံကြည်စိတ်ချလို့ ရပါတယ်။ နောက်ပြီး သူမဘဝဇာတ်ကြောင်းက ငါ့ထက် ပိုပြီး သနားစရာကောင်းတယ်။ မိသားစုတစ်ယောက်မှ မရှိကြတော့ဘူး။ ငါရယ်၊ ဂျက်ရယ်၊ လက်တစ်ဆုပ်စာ လူတချို့ကလွဲပြီး တခြား သူငယ်ချင်းလည်း မရှိဘူး”
အင်ဒီ ...
ထန်ရှုသည် နတ်သမီးလေး တစ်ယောက်ကဲ့သို့ လှပသော မိန်းကလေးတစ်ယောက်အား သတိရသွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“သူမကို ခေါ်လိုက်ပါ”
သူမအကြောင်း အသေးစိတ်ကိုတော့ ထန်ရှု မမေးခဲ့ပေ။ သူမနှင့်မိဘနှစ်ပါးသည် တရုတ်ပြည်တွင် တစ်ချိန်က နှစ်အနည်းငယ်မျှ နေခဲ့ဖူးသည်ဟု သူ ကြားမိသော်လည်း ကံတရားနှင့် အချိန်တို့ကြောင့် ပြောင်းလဲသွားသည်လည်း ဖြစ်နိုင်သဖြင့် လူများတွင် ကိုယ်ပိုင် ကံဆိုးမှုနှင့် ကံကောင်းမှုတို့ ရှိကြမည်သာ ဖြစ်သည်။ အင်ဒီသည် မိဘမဲ့တစ်ဦးဖြစ်သည်ဟု ခန်းရှ ပြောသောကြောင့် သူမ၏မိဘနှစ်ပါးသည်လည်း ကံဆိုးမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည် ဖြစ်ပေလိမ့်မည်။
ဘေးတစ်ဖက်တွင် ချန်းကျီကျုံးသည် ထိုင်ကာ ပြုံးလျက်ရှိသည်။ ထန်ရှုသည် ခန်းရှအား သူ၏တိုက်ရိုက်တပည့် ဖြစ်စေရန် ဆွဲခေါ်နေပေသည်။ ခန်းရှသည် ထူးချွန်သော စွမ်းဆောင်ရည်ရှိသောကြောင့် ထိုအရာသည် သူ့အား ပျော်ရွှင်စေသည်။ သူမသည် စီးပွားရေးလောကတွင် ထူးချွန်ထက်မြက်ပြီး ခေါင်းမော့နိုင်သော ဂုဏ်ယူစရာ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ သူမသည် ထန်ရှုနောက်သို့ သေတပန် သက်တစ်ဆုံး လိုက်ပြီး သူမ၏ အကောင်းဆုံး စွမ်းဆောင်ရည်များဖြင့် အလုပ်လုပ်ပေးခဲ့ပါက ထန်ရှုသည် ငွေအများကြီး ရှာနိုင်မည်ဖြစ်ပြီး အဆုံးသတ်တွင် ကျင့်ကြံမှုရင်းမြစ် အတွက် အဆုံးမရှိသော စမ်းချောင်းသဖွယ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူ၏ဖုန်းမျက်နှာပြင်အား ကြည့်လိုက်မိသောကြောင့် ချန်းကျီကျုံးသည် ရုတ်ခြည်းပင် အမူအရာ ပြောင်းသွားရသည်။
“ဆရာ ... ဝိုင်စက်ရုံကို တည်ဆောက်ချင်တယ် ဆိုမှတော့ ငါ့ကို အဲဒီအထဲမှာ ရင်းနှီးမြှုပ်နှံခွင့် ပြုပါလား”
“ခင်ဗျားမှာ ကိုယ်ပိုင်ဆေးပင်ဆေးဝါး စီးပွားရေးလုပ်ငန်း ရှိပြီးသားမဟုတ်လား။ ဘာအတွက် ဝိုင်စက်ရုံမှာ မြှုပ်နှံချင်နေရတာတုန်း”
ချန်းကျီကျုံးသည် မချိပြုံး ပြုံးလိုက်သည်။
“တကယ်တော့ ငါ့ရဲ့အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းကို ချဲ့ထွင်တာ အကန့်အသတ်ကို ရောက်နေပြီလို့ ငါတွေးနေတာ။ တခြားလုပ်ငန်းတွေကို ချဲ့ထွင်ဖို့ ရေရှည်အစီအစဉ် ဆွဲထားပေမဲ့ ရင်းနှီးမြှုပ်နှံဖို့ အတွက် သင့်တော်တဲ့ လုပ်ငန်း ရှာမတွေ့သေးလို့။ အဲဒါကြောင့် ငါ့မှာ အပိုဝင်ငွေတွေ ရှိနေတာ။ ဆရာ့ဝိုင်စက်ရုံမှာ မရင်းနှီး မမြှုပ်နှံရရင် အခြား စီမံကိန်းတွေကို သွားရှာရလိမ့်မယ်”
ထန်ရှုသည် တစ်ချက် စဉ်းစားလိုက်ပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။
“၅ဝဝမီလီယံ ထည့်လိုက် ကျွန်တော် ခင်ဗျားကို ၁ဝ%ရှယ်ယာ ပေးမယ်။ ဝိုင်စက်ရုံ စီမံခန့်ခွဲဖို့တော့ စိတ်မပူနဲ့ ကျွန်တော် လူတစ်ယောက် ရှာထားပြီးသား။ အဲဒီကြောင့် နှစ်တိုင်း အမြတ်ဝေစု ရလိမ့်မယ်။ တကယ်လို့ ခင်ဗျားမှာ ပိုက်ဆံအပို ထပ်ရှိပြီးတော့ စိတ်ဝင်စားသေးရင် လုံကျန်ယုကို ဆက်သွယ်နိုင်တယ်။ သူနဲ့ကျွန်တော် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်း အသေးစားတစ်ခုမှာ ပူးပေါင်းထားတာ ရှိတယ်။ အဲဒါရဲ့အလားအလာက ကောင်းမွန်ပြီး အနာဂတ်ကောင်း တစ်ခုကို ပြုလုပ်နိုင်တယ်လို့ ကျွန်တော် ယုံတယ်”
အစပထမတွင် ထန်ရှုသည် သူ၏ဝိုင်စက်ရုံလုပ်ငန်းတွင် အခြားမည်သူကိုမျှ မပါဝင်စေလိုခဲ့ပေ။ သည်လုပ်ငန်း၏ အလားအလာနှင့် ပတ်သက်ပြီး သူ့တွင် အမြင်ကောင်းများ ရှိသည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူ့တွင် လိုငွေပြနေပြီ ဖြစ်သောကြောင့် ချန်းကျီကျုံး ရင်းနှီးမြှုပ်နှံမည် ဆိုပါက သူ၏အမည်ခံ တပည့်တစ်ယောက် ဖြစ်နေသောကြောင့် ရှယ်ယာပေးလျှင်တောင် သူ့အတွက် ပြဿနာရှိမည် မဟုတ်တော့ချေ။ ထိုအခြင်းအရာသည် ရေနှင့်မြေဆီသြဇာအား ပြင်ပလယ်ကွင်းများသို့ စီးဆင်းခြင်းမရှိအောင် ပြုလုပ်သည့် သဘောတရားနှင့် အလားသဏ္ဌာန် တူပေသည်။
ချန်းကျီကျုံး ဝမ်းသာမှုသည် ဖုံးမနိုင်ဖိမရပင် ဖြစ်နေသည်။ ထန်ရှုအား ဆရာတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းသည် အမှန်တကယ် ထိုက်တန်သည်ကို သူ နားလည်ရသည်။ ထန်ရှုသည် အင်မော်တယ် လမ်းကြောင်းပေါ်သို့ ရောက်အောင် ဆွဲခေါ်နိုင်ရုံသာမက စီးပွားရေးတွင်လည်း အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်နိုင်ပေသည်။ တစ်မိနစ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ တလေးတစား ခေါင်းညိတ်လိုက်သည်။
“လုံကျန်ယုဆီ ငါ ဆက်သွယ်လိုက်ပါမယ်”
“စီးပွားရေးအလုပ်နဲ့ ပတ်သက်တာ မှန်သမျှတော့ ခန်းရှကိုပဲ ဆက်သွယ်ပါ။ ကျွန်တော် တခြားလုပ်စရာတွေ ရှိနေလို့ စီးပွားရေးကို စီမံဖို့ အချိန်မရဘူး”
ထိုအချိန်တွင် အိုးရန်လူလူသည် အေပရွန်ဝတ်လျက် မီးဖိုခန်းမှ ထွက်လာသည်။ ချန်းကျီကျုံးအား မြင်သောအခါ သူမ၏မျက်ဝန်းများသည် မသိမသာ အရောင်လက်သွားခဲ့သည်။ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ မဂ္ဂဇင်းများတွင် ပါဝင်သော အင်တာဗျူးများမှ တစ်ဆင့် သူ့အား အိုးရန်လူလူ မြင်ဖူးနေပေသည်။ သို့သော် ခန်းရှအား မြင်လိုက်ချိန်တွင် အိုးရန်လူလူသည် မသိမသာ မျက်မှောင်ကြုတ် သွားရပြန်သည်။
ခန်းရှသည် အင်မတန် လှသည်။
ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်သွင်ပြင်နှင့် ဟန်ပန်အမူအရာတို့တွင် ခန်းရှသည် သူမထက် နိမ့်ကျခြင်း မရှိသည်ကို အိုးရန်လူလူသည် ဝန်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ခန်းရှသည် ထန်ရှုအတွက် အလုပ်လုပ်ပေးနေပြီး ထန်ရှုသည် သူ၏ကုမ္ပဏီ စီမံခန့်ခွဲမှုကိုတောင်မှ ခန်းရှအား ပေးအပ်ထားသည်ဟု လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကြားထားခဲ့သည်။ သို့သော် ခန်းရှအား သည်နေရာတွင် သူမ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပေသည်။
“သူဌေး ... သူက ဘယ်သူလဲ”
အေပရွန် ဝတ်ထားသော အိုးရန်လူလူအား ကြည့်ပြီး ခန်းရှ မသက်မသာ ခံစားလိုက်ရသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။
“အိုး ... သူက အိုးရန်လူလူ ကျင်းမန်ကျွန်းက မည်မည်ရရ အလုပ်မရှိတဲ့သူပေါ့ ဒါပေမဲ့ ငါ့ရဲ့ သူငယ်ချင်း။ လူလူ ... သူက ခန်းရှ ... ငါ့ရဲ့ညာလက်ရုံး အမျိုးသမီး”
ထန်ရှု တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးလိုက်သည်။
အိုးရန်လူလူ မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ ထန်ရှု၏ “ငါ့သူငယ်ချင်း”နှင့် “လူလူ” ဟူသော စကားသာ မပါခဲ့ပါက သူမသည် ပက်ခနဲ ရန်ပြန်တွေ့လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူမ၏ရင်တွင်းထဲတွင် ပျော်ရွှင်နေလင့်ကစား မကျေမနပ် ဖြစ်သွားသည့်ဟန် ဆောင်လိုက်သည်။ သူမသည် အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ဟမ့် ... ဘာ အလုပ်မည်မည်ရရ မရှိတာလဲ။ ငါ့ရဲ့သုခဘုံအသင်းက သင့်တင့်လျောက်ပတ်တဲ့ ရိုးသားသား စီးပွားရေးလေး တစ်ခုပါနော် ... ဟုတ်ပြီလား”
“ကာစီနိုဖွင့်တာက သင့်တင့်လျောက်ပတ်တဲ့ စီးပွားရေးတစ်ခုလား” ထန်ရှုသည် အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒါပေါ့။ သူတို့ လောင်းကစားတဲ့ အချိန်တိုင်း ငါတို့က အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲမှာမို့ ဘယ်နိုင်ငံရဲ့ဥပဒေနဲ့မှ မငြိဘူးလေ။ လောင်းကစားတာက ထိုင်ဝမ်မှာဆိုရင် တရားဝင်ဖြစ်နေပြီလေ နင်သိတယ် မဟုတ်ဘူးလား”
ထန်ရှု တိတ်တဆိတ်သာ ခေါင်းယမ်းမိသည်။ အိုးရန်လူလူ၏ ကျိုးကြောင်းဆီလျော်သည့် စကားပြောဟန် ခပ်သွက်သွက်အား ပြန်လည်ချေပရန် သူ ပျင်းနေပါသော်လည်း ခန်းရှကမူ ထန်ရှု၏ရှင်းပြချက်အား နားထောင်ပြီးချိန်တွင် သူမအပေါ် အတော် စိတ်ဝင်စားသွားရသည်။
“မင်္ဂလာပါ မစ္စအိုးရန်”
“မင်္ဂလာပါ အကြီးအကဲချန်း”
အမျိုးသမီး၂ယောက်သည် ပထမဆုံးအကြိမ် လက်ဆွဲနှုတ်ဆက် လိုက်ကြသည်။ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ထူးခြားသော အတွေးကိုယ်စီနှင့် ရှိနေကြသည်။
ညစာစားပွဲတွင် ...
ဂူရင်သည် စာသင်ကြားနေရာမှ ပြီးလာခဲ့ပြီဖြစ်သောကြောင့် ထန်ရှုသည် သင်ကြားသူဆရာကိုပါ ညစာအတူစားရန် အတွက် ဖိတ်ခေါ်ရင်း ဂူရင်၏ သင်ကြားရေး တိုးတက်မှုဖြစ်စဉ်အား မေးမြန်းလျက်ရှိသည်။
“မစ္စတာထန် ... ဂူရင်က တကယ် စမတ်ကျတဲ့ကလေး။ သူ့မှာ အလွယ်မမေ့နိုင်တဲ့ မှတ်ဉာဏ်နဲ့ နားလည် သဘောပေါက်လွယ်တဲ့ ဉာဏ်ပိုင်ဆိုင်ထားတယ်။ သူ့လိုကလေးမျိုး တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒုတိယတန်းသင်ရိုးနဲ့ ပတ်သက်လို့ကတော့ နောက်၂ရက်ဆိုရင် ပြီးသွားပြီမို့ တတိယတန်း သင်ရိုးအတွက် ငါတို့ ပြင်ဆင်နေပါတယ်။ စတုတ္ထတန်း၊ ပဉ္စမတန်းနဲ့ ဆဋ္ဌမတန်း အတွက်ကတော့ ငါတို့ ၃ယောက် သင်ဖြစ်တော့မှာ မဟုတ်ဘူး”
သက်လတ်ပိုင်းအမျိုးသမီး ဆရာမက မချိပြုံး ပြုံးလိုက်ရင်း ဆက်ပြောလိုက်သည်။
“အဲဒါက စတုတ္ထတန်းနဲ့အထက်ကို ငါတို့မသင်နိုင်လို့ မဟုတ်ပေမဲ့ ရှေ့နှစ်တန်းအတွက် သင်ရိုးပြင်ဆင်ပြီးတဲ့နောက် ခြေကုန်လက်ပန်း ကျသွားခဲ့လို့ပါ”
ထန်ရှု ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ဟားဟား ... ကောင်းပါပြီ။ နောက်လာသင်မယ့် ဆရာတွေကလည်း ခင်ဗျားလို အသင်အပြကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်”
အိုးရန်လူလူသည် နှစ်ဦးစလုံးအား အံ့အားသင့်ဟန်ဖြင့် ကြည့်နေသည်။
“ဆရာတွေပြင်ဆင်တဲ့ သင်ခန်းစာက ကျောင်းသားရဲ့ လေ့လာသင်ယူနှုန်းကို မမီနိုင်တာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ဆရာမသည် အောင့်သက်သက် ပြုံးလိုက်ရင်း
“အဲဒါက ဘာကြောင့်လဲဆိုတော့ ဂူရင်ရဲ့ လေ့လာသင်ယူနိုင်စွမ်းက တကယ်ကို အရမ်းမြန်နေခဲ့တာ။ သူမရဲ့ လက်ရှိနှုန်းအတိုင်း သွားမယ်ဆိုရင် စက်တင်ဘာ၁ရက်နေ့ မတိုင်မီ ဒုတိယတန်းကနေ ဆဋ္ဌမအတန်းအထိ သင်ခန်းစာ အားလုံးကို သူမ အကုန် ပြီးသွားနိုင်တယ်”
အိုးရန်လူလူသည် ဂူရင်အား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“သူမက ခုထိ ဒုတိယတန်း သင်ရိုးတောင် မပြီးသေးဘူးမဟုတ်လား။ နှစ်လ သုံးလအတွင်း ဘယ်လိုဖြစ်ပြီး နောက်၄တန်းက သင်ရိုးအားလုံးကို ပြီးနိုင်မှာတဲ့လဲ။ တခြားဉာဏ်ကြီးရှင် ကလေးတွေတောင် လုပ်နိုင်မှာ မဟုတ်ဘူးလေ”
***