အိပ်ခန်းအတွင်းမှ ရန်ပွဲ
Vol. 04 Ch. 184
ဂူရင်၏ဆရာမသည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“အဲဒီကလေးတွေက အဲဒီလိုမလုပ်နိုင်ပေမဲ့ ဂူရင်ကတော့ ခြွင်းချက်ထဲမှာ ပါတယ်။ ငါ စာသင်ခဲ့တာ နှစ်၂ဝကျော် သက်တမ်းတစ်လျှောက်မှာ ဘုရားပေးတဲ့ လက်ဆောင်ရှင် အချို့ကလေးတွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ သူတို့တွေတောင်မှ ဂူရင်ရဲ့ ၁ဝပုံတစ်ပုံတောင်မှ မရှိဘူး”
“ဆရာမဟောင် ... သူ့ကို မမြှောက်နဲ့နော်။ သူ့ကိုဂရုစိုက်ပေးဖို့ပဲ လိုတာ။ တော်ကြာ သူ့ကိုယ်သူ အထင်ကြီးပြီး ကျေနပ်ရောင့်ရဲ နေလိမ့်မယ်” ထန်ရှုပြုံးရင်း ပြောလိုက်သည်။
ဂူရင်သည် နွေးထွေးသောအပြုံးဖြင့်
“ဆရာ ... ရင်ရင် ဘဝင်လည်း မမြင့်ဘူး။ ကျေနပ်ရောင့်ရဲတာလည်း မဖြစ်ရပါဘူးနော်”
ဆရာ ... ဒီကလေးက ဆရာလို့ ခေါ်လိုက်တာလား။
ချန်းကျီကျုံး အံ့အားသင့်သွားသည်။
“ဆရာ ... သူက ဆရာလက်ခံထားတဲ့ တပည့်လား”
ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။ သူက ကျွန်တော့်ရဲ့ တိုက်ရိုက်တပည့်ပဲ။ နောက်ဆို ဂျူနီယာညီမလေးလို့ ခေါ်နိုင်တယ်”
ချန်းကျီကျုံးသည် တံတွေးတစ်ချက် အလျင်အမြန် မျိုချလိုက်ရင်း ဂူရင်အား အချိန်အတန်ကြာသည့်အထိ အံ့အားသင့်စွာ ကြည့်နေမိသည်။ ထန်ရှအား ဆရာအဖြစ် သူ အသိအမှတ် ပြုခဲ့စဉ်တုန်းက မည်သည့်တပည့်မျှ မရှိသေးသော်လည်း ယခုတွင် ဂျူနီယာညီမလေး တစ်ယောက် ရှိနေခဲ့ပြီဖြစ်သည်။ ထိုနည်းတူ တိုက်ရိုက်တပည့် ဆိုသည့်စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း သူ ကောင်းစွာ သိပေသည်။
သူသည်ပင် ထန်ရှု၏အမည်ခံ တပည့်သာ ဖြစ်သော်လည်း ထန်ရှု၏ရှေ့တွင် ရှိနေသော ထိုမိန်းကလေးငယ်သည် တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်ပေသည်။ အခြေအနေ၏ ခြားနားမှုသည် အမှန်တကယ်ပင် အတော် အလှမ်းကွာပေသည်။
တစ်ခဏမျှ တွေဝေနေပြီးမှ ချန်းကျီကျုံးသည် ဂူရင်အား ကြည့်နေရင်းမှ ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ဂျူနီယာညီမလေး။ ဒီနေ့က ငါတို့ ပထမဦးဆုံးတွေ့တာ ဖြစ်တယ်။ အရင်တုန်းက ဒီစီနီယာအစ်ကိုကြီးက ညီမလေးအကြောင်း မသိထားခဲ့မိလို့ ဘာလက်ဆောင်မှ မပြင်ဆင်လာခဲ့ရဘူး။ နောက်တစ်ခေါက် ထပ်တွေ့တဲ့အခါ အစ်ကိုကြီး မင်းအတွက် လက်ဆောင်တစ်ခု ယူလာခဲ့မယ်လို့ ကတိပေးတယ်”
ဂူရင်သည် ပျော်ရွှင်စွာ ရယ်မောလျက် ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”
အခြားတစ်ဖက်တွင် အိုးရန်လူလူသည် ထန်ရှုအား ထူးခြားသော အကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။
“ထန်ရှု ... နင် တပည့်တွေ အများကြီး လက်ခံနေတာ ဘာတွေသင်ပေးနေတာလဲ”
“ငါ့မှာ အရည်အချင်းအများကြီးရှိတော့ ငါ သူတို့ကို အများကြီး သင်ပေးနိုင်တာပေါ့။ ဘာလို့လဲ နင်ရော ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုချင်လား။ ဒါပေမဲ့ ငါက တပည့်လက်ခံရာမှ တင်းကျပ်တဲ့စံနှုန်းနဲ့ စည်းမျဉ်း စည်းကမ်းတွေရှိတော့ နင် စာမေးပွဲ ဖြေရမယ်”
“သေလိုက်ပါလား။ သရဲတွေပဲ နင့်ကို ဆရာတစ်ဆူအဖြစ် သတ်မှတ်လိမ့်မယ်”
အိုးရန်လူလူသည် ပက်ခနဲ ပြန်ပြောလိုက်ပြီးမှ မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ သူမသည် အချိန်ခဏလေး အတွင်းတွင် နားလည်သဘောပေါက် သွားသောကြောင့် ချန်းကျီကျုံးဘက် အမြန်လှည့်ကာ တောင်းပန်လိုက်သည်။
“မစ္စတာချန်း ... ကျွန်မ ဒီလိုဖြစ်စေဖို့ မရည်ရွယ်ပါဘူးနော်။ သူနဲ့ပတ်သက်ရင် ကျွန်မ တကယ် စိတ်ရှုပ်ပြီး အံ့အားသင့်သွားမိလို့ ဒီလို မသင့်တော်တဲ့စကား ရုတ်တရက် ထွက်သွားမိတာပါ။ ကျွန်မစကားတွေကို ဘယ်လိုမှ သဘောမထားပါနဲ့”
ချန်းကျီကျုံး ပြုံးရင်း ခေါင်းယမ်းပြလိုက်သည်။ အိုးရန်လူလူနှင့် ထန်ရှုတို၏ အမူအရာများအား ကြည့်ရင်း သူ၏စိတ်တွင်းထဲ၌ ထူးဆန်းနေပေသည်။
ညစာစားခြင်းသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။
ချန်းကျီကျုံးနှင့် ဆရာမဟောင်သည် နှုတ်ဆက်ကာ ပြန်သွားခဲ့ပြီဖြစ်သည်။ အိုးရန်လူလူသည် ဟိုတယ်တွင် မနေချင်သောကြောင့် ထန်ရှုသည် မုချင်းဖျင်အား သူမအတွက် ဧည့်အခန်းတွင် ပြင်ဆင်ပေးစေသည်။ ဧည့်ခန်းထဲတွင် ထန်ရှုနှင့် ခန်းရှသာ ကျန်ခဲ့တော့သည်။
“ကျွန်တော့်အခန်းကို လိုက်ခဲ့ပါ။ အင်ဒီရောက်လာရင် ခင်ဗျားတို့၂ယောက်စလုံးကို အတူတူသင်ပေးပါမယ်”
ခန်းရှသည် သူ့အား ကြည်လင်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
အခြားယောက်ျားလေး တစ်ယောက်သာ သူ၏အခန်းထဲသို့ လိုက်စေချင်ပါက ခန်းရှသည် သေချာပေါက် လှည့်ထွက်သွားမည်ဖြစ်သည်။ သို့သော် ထန်ရှုကမူ ခြားနားသည်။ ယောက်ျားနှင့် မိန်းမတို့အကြားတွင် ရှိတတ်သော ခံစားမှုအရိပ်အယောင် လုံးဝမရှိသည်ကို ထန်ရှု၏မျက်လုံးများမှ တစ်ဆင့် သူမ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ထို့အတွက်ကိုပင် သူမ အတော် ဒေါသထွက်ရသေးသည်။ ခန်းရှသည် ချစ်စရာကောင်းသည်ဟု သူမကိုယ်သူမ ယုံကြည်ထားရာ သူမ၏အလှတရားသည် ထန်ရှုအပေါ်တွင် အကျိုးသက်ရောက်မှု မရှိခြင်းပေလော။
ဒုတိယထပ်၏ ပင်မအခန်းတွင် ...
ခန်းရှသည် ထန်ရှု၏အနောက်မှ လိုက်လာခဲ့သည်။ သူမသည် အခန်းအား ကြည့်ရင်း အံ့အားသင့်နေရသည်။ ယောက်ျားတစ်ယောက်၏ အခန်းသည် ရှုပ်ပွနေပြီး ဝက်ကျင်းနှင့် ထူးမခြားနား ဖြစ်နေလိမ့်မည်ဟု သူမ တွေးထင်ထားခဲ့ရာ ထန်ရှု၏အခန်းသည် သန့်ရှင်းသပ်ရပ်ကာ အရာရာတိုင်းသည် စီရရီ ရှိနေသည်ကို တွေ့လိုက်ရပေသည်။
ပန်းစံပယ်၏ခပ်သင်းသင်း မွှေးရနံ့ကိုပင် အခန်းထဲ၌ ရနေသယောင်ယောင် ရှိသည်။
“ဒီမှာ ထိုင်လို့ရတယ်။ အင်ဒီ့ကိုလည်း အခုဘယ်နား ရောက်နေပြီလဲလို့ မေးထားပါဦး။ ကျွန်တော် ရေမိုးချိုး အဝတ်အစားလဲဦးမယ်” ထန်ရှုသည် အခန်းထောင့်ရှိ ဆိုဖာအား လက်ညှိုးထိုးပြ လိုက်သည်။
“ကောင်းပါပြီ”
ခန်းရှသည် သူမ၏ဖုန်းအား ထုတ်နေရင်း ထန်ရှုတစ်ယောက် အဝတ်လဲခန်းမှ အဝတ်အစားများ ထုတ်ယူကာ ရေချိုးခန်းဆီသို့ သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် ရေချိုးခန်းတံခါးအား အတွင်းမှ လော့ချလိုက်သည်ကို သူမ ရှင်းလင်းစွာ ကြားလိုက်ရသည်။
“သူက ငါရှိနေလို့ တံခါးလော့ချ လိုက်တယ်ပေါ့လေ”
ခန်းရှ စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်သွားခဲ့ရသည်။ အနည်းအများဆိုသလို သူမသည် ဆွဲဆောင်မှုအားကောင်းသော လှပသည့် အမျိုးသမီးတစ်ယောက်လည်း ဖြစ်သည်။ အခြားယောက်ျားလေး တစ်ယောက်ဖြစ်ပါက သူမဆီသို့ အလျင်အမြန် သူတို့ကိုယ်သူတို့ ပစ်သွင်းလိုက်ကြမည် ဖြစ်သည်။ သို့သော် မမျှော်လင့်စွာပင် သူမ၏သူဌေးသည် သူမ ရှိနေသောကြောင့် ရေချိုးခန်းတံခါးအား အတွင်းမှပင် လော့ချလိုက်သေးသည်။
သူမက သူ့ကို ကိုက်စားမည့် ကျားမတစ်ကောင်အလား။ လိင်မှုကိစ္စကို ဆာလောင်မွတ်သိပ်နေသည့် အမျိုးသမီးတစ်ယောက်လေ အလား။ ထန်ရှုလုပ်သွားပုံက ကောင်းကြသေးရဲ့လားလို့။
ခန်းရှ ခေါင်းကိုသာ ဘယ်ညာယမ်းမိရင်း အင်ဒီ့ဆီ ဖုန်းဆက်လိုက်သည်။ တောင်တံခါးအိမ်ရာသို့ ၁ဝမိနစ်အကြာတွင် ရောက်မည်ဖြစ်ကြောင်း သိရပြီးသည့်နှင့် ခန်းရှသည် ဖုန်းအား ပြန်ထည့်လိုက်ကာ ထန်ရှု၏အိပ်ခန်းအား ဂရုတစိုက် လိုက်ကြည့်မိရင်း သူမ၏မျက်ဝန်းများသည် သန့်ရှင်းနေသော အိပ်ရာထက်တွင် အဆုံးသတ်သွားခဲ့သည်။
အမျိုးသမီးတစ်ယောက်၏ အတွင်းစိတ်နှလုံးသားသည် အမှန်တကယ်အားဖြင့် ချစ်ခြင်းတရားဖြင့် နူးညံ့သိမ်မွေ့ပြီး ချစ်ခင်သောသူများအား ဂရုစိုက်တတ်ပြီး အပြင်သို့ သိသာစွာ လှစ်ဟထုတ်ပြခြင်း မရှိလင့်ကစား သဝန်တိုမှုတော့ ရှိတတ်ကြပေသည်။
ခန်းရှသည် ထန်ရှု၏အိပ်ခန်းအတွင်း ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်ပြီး အိပ်ရာဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ကာ အိပ်ရာခင်းများအား ဂရုတစိုက် ဝေ့ဝိုက်ကြည့်ရှု လိုက်သည်။ အိပ်ရာပေါ်တွင် အမျိုးသမီးဆံပင်ရှည် ရှိသည့်အရိပ်အယောင် မတွေ့ရသည့်နည်းတူ ဆံပင်တိုအစ လေးများကိုပင် မတွေ့ရပါတော့မှ ခန်းရှ စိတ်ကျေနပ်သွားရသည်။
“သူက တကယ့်ကို ထိန်းသိမ်းထားတဲ့ ယောက်ျားတစ်ယောက်ပဲ ... အာ ... မဟုတ်သေးပါဘူး။ ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ပဲ”
ခန်းရှ ခပ်ဖွဖွ ပြုံးလိုက်မိသည်။ သူမ၏အကြည့်များသည် အိပ်ရာထိပ်ဘေးနားရှိ စားပွဲပေါ်တွင် ထောင်ထားသော ဓာတ်ပုံမှန်ဘောင် တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ ထိုဓာတ်ပုံသည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့်အတူ ထန်ရှု တွဲရိုက်ထားခြင်းဖြစ်သည်။
“ဒေါက် ... ဒေါက် ... ဒေါက် ...”
အိပ်ခန်းတံခါးခေါက်သံ ကြားရပြီး အိုးရန်လူလူသည် အထဲသို့ လျှောက်လာသည်။ အိပ်ရာဘေးတွင် ထိုင်လျက် လက်ထဲတွင် ဓာတ်ပုံဘောင်အား ကိုင်ထားသော ခန်းရှအား မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး မနှစ်သက်သော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
“ငါ မမှားဘူးဆိုရင် ဒီဟာက ထန်ရှုရဲ့အခန်း မဟုတ်လား။ နင်က ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲ”
အိုးရန်လူလူ၏ အေးစက်စက် မှတ်ချက်စကားသံကြောင့် ခန်းရှသည် စိတ်ဆိုးသွားရပြီး စိတ်မပါစွာ တုံ့ပြန်လိုက်သည်။
“ငါ ဒီမှာ ရှိမနေရဘူးလို့ နင်ထင်တာလား”
“နင် ...”
အိုးရန်လူလူ ဒေါသထွက် သွားရသော်လည်း မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်နေသည်။ ချီတုံချတုံ ဖြစ်နေပြီးနောက် သူမသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မေးလိုက်သည်။
“ထန်ရှု ဘယ်မှာလဲ။ ငါ သူ့ကို မေးစရာ တစ်ခုရှိနေလို့”
“သူ အခု ရေချိုးနေတယ်” ခန်းရှသည် ပြောရင်း ရေချိုးခန်းတံခါးအား ညွှန်ပြလိုက်သည်။
အိုးရန်လူလူ မယုံကြည်နိုင်စွာ စိုက်ကြည့်မိရင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့ရသည်။
“န ... နင် ... နင် လုပ်ခဲ့ ...”
ခန်းရှသည် တည်ငြိမ်အေးဆေးစွာဖြင့်
“နင် ထင်ချင်သလို ထင်နိုင်တယ်။ ဒါပေမဲ့ သူက နင် ထင်သလို လိင်မှုကိစ္စကို ခံစား လှုပ်ရှားတတ်တဲ့သူ တစ်ယောက် မဟုတ်ဘူး။ ရေချိုးခန်းတံခါးကို အတွင်းထဲကနေ လော့ချထားတယ်”
အိုးရန်လူလူ ဒေါသတကြီး အော်ပြောလိုက်သည်။
“နင်က ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။ ထန်ရှုက နင့်သူဌေး၊ နင်က သူ့လက်အောက်ငယ်သား။ နင့်ရဲ့အတွေးတွေက တကယ့်ကို အကျင့်ပျက် မကောင်းနေတာပဲ”
ခန်းရှသည် အံ့အားသင့်သွားသည့် အမူအရာအား တမင်တကာ ပြလိုက်ရင်း
“သူဌေးနဲ့ လက်အောက်ငယ်သားမှာ ဘာမှားစရာရှိလဲ။ သူဌေးတစ်ယောက်နဲ့ သူ့ရဲ့လက်အောက်ငယ်သားက အတူတူ မနေနိုင်ဘူးလို့ နင် တွေးတာလား”
“ဒါ ...” အိုးရန်လူလူ ပြောစရာစကား မဲ့သွားခဲ့ရသည်။
သူမသည် ထန်ရှုအပေါ်တွင် အမြင်ကောင်းတစ်ခု ရှိသည်။ သူမ၏ မိသားစုသဘောထားနှင့် ရည်ရွယ်ချက်အား နားလည်သည့်အလျောက် ထန်ရှုနှင့် တွေ့သည့်အခါတိုင်း နူးညံ့သိမ်မွေ့သော မိန်းကလေး တစ်ယောက်သဖွယ် အမြဲဆက်ဆံလေ့ ရှိသည်။ သို့သော် ခန်းရှ၏ အမူအရာနှင့် သူမ၏စကားများအား မြင်ရကြားရသောအခါ ယောက်ျားဖြစ်သူအား အခြား အမျိုးသမီးတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရသော ဇနီးမယား တစ်ယောက်သဖွယ် အိုးရန်လူလူ ရုတ်တရက် ခံစားမိရသည်။ သူမ၏ ပင်ကိုသဘာဝဖြစ်သည့် မနူးညံ့တတ်သော တောရိုင်းပန်းလေး သဘာဝသည် စိတ်နှလုံးအတွင်းမှ တောက်လောင်လာခဲ့သည်။ စီးထားသော အိမ်တွင်းစီး ညှပ်ဖိနပ်အား ကန်ချွတ်ကာ ထန်ရှု၏အိပ်ရာထက်သို့ ခုန်တက်လိုက်ပြီး အိပ်ရာခင်းပေါ်သို့ တွန့်ထိုးဝင်လိုက်သည်။ ထို့နောက် မျက်နှာကို မော့ကာ ပက်ခနဲ ပြန်ပြောလိုက်သည်။
“နင် သူနဲ့ အတူနေစရာ အကြောင်းကို မရှိဘူး။ ထန်ရှုက ငါ့လူ။ ကျန်တဲ့ သူ့ဘဝတစ်လျှောက်လုံး ငါ့လက်ထဲက သူ ပြေးမလွတ်နိုင်ပါဘူး ဟွန်း ဟွန်း။ သူ့အိပ်ခန်းထဲမှာ ရှိရမည့် တစ်ဦးတည်းသော တစ်ယောက်တည်းသောသူက ငါပဲ ဖြစ်ရမယ်”
အခြားတစ်ဖက်တွင် ခန်းရှသည် ဒေါသထွက်နေပြီဖြစ်သည်။ မူလက ထန်ရှုနှင့်ပတ်သက်သည့် သည်ပြဿနာအတွက် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပါသော်လည်း အိုးရန်လူလူ၏ စိတ်ကို လာဆွနေသော အမူအရာအား ကြည့်ကာ ထိုမရှိသောစိတ်သည် ချက်ချင်းပင် မှိန်ဖျော့သွားခဲ့သည်။ ခန်းရှသည် ကုတ်အင်္ကျီအား ချက်ချင်း ချွတ်လိုက်ပြီး ကြိုးတစ်လုံး အင်္ကျီနှင့် ရှိနေကာ ပြောလိုက်သည်။
‘ဒါဆိုလည်း သူ့ကို ဘယ်သူရနိုင်မလဲဆိုတာ ပြိုင်ကြတာပေါ့။ နင် ငါ့ကို မယုံကြည်မှတော့ ရေချိုးခန်းထဲ အတူသွားပြီး သူနဲ့အတူ ငါ ပျော်ပျော်ကြီး ရေချိုးနေတာကို နင် ကြည့်ချင်လား”
“နင် လုပ်ရဲလား”
အိုးရန်လူလူသည် ချက်ချင်း ပြန်ထိုင်လိုက်ပြီး ခန်းရှအား ဝါးစားတော့မတတ် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ချောက် ...”
ရေချိုးခန်းတံခါး ပွင့်သွားပြီး ထန်ရှု ထွက်လာသည်။ သူ၏အခန်းအတွင်းမှ မိန်းမလှနှစ်ယောက်အား မြင်ရသည့်ခဏ သူ၏မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သွားဟန်များ ပေါ်ပေါက်လာတော့သည်။
ထိုအချိန်ပိုင်းလေး အတွင်း ခန်းရှနှင့် အိုးရန်လူလူ၏ မျက်နှာလှလှလေးများသည် ချယ်ရီသီးများလေး သဖွယ် နီရဲသွားပြီး ရှက်ရွံ့စိတ်များသည် စိမ့်စမ်းရေသဖွယ် သူမတို့၏ နှလုံးသားကြားမှ ပေါက်ဖွားလာကြသည်။
အမှန်တကယ်ကို စိတ်ကသိကအောက် ဖြစ်ရသော ခံစားမှုပင် ဖြစ်သည်။
မိန်းမလှနှစ်ဦးသည် တိတ်တဆိတ် နောင်တရမိကြသည်။ ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်မှုမျိုးအား မလုပ်သင့်ဟု တွေးနေမိလေသည်။
အိုးရန်လူလူသည် အိပ်ရာထက်မှ ဝုန်းကနဲ ထလိုက်ပြီး စိတ်ကသိကအောက် ဖြစ်ခြင်းအား ဖုံးကွယ်ရန်အလို့ငှာ ဣန္ဒြေကြီးစွာ စကားဆိုလိုက်သည်။
“အာ ... နင့် အိပ်ရာက သက်သောင့်သက်သာရှိလားလို့ ငါ စမ်းအိပ်ကြည့်တာ။ မဆိုးပါဘူး။ ဒါပေမဲ့ ဧည့်သည်အခန်းထဲက အိပ်ရာက ပိုပြီးကောင်းတယ်”
ခန်းရှလည်း သူမ၏ကုတ်အကျီအား ကောက်ယူလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“ဒီမှာတအား ပူတာပဲ”
ထန်ရှု ခေါင်းညိတ်ကာ ထောက်ခံသည်။
“ကျွန်တော်လည်း သိတယ်။ ရာသီဥတုက အခု တအား ပူလာပြီ။ အိပ်ရာဘေးက ဗီရိုထဲမှာ အဲကွန်းရီမုရှိတယ် ဖွင့်လို့ရတယ်။ ဒါနဲ့ လူလူ ... ကျွန်တော့်အိပ်ခန်းကို လာတာ တစ်ခုခု လိုအပ်လို့များလား”
အိုးရန်လူလူသည် ခန်းရှအား စိုက်ကြည့်လိုက်သည်။
“ငါ နင်နဲ့ တစ်ခုခု ပြောစရာရှိနေလို့”
“ဘာများလဲ”
“ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်နေလို့ အပြင်လူတစ်ယောက် ရှိနေတော့ ပြောဖို့ အတော် အဆင်မပြေဘူး”
ထန်ရှုသည် သူမ၏မျက်လုံးများအား အံ့အားသင့်စွာ ကြည့်လိုက်မိပြီးနောက် ခန်းရှဘက်သို့ လှည့်လိုက်သည်။
“ကောင်းပြီ။ ခန်းရှ ... ကျွန်တော့်စာဖတ်ခန်းကို သွားပြီး အဲဒီမှာ စောင့်နေပေးပါဦး။ စားပွဲပေါ်မှာ လူပုံစံအရုပ်ရှိပြီးတော့ အဲဒီပေါ်မှာ ရှင်းလင်းတဲ့ အမှတ်အသားအချို့ ရှိလိမ့်မယ်။ အဲဒီဆုံမှတ်တွေကို စွဲနေအောင် မှတ်သားထားပါ။ အင်ဒီ ရောက်လာရင်လည်း သူမကိုပါ အဲဒါကို မှတ်မိအောင်လုပ်ဖို့ ပြောပေးပါဦး”
“ကောင်းပါပြီ”
ခန်းရှသည် အိုးရန်လူလူအား မာနကြီးစွာ တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်အတိုင်း ထွက်ခွာသွားတော့သည်။
အိုးရန်လူလူ နားမလည်နိုင်စွာ တရစပ်မေးမိသည်။
“ထန်ရှု ... သူ့ကို လူရုပ်ပုံမှာ ဘာကြည့်ခိုင်းတာလဲ။ ဘာဖြစ်လို့ အမှတ်အသားတွေ မှတ်ခိုင်းရတာလဲ။ ခန်းအမျိုးသမီးမှာ ထူးဆန်းတဲ့ရောဂါ ဒါမှမဟုတ် တစ်ခုခု ဖြစ်နေလို့လား။ အဲဒါကြောင့် နင့်ရဲ့ကုသမှုကို ခံရဖို့လိုအပ်တာလား။ နောက်ပြီး နင်ပြောတဲ့ အင်ဒီက ဘယ်သူလဲ”
ထန်ရှု မျက်မှောင်ကြုတ် သွားရသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ ညာပြောလိုက်တော့သည်။
“ခန်းရှက နေ့မအား ညမနား အလုပ်လုပ်နေရတယ်။ စီးပွားရေးကို စီမံဖို့ အရမ်းအလုပ်ရှုပ်နေတော့ ကျန်းမာရေးက သိပ်မကောင်းဘူး။ အဲဒါကြောင့် သူမကို ကုသပေးတာ ငါမမှားပါဘူး။ အင်ဒီကလည်း ကုမ္ပဏီရဲ့ ထိပ်ပိုင်းစီမံမှုရေးရာမှာ ပါတော့ သူမလည်းပဲ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်တယ်”
အိုးရန်လူလူ၏မျက်နှာထက်တွင် ရုတ်ခြည်းပင် အပြုံးတစ်ရပ် ပေါ်ထွက်လာသည်။
“သြော် ... အဲဒါကြောင့် ခန်းရှကို နင် ကုသပေးမလို့ အခန်းထဲမှာ စောင့်နေခိုင်းတာပေါ့”
“ဒါပေါ့။ ကျွန်တော် ဘာလုပ်မယ်လို့ မင်း တွေးနေတာလဲ”
အိုးရန်လူလူ လက်ကို ထပ်ကာထပ်ကာ ယမ်းပြလိုက်ပြီးနောက် ပြုံးလိုက်သည်။
“သူမက နင့်ကို ဆွဲဆောင်ချင်နေတယ်လို့ ငါ ထင်နေခဲ့တာ။ ကြည့်ရတာ ငါ အလကားသက်သက် စိုးရိမ်ပူပန် နေခဲ့တာပဲ”
“ဟမ် ... ခန်းရှက အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ သူ ကျွန်တော့်ကို ဆွဲဆောင်မှာကို မင်းက ဘာကြောင့် စိုးရိမ်ပူပန်နေတာလဲ။ ဒါနဲ့ ကျွန်တော့်ကို ဘာအကြောင်း ပြောချင်နေတာလဲ။ မြန်မြန်ပြောပါ”
“ဝက်ခေါင်း ... အရူးကောင် ...”
အိုးရန်လူလူ လွှတ်ခနဲ ပြောလိုက်ပြီးမှ တိတ်တဆိတ် နောင်တရသွားသည်။ သို့သော် သူမအား ကြက်သေ သေသွားစေရသည်မှာ ထန်ရှုသည် သူမ၏စကားနောက်မှ အဓိပ္ပာယ်အား ဖော်ထုတ်နိုင်ခြင်း မရှိသည်ကိုပင်။
မချစ်တတ်သော၊ ခံစားချက်မရှိသော ယောက်ျားများအား တီဗွီဇာတ်လမ်းတွဲများတွင် သူမ မြင်ဖူးပါသည်။ ထန်ရှုကဲ့သို့သော ခပ်ထူထူ ယောက်ျားတစ်ယောက်သည် အမျိုးအစားတစ်ခုပင် ဖြစ်ချေလိမ့်မည်။
“သူ ... သူ ... အဲဒီနေရာမှာ မဖွံ့ဖြိုးသေးလို့များလား”
အိုးရန်လူလူသည် ထန်ရှု၏ ခန္ဓာကိုယ်မှ သေချာသော နေရာတစ်ခုအား မကြည့်မိစေရန် ထိန်းထားသည့်ကြားမှ ကြည့်မိသွားရပြီး သူမ၏နှုတ်မှ အကြိမ်အနည်းငယ်ခန့်ပင် အထက်ပါအတိုင်း တီးတိုးရေရွတ် လိုက်မိသည်။ ထန်ရှုသည် သူမအား ကြည့်နေသည်ကို သတိထားမိ လိုက်သောကြောင့် မကောင်းသော အတွေးများအား အလျင်အမြန် ဖယ်ထုတ်လိုက်ကာ ပြုံးပြလိုက်သည်။
“အာ ... တကယ်တော့ ကိစ္စအကြီးတော့ မဟုတ်ပါဘူး။ နင် ငါနဲ့အတူ ကျင်းမန်ကျွန်း လိုက်ဖို့ အချိန်ရှိရဲ့လားလို့ မေးချင်တာပါ”
“ဘာအတွက်လဲ” ထန်ရှု ဇဝေဇဝါ ဖြစ်သွားသည်။
“ငါ့မိဘတွေက နင့်ကို ငါတို့မိသားစုဆီ လာလည်စေချင်ကြတယ်။ အဲဒါကြောင့် ငါ့ကို ဖိတ်ခိုင်းလိုက်လို့”
ထန်ရှုသည် အားရပါးရ ရယ်မောလိုက်ပြီးနောက် အိုးရန်လူလူအား ပြောလိုက်သည်။
“မင်း နေမကောင်းဘူးလား။ ကျွန်တော်က တရုတ်တိုင်းရင်းဆေး ဆရာဝန်ပါ ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့မိဘတွေက ကျွန်တော့်ကို ဘာကြောင့်ဖိတ်မှာတုန်း။ သူတို့ကိုမှ ကျွန်တော် မသိတာ”
ကြယ်တာရာ မလာခင် အချိန်ကတည်းက အိုးရန်လူလူသည် ထိုအတွက် ကောင်းမွန်သော အကြောင်းပြချက် တစ်ခုအား ကာလာရှည်ကြာစွာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သောကြောင့် ပြုံးလိုက်ရင်း
“အရင်က ကေတီဗွီမှာ ဘာဖြစ်ခဲ့လဲဆိုတာ နင် မေ့သွားပြီလား။ အဲဒီမကောင်းတဲ့ အကောင်တွေရဲ့ လက်ကနေ ငါ့ကိုနင်သာ အချိန်မီလာပြီး မကယ်ရင် ငါ့နာမည် ငါ့သိက္ခာနဲ့ ငါ့ဂုဏ်သတင်းကို ငါ ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါ့မိဘတွေက အဲဒီအတွက် နင့်ကိုကိုယ်တိုင် ကျေးဇူးတင်ချင်နေကြတယ်”
***