စစ်မှန်ရိုးသားသော အတွေးများ
Vol. 04 Ch. 185
ထန်ရှုသည် ခေါင်းယမ်းသာ ပြလိုက်သည်။
“ဒါက အတိတ်မှာ ပြီးသွားခဲ့ပြီပဲ။ ကျေးဇူးတင်တာ ထားလိုက်ပါတော့။ ကျွန်တော့်မှာလည်း အချိန်အများကြီး မရှိဘူး။ ပြီးတော့ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ...”
ထန်ရှု ပြောနေရင်း စကား ရုတ်တရက် ရပ်သွားသည်။
စာရွက်တစ်ရွက်လို ဖြူရော်နေသော ဂူယန်အာ၏မျက်နှာလေးအား သူ၏စိတ်ထဲတွင် ရုတ်တရက် မြင်ယောင်လာခဲ့ပြီး သူ၏နှလုံးသား နာကျင်လာရသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောနေသော အကြောင်းအရာအား သူ ပြောင်းလဲလိုက်သည်။
“သိပ်မဝေးတော့မယ့် ကာလမှာ ကျွန်တော်လည်း ကျင်းမန်ကျွန်းကို လာဖို့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အချိန်တွေကို အားအောင် မနည်းလုပ်ရမှာမို့ အချိန်ရမှ ထပ်ပြောကြတာပေါ့”
ထန်ရှု ငြင်းလိမ့်မည်ဟု အစက ထင်နေခဲ့သော အိုးရန်လူလူသည် ထိုတုံ့ပြန်စကား ကြားသည်နှင့် ပျော်ရွှင်သွားကာ ပြုံးလိုက်ပြီး
“အိုခေ။ အဲဒါဆို မနက်ဖြန်မှ ငါတို့ ကျင်းမန်ကျွန်းကို သွားကြမယ်”
“ဟင့်အင်း ... မနက်ဖြန်တော့ ကျွန်တော် အချိန်မရဘူး။ ရက်နည်းနည်းတော့ စောင့်ရလိမ့်မယ်။ ဒီမှာ လုပ်စရာ ထွေထွေထူးထူး မရှိရင်တော့ အရင်ပြန်နှင့်လိုက်လေ။ ကျွန်တော် အချိန်ရလို့ ကျင်းမန်ကျွန်းကို လာတဲ့အခါကျရင် မင်းကို ဆက်သွယ်လိုက်ပါမယ်”
“အာ ... ငါ ဒီကို လာရတဲ့အကြောင်းက နင့်ကို ခေါ်သွားဖို့လေ။ နင် မနက်ဖြန် မသွားချင်သေးရင် ငါ ကြယ်တာရာမှာနေပြီး နင့်ကိုစောင့်မယ်။ ပြီးတော့ ငါ ကြယ်တာရာမှာ လုပ်စရာမရှိတာမှ မဟုတ်တာ”
“အာ ... မင်း ဒီမှာ လုပ်စရာရှိနေတာလား” ထန်ရှု အံ့သြတကြီး မေးလိုက်သည်။
အိုးရန်လူလူသည် သူမ၏မျက်နှာလေးအား မော့ထားပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“လုံကျန်ယုနဲ့ ငါ စီမံကိန်းတစ်ခုကို စပ်တူလုပ်ထားတာ နင် မေ့နေပြီလား။ အခု လုံကျန်ယုက အဆောက်အဦ ပတ်ပတ်လည်မှာ မြေနေရာတွေ ချဲ့ဖို့ကြိုးစားနေပြီလို့ ငါ ကြားတယ်။ သေချာပေါက် ငါလည်း ဒီကြိုးစားမှုမှာ ပါဝင်ရတော့မှာပေါ့။ ပြီးတော့ သုခဘုံအသင်းကို စီမံခန့်ခွဲဖို့အတွက် ငါ့အောက်က ဝန်ထမ်းတစ်ယောက်ကို တာဝန်ခွဲပေးထားတယ်။ ငါလည်း တရားဥပဒေနဲ့ လျော်ညီတဲ့ ကိုယ်ပိုင်အလုပ်လေး ရှိချင်သေးတယ်လေ။ အဲဒါကြောင့် ဒီစီးပွားရေးမှာ ဖိဖိစီးစီး အာရုံစိုက်ဖို့ ငါ ဆုံးဖြတ်ထားတယ်”
ထန်ရှု ပြုံးလိုက်ရင်း
“မင်းက တကယ်ကို ငယ်ရွယ်ပြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ မင်း စိတ်ပူဖို့ မလိုပါဘူး။ လုံကျန်ယုနဲ့ ပူးပေါင်းဆောင်ရွက်တာက အရှုံးမရှိဘဲ အမြတ်အစွန်းပဲ ရလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲတယ်”
“နင်က ယုံကြည်ချက် ရှိလှချည်လား” အိုးရန်လူလူ ပြုံးမိသွားရသည်။
“အဲဒီအဆောက်အဦနဲ့ ဘေးပတ်လည် ဧရိယာတွေကို ကျွန်တော်က ဒီဇိုင်းဆွဲပေးထားတဲ့သူ တစ်ယောက်ဆိုတာ မမေ့လိုက်နဲ့ဦးလေ။ အဲဒီအဆောက်အဦတွေကသာ ကြယ်တာရာရဲ့ အထင်ကရတွေ မဖြစ်နိုင်ရင် ဒီစီမံကိန်းကနေ ၁ဝ% ရှယ်ယာကို ဘယ်မျက်နှာနဲ့ ကျွန်တော် လက်ခံရမှာလဲ”
ထို့နောက် ...
ထန်ရှုသည် အိုးရန်လူလူအား ဧည့်သည်အခန်းသို့ လိုက်ပို့လိုက်ပြီး သူသည် ပထမထပ်ရှိ ဧည့်ခန်းသို့ ဦးတည်သွားခဲ့သည်။ မုချင်းဖျင်မှတစ်ဆင့် အင်ဒီသည် ခန်းရှနှင့်အတူ စာဖတ်ခန်းသို့ ရောက်နှင့်နေပြီကို သိလိုက်ရသည်။ သူမတို့အား သွားတွေ့ရန် ထန်ရှုသည် အလျင်မလိုသေးပဲ ဂိုဒေါင်ဘက်ဆီသို့ သွားခဲ့သည်။ ချူယီသည် သူ့အတွက် အဖိုးတန်ဆေးပင်များ ရှာလာပေးထားရာ ထိုဆေးပင်များ၏ အရည်အသွေးအဆင့်အား ကြည့်ရှုရန် လိုပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် ဂိုဒေါင်ထဲတွင် ကျေနပ်စွာ ပြုံးရင်း ရပ်နေသည်။ ချူယီ သူ့အား ကူညီရှာပေးထားသော ဆေးပင်များသည် အမှန်တကယ် ကောင်းမွန်လှပြီး သက်တမ်းမှာလည်း ကျေနပ်ဖွယ်ရာ ဖြစ်သည်။ သည်ဆေးပင် အသုတ်သည် အရေပြားသန်မာခြင်း အဆင့်အား ကျင့်ကြံရန်အတွက် သာမက အသားသန်မာခြင်း အဆင့်အတွက်ပင် လုံလောက်ပေသည်။
“ငါ အရေပြားသန်မာခြင်း အဆင့်ကို အထွတ်အထိပ်အထိ ရောက်အောင် အမြန်ကျင့်ကြံရမယ်။ စက်တင်ဘာ၁ရက် မတိုင်ခင် ကောလိပ်တက်ဖို့ စာရင်းသွင်းရတော့မှာ ဆိုတော့ ဒီအဆင့်ကနေ အသားသန်မာခြင်း အဆင့်အထိ ချိုးဖောက်ထားမှ ဖြစ်မယ်”
ထိုဆေးပင်များအား ကြည့်ပြီးနောက် စိတ်ပိုင်းဖြတ်ထားဟန်သည် သူ၏မျက်ဝန်းများတွင် ပေါ်ပေါက်လာခဲ့သည်။
သူ၏အတွေးထဲတွင် သည်ဆေးပင်များမှ များစွာသော ဆေးလုံးများအား သူ သန့်စင်ဖော်စပ်နိုင်သေးသည်။ ထိုဆေးလုံးများသည် သူ၏ကျင့်ကြံခြင်းအား များစွာ ထိရောက်မှုရှိမည် မဟုတ်သော်လည်း သူ၏အခြေခံအုတ်မြစ်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့အား အလွန် သန်မာခိုင်ခံ့မှုကို ပေးနိုင်ပေသည်။ ထို့ကြောင့် သူသည် အရေပြားသန်မာခြင်း အဆင့်မှသည် အစောပိုင်း အသားသန်မာခြင်း အဆင့်ထိ ချိုးဖောက်ထားလိုခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူသည် စိတ်ဝိညာဉ်ချီ ကြွယ်ဝသော နေရာတစ်ခုအား ရှာရန် လိုအပ်သည်။ သို့မှသာ ကြယ်များမှတစ်ဆင့် စွမ်းအားအား အလွယ်တကူ စုပ်ယူနိုင်မည်ဖြစ်သည်။
စိတ်ဝိညာဉ်ချီသည် ကြယ်စွမ်းအားအတွက် ကြားခံနယ်ဖြစ်ရုံ သာမက ပေါင်းစပ်ပေးသည်။ သူ၏စိတ်ဝိညာဉ်ချီ များပြားလေ ကြယ်စွမ်းအားကို စုပ်ယူရာတွင် ပိုမို ချောမွေ့လွယ်ကူလေ ဖြစ်သည်။ စိတ်ဝိညာဉ်ချီသည် သူ့အတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုကိုလည်း သယ်ဆောင်ပေးသည်။ အတွင်းပိုင်းအင်္ဂါများအား အားဖြည့်ပေးပြီး သူ၏ကြယ်စွမ်းအားနှင့် ပေါင်းစပ်ကာ ကျင့်ကြံမှုကို မြန်ဆန်စေသည်။ ဆေးလုံးများသည် ကျင့်ကြံမှုတွင် များစွာ သက်ရောက်မှု မရှိစေကာမူ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးရှိသည်။ သူ၏ ခန္ဓာကိုယ်သန်မာလေ ကြယ်စွမ်းအားအား ပိုမိုစုပ်ယူနိုင်လေ ဖြစ်သည်။
ထန်ရှုသည် ဂိုဒေါင်ထဲမှ ထွက်လာပြီး ဒုတိယထပ်သို့ ပြန်တက်သွားကာ စာဖတ်ခန်းသို့ သွားလိုက်သည်။ ခန်းရှနှင့် အင်ဒီသည် လူရုပ်ပုံမှ အမှတ်အသားများအား အသည်းအသန် ကြိုးစားလေ့လာကာ မှတ်သားနေကြသည်ကို တွေ့လိုက်ရသည်။
“ဘယ်လိုလဲ။ အဲဒါကို ကြည့်ပြီးသွားပြီလား”
ခန်းရှသည် လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။
“သူဌေး ... လူ့ခန္ဓာကိုယ်မှာ ဆုံမှတ်တွေက အများကြီးပဲ။ ငါတို့ကို နင် ရက်နည်းနည်း ပိုပေးရင်တောင်မှ အဲဒါတွေအားလုံးပြီးအောင် မှတ်နိုင်မယ်မထင်ဘူး။ ပြီးတော့ ငါတို့ အခုမှ ဒါကို စမြင်ဖူးတာလေ”
“လာ ... ကျွန်တော် ခင်ဗျားတို့ကို ပြပေးမယ်။ မရီဒျာန်လမ်းကြောင်းတွေ ဖြတ်တဲ့ ဆုံမှတ်တွေ သိဖို့ပဲလိုတာ။ အားလုံးမှာမှ ၁ဝ၈ လမ်းကြောင်း ရှိတယ်။ အားလုံးထဲက အဲဒီ ၁ဝ၈ဆုံမှတ်ကို ကြီးမြတ်သော ကောင်းကင်ဘုံပတ်လမ်းလို့ ခေါ်တယ်။ ကျန်တဲ့ ဟာတွေကတော့ သေးငယ်တဲ့ ကောင်းကင်ဘုံပတ်လမ်း ဖြစ်တယ်။ နောင် ကျွန်တော် အချိန်ရရင် ခင်ဗျားတို့ကို အဲဒီဟာတွေပါ အသေးစိတ် ရှင်းပြပေးမယ်”
၂နာရီကြာပြီးနောက် ...
ထန်ရှုသည် အမျိုးသမီး၂ယောက်အား ဆုံမှတ်နှင့် ကျင့်ကြံမှုနည်းစဉ်တွေအား ကောင်းစွာ ရှင်းပြခဲ့သည်။ သူတို့နှစ်ဦးလုံးသည် လူ့ခန္ဓာကိုယ်မော်ဒယ်သဖွယ် ဖြစ်လာပြီး ထန်ရှု၏ရှည်သွယ်သော လက်ညှိုးသည် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှ ဆုံမှတ်များအား အကြိမ်များစွာ ထိကာ ရှင်းပြနေသောကြောင့် ဖြစ်သည်။ အချို့အမှတ်များသည် သူတို့၏အထိအခိုက် မခံသော နေရာအချို့တွင် ရှိနေသော်လည်း ထန်ရှု၏ရင်ထဲတွင် စိုးစဉ်းမျှ လှိုင်းထခြင်း မရှိဘဲ နားလည်အောင်သာ ရှင်းပြပြောဆိုနေချေသည်။ သို့သော် ခန်းရှနှင့် အင်ဒီမှာမူ သင်ကြားနေစဉ်အတွင်း ထိုများပြားလှသော တို့ထိရှင်းပြမှုကြောင့် ရှက်သွေးလေးများပင် စို့ကာ တုန်ရီလျက်ရှိသည်။
“အာ ... ခင်ဗျားတို့ နှစ်ယောက်စလုံး ပေါက်ကရအတွေးတွေကို မောင်းထုတ်ပြီး မရီဒျာန်လမ်းကြောင်း အတိုင်း ကျွန်တော် သင်ပေးတဲ့ ကျင့်ကြံမှုကို လိုက်လုပ်ကြည့်။ ဖြည်းဖြည်းလေး ငြိမ်ငြိမ်လေး အဲဒါကို ရင်ထဲမှာ လှည့်လည်သွားလာစေပြီး ပေါလောမျောစေကြည့်။ စိတ်ကို ငြိမ်ငြိမ်လေးထား။ ခင်ဗျားတို့ သည်ချီကို အစောကတည်းက ထုတ်ထားပြီး အခု သူ့စီးဆင်းမှုအတိုင်း စီးမျောလိုက်ပါနေတယ်လို့ မြင်ယောင်ကြည့်။ သည် ချီလမ်းကြောင်းကို ထိန်းချုပ်နိုင် ခံစားနိုင်ပြီဆိုရင် ကျင့်ကြံမှုကျင့်စဉ်ထဲက လမ်းကြောင်းအတိုင်း နေရာတိုင်းကို ဖြည်းဖြည်းချင်း စီးဆင်းလည်ပတ်ပါစေ”
ပေါက်ကရ အတွေးတွေတဲ့လား။
ခန်းရှနှင့် အင်ဒီ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ သည်မှတ်ချက်စကားသည် သူတို့အား ရယ်ရမလို ငိုရမလို ဖြစ်စေပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားရစေတော့သည်။ ချက်ချင်းပင် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်သည် မီးသဖွယ် ပူလောင်လာပြီး သတိလစ်မတတ် ခံစားလိုက်ရသည်။ ထိုသူသည် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်လည်း ဖြစ်သည်။
သူတို့အနေနှင့် စိတ်ကသိကအောက် မဖြစ်ဘဲ နေနိုင်ပါရိုးလား။ ထိုအထိမခံသော အမှတ်များကို တို့ထိနေမှတော့ တောင်တွေးမြောက်တွေး မတွေးမိသူ ဘယ်သူရှိမလဲလို့ ... ဟွန့် ... ။
သို့သော်လည်း ထန်ရှုတွင် သူတို့အပေါ် ထိုကဲ့သို့ ပေါက်ကရအတွေးများ မရှိကြောင်းကိုလည်း ထိုမိန်းမပျိုနှစ်ဦးသည် အပြည့်အဝ နားလည်သဘောပေါက်ထားသည်။ သို့မဟုတ်ပါက သူတို့သည် အစောကြီးကတည်းက ဒေါသခြောင်းခြောင်း ထွက်မိပေလိမ့်မည်။
ကျင့်ကြံမှုကျင့်စဉ်မှ ညွှန်ကြားချက်အတိုင်း အမျိုးသမီးနှစ်ဦးသည် ဖြည်းညင်းစွာ မြင်ယောင်ကြည့်လိုက်သည်။ ၁ဝမိနစ်ကြာပြီးနောက် သူတို့နှစ်ယောက်၏ မျက်လုံးများသည် တစ်ပြိုင်နက် ဖွင့်လာကြပြီး ထန်ရှုအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီမရီဒျာန် လမ်းကြောင်းတွေကို စိတ်ထဲမှတ်ထားနော်။ နောက်ဆိုရင် တစ်နေ့ကို အနည်းဆုံး ၁ဝကြိမ် အဲဒါကို လေ့ကျင့်ရမယ်။ ခင်ဗျားတို့၂ယောက် ချီကို မခံစားနိုင်သေးလို့ အဲဒါကို ဘယ်လိုလက်ခံပြီး ဘယ်လိုသိရှိအောင် လုပ်ရမယ်ဆိုတာကို အရင်ဦးဆုံး သင်ပေးမယ်။ အဲဒီဆိုရင် နောက်ပိုင်း ထိန်းချုပ်သွားနိုင်လိမ့်မယ်။ ခင်ဗျားတို့ အရည်အချင်းအရဆိုရင် ချီတည်ရှိတာကို သိရှိလက်ခံဖို့ အနည်းဆုံး ၂လ ၃လလောက်တော့ အချိန်ယူရလိမ့်မယ်”
“၂လ၊ ၃လ ဟုတ်လား” အမျိုးသမီးနှစ်ဦး၏အသံများ သံပြိုင်ထွက်သွားသည်။
“ဘာလဲ။ နည်းနေတယ်ထင်လို့လား။ ကောင်းပြီ။ ကျွန်တော် ပြောပြမယ်။ ခင်ဗျားတို့ အဲဒါကို သည်းခံပြီး ဆက်မလုပ်နိုင်ရင် အနာဂတ်မှာ သာမန်လူသား တစ်ယောက်ပဲ ဖြစ်သွားမယ်။ တာအိုကို နားလည်သိရှိပြီး အနည်းဆုံးတော့ အင်မော်တယ် တစ်ယောက်တော့ ဖြစ်ရမယ်လို့ တွေးထားရမှသာ ခင်ဗျားတို့ အဆုံးသတ်ကို ရောက်နိုင်မယ်”
ခန်းရှနှင့် အင်ဒီသည် တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီးနောက် သူတို့၏သေချာမှုအား သံပြိုင်ပေးလိုက်ကြသည်။
“ငါတို့ အဲဒီအထိကို ရောက်စေရမယ်လို့ နင် သေချာ သိထားလိုက်နိုင်တယ်”
“ဒီဟာက ခင်ဗျားတို့ရဲ့ လမ်းကြောင်းလည်း ဖြစ်တယ်။ ခင်ဗျားတို့ကို ညွှန်ကြားထားသလို ကျင့်ကြံမှုကျင့်ကိုလည်း သင်ပေးပြီးပြီ။ အဲဒါကြောင့် နောက်ဆို နှစ်ယောက်စလုံး ကျွန်တော့်ရဲ့ ညာလက်ရုံးတွေ အမှန်တကယ် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ ခင်ဗျားတို့ရဲ့ အားထုတ်မှုနဲ့ ကံကောင်းမှုအပေါ်မှာလည်း မူတည်တယ်။ အာ ... အတော်တောင် နောက်ကျနေပြီပဲ။ ခင်ဗျားတို့နှစ်ယောက် အခု ပြန်သင့်ပြီ”
ထိုသို့ ပြောလိုက်ခြင်းအား စိတ်အလိုမကျသော အပြုံးသည် ခန်းရှ၏မျက်နှာထက်တွင် ပေါ်လာခဲ့ပြီး
“အာ ... သူဌေးကလည်း ညဉ့်နက်နေပြီဟာ ငါတို့ကို ဒီမှာ မနေခိုင်းချင်ဘူးလား”
ထန်ရှုသည် ခေါင်းယမ်းလိုက်သည်။
“ခင်ဗျားမှာလည်း ကိုယ်ပိုင်အိမ်ရှိတာကို ဘာလို့ ဒီမှာနေချင်ရတာလဲ။ နောက်ပြီး ကျွန်တော်တို့အားလုံး မနက်ဖြန် လုပ်စရာရှိနေတယ်လေ”
ခန်းရှသည် မကျေမနပ် တုံ့ပြန်ပြောဆိုလိုက်သည်။
“သူဌေး ... ငါတို့တွေရဲ့ အလှအပက နင့်ကို တကယ်ကြီး စိတ်ဝင်စားလာအောင် မလုပ်နိုင်တာလား။ ဒီလိုအလှလေး၂ယောက်က နင့်ကို စိတ်လှုပ်ရှားလာအောင် မလုပ်နိုင်တာလား”
ထန်ရှုသည် ဇဝေဇဝါဟန် ဖြစ်သွားသည်။
“ကျွန်တော်က ဘာဖြစ်လို့ စိတ်လှုပ်ရှားရမှာလဲ။ ခင်ဗျားတို့၂ယောက်စလုံး အရမ်းဆွဲဆောင်နိုင်တယ် ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်က လက်အောက်ငယ်သားပဲ လိုတာ ကျွန်တော့်အိပ်ရာကို နွေးအောင်လုပ်ပေးမယ့် အမျိုးသမီးကို မလိုအပ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီအတွေးတွေမရှိရင် ပိုကောင်းလိမ့်မယ်။ အဲဒီအတွေးတွေ တွေးနေမယ့်အစား ထိန်းချုပ်ပြီး ကျွန်တော့်ကို ပိုက်ဆံ ဘယ်လိုကူညီပြီး ရှာပေးနိုင်မလဲ”
“သူဌေး ... နင်က ငါတို့ကို ပိုက်ဆံရှာပေးဖို့ ကိရိယာတွေ သက်သက်ပဲလို့ ပြောနေတာလား” ခန်းရှ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
အင်ဒီမှလည်း ခါးခါးသီးသီး ဝင်ပြောလိုက်သည်။
“သူဌေး ... ယောက်ျားတွေက ကျွန်မတို့ကို တွေ့ရင် သူတို့အိပ်ရာထဲ ဆွဲခေါ်ဖို့ တွေဝေမနေဘူး။ ဒါပေမဲ့ ရှင် ... ရှင်က ကျောက်တုံး တစ်လုံးလို ဘယ်လိုဖြစ်နေတာလဲ။ ဟုတ်မှာ ... ရှင်က ကျောက်တုံးတစ်တုံး နေမှာပါ”
ထန်ရှု တည်ငြိမ်အေးဆေးစွာ ရှင်းပြလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့ကို ဘယ်တုန်းကမှ ငွေရှာတဲ့စက်လို သဘောမထားခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လူတွေ ငယ်သားတွေအဖြစ်တော့ စိတ်နှလုံးသွင်းထားတယ်။ ကျွန်တော် အမျိုးသမီးတစ်ယောက် လိုအပ်မှာပါ ဒါပေမဲ့ ခုတော့ မဟုတ်သေးဘူး။ လက်ထပ်ဖို့ ကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အနာဂတ်မှာ ကျွန်တော်ကိုယ်တိုင် ရှာကောင်းရှာနိုင်ပါတယ်။ အဲဒါကလည်း အမေ့ဆန္ဒဖြည့်ဖို့နဲ့ မျိုးရိုးမတိမ်ကောဖို့ အတွက် သက်သက်ပဲ။ ဒါပေမဲ့ အချစ်တွေ ခံစားမှုတွေ ကျွန်တော့်ကို လာမပြောနဲ့ အဲဒါတွေက ကျွန်တော့်အတွက် မလိုအပ်တဲ့အရာတွေပဲ”
ထန်ရှု၏မှားယွင်းသော အကြောင်းပြချက်အား နားထောင်ပြီး ခန်းရှသည် မယုံကြည်နိုင်မှုဖြင့် ပြန်လည်ချေပလိုက်သည်။
“နင်က အချစ်တွေ ခံစားမှုတွေအကြောင်းကို မပြောချင်ဘူး။ ဒါပေမဲ့ အဲဒါဆို ဘာအတွက် လက်ထပ်မှာလဲ။ မိသားစုမျိုးရိုး တာဝန်ကို သားစဉ်မြေးဆက် ထမ်းဆောင်ချင်ရင်တောင်မှ အဲဒီလိုမျိုးတော့ မဖြစ်ရဘူးမဟုတ်လား။ သင့်တော်တဲ့ ဖြောင့်မတ်တဲ့ မှန်ကန်တဲ့ အရာမျိုးတော့ ဖြစ်သင့်တာပေါ့။ နင်က ဘယ်လိုတောင် ...”
ထန်ရှု စိတ်မပါလက်မပါ ပြောလိုက်သည်။
“အနာဂတ်မှာ သစ္စာရှိတယ် သိက္ခာရှိတယ်ဆိုတဲ့ အချစ်ကလည်း အချိန်နဲ့အမျှ လွင့်ပါးပျောက်ကွယ် သွားတာပါပဲ။ တစ်ယောက်နှင့်တစ်ယောက် အရင်းနှီးဆုံး စိတ်တူကိုယ်မျှ အဖော်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်ကြသေးတာ။ ကျွန်တော် မိန်းမတစ်ယောက် လိုတယ်။ ဒါပေမဲ့ အချစ်တော့ မလိုဘူး။ မတော်တဆဖြစ်ပြီး မသေဘူးဆိုရင် ကျွန်တော့်ရဲ့သက်တမ်းက အလွန် ရှည်လျားလိမ့်မယ်။ အဲဒီလိုရှည်လျားတဲ့ သက်တမ်းတစ်လျှောက် ကျွန်တော့်ဘေးမှာ မိန်းမတစ်ယောက် ရှိနေခြင်းက ဘာမှ အဓိပ္ပာယ်မရှိဘဲနဲ့ ကျွန်တော့်ကို ဒုက္ခပဲ ဖြစ်စေလိမ့်မယ်”
ခန်းရှနှင့် အင်ဒီသည် မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိကြသည်။ သူမတို့နှစ်ဦးလုံးသည် သူမတူအောင် ဉာဏ်ကောင်း ထက်မြက်ကြသူများ ဖြစ်သည်။ နှစ်ဦးစလုံးသည် အချစ်ဆိုသည့်အရာနှင့် နဖူးတွေ့ ဒူးတွေ့မကြုံဆုံကြဖူး သေးသော်လည်း ထိုအရာအား သူမလေးတို့ တစ်ခါမှ မကြားဖူးသောအရာ သို့မဟုတ် နားမလည်နိုင်သော အရာဟု အဓိပ္ပာယ် မသက်ရောက်ပေ။ ထန်ရှု ပြောသွားသောစကားထဲမှ တစ်စုံတစ်ရာအား သိသာစွာပင် သူမတို့ သတိထားမိလိုက်ကြသည်။ မိန်းကလေး တစ်ယောက်ကြောင့် ထန်ရှုသည် နာကျင်ခံစားခဲ့ရဖူးဟန် ရသည်။ ထိုမိန်းကလေး ပေးခဲ့သော ဒဏ်ရာသည် သူ၏နှလုံးသားထဲတွင် အလွန်တရာမှ နက်နက်ရှိုင်းရှိုင်း ပြင်းပြနာကျင် ခံစားနေရသည့် ဒဏ်ရာဖြစ်ဟန် ရှိပေသည်။
သူမ ဘယ်သူဖြစ်လေမလဲ ...
ထန်ရှု၏အသက်အရွယ်အရ ဆိုပါက သူမသည် ...
ရုတ်တရက် အင်ဒီသည် တစ်ချက်ပြုံးပြလိုက်ရင်း ထန်ရှုအား မော့ကြည့်လိုက်သည်။
“သူဌေး ... ကျွန်မ ကြည့်ကောင်းတယ်လို့ ရှင် ထင်လား”
ထန်ရှု ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ ခန်းရှသည်ပင် ထူးဆန်းသော အမူအရာနှင့် ရှိနေသည်။
“မင်း ကြည့်ကောင်းပါတယ်” ထန်ရှု ခေါင်းညိတ်လိုက်သည်။
အင်ဒီသည် ရယ်ကျဲကျဲနှင့် စကားဆိုလိုက်သည်။
“သူဌေး ... ရှင် ကျွန်မကို ကြည့်ကောင်းတယ် ဆိုမှတော့ အနာဂတ်မှာ ရှင့်အတွက် ကလေးတစ်ယောက် မွေးပေးဖို့ မိန်းမတစ်ယောက်ရှာဖို့ စိတ်ကူးရှိရင် ကျွန်မကို ရှာပါ အိုခေနော်။ ကျွန်မက အစ်မကြီးခန်းရှထက် အရပ်ပိုပုပေမဲ့ အရမ်းချစ်စရာ ကောင်းတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ ကလေးလေးကလည်း အရမ်း ချစ်စရာ ကောင်းလိမ့်မယ်”
ထန်ရှု လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကျွန်တော် ဘွဲ့မရသေးခင်တော့ အဲဒီအကြောင်းတွေ မပြောချင်သေးဘူး။ ဒါနဲ့ ခင်ဗျားတို့ မြန်မြန်ပြန်တာ ကောင်းလိမ့်မယ်။ ကျွန်တော်လည်း နားချင်နေပြီ”
သိပ်မကြာမီ ...
ထန်ရှု ပြန်ခိုင်းနေပြီ ဖြစ်သောကြောင့် ခန်းရှနှင့် အင်ဒီသည် တောင်တံခါးအိမ်ရာမှ ထွက်ခွာ သွားကြတော့သည်။ သူသည် ထိုအမျိုးသမီးနှစ်ဦးအား ဟာသပြောခဲ့ခြင်း မဟုတ်ဘဲ သူ၏စိတ်ထဲမှ လာသော ခံစားမှုအမှန်အား ပြောခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မိန်းကလေးတစ်ယောက်အား သံယောဇဉ် မငြိတွယ်ရဲတော့သလို ထိုပတ်သက်သည့် မိန်းကလေးမှ သစ္စာဖောက်သဖြင့် နာကျင်ရသည့် ခံစားမှုမျိုးကိုလည်း နောက်ထပ်တစ်ဖန် မခံစားတော့လိုပါပြီ။
ပထမထပ် ကော်ရစ်ဒါတွင် ...
အိုးရန်လူလူသည် ပြတင်းပေါက်ရှေ့တွင်ရပ်ကာ ခန်းရှနှင့် အင်ဒီတို့နှစ်ယောက် အိမ်ရှေ့ကွက်လပ်ဆီသို့ လမ်းလျှောက်သွားသည်ကို ခန်းဆီးစနောက်မှ ကြည့်နေသည်။ သူတို့နှစ်ယောက် ရပ်ထားသော လန်ဘော်ဂနီ ကားလေးပေါ်သို့တက်ကာ ထွက်ခွာသွားသည်ကိုမှ မြင်ရတော့မှ စိတ်တုံးတုံးချနိုင်သည်။
အင်ဒီ၏နူးညံ့ကာ ချစ်စရာကောင်းသော အသွင်အပြင်အား မြင်လိုက်ရစဉ် အိုးရန်လူလူ တုန်လှုပ်သွားရသည်။ သို့သော် ထန်ရှု၏ထိန်းချုပ်နိုင်စွမ်းကို မြင်ရသောအခါတွင်လည်း ရုတ်တရက် ထိတ်လန့်သွားရသေးသည်။ ထန်ရှုသည် တည်ကြည်စွာ နေနိုင်ကာ ခန်းရှနှင့် အင်ဒီတို့ကဲ့သို့ အလှလေးများ၏ ဆွဲညှို့နိုင်မှုတွင် အလျှော့မပေးဘဲ နေလိမ့်မည်ဟု သူမ မည်သည့်အခါမျှ တွေးမထင်ခဲ့ပါချေ။ သူတို့အား ထွက်သွားရန်တောင်မှ ထန်ရှုသည် တောင်းဆိုလိုက်ချေသေးသည်။
သို့သော်လည်း သူမ၏ရင်တွင်းထဲတွင် အလွန်စိတ်ကျေနပ်ကာ ဝမ်းသာပျော်ရွှင်လျက် ရှိသည်။
“သေလိုက်ပါတော့ ... ငါ့အတွေးတွေက ဘယ်လိုဖြစ်ပြီး ဘောင်ကျော်ကုန်နေတာတုန်း။ ထန်ရှုက အရမ်း ကောင်းပေမဲ့ ငါ့ထက် နှစ်တော်တော် ငယ်တယ်။ အနာဂတ်မှာ ငါသာ သူ့ကို လက်ထပ်လိုက်မယ်ဆိုရင်တောင်မှ နောက်နှစ် အနည်းငယ်ကြာမှ ဖြစ်လိမ့်မယ်။ အာ ... ရှစ်တ် ... ငါနဲ့ ဘာတွေ ဆက်ဖြစ်မှာတုန်းဟ။ ငါကရော သူ့ကို ဘာလို့ လက်ထပ်ချင်ရမှာလဲ ...”
***