အမှန်တရားအတိုင်း ပြောပြခြင်း
Vol. 04 Ch. 186
အရုဏ်ဦးရောင်ခြည်သည် အရှေ့ဝင်ရိုးစွန်းမှ တဖြည်းဖြည်း မြင့်တက်တောက်ပ လာခဲ့သည်။
ထန်ရှုသည် ဒီနေ့တွင် ကားမောင်းသင်တန်းသွားရန် ရည်ရွယ်ထားသည့်အပြင် မိခင်ဆီသွားကာ အကြောင်းစုံကို ပြောပြရန် စိတ်ကူးထားသည့် အတွက် စောစော အိပ်ရာထခဲ့သည်။
သူ၏ပြောင်မြောက်သည့် စွမ်းဆောင်ရည်ကြောင့် မိခင်အား နားဝင်အောင် အနည်းငယ် ပြောပြရရုံမှတစ်ပါး မိခင်သည် လက်ခံလာလိမ့်မည်ဟု သူ ယုံကြည်သည်။ အချိန်များ ကြာလာသည်နှင့်အမျှ ထိုကဲ့သို့ ထက်မြက်ထူးချွန် ကောင်းမွန်သော သားတစ်ယောက် ပိုင်ဆိုင်ထားရခြင်း အပေါ် သူမ ဂုဏ်ယူလာလိမ့်မည်ဖြစ်သည်။
ထန်ရှုသည် မနက်စာ စားပြီးနောက် အိမ်မှ ထွက်လာကာ အိမ်ရာဝင်း၏ ဝင်ပေါက်ဝသို့ လမ်းလျှောက်လာခဲ့သည်။ လုံခြုံရေးဝန်ထမ်း၂ဦးအား ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် ပလက်ဖောင်းဘေး အနီးနားတွင် ရပ်ကာ တက္ကစီ ငှားရန်စောင့်နေသည်။
"ပွမ် ... ပွမ် ...”
ကားဟွန်းသံ ကြားရသဖြင့် ထန်ရှု ကြည့်လိုက်ရာ ပေါ်ရှေးကားပေါ်မှ ကားမောင်းသူနေရာတွင် ထိုင်နေသော လုံရွှဲ့ယောင်အား တွေ့လိုက်သဖြင် ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ခင်ဗျားလည်း အပြင်သွားမလို့လား”
"လုပ်စရာတစ်ခု ရှိနေလို့ ထွက်လာလိုက်တာ။ ဒါနဲ့ နင် ဘယ်သွားမလို့လဲ။ ကားကြုံလိုက်ချင်လား”
လုံရွှဲ့ယောင် ပြုံးကာ မေးလိုက်သည်။
ထန်ရှု ခေါင်းခါပြပြီး
"မလိုက်တော့ဘူးဗျ။ ခင်ဗျားလည်း လုပ်စရာရှိနေတာကို။ ကျွန်တော်က နွေရာသီ အားလပ်ရက်ကို အသုံးချဖို့ ကားမောင်းသင်တန်းတစ်ခု ရှာပြီး ကားမောင်းလိုင်စင်ရအောင် လိုင်စင်စာမေးပွဲ ဖြေမလို့ပါ”
"ဟုတ်ပါပြီ။ ငါ့ကိစ္စကလည်း အရေးတကြီး ဆောင်ရွက်ရမယ့်ဟာ မဟုတ်ပါဘူး။ ပြီးတော့ ဒီနရောက အငှားကား အလာနည်းတယ်။ နင် ကားငှားချင်ရင် ကုန်သွယ်လမ်းဘက်ကို တစ်ကီလိုမီတာလောက် လျှောက်ရလိမ့်မယ်။ လာ ကားပေါ်တက်။ ငါ သွားမယ့်လမ်းမှာ ကားမောင်းသင်တန်းကျောင်းကြီး တစ်ခုရှိတယ်။ သူလည်း ကောင်းတဲ့အထဲမှာပါတယ်”
လုံရွှဲ့ယောင် ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျားက ဘယ်သွားမှာလဲ” ထန်ရှု မေးလိုက်သည်။
“အခွန်ဌာနကို”
ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း ကားတံခါးကို ဖွင့်ကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ စံပယ်ပန်းရနံ့ ခပ်သင်းသင်းသည် ကားထဲတွင် မွှေးပျံ့နေပြီး အတွင်းအပြင်အဆင်သည် ချစ်စရာကောင်းလှသည်။ ထိုင်လိုက်သည်နှင့် ထန်ရှု စကားဆက်ပြောလိုက်သည်။
“ခင်ဗျားမျိုးရိုးနာမည် လုံမှန်း ကျွန်တော် သိပေမဲ့ လုံကျန်ယုနဲ့ မောင်နှမဝမ်းကွဲ တော်မှန်း တကယ် မတွေးမိဘူး။ လွန်ခဲ့တဲ့၂ရက် ကျွန်တော်တို့ သောက်ကြတုန်းကမှ သူ့ဆီက ကြားတာ”
လုံရွှဲ့ယောင် ကားစက်နှိုးကာ ကားကို လက်တစ်ဖက်တည်းဖြင့် မောင်းနေရင်း အပြုံးဖြင့် ပြန်ပြောသည်။
“ငါက နင်အရင်ကတည်းက သိတယ်ထင်နေတာ။ စကားမစပ် ... နင် ကားမောင်းလိုင်စင်တစ်ခု လိုတယ်ဆိုရင် အဲဒီလိုင်စင်ကို နင် တန်းရအောင် ကူညီဖို့ နည်းတစ်ခု ငါ့မှာ ရှိတယ်။ အဲဒါဆို နင် သင်တန်းကျောင်းကို နေ့တိုင်း လာဖို့ မလိုတော့ဘူး”
“အာ ... အဲဒါက တံခါးအနောက်ဘက်က ဝင်တဲ့နည်းလား” ထန်ရှု အံ့အားသင့်သွားသည်။
ချက်ချင်း လုံရွှဲ့ယောင် ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ပေ။
‘ဟာ ... ဟ ... ဘာတံခါးအနောက်ဘက်လဲ။ အဲဒါက နင် ကားမောင်းသင်တန်းကျောင်းကို နေ့တိုင်းသွားဖို့ မလိုဘဲ လိုင်စင်စာမေးပွဲကို တန်းဖြေနိုင်တယ်။ နင် မအောင်နိုင်ဘူးထင်ရင် နင့်ကိုယ်စား တခြားတစ်ယောက်ကို ဖြေခိုင်းလို့ရတယ်။ မက်လုံးအချို့ ရှိနေလို့ကတော့ တရားဝင် စာမေးပွဲစစ်သူက မျက်စိမှိတ်ထား ပေးလိမ့်မယ်”
“ဆိုးတာပဲ။ ငွေရှိရင် ဘာမဆိုဖြစ်နေတဲ့ လူ့လောကကြီးပါလား”
ထန်ရှုသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို ယမ်းလိုက်မိသည်။
“အဲဒီလိုဆိုမှဖြင့် တစ်ယောက်ယောက်ကို ရှာပေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ (မသိရင်တော့ ရိုးရိုးသားသား လုပ်မယ့်ဟန်နဲ့ :-P)။ အဲဒီအတွက် ကျွန်တော်က အကြွေးတစ်ခု တင်နေတယ်လို့ သဘောထားပေးပါ။ အရိုးသားဆုံး ပြောရရင် သည်နွေကျောင်းပိတ်ရက်မှာ ကျွန်တော့်မှာ လုပ်ရမှာတွေက များတော့ အဲဒီဟာ လေ့လာဖို့ အချိန်အများကြီး မရှိလောက်ဘူး”
လုံရွှဲ့ယောင် ပြုံးလိုက်ရင်း
“ပြဿနာ မရှိဘူး။ ဒါနဲ့ ငါတို့ တခြားသင်တန်းကျောင်းကို သွားကြမလား။ အဲဒီမှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်”
“ခင်ဗျားသဘော” ထန်ရှု ခေါင်းညိတ်ရင်း ပြောလိုက်သည်။
နာရီဝက်ကြာသော် ...
ထန်ရှုနှင့် လုံရွှဲ့ယောင်သည် ကားမောင်းသင်တန်းကျောင်းမှ ထွက်လာခဲ့သည်။ စာရင်းသွင်းကြေးအား ပေးပြီးနောက် လုံရွှဲ့ယောင်သည် ကားမောင်း သင်တန်းကျောင်း၏ ကျောင်းအုပ်နှင့် တွေ့ရန် ကူညီပေးသည်။ ယခု ထိုကိစ္စများအား ဆောင်ရွက်လိုက်သည်နှင့် သူသည် အတန်းများ တက်ရန် မလိုတော့ပဲ သင်တန်းကျောင်းမှ စာမေးပွဲရက်အား နောက်တွင် အကြောင်းကြားပေးမည် ဖြစ်သည်။
“အကုန်လုံးပြီးစီးသွားပြီ။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ နောက်ပိုင်း ခင်ဗျား အချိန်ရရင် ကျွန်တော် တစ်ခုခု လိုက်ကျွေးပါမယ်” ထန်ရှု ပြုံးရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
လုံရွှဲ့ယောင်သည် နူးညံ့စွာ ပြုံးပြလိုက်ရင်း
“နင်က ငါ့ဝမ်းကွဲရဲ့ သူငယ်ချင်းပဲလေ အဲဒါကြောင့် ငါ့ကို ရင်းရင်းနှီးနှီး ပြောဆိုလို့ရပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းတွေ ငါအားနေတော့ နင့်ရဲ့စေတနာကို ငါ လက်ခံပါမယ်”
ထန်ရှုသည် တစ်ချက် စဉ်းစားလိုက်ရင်း
“အဲဒါဆိုရင် ဒီလိုလုပ်ကြရအောင် မနက်ဖြန်ဆိုရင်ရော။ ကျွန်တော် ဖုန်းဆက်လိုက်မယ်လေ”
လုံရွှဲ့ယောင်သည် ဖုန်းကို မြှောက်ပြလိုက်ပြီး
“အိုခေ ... ငါ နင်ဖုန်းဆက်တာကို စောင့်နေပါမယ်”
ထန်ရှု လုံရွှဲ့ယောင်၏ ဖုန်းနံပါတ်အား သူ၏ဖုန်းထဲတွင် မှတ်လိုက်သည်။ ကားမောင်းလိုင်စင် အဝင်ဝတွင် ကားငှားရသည်နှင့် သူတို့မိသားစု၏ စားသောက်ဆိုင်လေးသို့ အပြေးသွားတော့သည်။ သည်အချိန်ဆိုပါက သူ၏မိခင်သည် ဆိုင်သို့ ရောက်နေလောက်သည်ဟု သူ တွက်ချက်ထားပြီးဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း မိခင်ကြီးနှင့် များစွာသော စားပွဲထိုးများသည် စားပွဲများနှင့် ကုလားထိုင်များ ခင်းကျင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့ စကားပြောဆို ရယ်မောနေကြသည်ကို မြင်သောအခါ သူ အတော် ပျော်သွားသည်။
“အမေ ...”
ထန်ရှု လှမ်းခေါ်လိုက်သည်။
စုလင်းယွမ် လှည့်ကြည့်လိုက်ရာ ထန်ရှုအား တွေ့ရသောကြောင့် အံ့သြဝမ်းသာ သွားရသည်။
“ရှုအာ ... နောက်ဆုံးတော့ သားပြန်လာပြီပေါ့။ အခြေအနေ ဘယ်လိုလဲ။ ကောင်းမွန်သော ခရီးဖြစ်ခဲ့ရဲ့လား”
ထန်ရှု ပြောလိုက်သည်။
“ခရီးသွားခဲ့တာ ကောင်းတယ်။ ဒါနဲ့ အမေ ... ဘန်ရှို့ကို ဒီနေ့ ဆိုင်ကြည့်လိုက်ခိုင်းလိုက်ပါ။ ကျွန်တော် အမေ့ကို တစ်နေရာ ခေါ်သွားစရာရှိလို့”
“အမေ့ကို ဘယ်နေရာ ခေါ်သွားမှာလဲ သားရဲ့” စုလင်းယွမ် ဇဝေဇဝါ ဖြစ်သွားသည်။
ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။
“ခုတလော ကျွန်တော် လျှို့ဝှက်ဆန်းကြယ်လာတာကို အမေ ပဟေဠိ ဖြစ်နေတာမဟုတ်ဘူးလား။ ဒီနေ့ အမေ့ကို အကုန် ပြောပြမယ်လေ”
စုလင်းယွမ် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါဆိုလည်း သွားရအောင်”
တောင်တံခါးအိမ်ရာတွင် ...
ထန်ရှုနှင့် စုလင်းယွမ်သည် အငှားကားပေါ်မှ ဆင်းလာကြပြီး စုလင်းယွမ်သည် တောင်တံခါးအိမ်ရာဝင်း၏ အရှေ့ဝင်ပေါက်အား မြင်သည်နှင့် တုန်လှုပ်သွားကာ
“ရှုအာ ... အမေ့ကို ဘာဖြစ်လို့ ဒီနေရာ ခေါ်လာတာလဲ။ ဒီနေရာကို အမေသိတယ် ... တောင်တံခါးအိမ်ရာ မဟုတ်လား။ ကြော်ငြာတွေအရဆိုရင် ဒီနေရာက စွမ်းအားရှိပြီး ချမ်းသာတဲ့ လူတွေသာ နေနိုင်တဲ့ အဆင့်အတန်းအမြင့်ဆုံး အိမ်ရာဝင်းကြီးလို့ အမေသိထားတယ်။ ဝင်ပေါက်က လုံခြုံရေးကို ကြည့်လိုက်ပါဦး ဒီနေရာကို စောင့်ကြပ်နေတဲ့ ရဲသားတွေအတိုင်းပဲ။ သူတို့ အမေတို့ကို မမောင်းထုတ်ခင် ဒီကနေသွားရအောင်”
ထန်ရှုသည် ပြုံးရုံသာ ပြုံးလိုက်ပြီး စုလင်းယွမ်အား ထိုဝင်ပေါက်ဆီသို့ အသာဆွဲခေါ်လာသည်။
လုံခြုံရေး၂ယောက်သည် ထန်ရှုအား အရိုအသေပြုလိုက်ကြပြီး အတွင်းထဲရှိ အခြားနှစ်ယောက်သည် သူ့အား မြင်သည်နှင့် မတ်တတ်ရပ်လိုက်ကြသည်။
စုလင်းယွမ်သည် ထိုသူတို့အား အံ့သြတကြီး ကြည့်နေရင်း စူးစမ်းလိုက်သည်။
“ရှုအာ ... သူတို့ကို ကြည့်ရတာ သားကို သိနေတဲ့ပုံနော်။ သား အရင်တုန်းက ဒီကို ရောက်ဖူးထားလို့လား”
“ဒါပေါ့ အမေရ။ ကျွန်တော် ဒီမှာနေတာ လအနည်းငယ်တောင် ရှိနေပြီ။ လာ ... အမေ။ အမေ့စိတ်ထဲမှာ တအား အံ့သြနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်တို့ အိမ်ရောက်တဲ့အထိ စောင့်ပါဦး။ အမေ့ကို အကုန် ပြောပြပါမယ်”
သည်မှာ အိမ်တစ်လုံး ပိုင်တယ်ဟုတ်လား။
စုလင်းယွမ်သည် ထန်ရှု၏တုံ့ပြန်စကားကြောင့် အတော် ထိတ်လန့်သွားသည်။
သူတို့သာ ဒီမှာ အိမ်ဝယ်ရင် တန်ဖိုး ဘယ်လောက်ရှိမှာပါလိမ့်။
လမ်းတစ်လျှောက်တွင် ...
ထန်ရှုနှင့် စုလင်းယွမ်အား လုံခြုံရေးဝန်ထမ်းများမှ အရိုအသေပြုကြရုံ သာမက အိမ်ရာစီမံခန့်ခွဲမှုရုံးမှ ဝန်ထမ်းများကပါ ထန်ရှအား တလေးတစား နှုတ်ဆက်ကြသည်။ ထိုမြင်ကွင်းအား တစ်ခါမှ မမြင်ဖူးသော စုလင်းယွမ်သည် အံ့သြပြီးရင်း အံ့သြလျက်သာ ရှိနေတော့သည်။ သူမနှင့်ထန်ရှု အိမ်၏အရှေ့ဘက် ဝင်ပေါက်သို့ ရောက်မှသာလျှင် အိပ်မက်တစ်ခုမှ နိုးထလာသည်နှယ် ဖြစ်သည်။
အကောင်းဆုံးနေရာတွင် ခမ်းနားလှပစွာ တည်ရှိနေသော အိမ်အား ကြည့်ရင်း စုလင်းယွမ်သည် ထန်ရှု၏လက်မောင်းအား သတိလက်လွတ် ဆုပ်ကိုင်ကာ တိုးတိုးပြောလိုက်သည်။
“ရှုအာ ... သား အမေ့ကို မနောက်ဘူးမဟုတ်လား။ သားဦးလေး ချမ်းသာတာတောင်မှ ဒီလိုအိမ်ကြီးမျိုး သူ မဝယ်နိုင်ဘူး”
ထန်ရှုသည် ပြုံးပြလိုက်ရင်း
“အမေ ... အထဲဝင်ရအောင်။ အရာရာကို အမေ နားလည်သဘောပေါက် သွားလိမ့်မယ်”
ထန်ရှုသည် စုလင်းယွမ်အား အိမ်တံခါးမမှတစ်ဆင့် ခန်းမဆီသို့ ခေါ်ဆောင်လာခဲ့သည်။ မုချင်းဖျင်သည် အပြင်ထွက်ရန် အသင့်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမအားခေါ်ကာ မိတ်ဆက်ပေးလိုက်သည်။
“အစ်မကြီး မု ... သည်ဟာ ကျွန်တော့်အမေလေ။ အမေက သည်ကိုလာတာ ပထမဆုံးအကြိမ်ပဲ။ အမေ ... ဒါက အစ်မကြီးမု ကျွန်တော်တို့ အိမ်တော်ထိန်းလေ။ အစ်မကြီးမုရဲ့ သမီးက ကျွန်တော့်တပည့်လေးပဲ”
အိမ်တော်ထိန်း။ တပည့်။ ဟုတ်လား …
စုလင်းယွမ် ကြက်သေ သေသွားသည်။
သူမ၏ဘဝ တစ်လျှောက်လုံး အလုပ်လုပ်ခဲ့ပြီးသော်လည်း အိမ်တော်ထိန်းတစ်ယောက်မှ မထားခဲ့ဖူးချေ။ ပြီးတော့ ... ဒီတပည့်ဆိုတာကရော ဘာများလဲ။
မုချင်းဖျင်သည် စုလင်းယွမ်အား ကြည့်ကာ အပြုံးနှင့်ပြောလိုက်သည်။
“ဟယ်လို ... ကျွန်မ ရှင့်ဓာတ်ပုံကို ထန်ရှု အိပ်ခန်းထဲမှာ တွေ့ဖူးပါတယ်။ ဒါနဲ့ ကျွန်မကို ဖျင်လေးလို့ ခေါ်နိုင်ပါတယ်ရှင်”
သူမတို့ အသက်အရွယ်အရ မုချင်းဖျင်သည် စုလင်းယွမ်အား မည်သို့ခေါ်ရမည်မသိ ဖြစ်နေသည်။ စုလင်းယွမ်သည် သူမထက် ငယ်ရွယ်သည်။ သူမ၏သမီးသည် ထန်ရှု၏တပည့်ဖြစ်သည်။ အကယ်၍ သူမသာ အစ်မကြီးဟု ခေါ်လိုက်ပါက အသက်အရွယ်အရ အဆင်မပြေ ဖြစ်နိုင်သည်။ အဒေါ်ဟုသာ ခေါ်လိုက်ပါက သေချာပေါက်ပင် မသင့်တော်လှပေ။
စုလင်းယွမ်သည် မုချင်းဖျင်အား ကြောင်အအနှင့် ကြည့်လိုက်ကာ ထန်ရှုဘက်သို့ လှည့်သွားသည်။ အချိန်အတော်ကြီးကြာမှ သူမ စကားစပြောနိုင်တော့သည်။
“ရှုအာ ... အမေ အရာရာကို နားမလည်နိုင်သေးဘူး။ အမေ့ကို အားလုံးပြောပြဦး။ အဆုံးသတ်အားလုံးက ဘာလဲ”
ထန်ရှုသည် သူမအား အိမ်ထဲတွင် လှည့်ပတ်ကြည့်ရန် ခေါ်ဆောင်သွားပြီးမှ ဧည့်ခန်းဆီသို့ ပြန်ခေါ်လာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီးနောက်
“အမေ ... လတ်တလောမှာ ကျွန်တော့်အချိန်တွေကို စာသင်ယူ လေ့လာတာမှာချည်းပဲ အသုံးပြုတာမဟုတ်ဘူး။ ကျွန်တော် စီးပွားရေးအချို့ လုပ်ထားတွေ ရှိတယ် ပထမဦးဆုံး အမေ စိတ်လည်း မပူပါနဲ့ စိုးလည်း မစိုးရိမ်ပါနဲ့။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း ဖြေပြီးသွားပါပြီ။ ကျွန်တော့် ပညာရေးကိုလည်း အနှောင့်အယှက် မဖြစ်စေရဘူးလို့ ကျွန်တော် သေချာပြောရဲပါတယ်”
“သားက စီးပွားရေးလုပ်နေတယ် ဟုတ်လား။ ဘာစီးပွားရေးလဲ။ ဥပဒေနဲ့ ဆန့်ကျင်တာတွေ မလုပ်ရဘူးနော် ရှုအာ ...” စုလင်းယွမ် အံ့သြသွားသည်။
ထန်ရှုသည် အိုးတိုးအမ်းတမ်း ပြုံးလိုက်ရပြီး
“အမေကလဲ ... ကျွန်တော့်ကို ဘယ်လိုလူစားမျိုး ထင်နေလို့လဲ။ ကျွန်တော့်မှာ စီးပွားရေးလုပ်ငန်းတွေ အများကြီးပဲ ... အလှကုန်နဲ့ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်တွေ ရှိတယ်။ ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီးအတွက်ဆိုရင် အခြားသူတွေအတွက် အဆောက်အဦပုံစံတွေ ဆွဲပေးတယ်။ ကျွန်တော် အမှန်တရားကို ဖုံးကွယ်ထားမိတဲ့အတွက် အမေ ကြောက်မယ်၊ ကျွန်တော့်ပညာရေးကို စိတ်ပူနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကောလိပ်ဝင်ခွင့် ဖြေထားတာအတွက် အောင်စာရင်းထွက်တာနဲ့ ထိပ်တန်းတက္ကသိုလ် တစ်ခုမှာ တက်နိုင်မယ်ဆိုတာတော့ ကျွန်တော် သေချာပါတယ်အမေ”
စုလင်းယွမ် စိတ်ရှုပ်ထွေး သွားရပြန်သည်။
“သားက အဆောက်အဦဒီဇိုင်းတွေ ဆွဲပေးတယ်ဟုတ်လား။ ဒီအကြောင်းကို အမေ ဘာကြောင့် မသိရတာလဲ”
“ဒါက ကျောင်းချိန်ပြင်ပ ဝါသနာလေ အမေ။ တရုတ်တိုင်းရင်းဆေး ပညာကို ကျွန်တော် ကောင်းကောင်းကြီး သိသလိုမျိုးပေါ့”
စုလင်းယွမ် တိတ်ဆိတ်သွားရသည်။ သူမ၏အတွေ့အကြုံနှင့်ပင် အားမထုတ်နိုင်သော မည်သည့်အရာများအား သားဖြစ်သူ ပြုလုပ်ပြီးသွားသည်ကို စုလင်းယွမ်တစ်ယောက် မတိုင်းတာနိုင် လောက်အောင်ပင် ဖြစ်နေသေးသည်။ အချိန်အတန်ကြာ သွားပြီးနောက် သူမသည် ထန်ရှုအား ကြည့်လိုက်သည်။
“သား ... သားရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ တောင်တံခါးအိမ်ရာက အိမ်တစ်လုံးကို ဝယ်ဖို့ အားထုတ်နိုင်ခဲ့တယ်။ အခု သားမှာ ပိုက်ဆံ ဘယ်လောက်ရှိနေပြီလဲ”
ထန်ရှု အပြုံးနှင့် ဖြေလိုက်သည်။
“အမှန်တကယ်တော့ ဒီအိမ်က ကျွန်တော် ဝယ်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော့် သူငယ်ချင်းရဲ့ ကိစ္စကြီးတစ်ခုကို ဖြေရှင်းပေးလိုက်လို့ သူက ဒီအိမ်ကို လက်ဆောင်ပြန်ပေးတာပါ။ လက်ရှိ ကျွန်တော့်မှာ ရှိနေတဲ့ ငွေပမာဏက ခေါင်းထဲမှာတော့ အတိအကျ မသိဘူး အမေ။ ဒါပေမဲ့ ကျွန်တော် ခန့်မှန်းရသလောက်ဆိုရင် အနည်းဆုံး ယွမ်မီလီယံ ရာပေါင်းများစွာ ရှိတယ်”
“ဘယ်လောက် ...”
စုလင်းယွမ် ဆိုဖာမှပင် ထခုန်မိကာ မယုံကြည်နိုင်စွာ အော်လိုက်မိသည်။
“အနည်းဆုံး ယွမ်မီလီယံ ရာပေါင်းများစွာ ...”
ထန်ရှု ပြန်ဖြေလိုက်သည်။
စုလင်းယွမ် တံတွေးသီးမတတ် ဖြစ်သွားရသည်။ ထိုကဲ့သို့သော ပမာဏအား ကြားရသာအခါ သူမ အမှန်တကယ်ပင် တုန်လှုပ်မိသည်။ သူမ၏စားသောက်ဆိုင်သည် အလွန်ရောင်းကောင်းပြီး နေ့စဉ်ဝင်ငွေသည် ယွမ်တစ်သောင်းနီးပါး ရှိနေသည့်တိုင် ထို ယွမ်မီလီယံ ရာပေါင်းများစွာနှင့် နှိုင်းယှဉ်မည်ဆိုပါက နေ့နှင့်ညကဲ့သို့ ဖြစ်သည်။
ထန်ရှု အပြုံးနှင့် စကားဆက်ပြောလိုက်သည်။
“အမေ ... နောက်ဆို ပိုက်ဆံအတွက် ကျွန်တော်တို့ စိတ်ပူစရာမလိုတော့ဘူး။ ကျွန်တော် အရွယ်ရောက်လာပြီ။ အကောင်းဆုံး ရလဒ်တွေနဲ့ ကျောင်းပြီးသွားရုံတင် မကဘူး စီးပွားရေးလုပ်ငန်းစု တစ်ခုပါ တည်ထောင်နိုင်ဦးမှာ။ အမေ စားသောက်ဆိုင်ကို ဆက်မစီမံချင်တော့ဘူး ဆိုရင် ရောင်းလိုက်လို့ရတယ်။ ဒါမှမဟုတ် ဆက်ပြီး လုပ်ချင်ရင်လည်း အမေ့သဘောပါ။ အမေ့စိတ်တိုင်းကျ နေနိုင်ပါတယ်။ ကျွန်တော်က အမေ့ကို အနာဂတ်မှာ ကောင်းမွန်ကျန်းမာ ပျော်ရွှင်စွာ နေထိုင်တာကိုပဲ မျှော်လင့်တယ်”
စုလင်းယွမ်သည် ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေရင်း သူမ၏သားဖြစ်သူသည် အမှန်တကယ် အရွယ်ရောက်လာကာ သူမ၏စောင့်ရှောက်မှုအား မလိုအပ်တော့သည်ကို ရုတ်ခြည်း နားလည်သဘောပေါက် သွားသည်။ ယခ သူသည် သူ့ကိုယ်သူ စောင့်ရှောက်ထောက်ပံ့နိုင်သော အရည်အချင်းပင် ရှိနေခဲ့ပြီဖြစ်သည်။
“အီး ... ဟီး ... ဟီး ...”
ဧည့်ခန်းထဲမှ ဆိုဖာတွင် လက်ပိုက်ကာ ထိုင်ရင်း စုလင်းယွမ်တစ်ယောက် ငိုကြွေးနေသည်။ သူမ၏ယောက်ျားအား သတိရနေသကဲ့သို့ နှစ်များစွာ ဖြတ်သန်းလှခဲ့ရသော ခါးသီးလှသည့် ဘဝနှင့် ပြစ်တင်ဝေဖန်မှုများအားလုံးကို ပြန်လည်သတိရကာ ရှိုက်ကြီးတငင် ငိုနေမိသည်။
“အမေ ...”
ထန်ရှု စကားပြောတော့မည့် ဆဲဆဲတွင် မုချင်းဖျင်မှ ဟန့်တားလိုက်သည်။
မုချင်းဖျင်သည် စုလင်းယွမ်၏ဘေးတွင် ဝင်ထိုင်လိုက်ကာ စုလင်းယွမ်အား ကိုင်လိုက်ရင်း လေသံတိုးတိုးဖြင့်
“ကျွန်မ ... အနည်းနဲ့အများတော့ ရှင်တို့မိသားစု အခြေအနေကို နားလည်ပါတယ်။ ရှင်နဲ့ကျွန်မက ဘဝတူတွေပါပဲ။ ကျွန်မတို့က သားသမီးတွေ လူလားမြောက် ကြီးပြင်းလာအောင် တစ်ယောက်တည်း ရုန်းကန်ကြိုးစားခဲ့ရတဲ့ မိခင်တွေပါ။ ဝမ်းနည်းမှုတွေနဲ့ အထီးကျန်မှုတွေကို မိခင်တွေသာလျှင် ခံစားရတယ်ဆိုတာ ကျွန်မ သိတာမို့ ရှင် ဘာကြောင့် ငိုနေရတာလဲ ဆိုတာကို စာနာနားလည် ပေးနိုင်တယ်။ အမေတစ်ယောက်အနေနဲ့ ကိုယ့်ကလေး ကောင်းမွန်တဲ့ဘဝ ရှိနေတာကို မြင်ရလို့ အလွန်ပျော်တယ်။ ဒါပေမဲ့ ကျွန်မတို့ ကလေးတွေရဲ့ရှေ့မှာ ငိုနေမယ့်အစား ပြုံးပျော်နေသင့်တယ်။ ဒါ့အပြင် ဒါက အဖြစ်အပျက်အကြီးကြီး ဆိုတော့ ကျွန်မတို့ အောင်ပွဲခံသင့်တယ်။ ရှင်ရော ဘယ်လိုထင်သလဲ”
***