ပိတ်သွားသော ဝိုင်စက်ရုံ
Vol. 04 Ch. 187
စုလင်းယွမ်သည် ဖျော့တော့ကာ မျက်ရည်အတိ ဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် မော့ကြည့်လာပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ မိခင်တစ်ယောက်၏ ချစ်ခြင်းတရားသည် တောင်တန်းကြီး တစ်ခုအလား ဖြစ်သည်။ သူတို့ကလေး ကြီးပြင်းအရွယ်ရောက်လာကာ အောင်မြင်သော ဘဝတစ်ခု ပိုင်ဆိုင်ရန်အတွက် မမျှော်လင့်သော မိခင် အဘယ်မှာ ရှိအံ့ပါမည်နည်း။ မိခင်တိုင်းသည် အနာဂတ်တွင် ကလေးများ၏အောင်မြင်မှုအား ရှေးရှုလိမ့်မည်။ ယနေ့ သားဖြစ်သူသည် သူ့အသက်အရွယ်နှင့် ဆိုပါက သာမန်လူတစ်ယောက် မအောင်မြင်နိုင်သော အလုပ်တစ်ခုအား တည်ထောင်နိုင်ခဲ့ပြီဖြစ်ရာ ထိုအရာသည် သူမအား အလွန်ပျော်ရွှင် ကြည်နူးစေသည်။
“ရှင် မှန်တယ်”
စုလင်းယွမ်သည် မျက်ရည်များအား သုတ်လိုက်ပြီး ထန်ရှုအား ကြည့်လိုက်သည်။
“ရှုအာ ... အမေ သားအတွက် တအား ဂုဏ်ယူတယ်”
ထန်ရှုသည် မုချင်းဖျင်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး မိခင်အား အပြုံးဖြင့် နူးညံ့စွာ ပြောလိုက်သည်။
“အမေ ... ကျွန်တောလည်း အမေ့အတွက် ဂုဏ်ယူတယ်”
ထန်ရှုသည် သူ ဘာကြောင့် ဖုံးကွယ်ထားရသည်ကို ပြောပြရင်း မိခင်ဖြစ်သူ စုလင်းယွမ်နှင့် တစ်မနက်ခင်းလုံးအား အချိန်ကုန်လွန် စေခဲ့သည်။ သို့သော်လည်း သူသည် အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာသည် ဆိုသည်နှင့် သူ၏အင်မော်တယ် ပုံရိပ်ကိုတော့ ဖုံးကွယ်ထားဆဲပဲ ရှိပါသေးသည်။ သူ၏စုစုပေါင်း ပိုင်ဆိုင်မှုနှင့်အတူ အင်မော်တယ် အဖြစ်အပျက်များကိုလည်း မဖော်ပြရဲသေးပဲ ရှိသေးသည်။
ယခင်က သူ ပိုင်ဆိုင်သမျှအား သူ မခန့်မှန်းခဲ့ပါချေ။ ယခု သူမှတ်မိသလောက်ဆိုပါက ပစိဖိတ်သမုဒ္ဒရာထဲမှ သူ ပိုင်ဆိုင်သော သီးခြားကျွန်းလေး၏ တန်ဖိုးပင်လျှင် ယွမ် ၂-၃ဘီလီယံဝန်းကျင် ရှိလိမ့်မည်။
နေ့လယ်ဝန်းကျင်တွင် ...
ထန်ရှုသည် စုလင်းယွမ်နှင့်အတူ နေ့လယ်စာ စားခဲ့သည်။ စုလင်းယွမ်သည် ဂူရင်အား အလွန်ချစ်ခင်နေသည်ကို ပြုံးရွှင်စွာ ကြည့်နေရင်း
“အမေ ... ကျွန်တော်နဲ့ အတူနေဖို့ ဆုံးဖြတ်ပြီးပြီလား။ အရင်အိမ်ဟောင်းလေးကို အမေ မရောင်းချင်ဘူးဆိုရင်လည်း ရတယ်။ နောက်ကျ ကျွန်တော်တို့ အိမ်လေးကို ဂရုစိုက်နေလို့ရသားပဲ။ ကားမောင်းလိုင်စင် အမေ မဖြေချင်သေးဘူး ဆိုရင်လည်း နေ့တိုင်း အမေ့ကို အကြိုအပို့လုပ်ဖို့ ကျွန်တော် ကားမောင်းတဲ့သူတစ်ယောက် ရှာပေးမယ်”
စုလင်းယွမ်သည် ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ရင်း
“ဟင့်အင်း ... အမေ ဟိုမှာနေတာ အကျင့်ဖြစ်နေပြီ။ သေချာတယ် အမေ ဒီမှာ နေတတ်မှာမဟုတ်ဘူး။ သား ... လောလောဆယ်တော့ အမေ ပြောင်းမလာသေးဘူး။ တက္ကသိုလ်တက်ဖို့ စာရင်းသွင်းပြီးရင်တော့ အမေ ပြောင်းဖို့ စဉ်းစားပါမယ်။ နောက်ပိုင်း သား ဒီမှာ နေနေ ဟိုမှာနေနေ သားသဘောကျနေပါ။ ဆိုင်ကကျတော့ အရင်အိမ်လေးနဲ့ ပိုနီးတယ်။ အဲဒါကြောင့် အမေ ကားမောင်းလိုင်စင်လည်း မဖြေသေးဘူး။ ကားသမားလည်း မလိုသေးဘူး”
“ဒါ ...”
ထန်ရှုသည် မိခင်၏ဆန္ဒအား မပယ်ရှားလိုသော်လည်း အရင်အိမ်ဟောင်းတွင် နေခွင့်ပြုရန် အတွက်ကိုမူ လိုက်လျောရန် အတော် တွန့်ဆုတ်နေမိသည်။ အတန်ကြာအောင် ချီတုံချတုံ ဖြစ်နေပြီးမှ တွန့်ဆုတ်စွာ သူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါအမေ ... ဒီအိမ်မှလည်း အမေ့အတွက် ကျွန်တော် တစ်ခန်း ပြင်ပေးထားမယ်။ အမေ ကြိုက်တဲ့အချိန် လာနေပါနော်အမေ”
နေ့လယ်ခင်းတွင် သူသည် စုလင်းယွမ်အား စားသောက်ဆိုင်သို့ ပြန်လိုက်ပို့ပေးသည်။ မိခင်ဖြစ်သူ၏ ပြုံးရွှင်နေသော မျက်နှာလေးအား သူ မပြန်ခင် ကြည့်လိုက်သေးရာ သူမ၏စိတ်နှလုံး ချမ်းမြေ့ပျော်ရွှင် နေမှုကြောင့် နှစ်များစွာ ငယ်ရွယ်နုပျိုသွားသည့် အလား ဖြစ်တော့သည်။
ဓားအမာရွတ်နှင့်ချန် တည်းခိုနေသော ဟိုတယ်သို့ ထန်ရှုရောက်ရှိပြီး မရှေးမနှောင်းတွင် ခန်းရှပါ ရောက်ရှိလာသည်။
“ကျွန်တော် ဖုန်းဆက်ထားတာ ၁ဝမိနစ်ပဲ ရှိဦးမယ်။ ဘယ်လို အစောကြီး ရောက်လာနိုင်တာတုန်း” ထန်ရှု ပြုံးလျက် မေးလိုက်သည်။
“နင် ဖုန်းဆက်တဲ့အချိန်က ငါ ဒီအနီးအနားမှာ လုပ်စရာရှိတစ်ခုရှိလို့ လုပ်နေခဲ့တာ။ ဒါနဲ့ ... သူဌေး ... ဒီမန်နေဂျာက ဝိုင်စက်ရုံအတွက် နင် ရှာထားတာလား။ ဘာကို အခြေခံပြီး ခေါ်ခဲ့လဲ”
ဓားအမာရွတ်ချန်ဆီမှ ထန်ရှုသည် တိုက်ရိုက်ကြားခဲ့ရခြင်း ဖြစ်သည်။ အစမှအဆုံးတိုင် အရာရာကို ခန်းရှအား ပြောပြပြီးနောက်
“သူက ဘဝသစ်စဖို့ သူ့လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ အာဂလူပဲ။ အဲဒါကြောင့် သူ ဝိုင် လုပ်နိုင်တယ်ဆိုတာ သိတာနဲ့ ကျွန်တော် သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ဒီအခွင့်အရေးကို သူ ဆုပ်ကိုင်နိုင်ရင် ဘဝတိုးတက်ပြောင်းလဲမှု လျင်မြန်ဖို့အတွက် ပြဿနာ ရှိမှာမဟုတ်တော့ဘူး။ ဒီအခွင့်အရေးကို အသုံးမချနိုင်တဲ့အပြင် သူ့ရဲ့လုပ်ရည် ကိုင်ရည်ကပါ မကောင်းခဲ့ရင်တော့ ခင်ဗျားက သူ့ရဲ့တိုက်ရိုက် အုပ်ချုပ်သူမို့ သူ့ကို တန်းပြီး အလုပ်ထုတ်ပိုင်ခွင့် ရှိတယ်”
ခန်းရှ ပြုံးရင်း ပြောလိုက်သည်။
“နင် ငါ့ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်တော့ ငါ လုပ်ရကိုင်ရတာ စိတ်သက်သာသွားပြီ။ အာ ... ပြောရင်းနဲ့ သတိရသွားတယ်။ ငါ ဒီမနက် ကြယ်တာရာက ဝိုင်စက်ရုံတွေအကြောင်း သတင်းရှာလိုက်သေးတယ်။ အဲဒီအထဲက တစ်ခုက အတော်ကောင်းတယ်။ ဒါပေမဲ့ ငါ့မှာ အချိန်မရလို့ သေချာ မစုံစမ်းရသေးဘူး။ ဒါပေမဲ့ အဲဒီဝိုင်စက်ရုံက မကြာခင် ပိတ်တော့မှာ။ ငါတို့ ဝယ်လိုက်မယ်ဆိုရင် အခက်အခဲ အတော်လျော့သွားမယ်”
“ခင်ဗျားနဲ့ ဓားအမာရွတ်ချန်ပဲ ဒီဟာကို ဆောင်ရွက်လိုက်ပါ။ ကျွန်တော် နောက်ရက်တွေမှာ အရမ်းအရေးကြီးတဲ့ အရာတွေ ဆောင်ရွက်ဖို့ရှိနေလို့ ဝိုင်စက်ရုံ နေရာချထားတာ အတွက်ရော စီးပွားရေးကို စီမံခန့်ခွဲတာမှာပါ ဝင်မနှောင့်ယှက်တော့ဘူး။ ငွေကြေး လိုလာရင်တော့ ကျွန်တော့်ဆီ ဖုန်းဆက်ပါ ကျွန်တော် နည်းလမ်းရှာပြီး ပေးပါမယ်”
ခန်းရှသည် နူးညံ့စွာ ပြုံးလိုက်ရင်း
“ငွေကြေးက ငါ အချိန်တိုင်း မလိုပါဘူး။ ဒါပေမဲ့ နင်က တကယ်ကို အရည်အချင်းရှိပါတယ် သူဌေး။ ငါတို့ ပိုက်ဆံလိုတဲ့အချိန် နည်းလမ်းတွေကို နင် စဉ်းစားနိုင်တယ် ဆိုကတည်းက ငါ့ကို ကုမ္ပဏီကို ဦးစီးဖို့ အမှန်တကယ် လိုချင်မှတောင် လိုမှာလို့ ငါ မြင်မိတယ်။ ဒီ့ထက်တောင် နင် လုပ်နိုင်ဦးမှာ”
ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ရင်း
“မဟုတ်သေးဘူးဗျ။ ကျွန်တော်က ပိုက်ဆံအများကြီးလိုတာ။ တစ်ဘီလီယံ မဆိုထားနဲ့ ၁ဝဘီလီယံတောင်မှ ကျွန်တော့်အတွက် လောက်မှာမဟုတ်ဘူး။ ကျွန်တော် ပိုက်ဆံရှာနိုင်သလောက် ရှာနိုင်လေ ကျင့်ကြံမှုအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိလေပဲ”
“အာ ... နင်ငွေရှာတဲ့ နည်းလမ်းတိုင်းက နောက်ပိုင်း ကျင့်ကြံမှုအတွက်ပဲ သုံးဖို့ တွေးထားတာလား” ခန်းရှ အံ့အားသင့်သွားသည်။
ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း
“ဟုတ်တယ်။ ကျွန်တော့်မှာသာ အရင်းအမြစ် အလုံအလောက်ရှိခဲ့ရင် ကျင့်ကြံမှုနှုန်းက ပိုပြီးမြန်လာလိမ့်မယ်။ ကျင့်ကြံမှုရင်းမြစ်တွေက အခု ကျွန်တော် အသည်းအသန် လိုနေတဲ့အရာပဲ။ ကံကောင်းထောက်မပြီး ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က အခုချိန်မှာ သိပ်မမြင့်သေးတော့ ကျွန်တော်စုချိန် ရသေးတယ်။ ဒါပေမဲ့ ကျင့်ကြံမှုအဆင့် မြင့်သွားရင်တော့ ကျွန်တော်လိုတဲ့ အရင်းအမြစ်တွေက များလာလိမ့်မယ်။ များပြားတဲ့ ငွေကြေးထောက်ပံ့မှု မရှိဘူးဆိုရင် ကျွန်တော်အဆင့်တက်ဖို့ ခက်ခဲသွားလိမ့်မယ်”
“အိုခေ ... ငါ ကြိုးစားပါမယ်” ခန်းရှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ယုံပါတယ်” ထန်ရှု ယုံကြည်မှုရှိသော အပြုံးနှင့်ပြုံးပြလိုက်သည်။
ခန်းရှ ဇဝေဇဝါ ဖြစ်သွားပြီး “ နင် ငါ့ကို ဘာကြောင့် အဲဒီလောက်တောင် ယုံထားတာလဲ”
ထန်ရှုသည် ပြုံးလိုက်ရင်း
“ကျွန်တော် ယုံတာပေါ့။ ခင်ဗျားက ကျွန်တော့်ကို ကူညီပြီး ငွေရှာပေးနေတယ်လေ။ အဲဒီအတွက် ကျွန်တော်က ခင်ဗျားကို ရှယ်ယာတင်မကဘူး ကျင့်ကြံမှုစတင်ဖို့တောင် အားပေးထားသေးတယ်။ အဲဒီတော့ ခင်ဗျားလည်း အရင်းအမြစ် လိုလာမှာပဲ။ ခင်ဗျား ပိုပြီးသန်မာချင်လာလေ ကျင့်ကြံမှုရင်းမြစ် အများကြီး ရှိရလေမို့ ကျွန်တော်တို့ ပိုက်ဆံကို ဒီ့ထက် မြန်မြန် ရှာရလေပဲ”
ခန်းရှ ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။
“အဲဒါဆို နင် ငါ့ကို ကျင့်ကြံမှု သင်ပေးတာ အဲဒီရည်ရွယ်ချက်ကြောင့်ပေါ့လေ။ အိုက်ယား ... နင် ငါ့ကို ဓားပြသင်္ဘောပေါ် တကယ်ကို တင်ပေးလိုက်တာပဲ”
ထန်ရှု ခန်းရှအား စလိုက်သည်။
“ဒါပေမဲ့ သင်္ဘောပေါ်က ဆင်းချင်ရင် ဆင်းဖို့ အခွင့်အရေး ရှိသေးတယ်နော်”
ခန်းရှ ခေါင်းခါပြလိုက်သည်။
“မဆင်းပါဘူး ... ဘာလို့ ဆင်းရမှာတုန်း။ သင်္ဘောပေါ်က ဆင်းတာက ငါ့ကို မသေအောင် ကာကွယ်မပေးနိုင်ဘူး။ ငါက ဒဏ္ဍာရီတွေထဲကလို ကျင့်ကြံသူ ဖြစ်ချင်သေးတာ”
ထန်ရှုသည် ဟိုတယ် ဧည့်သည်စောင့်ခန်းတွင် မိမိတို့စောင့်နေသည့် အကြောင်း ဓားအမာရွတ်ချန်ဆီ ဖုန်းဆက်လိုက်သည်။ သိပ်မကြာမီ ဓားအမာရွတ်ချန်သည် အပေါ်မှ အပြေးဆင်းလာသည်။ သို့သော် သူသည် ခန်းရှကဲ့သို့ အလှလေးအား မြင်သည့်အခါ ချက်ချင်း ကျောက်ရုပ်သဖွယ် မိန်းမောကြည့်ရှု နေမိပြန်သည်။ နောက်ဆုံးမှ သူ၏ကိုးရိုးကားရား ပုံစံအား ပြန်လည်ဆောက်တည်ရာ ရတော့သည်။
“သူမက ခန်းရှ ... ကျွန်တော့်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖြစ်ပြီးတော့ ခင်ဗျားကို တိုက်ရိုက် ကြီးကြပ်မယ့်သူလည်း ဖြစ်တယ်။ သူမ ပြောတဲ့စကားက ကျွန်တော့်ကို ကိုယ်စားပြုတယ်ဆိုတာ စိတ်ထဲမှတ်ထားပေးပါ။ ကျွန်တော့်ကိုယ်စား အလုပ်တိုင်းကို တာဝန်ခွဲဝေပေးလိမ့်မယ်။ ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည် မကောင်းခဲ့ရင် ဒါမှမဟုတ် ခန်းရှက ခင်ဗျားအလုပ်လုပ်တဲ့ အရည်အသွေးကို မကြိုက်ရင် သူ့မှာ ခင်ဗျားကို အလုပ်ထုတ်ပိုင်ခွင့် ရှိတယ်”
လူတိုင်းသည် အလှအပနှင့် မိန်းမလှလေးများကို ချစ်ခင်နှစ်သက် ကြပေသည်။ သူရဲကောင်းများပင်လျှင် ထိုသဘောသဘာဝအား ကျော်ဖြတ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ဓားအမာရွတ်ချန်သည် ခန်းရှ၏ အလှတရားအောက်တွင် ယစ်မူးနေပြီ ဖြစ်သောကြောင့် ထန်ရှုသည် ထိုအခြင်းအရာအား စိတ်အနှောင့်အယှက် မပေးသော်ငြား ခန်းရှု၏ရပ်တည်မှု ပုံရိပ်ကို သိစေရန်အတွက် ဓားအမာရွတ်ချန်အား သတိပေးစကား ပြောဆိုလိုက်သည်။
ဓားအမာရွတ်ချန်၏ မျက်နှာသည် တည်ကြည်လေးနက်သွားပြီး
“စိတ်မပူပါနဲ့ သူဌေး ...။ ကျွန်တော့်ကို အခွင့်အရေးပေးပြီး ဝေးလံတဲ့နေရာကနေ ခေါ်လာပေးတဲ့အတွက် သူဌေးမျက်နှာ ပျက်စေရမယ့်အဖြစ်မျိုး ကျွန်တော် အဖြစ်မခံပါဘူး”
ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
“ခန်းရှ ... ကျွန်တော်တို့ ခင်ဗျားပြောတဲ့ ဝိုင်စက်ရုံကို သွားကြည့်ရအောင်။ အမှန်တကယ် ကောင်းမွန်တယ်ဆိုရင် ကျွန်တော်တို့ ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်မယ်။ ပြီးတာနဲ့ အဲဒီမှာ ကျွန်တော်တို့ ဝိုင်စက်ရုံကို အခြေစိုက်ရမယ်။ ပြုလုပ်နည်းကိုတော့ ကျွန်တော် ဓားအမာရွတ်ချန်ကို တိုက်ရိုက်ပြောလိုက်မယ်။ ဝိုင်ထုတ်လုပ်ဖို့ လိုအပ်မယ့် စက်ကိရိယာတွေကိုတော့ နေရာအတည်တကျ ဖြစ်တော့မှ ဝယ်ကြတာပေါ့”
ခန်းရှ မေးလိုက်သည်။
“သူဌေး ... ငါတို့ထုတ်လုပ်မယ့် ဝိုင်အတွက် ရောင်းမယ့်လမ်းကြောင်းပုံစံကို နင် စဉ်းစားပြီးပြီလား”
‘ကျွန်တော်တို့ အလှကုန်နဲ့ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်ကို ရောင်းချမယ့် ပုံစံအတိုင်းပဲ သွားမယ်။ မြို့တိုင်းမှာ အထူးသီးသန့် အရောင်းဆိုင်တွေ ဖွင့်ပြီးတော့ အမြင့်လိုင်းကို ဦးတည်ရောင်းချမယ်။ တစ်ပုလင်းဈေးနှုန်းက ဂဏန်း၅လုံးနဲ့အထက်ပဲ ဖြစ်ရမယ်”
“အဲဒါ ဈေးမများလွန်းဘူးလား” ခန်းရှ စောဒကတက်လိုက်သည်။
ထန်ရှုသည် ယုံကြည်မှုရှိစွာဖြင့်
“မများဘူး။ ခင်ဗျား နောက်တော့ သိလာလိမ့်မယ်”
ယခုတွင် ...
ခန်းရှသည် လန်ဘော်ဂနီအား မမောင်းဘဲ မာစီးဒီးဘင့် ကားတစ်စီးတွင် ထန်ရှုတို့ဖြင့် အတူစီးလာရာ ဓားအမာရွတ်ချန်သည် ကားမောင်းသူအဖြစ် မောင်းရင်း စိတ်ထဲတွင် ပြုံးစိစိ ဖြစ်နေသည်။
စစ်တန်မိုင်းဝိုင်စက်ရုံ ...
ထိုဝိုင်စက်ရုံသည် ကြယ်တာရာရှိ ဝိုင်စက်ရုံဟောင်း တစ်ခုဖြစ်ပြီး အစိုးရပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိုလုပ်ငန်းအား စီမံခန့်ခွဲရာတွင် ညံ့ဖျင်းလှသောကြောင့် ပုဂ္ဂလိကသို့ ချရောင်းခြင်းခံခဲ့ရသည်။ ထိုလုပ်ငန်းသည် မြစ်ဟောင်းလမ်း အရပ်တွင် တည်ရှိပြီး အနီးနားဝန်းကျင်တွင် စွန့်ပစ်မှိုက် ပြန်လည်အသုံးချ စင်တာမှတစ်ပါး ပတ်ပတ်လည်သည် ထုတ်လုပ်ရေးအတွက် စိုက်ပျိုးမြေ တစ်ခုဖြစ်ကာ ထိုနေရာသို့ ဦးတည်နေသော လမ်းမသည် ဝိုင်စက်ရုံသို့ ဦးတည်နေဟန်ရှိသည်။
ဝိုင်စက်ရုံရှေ့တွင် မာစီးဒီးဘင့်ကားလေးသည် ထိုးဆိုက်လိုက်ပြီးနောက် သူတို့သည် ကားပေါ်မှဆင်းကာ တံခါးဆီသို့ လျှောက်လာခဲ့သည်။
“သော့ခတ်ထားတာလား”
ကြီးမားလှသော သံသော့ခလောက်ကြီးအား ကြည့်ကာ ထန်ရှုသည် ခန်းရှအား ဇဝေဇဝါဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
ခန်းရှသည်လည်း မျက်မှောင်ကြုတ်သွားကာ ဇဝေဇဝါဟန်ဖြင့်
“ငါ ဒီဝိုင်စက်ရုံအကြောင်းကို အင်တာနက်က တွေ့ပြီးတော့ လာမစုံစမ်းရသေးဘူးလေ။ အဲဒါကြောင့် အခြေအနေကို အများကြီး မသိထားတာ။ ငါတို့ စုံစမ်းဖို့ တစ်ယောက်ယောက်ကို ရှာလိုက်ရမလား”
ခန်းရှ ပြောနေစဉ်မှာပင် ဗိုက်ရွှဲရွှဲ အဘိုးကြီး လူတစ်ယောက်သည် ဘောင်းဘီပွပွနှင့် စွပ်ကျယ်ကို ဝတ်ဆင်လျက် ကြီးမားသော ဆေးတံတစ်ချောင်းကို ကိုင်ဆောင်ကာ အေးအေးလူလူ လမ်းလျှောက်လာနေသည်။ ခန်းရှသည် ထိုသူဆီသို့ လျှောက်သွားကာ မေးလိုက်သည်။
“ဦးလေး ... ဒီဝိုင်စက်ရုံ ဘာကြောင့် ပိတ်သွားတာလဲဆိုတာများ သိပါသလားရှင်”
အဘိုးကြီးသည် လမ်းလျှောက်နေရာမှ ရပ်သွားပြီး ခန်းရှတို့၃ဦးအား အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ကာ ဆတ်ခနဲ ပြန်ဖြေလိုက်သည်။
“ဘာအကြောင်းရှိရမလဲ။ ဒီအကျင့်မကောင်းတဲ့ သူဌေးက အလုပ်သမားတွေရဲ့ လစာကို အကုန်မရှင်းတဲ့အပြင် မကောင်းတဲ့ဝိုင်တွေကိုတောင်မှ ထုတ်တာလေ။ အဲဒီတော့ စီးပွားရေးက ပျက်ပြီပေါ့။ ဒီဘိုးဘိုးက အရင်တုန်းက အဲဒီမှာ အစောင့်လုပ်ဖူးတယ်။ သူဌေးက ငါ့ကိုတောင် နှစ်ဝက်စာလစာ ပေးဖို့ကျန်သေးတယ်”
“ဝိုင်စက်ရုံ ပိတ်သွားပြီဆိုတော့ အခုပိုင်ရှင်က ဘယ်သူတဲ့လဲ” ခန်းရှ ဇဝေဇဝါဖြစ်သွားသည်။
အဘိုးကြီးသည် သူဌေးဟောင်းအား ဆဲဆိုလိုက်ရင်း
“အဲဒီခွေးမသားက ထွက်ပြေးတယ်လေ။ အကြွေးပင်လယ်နစ်နေလို့ သူ ထွက်မပြေးခင်ကပဲ တစ်ယောက်ယောက်က သတ်ပစ်လိုက်တယ်။ အစိုးရက ဒီစက်ရုံကို ပြန်သိမ်းထားရတယ်။ ဒါကြီးကို ဘယ်သူဝယ်လိုက်လဲ ဆိုတာတော့ ဘုရားမှပဲ သိလိမ့်မယ်”
ခန်းရှ အံ့သြသွားသည်။
“အစိုးရက ပြန်သိမ်းလိုက်တယ် ဟုတ်လား။ နောက်ဆုံးပိုင်ရှင်က အစိုးရဆီမှာ အကြွေးတင်နေခဲ့လို့လား”
အဘိုးကြီးက ဆက်ပြောပြသည်။
“နောက်ဆုံးဝိုင်စက်ရုံ ပိုင်ရှင်က အခွန်ဆောင်ရမှာတွေကို မဆောင်ခဲ့ဘူးလေ။ သူ ဒေဝါလီခံပြီးတော့ အစိုးရက အဲဒီအကြောင်းကို သိသွားတာနဲ့ နိုင်ငံတော်ပိုင် ဘဏ္ဍာအဖြစ် ပြန်သိမ်းလိုက်တာ။ ဒါနဲ့ တူမကြီးတို့က ဒီကို ဘာအတွက်လဲ”
“ကျွန်မတို့ ဝိုင်အရက်စီးပွားရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိတာနဲ့ ဒီစက်ရုံအကြောင်း လာစုံစမ်းတာပါ။ ဒါပေမဲ့ မထင်မိဘူး ကျွန်မတို့လာတဲ့အချိန် အရာရာက အဆုံးသတ်နေပြီ ဆိုတာကို။ ဘာပဲဖြစ်ဖြစ် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး”
အဘိုးကြီး သည် လက်ကို ဝှေ့ယမ်းလိုက်ရင်း သူ၏ဆေးတံကြီးနှင့်အတူ ထွက်ခွာသွားလေသည်။
ခန်းရှသည် ထန်ရှုကို ကြည့်လိုက်ကာ
‘ကဲ ... ငါတို့ ဘာလုပ်သင့်လဲ သူဌေး။ အစိုးရနဲ့ပဲ ညှိနှိုင်းဆွေးနွေးကြမလား”
ထန်ရှုသည် ခေါင်းကို ညိတ်ကာ
“အစိုးရနဲ့ပဲ ညှိနှိုင်းဆွေးနွေးပြီး ဈေးကွက်ပေါက်ဈေးထက် ကျတဲ့ဈေးနဲ့ ဝယ်ဖို့ ကြိုးစားကြတာပေါ့။ ခင်ဗျားရဲ့ လူမှုအဆက်အသွယ်က မလုံလောက်ရင် လုံကျန်ယုနဲ့ ဆက်သွယ်ပါ။ သူကတော့ ဒီမှာ ဒေသခံသူဌေးပဲ။ ဒီအရင်းအမြစ်ကို မသုံးရင် ဖြုန်းတီးရာ ကျလိမ့်မယ်”
ခန်းရှသည် ပါးစပ်လေးအုပ်ကာ အသံထွက်အောင် ရယ်မောလိုက်ရင်း
‘ဟာ ... ဟား ဟား လုံကျန်ယုကို သူငယ်ချင်းတစ်ယောက် အဖြစ် စဉ်းစားလိုက်ရင် သူ့အတွက် တကယ် ကံမကောင်းတာပဲ။ ဒါပေမဲ့ နင်ပြောတဲ့အတိုင်း ငါ လုပ်လိုက်ပါမယ်။ သူ့ကို အခု ဖုန်းဆက်ပြီး အနိမ့်ဆုံးဈေးနဲ့ ဝယ်လို့ရအောင် ကြိုးစားလိုက်မယ်။ ဒါပေမဲ့ ဒီစက်ရုံက တအား ကြီးမားပေမဲ့ အတော်ကြီးကို အိုဟောင်းပျက်စီးနေပြီ ဆိုတော့ ငါတို့သူ့ကို သုံးရင်တောင်မှ ပြန်လည်ပြုပြင် တည်ဆောက်ရမှာ စိုးရွံ့တယ်”
“ဝယ်ပြီးသွားရင်တော့ ဒါကို အမြန်ဆုံးပြုပြင်ဖို့ တွန်းပါ။ ကျန်တာတွေကို အသုံးပြုလို့ရသမျှ ပြန်သုံးမယ် မကောင်းတာကိုတော့ အသစ်လုပ်ရမှာပေါ့လေ။ တည်ဆောက်ခြင်း အရာရာ ပြီးစီးသွားမှ ဝိုင်ရောင်းချဖို့အတွက် နည်းလမ်းကို ကျွန်တော်တို့ နောက်မှ ထပ်စဉ်းစားကြတာပေါ့”
***