ကံဆိုးမှုအတွက် နိမိတ်
Vol. 04 Ch. 188
ထန်ရှုသည် ဝိုင်စက်ရုံကိစ္စတွင် မပါဝင်ဟု ဆိုသော်ငြား ဂိုဒေါင်အတွင်းတွင် ဝိုင်ပြုလုပ်ရန်အတွက် လိုအပ်သည့်အရာများ ဝယ်ယူထားပြီးဖြစ်သည်။ သူ၏ဝိုင်ပြုလုပ်နည်းသည် သီးနှံစေ့များမှအပြင် သစ်သီးများနှင့် ဆေးဖက်ဝင် အပင်များစွာကို အသုံးပြုထားသည့် အထူးသီးသန့် နည်းလမ်းဖြစ်ပြီး ဝိုင်ဖောက်ရာတွင် အဓိကျသည့်ပြဿနာမှာ အချိန်ဖြစ်သည်။ အစစ်အမှန် ဝိုင်ကောင်းတစ်ခု ပြုလုပ်နိုင်ရန်အတွက် သီးနှံစေ့များအား အချဉ်ဖောက်ခြင်း၊ သစ်သီးများအား ကြိတ်ချေဖိနှိပ်ခြင်းနှင့် ဆေးဖက်ဝင်အပင်များအား ကျိုချက်ခြင်းတို့အတွက် အနည်းဆုံး ရက်ပေါင်းများစွာ လိုအပ်သည်။
အားလုံးဝယ်ပြီးသည့်နောက်တွင် သူသည် ငမွဲလေးတစ်ယောက် ပြန်ဖြစ်သွားပြီဖြစ်ကြောင်း နားလည်သဘောပေါက် လိုက်သည်။ ၂.၅ဘီလီယံ ရသော ပထမနေ့တွင် ချန်ကျီကျုံးအား ၂ဘီလီယံ အကြွေးဆပ်လိုက်ပြီး ခန်းရှအား ၃ဝဝမီလီယံ ပေးခဲ့သည်။ ကျန်သော ပိုက်ဆံ ၂ဝဝမီလီယံအား ချူယီသို့ သူ ဝယ်ယူခဲ့သော ဆေးဖက်ဝင်များအတွက် ပေးလိုက်သည်။
“ပိုက်ဆံ များများရတဲ့ နည်းလမ်းတစ်ခုတော့ ငါ စဉ်းစားရတော့မယ်”
ဝိုင်ပြုလုပ်ရန်အတွက် ကနဦးဆေးဖက်ဝင်များ ဝယ်ယူသည့်အလုပ်သည် ပြည့်စုံနေပြီဖြစ်သည်။ ထန်ရှုသည် ဂိုဒေါင်ထဲတွင် ရပ်နေရင်း ကူကယ်ရာမဲ့စွာ တွေးတောနေပေသည်။ လက်ရှိတွင် သူ့တွင် လုပ်စရာအများကြီး ရှိနေသော်လည်း ထိုအလုပ်တိုင်းသည် ငွေကြေးလိုအပ် နေသည်ချည်းသာ ဖြစ်တော့သည်။ ကျင့်ကြံမှုကျင့်စဉ်အား ရောင်းချရန် တွေးတောနေသော်လည်း သူသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့တွင် ရှိသမျှ ငွေကြေးအားလုံး နီးပါးအား ညှစ်ထုတ်ယူပြီးဖြစ်သည်။ ထိုအရာအား သူရောင်းချင်သည့်တိုင် သင့်တော်သည့် ဝယ်ယူသူအား သူ ရှာမတွေ့နိုင်ချေ။ သူ သိသော အခြားကျင့်ကြံသူမှာ တာအိုဘုန်းတော်ကြီး ကျိယီဖြစ်ပြီး ခြူးတစ်ပြားမှ မရှိသော တာအိုဘုန်းတော်ကြီး ဖြစ်သောကြောင့် အရာရာကို စွန့်လွှတ်မည် ဆိုရင်တောင်မှ ထန်ရှုသည် ငွေဘယ်လောက် ညှစ်ထုတ်ယူနိုင်မည်ကို မသိချေ။
ငွေချေးရမလား။
ထန်ရှုခေါင်းထဲတွင် အတွေးတစ်ချက် ပေါ်ပေါက်သွားသော်လည်း ချက်ချင်း ဖယ်ထုတ်လိုက်ရသည်။
“ဒေါက် ... ဒေါက် ...”
ဂိုဒေါင်တံခါးခေါက်သံ ပေါ်ထွက်လာပြီးနောက် ဂူရင်သည် အတွင်းသို့ မျှော်လင့်နေသော အမူအရာဖြင့် ဝင်လာသည်။
“ဆရာ ... ရင်ရင် နည်းပြစာအုပ်နဲ့ မှတ်စုစာအုပ်လိုနေလို့ အပြင်ထွက်သွားဝယ်ဖို့ လိုတာ။ ဒါပေမဲ့ အမေကလည်း အတန်းတက်နေတာ မပြီးသေးတော့ ရင်ရင့်ကို အဖော်လုပ်ပေးဖို့ အချိန်မရှိဘူး ဖြစ်နေလို့။ ဆရာ ရင်ရင်နဲ့ စာရေးကိရိယာဆိုင်ကို လိုက်ခဲ့ပေးပါလားဟင်”
ထန်ရှုသည် အပြုံးဖြင့်
“အေးပါ ... ငါတို့ အခု သွားရအောင်”
သူ့တွင် အခုချိန် ပိုက်ဆံမရှိသော်လည်း နည်းပြစာအုပ်နှင့် မှတ်စုစာအုပ် ဝယ်ယူရန် လုံလောက်သောငွေ ရှိပါသေးသည်။ ဂူရင်၏ သင်ယူလေ့လာမှု အရေးကြီးသကဲ့သို့ သူ၏အချဉ်ကစော်ဖောက်သည့် လုပ်ငန်းစဉ်မှာလည်း အချိန်တစ်ခု စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် ယာယီအားဖြင့် ဝိုင်ဖောက်ခြင်း လုပ်ငန်းစဉ်အား ဆက်လက် မလုပ်ဆောင်နိုင်သေးပေ။ ထို့ကြောင့် လက်ရှိတွင် သူ့တွင် လုပ်စရာ ဘာမှ မရှိချေ။
ထန်ရှုသည် ဂူရင်နှင့်အတူ တောင်တံခါးအိမ်ရာမှ ထွက်လာခဲ့ပြီး အိမ်ရာဝင်ပေါက် အရောက်တွင် အန္တရာယ် အငွေ့အသက်အား သူ၏ထက်မြက်သောအာရုံမှ ခံစားမိလိုက်သည်။ ထိုခံစားမှုသည် သူ့အား ဖျော့တော့သော ဆောက်တည်ရာမဲ့မှုကို ပေးစွမ်းလေသည်။ ပမာဆိုရပါလျှင် အမှောင်ထောင့်တစ်နေရာမှ မျက်ဝန်းတစ်စုံသည် သူ့အား စူးစိုက်စွာ လိုက်ကြည့်နေသည့်နှယ်ပင် ဖြစ်တော့သည်။
“ငါ ဒီတစ်လော တစ်ယောက်ယောက်ကိုများ ရန်စထားခဲ့မိသေးလား”
ထန်ရှုသည် မျက်မှောင်ကြုတ် သွားရသည်။ သူသည် ဘေးဘီဝဲယာအား ပုံမှန်ဟန်ဖြင့် အကြိမ်အနည်းငယ် ကြည့်ရှုလိုက်ရင်း ဂူရင်အား သူ့အနီးသို့ ဆွဲကပ်ထားလိုက်သည်။ မည်သို့သော အန္တရာယ်ဖြစ်လာပါစေ သူ့အား ထိခိုက်မည် ဆိုရင်တောင်မှ ဂူရင်အား အထိခိုက် မခံနိုင်ပါပေ။
မိနစ်အနည်းငယ်ကြာသော် ထန်ရှုနှင့်ဂူရင်သည် အနီးနားရှိ ကုန်သွယ်လမ်းသို့ ရောက်သောအခါ ထိုခံစားမှုသည် အရိပ်အယောင်ပင် မရှိတော့ပဲ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ထန်ရှုသည် ပေါ့ပေါ့တန်တန် သတိလက်လွတ် မနေရဲပါချေ။ ဂူရင်အား နည်းပြစာအုပ်နှင့် မှတ်စုစာအုပ် ဝယ်ပေးပြီးနောက် သူမနှင့် အိမ်သို့ အမြန် ပြန်လာခဲ့သည်။
နာရီဝက်ကြာပြီးနောက် ထန်ရှုသည် အိမ်မှ အမြန်ထွက်လာခဲ့သည်။ သူသည် ပင်မတံခါးမှ မထွက်ဘဲ အနောက်တံခါးမှထွက်ကာ တောင်ကုန်းနံရံဘေးသို့ ဦးတည်သွားခဲ့သည်။ ထိုအတိုင်း သွားခဲ့ရင်းမှ အလယ်ဗဟိုမှ အိမ်ရာအား ကျော်ဖြတ်လာသည်ဟု ထင်ရချိန်တွင် တောအုပ်ထဲမှ တိတ်တဆိတ် ထွက်ခဲ့သည်။
သူ၏စူးရှလှသော မျက်ဝန်းအစုံသည် ပတ်ဝန်းကျင်အား အဆက်မပြတ် အကဲခတ်နေသည်။ ထန်ရှုသည် အဝတ်အစားလဲပြီးနောက် တောင်တံခါးအိမ်ရာ၏ ရှေ့တံခါးအနီးတွင် ချက်ချင်း ပြန်ပေါ်လာခဲ့သည်။ သို့သော်လည်း သူသည် သစ်ပင်တစ်ပင်နောက်သို့ ရိပ်ခနဲရောက်သွားကာ ပုန်းအောင်းနေရင်း သူမသိသော ရန်သူများအား တိတ်ဆိတ်စွာ ရှာဖွေနေသည်။
ထန်ရှုနှင့် တစ်ကီလိုမီတာအကွာရှိ အဆောက်အဦ တစ်ခုအတွင်းတွင် ...
လူ၂ယောက်သည် စစ်တပ်သုံး အဝေးကြည့်မှန်ပြောင်း တစ်လက်အား ကိုင်ဆောင်လျက် ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ တောင်တံခါးအိမ်ရာအတွင်းမှ အိမ်ရာများအား ကြည့်ရှု အကဲခတ်နေသည်။ တစ်ယောက်သည် ဝမ်မင်းဖြစ်ပြီး သူ၏အနောက်တွင် အခြားလူ၄ယောက်သည် သောက်စားရင်း စကားများ ပြောနေကြသည်။
ဝမ်မင်းသည် သူ၏မှန်ပြောင်းအား ချလိုက်ကာ နံရံမှီနေသော အမျိုးသားအား ကြည့်ရင်း စကားဆိုလိုက်သည်။
“အကြီးအကဲ ဝံပုလွေ ... ကျွန်တော်တို့ တစ်ဖက်လူအကြောင်းကို စုံစမ်းပြီးပါပြီ။ သူက နတ်ဆိုးတစ်ယောက် မဟုတ်ဘူး။ အသက်ငယ်သေးတာတောင်မှ စီးပွားရေးလုပ်ငန်းကြီး ရှိပြီးတော့ အလွန် စွမ်းအားကောင်းတဲ့ အရည်အချင်းတွေလည်း ရှိတယ်။ သူ့ကို ဆက်ပြီးစောင့်ကြည့်ဖို့ လိုသေးလား။ သူက ကျွန်တော်တို့ကို ၃ရက်ပဲ အချိန်ပေးထားတယ်”
အကြီးအကဲဝံပုလွေမှ
“ငါတို့သူ့ကို စုံစမ်းတယ်ဆိုပေမဲ့ သတင်းတွေက မတိကျဘူး။ သူ့ရဲ့သွင်ပြင်ကြောင့် အလှည့််စားမခံနဲ့။ သူက အတွေ့အကြုံများပြီး သာမန်တော့ မဟုတ်လောက်ဘူးကွ။ ခုနက ကလေးမလေး တစ်ယောက်ကို ရှေ့တံခါးပေါက်ကနေ ခေါ်လာတုန်းက သူ့ကို လူတချို့စောင့်ကြည့်နေတယ် ဆိုတာ သူက သိနေပြီးပြီ။ ငါတို့တည်ရှိမှုကို သိသွားတာလား အခြားအဖွဲ့ တည်ရှိတာကို သိသွားတာလားတော့ မသေချာဘူး”
ဝမ်မင်း အံ့အားသင့်သွားသည်။
“အခြား လူတွေကလည်း သူ့ကို စောင့်ကြည့်နေကြတာလား”
အကြီးအကဲ ဝံပုလွေသည် အနောက်မြောက်အရပ်သို့ ညွှန်ပြလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မင်း လမ်းပေါ်မှာ လျန်ပီခေါက်ဆွဲရောင်းနေတဲ့ ဆိုင်လေးကို တွေ့လား။ ငါ ဒီမနက် အဲဒီဆိုင်ကနေ ခေါက်ဆွဲ သွားဝယ်လာခဲ့တာ။ ရောင်းသူက သာမန်လူတစ်ယောက်ပုံ ပေါက်လွန်းပေမဲ့ သူက ရက်စက်တဲ့သူတစ်ယောက် ဆိုတာ ငါ သေချာသိတယ်။ ငါ့လေ့လာမှုအရ မနေ့က အဲဒီဆိုင်ကနေ ဝယ်သူ၃ယောက်ပဲ ရှိပေမဲ့ ဆိုင်လေးက တစ်နေ့လုံး ဖွင့်ထားတယ်။ နှစ်ယောက်က ပုံမှန်အတိုင်း စားစရာအချို့ ယူသွားပေမဲ့ တစ်ပြားမှတောင် မပေးသွားဘူး။ နောက်တစ်ယောက်ကတော့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ကလေးနဲ့လာတာ။ ဒါပေမဲ့ သူကျတော့လည်း ဘာမှ မဝယ်ဘူး”
ဝမ်မင်း၏ဦးနှောက် အလုပ်လုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်။
“ခေါင်းဆောင် ဆိုလိုတာက သူတို့က အယောင်ဆောင်တွေ ဖြစ်ပြီးတော့ ထန်ရှုကို တစ်ခုခု လုပ်ဖို့ ကြိုးစားနေတာလား”
အကြီးအကဲ ဝံပုလွေ ခေါင်းညိတ်လိုက်သည်။
“ငါ မှန်းဆတာ မှန်တယ်ဆိုရင် သူတို့တွေက အယောင်ဆောင်တွေပဲ။ ငါ ဒီပွဲကို ကြည့်ချင်တယ်။ သူပဲ သေမလား ဒါမှမဟုတ် အဲဒီလူတွေပဲ ကံဆိုးမလား ဆိုတာတော့ ငါ မသိဘူး”
“ကျွန်တော်တို့ သူ့ကို မကူညီဘူးလား”
အကြီးအကဲ ဝံပုလွေသည် လှောင်ရယ်ကာ ပြန်ဖြေလိုက်သည်။
“ဟာ ... ဟ ... ဒီပြဿနာ သေးသေးလေးကိုမှ မဖြေရှင်းနိုင်ရင် ငါတို့အကြီးအကဲ ဖြစ်ဖို့ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ”
“အဲဒါဆို ဒီရန်သူတွေကို သူ အမှန်တကယ် တိုက်ထုတ်နိုင်ခဲ့ရင် ကျွန်တော်တို့ သူ့နောက်ကို လိုက်ပြီး အလုပ်လုပ်ပေးကြမှာလား ခေါင်းဆောင်”
“ဒီလုပ်ကြံသူတွေက တိုက်ခိုက်ဖို့ အမှောင်ထဲကနေ ချောင်းနေကြတာ။ အရမ်း အန္တရာယ် များတဲ့သူတွေ။ ငါတို့ ညီအစ်ကိုတွေသာ သူတို့တွေနဲ့ဆုံခဲ့ပြီး သတိတစ်ချက် လွတ်တာနဲ့ အသက်ပါသွားနိုင်တယ်။ သူသာ ဒါကိုဖြေရှင်းနိုင်မယ် ဆိုရင်တော့ ဒါက သူ စွမ်းအား အလွန်ကြီးတာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒါဆိုရင် ငါတို့ သူ့အတွက် အလုပ်လုပ်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း သူ ငါတို့ကို ဘာကြောင့်နဲ့ ဘာအတွက် သူ့အတွက် အလုပ်လုပ်ပေးစေချင်နေတယ် ဆိုတာကို ငါ စဉ်းစားမရသေးဘူး”
ဝမ်မင်း ခေါင်းကို ညိတ်လိုက်ပြီး စကားထပ်မပြောတော့ပေ။ သူသည်လည်း ထန်ရှု၏နောက်ပေါ်လာမည့် လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုအား ကြည့်ရန် မျှော်လင့်စောင့်စား နေပေသည်။
အကြီးအကဲ ဝံပုလွေသည် သူ၏မှန်ပြောင်းအား မတင်လိုက်သည်။ သူသည် အပြင်ဘက်ရှိ တောင်တံခါးအိမ်ရာ အရှေ့ဝင်ပေါက်ဆီသို့ ကြည့်မိလိုက်သောအခါ လေသံနှိမ့်လျက် ထူးဆန်းစွာ ပြောလာသည်။
“အိမ်ရာရှေ့ဝင်ပေါက် ၆၅မီတာအကွာလောက်မှာ လက်ဝဲဘက်က သစ်ပင်ကြီးကို အာရုံစိုက်ပြီး တစ်ချက်ကြည့်လိုက်။ သူ့ကို အိမ်ကနေ တိတ်တဆိတ် ထွက်လာပြီး ရန်သူတွေကို လျှို့ဝှက်ပြီး ချောင်းကြည့်နေမယ်လို့ ငါ တစ်ခါမှ မထင်ထားမိဘူး။ လျန်ပီဆိုင်လေးမှာ တစ်ခုခု မှားယွင်းနေတယ် ဆိုတာ သူလည်း သိတယ်နဲ့တူတယ်”
ဝမ်မင်းသည် သူ၏မှန်ပြောင်းအား အမြန်မြှောက်ကာ ကြည့်လိုက်ရာ ထန်ရှုသည် သစ်ပင်မှ ဘေးလမ်းအတိုင်း ရွေ့လျားကာ လျန်ပီဆိုင်လေးဆီသို့ တန်းတန်းမတ်မတ် သွားနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
“မိုက်လိုက်တာ။ သူ အဲဒီကို သွားမှတော့ ဟိုဘက်ကလူတွေက သူ့ကို တန်းပစ်ခတ်ရင် သူ့မှာ အသက်၁ဝချောင်း ရှိတာတောင် သေမှာပဲ”
ဝမ်မင်းသည် အခြေအနေအား မြင်ပြီးနောက် လေသံတိုးတိုးဖြင့် ချက်ချင်း ပြောလိုက်သည်။
အကြီးအကဲ ဝံပုလွေ ပြောလိုက်သည်။ “ဆက်ကြည့်ပါဦး”
တောင်တံခါးအိမ်ရာ၏ အရှေ့ဝင်ပေါက်အနီးတွင်
ထန်ရှုသည် လျန်ပီခေါက်ဆွဲများ ရောင်းချသော ဆိုင်လေးသို့ လာခဲ့သည်။ သူ၏စူးရှသော အကြည့်တို့သည် သက်လတ်ပိုင်း ပိုင်ရှင်အား ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြောလိုက်သည်။
“ကျွန်တော့်ကို လျန်ပီ၂ပွဲ ထုပ်ပေးပါ”
သက်လတ်ပိုင်းလူသည် တစ်ချက်ပြုံးလိုက်ရင်း
“ကောင်းပြီ။ ခဏစောင့်ပါ”
သူသည် အဝေးထောင့်တစ်နေရာသို့ အမြန်ကြည့်လိုက်ရင်း သူ၏ခေါင်းအနောက်ဘက်သို့ ကုတ်ရန် ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူသည် လျန်ပီခေါက်ဆွဲအား နှေးကွေးစွာ ပြုလုပ်လေသည်။
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ၂ဝဝမီတာပတ်လည်အထိ ဖြန့်ကြက်ထားသည်။ သူသည် သက်လတ်ပိုင်းလူ၏ လှုပ်ရှားမှုကိုသာ စိုက်ကြည့်နေသည့်ဟန် ရှိသော်လည်း သူ၏အာရုံအတွင်းတွင် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးသည် စုံတွဲတစ်တွဲဟန် အဖြစ် သူ၏ စောင့်ကြည့်ဧရိယာ အတွင်းတွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။
“လုပ်ကြံသူတွေလား။ သူတို့၃ယောက်လား”
ထန်ရှု၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားသည်။ သူသည် လှုပ်ရှားရန် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူ့အား သတ်ချင်သူ မည်သူမဆို သနားညှာတာမှုပြလိမ့်မည် မဟုတ်ချေ။
“သူဌေး ... ငါ လျန်ပီ မဝယ်တော့ဘူး”
ပြောပြီးသည်နှင့် ထန်ရှု လှည့်ထွက်လိုက်သည်။
သက်လတ်ပိုင်း ဆိုင်ရှင်သည် မျက်မှောင်ကြုတ်သွားကာ အန္တရာယ် အရိပ်အယောင်သည် သူ၏မျက်လုံးအစုံတွင် ချက်ချင်း ဖြတ်ပြေးသွားသည်။ စက္ကန့်ပိုင်းအတွင်း သူ၏လက်သည် ခါးကြားမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ ထန်ရှုအား ချိန်ပြီး ခလုတ်အား ဆွဲလိုက်သည်။
“ဒိုင်း ...”
သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ သို့သော် သက်လတ်ပိုင်းလူ၏ မျက်နှာသည် ချက်ချင်း အကြီးအကျယ် ပျက်သွားသည်။ သူ၏ပစ်ချက်သည် ထိမှန်သွားဟန်မရှိဘဲ ထန်ရှုသည် သူ၏မြင်ကွင်းမှ ပျောက်သွားသည်။
“ရွှီး ...”
လေတိုးသံ တစ်ချက်နှင့်အတူ သက်လတ်ပိုင်း ဆိုင်ရှင်သည် သူ၏လည်ပင်းတွင် အေးစက်သော အသက်ရှူသံ တစ်ချက်အား ခံစားလိုက်ရပြီး သူ၏လည်ပင်းသည် အညှစ်ခံလိုက်ရသည်။
ထန်ရှုသည် သူ၏အနောက်တွင် ရပ်လျက် နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။
“အဆင်အခြင်မဲ့ မလုပ်နဲ့။ နို့မဟုတ်ရင် ခင်ဗျားလည်ပင်းကို ချိုးပစ်လိုက်မယ်။ ပြောပါ ... ဘယ်သူက ကျွန်တော့်ကို သေစေချင်နေတာလဲ”
သက်လတ်ပိုင်းဆိုင်ရှင်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ သူသည် လှည့်ကြည့်ချင်သော်လည်း လည်ပင်းမှာ အညှစ်ခံထား ရသောကြောင့် လှုပ်ရှားမရသည်ကို တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းသည် အကြိမ်အနည်းငယ် တရွရွဖြစ်လာပြီးမှ တူးတူးခါးခါး ပြောလိုက်သည်။
“ငါ မသိဘူး။ ငါ ကြေးစားတစ်ယောက် သက်သက်ပဲ။ စာချုပ်သက်တမ်း ရှိသရွေ့ ပစ်မှတ်ရဲ့သတင်းကို ယူပြီး ရှင်းပေးရတယ်။ ပြီးရင် ပိုက်ဆံယူတယ်”
“ကျွန်တော် ခင်ဗျားပြောတာကို ယုံတယ်။ မလှုပ်နဲ့။ ဟိုးနားမှာရှိနေတဲ့ အတွဲကလည်း ခင်ဗျားရဲ့ အပေါင်းပါတွေပဲမလား။ သူတို့မှာလည်း လက်နက်အပြည့်အစုံ ပါတယ်ဆိုတော့ကာ ကျွန်တော့်ကို တော်တော်ကြီး သေစေချင်နေတဲ့ လူတွေတော့ အမှန်တကယ်ကို ရှိနေပြီလို့ ပြနေတာပဲ။ ဒီလိုလုပ်ကြံသူ ၃ယောက်တောင်မှ ကျွန်တော့်ကို သတ်ဖို့ စေလွှတ်လိုက်တယ်ဆိုတော့။ ပြောပါဦး။ ကျွန်တော့်ခေါင်းအတွက် ခင်ဗျားတို့ကို ဘယ်လောက်ပေးထားလဲ” ထန်ရှု သရော်လိုက်သည်။
“ငါး ... ငါးမီလီယံ တစ်ယောက်ကို။ စုစုပေါင်း ၁၅မီလီယံ” သက်လတ်ပိုင်းဆိုင်ရှင်သည် လည်ပင်းအစ်နေသည့်ကြားမှ ပြန်ဖြေသည်။
“အဲဒါဆို ခင်ဗျားနဲ့အလုပ်ရှင်ကြားမှာ ဆက်သွယ်ပေးတဲ့ တစ်ယောက်တော့ ရှိမှာပေါ့။ ခင်ဗျားတို့၃ယောက် ၁၅မီလီယံရတယ်။ ကျွန်တော် ပြောနိုင်တယ် ... ကျွန်တော့်ခေါင်းက အဲဒီထက်မက တန်ဖိုးရှိတယ်။ ခင်ဗျားကြားခံလူရဲ့ ဖုန်းနံပါတ် ပေးပါ”
“၁၃၈၁၄ ...”
သက်လတ်ပိုင်း ဆိုင်ရှင်သည် ဖုန်းနံပါတ်တစ်ခုအား တိုးတိုးရွတ်ပြ လိုက်သည်။
ထန်ရှုသည် လုပ်ကြံသူစုံတွဲ တဖြည်းဖြည်း နီးလာသည်ကို မျက်တောင်တစ်ချက် မခတ်ဘဲ စောင့်ကြည့်နေရင်း သက်လတ်ပိုင်း ဆိုင်ရှင်၏လည်ပင်းအား သူ၏လက်နှင့်ပခုံးအား အသုံးပြုကာ ချိုးလိုက်သည်။
ထိုအခိုက်တွင် အဆိုပါစုံတွဲသည် တစ်ခုခု မူမမှန်သည်ကို သတိပြုမိသွားသည့်အလား ဆိုင်လေးနှင့် မီတာ၂ဝအကွာတွင် ရပ်တန့်သွားသည်။
“ကောင်းလိုက်တဲ့ သတိ”
ထန်ရှုသည် အေးစက်စက် ပြုံးလိုက်သည်။ သူသည် သက်လတ်ပိုင်းဆိုင်ရှင်၏ သေနတ်အား ဆွဲထုတ်ကာ မီတာ၂ဝအကွာမှ ထိုစုံတွဲဆီသို့ တုံ့ဆိုင်းခြင်းမရှိဘဲ သေနတ်ကျည်ဆန် အနည်းငယ် လှမ်းပစ်ထည့်လိုက်သည်။ သည့်မတိုင်မီက သေနတ်အား သူတစ်ခါမှ မသုံးဖူးသော်လည်း သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထို၂ယောက်အား ချိပ်ပိတ်လိုက်ပြီး သေနတ်ခလုတ်အား ဆွဲပစ်လိုက်ခြင်း ဖြစ်တော့သည်။
ထိုစုံတွဲ၏နဖူးထက်တွင် တောက်ပသော အနီရောင်ပန်းပွင့် ပွင့်သွားကာ သွေးများသည် ချယ်ရီပန်းပွင့်များ အလား ပြန့်ကျဲသွားသည်။
သေနတ်နှစ်ချက်နှင့် လူသေ၂ယောက်။
ထန်ရှုသည် သေနတ်အား မထားခဲ့ပဲ သူ၏ဂျက်ကတ်အိတ်ထဲ ထည့်ကာ သိမ်းလိုက်သည်။ သူ၏အင်္ကျီလက်မောင်းဖြင့် မျက်နှာအား ကာလိုက်ကာ ဆိုင်လေးမှ အလင်းတန်းသဖွယ် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
“အား ... လူသတ်သမား ...”
အော်သံများသည် အနီးနားပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။ အိတ်တစ်လုံး သယ်လာသည့် ငယ်ရွယ်သော မိန်းမလှလေး တစ်ယောက်သည် သေနတ်သံအား ကြားလိုက်ရပြီးနောက် ထိုစုံတွဲသည် သွေးအိုင်ထဲသို့ လဲကျသွားသည့် မြင်ကွင်းသည် သူမအား ကြောက်လန့်စေသည်။ သူမသည် အော်ပြီးသည့်နောက် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
တောင်တံခါးအိမ်ရာ၏ အရှေ့ဝင်ပေါက်အား စောင့်ကြပ်နေသော လုံခြုံရေး၄ဦးသည် သေနတ်သံကြားသည်နှင့် ချက်ချင်း အသံကြားလိုက်ရာဘက်မှ လျန်ပီဆိုင်လေးရှိရာသို့ အပြေးဒုန်းစိုင်း လာကြသည်။
***