← Chapters

ခြိမ်းခြောက်မှုများ

Vol. 04 Ch. 189

ခြိမ်းခြောက်မှုများ

Vol. 04 Ch. 189

မီတာ၁ထောင်အကွာရှိ အဆောက်အဦအတွင်းမှ ခေါင်းဆောင်ဝံပုလွေနှင့် ဝမ်မင်းသည် လျန်ပီဆိုင်လေးတွင် ဖြစ်ပျက်သမျှအား သူတို့၏လက်သုံးတော် မှန်ပြောင်းအစွမ်းဖြင့် ရှင်းလင်းစွာ မြင်လိုက်ကြရသည်။ ဥပဒေ လွှမ်းမိုးရာ ယနေ့ခေတ် လူ့အဖွဲ့အစည်းအတွင်း ထန်ရှုသည် သေနတ်ပစ်ရဲကာ ပြတ်ပြတ်သားသား သတ်ဖြတ်လိမ့်မည်ဟု သူတို့မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ။

“အဲဒီကောင်လေးက တော်ပြီး စမတ်ကျသားပဲ”

ပျောက်ကွယ်သွားသော ထန်ရှု၏နောက်ကျောအား ကြည့်ရင်း ခေါင်းဆောင်ဝံပုလွေ၏ မျက်ဝန်းအစုံတွင် အရောင်တစ်ချက် လင်းလက်သွားခဲ့သည်။

“ဟင် ခေါင်းဆောင် ဘာကြောင့် ပြောတာလဲ” ဝမ်မင်း၏နဖူး မြင့်တက်သွားကာ မေးလိုက်သည်။

ခေါင်းဆောင်ဝံပုလွေသည် အမူအရာကင်းမဲ့စွာဖြင့်

“သူက ဆိုင်ရှင်ရဲ့လည်ပင်းကို ချိုးပြီး သေနတ်ကို ယူလိုက်တယ်။ ပြီးတော့ အခြားကြေးစား၂ယောက်ကို လှမ်းပစ်ပြီးတော့ သတ်လိုက်တယ်။ ဒါပေမဲ့ သူက သေနတ်ကို လွှင့်မပစ်ခဲ့ဘူး တစ်ခါတည်း ယူသွားတယ်။ ပြီးတော့ မင်း သူ့ခြေလှမ်းတွေကို မြင်လား။ သူ့ရဲ့ခြေမအားသုံးပြီး ပြေးသွားတာ။ ရဲတွေ အခင်းဖြစ်ပွားရာ ရောက်လာတာနဲ့ ချက်ချင်း စုံစမ်းထောက်လှမ်းမှာကို သူ ကောင်းကောင်းကြီး သတိရှိတယ်။ အခြေခံအကျဆုံး ထောက်လှမ်းမှုက မြေပြင်ပေါ်က ခြေရာတွေပဲ။ အဲဒါအပြင် ရဲတွေ စုံစမ်းစစ်ဆေးရင် အခင်းမဖြစ်ပွားခင် သူ့ကို တောင်တံခါးအိမ်ရာရဲ့ အရှေ့ဝင်ပေါက်ကနေ အပြင်ထွက်သွားတာ မြင်ထားကြတယ်။ သူ့ခြေရာကို အခင်းဖြစ်ပွားရာက ခြေရာတွေနဲ့ နှိုင်းယှဉ်ရင် သူက အဲဒီမှာမရှိတာကို မြင်သာအောင် ပြလိမ့်မယ်”

ဝမ်မင်းသည် ခေါင်းညိတ်သွားပြီး လေးစားသောအသံဖြင့် ရေရွတ်လိုက်မိသည်။

“သောက်ကျိုးနည်း ... သူ စစ်တပ်ထဲ မဝင်တာကို တွေးမိရင် တကယ့်ကို အရည်အချင်း ရှိတဲ့သူကို ဆုံးရှုံးရတာပဲ”

ခေါင်းဆောင်ဝံပုလွေ ခေါင်းကို ယမ်းပြလိုက်ရင်း

“မဟုတ်ဘူး။ သူက စစ်သားတစ်ယောက် အဖြစ် မသင့်တော်ဘူး”

“ဘာဖြစ်လို့လဲ” ဝမ်မင်း အံ့အားသင့်သွားသည်။

“သူက အရမ်း ရက်စက်လွန်းပြီး သူ့ကို ဘယ်အရာမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် စစ်တပ်ရဲ့ စည်းကမ်းတွေနဲ့ လိုက်လျောညီထွေ မဖြစ်ဘူး။ သူ စစ်တပ်ကိုဝင်ပြီး ငါတို့လို စစ်သားတစ်ယောက် ဖြစ်လာရင် ပြဿနာကြီးတွေ လုပ်လိမ့်မယ်”

ဝမ်မင်းသည် ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်သည်။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ခေါင်းဆောင်။ ရဲတွေ သူ့ကို ဖမ်းနိုင်ဖို့ ပူးပေါင်းသင့်လား”

ခေါင်းဆောင်ဝံပုလွေသည် ဝမ်မင်းအား စူးနစ်စွာ စိုက်ကြည့်ကာ အေးစက်တင်းမာသော အသံဖြင့်

“ငါတို့က ဘာကြောင့် လုပ်ရမှာလဲ။ ငါတို့က အစိုးရလက်နက်တွေ မဟုတ်တော့ဘူး။ ငါတို့ ဝတ်စုံ ချွတ်ပြီးတာနဲ့ အစိုးရပြဿနာတွေမှာ ပါဝင်ဖို့ မလိုတော့ဘူး။ ငါတို့ကို နောက်ယောင်ခံ လိုက်နေတဲ့သူတွေကို ကြယ်တာရာထဲ လျှို့ဝှက်စွာ တိတ်တဆိတ်ဝင်ပြီး မျက်ခြည်ဖြတ်ထားတယ် ဆိုတာ မမေ့လိုက်နဲ့။ ငါတို့ တည်နေရာကို မင်းကထပ်ပြီး ဖော်ပြချင်လို့လား”

ဝမ်မင်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခါးသီးသော အမူအရာဖြင့်

“ကျွန်တော် သိပါတယ်။ ကျွန်တော်တို့သာ ပေါ်လာခဲ့ရင် ပြည်နယ်ရဲ့စောင့်ကြည့်ခံ ပစ်မှတ်တွေ သေချာပေါက် ဖြစ်သွားလိမ့်မယ်”

ခေါင်းဆောင်ဝံပုလွေသည် မထီတထီဟန်ဖြင့်

“ငါတို့ ထန်ရှုရဲ့ နောက်ထပ်လှုပ်ရှားမှုတွေ ကြည့်ကြတာပေါ့။ ဒီပြဿနာကို သူ ဟာကွက်မရှိ ကိုင်တွယ်နိုင်ပြီး နောက်ဆက်တွဲပြဿနာတွေ ထပ်မရှိတော့ဘူးဆိုရင် သူ့နောက်ကို ငါတို့လိုက်ဖို့ ထိုက်တန်တဲ့ အရည်အချင်းတွေ၊ စွမ်းရည်တွေရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ သူက ပြဿနာတွေတက်ပြီး ငါ့ရဲ့မျှော်လင့်ချက်တွေနဲ့ မပြည့်မီဘူးဆိုရင်တော့ ငါတို့အားလုံး အိမ်ပြန်ကြမယ်”

“နားလည်ပါပြီ” ဝမ်မင်း တိတ်တဆိတ် ခေါင်းညိတ်သည်။

ခေါင်းဆောင်ဝံပုလွေသည်လည်း တစ်ချက်ငြိမ်သက် သွားပြီးနောက် ဘေးသို့လှည့်ကာ သူ၏မှန်ပြောင်းအား စားပွဲပေါ်တွင် တင်လိုက်သည်။ လေးနက်သောအသံဖြင့်

“ဆက်ပြီး စောင့်ကြည့်ထားပါ။ ငါ အပြင် အရင်ထွက်လိုက်ဦးမယ်”

“ခေါင်းဆောင် ... ခင်ဗျားကိုယ်တိုင် သူ့ကို စုံစမ်းတော့မလို့လား။ ဒီကောင်လေးက ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့တယ်ဗျ။ တစ်ခုခု အမှားအယွင်းဖြစ်လို့ ခေါင်းဆောင် သူနဲ့ဆန့်ကျင်မိရင် ...”  ဝမ်မင်း အမြန် ပြောလိုက်သည်။

“သူသာ ငါ့ကို နားလည်မှုလွဲပြီး ငါ့မှာလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အရည်အချင်းသာ မရှိခဲ့ရင် ... ငါထင်တယ် ငါတို့လို အမှိုက်တွေကို သူ လိုချင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ ငါပြန်လာတဲ့အထိ ဒီမှာ စောင့်နေပေး”

ခေါင်းဆောင်ဝံပုလွေသည် ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

သစ်ပင်များသည် အေးချမ်းဖို့အတွက် ရှည်လျားကြသော်လည်း ထိုသစ်ပင်များအား ဖြတ်သန်းတိုက်ခတ်သော လေမှာမူ အမြဲတမ်းတော့ သာတောင့်သာယာ ဖြစ်နေမည်မဟုတ်ပေ။ ထိုနည်းတူ လူတစ်ယောက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကမ္ဘာကြီးကတော့ ပြောင်းလဲနေမည်သာ ဖြစ်တော့သည်။

သတ်ဖြတ်ရန် အစွမ်းထက်သော လုပ်ကြံသူ၃ယောက်အား စေလွှတ်သည်အထိ သူ့အား အရိုးထဲမှ မုန်းတီးနေသောသူအား ရှင်းလင်းစွာ အဖြေမထုတ်နိုင်ပေ။ သို့သော် သူသည် လွယ်လွယ်နှင့် အလွှမ်းမိုးခံသူ တစ်ယောက်မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် သူ့အား လာမရှုပ်လျှင် သူသည် အေးဆေးစွာနေမည် ဖြစ်သော်လည်း သူ့အား လာရှုပ်မည်ဆိုပါက တူညီစွာ ပြန်လည်တုံ့ပြန်မည်သာ ဖြစ်သည်။ သူသည် လျန်ပီဆိုင်မှ ထွက်ခွာလာပြီးနောက် တောင်တံခါးမြို့သို့ မပြန်သေးပဲ အခြားနေရာသို့ လှည့်ပတ်ကာ ပုန်းအောင်းနေသည်။ ထို့နောက် သူ၏ဖုန်းအား ထုတ်ကာ လျန်ပီဆိုင်ရှင် ပေးခဲ့သော ဖုန်းအား ခေါ်ဆိုလိုက်သည်။

“တူ ... တူ ...”

ဖုန်းခေါ်ဆိုမှု ဝင်သွားသော်လည်း တစ်ဖက်မှ မည်သည့်စကားမျှ မဆိုချေ။

၁ဝစက္ကန့်ခန့် တိတ်ဆိတ်နေပြီးနောက် ထန်ရှု ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါက ထန်ရှု။ ငါလိုချင်တဲ့ အဖြေကို ပေးရင် မင်းကို ပိုက်ဆံပေးတဲ့သူရဲ့၁ဝဆ ငါ ပေးမယ်”

“သူတို့ ... သူတို့ သေပြီလား” ဖျော့တော့သော အသံနက်နက်သည် နောက်ဆုံးတွင် ဖုန်းထဲမှ ထွက်လာသည်။

“ဟုတ်တယ်။ အားလုံး သေကုန်ပြီ” ထန်ရှု ပြောလိုက်သည်။

ဖုန်းထဲမှ ယောက်ျားသည် တိတ်ဆိတ်သွားပြန်သည်။ သည်တစ်ကြိမ်တွင် မိနစ်ဝက်မျှသာ တိတ်ဆိတ်နေခဲ့ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါ့ဘဏ်အကောင့်ထဲကို ၂ဝဝမီလီယံ လွှဲလိုက်ပါ။ ငါ ပြဿနာတွေ ထပ်မလိုချင်ဘူး။ အဲဒါကြောင့် မင်း အဲဒီပြဿနာကို သင့်တော်စွာ ဖြေရှင်းစေချင်တယ်။ ဘဏ်အကောင့်နံပါတ်က ...”

ထန်ရှု၏မျက်လုံးအစုံ မှေးစင်းသွားကာ ခန်းရှဆီ ဆက်သွယ်လိုက်သည်။ သူမအား ၃ဝဝမီလီယံ လွှဲပေးထားသည်မှာ မကြာသေးသောကြောင့် ထိုပိုက်ဆံမှာ မသုံးရလောက်သေးချေ။ ဖုန်းအဆက်အသွယ် ရသည်နှင့် သူ ချက်ချင်း ပြောလိုက်သည်။

“ဒီအကောင့်နံပါတ်ကို ၂ဝဝမီလီယံ ချက်ချင်း မြန်မြန် လွှဲပေးပါ”

ခန်းရှသည် ဖုန်း၏အခြားတစ်ဘက်တွင် မချိပြုံး ပြုံးလိုက်မိရင်း

“အာ ... သူဌေး ဘာအတွက်လဲ။ ငါတို့မှာ ငွေနည်းနည်းပဲ ရှိတာမို့ အရမ်း ခက်ခဲနေတာကို။ နင် ...”

ထန်ရှု လေးနက်သောအသံဖြင့် ကြားဖြတ် ပြောလိုက်သည်။

“ထပ်မပြောနဲ့တော့။ မေးလည်း မမေးပါနဲ့။ ချက်ချင်းသာ ငွေအမြန်လွှဲလိုက်ပါ”

“နားလည်ပြီ”

ခန်းရှသည် ထန်ရှု၏အမိန့်အတိုင်း ၂ဝဝမီလီယံအား အမြန်လွှဲပေးလိုက်သည်။

နေ့လည်ခင်းတွင် ...

ထန်ရှုအတွက် စာတစ်စောင်အား အိမ်ရာစီမံရုံးမှ အိမ်သို့ လာရောက်ပေးပို့လာသည်။ သတင်းစောင့်နေသူ ထန်ရှုသည် စာအား အမြန်ယူလိုက်ကာ ဖွင့်ဖတ်လိုက်သည်။ စာထဲတွင် ပါဝင်သော အကြောင်းအရာသည် သူ့၏နှလုံးအိမ်အတွင်းမှ လူသတ်ချင်စိတ်အား တရိပ်ရိပ် မြင့်တက်လာစေသည်။

ကျန်းသဲကျင်တဲ့လား ...

ထန်ရှုသည် ထိုမိန်းမ၏ ပုံပန်းသဏ္ဌာန်အား ပြန်လည်အမှတ်ရ သွားသည်။ သူသည် မြင့်မားသော နဂါးသင်တန်းကျောင်း၏ အမည်ပြားကို ကန်ထုတ်နိုင်လိုက်ကာ ယွမ်၁ဝဝမီလီယံအား ယူခဲ့သည်။ နောက်တစ်နေ့တွင် ကျန်းသဲကျင်သည်လည်း ဗီဒီယိုတစ်ခုဖြင့် သူ့အား အမှန်တကယ် မမြင်နိုင်ပါသောကြောင့် ဒီမြို့တွင် သူမ မရှိတော့ကြောင်း ပို့လာခဲ့သည်။ သူမသည် သူ့အား တောင်းပန်ခဲ့ပြီး နောက်တစ်ဖန် ထပ်ဆုံလိမ့်မည် မဟုတ်ကြောင်းကိုလည်း အာမခံခဲ့သည်။

သည်ဟာသည် ခိုက်ရန်ဖြစ်ပွားမှု သေးသေးလေးသာ ဖြစ်သောကြောင့် ထန်ရှုသည် ထိုပြဿနာအား အလေးအနက် မထားခဲ့ပေ။ တစ်ဖက်လူမှ တောင်းပန်ပြီးပြီ ဖြစ်သည့်အတွက် ထန်ရှုအနေနှင့်လည်း မောင်နှမများကို ရှင်းလင်းလိုစိတ် မရှိပါချေ။ သို့သော် ကျန်းသဲကျင်သည် ထိုပြဿနာ သေးသေးလေးပေါ်တွင် အာဃာတဖြင့် လက်စားချေလိမ့်မည်ကို ထင်မှတ်မထားခဲ့မိချေ။ သူ့အား သတ်ရန် ကြေးစားများကိုပင် ၂ဝမီလီယံဖြင့် ငှားရမ်း လိုက်ချေသေးသည်။

ထိုနေ့ည ...

ထန်ရှုသည် လုံကျန်ယု၏အိမ်သို့ တိတ်တဆိတ် သွားလိုက်သည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း အိမ်တော်တစ်ခုလုံးသည် လင်းထိန်နေဆဲ ရှိသေးသောကြောင့် လုံကျန်ယု မအိပ်သေးသည်မှာ သေချာသွားခဲ့သည်။ သူ၏စိတ်ဝိညာဉ် အာရုံအား ဖြန့်ကြက်လိုက်ရာ လုံကျန်ယုသည် အိပ်ရာထက်တွင် မိန်းကလေး တစ်ယောက်ထက်မကနှင့် အချစ်ပွဲ ဆင်နွှဲနေသည်ကို သိလိုက်ရသဖြင့် ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။

“သောက်ကျိုးနည်း ... ဒီလူကတော့ ...”

ထန်ရှုသည် အိမ်ဝင်းထဲရှိ သစ်ပင်အောက်တွင် မှောင်ရိပ်ခိုကာ ပုန်းအောင်းနေသည်။ ၁ဝမိနစ်ကြာမျှ မလှုပ်ရှားဘဲ နေပြီးနောက် လုံကျန်ယု၏အိပ်ရာထက်မှ တိုက်ပွဲ ပြီးဆုံးသွားသည်ကို တွေ့လိုက်ရသဖြင့် ကျောက်ခဲတစ်လုံးအား ကောက်လိုက်ကာ ဒုတိယထပ်ရှိ အိပ်ခန်းပြတင်းပေါက်အား ခပ်ပြင်းပြင်း ပေါက်လိုက်သည်။

“ခရက် ...”

ဒုတိယထပ်ရှိ အိပ်ခန်းပြတင်းပေါက် မှန်သည် ကွဲကြေသွားတော့သည်။

လုံကျန်ယုသည် ကျေနပ်နှစ်သိမ့်နေသော ဟန်ဖြင့် နူးညံ့သော အိပ်ရာထက်မှ ရေချိုးရန် ထလိုက်သည်။ ရုတ်ခြည်းပင် သူ၏အကြည့်များသည် သူ၏အိပ်ခန်း ပြတင်းပေါက်မှန် ကွဲကြေနေသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာ အကြီးအကျယ်ပျက်သွားကာ ညအိပ်ဝတ်စုံအား အမြန်ဆွဲယူဝတ် လိုက်သည်။ ပြတင်းပေါက်ဆီသို့ ပြေးသွားကာ အပြင်ကို ကြည့်လိုက်ရင်း အော်ဟစ်လိုက်သည်။

“ဘယ်သူလဲကွ ...”

ထန်ရှုသည် မှောင်ရိပ်မှထွက်ကာ သူနှင့်မျက်နှာချင်း ဆိုင်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် အမြန် ပြန်ဆုတ်သွားသည်။

ထန်ရှုအား ရှင်းရှင်းလင်းလင်း မြင်လိုက်သော လုံကျန်ယု၏ အမူအရာသည် တစ်ခဏမျှ ကြက်သေ သေသွားသည်။ သူ၏အိမ်လိပ်စာအား တစ်ခါမှ မပြောပြထားသောကြောင့် သူ့အိမ်၏ ပြတင်းပေါက်မှန်အား ခွဲလိုက်သူသည် ထန်ရှုဖြစ်လိမ့်မည်ဟု အိပ်မက်ထဲတွင် ယောင်လို့တောင်မှ မမက်ပါချေ။

သို့သော်လည်း သူ အမြန်ပင် ဆင်းလာကာ အိမ်အပြင်ထွက်လာသည်။ သစ်ပင်အောက်တွင် မှောင်ရိပ်ခိုနေသော ထန်ရှုအား တွေ့သောအခါ မချိပြုံး ပြုံးပြလိုက်ပြီး

“ညီအစ်ကိုထန် ... ငါ မင်းကို အနှောင့်အယှက် တစ်ခုခုများ လုပ်မိလို့လား။ ဒီလောက်နောက်ကျနေပြီ။ မင်း မအိပ်သေးပဲ ပြတင်းပေါက်ခွဲဖို့ ငါ့အိမ်ကို လာလိုက်သေးတယ်။ ဘာတွေဖြစ်နေလို့လဲ”

“ကျွန်တော် အစ်ကိုလုံရဲ့ အကူအညီလိုတာ တစ်ခုရှိနေလို့”

လုံကျန်ယု မျက်လုံးဝိုင်းသွားကာ ဆတ်ခနဲ ပြောလိုက်သည်။

“အဲဒါများကွာ ငါ့အိမ်ပြတင်းပေါက်ခွဲမယ့် အစား ဘာကြောင့် ငါ့ကို ဖုန်းမဆက်တာတုန်း။ ဘာအတွက်လဲ။ သောက်ကျိုးနည်း ... ကံကောင်းလို့ မင်း အခုလေးတင် ခွဲလိုက်မိလို့သာ။ အဲဒါသာ စောစောဖြစ်ခဲ့ရင် ငါ့ရဲ့အိပ်ရာထက်က တိုက်ပွဲလေးကို မစွမ်းဆောင်နိုင်ပဲ အဆုံးသတ် သွားရလိမ့်မယ်”

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ရယ်လိုက်ရင်း

“ကောင်းပါပြီ။ မစွမ်းဆောင်နိုင်မှုကို ကုသဖို့ ကျွန်တော့်မှာ ဆေးတွေ ရှိပါသေးတယ်”

လုံကျန်ယု စိတ်ဆိုးရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားပြီးမှ

“အေးပါ အဲဒီအကြောင်းတွေ ဆက်မပြောဘဲ ထားလိုက်ပါတော့။ ငါ့ကို အမြန်ပြောပါဦး ငါ့အကူအညီလိုချင်တာ ဘာများလဲလို့”

ထန်ရှု၏မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားပြီး

“အဲဒါ အစ်ကိုတို့ လုံမိသားစုနဲ့ ကြယ်တာရာက ကျန်းမိသားစုတို့အကြောင်းပဲ။ မင်းတို့ သူတို့နဲ့ အဆင်မပြေတာတွေ ရန်ငြိုးအာဃာတတွေ ရှိလား”

ကျန်းမိသားစုလား ...

လုံကျန်ယု တစ်ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူသည် ခေါင်းကို ယမ်းလိုက်ကာ

“ငါတို့မှာ ရန်ငြိုးတော့ မရှိဘူး။ တချို့ကိစ္စတွေမှာ ပြိုင်ဆိုင်မှုတွေ ရှိနေတော့ နည်းနည်းပါးပါး ငြိတာတွေတော့ ရှိတာပေါ့”

ထန်ရှုသည် တစ်ခဏ တိတ်ဆိတ်သွားပြီးမှ

“ကျန်းသဲကျင်နဲ့ ကျန်းယုံကျင်းတို့ သေရင် ကျန်းမိသားစု ဘာဖြစ်မလဲ”

လုံကျန်ယု အေးစက်သွားရကာ တုန်လှုပ်စွာ မေးလိုက်သည်။

“မင်း ဘာကို လုပ်ချင်နေတာလဲ”

ထန်ရှု အေးစက်တင်းမာစွာဖြင့်

“အဲဒီမောင်နှမ နှစ်ယောက် သေကိုသေရမယ်။ အဲဒါကြောင့် ကျွန်တော့်ကို ဖြေပေးပါ”

လုံကျန်ယုသည် မယုံကြည်နိုင်ဟန်ဖြင့် ထန်ရှုအား ကြည့်ကာ လေသံတိုးတိုးဖြင့်

“ညီအစ်ကိုထန် ... ဒီဟာကိုတော့ သေသေချာချာ နှံ့နှံ့စပ်စပ် စဉ်းစားမှရမယ်။ ကျန်းမိသားစုက ကြယ်တာရာမှာ အခြေစိုက်လာတာ ဆယ်စုနှစ်များစွာ ကြာပြီဆိုတော့ အမြစ်က နက်ရှိုင်းနေပြီ။ ငါတို့လုံမိသားစုက သူတို့ကို ဆန့်ကျင်ချင်ရင်တောင်မှ ငါတို့ တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်။ မင်း သူတို့ကို သတ်တာနဲ့ ကျန်းတွေအားလုံး လက်တုံ့ပြန်ဖို့ ထွက်လာကြလိမ့်မယ်”

“ကျွန်တော် ခင်ဗျားဆီလာရတဲ့ အကြောင်းရင်းကလည်း ကျန်းမိသားစုရဲ့ လက်တုံ့ပြန်မယ့် အကျိုးဆက်ကို စဉ်းစားမိလို့ပဲ။ ကျွန်တော် အခု အစ်ကိုလုံကို မေးချင်တာက ချန်းကျီကျုံးနဲ့ လုံမိသားစု ပေါင်းလိုက်ရင် သူတို့ကို အပြတ်ကိုင်တွယ်နိုင်မလား မနိုင်ဘူးလား ဆိုတာကိုပဲ”

လုံကျန်ယု တစ်ချက်တွေးလိုက်ပြီး

“ဒါလည်း အတော်ခက်လိမ့်မယ်။ အများဆုံးမှ သူတို့ကို ရိုက်ချနိုင်ရုံလောက်ပဲ”

ထန်ရှု တစ်ချက် စဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ပြင်ပအင်အား ပါလာမယ်ဆိုရင်ရော။ ဖြစ်နိုင်မလား”

လုံကျန်ယု အံ့အားသင့်သွားသည်။

“မင်း ဆိုလိုတာက ကြယ်တာရာပြင်ပ အင်အားစုတွေလား။ ဆိုလိုတာက ချူယီနဲ့ ပိုင်ထောင်တို့ မိသားစု ဒါမှမဟုတ် အိုးရန်မိသားစုတွေလိုလား”

“ဟုတ်တယ်။ သူတို့ကိုပါ ရေတွက်လိုက်မယ် ဆိုရင် ...”

လုံကျန်ယု စိတ်ထဲမှ လှုပ်ရှားသွားကာ အမြန်ပြောလိုက်သည်။

“သူတို့သာ ဒီအထဲ ပါဝင်လိုစိတ် ရှိရင်တော့ ကျန်းမိသားစု သေချာပေါက် အဆုံးသတ်သွားပြီပဲ။ ဒါပေမဲ့ ချူယီနဲ့ ပိုင်ထောင်တို့မိသားစုက ပေကျင်းကဆိုတော့ သူတို့မှာလည်း သူတို့ကို ရန်လိုနေတဲ့ အင်အားစုတွေ ရှိတယ်။ သူတို့မိသားစု၂ခုကသာ လှုပ်ရှားမှုကြီး ပြုလုပ်လာရင်တော့ သူတို့နဲ့ ရန်ဘက်ဖြစ်နေတဲ့ အခြားမိသားစုတွေက သေချာပေါက် အခွင့်အရေး ရသွားလိမ့်မယ်။ အိုးရန်မိသားစုကတော့ ပါဝင်နိုင်လောက်တယ်။ ဒါပေမဲ့ အိုးရန်လူလူ ပါနိုင်မယ်လို့ မင်းထင်လား”

“ဒီပြဿနာမှာတော့ ချူယီနဲ့ပိုင်ထောင်တို့ ပါဖို့မလိုဘူး။ ကျွန်တော် အိုးရန်မိသားစုနဲ့ ဆွေးနွေးလိုက်မယ်။ ကျန်းတွေရဲ့ သတင်းအသေးစိတ်ကို ဒီ၂ရက်အတွင်းတော့ ကျွန်တော့်ကို စုံစမ်းထားပေး။ နောက်၂ရက်ကြာရင် ကျွန်တော်တို့တွေ့တဲ့အခါ ဒီဟာကို ထပ်ပြောကြတာပေါ့”

“ပြဿနာ မရှိဘူး။ ငါ မင်းကို သတင်းအပြည့်အစုံကို တတ်နိုင်သမျှ မြန်မြန်ပေးမယ်။ ဒါပေမဲ့ မင်းက စောပြီးတော့ ဘယ်နည်းနဲ့မဆို မလှုပ်ရှားရဘူး။ ကျန်းတွေက မင်းကို အမှန်တကယ် လှုပ်ရှားခဲ့တယ်ဆိုရင် ငါ လူတချို့လွှတ်ပြီးတော့ သူတို့ မင်းကို တောင်းပန်ရအောင် ကျန်းမောင်နှမကို ဖမ်းခိုင်းလိုက်မယ်။ မင်း သူတို့အပေါ် ဒေါသပုံချလို့ရတာပေါ့”

ထန်ရှုခေါင်းကို ယမ်းပြလိုက်ရင်း “အဲဒီလိုလုပ်ဖို့ မလိုအပ်ဘူး”

ပြောပြီးသည်နှင့် လုံကျန်ယု၏ အကြည့်အောက်တွင်ပင် ထန်ရှုသည် ဆက်မနေတော့ပဲ တံတိုင်းအား ကျော်ကာ ထွက်သွားတော့သည်။

ကျယ်ပြန့်သော ဘလောက်အတွင်းမှ အမှောင်နောက်ယောင်ခံမှု ...

ထန်ရှုသည် လုံကျန်ယု၏အိမ်မှ ထွက်ခွာလာခဲ့သည်။ သူ၏စိတ်နှလုံးအတွင်းမှ ဘေးဆိုးနိမိတ်များသည် ကွယ်ပျောက်သွားရုံသာ ရှိသည်။ သူသည် ကြေးစား၃ယောက်အား သတ်ခဲ့ပြီးဖြစ်သော်လည်း တစ်စုံတစ်ယောက်သည် သူ့အား စောင့်ကြည့်နေသည်ဟု ခံစားရနေဆဲဖြစ်သည်။ သူ၏စိတ်ဝိညာဉ် အာရုံအား ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကြက်ကာ ထားသော်လည်း ထိုရန်သူ၏တည်ရှိမှုအား ရှာမတွေ့နိုင်သေးပဲ ရှိသည်။

“ကျွမ်းကျင်သူ တစ်ယောက်ပဲ”

တစ်ဖက်လူသည် နောက်ယောင်ခံလိုက်ရာတွင် ကျွမ်းကျင်သူ တစ်ယောက်ဟု ထန်ရှု သေချာသွားပြီဖြစ်သည်။ သို့မဟုတ်ပါက အစမှသည် အဆက်မပြတ် သူ့အား လျှို့ဝှက်စွာ ထောက်လှမ်းနိုင်မည် မဟုတ်ပေ။

ပန်းခြံထဲမှာများလား ...

ထန်ရှု၏ခြေလှမ်းများသည် ပန်းခြံအရှေ့ ဝင်ပေါက်တွင် ရပ်တန့်သွားခဲ့သည်။ သူ၏စိတ်နှင့် အာရုံတို့သည် အပြိုင်ပြေးလွှားနေကြပြီး သူသည် နံရံပေါ်တွင် မှီလိုက်ကာ ချက်ချင်း အပေါ်တက်လိုက်ပြီးနောက် တောအုပ်လေးထဲတွင် ပုန်းခိုပျောက်ကွယ်ရန် အတွက် ပန်းခြံထဲသို့ ဝင်လိုက်သည်။ အမှောင်ထဲတွင် ပုန်းခိုနေသော ထိုလူအား သူထုတ်ဖော်ရန် လိုအပ်သည်။ သို့မဟုတ်ပါက သူ့တွင် ငြိမ်းအေးသည့်အချိန် မရှိနိုင်တော့ပဲ စိုးရိမ်မှုများထဲမှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်တော့ပါချေ။

***

All Chapters