ရှေ့တော်မှောက်
Vol. 04 Ch. 190
မီတာရာပေါင်းများစွာ အကွာတွင် ...
ခေါင်းဆောင်ဝံပုလွေ၏ မျက်လုံးအစုံတွင် အလင်းတစ်ချက် လက်သွားကာ သူ၏မှန်ပြောင်းအား ချလိုက်သည်။ ထန်ရှုသည် တစ်စုံတစ်ခုအား ရိပ်မိသွားသည်ကို သူ ပြောနိုင်သော်လည်း သူ့အား တွေ့သွားသည် မတွေ့သွားသည်ကိုတော့ သေချာမသိပါချေ။ သူသည် ပန်းခြံ၏ အခြားတစ်ဖက်သို့ သတိကြီးစွာ ပတ်သွားလိုက်ပြီး တိတ်တဆိတ် ချဉ်းကပ်လိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ ...
ခေါင်းဆောင် ဝံပုလွေသည် တောအုပ်လေးထဲတွင် ပေါ်လာသည်။ အမှောင်ထဲမှ အရိပ်တစ်ခုအဖြစ် ထန်ရှုရှိနေခဲ့ပြီးသော နံရံသို့ တိတ်ဆိတ်စွာ ရောက်လာခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် မုဆိုးဒူးထောက် ထိုင်လိုက်ကာ ခြေရာများအား အမြန် စစ်ဆေးလိုက်သည်။ ထိုခြေရာများသည် အခြားတစ်နေရာသို့ ဦးတည်နေဟန်ရှိသည်။
“ဟင် ... သွားပြီလား”
သူသည် ခြေရာခံလိုက်လာခဲ့ရာ ထန်ရှု၏ခြေရာများသည် သစ်ပင်တစ်ပင်အောက်တွင် အဆုံးသတ်သွားတော့သည်။ သူသည် တစ်ဖန်ရှာရန်အတွက် လှည့်လိုက်ရာတွင် သူ၏အမူအရာသည် အကြီးအကျယ် ပျက်သွားခဲ့ရပြီး ရုတ်ခြည်းပင် အရှိန်ဖြင့် အဝေးသို့ ထွက်ပြေးတော့သည်။
ဝှစ် ...
ပုံရိပ်တစ်ခုသည် သူ၏ရှေ့မှောက်သို့ အပေါ်မှ ကျလာခဲ့သည်။ အေးစက်တင်းမာနေသော မျက်နှာဖြင့် ထန်ရှုသည် ခေါင်းဆောင်ဝံပုလွေအား ကြည့်လိုက်သည်။ သူ၏ခါးကြားတွင် သေနတ်တစ်လက် ထည့်ထားသော်လည်း ထိုအရာအား သုံးရန်အတွက် ရည်ရွယ်ချက် မရှိချေ။ သူ့အတွက်မူ သူ၏ကိုယ်ပိုင် သိုင်းပညာစွမ်းရည်သည်သာ သတ်ဖြတ်ခြင်းအတွက် လက်နက်အကြီးစား ဖြစ်ပေသည်။
“ကျွန်တော့်နောက်ကို တစ်လျှောက်လုံး လိုက်နေတာ အတော်မှ ခက်ခဲသွားရဲ့လား”
ခေါင်းဆောင်ဝံပုလွေသည် မီတာအနည်းငယ်ခန့် နောက်ဆုတ်လိုက်မိသည်။ သို့သော် သူသည် ပြန်လှည့်မပြေးဘဲ ထိုအစား ထန်ရှုအား ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ကြည့်လိုက်ရင်း
“ကမ္ဘာပေါ်မှာ ငါ့ကို ပြန်နောက်ယောင်ခံ လိုက်နိုင်တာ လူနည်းစုလောက်ပဲ ရှိမယ်။ မင်း ငါ့ကို ဘယ်လို ရှာနိုင်ခဲ့လဲဆိုတာ ငါ မသိဘူး”
“တစ်စုံတစ်ယောက်က သေခြင်းနဲ့ရှင်ခြင်း အခြေအနေတွေများစွာ ကြုံခဲ့ဖူးရင် အန္တရာယ် အသိစိတ်ကလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်။ ခင်ဗျားကိုယ်တွင်းက သတ်ဖြတ်လိုစိတ်က ပြင်းလွန်းတာမို့ ခင်ဗျားလက်ထဲမှာ သေခဲ့ဖူးသူ အနည်းဆုံး လူ၁ဝဝတော့ ရှိလိမ့်မယ်။ ခြေရာတွေကို စစ်ဆေးတာနဲ့ တစ်ချိန်တည်းမှာ နောက်ပြန်ဆုတ်သွားတဲ့ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို အကဲဖြတ်ရရင် ခင်ဗျားလည်းပဲ သေခြင်းလမ်းပေါ်မှာ လျှောက်နေတဲ့သူ တစ်ယောက်ဆိုတာ ကျွန်တော် ပြောနိုင်တယ်”
ထန်ရှု အေးဆေးစွာ ပြောပြလိုက်သည်။
“ငါ မင်းကို စုံစမ်းပြီးပါပြီ။ ငါ ရထားတဲ့ သတင်းအရဆိုရင် မင်းက သာမန်ကျောင်းသား တစ်ယောက်ပါပဲ။ မင်းမှာ အခြားသူတွေနဲ့ ယှဉ်မယ်ဆိုရင် စွမ်းရည်အချို့ ရှိနေတာဆိုပေမဲ့ အထက်တန်းကျောင်း ပြီးခါစဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို စတင်ရုံပဲ ရှိသေးတယ်။ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းတွေနဲ့ မျက်တောင်တစ်ချက် မခတ်ဘဲ လူ ဘယ်လိုသတ်နိုင်လဲ ဆိုတာကိုတော့ ငါ မတိုင်းတာနိုင်ဘူး။ လူတစ်ယောက် မွေးကတည်းက ကြီးမားတဲ့ခွန်အား ပါလာတာကို ငါ မယုံသလို တစ်စုံတစ်ယောက်က သွေးအေးတဲ့စရိုက်နဲ့ မွေးဖွားလာတာကိုလည်း ငါ မယုံဘူး။ မင်း အဲဒါငါ့ကို ရှင်းပြနိုင်မလား”
ခေါင်းဆောင်ဝံပုလွေ ပဟေဠိဖြစ်စွာ ပြန်ပြောလိုက်သည်။
“ခင်ဗျားမှာ အဲဒါကို သိဖို့ အရည်အချင်း မရှိဘူး” ထန်ရှု ခေါင်းယမ်းပြလိုက်သည်။
ခေါင်းဆောင်ဝံပုလွေ မျက်လုံးစွေကြည့်လိုက်လျက် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တင်းကျပ်လာခဲ့သည်။
“ငါ့မှာ အရည်အချင်းရှိတယ်၊ မရှိဘူးဆိုတာ မသိမှ မသိရသေးတာပဲ။ မင်း ငါ့ကိုနိုင်ရင် မင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူဖို့ ငါ စဉ်းစားမယ်”
ငါ့ရဲ့ကမ်းလှမ်းချက် ဟုတ်လား။
ထန်ရှု အံ့အားသင့်သွားကာ တစ်ခဏမျှ အာရုံမထားဘဲ ဖြစ်သွားသည်။
ထိုခဏတွင် ခေါင်းဆောင်ဝံပုလွေသည် ချက်ချင်း လှုပ်ရှားလာပြီး ထန်ရှုအား လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။ သူ၏လက်မောင်းအား ပင့်တင်ကာ လက်သီးတစ်လုံး ဝဲပျံလိုက်သည်နှင့် လေခွင်းသံအား ပြင်းထန်စွာ ကြားလိုက်ရပြီး ထန်ရှု၏မျက်နှာထက်သို့ ရုတ်ခြည်းပင် ထိမှန်သွားသည့်အတိုင်း ဖြစ်သည်။ သူ၏အရှိန်သည် လူသားတစ်ယောက်၏ နှုန်းထက် သာလွန်မြန်ဆန် လှသောကြောင့် ထန်ရှုပင်လျှင် ပေါ့ပေါ့ဆဆ သဘောမထားရဲပါပေ။
“နောက်ဆုတ် ...”
သို့သော်လည်း ထန်ရှု၏အရှိန်သည် သူ့ထက် အဆအချို့ မြန်ဆန်နေခဲ့သည်။ သူ၏လက်သီးအား အသုံးပြုကာ ခေါင်းဆောင်ဝံပုလွေ၏ ခေါင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရာ ထန်ရှု နောက်မဆုတ်ရပဲ ခေါင်းဆောင်ဝံပုလွေသည် နောက်သို့ ၇လှမ်းမျှ ၈လှမ်းမျှ ဆုတ်သွားရသည်။ ယိမ်းယိမ်းယိုင်ယိုင် နောက်ဆုတ်သွားရပြီးမှသာ ခေါင်းဆောင်ဝံပုလွေသည် ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်သည်။
“ဘယ်လောက်တောင် သန်မာလိုက်လေလဲ”
ခေါင်းဆောင်ဝံပုလွေ၏ ညာလက်သည် တုန်ခါနေပြီး ထန်ရှုအား မယုံနိုင်ဟန်ဖြင့် ကြည့်မိကာ အံ့အားသင့်စွာ ရေရွတ်မိသည်။
“ခင်ဗျားရဲ့ခွန်အားက အတော် စွမ်းအားကြီးပါတယ်။ ပေါင်တစ်ထောင် ကျော်လိမ့်မယ်လို့တောင် ကျွန်တော် မထင်ခဲ့မိဘူး။ ကျွန်တော် မှန်းဆတာ မှန်ရင် ခင်ဗျားက ချိကုန်းလေ့ကျင့်သူ တစ်ယောက် ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။ အဲဒါအပြင် ခင်ဗျားလည်း အစစ်အမှန်ချီ ရရှိပြီး အဆင့်သေးတစ်ခုထိ ရောက်အောင် အောင်မြင်စွာ လေ့ကျင့်ထားပြီးပြီ။ သိုင်းပညာ ဘိုးအေတွေတောင်မှ ခင်ဗျားနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်ခဲ့ရင် အချိန်တိုအတွင်း သူတို့ သေနိုင်တယ်”
(Charm Min Nge - ချိကုန်းဆိုသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်အား စေ့ဆော်ကာ ရောဂါကုသပေးနိုင်သည့် ချီ (သက်စောင့်စွမ်းအင်)ကို စုစည်းနိုင်သည့် အသက်ရှူ လေ့ကျင့်နည်းစနစ်)
ခေါင်းဆောင်ဝံပုလွေသည် ဝန်ခံသည့်အလား ပြုံးနေသည်။ သူ၏ ခန္ဓာကိုယ်သည် ထန်ရှုဆီသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။ သည်တစ်ကြိမ်တွင် သူသည် ယခင်အတိုင်း လက်သီးအား ဝှေ့ယမ်းကာ ထန်ရှု၏မျက်နှာသို့ ထိုးလိုက်သော်လည်း သူ၏ခြေလှမ်းနှင့် ကိုယ်ဟန်သည် ယခင်နှင့် မတူတော့ပါချေ။ သူ၏လက်သီးသည် ထန်ရှုအား ထိတော့မည့်ဆဲဆဲတွင် သူ၏ခြေလှမ်းအား ရုတ်ခြည်း လှည့်လိုက်ပြီး တစ်မူထူးသော ဦးတည်ရာသို့ ပြောင်းလဲလိုက်ရာ သူ၏ထိုးလိုက်သော လက်သီးသည် ထန်ရှု၏ ဝဲဘက်နောက်သို့ ထူးဆန်းသော လမ်းကြောင်းအတိုင်း ရောက်ရှိသွားတော့သည်။
“ဟမ့် ...”
ထန်ရှုသည် အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏လက်များသည် အလင်း၏ အလျင်အတိုင်း လှုပ်ရှားကာ ခေါင်းဆောင်ဝံပုလွေ၏ ထိုးနှက်ချက်အား တားဆီးလိုက်သည်။ အနီးကပ် တိုက်ပွဲအရဖြစ်စေ တိုက်ပွဲအတွေ့အကြုံ အရဖြစ်စေ သူ့တွင် မရေမတွက်နိုင်သော တိုက်ပွဲများ တိုက်ထားဖူးသောကြောင့် သူသည် ခေါင်းဆောင်ဝံပုလွေထက် အဆထောင်ပေါင်းများစွာ သန်မာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ အာရုံခံဆဲလ်များနှင့် အာရုံကြောများ အားလုံးသည် တိုက်ပွဲဝင် အခြေအနေသို့ လုံးလုံးလျားလျား ရောက်ရှိသွားတော့သည်။
ခေါင်းဆောင်ဝံပုလွေသည် သူ၏ခြေလှမ်းနှင့် ကိုယ်ဟန်အား နောက်သို့ ဆုတ်လိုက်ရင်း ထပ်မံတိုက်ခိုက်ရန် ကြိုးစားပြန်သော်လည်း အဆုံးစွန် ခုခံနိုင်မှုသည် မကြာရှည်နိုင်တော့ပေ။ ထန်ရှု၏တိုက်ခိုက်မှုအား ခုခံရှောင်တိမ်းရုံမှ တစ်ပါး ခေါင်းဆောင်ဝံပုလွေတွင် ရွေးချယ်စရာ မရှိခဲ့ပါချေ။
“ဘန်း ... ဘန်း ...”
ခေါင်းဆောင်ဝံပုလွေ၏ လက်မောင်းများသည် ထန်ရှု၏ အရိပ်ကန်ချက်ကြောင့် အဆစ်ပြုတ်သွားခဲ့ပြီ ဖြစ်သည်။ စူးရှပြင်းထန်သော နာကျင်မှုကြောင့် သူ၏မျက်နှာသည် ဖြူဖျော့နေကာ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ရပ်တော့ ...”
ထန်ရှုသည် တိုက်ခိုက်နေသည်အား ရပ်တန့်လိုက်သည်။ ခေါင်းဆောင်ဝံပုလွေနှင့် လေး-ငါးမီတာအကွာတွင် ရပ်လျက် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်
“ခင်ဗျားမှာ မစ်ဆူဘူရှီ စစ်သုံးဓားမြှောင် ရှိသေးတယ်မဟုတ်လား။ ဘာကြောင့် အဲဒါကို မသုံးဘဲ စကားပြောနေတာတုန်း”
ခေါင်းဆောင်ဝံပုလွေသည် ဖျစ်ညှစ်ပြုံးပြလိုက်ရင်း ခေါင်းယမ်းပြလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
‘ဝမ်မင်းက ပြောတယ် မင်းက တအားသန်မာပြီးတော့ ပြန်တိုက်ခိုက်ဖို့ သူ့မှာ အခွင့်အရေး မရခဲ့ဘူးတဲ့။ သူ့ကို ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာဆိုတော့ သူ့ရဲ့စွမ်းဆောင်နိုင်ရည်ကို ငါ သိတယ်။ အစက သူပြောတာကို ငါ မယုံခဲ့ဘူး။ အခုတော့ မင်းတကယ် သန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ငါ့လက်မောင်းတွေက အဆစ်ပြုတ်သွားပြီဆိုတော့ မင်းနဲ့ထပ်ပြီး မတိုက်နိုင်တော့ဘူး”
“အဲဒါဆို ခင်ဗျားက ခေါင်းဆောင်ဝံပုလွေလား” ထန်ရှု မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်တယ်” ခေါင်းဆောင်ဝံပုလွေ အောင့်သက်သက်ပြုံးကာ ဖြေလိုက်သည်။
“သတ်မှတ်ရက်၃ရက်အတွင်း ကြယ်တာရာကို လာတာဆိုတော့ ခင်ဗျားက အတော်ကိုတိကျတာပဲ။ ကျွန်တော် ခင်ဗျားကို မေးချင်ပါတယ်။ အဲဒီကြေးစားတွေနဲ့ ခင်ဗျား ပတ်သက်ဆက်နွှယ်မှု ရှိလား”
ထန်ရှု သူ၏အာရုံကြောများအား ဖြေလျှော့ရင်း မေးလိုက်သည်။
“မပတ်သက်ဘူး။ ငါတို့ မင်းအကြောင်း စုံစမ်းတုန်းက အခြားအဖွဲ့ကလည်း မင်းကို စောင့်ကြည့်နေတာကို သိရတယ်။ သူတို့က သေချာ လေ့ကျင့်ထားတဲ့ ကြေးစားတွေပဲ။ အဲဒီအထဲက နှစ်ယောက်က ငါတို့နိုင်ငံက မဟုတ်ဘူး။ ငါတို့ သူတို့အကြောင်းကို စုံစမ်းကြည့်တော့ မင်းကိုသတ်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်ပက လာတာဖြစ်နေတယ်”
ခေါင်းဆောင်ဝံပုလွေ ခေါင်းကို ယမ်းလိုက်ရင်း ပြန်ဖြေလိုက်သည်။
“အဲဒါကြောင့် ခင်ဗျားရဲ့ ရည်ရွယ်ချက်က သူတို့ကို အသုံးချပြီး ကျွန်တော့်ခွန်အားကို စမ်းသပ်ဖို့ပေါ့”
“ဟုတ်တယ်။ ဒီပြဿနာကိုတောင်မှ မင်း မကိုင်တွယ်နိုင်ဘူးဆိုရင် ငါတို့ရဲ့ အကြီးအကဲဖြစ်ဖို့ ဘာအရည်အချင်းရှိပါ့မလဲ” ခေါင်းဆောင်ဝံပုလွေ ဝန်ခံလိုက်သည်။
“ပြီးတော့ ခင်ဗျားကိုယ်တိုင် ကျွန်တော့်ခွန်အားကို စမ်းသပ်ကြည့်ဖို့ အတွေးရလာတာပဲ”
ထန်ရှု ခေါင်းတညိတ်ညိတ်နှင့် စကားဆိုလိုက်သည်။
“ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်။ ဒီပြဿနာရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းရှာနိုင်ပြီး ပြဿနာကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်ရင် ငါတို့တစ်ဖွဲ့လုံး မင်းလက်အောက်မှာ လုပ်မယ်” ခေါင်းဆောင်ဝံပုလွေ ပြောလိုက်သည်။
“ပြဿနာမရှိဘူး” ထန်ရှု ပြန်လည် တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့လည်း ငါ မင်းကို ကြိုပြီးပြောထားရမှာ ရှိတယ်။ ငါတို့ မင်းဆီမှာ အလုပ်ဝင်ပြီဆိုတာနဲ့ ပြဿနာအချို့ ပါလာနိုင်တယ်။ ငါတို့အဖွဲ့က ထူးခြားတဲ့ ပုံရိပ်တွေရှိတော့ သာမန်လူတွေအတွက် ငါတို့ကို ရင်ဆိုင်ဖို့ အလွန်ခက်တာကြောင့် ငါတို့လည်းပဲ စောင့်ကြည့်ခံနေရတယ်။ ကြယ်တာရာကို လာတဲ့အချိန်မှာ လူတချို့က စတင်ပြီး နောက်ယောင်ခံ လိုက်နေတယ်။ ငါတို့ သူတို့ကို မျက်ခြည်ဖြတ်ပြီး တိတ်တဆိတ် အဆုံးသတ်ပစ်လိုက်မှ ရမယ်”
ခေါင်းဆောင်ဝံပုလွေ ချီတုံချတုံဖြင့် ပြောလာသည်။
“ပြည်နယ်ကလူတွေလား” ထန်ရှု နဖူးမြင့်တက်သွားကာ ထပ်မေးလိုက်သည်။
“ဟုတ်တယ်။ အထူးတပ်ဖွဲ့အင်အား” ခေါင်းဆောင်ဝံပုလွေ ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ခင်ဗျားတို့အားလုံးက အရင်ကပုံရိပ်တွေ ချွတ်ခဲ့ပြီးပြီပဲ။ နောက်ပြီး ခင်ဗျားတို့အလုပ်က ဒီနိုင်ငံမှာလည်း မဟုတ်ဘူး”
ထန်ရှု ပြောပြလိုက်သည်။
“ငါတို့ ပြည်ပကို သွားရမှာလား” ခေါင်းဆောင်ဝံပုလွေ အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ကျွန်တော် ပစိဖိတ်သမုဒ္ဒရာထဲမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ထားပြီးပြီ။ အဲဒါကို ကာကွယ်ဖို့ ကျွန်တော် လူတချို့ လိုတယ်။ ခင်ဗျားတို့မှာ လုံလောက်တဲ့ ခွန်အားလည်း ရှိတော့ အဲဒါကို လုံခြုံအောင် စောင့်ရှောက်ပေးနိုင်တယ်”
ထန်ရှု ရှင်းပြလိုက်သည်။
ခေါင်းဆောင်ဝံပုလွေသည် အံ့အားသင့်စွာဖြင့် ထန်ရှုအား ကြည့်လိုက်ကာ လေသံနှိမ့်လျက်
“မင်း ကိုယ်ပိုင်သီးသန့်တပ် အင်အားစုကို ဖန်တီးမလို့လား”
“ဟုတ်တယ်” ထန်ရှု တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါ ငါတို့အတွက် အဆင်ပြေတယ်။ ငါတို့ အထူးကျွမ်းကျင်တဲ့ အရာပဲ။ ဒါပေမဲ့ ငါတို့ကို ဘယ်လို အခွင့်အရေးတွေ ပေးမယ်ဆိုတာ ပြောပြနိုင်မလား”
“ဒီဟာက ခင်ဗျားတို့တတွေ ကျွန်တော်နဲ့ ပတ်သက်ဆက်ဆံတဲ့ ပုံစံအပေါ်မှာ မူတည်တယ်။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ အစစ်အမှန်လူတွေ ဖြစ်လာရင်၊ ခင်ဗျားတို့သာ ကျွန်တော့်အမိန့်အတိုင်း ဘာပဲဖြစ်ဖြစ် တိုက်ရဲခိုက်ရဲတဲ့ အင်အားစုအဖွဲ့ ဖြစ်လာရင် အကောင်းဆုံးတွေ ရလိမ့်မယ်ဆိုတာ ခင်ဗျား စဉ်းစားနိုင်ကြည့်နိုင်တယ်။ ခင်ဗျားတို့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့တောင် သေချာနိုင်တယ်။ အဲဒီလိုမှမဟုတ်ဘူး သာမန်လိုပဲ တာဝန်ထမ်းဆောင်မယ် ဆိုလည်း ပြဿနာမရှိပါဘူး။ အခွင့်အရေးကောင်းတွေ ရမှာပါပဲ ဒါပေမဲ့ အစောက ပြောခဲ့တာနဲ့တော့ ကွာခြားမှုအချို့တော့ ရှိလိမ့်မယ်”
ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မင်းက အတော် ရည်မှန်းချက်ကြီးပုံပဲ။ မင်းကမ်းလှမ်းတာနဲ့ မင်းရည်မှန်းချက်က ငါ့ကို ထိတ်လန့်စေတယ်”
ခေါင်းဆောင်ဝံပုလွေသည် ထန်ရှုအား လေးလေးနက်နက် ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
ထန်ရှုသည် မထီတထီဟန်ဖြင့် ပြောလိုက်သည်။
“ဒါက မလုံလောက်သေးဘူးဆိုရင် ဒီဂြိုဟ်ကို လက်သီးတစ်ချက်နဲ့ ခင်ဗျား ဖျက်ဆီးနိုင်လာတဲ့အခါ ခင်ဗျားတို့ကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး”
ခေါင်းဆောင်ဝံပုလွေ ခေါင်းကိုသာ ယမ်းလိုက်မိရင်း ပြုံးလိုက်မိသည်။
ကမ္ဘာကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးမယ်ဟုတ်စ။ အဲဒါဘာကြီးတုန်း။ သောက်ကျိုးနည်း ဟာသတစ်ခုလား။ တစ်စုံတစ်ယောက်သာ ကမ္ဘာကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်လို့ကတော့ စကြဝဠာကြီးကို သူက လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်တော့မှာ မဟုတ်ပေဘူးလား။
ခေါင်းဆောင်ဝံပုလွေသည် စိတ်တွင်းမှ အကြိမ်အနည်းငယ် ဝေဖန်ပြောဆိုနေပြီးနောက် ထန်ရှုအား ကြည့်လိုက်ကာ
“အခုကတော့ ငါတို့ ဘယ်လိုတပ်ဖွဲ့ ဖြစ်ချင်တယ်ဆိုတာက အရေးမကြီးသေးဘူး။ အစက ပြောထားသလိုပဲ မင်းရဲ့ခွန်အားကို အရင်သက်သေပြပါဦး”
“ကောင်းပြီ။ ပွဲကိုသာ စောင့်ကြည့်နေပါ” ထန်ရှုသည် ချာခနဲလှည့်ကာ ပန်းခြံ၏ခြံစည်းရိုးဘက်သို့ လျှောက်သွားတော့သည်။
နာရီဝက်ကြာပြီးနောက် ...
တောင်တံခါးအိမ်ရာမှ တစ်ကီလိုမီတာ အကွာတွင်ရှိသော အဆောက်အဦ တစ်ခုအတွင်းတွင် ...
တံခါးခေါက်သံသည် စည်းချက်ညီညီဖြင့် ၇ချက်တိတိ ညင်သာစွာ ထွက်ပေါ်လာခဲ့ပြီးနောက် တံခါးအား အခန်းအတွင်းမှ ဖွင့်ပေးလိုက်သည်။
အခန်းထဲတွင် ...
ဝမ်မင်းသည် မှန်ပြောင်းအား ကိုင်ထားလျက် ခေါင်းဆောင်ဝံပုလွေ အတွင်းသို့ ဖြူဖျော့နေသော မျက်နှာဖြင့် ဝင်လာသည်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။
“ခေါင်းဆောင် ဘာဖြစ်လာတာလဲ”
“ငါ ထန်ရှုနဲ့ နည်းနည်းတိုက်ခိုက် လာခဲ့လို့။ မင်းပြောတာမှန်တယ် သူက တကယ် စွမ်းအားကြီးတာပဲ။ ငါ့ဘဝမှာ တစ်ခုမှ မမြင်ဖူးတဲ့ ကျွမ်းကျင်သူ တစ်ယောက်ပဲ။ အာ ... ငါ့လက်မောင်းတွေကို အဆစ်ပြန်တည့်ပေးပါဦး”
အခန်းတွင်းရှိ လူ၅ယောက်၏ အကြည့်အောက်တွင် ခေါင်းဆောင်ဝံပုလွေသည် ခါးသီးပြင်းထန်စွာ ပြုံးရင်း ပြောလိုက်သည်။
အခန်းအတွင်းမှ ကျန်သောသူများသည် အကြီးအကျယ် တုန်လှုပ်နေကြသည်။ သူတို့အားလုံးသည် ခေါင်းဆောင်ဝံပုလွေ၏ အဆစ်ပြုတ်နေသော လက်မောင်းများအား မယုံနိုင်ဟန်ဖြင့် ကြည့်ရင်း နှလုံးခုန်သံများပင် မြန်ဆန်လာရသည်။ ခေါင်းဆောင်ဝံပုလွေသည် သူတို့အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သော်လည်း ထန်ရှုအား မယှဉ်နိုင်ခဲ့ကာ သူ့လက်ချက်ဖြင့်ပင် လက်မောင်းများ အဆစ်ပြုတ်လာရပေရာ ထန်ရှု၏ခွန်အားသည် မည်သည့်အဆင့်ထိ ရောက်နေပါပြီနည်း။
လက်ရှိတွင် ...
သူတို့အထဲမှ ဝမ်မင်းသာလျှင် ထန်ရှု၏ခွန်အားကို သိကောင်း သိနိုင်ပေလိမ့်မည်။ သူသည် ခါးသက်စွာ တစ်ချက်ပြုံးလိုက်ပြီး ခေါင်းဆောင်ဝံပုလွေ၏ လက်မောင်းအရိုးများ ပြန်ဆက်ရာတွင် အလျင်အမြန် ကူညီပေးနေသည်။
“အမှန်တကယ်တော့ ခေါင်းဆောင်လည်း ထန်ရှုရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ကျွန်တော် ခန့်မှန်းခဲ့ပြီးသားပါ။ သူ့ရဲ့မြန်ဆန်မှု၊ ခွန်အားနဲ့ ပြန်လည်လှုပ်ရှားမှုတွေက ကြောက်စရာကောင်းတယ်လို့ပဲ ပြောနိုင်တယ်။ ကျွန်တော့်တုန်းက အားကုန်သုံးတာတောင် သူ့အင်္ကျီစကို မထိဘူး”
“သူ အရမ်းသန်မာတယ်” ခေါင်းဆောင်ဝံပုလွေ ပြောလိုက်သည်။
ဝမ်မင်းသည် ချီတုံချတုံဖြင့်
“ခေါင်းဆောင် သူနဲ့ ဘာတွေ ဆွေးနွေးခဲ့လဲ”
“ငါ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ... ဒီပြဿနာကို အပြီးသတ်ဖြေရှင်းပြီး သူ့ခွန်အားကို သက်သေပြနိုင်ရင် ငါတို့အားလုံး သူ့နောက်ကို လိုက်မယ်လို့။ သူ မလုပ်နိုင်ရင်တော့ ငါတို့ခေါင်းဆောင်လုပ်ဖို့ မထိုက်တန်လို့ပေါ့။ နောက်ပြီး သူပြောတာက ငါတို့ အလုပ်ဝင်ပြီဆိုတာနဲ့ ဒီမှာ နေရမှာမဟုတ်ဘူးဆိုပဲ” ခေါင်းဆောင်ဝံပုလွေ ဖြေလိုက်သည်။
“အာ ... ကျွန်တော်တို့က ဒီမှာ မနေရဘူးလား။ အဲဒါဆို ဘယ်သွားရမှာလဲ” ဝမ်မင်း ဇဝေဇဝါ ဖြစ်သွားသည်။
“သူပြောတာတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ထားတာမို့ ငါတို့ကို အဲဒီကျွန်းရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ကြပ် ပေးစေချင်တယ်။ သူက ကိုယ်ပိုင်တပ်ဖွဲ့တောင်မှ ဖွဲ့ဦးမှာ” ခေါင်းဆောင်ဝံပုလွေ ပြောလိုက်သည်။
“ကိုယ်ပိုင်တပ်ဖွဲ့ ဟုတ်လား။ သူက ဘာတွေ ကြံစည်နေတာလဲ” ဝမ်မင်း အံ့အားသင့်စွာ မေးလိုက်သည်။
ခေါင်းဆောင်ဝံပုလွေ ခေါင်းကိုသာ ယမ်းပြလိုက်ရင်း
“အဲဒါတော့ ငါလည်း မသိဘူး”
***