အမှောင်ထဲမှ တလိမ့်လိမ့်တက်လာသော လှိုင်းလုံး
Vol. 04 Ch. 191
ထန်ရှုသည် တောင်တံခါးအိမ်ရာသို့ ပြန်သွားခဲ့ပြီး မည်သူကိုမျှ မနှောင့်ယှက်ခဲ့ပေ။ သူ၏အခန်းထဲ ပြန်ရောက်သည်နှင့် မြောင်ဝမ်တန်ဆီ ဖုန်းဆက်လိုက်သည်။
“မအိပ်ရသေးဘူးလား ညီအစ်ကိုထန်”
မြောင်ဝမ်တန်၏ ကျီစယ်သံသည် ဖုန်းထဲမှ ထွက်လာသည်။
“မအိပ်ရသေးဘူး။ ကျွန်တော် ခင်ဗျားနဲ့ ပြောစရာလေးရှိနေလို့” ထန်ရှု ပြောလိုက်သည်။
“ဘာများလဲ။ ငါ့ကို ပြောပါ” မြောင်ဝမ်တန် ပြန်လည် တုံ့ပြန်လိုက်သည်။
“ခင်ဗျား အခု ပိုက်ဆံပြတ်နေတယ် မဟုတ်လား။ အကျိုးအမြတ်အချို့ ရမှာရှိတယ် ပါချင်သေးလား” ထန်ရှု မေးလိုက်သည်။
“ပါမှာပေါ့။ ဒါမျိုးအရင်က မကမ်းလှမ်းဖူးဘူး။ ဒါနဲ့ ဘယ်လိုလုပ်ငန်းကောင်းကို ညီအစ်ကိုထန်က ကမ်းလှမ်းတာလဲ” မြောင်ဝမ်တန် ရယ်ရင်း မေးလိုက်သည်။
“ကျွန်တော့်ရန်သူကို မြေလှန်ပစ်ဖို့ ပြင်ဆင်နေတယ်။ တချို့လူတွေနဲ့လည်း ဆက်သွယ်ထားပြီးပြီ။ နောက်ရက်အနည်းငယ်မှာ လှုပ်ရှားဖို့ ပြင်ဆင်နေတယ်။ ခင်ဗျား ပါဖို့ စိတ်ဝင်စားလား” ထန်ရှု ပြောလိုက်သည်။
“ဘယ်မိသားစုလဲ” မြောင်ဝမ်တန် ဆက်မေးလိုက်သည်။
“ကြယ်တာရာက ကျန်းမိသားစု” ထန်ရှု ဆက်ဖြေသည်။
မြောင်ဝမ်တန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီမိသားစုတော့ မကြားဖူးဘူး။ သူလည်း တိုင်းပြည်က မိသားစုကြီးတစ်ခုပဲနဲ့ တူတယ်။ ဒါပေမဲ့ ဘယ်မိသားစုပဲဖြစ်ဖြစ် ညီအစ်ကိုထန်က ဒီအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီးပြီဆိုမှတော့ ငါ ပါမယ်။ ဒါနဲ့ ငါတို့ ညီအစ်ကိုရှောင်ကိုရော ခေါ်ဦးမလား”
“ကျွန်တော်ကိုယ်တိုင်ပဲ ခေါ်လိုက်မယ်။ အစ်ကိုမြောင်တို့ ပါမယ်ဆိုရင် မနက်ဖြန် ကြယ်တာရာကို လာခဲ့ပါ။ ကျွန်တော်တို့ လုံစားသောက်ခန်းမမှာ တွေ့ကြမယ်”
“ကောင်းပြီ”
ထန်ရှု ဖုန်းချလိုက်ပြီးနောက် ရှောင်မင်ကျန်းဆီ ဆက်သွယ်လိုက်ရာ မြောင်ဝမ်တန်နည်းတူ သူလည်း ပါဝင်ရန် သဘောတူလေသည်။
“အခု အိုးရန်မိသားစု”
ထန်ရှု ရပ်တန့်သွားသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူ ချီတုံချတုံဖြစ်နေသည်။ ကျန်းမိသားစုကို ဖယ်ရှားမည့် သူ၏အစီအစဉ်သည် လှုပ်ရှားမှု အကြီးစားတစ်ခုဖြစ်သည်။ လုံမိသားစု၊ ချန်းကျီကျုံး၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အပါအဝင် အင်အားစု၄ခုအား သည်အားထုတ်မှုတွင် ပါဝင်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်သော်လည်း ကျန်းမိသားစုသည် ကြယ်တာရာတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သော ဒေသခံ အင်အားစုတစ်ခု ဖြစ်သောကြောင့် သူတို့ မပျက်စီးမီ ပြန်လည် တိုက်ခိုက်နိုင်သေးသည်။ သူတို့ မပျက်သုဉ်းမီ ခုခံအားသည် အလွန် ပြင်းထန်လိမ့်မည်ဟု သူ ပြောနိုင်ပေသည်။ သည်အထဲသို့ အိုးရန်မိသားစုအား ဆွဲထည့်လိုက်ပါက ၎င်းမိသားစုတွင် သူ အကြွေးတစ်ခု တင်သွားမည်ဖြစ်သောကြောင့် ချီတုံချတုံ ဖြစ်နေရခြင်း ဖြစ်တော့သည်။
ငွေကြေးအကြွေး တင်ခြင်းသည် ပြန်ဆပ်ရန် အဆင်ပြေသေးသော်လည်း ကျေးဇူးတရား အကြွေးတင်ခြင်းမှာမူ ပေးဆပ်ရန် အတော်ခက်ခဲလှသည်။ ထိုအရာသည် သူ အမြဲတွန့်ဆုတ်မှု ရှိသောအရာ ဖြစ်သောကြောင့် ထန်ရှုသည် ကျေးဇူးတရားအား မည်သူ့ထံမှ အကြွေးမတင်လိုပါပေ။
အဆုံးသတ်တွင် သည်ပြဿနာအား ချောမွေ့စွာ ပြီးဆုံးနိုင်ရန်အတွက် ထန်ရှုသည် အိုးရန်လူလူနှင့် အရင်စကားပြောရန် ဆုံးဖြတ်လိုက်သည်။
ထန်ရှုသည် ပြတင်းပေါက်မှ တစ်ဆင့် ကားရပ်နားရာနေရာရှိ လင်ရိုဗာကား အဖြူရောင်အား လှမ်းကြည့်လိုက်ပြီးနောက် သူ၏အခန်းထဲမှ ထွက်လာခဲ့သည်။ အိုးရန်လူလူ ရှိနေသော ဧည့်သည်အခန်းသို့ ရောက်သောအခါ သူ တံခါးခေါက်လိုက်သည်။
“ကလစ် ...”
အတွင်းမှ တံခါးဖွင့်သံ ကြားလိုက်ရပြီးနောက် ဆွဲဆောင်မှုရှိသည့် ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော အိုးရန်လူလူသည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် တံခါးဝတွင် ရပ်နေသည်။ သူမသည် စိတ်အလိုမကျဟန်ဖြင့် ပွစိပွစိ ရွတ်တော့သည်။
“ညလယ်ကြီးမှာ နင်ငါ့ဆီက ဘာလိုချင်လို့တုန်း။ ဒီမိန်းကလေးက နင့်အိမ်မှာ ညအိပ်ဖို့အတွက်ပဲ ခဏလာတည်းတာနော်။ ငါ့အပျိုစင်ဘဝကို နင့်ကို မပေးနိုင်ဘူးနော်”
ထန်ရှုသည် သူမအား ဖြတ်ကျော်ကာ ဆိုဖာဆီသို့ သွားပြီး ထိုင်ချလိုက်ပြီးနောက်
“ကျွန်တော် ခင်ဗျားနဲ့ အရေးကြီးတာ ပြောဖို့ရှိတယ်။ လန်းသွားအောင် မျက်နှာသစ်ချေဦး”
အိုးရန်လူလူသည် မျက်လုံးအဝိုင်းသားဖြင့် ထန်ရှုအား ကြည့်လိုက်ပြီးနောက် ရေချိုးခန်းသို့ သွားကာ မျက်နှာသစ်လိုက်သည်။ ယခင်ကထက် ပိုမိုလန်းဆန်းစွာဖြင့် ပြန်လာသော်လည်း သူမ၏မျက်နှာ လှလှလေးထက်တွင် အလိုမကျဟန် ကျန်ရှိနေသေးဆဲ ဖြစ်သည်။ သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
“ကဲ ပြော ... မနက်ဖြန်အထိ မစောင့်နိုင်လောက်အောင် ဖြစ်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာက ဘယ်ဟာလဲ။ အခု ဘယ်အချိန်ရှိပြီလဲ ဆိုတာ နင် မမြင်ဘူးလား”
ထန်ရှုသည် တည်ကြည်လေးနက်သော အမူအရာဖြင့်
“သည်အကြောင်းအရာက ကြီးမားတယ် နင် စိတ်ဝင်စားရဲ့လား”
အိုးရန်လူလူ ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာအရေးကြီးတဲ့ အကြောင်းအရာလဲ”
“အမှန်အတိုင်း ပြောရရင် အမိုက်စား စီးပွားရေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကလည်း ပိုက်ဆံရမယ် ဆိုတာတော့ သေချာတယ်။ ကြယ်တာရာက ထင်ရှားတဲ့ မိသားစုဝင်အချို့က ကျွန်တော့်ကို အနှောင့်အယှက် ပေးနေတာမို့လို့ သူတို့ကို ဖယ်ရှားဖို့ ပြင်ဆင်နေတယ်။ အဲဒီမိသားစုက တအားချမ်းသာပြီး အာဏာရှိတယ်။ ကျွန်တော် အချို့လူတွေကို ဆက်သွယ်ပြီးပြီမို့ နောက်ရက် အနည်းငယ်မှာ လှုပ်ရှားလိမ့်မယ်။ ခင်ဗျားတို့ အိုးရန်မိသားစုက ကြယ်တာရာမှာ အခြေမစိုက်ပေမဲ့လည်း နက်ရှိုင်းတဲ့ အရင်းအနှီး ရှိတယ်။ အဲဒါကြောင့် ဒီအားထုတ်မှုရဲ့ ဝေစုကို လိုချင်ရင် ဒီအထဲ ကျွန်တော် ပါခွင့်ပေးမယ်”
အိုးရန်လူလူ စပ်စုလိုက်သည်။ “ဘယ်မိသားစုလဲ”
“ကျန်းမိသားစု” ထန်ရှု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ကျန်ယု ငါ့ကို ပြောဖူးတယ် ... သူ့မိသားစုနဲ့ ကျန်းမိသားစုကြားမှ ငြိတာလေးတွေ ရှိတယ်တဲ့။ နင် ဆက်သွယ်ထားတဲ့ လူတွေထဲမှာ လုံမိသားစုရော ပါရဲ့လား”
ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ကျန်းမိသားစုသာ လုံးဝ ပျက်စီးသွားရင် လုံမိသားစုက အကျိုးအမြတ် အကြီးမားဆုံးရမှာပဲ။ ဒါဟာ ကောင်းကင်က ပေးတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်။ လုံဟန်ဝမ်နဲ့ ချန်းကျီကျုံးသာ မမိုက်မဲဘူးဆိုရင် သူတို့ ပါဝင်မှာ သေချာသလောက်ပဲ”
အိုးရန်လူလူသည် တစ်ချက် စဉ်းစားလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထန်ရှုအား မေးလိုက်သည်။
“ကျန်းတွေက နင့်ကို ဘယ်လိုထိခိုက်စေခဲ့လဲ ဆိုတာ ငါ့ကို ပြောပြနိုင်မလား”
“ကျွန်တော် တစ်ခါတုန်းက ကျန်းတွေရဲ့မာနကြီးတဲ့ မင်းသမီး ကျန်းသဲကျင်ကို သင်ခန်းစာတစ်ခု ပေးဖူးတယ်။ သူတို့ရဲ့ သခင်လေးကိုလည်း အရင်တုန်းက ၂ကြိမ် ဆုံးမဖူးသေးတယ်။ မနေ့က ကျွန်တော် ရင်ရင်နဲ့ အပြင်သွားပြီး စာအုပ်ဆိုင်မှာ စာအုပ်သွားဝယ်တော့ ကြေးစားလုပ်ကြံသူ ၃ယောက်ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုကို ကြုံရတယ်။ လုပ်ကြံသူ၃ယောက်ကို ကျွန်တော် သတ်နိုင်ခဲ့ပေမဲ့ ကျွန်တော် ပိုက်ဆံတော်တော်သုံးပြီး စုံစမ်းလိုက်တော့ နောက်ကွယ်က စီစဉ်သူက ကျန်းသဲကျင် ဖြစ်နေတယ်။ ခင်ဗျား ပြောကြည့်။ သူက ကျွန်တော့်ကို သေစေချင်တယ် ဆိုမှတော့ ကျွန်တော်ကလည်း သူတို့ကို ပြန်မသတ်သင့်ဘူးလား”
ထန်ရှု အေးဆေးစွာ ပြောပြလိုက်သည်။
အိုးရန်လူလူသည် အံ့အားသင့်နေလျက်
“နင်က ဒီနေ့ တောင်တံခါးအိမ်ရာ ရှေ့ပေါက်မှာ သေနေတဲ့ ဟို၃ယောက်ကို သတ်ခဲ့တဲ့သူလား။ သူတို့၃ယောက်က တကယ်ကြီး လုပ်ကြံသူတွေပေါ့။ အာ ဟုတ်သားပဲ။ အခင်းဖြစ်တဲ့နေရာမှာ လက်နက်တွေ မြင်ခဲ့တော့ သူတို့က နတ်ဆိုးတွေပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီဟာက ကိစ္စကြီးတစ်ခု ဖြစ်နေတော့ ငါ့မိသားစုနဲ့ ပြန်တိုင်ပင်မှ ရမယ်”
“အိုးရန်မိသားစုက ပါမယ်ဆိုရင် မနက်ဖြန်ည လုံစားသောက်ခန်းမမှာ အခြားသူတွေနဲ့အတူ တွေ့ကြတာပေါ့”
“နင် ငါ့ကို လုံမိသားစုအပြင် ဘယ်သူတွေ ပါသေးလဲဆိုတာ မပြောရသေးဘူးနော်” အိုးရန်လူလူ ပြောလိုက်သည်။
“လုံမိသားစု၊ ချန်းကျီကျုံးနဲ့ ကျွန်တော့် တခြားသူငယ်ချင်း၂ယောက်ပါမယ်။ သူတို့မှာ ကိုယ်ပိုင်အင်အားတွေ ရှိကြပေမဲ့ အသေးစိတ်တော့ ကျွန်တော် မသိဘူး”
“နင် ပိုင်ထောင်နဲ့ ချူယီကိုရော မခေါ်ဘူးလား” အိုးရန်လူလူ အံ့သြသွားရသည်။
“မခေါ်တော့ဘူး။ သူတို့မိသားစုတွေက ပေကျင်းကဆိုတော့ သူတို့မှာလည်း အပြိုင်အဆိုင် ရန်သူတွေ ရှိနိုင်တာမို့လို့ မပါခိုင်းတော့ဘူး”
အိုးရန်လူလူသည် ကြွယ်ဝချမ်းသာသော မိသားစုမှ သမီးကြီးတစ်ယောက် ဖြစ်သောကြောင့် ထိုပြဿနာများအား ကောင်းစွာ သဘောပေါက်သည်။
“ငါ သိတယ်။ ချူနဲ့ပိုင်မိသားစုတွေက တအားရင်းနှီးတယ်။ ဒါပေမဲ့ သူတို့မှာလည်း သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ မိသားစုတွေ ရှိတယ်။ သူတို့ရဲ့လှုပ်ရှားမှုကို သူတို့ရန်သူတွေသာ သတိပြုမိသွားရင် သူတို့ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်”
ကြယ်တာရာ ကျန်းနင်ဒေသ ...
သုံးထပ်အဆောက်အဦ အတွင်းရှိ နူးညံ့သော ဆိုဖာထက်တွင် ကျန်းသဲကျင်သည် တစ်ဝက်မက ကျန်နေသေးသော ဝိုင်နီတစ်ခွက်ကိုင်လျက် ထိုင်နေသည်။ သူမ၏အမူအရာသည် စိတ်လှုပ်ရှားနေဟန် ရှိပြီး စိုးရိမ်ပူပန်မှုများအား သူမ၏မျက်နှာထက်တွင် အတိုင်းသား မြင်တွေ့နိုင်ပေသည်။ သူမ၏အရှေ့တွင် ကျန်းယုံကျင်းသည် ကျန်းသဲကျင်၏ဖုန်းထက်မှ အချိန်အား ကြည့်လျက် ဆောက်တည်ရာမရ အရှေ့အနောက် လူးလာခေါက်တုံ့ လျှောက်နေသည်။
သူတို့၏ရန်သူအား ဖယ်ရှားလိုက်သည့် သတင်းအား စောင့်နေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ညနက်သည့်အထိ မည်သည့်သတင်းမှ တက်မလာခဲ့ပေ။
“နင် ငြိမ်ငြိမ်လေး နေလို့မရဘူးလား။ အဲဒါကို အစာမကြေရင် သွားအိပ်နေလိုက်။ ငါ့ဘာသာ ကိုင်တွယ်နိုင်တယ်”
ကျန်းသဲကျင်သည် စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ပက်ခနဲ ပြောလိုက်သည်။
ကျန်းယုံကျင်းသည် ရပ်တန့်သွားကာ သူ့အစ်မရှေ့တွင် ဝင်ထိုင်လိုက်သည်။ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး အနည်းငယ် ဖွာရှိုက်လိုက်ပြီးမှ
“အစ်မကြီး ... တစ်ခုခုများ ဖြစ်နိုင်လား။ ညလယ်တောင် ရောက်နေပြီ။ ဘာသတင်းမှ တက်မလာဘူး။ အစ်မငှားတဲ့ လုပ်ကြံသူတွေက တအားမကောင်းလို့များလား”
“နင်က ငါ့ကို မေးတော့ ငါက ဘယ်သူကို သွားမေးရမှာလဲ”
ကျန်းသဲကျင် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
“တောင်တံခါး အရှေ့ပေါက်မှာ အသတ်ခံရသူတွေက ထန်မျိုးရိုးကောင်နဲ့ ပတ်သက်နေနိုင်လား။ အဲဒီမှာ လူ၃ယောက် သေတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ ထန်မျိုးရိုးကောင်၊ သူ့သူငယ်ချင်းတွေ ဒါမှမဟုတ် ဆွေမျိုးတွေများ ဖြစ်နေနိုင်တာလား” ကျန်းယုံကျင်း ချီတုံချတုံဟန်ဖြင့် ပြောလိုက်သည်။
ကျန်းသဲကျင်သည်လည်း ထိုသတင်းအား ကြားသည်။ သို့သော် ပစ်မှတ်သည် မည်သူမှန်း သူမ သေချာမသိပေ။ သူမသည် ဖိလစ်ပိုင်မှ လုပ်ကြံသူများအား ငှားရန် ၂ဝမီလီယံ သုံးခဲ့သည်။ တစ်ဖက်လူမှ သူတို့သည် သည်အလုပ်အား လုပ်ဆောင်မည်ဟု ပြောခဲ့သော်လည်း လူမည်မျှ လွှတ်မည်ကို မပြောခဲ့ပေ။
ထန်ရှုသာ အသတ်ခံရသည်၊ မခံရသည်ကို မသိရခြင်းကြောင့် သူမ ဆောက်တည်ရာမရ ဖြစ်နေသည်။ လုပ်ကြံသူများသာ အသတ်ခံလိုက်ရပါက ကြားခံလူသည် သူမအား ရောင်းစားလိုက်မည်ကို စိုးရိမ်နေမိသည်။ ထန်ရှု မသေဘဲ ကြားခံလူမှသာ သူမသည် နောက်ကွယ်မှလူဖြစ်ကြောင်း ညွှန်ပြလိုက်ပါလျှင် သူမသည် ကံဆိုးမိုးမှောင် ကျတော့မည် ဖြစ်သည်။
“ဖုန်းမြည်သံ ...”
ကျန်းသဲကျင်သည် ဖုန်းအား အမြန်ယူကာ ခေါ်ဆိုသူနံပါတ်အား မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။
“တောင်တံခါး အရှေ့ပေါက်က အသတ်ခံရသူတွေ အကြောင်း ရှင်းရှင်းလင်းလင်း သိရပြီလား”
“သူတို့ရဲ့ပုံရိပ်တွေကို ဘယ်သူမှ မသိဘူး ... နောက်ပြီး ကျွန်တော်တို့ နိုင်ငံကလည်း မဟုတ်ဘူး”
အသံတိုးဖျော့ဖျော့သည် နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။
ဖုန်းချသွားခဲ့ပြီ ဖြစ်သည်။
ကျန်းသဲကျင်၏လက်ထဲမှ ဖုန်းသည် အောက်သို့ ပြုတ်ကျသွားခဲ့ရပြီး သူမသည် နားမလည်နိုင်ပဲ ရှိနေသည်။ ထိုအသတ်ခံရသူများသည် ပြည်တွင်းမှ မဟုတ်ခဲ့ပါလျှင် သူမ ငှားခဲ့သော လုပ်ကြံသူများ ဖြစ်နိုင်ပေသည်။
သူတို့ သူမအကြောင်းကို ဖော်ထုတ်လိမ့်လေမလား။
မဟုတ်ဘူး။ သူတို့ မလုပ်နိုင်ဘူး။
သူမနှင့် ဆက်သွယ်သောသူမှာ ထိုသူများ မဟုတ်ဘဲ ကြားခံလူတစ်ယောက် ဖြစ်သည်။ ထိုလူသာ သူမအကြောင်း ထုတ်ဖော်ပြီး မရောင်းစားသရွေ့ သူမ ဧကန်မုချ ဘေးကင်းလုံခြုံ ပေလိမ့်မည်။
ကျန်းသဲကျင်သည် ဖုန်းအား အမြန်ကောက်ကာ ကြားခံလူ၏နံပါတ်အား ဆက်သွယ်လိုက်သည်။ သို့သော် မမျှော်လင့်စွာပင် တစ်ဖက်လူသည် သူ၏ဖုန်းအား စက်ပိတ်ထားသောကြောင့် သူမ လုံးဝပင် ဆောက်တည်ရာမရာ နေမထိထိုင်မသာ ဖြစ်ရတော့သည်။
အတိအကျကို ဘာတွေ ဖြစ်သွားခဲ့တာလဲ။
ကျန်းသဲကျင်သည် ကျန်းယုံကျင်၏ မျက်ဝန်းအစုံအား ဆောက်တည်ရာမရဟန်ဖြင့် ကြည့်လိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူမသည် ရုတ်တရက် ထရပ်လိုက်ပြီး အလျင်စလို ပြောလိုက်သည်။
“ဒီည ကြယ်တာရာကနေ ထွက်သွားတော့။ မှတ်ထားပါ ဒီမှာ ဘာကိစ္စကြီးပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကြယ်တာရာကို ချက်ချင်း ပြန်မလာရဘူး။ နင် မြောက်ပိုင်းကျန်းစုကို သွားရမယ်။ အဲဒီမှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူမက အချိန်ခဏတော့ နင့်ကို ဂရုစိုက်ပေးလိမ့်မယ်”
“အစ်မကြီး ... ဘာတွေ ဖြစ်နေတာလဲ။ ကျွန်တော်တို့က လုပ်ကြံသူတွေကို ငှားခဲ့တာဆိုပေမဲ့ ဘာဖြစ်လို့ ပစ်မှတ်တွေလို ခံစားနေရတာလဲ”
“ပြဿနာကြီးတစ်ခု ဖြစ်တော့မယ်လို့ ငါ မကောင်းတဲ့အာရုံတွေ ရနေတယ်။ ဒီညပဲ ကြယ်တာရာက ထွက်သွားပြီး မြောက်ပိုင်းကျန်းစုက ငါ့သူငယ်ချင်းဆီကို သွားပါ။ နင့်ပစ္စည်းတွေ သိမ်းပြီး ပြင်ဆင်ပါ။ အခုပဲ ...”
ကျန်းသဲကျင်သည် ခါးသီးစွာ ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အစ်မကြီး ... နင်ကရော” ကျန်းယုံကျင်း အလျင်စလို မေးလိုက်သည်။
“ငါ ဘယ်မှ မသွားနိုင်ဘူး။ ပထမ ငါတို့က နောက်ကွယ်လူတွေဆိုတာ ထန်ရှု သိ၊မသိ မသေချာသေးဘူး။ ဒုတိယ ငါတို့မိသားစုနဲ့ ငါတို့အိမ်က ဒီမှာရှိတာမို့ အဆင်ပြေနိုင်တယ်။ နောက်ရက်တွေ ငါ အပြင်ထွက်ရင် သက်တော်စောင့် ပိုခေါ်သွားလိုက်မယ်။ ထန်ရှုက ငါတို့မှန်း သိရင်တောင်မှ သူ လက်လွတ်စပယ် အဆင်ခြင်မဲ့လုပ်မှာ မဟုတ်ဘူး။ ကျန်းမိသားစုက သနားညှာတာမှုမရှိဘဲ လက်တုံ့ပြန်မှာကို သူလည်း ကောင်းကောင်းသိတယ်”
“ကျွန်တော်လည်း မသွားဘူးအစ်မ။ ထန်ရှုက အစ်မကိုတောင် ဘာမှမလုပ်နိုင်ရင် ကျွန်တော့်ကိုလည်း ထိခိုက်ရဲမှာမဟုတ်ဘူး။ နေနေ သွားသွား ကျွန်တော်တို့ အတူရှိရမယ်”
ကျန်းသဲကျင် ရင်ထဲတွင် နွေးထွေးသွားသော်လည်း ဒေါသတကြီး အော်ဟစ်နေဆဲပင် ဖြစ်သည်။
“ဘာမှ အတွန့်မတက်နဲ့တော့။ ငါ ပြောတဲ့အတိုင်း နင် ဒီည သွားရမယ်။ ငါ အဖေနဲ့အမေကို ဒီအကြောင်း ပြောပြထားလိုက်မယ်”
“မသွားဘူး။ ကျွန်တော့်ကို ဘာလုပ်ရမယ်လို့ ပြောဖို့မလိုဘူး။ ခြိမ်းခြောက်တာလည်း မလုပ်နဲ့။ ကျွန်တော်က ယောက်ျားတစ်ယောက်ပါ။ ဒီမှာနေကို နေရမယ်”
ကျန်းယုံကျင်း စိတ်ဆိုးစွာ ပြန်အော်လိုက်သည်။
“နင့်ကို ငါ ကြိုးတုပ်ပြီး အဲဒီကို ပို့စေချင်သလား။ ဒါမှမဟုတ် စကားနားထောင်ပြီး ကိုယ့်ဘာသာ လိမ်လိမ်မာမာနဲ့ သွားမလား။ ရွေး ...”
ကျန်းသဲကျင် မထီတထီဟန်ဖြင့် ပြန်ပြောလိုက်တော့သည်။
***