သက်သေပြစရာ နည်းပါးခြင်း
Vol. 04 Ch. 192
ကြယ်တာရာ ရဲဌာန၊ မှုခင်းအဖွဲ့ ...
မှုခင်းအဖွဲ့၏ ရုံးခန်းများရှိသော အဆောက်အဦ တစ်ခုလုံးသည် မနက်အလင်းရောင် လာပြီဖြစ်သော်လည်း မီးများလင်းထိန်နေဆဲ ဖြစ်သည်။ ရဲအရာရှိများသည် အဆောက်အဦ အတွင်းတွင် ဝင်လိုက်ထွက်လိုက် ဖြစ်နေသကဲ့သို့ ရဲကားများသည်လည်း ဥသြဆွဲကာ လာလိုက် ထွက်ခွာသွားလိုက် ဖြစ်နေကြသည်။
ထိုအဆောက်အဦ၏ ဒုတိယထပ်တွင် ...
ရုံးခန်းထဲတွင် လူအများ၏ အနံ့ခံအာရုံအား ကသိကအောက်ဖြစ်စေသော စူးရှပြင်းထန်သော ဆေးလိပ်နံ့သည် ပျံ့လွင့်နေပြီး အခန်းတစ်ခုလုံးသည် ဆေးလိပ်ငွေ့များ ပြည့်လျက်ရှိသည်။ မြို့တော်ပြည်သူ့ လုံခြုံရေးဗျူရို၏ ဒါရိုက်တာဖြစ်သော သန်ကျင်းမင်သည် စီးကရက်အား လက်ကြားညှပ်ထားလျက် မျက်မှောင်ကြုတ်ကာ သူ၏အရှေ့မှ မှုခင်းရဲအရာရှိအယောက် ၂ဝကျော်အား စူးစိုက်ကြည့်နေသည်။
“ငါတို့အထက်အရာရှိက ဒီအမှုကို ၃ရက်အတွင်း ဖြေရှင်းဖို့ အမိန့်ချထားတယ်။ ဘယ်နည်းလမ်းပဲ သုံးသုံး ငါ ဂရုမစိုက်ဘူး လူသတ်သမားကို အမြန်ဆုံးမိအောင်သာ ဖမ်းခဲ့” သန်ကျင်းမင်သည် မရွှင်ပျသော အမူအရာဖြင့် ပြောလိုက်သည်။
ချန်းရွှဲ့မေသည် မချိပြုံး ပြုံးလိုက်ပြီး
“ဒါရိုက်တာ ... ကျွန်မတို့လည်း ဒီအမှုကို ဖြစ်နိုင်ရင် အမြန်ဆုံး ဖြေရှင်းချင်တာပေါ့။ ဒါပေမဲ့ ဒီအမှုက ထူးခြားလွန်းနေတဲ့ အပြင် ကျွန်မတို့ရဲ့အချက်အလက် စုဆောင်းရာဆီမှာ သေတဲ့သူတွေနဲ့ပတ်သက်တဲ့ ဘာအချက်အလက်မှ မရှိဘူး။ သူတို့ကိုသာ နိုင်ငံခြားသားတွေလို့ ကျွန်မတို့ ကောက်ချက်ချလိုက်မယ်ဆိုရင် ကျွန်မတို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်နိုင်ပြီးတော့ သဲလွန်စပိုပြီး ရလာနိုင်တယ်”
“ငါ အခုအခြေအနေကို အစီရင်ခံတင်ပြပြီးပြီမို့ မကြာခင် ငါတို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ် ရလိမ့်မယ်လို့ ယုံတယ်။ သူတို့သာ နိုင်ငံခြားသားတွေဆိုတာ သေချာသွားရင် နိုင်ငံတကာ လုပ်ကြံသူတွေကို သံသယဖြစ်ဖွယ်ရှိတယ်။ ဒီလူတွေက တောင်တံခါးအိမ်ရာ အရှေ့ပေါက်အနားမှာ သေဆုံးတာဆိုတော့ သူတို့ပစ်မှတ်က အဲဒီအိမ်ရာဝင်းထဲကပဲ ဖြစ်ရမယ်လို့ ငါ စဉ်းစားမိတယ်။ မင်းတို့ ဒီအိမ်ရာဝင်းထဲမှာ နေထိုင်တဲ့သူတွေ အပြင်ထွက်တာကို ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းကို ကူးယူလာခဲ့ပြီလား” သန်ကျင်းမင် ပြောလိုက်သည်။
“ကျွန်မတို့ လုပ်ခဲ့ပြီးပြီ ဆရာ ...” ချန်းရွှဲ့မေ ပြန်ဖြေလိုက်သည်။
“ဖွင့်လိုက်တော့။ ပစ်မှတ်ထားခံရတဲ့ သံသယလူကို ငါတို့ ကြည့်ကြည့်ရအောင်”
“ဟုတ်ကဲ့ဆရာ”
ကူးယူလာသော မှတ်တမ်းအား တီဗွီဖန်သားပြင်မှ ပြသနေသည်။ ဗီဒီယိုအား အမြန်နှုန်းဖြင့် ပြသနေသောကြောင့် ၁ဝမိနစ်ကြာသော် ထန်ရှုနှင့် ဂူရင် အိမ်ရာဝင်းထဲမှ ထွက်လာပုံသည် ဖန်သားပြင်ထက်တွင် ပေါ်ပေါက်လာခဲ့သည်။
“နေဦး”
ချန်းရွှဲ့မေ၏မျက်နှာသည် မသိမသာ ပျက်သွားပြီး လေးနက်သောအသံဖြင့် ချက်ချင်း အော်လိုက်သည်။
“ခေါင်းဆောင် ချန်း ... မင်း တစ်ခုခု တွေ့လိုက်လို့လား”
သန်ကျင်းမင် ဇဝေဇဝါ ဖြစ်သွားသည်။
ချန်းရွှဲ့မေသည် ဗီဒီယို ပြနေသောလူအား
“ဗီဒီယိုကို နောက်ပြန်ရစ်ပြီး အခုရှေ့မတိုင်ခင်က ထွက်လာတဲ့ လူနှစ်ယောက်ကို အာရုံစိုက်”
သန်ကျင်းမင်သည် ဖန်သားပြင်အား ကြည့်ရင်း မျက်မှောင်ကြုတ်သွားကာ
“ဒီမိသားစုနဲ့ ကောင်လေးကို ငါ ဘယ်နေရာမှာ မြင်ဖူးနေပါလိမ့်”
“ဒါရိုက်တာ ... သူက ထန်ရှုပါ” ချန်းရွှဲ့မေ လေးနက်စွာ ပြောလိုက်သည်။
သန်ကျင်းမင်၏မျက်လုံးများ ပြူးကျယ်သွားရကာ ရုတ်ခြည်းပင် မတ်တတ်ထရပ်လိုက်ရင်း
“ဒီဟာမတိုင်ခင် အေအဆင့်တရားခံတွေကို သတ်သွားတဲ့အမှုကြီးမှာ သူပါဝင်တယ်လို့ သံသယရှိခဲ့ရတဲ့ ကောင်လေးလား။ ကျောင်းကို စီးတဲ့အမှုမှာလည်း တရားခံကို သတ်ခဲ့တဲ့သူ။ ဒါပေမဲ့ သူက တောင်တံခါးအိမ်ရာမှာ ဘယ်လိုပေါ်လာတာလဲ”
ချန်းရွှဲ့မေ ခေါင်းယမ်းလိုက်ရင်း
“သူက အဲဒီမှာနေတာ။ ကြည့်ရတာ သူလက်ကိုင်ထားတဲ့ ဟိုကလေးမလေးက သူနဲ့အတူနေတဲ့ပုံပဲ။သူတို့ ထွက်လာတဲ့အချိန်က လုပ်ကြံသူ၃ယောက် အသတ်ခံရတဲ့ အချိန်မတိုင်ခင် နာရီဝက်အလိုလေးပဲ”
“ဗီဒီယိုမှတ်တမ်း ဆက်ကြည့်ကြစို့”
ဗီဒီယိုမှတ်တမ်းအား ပြန်ကြည့်နေရင်း လူတိုင်း မျက်မှောင်ကြုတ် နေကြသည်။ သိပ်မကြာလိုက်ပါပဲ ထန်ရှုသည် ကလေးမလေးနှင့်အတူ အိမ်ရာဝင်းထဲသို့ ပြန်ဝင်လာပြီး လုပ်ကြံသူ၃ယောက် အသတ်ခံရသည့် အချိန်အထိ ထန်ရှု ပြန်ထွက်မလာတော့ချေ။
“သူ မဟုတ်ဘူးလား” မှုခင်းရဲအရာရှိ တစ်ယောက် ခေါင်းကိုယမ်းလိုက်မိသည်။
“ငါသိရသလောက်တော့ ထန်ရှုက သိုင်းပညာကျွမ်းကျင်သူ တစ်ယောက်ပဲ။ သူ နံရံပေါ်တက်ပြီး အိမ်ရာဝင်းထဲက ထွက်နိုင်တယ်။ အဲဒီ၃ယောက်ကို သူ မသတ်ဘူးလို့ ဘယ်သူမှ သေချာမပြောနိုင်ဘူး”ချန်းရွှဲ့မေ သရော်သံဖြင့် ပြောလိုက်သည်။
အခြားမှုခင်း ရဲတစ်ယောက်မှ
“အကြီးအကဲ ... ကျွန်တော်တို့ တောင်တံခါးအိမ်ရာဝင်း တစ်ခုလုံးရဲ့ အဝင်အထွက် ဗီဒီယိုမှတ်တမ်းတွေကို အိမ်ရာစီမံရေးရုံးက ရလာခဲ့တယ်။ အဲဒီဗီဒီယိုတွေ အရဆိုရင် စောင့်ကြည့်ဧရိယာ အတွင်းမှာတော့ ဘာမှ အမည်းရောင်အစက်အပြောက် မတွေ့ဘူး။ ထန်ရှုလည်း ဗီဒီယိုအားလုံးမှာ ပြန်ထွက်တာ မမြင်တာကြောင့် သူ့ကို သံသယစာရင်းက ပယ်လို့ရတယ်”
“ဆက်ကြည့်ပါဦး” သန်ကျင်းမင် လေးနက်စွာ ပြောလိုက်သည်။
မနက် ၃နာရီ ၃ဝမိနစ် ...
တောင်တံခါးအိမ်ရာဝင်း အတွင်းရှိ ဗီဒီယိုမှတ်တမ်းများ အားလုံးအား ပြသပြီးသွားပြီဖြစ်သည်။ အဆုံးသတ်တွင် ထန်ရှုသည် အမှန်တကယ်ပင် တောင်တံခါးအိမ်ရာမှ ထွက်မလာခဲ့ချေ။
“ဒီအမှုမှာ ထန်ရှု မပါဘူးဆိုရင် ဘယ်သူများပါလိမ့်။ အိမ်ရာဝင်းထဲကနေ ထွက်လာကြတဲ့သူတွေ အားလုံးကိုလည်း ကြည့်ပြီးပြီ။ ဒီအတိုင်းဆို အကုန်လုံးနီးပါး ပယ်ဖျက်စာရင်းထဲ သွင်းရတော့မလိုပဲ”
ချန်းရွှဲ့မေ အဖြေရှာမရ ဖြစ်နေသည်။
သန်ကျင်းမင်သည် စားပွဲအား သူ၏လက်ချောင်းလေးများဖြင့် အချိန်အတော်ကြာအောင် တဒေါက်ဒေါက် ခေါက်လိုက်ရင်း
“ခေါင်းဆောင်ချန်း ... မနက်ဖြန် တောင်တံခါးအိမ်ရာကို သွားပြီး ထန်ရှုကို ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မေးပြီးတော့ သူ့ဆီက ရသမျှ သတင်းယူခဲ့ပါ”
ချန်းရွှဲ့မေ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ပြီး
“ဒါရိုက်တာ သန် ... ထန်ရှုရဲ့အကျင့်စရိုက်က ... ဘယ်လိုပြောရမလဲ ... အတော်ပြောရဆိုရ ခက်တယ်။ နောက်ပြီး သူ ဒီဟာကို ကျူးလွန်တယ်ဆိုပြီး ကျွန်မတို့မှာလည်း သက်သေမရှိဘူးလေ။ ကျွန်မတို့က သူ့ကို ငါတို့နဲ့ ပူးပေါင်းလို့ အမြန်သွားပြောရင် ဒီဟာက အတော်ကြီး မသင့်လျော်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မတို့အတွက် အခု အရေးကြီးဆုံးက သဲလွန်စအချို့ကို စုဆောင်းဖို့ပါပဲ။ ပစ်မှတ်ကို ကျွန်မတို့ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်း နောက်ထပ် စုံစမ်းနိုင်ပါတယ်”
ပြီးခဲ့သောအမှုတွင် ထန်ရှုအား သူမ၏စုံစမ်းမှုတွင် ပူးပေါင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဘာမှ သတင်းမရခဲ့သည့် အဖြစ်အား သူမ မမေ့သေးပေ။ သည်တစ်ကြိမ်တွင်လည်း သူမ ထန်ရှုကို ရှာရင်တောင်မှ အသုံးဝင်သော မည်သည့်သတင်းမျှ ရလိမ့်မည်မဟုတ်ဟု သူမ တူညီစွာ ခံစားမိနေသည်။
“သူ လူသတ်သမား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် မင်း အဲဒီကို သွားလိုက်ပါ။ အနည်းနဲ့အများတော့ သူက ကြောက်စရာကောင်းနေသေးတယ်။ ကြယ်တာရာမှာ ခုလတ်တလော အမှုကြီးတွေ ဖြစ်ပွားလာတာ များလာတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါလည်း ဗျူရိုဒါရိုက်တာနေရာမှာ နေရတော့မှာမဟုတ်သလို မင်းတို့တွေ အားလုံးတောင်မှ ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရတော့မယ်”
သန်ကျင်းမင် ပြောလိုက်သည်။
ချန်းရွှဲ့မေတစ်ယောက် ခေါင်းကိုက်သွားသဖြင့် သူမ၏နဖူးကိုသာ နှိပ်နေမိရင်း သန်ကျင်းမင်၏အမိန့်အား ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။
****
လူအများစု၏ ဘဝသည် မကြာခဏဆိုသလိုပင် မထူးခြား၊ မတောက်ပဟု ခံစားမိကြသည်။ သို့သော် အချို့သူများ အတွက်မှာမူ ဘဝသည် စိတ်လှုပ်ရှားစရာကောင်းပြီး အရောင်အသွေး စုံလင်တောက်ပနေသည်ကို တွေ့ရှိရသည်။ သူတို့သည် အောင်မြင်မှု၊ ကျရှုံးသော အတွေ့အကြုံ၊ ကံကောင်းမှုနှင့် ကံဆိုးမှု ... စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ပြည့်နှက်နေပေသည်။
ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင်မှ ပြန်ရောက်လာသည်မှာ ၂လကျော် ကြာခဲ့ပြီဖြစ်ပြီး အဖြစ်အပျက် တော်တော်များများသည်လည်း ဖြစ်ပျက်ကြုံဆုံခဲ့ပြီး ဖြစ်တော့သည်။ တစ်ခါတစ်ရံတွင် သူသည်လည်း ရပ်တန့်ကာ ခေတ္တ အနားယူချင်သော်လည်း ကံကြမ္မာစက်ဝိုင်း လည်ပတ်ခြင်းသည် သူ ထိန်းချုပ်ထားနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ ထိုအရာသည် သူ့အား ရှေ့သို့တွန်းသည်၊ သူ့မှာ မခုခံနိုင်ပဲ ကြိုတင်ကာ တရွတ်တိုက် ဆွဲခေါ်ခြင်းလည်း ခံရသည်။ သို့သော်လည်း အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့သော သူ့အနေဖြင့် အမြဲတစေ ရဲရင့်လျက် သူ၏နှလုံးသားသည်လည်း ကျောက်တုံးအလား မာကျောနေအောင် ပုံသွင်းခံထားရပြီး ဖြစ်တော့သည်။
အိမ်၏ဂိုဒေါင်ထဲတွင် ...
ထန်ရှုသည် အလောင်းကောင် ပျော်ဝင်သည့် ဆေးနည်းတစ်မျိုးအား သန့်စင်လျက်ရှိသည်။
အင်မော်တယ်ကမ္ဘာတွင် ထိုဆေးမျိုးသည် အလောင်းကောင်အား လုံးဝ လက်စလက်န မကျန်အောင် ဖျောက်ဖျက်ရာတွင် အသုံးပြုသည်။ ထိုဆေးရည်တစ်စက်သည် အလောင်းကောင်အား ရေပွက်လေးတစ်ခု အသွင်ဖြစ်သွားစေပြီး အဝတ်အစားများပင် မကျန်ရစ်နိုင်ပါချေ။
မနက်စောစောတွင် ထန်ရှုသည် သူ၏အခန်းသို့ ပြန်လာပြီး နေ့လယ်အထိ အိပ်စက်ခဲ့သည်။ အိပ်ရာမှ နိုးသောအခါ ရေမိုးချိုး အဝတ်စားလဲလိုက်ပြီး ပထမထပ်ရှိ ဧည့်ခန်းသို့ ဆင်းလာခဲ့ရာ လုံဟန်ဝမ်အား လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် လုံကျန့်ယုသည် စာရွက်စာတမ်းများအား တိတ်ဆိတ်စွာ ဖတ်ရှုနေသည်။
“ဟာ ... ဦးလေးလုံတို့ ဘယ်အချိန်က ရောက်နေတာလဲ” ထန်ရှုသည် အနားသွားကာ သူတို့အား နှုတ်ဆက်လိုက်သည်။
လုံဟန်ဝမ်သည် သူ၏မျက်လုံးများအား မှေးစင်းကာ ထန်ရှုအား ကြည့်လိုက်ရင်း
“သတင်းအချို့ ယူရမှာဖြစ်လို့ အခုလေးတင်ပဲ ဦးလေးရောက်တာ။ ဒါနဲ့ ဒီအိမ်က အတော်ကောင်းတယ်။ ဒီမှာနေရတာ သက်သောင့်သက်သာ ရှိရဲ့လား”
“ကောင်းပါတယ်” ထန်ရှု ဖြေလိုက်သည်။
လုံကျန်ယုသည် သူ၏လက်ထဲမှ စာရွက်စာတမ်းများအား သိမ်းဆည်းလိုက်ပြီး ထန်ရှုအား လှမ်းပေးလိုက်သည်။
“အဖေက မင်းတောင်းထားတဲ့ သတင်းတွေကို စုဖို့ လူတချို့ လွှတ်ထားလိမ့်မယ်လို့တောင် မထင်ထားဘူး။ ဒီမနက် ငါရထားတဲ့ သတင်းတွေကိုပါ ထည့်လိုက်ရင် အရမ်းကို နှိုက်နှိုက်ချွတ်ချွတ် ဖြစ်သွားပြီ။ ဒါနဲ့ မနေ့ညက ငါတို့ သဘောတူထားတဲ့ စာချုပ်ကို အဖေက မင်းကို ပြချင်နေတယ်”
ထန်ရှုသည် ကျန်းမိသားစုအကြောင်း စာရွက်စာတမ်းများအား ယူလိုက်ကာ သေသေချာချာ ဖတ်လိုက်သည်။ ကျန်းမိသားစုနှင့် နှိုင်းယှဉ်ပါက သူသည် အလွန်ကို အသေးအဖွဲလေးသာ ဖြစ်သည်ကို ဝန်ခံရုံမှတစ်ပါး အခြားမရှိပါချေ။ ကျန်းမိသားစု ပိုင်ဆိုင်မှုအား တွက်ချက်မည်ဆိုပါက ၂ဝဘီလီယံမက ကြွယ်ဝပြီး သူတို့၏လက်နက်တိုက် အတွင်းတွင် အနိုင်ကတ်များ ရှိသေးသည်။ သို့သော် လုံဟန်ဝမ် ပေးသော သတင်းများထဲတွင်တောင်မှ သူတို့အိမ်အကြောင်း သို့မဟုတ် ဝှက်ဖဲအကြောင်း မပါဝင်သေးပေ။
မကြာမီ ထန်ရှုသည် လုံဟန်ဝမ်ဆီမှ မနေ့ညက ပြုလုပ်ခဲ့သော စာချုပ်ကိုလည်း ဆက်လက် ဖတ်ရှုနေသည်။ ဖတ်ပြီးနောက် သူ၏အမူအရာသည် သိသိသာသာ ပြောင်းသွားသည်။
“အာ ... အခွင့်အရေးတွေကတော့ ကြိုတင်ပြင်ဆင်ထားသူတွေ အတွက် အမှန်တကယ်ကို ဆုပ်ကိုင်နိုင်မှာပဲ။ ကြည့်ရတာ ဦးလေးလုံ ဒီဟာကို သေသေချာချာ ပြင်ဆင်ထားတယ်နဲ့ တူတယ်။ ဒီစာချုပ်အကြောင်းတော့ ကျွန်တော် အများကြီးမသိပေမဲ့ ဒီအထဲမှာ ပြဿနာရှိနေတာတော့ ကျွန်တော် မြင်နိုင်တယ်။ ကျန်းတွေသာ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ငွေကြေးလည်ပတ်မှု ပြတ်တောက်ခဲ့ရင် သူတို့ ပြဿနာကြီး တွေ့လိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်”
“မင်း ဒါကို ပြောပြနိုင်လား” လုံဟန်ဝမ်၏မျက်ခုံးများ တွန့်ချိုးသွားရကာ မေးလိုက်သည်။
“ဟုတ်။ ကျွန်တော်လည်း ဒီစာချုပ်အကြောင်းပဲ ပြောနေတာပါပဲ။ အခြားသဲလွန်စတွေ အကြောင်းတော့ ပြောစရာမရှိပေမဲ့ တစ်စုံတစ်ခုက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ပေးနေတယ်။ ဦးလေးလုံမိသားစုနဲ့ ကျန်းမိသားစုက ပြိုင်ဘက်တွေဆိုတော့ မျိုးဆက်သစ်တွေကြားမှာ ငြိတာတချို့တွေတောင်မှ ရှိတယ်။ ကျန်းက ဒီစာချုပ်မှာ လက်မှတ်ထိုးလိမ့်မယ် ဆိုတာကို ဦးလေး အာမခံနိုင်လို့လား”
လုံဟန်ဝမ် ခပ်ဖွဖွ ရယ်မောလိုက်ရင်း
“ဟား ... ဟား ဟား ... ကမ္ဘာကြီးက ငြိမ်းချမ်းနေတာပဲ ဖြစ်ဖြစ် ပွက်လောရိုက်နေတာပဲ ဖြစ်ဖြစ် လူတွေကတော့ အမြဲတမ်း အကျိုးအမြတ်နဲ့ အကျိုးစီးပွားနောက်ကို လိုက်နေကြတာပဲ။ စီးပွားရေး သမားတွေကရော ဘာတွေမို့လို့လဲကွာ။ သူတို့လည်း ဘာမှမဟုတ်ဘူး။ အကျိုးစီးပွားနောက် လိုက်ကြတဲ့သူတွေပဲ။ ကျန်းမိသားစုခေါင်းဆောင် ကျန်းဖုန်းရှန့်က စိတ်အပြောင်းအလဲမြန်တဲ့ လူတစ်ယောက် ... သူ့မှာ သူငယ်ချင်းလည်း မရှိဘူး။ တစ်စုံတစ်ယောက်ကသာ သူ့ကို အကျိုးအမြတ်သာ ပေးမယ်ဆိုလို့ကတော့ သူ့မိသားစုတွေကိုပါ ရောင်းစားရင် ရောင်းစားမယ့်လူမျိုး။ ဒီစာချုပ်ထဲမှာ ကျန်းတွေကို အနည်းဆုံး အသားတင်အမြတ်ငွေ ယွမ်တစ်ဘီလီယံ ရလိမ့်မယ်လို့ ဖော်ပြထားတော့ ပြည့်စုံတယ်လို့ ဆိုနိုင်တယ်။ ကျန်းဖုန်းရှန့်က ဒီအကျိုးအမြတ်ကို မယူလောက်ဘူးလို့ မင်းထင်လား။ နောက်ပြီး ဒီစာချုပ်က ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမစီမံကိန်းအတွက်သာ ဖြစ်ပြီးတော့ နောက်စီမံကိန်းတွေက ပါဝင်လာဦးမှာဖြစ်တယ်။ ဒီလို ကြီးမားတဲ့ အကျိုးအမြတ်ရမှာကို သူ လက်မှတ်မထိုးဘူးဆိုရင် ကျန်းဖုန်းရှန့်က အရူးတစ်ယောက် ဖြစ်သွားမှာပေါ့”
“ဒီဟာ နည်းလမ်းကျတယ်။ ဒါပေမဲ့ အခု နောက်ထပ်အရေးကြီးတဲ့ ပြဿနာ ရှိသေးတယ်။ ဟုနဲ့ ရွှဲ့မိသားတွေအကြောင်းပါ။ ဟုမိသားစုနဲ့ ရွှဲ့မိသားစုရဲ့အင်အားက ကျန်းလောက် မသန်မာဘူးလို့တော့ ကျွန်တော် ကြားထားတယ်။ ဒါပေမဲ့ သူတို့တွေသာ ကျန်းတွေနဲ့ အင်အားပေါင်းမိသွားရင် အတော် ပြဿနာကြီးလာမှာကို ကျွန်တော် စိတ်ပူတယ်”
(Charm Ming Nge - ဟုမိသားစုနဲ့ ရွှဲ့မိသားစုသည် ကျန်းယုံကျင်း၏ အပေါင်းအပါများ ဖြစ်သော ဟုဖန်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့၏မိသားစုများ ဖြစ်သည်။)
“ဒီပြဿနာက ငါလည်း စိတ်ပူနေတဲ့ ပြဿနာပဲ။ အဲဒါကြောင့် မင်းရဲ့ထင်မြင်ချက်ကို နားထောင်ချင်လို့ မင်းဆီလာလိုက်တာ။ မင်းက ထောင်ချောက်တစ်ခု ဆင်ချင်တယ်ဆိုမှတော့ အဲဒါအတွက် အစီအစဉ်တစ်ခု ရှိပြီးသားလို့ ငါ ထင်တယ်”
လုံဟန်ဝမ် စိတ်အားထက်သန်သော အမူအရာဖြင့် ပြောလိုက်သည်။
ထန်ရှုသည် ခေါင်းကိုသာ ယမ်းပြလိုက်ရင်း
“ကျွန်တော် စီးပွားရေးတိုက်ပွဲတွေ အကြောင်း ဘာမှ မသိဘူး။ ဒါပေမဲ့ ကျန်းတွေရဲ့ ဂုဏ်သတင်းကို ပျက်သွားစေဖို့ ကာလတို အစီအစဉ်တော့ ရှိတယ်။ ဒါနဲ့ ကျန်းဂရုက စတော့ဈေးကွက်မှာ စာရင်းသွင်းထားပြီးပြီ မဟုတ်လား။ သူတို့လုပ်ငန်းစုရဲ့ ဂုဏ်သတင်းသာ ပျက်သွားခဲ့ရင် သူတို့ရဲ့ စတော့ဈေးနှုန်းလည်း တန်ဖိုးလျော့ကျသွားမယ့် အချိန်ကောင်းပဲ။ ဒီအစီအစဉ် စတင်အကောင်အထည် ဖော်နေတဲ့အချိန်မှာ ကျန်းမိသားစုခေါင်းဆောင် ကျန်းဖုန်းရှန့်ရော သူတို့ဂရုက အရေးကြီးတဲ့သူတွေပါ ပျောက်ဆုံးနေဖို့ ကျွန်တော် အာမခံနိုင်တယ်။ လုပ်ငန်းစု လူကြီးပိုင်းတွေ ပျောက်ဆုံးနေတဲ့ ဒီလိုအခြေအနေမှာ ကျွန်တော်တို့အစီအစဉ်က ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”
“မင်း သေချာရဲ့လား” လုံဟန်ဝမ် လေးနက်စွာ မေးလိုက်သည်။
“၁ဝဝ% အာမခံ မခံပေမဲ့ ၉၉% တော့ သေချာသလောက်ပဲ” ထန်ရှု တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
လုံဟန်ဝမ်သည် လေးနက်သော အသံဖြင့်
“အဲဒီလိုဆိုမှဖြင့် ငါတို့ ဒီကိစ္စကို သဘောတူတယ်။ အခု ငါ့ကို ပြောပါဦး။ လုံမိသားစုနဲ့ ချန်းကျီကျုံးအပြင် တခြားအင်အားစုတွေ ပါဖို့ရှိလား”
“အိုးရန်မိသားစု ပါမလား မပါဘူးလားတော့ မသေချာဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာ အင်အားစု၄ခုရှိတယ်။ ဦးလေးလုံမိသားစု၊ ချန်းကျီကျုံးနဲ့ ကျွန်တော့်သူငယ်ချင်း၂ယောက်- မြောင်ဝမ်တန်နဲ့ ရှောင်မင်ကျန်း”
လုံဟန်ဝမ် တုန်လှုပ်သွားသည်။
“မင်းသူငယ်ချင်းက မြောင်ဝမ်တန်ဟုတ်လား။ ဟိုက်ချင်းပြည်နယ် မြောင်မိသားစုရဲ့ ခေါင်းဆောင်၊ မြောင်ဂရုရဲ့ သူဌေးကြီးလား”
***