← Chapters

လုံဟန်ဝမ်၏အတွေးများ

Vol. 04 Ch. 193

လုံဟန်ဝမ်၏အတွေးများ

Vol. 04 Ch. 193

“ဟုတ်တယ်။ ကျွန်တော် သူ့ကိုသိတယ်။ ကျွန်တော်တို့ အခွင့်သာချိန်မှာရော အခွင့်မသာချိန်မှာပါ အတူရှိခဲ့ကြပြီး နောက်ဆုံးမှာ သူငယ်ချင်းတွေ ဖြစ်လာတာ။ မနေ့ညက သူ့ဆီ ဖုန်းဆက်ပြောတော့ ပါဝင်ဖို့ သဘောတူတယ်”

ထန်ရှု ရှင်းပြလိုက်သည်။

“ဟိုက်ချင်းပြည်နယ်မှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ် သူလည်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ပဲ။ ဒါပေမဲ့ မြောင်ဂရုနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ မြောင်ဝမ်တန်က လျှို့ဝှက်ဆန်းကြယ်ပေမဲ့လည်း လူသိများတယ်။ သူက ဟိုက်ချင်းပြည်နယ်မှာ အတော် လွှမ်းမိုးနိုင်တဲ့သူ တစ်ယောက်ပဲ”

လုံဟန်ဝမ်သည် မယုံနိုင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အမှန်တကယ်တော့ သူ နာမည်ကြီးတာ ကျွန်တော် မသိဘူး” ထန်ရှု ပြန်ပြောလိုက်သည်။

လုံဟန်ဝမ်သည် ရယ်မောလိုက်ရင်း

“ဟား ... ဟား ... ဟား ... ကြည့််ရတာ ငါ စိုးရိမ်တာ အပိုပဲနဲ့တူတယ်။ ထန်ရှု ... အစကတော့ မင်း ဖိတ်ထားတဲ့သူတွေမှာ ဘာနောက်ခံမှ မရှိမှာ စိတ်ပူခဲ့တယ်။ ဒီလိုဆိုမှဖြင့် ငါ့ရဲ့လုံမိသားစု၊ ချန်းကျီကျုံးနဲ့ မြောင်ဝမ်တန် ... ငါတို့၃ဦး အင်အားနဲ့တောင် ကျန်းမိသားစုကို အသက်မရှူအောင် ဖိနှိပ်ထားနိုင်နေပြီ။ နောက်တစ်ယောက် ... ဘယ်သူ ရှောင်မင်ကျန်း ... သူ့နာမည်တော့ ငါ တစ်ခါမှ မကြားဖူးဘူး။ ဘယ်လိုစီးပွားရေးမျိုး သူလုပ်တာလဲ”

“သူက မြောက်ပိုင်းကျန်းစုက ... စွန့်စားကူးသန်း ရောင်းဝယ်တာကို လုပ်တယ်။ ဒါပေမဲ့ သူ့ရဲ့ အခြားပုံရိပ်ကိုရော အခြားလုပ်ငန်းကိုရော ကျွန်တော် မသိဘူး။ မြောင်ဝမ်တန်နဲ့ သူက သူငယ်ချင်းဖြစ်တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ။ သူတို့နှစ်ယောက်က သေအတူရှင်မကွာ ညီအစ်ကိုတွေလို့တောင် ကျွန်တော် ပြောနိုင်တယ်”

“မြောင်ဝမ်တန်နဲ့ သေအတူရှင်မကွာ ညီအစ်ကိုဆိုမှတော့ ရှောင်မင်ကျန်းမှာလည်း ကြီးကျယ်တဲ့ နောက်ခံတစ်ခုတော့ ရှိမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါနဲ့ သူတို့ ဘယ်အချိန် လာကြမှာလဲ” လုံဟန်ဝမ် သက်ပြင်းတစ်ချက် ချလိုက်ရင်း မေးလိုက်သည်။

“ကျွန်တော်တို့ ဒီနေ့ည လုံစားသောက်ခန်းမမှာ တွေ့ဖို့ သဘောတူထားတယ်။ ကျွန်တော်တို့ အတူရှိတဲ့အခါ အစီအစဉ်ကို စကြတာပေါ့”

လုံဟန်ဝမ်၏နဖူး မြင့်တက်သွားကာ တစ်ချက်မျှ စဉ်းစားလိုက်ရင်း

“ဖြစ်နိုင်ရင် ငါတို့ လုံခန်းမမှာ မတွေ့တာ အကောင်းဆုံးဖြစ်မယ်လို့ ငါ ထင်တယ်။ အဲဒီနေရာက ကြယ်တာရာမှာ အထင်ရှားဆုံးနေရာ ဖြစ်နေတာကို မမေ့နဲ့။ မျက်လုံးပေါင်းများစွာ အဲဒီမှာရှိတယ်။ ဒီလိုအရေးကြီးတဲ့လူတွေ အဲဒီနေရာမှာ ဆုံကြရင် ကျန်းမိသားစုလည်း သေချာပေါက် သတင်းကြားမှာပဲ”

“အဲဒီလိုဆို ကျွန်တော်တို့ ဘယ်နေရာမှာ တွေ့သင့်လဲ” ထန်ရှု မေးလိုက်သည်။

“အရာရာကို လျှို့ဝှက်လုပ်ဆောင် စစ်ဆေးဖို့ဆိုရင် ကန်ရှုခင်းသာခန်းမမှာ ငါတို့တွေ့သင့်တယ်။ အဲဒီနေရာက ငါနဲ့ သေအတူရှင်မကွာ ညီအစ်ကိုတစ်ယောက် ပိုင်တယ်။ အဲဒီမှာလည်း ငါ့ရှယ်ယာတွေ ရှိတယ်လေ။ ပုံမှန်အားဖြင့် ဧည့်သည်နည်းနည်းပဲ ရှိပြီး လုံခြုံရေးစနစ်ကလည်း မြင့်တယ်”

“ဟုတ်ကဲ့ဗျ။ အဲဒါဆို သူတို့အားလုံးကို ကျွန်တော် အကြောင်းကြားလိုက်မယ်”

“အိုးရန်မိသားစုကရော။ သူတို့ ဘယ်အချိန် ပြန်ပြောမှာလဲ”

လုံဟန်ဝမ် ပြုံးကာ မေးလိုက်သည်။

ထန်ရှုသည် မီးဖိုချောင်ဘက် ကြည့်လိုက်ရင်း ထသွားကာ မေးလိုက်သည်။

“အစ်မကြီးမု ... အိုးရန်လူလူ ဘယ်အချိန်က ပြန်သွားတာလဲ”

“မနက်အစောကြီးကတည်းက ပြန်သွားတာ။ ကျင်းမန်ကျွန်း ပြန်မယ်လို့ ပြောသွားတယ်။ နှုတ်ဆက်ဖို့တောင်မှ သူ မေ့သွားတယ်” မုချင်းဖျင် ပြုံးလျက် ဖြေသည်။

ထန်ရှု ခေါင်းညိတ်လိုက်ရင်း ဖုန်းကို ထုတ်ကာ အိုးရန်လူလူအား ခေါ်လိုက်သည်။ ၁ဝစက န့်ကြာပြီးနောက် ဖုန်းအဆက်အသွယ် ရသွားပြီး အိုးရန်လူလူ၏ အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ငါ့ကို ၂နာရီလောက် စောင့်ပေး။ ကိုကိုနဲ့ ငါ လာနေပြီ။ နောက်မှ ထပ်ပြောကြတာပေါ့”

“ကောင်းတယ်”

ထန်ရှုသည် ဖုန်းချလိုက်ပြီး ဧည့်ခန်းဆီသို့ ပြန်လာခဲ့ကာ

“အိုးရန်လူလူနဲ့ သူ့အစ်ကို ၂နာရီကြာရင် ကြယ်တာရာကို ရောက်လိမ့်မယ်”

လုံဟန်ဝမ်၏ မျက်နှာထက်မှ အပြုံးများ ပိုမိုဝေဆာလာခဲ့ပြီး

“အိုးရန်လဲ့က အိုးရန်မိသားစုရဲ့ ဆက်ခံသူပဲ။ အိုးရန်မိသားစုရဲ့ လုပ်ငန်းတွေကို သူ လွှဲယူပြီးတဲ့နောက်မှာ စီမံကိန်း အကြီးကြီးတွေကို လုပ်ဆောင်နိုင်ကတည်းက စီးပွားရေးလောကမှာ တောက်ပလာတဲ့ ကြယ်တစ်ပွင့် ဖြစ်လာခဲ့တာ။ သူ သယ်ဆောင်လာတဲ့ စီမံကိန်းတွေကြောင့် မိသားစုကို ဝင်ငွေအများကြီး ရရှိစေခဲ့တယ်။ သူလည်း လာနေပြီဆိုမှတော့ အိုးရန်မိသားစုလည်း ငါတို့သင်္ဘောပေါ် လိုက်မယ်လို့ ယူဆရတယ်”

လုံကျန်ယုသည် ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ဒီအင်အားစု၅စုရဲ့ ပေါင်းစည်းအားနဲ့ဆို ကျန်းတွေ သေမှာ အသေအချာပဲ။ ဟုနဲ့ရွှဲ့မိသားစု ကူညီဖို့ လာရင်တောင်မှ ကျန်းတွေ ကျန်နေဦးမယ်လို့ ကျွန်တော် မထင်ဘူး”

ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ရင်း “အစ်ကိုလုံ မှားနေပြီ။ အင်အားစု၆စုပါ”

“ဘယ်သူရှိသေးလို့လဲ” လုံကျန်ယု အံ့အားသင့်သွားသည်။

ထန်ရှုသည် သူ့ကိုယ်သူအား ညွှန်ပြလျက် ခပ်ဖွဖွပြုံးလိုက်ရင်း

“ကျွန်တော့်ရဲ့ ခမ်းနားသော ထန်က လွယ်လွယ်ကျော်သွားလို့ ရမယ်လို့ အစ်ကိုလုံ ထင်တာလား။ ကျွန်တော်တို့ အခုပိုက်ဆံအများကြီး မရှိသေးပေမဲ့ ကိုယ်ပိုင်အင်အားတော့ ရှိပါသေးတယ်။ ပြီးတော့ ကျွန်တော့်လူတွေကိုလည်း အစီအစဉ်ရဲ့ အဓိကကျတဲ့နေရာတွေမှာ ရှိစေချင်တယ်”

လုံကျန်ယုသည် အားရပါးရ ရယ်မောလိုက်ရင်း

“သောက်ကျိုးနည်း ... ငါ့ရဲ့ညီအစ်ကိုဆိုးလေး ထန်။ တောင်တံခါးအိမ်ရာက လုံခြုံရေးအဖွဲ့တောင် ပြိုင်ဘက်မဟုတ်တဲ့ စွမ်းအားကောင်း လူအဖွဲ့တစ်ဖွဲ့ မင်းမှာ ရှိတယ်လို့ ငါလည်း ကြားပါတယ်”

“လူရွှဲ့ယောင်က အစ်ကိုလုံကို ပြောတာမဟုတ်လား။ အဲဒါမှန်ပါတယ်။ ကျွန်တော့်မှာ အဲဒီအဖွဲ့ရှိတယ်။ အခုလုပ်မယ့် အစီအစဉ်ကို ဂရုတစိုက် ဆောင်ရွက်မယ့်သူတွေလည်း ဖြစ်တယ်”

“ဒါနဲ့ ညီအစ်ကိုထန် သူတို့ ဘယ်သူတွေလဲဆိုတာ ငါ သိလို့ရမလား။ သူတို့ကို ဘယ်လို ခေါ်လာနိုင်ခဲ့တာလဲ”

ထန်ရှု ပြုံးနေလိုက်ပြီး ထာဝရခိုင်မြဲခန်းမနှင့် ပတ်သက်သည့် သူ၏လျှို့ဝှက်ချက်အား အပြင်လူများ မသိစေလိုသောကြောင့် လုံကျန်ယု၏မေးခွန်းအား သူ မဖြေခဲ့ချေ။ အမှန်တကယ်အားဖြင့် ဒီပြဿနာအား ဖြေရှင်းဆောင်ရွက်ရန် ထာဝရခိုင်မြဲခန်းမအား ဆွဲခေါ်နိုင်သည်။ သို့သော် ခန်းမသည် ဂူယန်အာအတွက် အကာအကွယ် တစ်ခုအဖြစ် တည်ဆောက်ထားသောကြောင့် ထိုနေရာအား သူ ပြဿနာ မဖြစ်ပွားစေချင်ပါပေ။

ရုတ်တရက် လုံဟန်ဝမ် ပြောလိုက်သည်။

“ထန်ရှု ... ယွမ်ကျန်းရွှမ်ကိုရော ခေါ်ဖို့ စဉ်းစားပြီးပြီလား။ သူနဲ့လည်း မင်း အတော် ဆက်ဆံရေး ကောင်းတယ်လို့ ငါ ကြားတယ်”

ထန်ရှု တစ်ချက် တိတ်ဆိတ်သွားပြီး ခေါင်းယမ်းလိုက်ကာ

“ယွမ်ကျန်းရွှမ်နဲ့ ကျွန်တော်က အဲဒီလောက် မရင်းနှီးပါဘူး။ ဒါပေမဲ့ သူ့သားကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းပါ။ ပြီးတော့ သူ့ရဲ့စီးပွားရေးက အထူးသီးသန့်ဆန်တော့ ကျွန်တော် ဒီအစီအစဉ်ထဲ မခေါ်ချင်ဘူး”

လုံဟန်ဝမ်သည် ခေါင်းညိတ်လိုက်ရင်း

“ငါ သိတယ်။ သူ့စီးပွားရေးက စစ်တပ်နဲ့ ဆက်နွှယ်တာမို့ ဒါနဲ့ မသင့်တော်ဘူး။ ဒါပေမဲ့လည်း ငါတို့သူ့ကို အချို့သဲလွန်စတွေ ပေးထားရင် သူ အခြေအနေကို ရိပ်စားမိပြီး တချို့ပြဿနာတွေ ရှင်းတဲ့နေရာမှာ ကူညီပေးနိုင်တယ်”

“အခု ဒီလောက်လူတွေအများကြီး ပါတာတောင် ကျွန်တော်တို့ ကျန်းတွေကို မဖယ်ရှားနိုင်သေးဘူးလို့ ဦးလေးလုံ ထင်နေသေးတာလား”

ထန်ရှု ဖြေရင်း ပြန်မေးလိုက်သည်။

လုံဟန်ဝမ် တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်နေရင်း ခေါင်းကို ယမ်းလိုက်ကာ ဘာမှ ထပ်မပြောတော့ချေ။

အမှန်တကယ်အားဖြင့် ကျန်းမိသားစုအား ဖယ်ရှားလိုသည်မှာ နှစ်ကာလရှည်ကြာစွာ သူ့ထံတွင် ရှိနေခဲ့သည်။ ကျန်းမိသားစု ပြိုကွဲသွားပါက ကြယ်တာရာရှိ အိမ်ခြံမြေစီးပွားရေး လောကအား သူထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ ထန်ရှုသည် သူ့အား နှံ့နှံ့စပ်စပ်မြင်ပြီးပြီ ဆိုသည်ကို သူ နားလည်သည်။ ထန်ရှုသည် သည်အစီအစဉ်၏ ခေါင်းဆောင်နေရာအား ယူထားရင်တောင်မှ ကျန်းမိသားစုသာ ပျက်စီးသွားမည်ဆိုပါက သူ ပျော်နေမည်သာ ဖြစ်သည်။

သို့သော်လည်း သူ၏အတွင်းစိတ်ထဲတွင် အတော် တုန်လှုပ်နေသည်တော့ ရှိသည်။ ထန်ရှုကဲ့သို့ ကောလိပ်ဝင်ခွင့် ဖြေဆိုထားသော ကျောင်းသားလေး တစ်ယောက်တွင် ထိုကဲ့သို့ စွမ်းအားကြီးသော လူမှုအဆက်အသွယ်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိသောကြောင့် ဖြစ်သည်။ သည်အရာတစ်ခုဖြင့်ပင် သူသည် ထန်ရှုထက် အားနည်းနေသည်။ သို့မဟုတ်ပါက ကျန်းမိသားစုအား ဖြိုခွင်းမည်ဆိုပါက သူ့အင်အား တစ်ခုတည်းကိုသာ သူ သုံးရပေမလိမ့်မည်။

နေ့လည်စာစားချိန် ရောက်ပြီဖြစ်သော်လည်း လုံကျန်ဝမ်နှင့် လုံကျန်ယုတို့ သားအဖသည် မနေတော့ဘဲ ကန်ရှုခင်းသာခန်းမတွင် ဒီညပြုလုပ်မည့် လျှို့ဝှက်အစည်းအဝေး အတွက် စီစဉ်ရန် အလျင်စလို ပြန်သွားကြသည်။

“ထန်ရှု ... ရဲတွေ အပြင်မှာ ရောက်နေတယ်”

မုချင်းဖျင်သည် ထန်ရှု၏အိပ်ခန်းသို့ လာကာ တိုးတိုးတိတ်တိတ် ပြောလာသည်။

ရဲတွေလား ...

ရဲများ ရောက်လာလိမ့်မည်ဟု ထန်ရှုသည် ရှေးဦးကတည်းက ခန့်မှန်းထားသော်လည်း ထိုမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ မထင်ထားမိချေ။ သို့သော်လည်း ယနေ့ခေတ်တွင် အရာရာတိုင်းအတွက် တိကျခိုင်လုံသော သက်သေရှိရန် လိုအပ်သည်။ ထိုလုပ်ကြံသူ ၃ယောက်အား သတ်ဖြတ်ခဲ့စဉ်က သူ သေချာရှင်းလင်းစွာ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်သည်။ ခေါင်းဆောင်ဝံပုလွေ သူ့အား မဖော်ထုတ်သရွေ့ ဒီအမှုတွင် သူ ပါဝင်ပတ်သက်နေသည်ကို ရဲများ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

“ဟုတ်ကဲ့ ... ကျွန်တော် လာတွေ့လိုက်မယ်” ထန်ရှု လျင်မြန်စွာ ဖြေလိုက်သည်။

ပထမထပ်ဧည့်ခန်းတွင် ...

ချန်းရွှဲ့မေနှင့် မှုခင်းရဲအရာရှိငယ် တစ်ဦးသည် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသည်။ လက်ဘက်ရည် ဧည့်ခံထားသော်လည်း သူတို့ လုံးဝ မထိချေ။

“ခေါင်းဆောင်ချန်းလား ...”

ထန်ရှုသည် ချန်းရွှဲ့မေအား မြင်သောအခါ အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။

ချန်းရွှဲ့မေသည် ရပ်လိုက်ကာ ထန်ရှုအား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပြီး

“မစ္စတာထန် ... အနှောင့်အယှက် လာပေးရတာ ဝမ်းနည်းပါတယ်။ တောင်တံခါးအိမ်ရာရဲ့ အရှေ့ဝင်ပေါက်မှာ ဖြစ်သွားတဲ့ လူသတ်မှုအတွက် ငါတို့ စုံစမ်းနေတာပါ။ အိမ်ရာအဝင်အထွက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ နင်လည်း ဒီမှာနေတာကို တွေ့လိုက်တယ်။ အဲဒါကြောင့် နင့်ဆီကလည်း အခြေအနေကို စုံစမ်းချင်လို့ ငါတို့နဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်”

“ပူးပေါင်းပေးပါမယ်ဗျ” ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။

“အဲဒီဗီဒီယိုမှတ်တမ်းမှာ မနေ့က နေ့လယ်အချိန် နင် အိမ်ရာဝင်းထဲက ထွက်သွားပြီး အမြန်ပြန်လာတာကို တွေ့ရတယ်။ ပြန်လာပြီးနောက်ပိုင်း ထပ်ထွက်ဖြစ်သေးလို့လား မေးပါရစေ” ချန်းရွှဲ့မေ စတင် မေးမြန်းလိုက်သည်။

“မထွက်ဖြစ်ပါဘူး။ မနေ့က အပြင်က ပြန်လာပြီးနောက်ပိုင်း ကျွန်တော် စာအုပ်နည်းနည်း ဖတ်ပြီး အိပ်ပျော်သွားခဲ့တယ်။ ခြေလှမ်းဝက်တောင် အိမ်ထဲကနေ မထွက်ခဲ့ပါဘူး”

ထန်ရှု ခေါင်းခါလိုက်ရင်း ဖြေလိုက်သည်။

“မနေ့က ဘာအတွက်ကြောင့် အပြင်ထွက်တာလဲလို့ သိပါရစေ” ချန်းရွှဲ့မေ ဆက်ပြီး မေးလိုက်သည်။

“ကျွန်တော့်တပည့်မလေး ကျောင်းသင်ခန်းစာနဲ့ အိမ်စာစာအုပ်ဝယ်ဖို့ အတွက် အဖော်လိုက်ပေးတာပါ။ ကုန်သည်လမ်းအနား စာရေးကိရိယာရောင်းတဲ့ ဆိုင်ရှင်က အဲဒါအတွက် သက်သေ လုပ်ပေးနိုင်ပါတယ်” ထန်ရှု ပြောလိုက်သည်။

ချန်းရွှဲ့မေ မျက်မှောင်ကြုတ်သွားကာ

“အိမ်ရာဝင်း အရှေ့ပေါက်မှာ လူသတ်မှုဖြစ်သွားတာ နင် မကြားမိဘူးလား”

“အဲဒီအကြောင်းကို အိမ်ကို အလည်လာပြီး ခဏတည်းသွားတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြလို့ မနေ့က သိရတယ်။ လူ၃ယောက် သေနတ်ပစ်ခံရပြီး သေသွားတယ်ဆို ဟုတ်တယ်မလား။ ဒါပေမဲ့ ကျွန်တော် တကယ်ကို စဉ်းစားလို့မရဘူး။ အစ်မတို့ ရဲတပ်ဖွဲ့က နှိမ်နင်းပေးရမယ့် အင်အားစုမလား။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး မတားဆီးနိုင် ဖြစ်သွားရတာလဲဗျာ။ အခုဆို ကြယ်တာရမှာ လူသတ်မှုတွေ များလာပြီ။ အစ်မတို့ ဒီတာဝန်ကြီးကို ယူရတော့မှာပဲ”

ချန်းရွှဲ့မေ စိတ်တွင်းမှ အမှန်တကယ်ကို ကူကယ်ရာမဲ့မိသည်။ ထန်ရှုအား စုံစမ်းပါက ဘာရလဒ်မှ မရဘဲ အချည်းနှီးသာ ဖြစ်မည်ကို သူမ သိရှိပြီးဖြစ်သည်။

သည်လူသည် ငယ်ရွယ်နုပျိုသော လူငယ်တစ်ယောက်နှင့် မတူဘဲ ဉာဏ်များသည့် မြေခွေးအို တစ်ကောင်နှင့် ပိုတူနေသည်ဟုသာ ထင်မိတော့သည်။

ချန်းရွှဲ့မေ မေးခွန်းအနည်းငယ်အား မေးမြန်းပြီးနောက် ဘာမှ မရရှိသဖြင့် ပိုမို စိတ်ဖိစီးလာခဲ့သည်။ သူမသည် ထန်ရှုအား ကြည့်ပြီး

“အခုတော့ မေးခွန်းတွေက ဒီလောက်ပါပဲ။ ပူးပေါင်းဆောင်ရွက်မှု အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ လုပ်စရာတွေ ရှိသေးလို့ ပြန်လိုက်ပါဦးမယ်”

“အာ ... ဘာကြောင့် အလျင်လိုတာလဲ ခေါင်းဆောင်ချန်းရ။ ညစာစားပြီးမှ ပြန်ပါလား။ ကျွန်တော့်အိမ်တော်ထိန်း အစ်မကြီးရဲ့ ဟင်းချက်လက်ရာက ပထမတန်းစားနော်။ အစ်မတို့ကို အားပါးတရ စားကောင်းအောင်ကို ဟင်းချက်ကောင်းတာ” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။

ထိုစကားအား ကြားလိုက်ရသော ချန်းရွှဲ့မေတစ်ယောက် ဒေါသထွက်ခြင်းနှင့် သဘောကျခြင်းတို့အား တစ်ပြိုင်နက် ခံစားလိုက်ရသည်။

“ငါ့မှာ ညစာစားဖို့ အချိန်ရှိသေးတယ်လို့ နင် ထင်တာလား။ ဒီအမှုက ငါ့ကို အတော် ပျားတုပ်တာပဲ ... မနေ့ကတည်းက ငါ့မှာ အိပ်ချိန်တောင်မှ မရဘူး။ ဒါပေမဲ့ အိမ်တော်ထိန်း တစ်ယောက် ရှိတယ်လို့ ကြားရတော့ ပြီးခဲ့တဲ့၂လက အကြီးအကျယ် ပြောင်းလဲမှုတွေ နင် ကြုံခဲ့တယ်ထင်တယ်”

“လူတွေက ရှေ့ဆက်သွားဖို့ လိုတယ်။ လတ်တလော ကျွန်တော်လုပ်ခဲ့တဲ့ အသေးစား စီးပွားရေးလေးက ပိုက်ဆံအချို့ ရတယ်လေ။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ပထမအကြိမ် တွေ့ဆုံတုန်းက အစ်မ အခုလို ခံစားခဲ့ရတာမျိုး ဘယ်ဖြစ်လိမ့်မလဲ မဟုတ်ဘူးလား”ထန်ရှု ပြုံးရင်း စကားဆိုလိုက်သည်။

ချန်းရွှဲ့မေသည် စုရှင်းဝမ်တို့မိသားစု အနိုင်ကျင့်မှုကြောင့် အခက်ကြုံခဲ့ရသော ထန်ရှုတို့သားအမိနှင့် ပထမဆုံး ကြုံတွေ့ခဲ့ရသည့်အချိန်အား ပြန်လည် သတိရသွားပြီး

“နင်က တော်ပါတယ်။ အမေ့ရဲ့ စိုးရိမ်သောကတွေကို မျှဝေနိုင်ပြီး အောင်မြင်အောင် အရာရာကို လုပ်နိုင်တယ်။ ဒါနဲ့ ငါ့ညီမလေးကို နင် ကျောင်းသင်ခန်းစာတွေ လမ်းပြပေးတာ ကျေးဇူးတင်ပါတယ်”

“ကျွန်တော်တို့က အတန်းဖော်တွေပဲ ... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါတယ်” ထန်ရှု လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ဟုတ်လား ...

ချန်းရွှဲ့မေသည် ထန်ရှုအား ထူးဆန်းသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်မိသည်။ သည်စကားထဲတွင် အခြားသော အဓိပ္ပာယ် ရှိနေသည်ဟု သူမ ခံစားမိနေသည်။

ထန်ရှုနှင့် သူမ၏ညီမငယ်ကြားတွင် တစ်စုံတစ်ခုများ ရှိနေနိုင်လား ...

သူမ နှလုံးခုန်နှုန်း မြန်လာခဲ့ရပြီး ထန်ရှုအား စူးရဲစွာ စိုက်ကြည့်ကာ

“နင်နဲ့ ငါ့ညီမ အတန်းဖော်လို ပတ်သက်တာရော ဟုတ်ရဲ့လား”

“မဟုတ်ဘူး” ထန်ရှု ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

ချန်းရွှဲ့မေ၏အမူအရာ ပြောင်းသွားကာ သူမ၏လေသံသည် မာလာပြီး

“နင်နဲ့ငါ့ညီမလေး ပတ်သက်မှုက ဘာလဲ။ ငါ့ညီမလေးက ငယ်ပါသေးတယ်။ သူ့အတွက် လူငယ်အချစ်တစ်ခု ရှိရမယ့်အချိန် မဟုတ်သေးဘူး”

ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

“အာ ... ကျွန်တော် ပြောတဲ့ အတန်းဖော်သက်သက် မဟုတ်ဘူးဆိုတာက ကျွန်တော်တို့က ရဲဘော်ရဲဘက် သူငယ်ချင်းမျိုးလို့ ဆိုလိုတာပါ။ အစ်မက ကျွန်တော်တို့ ဘာလုပ်နေတယ်လို့ ထင်နေရတာလဲ။ ကျွန်တော် အမျိုးသမီးတစ်ယောက်ကို ကြိုက်တယ် ဆိုရင်တောင်မှ သူ့လို မိန်းကလေး ငယ်ငယ်လေးကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ အစ်မကတော့ ကျွန်တော့်စံနှုန်းနဲ့ တကယ်ကို ကိုက်ညီတယ်။ ကျွန်တော် ဘွဲ့ရတဲ့အထိ နှစ်နည်းနည်းလောက် စောင့်၊ ပြီးရင် ကျွန်တော်နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက် ယူကြမယ်လေ”

***

All Chapters