စုစည်းကြခြင်း
Vol. 04 Ch. 194
“သောက်ကျိုးနည်းလိုပဲ ...”
ချန်းရွှဲ့မေ ထန်ရှု၏စကားအား နားလည်မှုလွဲခဲ့သည်ကို သိပြီး တောင်းပန်ရန် ကြံရွယ်လိုက်ချိန်တွင် နောက်ဆက်တွဲ ပါလာသော စကားကြောင့် ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။ သူမ ပြုံးမိသွားသော်လည်း ထန်ရှုအား ကြိမ်းမောင်းလိုက်သည်။
ထန်ရှု သူမအား လေ့လာရာတွင် ချန်းရွှဲ့မေသည် ယူနီဖောင်း ဝတ်ထားလျှင်တောင်မှ သူမတွင် လှပသော မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ ချန်းရွှဲ့မေထံမှ သူ့အား အတော်စိတ်ဝင်စားစေသည့် အရာသည် လုံးဝန်းကြီးမားသော တင်ပါးလှလှပင် ဖြစ်ပေသည်။ အမျိုးသမီး တစ်ယောက်ထံတွင် ထိုကဲ့သို့ လုံးဝန်းကြီးမားသော တင်ပါးလှလှများ ရှိခြင်းသည် ကလေးရှိရန်နှင့် ကလေးမွေးဖွားနိုင်ရန် အတွက် ကောင်းသည်ဟု ဆိုရိုးရှိခြင်းကြောင့် အနာဂတ်တွင် သူမအား လက်ထပ်လိုက်မည်ဆိုပါက မိခင်ဖြစ်သူ၏ ဆန္ဒနှင့် မျိုးဆက်အတွက် ထန်ရှု စိတ်ပူရတော့မည်မဟုတ်ပေ။
“အမေနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးရခဲ့ရင် အမေက အစ်မကို မြင်ပြီးပျော်သွားမှာ သေချာတယ်”ထန်ရှုသည် အလေးအနက်ထားကာ ပြောဆိုနေသည်။
ချန်းရွှဲ့မေ မျက်လုံးအဝိုင်းသားဖြင့် ထန်ရှုအား ကြည့်မိရင်း ခေါင်းကို ယမ်းလိုက်ကာ အိမ်မတံခါးဆီသို့ လျှောက်သွားတော့သည်။ သူမသည် ထန်ရှုအကြောင်း အမှန်ပင် စိတ်ဝင်စားမိပြီး သူ၏ခေါင်းထဲတွင် မည်သည့်အရာများ ရှိမည်နည်းဟု ရိုက်ခွဲကာပင် ကြည့်ချင်မိတော့သည်။ သို့သော် ထန်ရှုကမူ သူမအား သူ၏မိဘများနှင့် မိတ်ဆက်ပေးရန် ခေါ်သွားချင်သည်ဟု ဆိုနေပြန်ရာ မည်ကဲ့သို့သော ဟာသပါပေနည်း။
ထန်ရှုသည် ပြုံးနေရင်း ချန်းရွှဲ့မေနှင့် သူမ၏အဖော်အား လိုက်ပို့ကာ ကြည့်နေသည်။ ထိုသူနှစ်ယောက် တံခါးကိုဖြတ်ကာ သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် သူ၏အပြုံးသည်လည်း ပျောက်ကွယ်သွားကာ မည်းမှောင်သွားရတော့သည်။
ထန်ရှု ဖုန်းကိုထုတ်ကာ ချန်းကျီကျုံးနှင့် ခန်းရှအား တောင်တံခါးအိမ်သို့ လာရန် ဆက်သွယ်လိုက်ပြီးနောက် ဒုတိယထပ်သို့ ပြန်တက်လာခဲ့သည်။
တစ်နာရီကြာသော် ခန်းရှနှင့် ချန်းကျီကျုံး ရောက်လာသဖြင့် သူ၏စာဖတ်ခန်းသို့ ခေါ်လာခဲ့ပြီး မုချင်းဖျင် လက်ဖက်ရည် လာထည့်ပြီးသည်နှင့် တံခါးပိတ်လိုက်သည်။ ထို့နောက် ချန်းကျီကျုံးအား
“ခင်ဗျားကို ဦးလေးလုံ ဆက်သွယ်တယ် မဟုတ်လား”
“ဟုတ်တယ်။ မနေ့ညက ပြောပြတယ်။ ငါတို့ဘက်က လှုပ်ရှားတာနဲ့ ချက်ချင်း ထွက်နိုင်အောင် စပြီး ပြင်ဆင်နေပြီ” ချန်းကျီကျုံး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါနဲ့ တချို့လူတွေ ဒီနေ့လာလိမ့်မယ်။ ကျွန်တော် ညကျရင် မိတ်ဆက်ပေးပါမယ်” ထန်ရှု ပြောပြလိုက်သည်။
“သူဌေး ... ဘာအကြောင်း ပြောနေတာလဲ။ စတင်လှုပ်ရှားမယ်တွေရော ထွက်လာကြမယ် ဆိုတာတွေရော။ ငါလည်း မသိရဘူး” ခန်းရှ ဇဝေဇဝါ ဖြစ်နေသည်။
“ကျွန်တော် အင်အားစု၅ခုနဲ့ ပူးပေါင်းလိုက်ပြီး ကြယ်တာရာက ကျန်းမိသားစုကို မုန်တိုင်းထန်ဖို့ ပြင်ဆင်နေကြတာ” ထန်ရှု မျက်နှာသေဖြင့် ပြောလိုက်သည်။
“ဘာကြောင့်လဲ” ခန်းရှ အံ့အားသင့်သွားသည်။
“ခင်ဗျား တောင်တံခါးအိမ်ရာရှေ့က လူသတ်မှုအကြောင်း သိတယ်မဟုတ်လား”
“လူ၃ယောက် သေတယ်လို့ ငါ ကြားတယ်” ခန်းရှ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“အဲဒီ၃ယောက်ကို ကျွန်တော် သတ်လိုက်တာ” ထန်ရှု ခပ်မဲ့မဲ့ပြုံးကာ ပြောလိုက်သည်။
“နင် ဘာပြောတာ ...” ခန်းရှု အံ့သြတုန်လှုပ် သွားသည်။
“အဲဒီလုပ်ကြံသူ ၃ယောက်က ကျန်းမိသားစုရဲ့မင်းသမီး ကျန်းသဲကျင်က ကျွန်တော့်ကို သတ်ဖို့ လွှတ်လိုက်တဲ့သူတွေ။ ကျွန်တော်နဲ့ သူတို့ကြားက ပြဿနာ အသေးစားလေးကို ခင်ဗျားလည်း သိပါတယ်။ ကျွန်တော်က ကျွန်တော့်စည်းနဲ့ ကျွန်တော်နေတာ။ သူတို့ဘာမှ မလုပ်ရင် ကျွန်တော်ကစပြီး ဘာမှ မလုပ်ဘူး။ ကျန်းမင်းသမီးက ကျွန်တော့်ကို သေချင်နေတယ် ဆိုမှတော့ ကျွန်တော်ကလည်း သူတို့ကို သနားညှာတာမှာ မဟုတ်ဘူး”
ထန်ရှု ပြောလိုက်သည်။
“ကျန်းသဲကျင်က ဘယ်လိုတောင် ဒီလိုလုပ်ရဲရတာတုန်း”
ခန်းရှ ဒေါသထွက်စွာ ရေရွတ်လိုက်သည်။
ထန်ရှု ခပ်မဲ့မဲ့ရယ်လိုက်ကာ
“သူမက ဘာကြောင့် မလုပ်မှာလဲ။ အရင်ကလည်း လုပ်ဖူးတယ်လို့ ကျွန်တော် ပြောနိုင်တယ်။ ခန်းရှ ကျွန်တော် ခင်ဗျားဆီက ယွမ်၂ဝဝမီလီယံ တောင်းတာသိတယ် မဟုတ်လား။ နောက်ကွယ်ကနေ ခိုင်းတဲ့သူကို သိချင်လို့ ကြားခံလူဆီကနေ သတင်းဝယ်ဖို့အတွက် ပေးလိုက်ရတာပဲ။ ဒီဟာကို ဘာမှ ပြန်မလုပ်ဘဲ ကျွန်တော် ငြိမ်ခံနေမယ်လို့ ခင်ဗျားထင်လား”
“ဒါနဲ့ ငါ့ကို ဘာလုပ်စေချင်တာလဲ သူဌေး” ခန်းရှ ရုတ်ခြည်းပင် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။
“အခြားအင်အားစု ၅စုနဲ့ဆွေးနွေးတဲ့ အချိန်ကျရင် ခင်ဗျားက ကျွန်တော့်ရဲ့ ပြောရေးဆိုခွင့်ရှိသူပဲ။ ကျန်းမိသားစုကို ဖယ်ရှားပြီးတဲ့အခါကျရင် သူတို့ ပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့အားလုံး ခွဲဝေယူကြမှာ။ ကျွန်တော် ခင်ဗျားကို ပေးထားတဲ့ လူ၂ဝကို အချို့အရာတွေ လုပ်ဖို့ ခေါ်ထားတယ်” ထန်ရှု ပြောပြလိုက်သည်။
“ကျန်တဲ့ငါးယောက်က ဘယ်သူတွေလဲ” ခန်းရှ မေးလိုက်သည်။
ထန်ရှုသည် ချန်းကျီကျုံးအား ညွှန်ပြလျက်
“သူရယ်၊ လုံမိသားစုရယ်၊ အိုးရန်မိသားစုနဲ့ ကျွန်တော့် အခြားသူငယ်ချင်း၂ယောက် ပါမယ်။ ဒီည သူတို့အားလုံးကို ခင်ဗျားတွေ့ရမှာပါ”
ခန်းရှ၏မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားပြီး ဆက်မေးလိုက်သည်။
“သူဌေး ... ဒီကိစ္စမှာ နင်က ဦးဆောင်သူလား”
“ဟုတ်တယ်” ထန်ရှု ဖြေလိုက်သည်။
ခန်းရှ၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်လာပြီး
“ငါ ဘာလုပ်ရမယ်ဆိုတာကို သိပြီ သူဌေး”
သိပ်မကြာမီ ...
အိုးရန်လူလူနှင့် အိုးရန်လဲ့သည် တောင်တံခါးအိမ်ရာသို့ ရောက်လာသည်။ အိမ်သို့ ရောက်လာပြီး ထန်ရှုအား တွေ့သည်နှင့် အိုးရန်လဲ့သည် ပြေးဖက်လိုက်ကာ အပြုံးဖြင့်
“ငါ့ရဲ့ယောက်ဖလောင်းလေး ... မင်း အကြီးကြီး လှုပ်ရှားတော့မယ်ဆိုတာ ငါတို့မိသားစု သိကတည်းက ပါဖို့ပြင်ဆင်ပြီးသားပါ။ အဲဒါကြောင့် ငါ့ကို ဒီကို လွှတ်လိုက်တာ။ ငါတို့ ညီအစ်ကိုတွေ ပေါင်းမိပြီ ဆိုကတည်းက ကျန်းမိသားစု ကျဆုံးဖို့ဆိုတာ သေချာနေပြီ”
ထန်ရှုသည် နောက်သို့ ဆုတ်လိုက်ပြီး အိုးရန်လဲ့ ဖက်ထားမှုအား အသာဖယ်လိုက်သည်။ မျက်နှာနီရဲနေသော အိုးရန်လူလူအား မအီမလည် အမူအရာဖြင့် ကြည့်လိုက်ပြီး မချိပြုံး ပြုံးလိုက်ပြီး
“အစ်ကိုအိုးရန် မဟုတ်လား။ တစ်ခုခုမှားနေပြီလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်က အစ်ကို့ရဲ့ ယောက်ဖလောင်း မဟုတ်ပါဘူး။ အစ်ကိုပြောလိုက်တဲ့ စကားကြောင့် ညီမရဲ့ဂုဏ်သတင်းကို အရောင်မဆိုးမိ ပါစေနဲ့”
အိုးရန်လဲ့ အံ့အားသင့်သွားကာ တွေတွေကြီး စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာထက်မှ အပြုံးသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ထန်ရှုအား စိတ်ဆိုးမာန်ဆိုး အော်ပြောတော့သည်။
“ချီးတဲ့မှပဲ။ မင်း ဘာစကား ပြောလိုက်တာလဲ။ ငါ့ညီမက မင်းနဲ့အိပ်ပြီး သွားတာတောင်မှ မင်းရဲ့အမှားကို ဝန်မခံချင်ဘူးလားကွ။ မင်းက စားပြီးနားမလည် လုပ်နေတာပေါ့ ဟုတ်လား”
ထိုစကားများ ကြားရသည့် ထန်ရှုတစ်ယောက် ကြက်သေ သေသွားတော့သည်။
- အိုးရန်လူလူက ငါနဲ့တောင် အိပ်ပြီးသွားပြီတဲ့လား။
- ငါက စားပြီး နားမလည် လုပ်နေတာတဲ့လား။
- ငါ ဘယ်အချိန်တုန်းက သူမကို စားလိုက်မိလို့လဲ။
ထန်ရှုသည် အတွေးများထဲမှ ရုန်းထွက်လိုက်ပြီးနောက် မချိပြုံးလေးဖြင့်
“အာ ... ဒါ တစ်ခုခု နားလည်မှုလွဲတာ နေလိမ့်မယ်။ အိုးရန်လူလူနဲ့ ကျွန်တော်က သူငယ်ချင်းပါ။ ကျွန်တော်တို့နှစ်ယောက် ...”
“ပါးစပ်ပိတ်ထား ...”
အိုးရန်လဲ့ ပိတ်အော်လိုက်သည်။ သူသည် အိုးရန်လူလူအား စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း
“ကဲ ... နင့်အကြောင်း ငါ့ကို ဘာပြောချင်လဲ။ သူ စွန့်ပစ်တာ ခံနေရပြီမဟုတ်လား။ အဖေနဲ့အမေကို ငါကိုယ်တိုင် မပြောချင်လို့ အခု ငါနဲ့အိမ်ပြန်လိုက်ပြီး သူတို့နဲ့လိုက်တွေ့။ မိဘတွေကို နင့်အတွက် တရားမျှတမှု ယူဖို့ ငါ ပြောရမယ်”
အနိုင်ကျင့် ခံလိုက်ရသော ခံစားမှု၊ ဒေါသထွက်သည့် ခံစားမှုတို့ဖြင့် အိုးရန်လူလူ ကျယ်လောင်စွာ အော်မိတော့သည်။
“ကိုကို ... သောက်ကျိုးနည်း ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ညီမလေးနဲ့ထန်ရှုက သူငယ်ချင်းပဲဆိုတာ ကိုကို့ကို အခေါက်ပေါင်းများစွာ ပြောခဲ့ပြီးသား။ ဟုတ်တယ် ... သာမန်သူငယ်ချင်း ခင်မင်မှုထက် နည်းနည်းတော့ ပိုပါတယ်။ ကိုကို နားလည်မှုလွဲပြီး ညီမလေးကို အဲဒါကြောင့် ဆုံးမချင်နေတာလား”
အိုးရန်လဲ့သည် မျက်မှောင်ကြုတ်သွားကာ အိုးရန်လူလူအား ကြည့်လိုက်သည်။ ထို့နောက် ထန်ရှုဘက် လှည့်ကြည့်လိုက်ကာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက်
“အဲဒါဆို မင်း တကယ် မလုပ် ...”
“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ကြပါဘူး” ထန်ရှု ပြောလိုက်သည်။
အိုးရန်လဲ့ မျက်လုံးပြူးကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ဟမ့် ... အခုမဟုတ်တောင် မနက်ဖြန်ဆို ဖြစ်လာနိုင်တာပဲ။ ငါတို့မိဘတွေကလည်း မင်းကို အိုးရန်မိသားစုရဲ့ သမက်လေးလို့ သဘောထားကြတာဆိုတော့ ဒီပုံရိပ်ကနေ မင်း ဘယ်တော့မှ ပြေးလွတ်နိုင်မှာ မဟုတ်ဘူး။ ထန်ရှု ... ငါ့ညီမမှာ မြင့်မားတဲ့ ပုံရိပ်ရှိတော့ တော်ရုံလူဆို သူက ကြိုက်တာမဟုတ်ဘူး။ မင်း သူ့ကို အခက်တွေ့အောင် ဘယ်တော့မှ မလုပ်ရဘူး”
“ ...”
ထန်ရှု ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းသာ ချမိတော့သည်။ အိုးရန်လဲ့ကဲ့သို့ ကျိုးကြောင်းမမျှတပဲ ထင်ရာစိုင်းသူအား အကျိုးအကြောင်း ရှင်းပြရသည်မှာ ထန်ရှုအတွက် ခေါင်းကိုက်စေသည်။ အိုးရန်လူလူ၏အစ်ကိုကြီးသာ မဟုတ်ခဲ့ပါလျှင် ထိုငနဲအား အမှန်တကယ်ကို ကန်ထုတ်မိလိမ့်မည် ဖြစ်သည်။
ထိုအကြောင်းအရာအား ရှောင်လွှဲရန်အလို့ငှာ ထန်ရှု စကားဆိုလိုက်သည်။
“ဒါနဲ့ အစ်ကိုတို့ အိုးရန်မိသားစုက ဒီလှုပ်ရှားထဲမှာ ပါဝင်ဖို့ တကယ် ဆုံးဖြတ်ပြီးပြီလား”
“ဒါပေါ့။ ငါတို့မိသားစုဝင် တစ်ဦးကို အခြားသူက အနိုင်ကျင့်တယ် သိရကတည်းက မိသားစုက ဘယ်ကြည့်နေနိုင်ပါ့မလဲ။ စိတ်မပူနဲ့။ နောက်နှစ်ရက်အတွင်း ငါတို့လူတွေ အများကြီး ကြယ်တာရာကို ရောက်လာလိမ့်မယ်။ ငါက ကြိုလာပြီးတော့ သူတို့အတွက် စားဝတ်နေရေး လာစီစဉ်ပေးတာ။ နောက်ပြီး ငါတို့မိသားစုက ရန်ပုံငွေအတွက် ၅ဘီလီယံ ပြင်ဆင်ထားပြီးပြီ။ ဒီအစီအစဉ်ကို စတာနဲ့တစ်ပြိုင်နက် ငါတို့ အဲဒီပိုက်ဆံကို သုံးနိုင်တယ်”
တကယ်ကို ဉာဏ်ကောင်းတယ် ...
ထန်ရှုတစ်ယောက် စိတ်တွင်းမှသာ အောင့်သက်သက် ပြုံးနိုင်တော့ပေသည်။
သူ့အား မိသားစုဝင် တစ်ယောက်သဖွယ် နွေးထွေးစွာ ဆက်ဆံသော အိုးရန်လဲ့၏ အပြုအမူကြောင့် ထန်ရှုတစ်ယောက် တကယ်ပင် မနေတတ်တော့ပေ။ တစ်စုံတစ်ယောက်မှ ပြုံးရွှင်ကာ လက်ကမ်းနေမှုအား မျက်နှာလွှဲနေခြင်းသည် မသင့်လျော်လှသောကြောင့် ထိုသူအား သူ့မှာ မောင်းမထုတ်နိုင်ချေ။
ထန်ရှုဘေးနားတွင် ရပ်နေသော ခန်းရှသည် အိုးရန်လဲ့အား စိတ်လက်မကြည်သာစွာဖြင့် ကြည့်နေသည်။ သည်လို ဇွတ်တရွတ် ဖြစ်ချင်နေသောသူအား မျက်နှာမထောက်ထား ရပါလျှင် ထိုလူ၏နားရွက်အား ဆွဲကာ ပါးချည်းသာ လှိမ့်ရိုက်မိလိမ့်မည်ဖြစ်သည်။ သူမ၏သူဌေးသည် အိုးရန်လူလူနှင့် ချစ်သူရည်းစား ပတ်သက်ခြင်းမျိုး မရှိပါဟုဆိုသည့်တိုင် အိုးရန်လဲ့သည် မဟုတ်တရုတ်စကားတွေ ပြောထွက်ရဲသေးသည်။
အိုးရန်လူလူနှင့် ကတောက်ကဆတ် ဖြစ်ပြီးကတည်းက ထန်ရှုအား သူမပိုင်သော အရုပ်သဖွယ် သဘောထားခြင်းအား ခန်းရှ မမြင်ချင်တော့ပေ။ အိုးရန်လူလူ မဏ္ဍပ်တိုင် ပိုတက်ပြလေလေ ခန်းရှ၏ရင်ထဲတွင် ဒေါသပိုထွက်ရလေ ဖြစ်သည်။ သည်အချိန်တွင် အပြင်လူများသာ မရှိခဲ့ပါလျှင် ထန်ရှု၏လက်မောင်းအား ဆုပ်ကိုင်ကာ အိုးရန်မောင်နှမအား ဝင့်ကြွားမိလိမ့်မည် ဖြစ်သည်။
ညနေခင်းတွင် သူတို့၅ယောက်အဖွဲ့သည် ကန်ရှုခင်းသာခန်းမသို့ ကားဖြင့် ထွက်လာခဲ့ကြသည်။ ခန်းမပိုင်ရှင်သည် ကြွယ်ဝသည့်ဟန်ပန်နှင့် သက်လတ်ပိုင်း လူဝတစ်ဦးဖြစ်သည်။ သူ၏မျိုးရိုးနာမည်သည် ဆွန်ဖြစ်ပြီး ဖြောင့်တန်းသော မျက်ခုံးများနှင့် ရယ်ရွှင်ဖွယ်ကောင်းသော နှုတ်ခမ်းမွေးတစ်ခု ရှိသည်။
“ကြိုဆိုပါတယ် ဂုဏ်သရေရှိ လူကြီးမင်းတို့။ လူအိုကြီးလုံက အတွင်းဆုံး ခန်းမထဲက အစည်းအဝေးခန်းကို တန်းခေါ်လာဖို့ မှာထားပါတယ်။ လိုအပ်တာတွေ ရှိရင် ဝန်ထမ်းတွေကို မှာကြားနိုင်ပါတယ်။ ဒီနေ့ညမှာ ရှိတဲ့ ဝန်ထမ်းအားလုံးက ကျွန်တော်တို့ လူတွေချည်းပါပဲ”
ဆွန်ကျန်းချွမ်က ပြုံးရင်း အသိပေးလိုက်သည်။
ချန်းကျီကျုံးသည် ပုံမှန်လာနေကျ သူတစ်ယောက် ဖြစ်သောကြောင့် အစည်းအဝေး အခန်းသို့ ခေါ်သွားရန်အတွက် သူ့အား လက်လွှဲပေးလိုက်သည်။
မကြာမီ ထန်ရှုတို့၅ယောက်သည် အစည်းအဝေးခန်းသို့ ရောက်သည့်အခါ လုံဟန်ဝမ်နှင့် လုံကျန်ယုအား တွေ့လိုက်ရတော့သည်။ အားလုံးထိုင်လိုက်ကြပြီးနောက် လုံဟန်ဝမ်မှ
“ထန်ရှု မင်းရဲ့သူငယ်ချင်း၂ယောက် ဘယ်အချိန်လာမှာလဲ”
“သူတို့ မကြာခင် ရောက်ကြလိမ့်မယ်” ထန်ရှု သူ၏နာရီအား ကြည့်ရင်း ပြောလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်း ထန်ရှုစကားဆုံးသည်နှင့် ဆွန်ကျန်းချွမ်သည် လုံခြုံရေးတစ်ဦးထံမှ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ ရောက်လာပြီဖြစ်ကြောင်း အကြောင်းကြားသည့် စာအား လက်ခံရရှိသည်။
“ရောက်တာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် အစည်းအဝေးခန်းထဲ ဝင်လာရင်း တောင်းပန်စကား ဆိုလိုက်သည်။
ထန်ရှုသည် အရင်ဦးဆုံး မတ်တတ်ရပ်လိုက်ကာ သူတို့ကို ကြည့်လိုက်ရင်း
“ကိစ္စမရှိပါဘူး။ ကျွန်တော်တို့လည်း အခုမှ ရောက်တာပါ။ ဒါနဲ့ အစ်ကိုတို့ကို လူတိုင်းနဲ့ မိတ်ဆက်ပေးပါမယ်။ သူက ...”
မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် သူတို့၂ယောက်အား လူတိုင်းနှင့် မိတ်ဆက်ပြီးသွားပြီ ဖြစ်သည်။ လောကဝတ် စကားအနည်းငယ် ပြောပြီးနောက် လူတိုင်းသည် သည်နေ့၏ အဓိက အကြောင်းအရာအား ပြောလာကြသည်။
“ဂုဏ်သရေရှိ လူကြီးမင်းတို့ ... သည်နေ့ပြဿနာရဲ့ အစကတော့ ကျွန်တော်ကနေ စသွားခဲ့တာဖြစ်ပါတယ်။ ကျန်းမိသားစုဝင်တွေ နောက်ထပ် အနှောင့်အယှက်ပေးတာ မလိုချင်တော့တာမို့လို့ ကျန်းမိသားစုကို ဖယ်ရှားဖို့ ကျွန်တော် အဆိုပြုခဲ့ပါတယ်။ လူတိုင်း အကူအညီပေးကြတဲ့ အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျ။ နောင်မှာ ကျွန်တော့်အကူအညီ လိုတာများရှိခဲ့ရင် လွပ်လွပ်လပ်လပ် ပြောဆိုနိုင်ပါတယ် ခင်ဗျာ”
ထန်ရှု အရင်ဦးဆုံး စပြောလိုက်သည်။
“ကျန်းမိသားစုနဲ့ လုံမိသားစုကြားမှာ အငြင်းပွားမှုတွေ၊ နက်ရှိုင်းတဲ့ အမုန်းတရားတွေ ရှိနေတာ ကြာခဲ့ပြီ။ သူတို့ကို ဖယ်ရှားချင်နေခဲ့တာလည်း ဟိုးအရင်ကတည်းက အခုချိန်ထိတိုင် ဖြစ်တယ်။ အခွင့်အရေး ရလာတဲ့အချိန်မှာ ငါတို့ကလည်း ဒါကို လက်မလွှတ်ပါဘူး။ ထန်ရှု ... ဒီမှာရှိတဲ့လူတိုင်းက ကိုယ့်လူတွေချည်းပါပဲ။ အဲဒီတော့ မင်းစိတ်ထဲမှာရှိတဲ့ ပထမဆုံး လှုပ်ရှားရမှာတွေကို ငါတို့ကို ပြောပြပါ”
လုံဟန်ဝမ် ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော့်အတွေးထဲမှာ ရှိတဲ့ စိတ်ကူးတွေကို အရင်ပြောပြပါမယ်။ ပြီးတော့မှ ကျွန်တော်တို့တစ်တွေ ဆွေးနွေးညှိနှိုင်း အဖြေရှာကြပြီး ကောင်းမွန်ပြည့်စုံတဲ့ အစီအစဉ်တစ်ခု လုပ်ကြတာပေါ့။ ကျန်းမိသားစုက ကြယ်တာရာမှာ နေထိုင်ခဲ့တာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဆိုတော့ သူတို့ရဲ့အမြစ်တွေက နက်ရှိုင်းနေပါပြီ။ ပထမခြေလှမ်းအနေနဲ့ ကျွန်တော်တို့ စလုပ်ရမှာက အကျိုးအမြတ် ရှုထောင့်ကနေ ဖြစ်ပါတယ်။ ရမည့်အကျိုးအမြတ်က ကြီးမားနေသရွေ့ ကျန်းမိသားစုက ငါးမျှားချိတ်ကို ကိုက်မိပြီး အဲဒါကို သူတို့ကိုယ်တိုင် လိုချင်လာပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်အနည်းလောက်က ကျွန်တော်၊ လုံကျန်ယုနဲ့ အိုးရန်လူလူတို့ အကျိုးတူ ပူးပေါင်းကာ မြေတစ်နေရာဝယ်ပြီး အဲဒီမှာ အဆောက်အဦဆောက်ဖို့ ပြင်ဆင်နေပါပြီ။ အဲဒါကြောင့် နောက်ဆက်တွဲတွေကတော့ ...”
ထန်ရှု၏ရှင်းပြမှု တစ်လျှောက်တွင် လူတိုင်း ခေါင်းတညိတ်ညိတ်နှင့် ရှိနေကြသည်။ သူ၏ရှင်းပြမှု ပြီးဆုံးသည့်အခါ လုံဟန်ဝမ်သည် အပြုံးဖြင့်
“လူတိုင်းလည်း ကျန်းမိသားစု အကြောင်းကို သိကြပါတယ်။ ကျွန်တော် နက်ရှိုင်းသလို မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်က မင်းကို နားအလည်နိုင်ဆုံး ဖြစ်ရင် အဲဒီသူက မင်းရဲ့မိတ်ဆွေ သူငယ်ချင်းမဟုတ်ဘဲ မင်းရဲ့ရန်သူဖြစ်တယ်ဆိုတဲ့ စကားက မှန်ပါတယ်။ အခု ငါက သူတို့ရဲ့ပြိုင်ဘက် ဖြစ်တာမို့ ငါပြောချင်တဲ့ စိတ်ကူးကတော့ ...”
အချိန်၂နာရီ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
အစည်းအဝေး အခန်းတွင်းရှိ လူတိုင်းဆွေးနွေးကြပြီး လျင်မြန်စွာပင် ကောင်းမွန်သော အစီအစဉ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အစီအစဉ်ကို အထောက်အပံ့ပေးနိုင်မည့် ငွေကြေးအား ပြောကြသည်။ လုံဟန်ဝမ်မှ ၅ဘီလီယံ၊ ချန်းကျီကျုံးမှ ၂ဘီလီယံ သဘောတူထားပြီး အိုးရန်လဲ့မှ ၅မဘီလီယံ ယူလာသောကြောင့် စုစုပေါင်း ၁၂ဘီလီယံ ရှိသွားပြီဖြစ်သည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ သည်လည်း ၃ဘီလီယံ ယူလာခဲ့ကြသည်။
သူတို့အားလုံး လူအင်အား များစွာကိုပါ စီစဉ်ထားကြသည်ဖြစ်ပြီး အင်အားသိမ်းမည်လား သို့တည်းမဟုတ် စီးပွားရေးပွဲ လုပ်မည်လား မည်သို့ဖြစ်စေ အရာရာသည် လှုပ်ရှားရန်အတွက် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်တော့သည်။
***