← Chapters

ထောင်ချောက်

Vol. 04 Ch. 195

ထောင်ချောက်

Vol. 04 Ch. 195

နောက်တစ်နေ့ နေ့လယ်ပိုင်း ...

လုံဟန်ဝမ်သည် ကြယ်တာရာရှိ ဘဏ်၄ခုမှ ခေါင်းဆောင်ပိုင်းများအား အဆက်အသွယ် ပြုလုပ်ကာ လုံစားသောက်ခန်းမသို့ ဖိတ်ကြားခဲ့ပြီး ထိုဘဏ်များထံမှ ချေးငွေရယူလိုကြောင်း တင်ပြခဲ့သည်။ ဘဏ်၄ခုသည်လည်း လုံဂရုနှင့် လက်တွဲလုပ်ကိုင လိုချင်သောကြောင့် ထိုချေးငွေရယူလိုမှု အတွက် ပြဿနာမရှိပါကြောင်း တရားဝင် ဖော်ပြခဲ့ကြသည်။ သို့သော် လုံဟန်ဝမ် လိုချင်သော ငွေပမာဏအား ကြားသိရချိန်တွင် ထိုဘဏ်များအားလုံး လက်လျှော့လိုက်ကြ ရသည်။

ချေးလိုသည့် ပမာဏသည် တစ်ဘဏ်ချင်းစီမှ ၅ဘီလီယံနှုန်းဖြင့် စုစုပေါင်း ယွမ်၂ဝဘီလီယံ ဖြစ်ပေသည်။

ကြယ်တာရာမှ ဘဏ်၄ခု၏ ခေါင်းဆောင်များသည် လုံဟန်ဝမ်၏ ရည်မှန်းချက်အား ကြားသိရချိန်တွင် တုန်လှုပ်သွားကြသည်။ လုံဟန်ဝမ်သည် ၈ဘီလီယံ စုဆောင်းထားရှိပြီး ဖြစ်ပြီး စီမံကိန်းအကြီးစား တစ်ခုအား ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန်အတွက် အဆင်သင့် ရှိနေသောကြောင့် ထိုအရာတွက် ပျော်ရွှင်ရမည့်အစား စိတ်ပူသွားရခြင်း ဖြစ်သည်။

စီမံကိန်းတစ်ခုတွင် ဘီလီယံ ဆယ်ဂဏန်းများစွာ ရင်းနှီးမြှုပ်နှံခြင်းသည် ဟာသတစ်ခု မဟုတ်ပေ။ ထိုစီမံကိန်း၏ လုပ်ငန်းစဉ်သည် ချောမွေ့နေပါလျှင် အဆင်ပြေ ကောင်းမွန်မည် ဖြစ်သော်လည်း စီမံကိန်းသည် ဆိုးဆိုးရွားရွား အဆုံးသတ်သွားမည် ဆိုပါက ၅ဘီလီယံစီ အဆုံးရှုံး မခံနိုင်ကြပါချေ။ ထို့ကြောင့် သူတို့သည် လုံဟန်ဝမ်အား သေသေချာချာ စဉ်းစားသုံးသပ်ပြီးပါက အဖြေတစ်ခု ပြန်ပေးပါမည်ဟုသာ ကတိပေးနိုင်တော့သည်။

ညပိုင်းတွင် ...

လုံဟန်ဝမ်သည် များလှစွာသော အစိုးရပိုင်း အရာရှိများအား လုံစားသောက်ခန်းမသို့ ဖိတ်ကြားကာ ထိုသူများနှင့် ဆက်သွယ်ရေး တံတားတစ်စင်း တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပြီး သူ၏အဆက်အသွယ်များကိုပါ ပြသခဲ့သည်။ ထိုအတွင်း သူသည် စီမံကိန်းကြီးတစ်ခု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ထိုသူများအား မသိမသာ ဖော်ပြခဲ့သည်။ ထိုစီမံကိန်းအတွက် အစီအစဉ်သည် နောက်ရက်အနည်းငယ် ကြာပါက ပြည့်စုံလိမ့်မည်ဟု မျှော်လင့်ထားသည်ဟုလည်း ပြောပြခဲ့သည်။ အချိန်ကျလာပါက အစိုးရဆီမှ တရားဝင် ခွင့်ပြုချက်ရရန် မျှော်လင့်ပါကြောင်းကိုလည်း နားထဲစိမ့်ဝင်စေရန် ခပ်ပါးပါး လှစ်ဟခဲ့သည်။

အစိုးရ အရာရှိများသည် ပုံမှန်အားဖြင့် ကြယ်တာရာအား ပိုမိုတိုးတက်ဖွံ့ဖြိုးရန် မျှော်လင့်ကြသူများ ဖြစ်သည်။ လုံဟန်ဝမ်သည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် လူမှုအဆက်အသွယ်များလည်း ရှိသောကြောင့် ထိုစီမံကိန်းအား သေချာစွာ ဂရုစိုက်ပေးမည်ဟု ကတိများ ပြုပေးကြသည်။

တတိယနေ့ ...

လုံဟန်ဝမ်နှင့် လုံကျန်ယုတို့သည် ကြယ်တာရှိ များလှစွာသော သူဌေးကြီးများအား သီးခြားစီ ဆက်သွယ်ကာ စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း သူတို့ဖော်ပြသော အခြေအနေသည် သိသာထင်ရှားသော စိတ်ဝင်စားမှု မဟုတ်ချေ။

ထိုများလှစွာသော သူဌေးကြီးများသည် ရှင်းလင်းသော အဖြေအား မပေးကြသော်လည်း လုံဟန်ဝမ်နှင့် လုံကျန်ယုတို့အား ထိုစီမံကိန်းကို ဦးစားပေး စဉ်းစားပေးမည့် အကြောင်းနှင့် နောက်ရက် အနည်းငယ်တွင် အဖြေပေးပါမည်ဟုသာ ပြောခဲ့ကြသည်။

လုံဟန်ဝမ်ဘက်မှ အစီအစဉ်အား အကောင်အထည် ဖော်နေချိန်တွင် ထန်ရှုနှင့် အခြားသူများမှလည်း ငြိမ်မနေကြပါချေ။ ချန်းကျီကျုံးသည် သူ့အနေဖြင့် ၂ဝဝမီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ရပ်တည်ဖော်ပြလိုက်သည်။ အခြားတစ်ဖက်တွင် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ ခေါ်ဆောင်လာသော လူများသည် ကြယ်တာရာအနှံ့တွင် ရှိသော ကျန်းမိသားစု၏ လုပ်ငန်းများအနီးတွင် လူစုခွဲကာရှိသည်။

သည်နှစ်ရက်အတွင်း အိုးရန်လဲ့သည် အပြာရောင်မြို့သို့ သွားရောက်ကာ ထိုမြို့မှ အလွန်ကျော်ကြားပြီး စွမ်းအားကြီးသော သူငယ်ချင်းများနှင့် စကားစမြည်အချို့ ပြောခဲ့ပြီးနောက် လုံခန်းမတွင် လုံဟန်ဝမ်နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးကြားမှ ပြောဆိုမှု အသေးစိတ်အား စီးပွားရေးလောကရှိ သူဌေးကြီးများသည် သတိထားမိကာ ထိုအပေါ်တွင် စိတ်ဝင်စားလာကြဟန် ရှိသည်။

ထို့နောက် တစ်စုံတစ်ယောက်မှ မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးပို့လိုက်သော အဆောက်အဦ ဒီဇိုင်းတစ်စုံသည် ပေါ်ထွက်လာပြီး နေရာအနှံ့အပြားသို့ ရောက်ရှိသွားတော့သည်။

ကြယ်တာရာရှိ ကျန်းမိသားစုတွင် ...

ကျန်းဖုန်းရှန့်သည် သူ၏စာကြည့်ခန်းထဲတွင် ခပ်မတ်မတ်ထိုင်ကာ အရှေ့ရှိ သူ၏အတွင်းရေးမှူးထံမှ အစီရင်ခံမှုအား နားထောင်နေသည်။ အရှေ့သို့ရောက်လာသော အဆောက်အဦ ဒီဇိုင်းအား ကြည့်ပြီး သူ၏မျက်လုံးများသည် အရောင်လက် သွားတော့သည်။ ဒီဇိုင်းသည် စာရွက်ဖြင့် ထုတ်ထားပြီး တစ်ခုစီတိုင်းသည် အမှန်တကယ်ကို ပြည့်စုံလုနီးပါး ဖြစ်သည်။

“ဒါပဲလား ...”

သူ၏အတွင်းရေးမှူးထံမှ အစီရင်ခံမှုအား နားထောင်ရင်း ကျန်းဖုန်းရှန့်၏ မျက်လုံးများသည် ရေးဆွဲထားသော အဆောက်အဦ ဒီဇိုင်းပေါ်တွင်သာ ရောက်နေရင်း တိတ်ဆိတ်စွာ မေးလိုက်သည်။

“ကျွန်တော်တို့ စုံစမ်းရသလောက်ကတော့ ဒါတွေပါပဲ။ အိုးရန်မိသားစုက အိုးရန်လဲ့က အခု လုံခန်းမမှာ လုံဟန်ဝမ်နဲ့ ရှိတယ်။ အိုးရန်မိသားစုရဲ့ စီးပွားရေးတိုးတက်မှုက ကျင်းမန်ကျွန်းမှာ အကန့်အသတ် ရောက်နေပြီဖြစ်တော့ ထပ်ပြီးချဲ့ချင်ကြတယ်။ ဒါ့အတွက် သူများရဲ့စီးပွားရေး အခွင့်အရေးကို ဆုပ်ကိုင်ဖို့ လိုအပ်တယ်လေ။ အဲဒါကြောင့် အိုးရန်လဲ့က ကြယ်တာရာကို မလာခင် အပြာရောင်မြို့တော်မှာ လူအများအပြားက တွေ့ဆုံတင်ပြပွဲ တစ်ခုရှိတဲ့အတွက် သွားခဲ့တယ်။ အခုလုံဟန်ဝမ်နှင့် စကားပြောနေပုံကို ကြည့်ရတာ အတော် အဆင်ပြေနေတဲ့ပုံပဲ။ သူတို့ ပူးပေါင်းလုပ်ကိုင်ဖို့ အခွင့်အရေးများတယ်လို့ ကျွန်တော် ထင်တယ်”

“လုံမိသားစုရဲ့ စတော့ဈေးနှုန်းက အခြေအနေ ဘယ်လိုရှိလဲ” ကျန်းဖုန်းရှန့် တွေးတွေးဆဆဖြင့် မေးလိုက်သည်။

“ဒီနေ့ စတော့ပိတ်တဲ့ အချိန်ထိ မြင့်တက်နေတယ်”

အတွင်းရေးမှူးလေးမှ ဖြေလိုက်သည်။

ကျန်းဖုန်းရှန်သည် အဆောက်အဦဒီဇိုင်းအား ကြည့်ကာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး

“ကျင်လေးကို ဒီကို ခေါ်လိုက်။ သူနဲ့အတူ ငါ လုံစားသောက်ခန်းမကို သွားမယ်”

အတွင်းရေးမှူးလေးသည် နာခံစွာဖြင့် စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

၂မိနစ်ကြာပြီးနောက် ကျန်းသဲကျင်သည် စာကြည့်ခန်းသို့ ဖြူဖျော့သောဟန်ဖြင့် ရောက်လာသည်။ မလှုပ်မယှက် မတ်တတ်ရပ်ကာ ပြတင်းပေါက်မှ တစ်ဆင့် အပြင်သို့ ကြည့်နေသော ကျန်းဖုန်းရှန့်အား ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

“အဖေ ... သမီးကို လိုအပ်တာတစ်ခုခု ရှိနေလား”

“လုံမိသားစုရဲ့လတ်တလော လှုပ်ရှားမှုတွေအကြောင်း သမီး ကြားပြီးပြီလား”

“ဟုတ်ကဲ့။ လွန်ခဲ့တဲ့လဝက် အစောပိုင်းလောက်က လုံကျန်ယု မြေကွက်နေရာတွေ ဝယ်ထားတာကို ကြားမိတယ်။ လုံမိသားစုက အကွက်ကြီးရွှေ့ဖို့ ပြင်ဆင်နေတာကို သိပေမဲ့ ဒီလောက်မြန်မြန် လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး” ကျန်းသဲကျင် ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

“ပေါက်ကြားသွားတဲ့ အဆောက်အဦ ဒီဇိုင်းကိုရော သမီး ကြည့်ပြီးပြီလား။ သမီးအနေနဲ့ ဘယ်လိုမြင်လဲဆိုတာ အဖေ့ကို ပြောကြည့်ပါ”

“ဒီဟာက တကယ့်ကို လက်ရာမြောက်တယ်လို့ သမီး ပြောနိုင်တယ်။ လုံမိသားစုသာ ဒီဒီဇိုင်းရဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်း တည်ဆောက်နိုင်မယ်ဆိုရင် ဒီလက်ရာက တိုင်းပြည်အနှံ့ အာရုံစိုက်မှုကြီး တစ်ခု ဖြစ်လာနိုင်တယ်။ မဟုတ်သေးဘူး။ ဒီဟာက ကမ္ဘာကိုတောင် တုန်လှုပ်သွားလိမ့်မယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးအတွက် ငွေကြေး လိုအပ်ချက်တွေက ပမာဏများလိမ့်မယ်။ လုံမိသားစု တစ်စုတည်း မဆိုထားနဲ့ အဲဒီလိုမိသားစု၁ဝစု ရှိရင်တောင်မှ ဒီလောက်ကြီးမားတဲ့ ပမာဏကို ဖြည့်ဆည်းနိုင်လိမ့်မှာ မဟုတ်ဘူး” ကျန်းသဲကျင် သုံးသပ်ပြလိုက်သည်။

“လုံမိသားစုက ဒီလောက်များတဲ့ ပမာဏကို မထောက်ပံ့နိုင်တာ သေချာတယ်။ ဒါပေမဲ့ စီမံကိန်းတွေက သီးခြားစီ လုပ်ဆောင်နိုင်တယ်။ ဒီဇိုင်းထဲမှာ အဆောက်အဦ အစုအဝေးဆိုရင် ၁ဝ သို့မဟုတ် ၂ဝခုစီ ခွဲခြားနိုင်လုပ်ဆောင်နိုင်တယ် ဆိုတော့ စီမံကိန်းကြီး ပြီးဖို့ အချိန်အများကြီး ယူစရာမလိုတော့ဘူး။ ဒီဒီဇိုင်းက လူသိများသွားတာနဲ့ ချက်ချင်း စီးပွားရေးနေရာတွေ လူနေထိုင်ဖို့ နေရာတွေ ဆောက်လုပ်ဖို့ စတင်နေပြီဆိုတော့ အိမ်ခြံမြေဈေးကွက်က အကြီးအကျယ် ဖွံ့ဖြိုးလာလိမ့်မယ်လို့ အဖေ ပြောနိုင်တယ်။ အဖေတို့ ကျန်းမိသားစုကရော ဒီစီမံကိန်းမှာ ပါဝင်ပြီး ရှယ်ယာတွေ ယူသင့်တယ်လို့ သမီးထင်လား”

ကျန်းဖုန်းရှန့် မျက်နှာသေဖြင့် မေးလိုက်သည်။

“အဖေက လုံမိသားစုနဲ့ ပူးပေါင်းချင်လို့လား” ကျန်းသဲကျင်၏ မျက်လုံးများ အရောင်လက်လာကာ မေးလိုက်သည်။

“ပူးကို ပူးပေါင်းရမယ်။ အဖေတို့သာ လုံမိသားစုကို ဒီစီမံကိန်းထဲမှာ ရင်းနှီးငွေကို တစ်ဦးတည်းသာ မြှုပ်နှံခွင့်ပြုလိုက်ရင် နောင်အနာဂတ်မှာ သူတို့က အဖေတို့မိသားစုကို အပြတ်အသတ် သာသွားလိမ့်မယ်။ အဖေတို့က စီးပွားရေးသမားတွေမို့လို့ အမြတ်အစွန်းက ရဖို့က ငါတို့ရည်ရွယ်ချက်ပဲ။ အကျိုးအမြတ်နဲ့ အကျိုးစီးပွားတွေ ရှိနေရင် ဘာကြောင့်မို့လို့ မပူးပေါင်းနိုင်ရမှာလဲ” ကျန်းဖုန်းရှန့် ခေါင်းညိတ်ရင်း ပြောပြလေသည်။

ထိုခဏတွင် ကျန်းသဲကျင်၏ စိတ်ထဲတွင် ထန်ရှု၏မျက်နှာသည် ပေါ်လာခဲ့သည်။ ထန်ရှုနှင့် လုံမိသားစုကြားရှိ ရှုပ်ထွေးလှသော ရင်းနှီးမှုအား သတိရလိုက်သောအခါ သူမသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက်

“အဖေ ... ဒီဟာ ထောင်ချောက်တစ်ခု ဖြစ်နိုင်လား”

“ထောင်ချောက်တစ်ခု ဟုတ်လား။ လုံဟန်ဝမ်ရဲ့ အရည်အချင်းနဲ့ နည်းလမ်းအားလုံး သုံးရင်တောင်မှ သူ အဖေတို့ကို ထောင်ချောက် မဆင်နိုင်ပါဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ သူက စီမံကိန်းလုပ်ပြီး အကြီးကြီး ရွှေ့ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ရမယ်။ အခု အဖေနဲ့ လုံခန်းမကို သွားရအောင်” ကျန်းဖုန်းရှန့် သရော်သံ တစ်ချက်ပြုကာ ပြောလိုက်သည်။

“အဲဒီကို ဘာသွားလုပ်မှာလဲ အဖေ” ကျန်းသဲကျင် ဇဝေဇဝါ ဖြစ်သွားသည်။

“ကျင်းမန်ကျွန်းက အိုးရန်မိသားစုက သူတို့စီးပွားရေးကို ချဲ့ချင်နေတယ်။ သူတို့ရဲ့မူလ အစကတော့ အပြာရောင်မြို့တော်ကို ရည်ရွယ်တာပဲ။ ဒါပေမဲ့ အဲဒီက သူငယ်ချင်းတွေနဲ့ ပြောပြီးနောက်မှာ အခု ကြယ်တာရာကို ရောက်လာပြီး လုံဟန်ဝမ်နဲ့ စကားပြောနေကြတယ်လို့ အဖေသိရတယ်။ စီးပွားရေးလောကမှာ လူတိုင်းက ပိုက်ဆံရှာဖို့နဲ့ ချမ်းသာဖို့ ပူးပေါင်းကြတယ်။ ဒါပေမဲ့လည်း လုံမိသားစုနဲ့ အိုးရန်မိသားစု ပူးပေါင်းရင်တောင်မှ ဒီလောက်များတဲ့ ငွေပမာဏကို သူတို့ စုနိုင်ကြမှာမဟုတ်ဘူး”

ကျန်းသဲကျင်သည် အတွင်းစိတ်ထဲတွင် သူမဘာသာ အချက်ပေးနေသည်။ သို့သော် ဖခင်ဖြစ်သူ၏ အကျင့်စရိုက်အား ကောင်းစွာ သတိပြုမိပြီးသား ဖြစ်သည်။ သူ တစ်စုံတစ်ခု လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် မိသားစုအတွင်းမှ အခွင့်အာဏာရှိသူ အချို့ပင် မည်သူမျှ သူ့အား မတားဆီးနိုင်ကြပေ။

သို့သော်လည်း အဝတ်အစားလဲရန် အကြောင်းပြချက်ဖြင့် သူမ၏အခန်းထဲတွင် တစ်စုံတစ်ယောက်ဆီသို့ ဖုန်းခေါ်ဆိုကာ လွန်ခဲ့သော၂ရက်တွင် ထန်ရှု မည်သည့်နေရာတွင် ရှိနေသည်ကို မေးခဲ့သည်။

ဖခင်ဖြစ်သူနှင့် လုံခန်းမသို့ သွားနေသော ကျန်းသဲကျင်ထံသို့ ထန်ရှုသည် တောင်တံခါးအိမ်ရာမှ ခြေလှမ်းဝက်မျှပင် မထွက်ကြောင်း အစီရင်ခံစာ ပြန်ရောက်လာခဲ့သဖြင့် သူမ၏စိတ် အေးချမ်းသွားရသည်။

လုံစားသောက်ခန်းမတွင် ...

တောက်ပခမ်းနားသော သီးသန့် အခန်းကျယ်ကြီးထဲတွင် ဝိုင်နီခွက်တစ်ခွက်ကို ကိုင်ထားလျက် ဆေးပြင်းလိပ်တစ်လိပ် သောက်နေသော လုံဟန်ဝမ်သည် ထန်ရှုဆွဲပေးထားသော အဆောက်အဦပုံစံ ဒီဇိုင်းအား ရှေ့တွင်ချကာ အိုးရန်လဲ့နှင့် စကားပြောဆို ရယ်မောနေသည်။

“တင်း ... တောင် ...”

တံခါးခေါင်းလောင်း မြည်လာခဲ့သည်။

အိုးရန်လဲ့ တံခါးဖွင့်ပေးလိုက်သည်။ လုံကျန့်ယုအား မြင်သည်နှင့် သူသည် ခေါင်းညိတ်ပြကာ အခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။

“အဖေ ... ကျွန်တော် ဘဏ်၂ခုစီကနေ ဖုန်းအဝင်တွေ ရတယ်။ ဘဏ်၂ခုလုံးက အများဆုံးမှ ချေးငွေ ၂ဘီလီယံစီပဲ ပေးနိုင်မယ်ဆိုတော့ စုစုပေါင်း ၄ဘီလီယံ ဖြစ်သွားပြီ။ ဒါပေမဲ့ အတိုးက မနည်းဘူး”

“သက်တမ်းဘယ်လောက် ထားပေးလဲ” လုံဟန်ဝမ် မျက်လုံးစွေကာ ကြည့်ရင်း မေးလိုက်သည်။

“သက်တမ်းက ၂နှစ် အဖေ”

“သက်တမ်းကို ၃နှစ်အထိ ထားပေးမလား အတိုးနှုန်း လျှော့ပေးမလားလို့ သူတို့ကို မေး။ အဲဒီလိုမှ မဟုတ်ရင် အခြားဘဏ်တွေကပဲ ချေးငွေ ယူလိုက်တော့မယ်ဆိုပြီး သူတို့ကို ပြောလိုက်”

လုံကျန့်ယု ခေါင်းညိတ်ပြလိုက်သည်။ သူသည် တံခါးဆီသို့ တစ်ချက်ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“ကျွန်တော် အစီရင်ခံတာ တစ်ခုရတယ်။ ကျန်းဖုန်းရှန့်နဲ့ သူ့သမီး ကျန်းသဲကျင်တို့တစ်တွေ ကျန်းမိသားစုက သြဇာအာဏာကြီးတဲ့ လူတချို့နဲ့ လုံစားသောက်ခန်းမကို ရောက်နေတယ်တဲ့။ သူတို့ ကျွန်တော်တို့ကို တွေ့ဖို့လာတာဆိုရင် မကြာခင် ရောက်လာလိမ့်မယ်”

လုံဟန်ဝမ်နှင့် အိုးရန်လဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။

အိုးရန်လဲ့သည် တစ်ချက်ရယ်လိုက်ရင်း

“ဟား ... ဟား ... ဟား ... ငါးကတော့ အစာလာဟပ်နေပြီပဲ”

“ကျန်းဖုန်းရှန့်ရဲ့ အကျိုးအမြတ် အခွင့်အရေးကို ကြိုက်တဲ့ အကျင့်စရိုက်ကို စဉ်းစားလိုက်ရင် သူမြင်နိုင်တဲ့ အခွင့်အရေးတိုင်းရဲ့နောက်ကို လိုက်မှာပဲ။ သည်စီမံကိန်းအကြောင်း အများကြီး သတင်းဖြန့်ထားပြီးပြီ။ အဲဒါကိုမှ သူမဖမ်းရင် သူ မဟုတ်လို့ပဲ”

လုံဟန်ဝမ်သည် တစ်ချက်သရော်လိုက်ရင်း ပြောလိုက်သည်။

“သောက်ကျိုးနည်း ... ကျွန်တော့်ယောက်ဖလောင်းက တကယ်ကို အံ့သြစရာပဲ။ အကြီးကြီးမွှေမယ့်ဟာ တစ်ခုကို ဖန်တီးဖို့ အများကြီး လှုပ်ရှားထားတယ်။ ဒါပေမဲ့ သူက မမျှော်လင့်ပဲ ဒီ၂ရက်လုံး တောင်တံခါးအိမ်မှာပဲ နေခဲ့တယ်။ ဒီဟာ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ သူနဲ့ဆိုင်စရာမရှိတော့ဘူး ပြလိုက်သလိုပေါ့။ ဒါပေမဲ့ လူငယ်က လူငယ်လို တွေးတာပါပဲ။ အင်တာနက်လှိုင်း တပ်ဖွဲ့ထဲက အရေအတွက်တစ်ခုကို တိတ်တဆိတ် ငှားထားပြီးပြီ။ အစီအစဉ်ရဲ့ နောက်တစ်ဆင့်ကို ကျွန်တော်တို့ စတာနဲ့ လွှမ်းမိုးနိုင်တဲ့ အင်တာနက်ပေါ်က အစီရင်ခံစာတွေနဲ့ သတင်းအချက်အလက်တွေက ကျန်းမိသားစုကို အသရေ ပျက်စေလိမ့်မယ်” အိုးရန်လဲ့ သဘောကျစွာ ပြောလိုက်သည်။

“ကောင်းတယ်။ အင်တာနက် အစီအစဉ်က သေချာပေါက်ကို အတော် သတင်းဖြန့်ဖြူးလွှမ်းမိုးတဲ့ နည်းလမ်းတစ်ခုပဲ။ ငါ့လူတွေလည်း ကျန်းမိသားစု ခုလတ်တလော ပြုလုပ်ထားတဲ့ မကောင်းမှုတွေကို ကြိုးစားစုံစမ်းနေကြတယ်။ သက်သေရှာတွေ့တာနဲ့ အင်တာနက်ပေါ်ကနေ တိုက်ပွဲစကြလိမ့်မယ်” လုံဟန်ဝမ် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

“အနာဂတ်ကျ ကျွန်တော့်မှာ ကျန်းသဲကျင်နဲ့ ကျန်းယုံကျင်းတို့လို ကလေးတွေရှိလာခဲ့ရင် တတ်နိုင်သမျှ သေအောင်သာ လုပ်လိုက်တော့မယ်။ ဒီလိုကလေးမျိုးတွေရှိတာ မိသားစုအတွက် ဘေးဆိုးတွေပဲ” အိုးရန်လဲ့ ရယ်မောရင်း ပြောလိုက်သည်။

“အဲဒီလို ကလေးမျိုးတွေ လူ့လောကထဲမှာ အများကြီးပါပဲ။ လူတွေ ပြောကြသလို - တိုင်းပြည်တစ်ခုကို တိုက်ခိုက်ရတာ လွယ်တယ်။ လူတစ်ယောက်ကို ထိန်းသိမ်းရတာ ပိုပြီးခက်ခဲတယ်တဲ့။ မိသားစုထဲမှာ ပြဿနာရှာတဲ့ အမွှေစိန်တွေ ပေါ်လာတဲ့အခါကျရင် တစ်မိသားစုလုံး သူတို့ကြောင့် ရှုပ်ထွေးကုန်တော့တာပဲ။ ဒီနှစ်တွေထဲမှာ ကျန်းမိသားစု လုပ်ခဲ့တဲ့ မကောင်းတာတွေက အများကြီးပဲ။ အဲဒါကြောင့် သူတို့မိသားစု ပေးဆပ်ရမယ့် အချိန်ရောက်လာပြီ” လုံဟန်ဝမ် အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

“တင်း ... တောင် ...”

တံခါးခေါင်းလောင်း နောက်တစ်ကြိမ် မြည်လာခဲ့သည်။

လုံဟန်ဝမ်သည် လုံကျန်ယုအား ခေါင်းညိတ်ပြလိုက်ကာ တံခါးသွားဖွင့်ပေးသည်ကို ကြည့်နေသည်။

“အာ ... ဦးလေးကျန်း ... ဘယ်လိုရောက်လာတာလဲ” တံခါးအပြင်ဘက်မှ လူ၅ယောက်အား မြင်သော် လုံကျန့်ယု၏ အကြည့်များသည် ကျန်းဖုန်းရှန့်ဆီသို့ အဆုံးသတ်တွင် ကြည့်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။

“မင်းအဖေ ဒီမှာ သောက်နေတယ်ကြားလို့။ ဒီသူငယ်ချင်းဟောင်းက ခရီးလမ်းကြုံ သူ့ဆီမလာလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ ငါ့ကို အထဲဝင်ခွင့်ပြုမှလား” ကျန်းဖုန်းရှန့် ပြုံးရင်း မေးလိုက်သည်။

“ဒါ ...” လုံကျန်ယု ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလိုက်သည်။

“ဦးလေးကျန်း ... ကျေးဇူးပြုပြီး အထဲဝင်ပါ”

ကျန်းဖုန်းရှန့် ခေါင်းညိတ်လိုက်သည်။ ခမ်းနားကြီးကျယ်သော သီးသန့်အခန်း၏ ဧည့်ခန်းသို့ ဝင်ရောက်လာပြီးနောက် သူသည် လုံဟန်ဝမ်နှင့် အိုးရန်လဲ့တို့အား ဆိုဖာပေါ်တွင် ထိုင်ကာ စကားပြောဆိုနေသည်ကို တွေ့လိုက်ရသည်။

“အာ ... ကြည့်ရတာ ညီအစ်ကိုလုံက စိတ်လက်ကြည်သာနေပုံ ရတယ်။ ဒါနဲ့ ငါတို့ လာတဲ့အတွက် မင်းဧည့်သည်ကို ဧည့်ခံတာမှာ အနှောင့်အယှက် မဖြစ်သွားပါဘူးနော်”

***

All Chapters