ပါရာဂွန်ကို ကြိုဆိုသော အာကာပြင်ကျယ်ခေါင်းလောင်း
Vol. 101 Ch. 1411
မိန်းကလေးသည် လူငယ်ကို ကြိမ်းမောင်းဖို့သာ အာရုံရောက်နေသဖြင့် မန်ဟို့ကို လွန်းပျံပေါ် ပစ်တင်လိုက်တုန်းက ဖြစ်ပျက်သွားခဲ့သည့်အရာကို သတိမထားမိပေ။ မျက်လုံးဖွင့်ဖို့ အားအလုံလောက်မရှိသေးသော်လည်း မန်ဟို့မျက်ခွံများ လှုပ်သွားခဲ့၏။
ထိုမျှသာမက မန်ဟို လွန်းပျံ၏ကျောပေါ် ရောက်သွားပြီးနောက် သူ့ပတ်ပတ်လည်တွင် ဝဲသေးသေးလေးများ ပွင့်လာခဲ့သည်ကို ထိုမိန်းကလေး သတိမထားမိပေ။ ထို့နောက် သူတို့ကို ဝန်းရံနေသော မြူများသည် အမျှင်များအသွင်ပြောင်းကာ လွန်းပျံထဲ စိမ့်ဝင်စပြုလာ၏။
မြူအမျှင်များက လွန်းပျံအတွင်းတွင် လည်လာပြီးနောက် မန်ဟို့ကိုယ်ထဲ ဝင်ရောက်နေသည်။ မြူများမှာ ပက်ကြားအက်နေသော ချောင်းတစ်လျှောက် မြစ်ရေများ စီးဆင်းသွားသကဲ့သို့ သူ့ကိုယ်ထဲ ဝင်ရောက်ပျောက်ကွယ်ကုန်သည်။
ကြည့်ရသရွေ့ မန်ဟိုမှာ ဒဏ်ရာအလွန်ပြင်းထန်လွန်းသဖြင့် အာကာပြင်ကျယ်စကြဝဠာ၏မြူများကို ကိုယ်တိုင်ပင် မစုပ်ယူနိုင်ပုံပေါ်သည်။ သို့သော် လွန်းပျံနှင့်ပတ်သက်သည့် တစ်စုံတစ်ခုက မျက်လုံးဖွင့်ဖို့ သူ လိုအပ်နေသောစွမ်းအားကို တစတစ စုဝေးပေးနေလေသည်။
အချိန်များ ကုန်လွန်သွားပြီး အကြောင်းတစ်စုံတရာကြောင့် လွန်းပျံမှာ မြန်သထက် မြန်မြန်သွားနေပုံရသည်။ နောက်ဆုံးတွင် မိန်းကလေးသည် လူငယ်ကို ဆူပူနေရင်းတန်းလန်း အရှိန်မြန်လာသည်ကို သတိထားမိသွား၏။ စစချင်း သူမမှာ ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း စရယ်တော့သည်။
“တွေ့လား မောင်လေး။ မဟာအာကာပြင်ကျယ်ကျောင်းတော် ဒီလောက်နာမည်ကြီးတာလဲ အံ့ဩစရာမရှိဘူး။ သူတို့ပိုက်နက်ထဲက ကြယ်တာရာကောင်းကင်ကတောင် ငါတို့ကို အရှိန်တင်ပေးနိုင်တဲ့ အနှစ်သာရတွေနဲ့ ကောင်းချီးပေးခံထားရတာပဲ။ အဲဒီအနှစ်သာရက မကောင်းကြံစိတ်ရှိမရှိ ဆုံးဖြတ်ပေးနိုင်တယ်လို့ ငါ လောင်းရဲတယ်။ မကောင်းကြံလိုစိတ်များလေလေ နှေးလေလေ၊ မကောင်းကြံလိုစိတ်နည်းလေလေ မြန်လေလေပဲ ဖြစ်ရမယ်” ဤသို့သုံးသပ်ပြီးသောအခါ မိန်းကလေးသည် ရယ်ပြန်၏။ သူမအနောက်ရှိ လူငယ်မှာတော့ အံ့အားသင့်နေသည်။ သူ့အမြင်အရ သူ့အစ်မပြောသလိုဖြစ်နေခြင်းမဟုတ်သော်လည်း ဖွင့်ဟမပြောရဲပေ။ ထိုအစား သူသည် ခေါင်းညိတ်ပြီး မိန်းကလေးကို လေးစားအားကျနေဟန်ဆောင်လိုက်၏။
သူ့အစ်မသည် ဉာဏ်သိပ်မကောင်းသော်လည်း လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူ သိသည်။ သူမသည် လူများ သူမအား အထင်တကြီးကြည့်သည်ကို သဘောကျသည်သာမက အရေးအကြီးဆုံးအနေဖြင့် သူမစိတ်ပျော်လျှင် သူ့ကို သိပ်မဆူတတ်ပေ။
လူငယ်မှာ သံသယများကို မြိုသိပ်ရင်း ခရီးစဉ်တစ်လျှောက် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်တွေးနေသည်။ လမ်းတစ်လျှောက် တခြားလွန်းပျံများကို ကြုံတွေခဲ့ပြီး သူ့အစ်မက တစ်ခါမှ အာရုံမစိုက်ခဲ့သော်လည်း သူကတော့ ၎င်းတို့ကို စိတ်ဝင်တစားကြည့်ရှုခဲ့လေသည်။ နောက်ဆုံးတော့ သူ့အာရုံက လွန်းပျံကျောပေါ်ရှိ အလောင်းများနှင့်ပစ္စည်းများအပေါ် ရောက်သွား၏။
သူသည် မန်ဟို့အလောင်းကို ကြည့်ပြီး သူ့အစ်မ ထိုအလောင်းကို တင်လာကတည်းက လွန်းပျံ၏အရှိန်မြန်လာခဲ့ကြောင်း သဘောပေါက်လိုက်သည်။
သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် ထိုအလောင်းနှင့်ပတ်သက်၍ မူမမှန်သည့်အရာတစ်ခုမှ သတိမထားမိပေ။ သူ ၎င်းကို မည်မျှလေ့လာလေ့လာ အလောင်းတစ်လောင်းထက် မပိုပေ။ ရက်အနည်းငယ်ကြာသော် လူငယ်သည် ခေါင်းအနောက်ခံမနေတော့သော်လည်း ရံဖန်ရံခါ မန်ဟို့ကို သတိရှိရှိလှည့်ကြည့်တတ်၏။
မန်ဟိုက နိုးနေပြီဖြစ်သည်။
သို့သော် နိုးလာခဲ့သည်က သူ့ခန္ဓာကိုယ်မဟုတ်ဘဲ သူ့ဝိညာဉ်ပင်။ လွန်းပျံအပေါ် ဆွဲတင်ခံရပြီး အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအားတချို့ကို စုပ်ယူပြီးနောက် သူသည် သူ့ပတ်ဝန်းကျင်ရှိအရာအားလုံးကို အိပ်မက်ထဲမှ ကြည့်ရှုနေရသကဲ့သို့ အခြေအနေတစ်ခုကို ရောက်ရှိသွားခဲ့၏။
သူ့ဝိညာဉ်မှာ နာကျင်ခံစားနေရလေသည်။ သူသည် တောင်ပင်လယ်လောက၊ သူ့အမေနှင့်အမေ၊ သူ့အစ်မ၊ ရှုချင်နှင့် ရင်းနှီးသောမျက်နှာများအကြောင်း တွေးနေ၏။
လိပ်ပြာကြီး အစိမ်းရောင်ခေါင်းတလားအပေါ် မည်သို့သက်ဆင်းသွားပုံကို သူ ပြန်မြင်ယောင်နေသည်။
ကြက်တူရွေးနှင့် အသက်ဓာတ်ကင်းမဲ့နေသော အသားဂျယ်လီအကြောင်းလည်း သူ တွေးနေမိသည်။
ယခုတော့ သူတို့အားလုံး အတိတ်တွင် ကျန်ခဲ့လေပြီ။ သွေးခွေးကြီးသာလျှင် သူ့ကို အဖော်ပြုလျက် ကျန်ခဲ့တော့သည်။
သွေးခွေးကြီးက မသေခဲ့ပေ။ ၎င်းသည် တစ်ချိန်လုံး အိပ်ရင်း အားဖြည့်နေခဲ့၏။ သူ့အား စောင့်ရှောက်ပေးဖို့ ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့ရ၍ ယခုတော့ သွေးခွေးကြီးမှာ အိပ်စက်နေရုံသာ တတ်နိုင်တော့သည်။
“ဒီရန်ကြွေးကို ... ပြန်ကလဲ့စားချေရမယ်”
“တောင်ပင်လယ်လောက ... ငါ မင်းတို့ဆီ ရောက်အောင် ပြန်လာပါ့မယ်”
“အဖေ၊ အမေ၊ အစ်မ၊ ချင်အာ ... ကျွန်တော့်ကို စောင့်နေပေးပါ....” မန်ဟို၏ဝိညာဉ်သည် အဝေးကို ငေးကြည့်နေ၏။ တောင်ပင်လယ်လောက၏တည်နေရာကို အသာထား၊ ၎င်းမည်သည့်အရပ်မျက်နှာတွင် ရှိမှန်းကိုပင် သူ မသိပေ။ သူ့ခံစားချက်များကိုသာ အားကိုးရင်း ၎င်းရှိနေလောက်မည့်နေရာကို မှန်းဆကြည့်နေရ၏။
သူ ခံစားနေရသော နာကျင်မှုမှာ ကုစားရသည့်အရာမဟုတ်သလို သူ့ကိုလည်း ပြောင်းလဲပေးခဲ့ပြီးလေပြီ။ သူသည် ယခုတွင် ပိုမိုသွေးအေးလာပြီး ပိုမိုတိတ်ဆိတ်လာ၏။
သူ အသက်ဆက်ရှင်နေသေးသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သွေးခွေးကြီး သူ့ကို အသက်နှင့်လဲကာကွယ်ပေးခဲ့၍ ဖြစ်ကြောင်း သူ ပြောနိုင်သည်။ သို့သော် အရေးကြီးဆုံးက သတိမလစ်ခင် သူ လုပ်ခဲ့သောအရာ.... ကြေးမီးအိမ်ကို ထုတ်ခဲ့မှုပင် ဖြစ်သည်။
ထိုမီးအိမ်၏လျှို့ဝှက်ဆန်းကြယ်မှုကား မတွေးတတ်အောင် နက်နဲလှသည်။ ၎င်းသည် သူ၏ဝိညာဉ်မီးအိမ်အားလုံးနေရာတွင် အစားထိုးဝင်ရောက်ခဲ့၏။ ယခု သူ့တွင် ဝိညာဉ်မီးအိမ် ၃၃ လုံးအစား တစ်လုံးသာ ရှိတော့လေသည်။ သို့သော် ထိုမီးအိမ်၏အရှိန်အဝါ သူ၏မိစ္ဆာချီနှင့် တစ်သားတည်းဖြစ်ပြီးနောက် ဖြစ်ပေါ်လာသော ဖိအားက ဝိညာဉ်မီးအိမ် ၃၃ လုံးစလုံးပေါင်းထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။ “ဒီကြေးမီးအိမ်က ... ဘယ်သူ့မီးအိမ်ဖြစ်ခဲ့တာများလဲ”
သူ့ကိုယ်ထဲရှိ ပြောင်းလဲမှုများကို လေ့လာနေသည့်အတောအတွင်း မန်ဟိုသည် လွန်းပျံပေါ်ရှိ မောင်နှမနှစ်ယောက်ကို သတိထားမိသွား၏။ အစ်မဖြစ်သူက တုံးအပြီး မောင်ဖြစ်သူကမူ အားနည်းသော်လည်း ဉာဏ်ထက်သည်။ မန်ဟိုသည် သူတို့ကို လှမ်းကြည့်ပြီးနောက် လျစ်လျူရှူလိုက်၏။ လူငယ်က ရံဖန်ရံခါ သူ့ကို ပြန်လှည့်ကြည့်တတ်သော်လည်း မန်ဟိုက ငြိမ်ငြိမ်ကလေး တိတ်ဆိတ်စွာ နေဖို့သာ ရွေးချယ်ထားသည်။
သို့သော် ဤမောင်နှမနှစ်ယောက်နှင့် လွန်းပျံ၏အကူအညီကြောင့် အာကာပြင်ကျယ်စကြဝဠာ၏မြူများကို တိုက်တိုက်ဆိုင်ဆိုင် စုပ်ယူနိုင်ခဲ့၍သာမဟုတ်လျှင် သူ၏ဝိညာဉ်နိုးထလာဖို့ အချိန်များစွာကြာခဲ့လိမ့်မည်။
ယင်းက မန်ဟို မေ့မည်မဟုတ်သည့် အရာပင်။
နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ကြေးမီးအိမ်ကို စုပ်ယူခဲ့ပြီးနောက်တွင်ပင် ကျင့်ကြံခြင်းအခြေခံကို ကုစားဖို့ အချိန်လိုသေးသည့်တိုင်အောင် သူ့ဒဏ်ရာများမှာ ပြင်းထန်များပြားလှသည်။
ယခုတော့ သူ့အနေဖြင့် သူ၏အတွေးများကို ကလဲ့စားချေဖို့ ပွက်ပွက်ဆူနေသော သွေးပင်လယ်ထဲတွင်သာ မြှုပ်နှံ့ထားနိုင်သည်။ သို့သော် သူ သိသည်.... ကလဲ့စားပြန်ချေနိုင်မည့်တစ်နေ့ မုချရောက်လာလိမ့်မည်။
ဤသို့ဖြင့် လပေါင်းများစွာ ကုန်သွားသည်။ ပုံမှန်ဆို လွန်းပျံ၏ခရီးမှာ သည့်ထက်ပိုကြာလိမ့်မည်။ သို့သ်ော ယခုတော့ ခရီးစဉ်၏အဆုံးသို့ မြန်မြန်ဆန်ဆန် ရောက်လာခဲ့လေပြီ။ .... အရှေ့တွင် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြီးမားသော အရိပ်ကြီးတစ်ခုကို မြင်လာရသည်။
၎င်းသည် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကလို မြေထုမဟုတ်... ဂြိုဟ်တစ်လုံးပင်။
ဤဂြိုဟ်သည် အင်မော်တယ်နတ်ဘုရားကမ္ဘာနည်းတူ အင်အားကြီးမားသောအစုအဝေးများထဲတွင် သေချာပေါက်ပါဝင်၏။ သို့သော် ထိုဂြိုဟ်ပေါ်ရှိ မြေများကို ဖြန့်ခင်းလိုက်လျှင် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏မြေထုကို သေးငယ်သွားစေလိမ့်မည်။
ဂြိုဟ်မှာ ကြီးကိုကြီးလွန်းပေသည်။ ဟိုးအဝေးကြီးမှကြည့်မှသာလျှင် တစ်ဂြိုဟ်လုံးကို ကောင်းကောင်းမြင်ရနိုင်သည်။ အရွယ်အစားကြီးလွန်းသဖြင့် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကိုပင် ဖောက်ထွက်နေသယောင် ထင်ရသည်။
တောင်ပင်လယ်လောကကို ဤဂြိုဟ်နှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်ကို ဆင်နှင့် သွားယှဉ်သလို ဖြစ်လိမ့်မည်။
အဝါရင့်ရောင်ကွင်းတစ်ကွင်းက ဂြိုဟ်ကို ဝန်းရံထားသည်။ အံ့အားသင့်ဖွယ်ကောင်းသည်ကား ထိုကွင်းကို အနီးကပ်ကြည့်လျှင် ... မရေမတွက်နိုင်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားများဖြင့် ဖွဲ့စည်းထားကြောင်း မြင်ရလိမ့်မည်။ ဂြိုဟ်ကို ကြည့်ရုံနှင့်တင် ကြောက်စရာကောင်းပြီး လူတစ်ယောက်အား တုန်လှုပ်သွားစေလိမ့်မည်။
ဂြိုဟ်မှ ဝင်ချည်ထွက်ချည် သွားလာနေသော အလင်းတန်းပေါင်းများစွာကို မြင်နေရရာ အလွန်မျက်စိပသာဒရှိလှပေသည်။
“မြင်လား အဲဒါက အာကာပြင်ကျယ်ဂြိုဟ်ပဲ။ ဘယ်လိုလုပ်ပြီး ဂြိုဟ်တစ်လုံးက ဒီလောက်ကြီးနိုင်ရတာလဲ။ ငါတို့ရဲ့မြေထုနဲ့ယှဉ်ရင် ဒါကြီးက တော်တော့်ကိုကြီးတာပဲ။ ငါတို့မြေထုအခုတစ်သောင်းလောက် မဟုတ်ဘူး တစ်သိန်း။ တစ်သန်းလောက်တောင် ထည့်နိုင်တယ်...” စကားပြောနေစဉ် မိန်းကလေး၏အသံမှာ ဟိတ်ဟန်အပြည့်ပါသော်လည်း နောက်ဆုံးတော့ သူမလည်း အရှေ့ရှိ ဂြိုဟ်ကြီးကို ကြည့်ရင် တိတ်ဆိတ်သွားသည်။
သူမဘေးရှိ လူငယ်လည်း မျက်လုံးအပြူးသားနှင့် ငေးကြည့်နေသည်။
နှစ်ယောက်လုံး သူတို့အနောက်ရှိ မန်ဟို လှုပ်လာသည်ကို သတိမထားမိပေ။ မျက်လုံးမဖွင့်နိုင်သေးသော်လည်း သူ့ဝိညာဉ်လည်း အာကာပြင်ကျယ်ဂြိုဟ်ကို စိုက်ကြည့်နေပြီး သူ့ဝိညာဉ်၏မျက်လုံးထဲတွင် ထူးဆန်းသောမီးတောက်များ တောက်လောင်စပြုလာခဲ့လေပြီ။
မိန်းကလေးက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမမျက်လုံးများသည် လင်းလက်တောက်ပနေ၏။ “အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကကြားမှာ အာကာပြင်ကျယ်ဂြိုဟ် နေရာတစ်နေရာယူနိုင်တာလာလည်း အံ့ဩမရှိဘူး...”
“ဒါက အာကာပြင်ကျယ်စကြဝဠာနဲ့အတူ ဖန်ဆင်းခံခဲ့ရပြီး စကြဝဠာအပြင်ထွက်နိုင်တဲ့ တစ်ခုတည်းသော နေရာရွှေ့ပြောင်းမုခ်ဝရှိတဲ့ ဒဏ္ဍာရီလာ ... အာကာပြင်ကျယ်ကျောင်းတော် တည်ရှိတဲ့ နေရာပဲ
“မောင်လေး ငါ စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ နင် အဲဒီသန့်ရှင်းသောသမီးတော်ကို လက်ထပ်ကို လက်ထပ်ရမယ်” မိန်းကလေး၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် တောက်ပနေပြီး သူမက အင်္ကျီလက်စကို ခါလျက် လွန်းပျံအား အာကာပြင်ကျယ်ဂြိုဟ်ထံ စေလွှတ်လိုက်သည်။
သို့သော် လွန်းပျံ ၎င်းအနား ရောက်သွားသည့်အခါ လင်းလက်တောက်ပသော အကာအကွယ်တစ်ခုက ဂြိုဟ်တစ်ဂြိုဟ်လုံးနှင့် ပတ်ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်ကို လွှမ်းခြုံရင်း ဖျတ်ခနဲ ပေါ်လာသည်။ ၎င်းကို ဖြတ်သွားသည့် ကျင့်ကြံသူတိုင်း မည်သည့်ကျင့်ကြံအဆင့်ရှိစေကာမူ တစ်လက်မလေးပင် မလှုပ်နိုင်တော့ဘဲ ရပ်ကုန်ကြရ၏။ လူတိုင်းမှာ ဘာဖြစ်နေမှန်းမသိဖြင့် အံ့ဩနေသောအမူအရာများဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေကြသည်။
ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ တစ်နေရာမှ ရှေးဟောင်းခေါင်းလောင်းသံတစ်သံ ထွက်လာသည်။ ခံ့ညားထည်ဝါသောခေါင်းလောင်းသံသည် အာကာပြင်ကျယ်စကြဝဠာ၏မြူများကို တွန်းထုတ်၍ ပြင်းထန်သောဖိအားကြီးကို သက်ရောက်စေလိုက်၏။
ဒေါင်
ဒေါင်
ဒေါင်
ခေါင်းလောင်းသံမြည်လာသည့်အခါ အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။ ခေါင်းလောင်းသံက ဆက်လက်ဟိန်းထွက်နေရာ မကြာမီ အံ့အားသင့်နေသူများက သာမန်ကျင့်ကြံသူများသာ မဟုတ်တော့ပေ။ အာကာပြင်ကျယ်ကျောင်းတော်၏ ပင်မအင်အားဖြစ်သော အစွမ်းထက်ပညာရှင်များလည်း မော့ကြည့်လိုက်ကြသည်။
ခေါင်းလောင်းသံ လေးကြိမ်မြောက်မြည်လျှင် မျက်နှာအမြောက်အမြား ရိပ်ခနဲ ဖြစ်ကုန်ကြသည်။ ခေါင်းလောင်းခြောက်ကြိမ်မြောက် မြည်သည့်အချိန်တွင် အနှစ်သာရ ၈ ခု ကျင့်ကြံသူများသည် ဂြိုဟ်၏ပတ်ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်ထံ ပျံထွက်လာကြ၏။
သို့သော် သူတို့ပျံထွက်နေကြစဉ်မှာပဲ ခုနစ်ကြိမ်မြောက်ခေါင်းလောင်းသံကို ကြားလိုက်ရသည်။ အာကာပြင်ကျယ်ဂြိုဟ်တစ်နေရာ၌ တည်ရှိနေသော ဝတ်ပြုကျောင်းတစ်ကျောင်းတွင် အဘိုးအိုတစ်ဦးက မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်ပြီး အနှစ်သာရ ၉ ခုအရှိန်အဝါသည် သူ့ထံမှ ဖြာထွက်လာ၏။ သူက အာကာပြင်ကျယ်ဂြိုဟ်မှ အစွမ်းထက်ပညာရှင်များနှင့်အတူ ကြယ်တာရာကောင်းကင်ထဲ ထွက်လာသည်။ မရေမတွက်နိုင်သောအလင်းတန်းများလည်း အမြန်ဆုံးပျံထွက်လာကြလေသည်။
ကျင့်ကြံသူတစ်သန်းကျော်က အာကာပြင်ကျယ်ဂြိုဟ်အပြင်ရှိ ကြယ်တာရာကောင်းကင်ကို အဝင်အထွက်ပိတ်လိုက်ရာ မည်သူမှမလှုပ်နိုင်တော့ပေ။ သို့ထိတိုင် ခေါင်းလောင်းသည် ဆက်မြည်နေ၏။
မလှုပ်နိုင်သောကျင့်ကြံသူများအနက် အများစုသည် ခေါင်းလောင်းမြည်သံနှင့်ပတ်သက်၍ နားမလည်ကြသည့်အတွက် သိပ်ထူးထူးဆန်းဆန်း မခံစားကြရပေ။ သို့သော် ခေါင်းလောင်းသံ၏အဓိပ္ပါယ်ကို နားလည်သူများမှာတော့ ကြောက်လန့်မတုန်ရီဘဲ မနေကြပေ။
“အဲဒီခေါင်းလောင်း..... အဲဒါက အာကာပြင်ကျယ်ခေါင်းလောင်းပဲ”
“အာကာပြင်ကျယ်ကျောင်းတော်သား မဟုတ်တဲ့ ပါရာဂွန်တစ်ဦး ရောက်လာရင် ... အာကာပြင်ကျယ်ခေါင်းလောင်းမြည်တယ်”
“ခေါင်းလောင်းသံ သုံးချက်ဆို အနှစ်သာရ ၇ ခုပါရာဂွန်၊ ခြောက်ချက်ဆို အနှစ်သာရ ၈ ခုပါရာဂွန်။ အဲဒီထက်ပိုရင် .. အနှစ်သာရ ၉ ခုပါရာဂွန် ရောက်လာပြီလို့ ဆိုလိုတာ”
“အခု ခေါင်းလောင်းက ခုနစ်ချက်မြည်သွားပြီဆိုတော့ .. အနှစ်သာရ ၉ ခုပါရာဂွန် ရောက်နေတာပေါ့” ခေါင်းလောင်းသံအကြောင်း နားလည်သော အာကာပြင်ကျယ်ဂြိုဟ်အပြင်ရှိ လူများမှာ လုံးလုံးလျားလျား ထိတ်လန့်ကုန်ကြသည်။ သူတို့သည် ဘေးဘီဝဲယာကို ကြည့်လိုက်ကြပြီး မကြာမီ မျက်လုံးအားလုံးက လှုပ်ရှားနိုင်နေသည့် တစ်ခုတည်းသောအရာဝတ္ထုဖြစ်သော လွန်းပျံအပေါ် ကျရောက်သွားကြသည်။
ထိုလွန်းပျံပေါ်တွင် လူငယ်၏မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေသည်။ သူသည် လှုပ်မရသောကျင့်ကြံသူအားလုံးကို အထိတ်တလန့် ကြည့်နေ၏။ သူ့အစ်မလည်း အံ့အားသင့်နေသော်လည်း သဘောကျစွာ ရယ်လိုက်လေသည်။
“မောင်လေး အခု မျက်နှာထားတင်းထားဖို့ အချိန်ကျပြီ။ ကြည့်ရတာ ယွင်မျိုးနွယ်စုနဲ့ လက်ထပ်ကတိစာချုပ်က အကျုံးဝင်နေသေးတဲ့ပုံပဲ။ ငါ အခုထိ ကျောက်စိမ်းပေလွှာတောင် မထုတ်ရသေးဘူး။ အာကာပြင်ကျယ်ကျောင်းတော်က သတိထားမိသွားပြီး ငါတို့ကို ကြိုဖို့ ခေါင်းလောင်းတောင် တီးပေးနေတယ် ကြည့်စမ်း” မိန်းကလေး၏မျက်လုံးများက ဝမ်းမြောက်ဝမ်းသာ တောက်ပနေသော်လည်း လူငယ်မှာတော့ ကြောက်ဒူးတုန်နေချေပြီ။
“အစ်မ ငါတော့ အဲဒီလိုမထင်...” လူငယ် စကားပြောမပြီးခင် သူတို့နှစ်ယောက်လုံး အာကာပြင်ကျယ်ဂြိုဟ်မှ ထွက်လာသော အလင်းတန်းများကို မြင်လိုက်ရပြီး ထိုလူတို့၏ကြောက်မက်ဖွယ်ကျင့်ကြံအဆင့်များကို ခံစားလိုက်ကြရ၏။ မိန်းကလေးမှာတော့ ပို၍သာ စိတ်လှုပ်ရှားလာလေသည်။
“မောင်လေး ကြည့်စမ်း သူတို့ ငါတို့ကို ကြိုဖို့ လာနေပြီ” သူမသည် နီးကပ်လာနေသောလူအုပ်ကြီးကို ကြည့်၍ အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားစွာ ပြော၏။
သူမအနောက်ရှိ လူငယ်မှာတော့ ဦးနှောက်ခြောက်နေလေပြီ။ သူသည် အားနည်းသော်လည်း လွန်စွာဉာဏ်ကောင်းသည့်အတွက် တစ်ခုခုမူမမှန်ကြောင်း ပြောနိုင်၏။