← Chapters

ကြေးမီးအိမ်က မိုးကောင်းကင်ကို အစားထိုးခြင်း

Vol. 101 Ch. 1410

ကြေးမီးအိမ်က မိုးကောင်းကင်ကို အစားထိုးခြင်း

Vol. 101 Ch. 1410

အာကာပြင်ကျယ်စကြဝဠာ

အဆုံးမရှိ

တိုင်းတာမရ

အဆုံးတစ်ခုတော့ ရှိကောင်းရှိလိမ့်မည်။ သို့သော် အနန္တတန်ခိုးရှင်အဖြစ် ရောက်ရှိသွားသူများမှလွဲ၍ ထိုအဆုံးသို့ မည်သူမှ မရောက်ဖူးကြပေ။

အာကာပြင်ကျယ်စကြဝဠာသည် ကမ္ဘာလောကပေါင်းမြောက်များစွာဖြင့် အလွန်တရာကြီးမားလွန်း၏။ ၎င်းအတွင်း၌ ဖြစ်တည်မှုများစွာ နေထိုင်ကြသလို၊ အန္တရာယ်ပေါင်းများစွာလည်း ကိန်းအောင်းနေသည်။ ‌ဖော်ပြမတတ်နိုင်လောက်အောင် နက်နဲဆန်းပြားသော သက်ရှိများ ပါရှိသည့် ဝဲများ၊ အပျက်အစီးများအဖြစ်သာ ကျန်ရှိတော့သည့် ဒဏ္ဍာရီရာဇဝင်များနှင့် ဝဲများ အစရှိသည်တို့ တည်ရှိကြလေသည်။

ယင်းတို့အားလုံးအပြင် အာကာပြင်ကျယ်စကြဝဠာတွင် အများဆုံးမြင်ရသည်မှာတော့ ဖုန်မှုန့်များပင်။ ထိုဖုန်မှုန့်များအတွင်း၌ အလောင်းများ၊ ကျောက်ခဲများနှင့် မှော်ပစ္စည်းများကိုပင် တွေ့ရနိုင်သည်။

ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်စကြဝဠာ၏ အမည်မသိနေရာတစ်နေရာတွင် အလောင်းတစ်လောင်း လွင့်မျောနေသည်ကို မြင်ရနိုင်သည်။ ထိုအလောင်း ထိုနေရာတွင် မည်မျှကြာမြင့်စွာ ရှိနေခဲ့သလဲ ပြောရခက်၏။ ၎င်းမှာ ခြောက်ကပ်နေသော်လည်း မပုပ်သိုးသေးပေ။ အက်ကွဲကြေမွနေသော မီးခိုးရောင်ချပ်ဝတ်တစ်ခုက အလောင်းကို လွှမ်းခြုံထားသည်။

အလောင်း၏ဘေးတွင်တော့ အသက်ငင်နေသော်လည်း သခင်ဘေးမှ မခွာနိုင်ဟန်တူသည့် ပိန်ချုံးချုံးခွေးတစ်ကောင် ရှိသည်။

အလောင်းသော်လည်းကောင်း၊ ချပ်ဝတ်သော်လည်းကောင်း.... သေဆုံးနေခဲ့သည်မှာ အလွန့်အလွန်ကြာခဲ့ပြီဖြစ်သည့်အလား ... အသက်ရှိသောအရိပ်အယောင် မပြပေ။

အလောင်း၏သိုလှောင်အိတ်တွင် အပေါက်တစ်ပေါက် ပေါက်နေခဲ့ပြီး အိတ်ထဲရှိ အရာအားလုံးနီးပါး အာကာပြင်ကျယ်ထဲ ပြန့်ကြဲနေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ သိုလှောင်အိတ်ထဲမှ မိန်းကလေးတစ်ယောက် ထွက်လာခဲ့၏။ ထွက်လာနိုင်ခဲ့သော်လည်း သူမမှာ ဘယ်နေရာရောက်နေမှန်း မသိပေ။

သိုလှောင်အိတ် မည်ကဲ့သို့ပေါက်ထွက်သွားခဲ့သလဲဆိုသည်နှင့် ပတ်သက်၍မူ သူမလည်း မသိပေ။ ၎င်းပွင့်လာပြီးနောက် သူမ ရုတ်တရက် အပြင်ရောက်လာသည်ကိုသာ သူမ မှတ်မိသည်။ အပြင်ရောက်လျှင်ချင်း မှိန်ပျပျလင်းနေသော ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားသည့် သူမအမုန်းဆုံးလူအား မြင်လိုက်ရ၏။

တခဏကြာသော် လေပြင်းတစ်ချက်က အာကာပြင်ကျယ်စကြဝဠာ၏ ထိုဧရိယာတစ်လျှောက်တိုက်ခတ်ရင်း အရာအားလုံး သယ်ဆောင်သွားသည်။ ထိုမိန်းကလေးပင်လျှင် ဟိုးအဝေးကြီးသို့ တိုက်ခတ်ခံလိုက်ရသည်။

အလောင်းလည်း လေနှင့်အတူ လွင့်မျောသွားလေသည်။ ထိုအလောင်းကို နီးနီးကပ်ကပ် ကြည့်လျှင် ၎င်းနဖူးထက်၌ ကြေးမီးအိမ်တစ်လုံးအား မြင်ရလိမ့်မည်။ အလောင်း၏သိုလှောင်အိတ် ပွင့်ထွက်သွားခဲ့တုန်းက ကြေးမီးအိမ်သည် တခြားအရာများကဲ့သို့ လွင့်မသွားဘဲ အလောင်း၏နဖူးပေါ်သို့ ဖြည်းညင်းစွာ ပျံသန်းသွားခဲ့၏။

အတိတ်တုန်းက ထိုကြေးမီးအိမ်က ဤအလောင်း၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့လေသည်။

ရွှေတုန်းလျှိုပင်လျှင် အသေးစိတ် မစူးစမ်း၊ မထောက်လှမ်းနိုင်ခဲ့ပေ။

အလောင်း အသက်ရှိပြီး ဝိညာဉ်မီးအိမ်များကို ပိုင်ဆိုင်ခဲ့တုန်းက ဤကြေးမီးအိမ်သည် တစ်ခါမှ ပေါ်မလာခဲ့သလို၊ လင်းပင်မလင်းခဲ့ဖူးပေ။ သို့သော် ယခုတွင် အလောင်းတွင် မည်သည့်ဝိညာဉ်မီးအိမ်မှ မရှိတော့သည့်အခါ ကြေးမီးအိမ်ကား ပေါ်ထွက်လာခဲ့လေပြီ။

ဟိုးယခင်တုန်းက ဤအလောင်း၏ပိုင်ရှင်မှာ သူ၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော ၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်းမှ သူ ယူလာခဲ့သော ဤမီးအိမ်သည်... လူတစ်ယောက်၏ ဝိညာဉ်မီးအိမ်တစ်လုံးဖြစ်မည်ဟု ယူဆခဲ့၏။

ထိုလူ မည်သူမှန်းတော့ သူ မသိပေ။ အချိန်ပေးစဉ်းစားခြင်းလည်း မပြုခဲ့။

ကြေးမီးအိမ်သည် သိုလှောင်အိတ်ထဲမှ ထွက်လာပြီးသည့်အခါ အလောင်း၏နဖူးထဲ ဝင်ရောက်တော့သည်။ ထိုသို့ဖြစ်လိမ့်မည်ဟု အလောင်းပင် ထင်မှတ်ထားခဲ့မည်မဟုတ်ပေ။

အချိန်တွေ ကုန်လွန်သွားသည်။ တစ်နှစ်ပြီးတစ်နှစ် ကြေးမီးအိမ်သည် အလောင်း၏နဖူးထဲ နစ်သထက် နစ်ဝင်သွားတတ်၏။ ဆယ်နှစ်ကြာသွားသည်။ နှစ်တစ်ရာ၊ နှစ်ထောင်...

နှစ်တစ်ထောင်ပြည့်သည့်အခါ ကြေးမီးအိမ်ကို မမြင်ရတော့ပေ။ ၎င်းကား အလောင်း၏နဖူးထဲ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ပြီဖြစ်သည်။

ထိုကြေးမီးအိမ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်.... နှစ်တစ်ထောင်ကုန်ဆုံးနေသည့် တစ်လျှောက်လုံး မည်သည့်ဖြစ်တည်မှုမှ အလောင်း၏အနား ကပ်မလာခဲ့ဘဲ ရှောင်ကွင်းသွားခဲ့ကြ၏။

မီးအိမ်က အလောင်းကို မပုပ်သိုးအောင် ထိန်းသိမ်းပေးထားသလို... ထိုအလောင်း တစ်နေ့ မျက်လုံးပြန်ဖွင့်နိုင်မည့် အခွင့်အရေးတစ်ခုကို ပေးနေသည် ....

ရာသီစက်ဝန်းများ အလီလီပြောင်းလဲနေစဉ် အလောင်း၏အပေါ်တွင် သေးငယ်နည်းပါးသော အရှိန်အဝါလေး စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအရှိန်အဝါက အင်မော်တယ်အရှိန်အဝါဟု ထင်ရသော်လည်း နတ်ဆိုးအရှိန်အဝါနှင့်လည်း ဆင်တူနေ၏။ အမျိုးမျိုးလည်း ပြောင်းလဲနေသဖြင့် ထူးခြားဆန်းကြယ်နေသည်။ သို့သော် တောင်ပင်လယ်လောက၏စစ်ပွဲ၌ တိုက်ခိုက်ခဲ့သူတိုင်း ၎င်းက ... မိစ္ဆာချီဖြစ်ကြောင်း လျင်မြန်စွာ မှတ်မိကြလိမ့်မည်။

၎င်းက တောင်ပင်လယ်လောကမှ ဒဏ္ဍာရီလာဖြစ်တည်မှု ... မိစ္ဆာဧကရာဇ်၏ အရှိန်အဝါပင်။

ဤအလောင်းကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

အသားဂျယ်လီ၏နေရာရွှေ့ပြောင်းမှုပြီးနောက် မန်ဟိုမှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွား၏။ သို့သော် မျက်လုံးမပိတ်ခင် နောက်ဆုံးအခိုက်အတန့်တွင် သူ့တစ်ဘဝလုံးမှ ပုံရိပ်များ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။ အဆုံးသတ်တွင် ကြက်တူရွေး ၎င်း၏အသိစိတ်အား ဖယ်ရှားနေသည်ကို သူ မြင်ခဲ့ရသည်။ သူ့ကို ဘေးကင်းရာသို့ နေရာရွှေ့ပြောင်းပေးဖို့ အသားဂျယ်လီ အသေခံနေသည်ကို သူ မြင်ခဲ့ရသည်။ ထိုပုံရိပ်များက သူ့နှလုံးသားကို ကြေကွဲစေပြီး သူ့ကမ္ဘာကြီးအား ချာချာလည်သွားစေခဲ့၏။ သို့ထိတိုင် သူ့မှာ အသားဂျယ်လီနှင့် ကြက်တူရွေးကို မတားနိုင်ဘဲ ကြည့်ရုံသာ ကြည့်နေခဲ့ရသည်။

သွေးမျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စီးကျနေခဲ့သည်။ နေရာရွှေ့ပြောင်းပြီး သတိလစ်တော့မည့်ဆဲဆဲတွင် သူက ပြုံးခဲ့သည်။ အပြုံးတွင် ရူးသွပ်မှုနှင့် မသေလိုစိတ်တို့ ပါဝင်နေခဲ့လေသည်။

နလန်ပြန်ထူဖို့ မည်သည့်အတိုင်းအတာအထိဖြစ်ဖြစ် သွားရဲသော်လည်း မည်သို့လုပ်ရမှန်း သူ မသိပေ။ သူ့သွေးဆက်မှ နိဗ္ဗာနသစ်သီးကိုလည်း တွေးမိသည်။ သူ့သိုလှောင်အိတ်ထဲရှိ ကြေးမီးအိမ်ကိုလည်း တွေးမိ၏။

သို့နှင့် သူသည် ကြေးမီးအိမ်ကို ထုတ်ရန် နောက်ဆုံးလက်ကျန်စွမ်းအင်ကို သုံးလိုက်သည်။ ထို့နောက် ရွှေတုန်းလျှို၏အမွေမှ ရရှိခဲ့သော .... တခြားတစ်ယောက်၏ဝိညာဉ်မီးအိမ်ကို ပူးကပ်နိုင်သည့် ဝှက်မှော်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ရွှေတုန်းလျှိုပင် မေ့ကောင်းမေ့နေလောက်ပြီး အလုပ်ဖြစ်လိမ့်မည်ဟု မယုံလောက်သော အတတ်တစ်ခုဖြစ်လေသည်။ အမှန်တွင် ၎င်းသည် ကိုးတံဆိပ်ဆီက လာခြင်းမဟုတ်၊ ရွှေတုန်းလျှိုကို ဖွဲ့စည်းထားသော ဝိညာဉ်၏နောက်တစ်ပိုင်းမှ လာခြင်းဖြစ်၏။

မှော်အစွမ်းကို ထုတ်လွှတ်ပြီးနောက် မန်ဟို သတိလစ်သွားသည်။ ထို့နောက် အရာအားလုံး အမှောင်ဖုံးသွားတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာသည် ပိန်ချုံးခြောက်ကပ်လာခဲ့၏။ သူ၏အသက်စွမ်းအားများ ခမ်းခြောက်သွားသည်မှာလည်း ကြာပြီဖြစ်ပြီး သူနှင့်ပတ်သက်သမျှအရာအားလုံး ပြိုကွဲသွားခဲ့သည်။ သူ့ကိုယ်ထဲ ဆက်လက်ဝင်ရောက်နေသော ‌ကြေးဝိညာဉ်မီးအိမ်တစ်လုံးသာ ကျန်ခဲ့၏။

တစ်နေ့တွင် ကြေးမီးအိမ် သူ့နဖူးထဲ အပြည့်အဝဝင်ရောက်သွားသည့်အခါ သူ့ကိုယ်ထဲ၌ မိုးမြေဖျက်စီးပစ်နိုင်သော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားလာတော့သည်။

ကြေးမီးအိမ်က ပျက်စီးသွားသော ပဓာနမီးအိမ်၏နေရာသို့ တဖြည်းဖြည်း ဝင်‌ရောက်နေသဖြင့် တဂျုန်းဂျုန်းမြည်သံများ သူ့ကိုယ်ထဲတွင် ပြည့်နှက်နေသည်။ ကြေးမီးအိမ်သည် ပဓာနမီးအိမ်အဖြစ် ပြုမူလျက် သူ၏ချီစီးဆင်းမှုလမ်းကြောင်းများကို ပြန်လည်ဆက်သွယ်၍ သူ၏ကျင့်ကြံခြင်းအခြေခံကို ပြန်လည်တည်ဆောက်ပေးနေ၏။

တစ်ရက်ကုန်သွားတိုင်း သူ၏‌ရှုံ့တွခြောက်ကပ်နေသော အသားထဲတွင် ချီနှင့်သွေးတို့ ပြည့်နှက်လာတတ်သည်။ သူ၏ကလီစာများမှာ ပျက်စီးနေခဲ့သော်လည်း ယခုတွင် အကောင်းအတိုင်း ပြန်ဖြစ်လာနေသည်။ ရက်အနည်းငယ်ကြာသော် နှစ်တစ်ထောင်အတွင်း ပထမဆုံးအကြိမ် သူ့နှလုံးပြန်ခုန်လာသည်။ ထိုအခါ သူ၏ပတ်ပတ်လည်ရှိ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှာ ဝုန်းခနဲ တုန်ခါသွားပြီး ပုန်း‌အောင်းနေသော သက်ရှိများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။

နှလုံးခုန်သံ ပဲ့တင်ထပ်နေစဉ် နှလုံးမှညစ်ထုတ်ပေးလိုက်သော သွေးများသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွား၏။ တဖြည်းဖြည်း ခမ်းခြောက်နေသော သွေးများ ပြန်လည်ပြည့်တင်းလာသည်။

မကြာမီ သူ့ခန္ဓာကိုယ်သည် ပိန်ချုံးခြောက်ကပ်မနေတော့ဘဲ သူကား အသက်ရှူနေပုံပင် ပေါ်လာ၏။

ကြေးမီးအိမ်က အဆုံးမဲ့အစိမ်းရောင်အငွေ့များကို သူ၏ခန္ဓာကိုယ်တစ်လျှောက် ပို့လွှတ်ရင်း ဖြည်းညင်းစွာ လောင်ကျွမ်းနေသည်။ နောက်ဆုံးတွင် အငွေ့များသည် သူ၏ကျင့်ကြံခြင်းအခြေခံသို့ ရောက်ရှိလာကာ သူ့ကိုယ်ထဲ၌ အသက်မီးတောက်အား တောက်လောင်လာစေတော့သည်။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ အာကာပြင်ကျယ်ကို တဝုန်းဝုန်း လှုပ်ခတ်လာစေသည့် အင်အားကြီးမားသောအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ အားအင်ပြည့်ဝလာ၍ မန်ဟို့မျက်ခွံများက ... မျက်လုံးဖွင့်တော့မည့်အလား လှုပ်လာလေပြီ။

သူ အားပြည့်လာသည်နှင့်အမျှ သူ့ကိုယ်ထဲရှိ အရှိန်အဝါသည် ပို၍ကြောက်စရာကောင်းလာ၏။ ဝဲတစ်ဝဲက သူ့ကို ရစ်သိုင်းလျက် ဖြစ်ပေါ်လာသည်။ ထိုဝဲသည် ဟိုးယခင်နှစ်တွေတုန်းက ကြေးမုံနှင့် ကြက်တူရွေးကြောင့် ဖြစ်ပေါ်လာခဲ့သည့် အာကာပြင်ကျယ်စကြဝဠာ၏ဖရိုဖရဲများကို မယှဉ်နိုင်သော်လည်း‌ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသေးလေသည်။

သို့သော် အသက်ရှူချိန်အနည်းငယ်ကြာသော် အရှိန်အဝါသည် အားနည်းသွား၏။ မန်ဟို့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ငြိမ်သက်လာပြီး သူ့မျက်ခွံများလည်း မလှုပ်တော့ပေ။ သူကား ပြန်လည်ငြိမ်သက်သွားပြန်သည်။

ကြည့်ရခြင်းအားဖြင့် ထိုအားအင်၏လှုံ့ဆော်မှုက သူ့ကို နိုးစေဖို့ မလုံလောက်သယောင်ပင်။ သူ့အတွက် မျက်လုံးဖွင့်ဖို့ ခွန်အားလိုသည်။ အသက်စွမ်းအား လိုအပ်သည်။ လောလောဆယ်တွင် လုံလုံလောက်လောက် မရှိသေးပေ။

ထို့ကြောင့် အနည်းငယ် ထပ်စောင့်ရလိမ့်မည်.....

သူ့ခန္ဓာကိုယ်မှာ ပြန်လည်ခြောက်ကပ်သွားပြီး နှလုံးခုန်နေခြင်းလည်း ရပ်တန့်သွားသည်။ သူ့သွေးများသည် ခမ်းခြောက်လာပြီး သူ၏အရှိန်အဝါမှာ ပျောက်ကွယ်သွား၏။ သူ့မှာ ယခင်အတိုင်း အလောင်းကြီးသဖွယ် ပြန်ဖြစ်သွားလေပြီ။ သို့သော် ယခင်က မရှိခဲ့သော အသက်မီးပွားလေးကတော့ နှေးကွေးစွာ တောက်လောင်လျက် တဖျတ်ဖျပ်လှုပ်နေသေးသည်။

ဤသို့ဖြင့် ဆယ်နှစ်ကြာသွားသည်။ မန်ဟိုမှာ အာကာပြင်ကျယ်ထဲတွင် မျောနေဆဲပင်။

တစ်ရက်၌ လွန်းပျံတစ်စင်း ပေါ်လာ၏။

လွန်းပျံ၏ကျောပေါ်တွင် ဆန်းဆန်းပြားပြားပစ္စည်းများ ပုံနေပြီး သေသေချာချာကြည့်လျှင် အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံး ပြည့်နေသည့် ဖုန်မှုန့်များအတွင်းမှ ရရှိခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိသာပေသည်။ ထိုထွေရာလေးပါးပစ္စည်းများအကြား၌ ပိန်ချုံးချုံးအလောင်းတစ်ချို့ပင် ရှိသည်။

မိန်းကလေးတစ်ယောက်က လွန်းပျံထဲတွင် တင်ပျဉ်ခွေ‌နေသည်။ သူမသည် ငယ်ရွယ်ချောမောသော်လည်း အဝတ်အစားဆင်ယင်ပုံကြောင့် ရုပ်ရင့်နေ၏။ ကြည့်ရသရွေ့ အသက်အမှန်ကို လူများမခန့်မှန်းနိုင်အောင် တမင်ဝတ်ထားသယောင်ပင်။

သို့သော် သူမ၏ကျင့်ကြံခြင်းအခြေခံက နယ်နယ်ရရမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာထဲတွင် အစွမ်းထက်ပညာရှင်များသာ ဟိုဟိုသည်သည် သွားလာပျံသန်းဝံ့သည်မဟုတ်ပါလော။ သူမထံမှ ထုတ်လွှတ်နေသည့် အခိုးအငွေ့များအရ တာအိုနယ်ပယ်တွင် ဖြစ်လေသည်။

သူမအနောက်တွင်တော့ သူမထက် များစွားအားနည်းပြီး လွန်စွာခယရိုကျိုးနေသော လူငယ်တစ်ယောက်ရှိသည်။ သူသည် စူးလည်းစူးစမ်းချင်၊ ကြောက်လည်းကြောက်နေပုံရသော အမူအရာဖြင့် အာကာပြင်ကျယ်ကို လှမ်းကြည့်တတ်၏။ နောက်ဆုံးတော့ သူ့အမူအရာမှာ စိတ်နှင့်ကိုယ်မကပ်တော့သောအမူအရာ ဖြစ်လာသည်။ ယင်းကို သတိထားမိသောအခါ မိန်းကလေးက သူ့အား ဆူပူကြိမ်းမောင်းတော့သည်။

“ငါပြောထားတာတွေ မမေ့စမ်းနဲ့” သူမက မာမာထန်ထန် ပြောသည်။ “ငါတို့ အဲဒီကိုရောက်ရင် နင် သန်မာတဲ့ပုံစံ ဖမ်းရမယ်ကြားလား။ သေချာပီပြင်အောင်လုပ်။ နင့်အကြောင်းကို ပြောရရင်လည်း အမှားမပါစေနဲ့

“မှတ်ထား နင်က ယွင်မျိုးနွယ်စုရဲ့ ဆက်ခံသူ၊ အာကာပြင်ကျယ်စကြဝဠာရဲ့ ဒီအပိုင်းထဲမှာ အကြီးမြတ်ဆုံးမျိုးနွယ်စုတစ်စု ဖြစ်ခဲ့ဖူးတဲ့ မျိုးနွယ်စု တရားဝင်ဆက်ခံသူပဲ။ မဟာအာကာပြင်ကျယ်ကျောင်းတော်က သူတို့ရဲ့ သန့်ရှင်းသောသမီးတော်အတွက် သမက်လောင်းရှာနေတာ။ သူ နင့်ကို သေချာပေါက် ရွေးလိမ့်မယ်

“သူတို့က အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကတောင် သွားမရှုပ်ရဲတဲ့ အင်အားစုတစ်စုပဲ။ အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်ကို ဦးတည်နေတဲ့ နေရာရွှေ့ပြောင်းမုခ်ဝကို ဘယ်လိုရှာရမလဲဆိုတာကိုလည်း သူတို့သိထားတယ်” မိန်းက‌လေး၏မျက်ဝန်းများသည် မျှော်လင့်ချက်တို့ဖြင့် ရွှန်းလဲ့နေ၏။

လူငယ်က မျက်လွှာချလိုက်သည်။ ထို့နောက် အတော်လေးအားမရစရာကောင်းသော အသံတစ်သံဖြင့် ပြောလေသည်။ “ဒ..ဒါပေမဲ့ ... ယွင်မျိုးနွယ်စုက မျိုးနွယ်စုအသေးလေးတစ်စုလေ။ အရင်တုန်းက ကျော်ကြားခဲ့ပေမယ့် အခုမကျော်ကြားတော့ဘူး မဟုတ်လား... ပြီးတော့ ငါက .. တရားဝင်ဆက်ခံသူလည်း မဟုတ်ဘူး”

“ပိတ်ထားစမ်း” မိန်းကလေးက လူငယ်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း မာန်မဲလိုက်ရာ လူငယ်မှာ ကပျာကယာ ခေါင်းငုံ့သွားသည်။ “အဲဒီတော့ ဘာလုပ်ရမှာလဲ။ ယွင်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အာကာပြင်ကျယ်ကျောင်းတော်နဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့ ကတိပေးထားပြီးသား။ ဘယ်မျိုးဆက်ကပဲဖြစ်ဖြစ်၊ ဘယ်နှစ်ကပဲဖြစ်ဖြစ် ယွင်မျိုးနွယ်စုရဲ့ဆက်ခံသူဟာ အာကာပြင်ကျယ်ကျောင်းတော်က သန့်ရှင်းသောသမီးတော်တစ်ဦးရဲ့ လက်တွဲဖော်ဖြစ်နိုင်လာတယ်။ ယွင်မျိုးနွယ်စုဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက အာဏာဆုတ်ယုတ်လာခဲ့ပြီး အခု သေမျိုးကမ္ဘာမှာပဲ နေထိုင်နေတာကြောင့် အဲဒီကတိကို သူတို့တည်ချင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘာအရေးလဲ ငါ့မှာ ကတိစာချုပ်ရဲ့ပုံတူရှိသလို အနှစ်သာရ ၂ ခုစွမ်းအားကို ကိုင်စွဲစေနိုင်တဲ့ ငါတို့မျိုးနွယ်စုရဲ့ အဖိုးထိုက်ရတနာလည်း ရှိတယ်။ ငါတို့ သေချာပေါက် အောင်မြင်မှာ

“ဒါ့အပြင် အာကာပြင်ကျယ်‌ကျောင်းတော်ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ မပတ်သက်ဘဲ နေမယ်လေ။ ငါတို့ဘယ်သူ့သွားတွေ့သွားတွေ့ သူတို့အနေနဲ့ သိက္ခာအကျခံလို့မဖြစ်ဘူးဆိုတော့ ကတိစာချုပ်ရှိနေသရွေ့ လူတွေဆီက စကားသံတွေထွက်လာအောင် စောင့်နေဖို့ပဲလိုတယ်။ အာကာပြင်ကျယ်ကျောင်းတော်ဟာ အင်အားကြီးပေမယ့် မျက်နှာလည်းအပျက်ခံမှာမဟုတ်ဘူး။ ကတိအတိုင်းမလုပ်ရင်တောင်မှ ငါတို့ကို တစ်နည်းနည်းနဲ့ လျော်ကြေးပေးရလိမ့်မယ်” မိန်းကလေးသည် ပြောရင်းဆိုရင်း ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုနေ၏။ ရုတ်တရက် သူမက အဝေးသို့ လှမ်းကြည့်လိုက်ရာ လွန်းပျံများ၏လမ်းကြောင်းနှင့် သိပ်မလှမ်းသည့် ဖုန်မှုန့်များအတွင်း၌ လွင့်မျောနေသော အလောင်းတစ်လောင်းကို မြင်လိုက်ရသည်။

“ဟင် ‌အကောင်းအတိုင်းရှိနေတဲ့ ရှေးဟောင်းအလောင်းတစ်လောင်းပါလား။ ခွေးတစ်ကောင်တောင် ရှိနေသေးတယ်” ထို့နောက် သူမသည် မန်ဟို့ကို သူမထံ လှမ်းဆွဲလိုက်၏။ သူ့ကို စစ်ဆေးကြည့်ရှုပြီးနောက် သူမ၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။

“မဆိုးဘူး မဆိုးဘူး။ ဒီအလောင်းတွေနဲ့ ကျန်တဲ့ပစ္စည်းတွေနဲ့ဆို ဒီခရီးက အလကားမဖြစ်တော့ဘူးပဲ” သူမသည် ပြုံးရင်း  မန်ဟိုနှင့် သွေးခွေးကြီးကို လွန်းပျံပေါ် သွက်သွက်လက်လက် ပစ်တင်လိုက်ပြီး အာကာပြင်ကျယ်၏ဖုန်မှုန့်များထဲမှ သူမ ရှာဖွေစုဆောင်းခဲ့သော အလောင်းများ၊ ပစ္စည်းများနှင့် ရောသွားစေသည်။ ထို့နောက် သူမသည် လူငယ် ပြစ်တင်ဆူပူရင်း ရှေ့ဆက်သွား၏။

All Chapters