တစ်စုံတစ်ယောက်အား သူဖော်သည့်ဆေး မြည်းခိုင်းကြခြင်း
Vol. 04 Ch. 196
လုံဟန်ဝမ်သည် ထရပ်လိုက်ပြီး အပြုံးဖြင့် ကြိုဆိုလေသည်။
“ကိစ္စမရှိပါဘူး။ တူလေးအိုးရန်နဲ့ ငါလည်း ပြောဆိုဆွေးနွေးတာ ပြီးခါနီးပါပြီ။ နောက်ပြီး အစ်ကိုကျန်းနဲ့ ငါလည်း အတူမသောက်ဖြစ်တာ အတော်ကြာသွားပြီ မဟုတ်လား။ ငါတို့ ညစာ အတူစားကြရင်ရော”
“ပြဿနာမရှိဘူး။ ဒါပေမဲ့ ညစာကို ငါ ကျွေးပါမယ်။ ဒါနဲ့ ဒီစီးပွားရေး ပါရမီရှင်လေးက ကျင်းမန်ကျွန်းရဲ့ အိုးရန်မိသားစုက ဟုတ်လား။ သူရဲကောင်းတွေဆိုတာ ငယ်တဲ့သူတွေဆီက အမြဲ ပေါ်ထွက်တယ်ဆိုတာ အမှန်ပဲ။ လူကိုယ်တိုင် တွေ့ရတော့မှပဲ ကောလာဟလ ကြားရတာထက် ပိုကောင်းနေတာပဲကိုး” ကျန်းဖုန်းရှန့် ပြောလိုက်သည်။
“အာ ... ဦး ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ” အိုးရန်လဲ့ ပြုံးကာ တုံ့ပြန်လိုက်သည်။ ထို့နောက် လုံဟန်ဝမ်ဘက် ချက်ချင်း လှည့်လိုက်ရင်း
“ဦးလေးလုံ ... ဒါက ...”
“သူက ကြယ်တာရာရဲ့ ကြီးမားတဲ့ပုံရိပ်တွေထဲက တစ်ဦးပဲ။ ကြယ်တာရာ ကျန်းမိသားစုဆိုတာ မင်း ကြားဖူးမလားတော့ မသိဘူး။ သူက သူဌေး ကျန်းဖုန်းရှန့်” လုံဟန်ဝမ် ပြန်ဖြေလိုက်သည်။
အိုးရန်လဲ့ ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း
“ကျွန်တော် တွေ့ဖူးချင်နေတာ ကြာပါပြီ။ ခုမှပဲ တွေ့ရတော့တယ်”
စကားစမြည်ပြောကြရင်း လူတိုင်း ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။
ကော်ဖီစားပွဲပေါ်တွင် အိမ်အဆောက်အဦ ဒီဇိုင်း၏မူရင်းပုံအား ကျန်းဖုန်းရှန့်သည် ရှင်းလင်းစွာ မြင်လိုက်ရသည်။ သို့သော်လည်း လုံကျန်ယုသည် ထိုစာရွက်အား အလျင်အမြန်လိပ်လိုက်ကာ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ကျန်းဖုန်းရှန့်သည် တစ်ချက်ပြုံးလိုက်ရင်း
“ညီအစ်ကိုလုံ ... မင်းကို မလေးမစား ပြုမိရာကျပါပြီ။ ငါဒီနေ့ မင်းကို လာတွေ့ရတဲ့အကြောင်းက ဒီဒီဇိုင်းပုံကို ဝယ်ဖို့ပါပဲ။ မင်း ဈေးနှုန်း ပြောပါ”
လုံဟန်ဝမ်၏အမူအရာ ပြောင်းသွားသည်။ သူ၏မျက်နှာထက်မှ အပြုံးသည်လည်း ဒီရေများတိုက်စားလိုက် သကဲ့သို့ မှိန်ဖျော့သွားတော့သည်။ မည်းမှောင်သော အမူအရာဖြင့် အောင့်သက်သက် ပြုံးလိုက်ပြီး
“ညီအစ်ကိုကျန်း ဆိုလိုတာက ငါ့လက်ထဲမှာရှိနေတဲ့ ဒီဒီဇိုင်းပုံစံကိုပေါ့။ ကြည့်ရတာ ငါ့အနားမှာ သူလျှိုတစ်ယောက် ရှိနေပြီထင်တယ်။ ဒီဒီဇိုင်းပုံစံကို ဥပဒေအရ လုပ်ဆောင်ပြီးကတည်းက ငါက ပိုင်ရှင်ဖြစ်သွားပြီမို့ ဒါကို မရောင်းနိုင်ပါဘူး”
“ညီအစ်ကိုလုံ ... ငါ့ကို အထင်လွဲနေပြီ။ တစ်စုံတစ်ယောက်က မင်းရဲ့ ဒီအဆောက်အဦပုံစံ ဒီဇိုင်းကို မိုဘိုင်းဖုန်းနဲ့ ရိုက်ပြီး အင်တာနက်ပေါ်ကနေ ဖြန့်ပြီးပြီ။ အခုဆိုရင် လူတော်တော်များများ ဒီအကြောင်းကို သိနေကြပြီ။ ငါကိုယ်တိုင်တောင် ဒါကို အခွင့်အရေးဆိုပြီး သိလာတာ” ကျန်းဖုန်းရှန့် ပြောလိုက်သည်။
လုံဟန်ဝမ်၏အမူအရာ ပျက်သွားပြီး လေးနက်သောအသံဖြင့် အော်လိုက်လေသည်။
“ကျန့်ယု ... ဒါ ဘယ်လိုဖြစ်တာလဲ”
“ကျွန်တော် မသိဘူးအဖေ။ ဒီဒီဇိုင်းကို ကျွန်တော် သိမ်းပြီးတော့ အဖေနဲ့ အစ်ကိုအိုးရန်ကလွဲပြီး ဘယ်သူ့ကိုမှ မပြဘူးဆိုတာ ကျွန်တော် အာမခံနိုင်တယ်”
လုံကျန်ယုသည် ခေါင်းကို အပြင်းအထန် ခါလိုက်ရင်း ဖြေလိုက်သည်။
“မင်းဘက်က ပေါက်ကြားတာမဟုတ်ရင် ဘယ်သူဖြစ်မလဲ။ ဖြစ်နိုင်တာက ...”
လုံဟန်ဝမ် အသံနက်နက်ဖြင့် မေးလိုက်သည်။
“သူ မဖြစ်နိုင်ပါဘူး။ ဒီဒီဇိုင်းကို ဆွဲပေးတဲ့ ကျွမ်းကျင်သူက နာမည်ကောင်းရှိပြီး ယုံကြည်စိတ်ချ ရပါတယ်။ ဒီလိုဒီဇိုင်း အသေးစိတ်ရဖို့ ကျွန်တော်တို့ကို ၆လအချိန်ယူပြီးတော့တောင် ဆွဲပေးထားတာ” လုံကျန်ယု ဖျစ်ညှစ်ပြုံးကာ ပြောလိုက်သည်။
“ဟား ... ဟား ... ဟား ... ညီအစ်ကိုလုံ ... လူတိုင်းက ယုံကြည်ရတာမဟုတ်ဘူး။ အခုခေတ်မှာ ယုံကြည်စိတ်ချရမှု ဆိုတာ အသုံးမဝင်တော့တဲ့အရာ ဖြစ်နေပြီ။ မင်းက ဒီဒီဇိုင်းရဲ့ ပိုင်ရှင်ဖြစ်နေမှတော့ တစ်ကမ္ဘာလုံးကို ဖြန့်ပြီးရင်တောင်မှ မင်းလက်ထဲက ယူမသွားနိုင်ပါဘူး။ မင်း မရောင်းချင်ဘူး ဆိုပေမဲ့ ဒီစီမံကိန်းကို မင်းကိုယ်တိုင်စချင်တာ ဖြစ်နိုင်ပါ့မလား။ နောက်ပြီး ငါကြားတာက မင်း ဘဏ်တွေရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ သာမက အစိုးရပိုင်းက တာဝန်ရှိ ခေါင်းဆောင်တွေနဲ့တောင်မှ တွေ့ပြီးပြီဆို” ကျန်းဖုန်းရှန့် ရယ်ကာ ပြောလိုက်သည်။
လုံဟန်ဝမ် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
“ဟမ့် ... ကြည့်ရတာ ကမ္ဘာကြီးက အမှန်တကယ်ကို နံရံမရှိဘူးပဲ။ ငါ ဒီလောက် အရာရာကို ဂရုတစိုက် လုပ်နေတာတောင်မှ ရည်မှန်းချက် ကြီးတဲ့သူတွေက ဒါကို သိနေဆဲပဲဆိုတာကို မမျှော်လင့်ထားမိဘူး”
“ညီအစ်ကိုလုံ ... မင်း ငါ့ကို စိတ်ဆိုးဖို့ မလိုပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါဒီနေ့လာတာက နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့အတွက် ကမ်းလှမ်းဖို့ လာတာပါ။ ငါ ဒီဒီဇိုင်းကို မြင်ပြီးကတည်းက ဆောက်လုပ်မယ့် ကုန်ကျစရိတ်ပမာဏ အတော်များလိမ့်မယ် ဆိုတာ ခန့်မှန်းထားပြီးသား။ မီတာရာဂဏန်းအနည်းငယ် မြင့်တဲ့ တချို့အဆောက်အဦတွေကို ထည့်မတွက်ရင်တောင်မှ အတော်ကြီးတဲ့ စီမံကိန်းတွေ ပါတယ်။ ငါ ပြောတာက ငါတို့ ပူးပေါင်းသင့်တယ်” ကျန်းဖုန်းရှန့် အပြုံးနှင့် ပြောလိုက်သည်။
“ အဲဒီတော့ မင်းက ဒီကိတ်မုန့်ကို မျှယူချင်တာလား” လုံဟန်ဝမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ညီအစ်ကိုလုံ ... စီမံကိန်း ဒီလောက်ကြီးတာကြီးကို မင်းတို့လုံမိသားစု တစ်စုတည်း မမျိုချနိုင်ပါဘူးကွာ။ ငါတို့ပါ ပူးပေါင်းလိုက်ရင်တော့ ချောချောမွေ့မွေ့ လည်ပတ်သွားလိမ့်မည်လို့ ငါ ယုံတယ်။ မင်းသိတဲ့အတိုင်း ငါတို့နှစ်ဦးလုံးက ကြယ်တာရာ အိမ်ခြံမြေမှာဆိုရင် အဓိကခေါင်းဆောင် နှစ်ဦးပဲ မဟုတ်လား။ ငါတို့တစ်ကြိမ် ပူးပေါင်းလိုက်တာနဲ့ အကျိုးအမြတ်တွေ အများကြီး ရလာလိမ့်မယ်” ကျန်းဖုန်းရှန့်သည် ယုတ္တိကျကျ ပြောဆိုလာခဲ့သည်။
“မင်းပြောတာ မှန်ပါတယ်။ လုံမိသားစုအနေနဲ့ ဒီလိုကိတ်မုန့်ကြီးကို တစ်ဦးတည်းလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါလည်း သိပါတယ်” လုံဟန်ဝမ် ခြောက်သွေ့သော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ကျန်းဖုန်းရှန့်သည် လက်ကို ဝှေ့ယမ်းလိုက်ရင်း လုံဟန်ဝမ်၏စကားအား ဖြတ်လိုက်ကာ လေးနက်သော အသံဖြင့်
“ညီအစ်ကိုလုံ ... အချိန်က ငွေပဲဗျ။ စီမံကိန်း စောစောပြီးလေ ရင်းနှီးမြှုပ်နှံထားတာ အတွက် မြန်မြန် ပြန်ရလေပဲ။ အိုးရန်မိသားစု ဒီစီမံကိန်းထဲမှာ ပူးပေါင်းတာ ငါ့အတွက် ပြဿနာ မရှိပါဘူး။ ဒီစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ ငါတို့၃ဦး သဘောတူညီမှု စာချုပ်မှာ လက်မှတ်ရေးထိုးနိုင် သေးတယ်လေ။ ကံကောင်းထောက်မလို့ လတ်တလောမှာ ငါ့ရဲ့ကျန်းဂရုက အိမ်ခြံမြေအများကြီး ရောင်းထားပြီးထားလို့ ရင်းနှီးထားတာတွေ အများကြီး ပြန်ရထားတယ်။ အဲဒါကြောင့် ၁၂ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် ပြဿနာတစ်ခု မဟုတ်တော့ဘူး”
လုံဟန်ဝမ်သည် မျက်မှောင်ကြုတ် သွားရပြီး အိုးရန်လဲ့အား ကြည့်လိုက်သောကြောင့် အိုးရန်လဲ့သည် တစ်ချက် စဉ်းစားလိုက်ပြီး ဖြည်းညင်းစွာ ပြောလာခဲ့သည်။
“ကျန်းမိသားစုမှာ ရင်းနှီးမြှုပ်နှံမှုငွေကြေး အလုံအလောက်ရှိလို့ ပါဝင်မယ်ဆိုရင် ကျွန်တော်တို့ အိုးရန်မိသားစုကလည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိတယ်။ ကျွန်တော်တို့ ဒီစီမံကိန်းကို အချိန်တိုအတွင်း စရမယ်။ ဒါ့အပြင် ကျွန်တော်တို့ ၃ဦး ပူးပေါင်းမှုအတွက် အများဆုံး လုပ်ဆောင်ရသူ တစ်ယောက်ကို စီမံကိန်းရဲ့ ခေါင်းဆောင်နေရာ ဖြစ်စေချင်တယ်”
“ဒါ ...” လုံကျန်ဝမ်နှင့် ကျန်းဖုန်းရှန့်တို့ ချီတုံချတုံဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
“ကျွန်တော်တို့ မိသားစုက ၅ဘီလီယံ မြှုပ်နှံလိမ့်မယ် ... အဲဒါကို ကျွန်တော်နဲ့ တစ်ပါတည်း ယူလာခဲ့တာမို့ အချိန်မရွေး ဒီစီမံကိန်းထဲ ထည့်ဝင်နိုင်တယ်။ ဦးလေးတို့နှစ်ယောက်က ကြယ်တာရာက ဒေသခံစီးပွားရေးသမား ၂ယောက်ဖြစ်တာကြောင့် ဒီပူးပေါင်းမှုမှာ ကျွန်တော့်အတွက် ကြိုတင်ကာကွယ်မှုတော့ လိုမယ်။ ဒါကြောင့်မို့ ကျွန်တော် အကြံပြုလိုတာက ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ပြီး သဘောတူညီမှု လက်မှတ်ထိုးပြီးရင် စီမံကိန်း မပြီးမချင်း မည်သူမှ ထည့်ဝင်ငွေတွေ ပြန်ထုတ်ခွင့်မရှိဘူး ဆိုတာကိုပါ။ အဲဒီဟာက အစီအစဉ် အကောင်အထည်ဖော်မှု တစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိတာမို့ ကျွန်တော်အနေနဲ့ ကတော့ အဲဒီလို အခြေအနေမျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်”
အိုးရန်လဲ့ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“ငါ့တူ ဆိုလိုတာက ငါတို့၃ဦးစလုံးဆီက ဝန်ထမ်းတွေကို စီမံခန့်ခွဲမှု အသင်းတစ်ခုအဖြစ် ဖွဲ့စည်းကြမယ်ဆိုတဲ့ သဘောပေါ့။ သဘောပေါက်ပြီ။ ဒီဟာက ကျိုးကြောင်း ဆီလျော်ပါတယ် ဒါပေမဲ့ အသင်းတစ်ခုမှာ ခေါင်းဆောင်မရှိရင် စီမံကိန်းကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိနိုင်တယ်” လုံဟန်ဝမ် အံ့အားသင့်စွာ ပြောလိုက်သည်။
ကျန်းဖုန်းရှန့်သည်လည်း ထိုအခြင်းအရာ၏ နောက်ကွယ်မှ ဆိုလိုရင်းကို နားလည် သဘောပေါက်သောကြောင့် ခေါင်းကို ညိတ်လိုက်ကာ
“တူတော်မောင် အိုးရန်က အိမ်ခြံမြေစီးပွားရေးကို မလုပ်ဖူးဘူး မဟုတ်လား။ စီမံခန့်ခွဲမှု အသင်းတစ်ခုမှာ သုံးဦးစလုံးရဲ့လူတွေ ပါဝင်နေရင် အတော် ပြဿနာများမယ့် အခြေအနေပဲ ... အထူးသဖြင့် စီမံကိန်းစတဲ့ အခါနဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါကျရင် လူတိုင်းက ကိုယ့်စိတ်ကူး ကိုယ့်ထင်မြင်ချက်ကို တင်ပြကြပြီး တစ်ယောက်နဲ့တစ်ယောက် သဘောတူညီကြတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါ အကြံပေးချင်တာက ဒီစီမံကိန်းအတွက် တာဝန်ယူပေးဖို့ စီအီးအိုတစ်ယောက်ကို ရွေးချယ်သင့်တယ်”
အိုးရန်လဲ့သည် အချိန်ကြာမြင့်စွာ တွေးတောနေရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဦးလေးတို့ ... စီအီးအိုတစ်ယောက် ခန့်မယ်ဆိုရင် ရှာဖို့ ကျွန်တော့်မှာ တစ်ယောက်ရှိတယ်။ ဦးလေးတို့ စိတ်ချနိုင်ဖို့အတွက် ကျွန်တော် အိုးရန်မိသားစုကလူကို သုံးမှာတော့ မဟုတ်ဘူး။ အဲဒီအတွက် နာမည်ဂုဏ်သတင်း မြင့်မားပြီး အရမ်းတော်တဲ့ သူတစ်ယောက်ရှိတယ်။ ကျွန်တော့်တောင်းဆိုချက်ကို လိုက်လျောရင် ကျွန်တော်တို့ လက်ဝါးချင်း ရိုက်ကြတာပေါ့။ သဘောမတူရင်တော့ အိုးရန်မိသားစုက ဒီပူးပေါင်းမှုကနေ ပြန်ဆုတ်မယ်”
လုံဟန်ဝမ်သည် ကျန်းဖုန်းရှန့်အား ကြည့်လိုက်ပြီးနောက် လေးနက်သောအသံဖြင့်
“ငါ ဒီအခြေအနေကို သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်။ ဝန်ထမ်းတွေကို ငါ့ရဲ့ထင်မြင်ချက် ပြောပြနိုင်ခွင့်ရှိရမယ်။ မင်းငှားထားတဲ့ သူက အရည်အချင်း မပြည့်မီရင် မင်းရဲ့ဝန်ထမ်းကို ထုတ်ပယ်ခွင့်ရှိရမယ်”
“ငါလည်း ဒီစည်းမျဉ်းတွေကို သဘောတူတယ်” ကျန်းဖုန်းရှန့် အမြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ဒီသူငယ်ချင်းကိုတော့ ဦးလေးတို့ ကြားဖူးမယ်လို့ ယုံကြည်ပါတယ်။ ခန်းရှပါ။ မနက်ဖြန် မနက်စောစော မြို့တော်ကို သွားပြီး သူမကိုဖိတ်လာခဲ့မယ်။ ဘယ်လို သဘောရလဲ”
အိုးရန်လဲ့ ဖြည်းညင်းစွာ ပြောလိုက်သည်။
ခန်းရှလား။
လုံဟန်ဝမ်နှင့် ကျန်းဖုန်းရှန်းတို့၏မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး သူတို့၏မျက်ဝန်းများထဲတွင် သနားသည့် အရိပ်အယောင်ပင် ဖြစ်နေသည်။
ဘေးတွင် ရှိနေသော ကျန်းသဲကျင်သည် ထိုနာမည်အား ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာတွင် ကြားဖူးခဲ့မှန်း စဉ်းစားမရပါချေ။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် လေသံနှိမ့်ကာ မေးလိုက်သည်။
“အဖေ ... ခန်းရှက ဘယ်သူလဲ။ သူမက တအား ကျော်ကြားတာလား”
“ကျော်ကြားတာလား။ ဒီနာမည်က စီးပွားရေးလောကကို ကိုင်လှုပ်ထားတာ။ သမီးက မိသားစုထဲက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာ မရောက်သေးတော့ ကမ္ဘာ့ထိပ်သီး ရွှေတံဆိပ်ရထားတဲ့ ရာထူးကြီးသမားတွေကို အများကြီးသိမှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုတော့ရှိတယ်” ကျန်းဖုန်းရှန့်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘာကြောင့် စိတ်မကောင်းစရာ ရှိတာလဲ” ကျန်းသဲကျင်သည် ဇဝေဇဝါ ဖြစ်သွားရသည်။
“စိတ်မကောင်းစရာက ခန်းရှက အခြားလုပ်ငန်းစုကြီးတွေမှာ စီအီးအို တစ်ယောက်အဖြစ် ဆက်မလုပ်ချင်တော့ပဲ သူမကိုယ်ပိုင် ကုမ္ပဏီကို ကိုယ်တိုင် တည်ထောင်ခဲ့တယ်။ သူမက ငါတို့ကြယ်တာရာကို အခြေစိုက် အဖြစ်တောင် ရွေးခဲ့တာ။ ခမ်းနားသော ထန်လုပ်ငန်းစုဆိုတာ သမီး မကြားဖူးဘူးလား။ ဒီလုပ်ငန်းစုကို လတ်တလော ကြယ်တာရာမှ တည်ထောင်လိုက်ပြီး ခန်းရှက သေချာပေါက် အဲဒီလုပ်ငန်းစုရဲ့ စီအီးအိုပဲ”
ကျန်းဖုန်းရှန့် ပြန်ဖြေရင်း မချိပြုံးပြုံးလိုက်သည်။
ကျန်းသဲကျင်သည် ခန်းရှ၏အမည်အား မည်သည့်အချိန်တွင် ကြားခဲ့ပြီး မည်သည့် အကြောင်းကြောင့် အတော်ရင်းနှီး နေသည်ဟု သူမ ခံစားနေရသည်ကို ရုတ်ခြည်းပင် နားလည်သွားတော့သည်။ ထိုရည်ညွှန်း ပြောဆိုနေသောသူသည် အသစ်ဖွဲ့စည်းလိုက်သော လုပ်ငန်းစု၏ စီအီးအိုတစ်ယောက် ဖြစ်တော့သည်။ လတ်တလော ဘဏ္ဍာရေးနှင့် စီးပွားရေး မဂ္ဂဇင်းများတွင် သူမ၏အင်တာဗျူးအား မကြာခဏ ဖော်ပြသည်ကိုလည်း သတိရသွားတော့သည်။
သားအဖနှစ်ယောက် ပြောနေကြသော စကားများအား ကြားလိုက်ရသည့် အိုးရန်လဲ့သည် အံ့အားသင့် သွားရပြီး
“ခန်းရှက ကြယ်တာရာမှာ နေပြီး ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်တယ်လို့ ပြောလိုက်တာလား”
“ဟုတ်တယ်။ ခမ်းနားသော ထန်စီးပွားရေး လုပ်ငန်းစုလို့ ခေါ်တယ်” ကျန်းဖုန်းရှန့်သည် ခေါင်းညိတ်ရင်း ပြောပြလိုက်သည်။
အိုးရန်လဲ့သည် သူ၏ဖုန်းအား ထုတ်ကာ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။ ဖုန်းအဆက်အသွယ် ရသွားသည်နှင့် သူ အလျင်စလို ပြောလိုက်သည်။
“ခန်းရှရေ ... ငါ အိုးရန်လဲ့ပါ။ နင် ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်တယ်လို့ ကြားလို့ အဲဒါဟုတ်လား”
“အာ ... သူငယ်ချင်းဟောင်းလေး ... နင် သတင်းတွေ နောက်ကျနေတာလား။ ငါ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီးပြီ။ ဒါပေမယ့် အခု ပုံစံကျအောင် လုပ်ပြီးရုံပဲ ရှိပါသေးတယ်။ လမ်းကြောင်းမှန်ရောက်ဖို့ အချိန်အတော် ပေးရဦးမယ်ဟ။ ဒါနဲ့ နင် တစ်ခုခု လိုအပ်တာ ရှိလို့လား”
ခန်းရှ၏ရွှင်ပျသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“သောက်ကျိုးနည်းကို ငါ သတင်းတွေ နောက်ကျလွန်း နေပါလားဟ။ နင် အခု ဘယ်မှာလဲ။ မြို့တော်မှာလား။ ကြယ်တာရာမှာလား” အိုးရန်လဲ့ မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“ကြယ်တာရာမှာ”
“ဟေး ... ငါလည်း ကြယ်တာရာမှာ။ ငါတို့တွေ့ဖို့ အချိန်ရလား”
“နင်လည်း ကြယ်တာရာမှာပဲလား။ ဘာလို့မတွေ့ရမှာလဲ။ ငါတို့က သူငယ်ချင်းတွေပဲဟာ။ မတွေ့တာ တစ်နှစ်နီးပါး ရှိရော့မယ် ဟုတ်တယ်မလား။ အခု နင် ဘယ်မှာလဲ။ ငါ အခုပဲ နင့်ဆီ လာခဲ့မယ်လေ”
“လုံစားသောက်ခန်းမမှာ ...”
“အာ ... ကမ္ဘာကြီးက တကယ်ကို သေးတာပဲ။ နင်လည်း အဲဒီကို ရောက်နေတာလား။ နင့်အခန်းနံပါတ် ပြော။ မကြာခင် ငါ ရောက်လာမယ်”
“အေးပါကွာ ...”
အိုးရန်လဲ့သည် ဖုန်းချလိုက်သည်။ သူသည် မချိပြုံး ပြုံးလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်နေတော့သည်။
“သူမ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်လိုက်တယ်ဆိုတာ တကယ်ကို မမျှော်လင့်ထားမိဘူး။ တချို့ပြဿနာလေးတွေမှာ ခန်းရှကို အကူအညီပေးရင်း ကျွန်တော်တို့ အမေရိကန်မှာ ၇နှစ် ၈နှစ်လောက် ဆုံခဲ့ကြတာ။ တစ်ချိန်ကျ အဲဒါအတွက် မျက်နှာသာ ပြန်ပေးမယ်ဆိုပြီး သူ ပြောခဲ့ဖူးတယ်။ အရိုးသားဆုံး ပြောရရင် အဲဒီမျက်နှာသာပေးမှာကို ကျွန်တော်သုံးပြီး သူမကို ဒီစီမံကိန်းမှာ စီအီးအိုအဖြစ် ထားချင်တာ။ ကြည့်ရတာ မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါတယ်”
လုံဟန်ဝမ်၏အမူအရာသည် လှုပ်ရှားသွားပြီး
“ခန်းရှက မင်းကို တွေ့ချင်သေးတယ် ဆိုမှတော့ မဆိုးဘူးလို့ ငါထင်တယ်။ ငါသိရသလောက် ခမ်းနားသောထန် လုပ်ငန်းစုက ပုံစံတကျ ဖြစ်နေပြီ။ သူတို့က အလှကုန်စီးပွားရေးကို လုပ်မှာဆိုတော့ အဲဒါအတွက် ထုတ်လုပ်မှုလိုင်းက ကောင်းကောင်းမပြီးသေးဘူး။ အဲဒါကြောင့် ဘယ်အချိန် ထုတ်လုပ်နိုင်မလဲဆိုတာ မသိရသေးဘူး။ တစ်ဖက်မှ ကြည့်မယ်ဆိုရင် ငါတို့စီမံကိန်းရဲ့ ကနဦးအဆင့်က စတင်ပြီးခဲ့ပြီဆိုတော့ သူမကို ဒီစီမံကိန်းကို ကြီးကြပ်ပေးဖို့ ဆွဲခေါ်လို့ ရနိုင်လောက်သေးတယ်။ နောက်ပြီး သူမကိုယ်တိုင်က ကြယ်တာရာမှာ နေတာဆိုတော့ အတော်အဆင်ပြေလိမ့်မယ်”
“ခန်းရှ ငါတို့နဲ့ အလုပ်အတူလုပ်ဖို့ သဘောတူလေမလားလို့ ငါ သိချင်မိတယ်။ သူမရဲ့အကျင့်စရိုက် အကြောင်း တချို့သတင်းတွေ ငါ ကြားဖူးထားတယ်”
ကျန်းဖုန်းရှန့်သည် အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ရင်း ပြောလိုက်တော့သည်။
***