မတန်တဆ တောင်းဆိုချက်များ
Vol. 04 Ch. 197
သူ၏စိတ်လှုပ်ရှားမှုအား ကြိုးစားထိန်းချုပ်ကာ လုံဟန်ဝမ်သည် အိုးရန်လဲ့အား ညွှန်ပြလိုက်ရင်း
“ မင်း မကြားလိုက်ဘူးလား။ ခန်းရှက သူ့ကို မျက်နှာပေးဖို့ ရှိနေတယ်ဆိုတာလေ။ သူသာ တောင်းဆိုမယ်ဆိုရင် ခန်းရှ ငြင်းမယ်လို့ မင်း ထင်လား။ ခမ်းနားသော ထန် လုပ်ငန်းစုရဲ့ စီးပွားရေးဆိုတာ ပြောရမယ်ဆိုရင် ပါမွှားလေးပါကွာ။ ရင်းနှီးမြှုပ်နှံမှုကလည်း ပြောပလောက်အောင် မရှိလောက်သေးပါဘူး။ ငါတို့သာ သူမကို ဆွဲခေါ်နိုင်ရင် ခန်းရှက စီအီးအို ဖြစ်လိုစိတ်ရှိလာလိမ့်မယ်လို့ ငါ ယုံတယ်။”
“ခန်းရှက ကတိတည်တဲ့သူတစ်ယောက်မို့ ကျွန်တော်သာ တောင်းဆိုမယ်ဆိုရင် သူမ သေချာပေါက် လိုက်လျောလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ဖြစ်နိုင်တာက သူမကို လခတော့ အတော် ပေးရလိမ့်မယ်ထင်တယ်။” အိုးရန်လဲ့ ပြောလိုက်သည်။
“လခ ဟုတ်လား။။ လေးစားမှုနဲ့ကို သူမ ဘယ်လောက်တောင်းဆိုမလဲဆိုတာ ငါ အမှန်တကယ် သိချင်စမ်းပါဘိ။ သူမက ဘယ်သူလဲ။ သူမသာ စီအီးအိုဖြစ်လာရင် ငါတို့ သူမအပေါ် မှီခိုပြီး ဝင်ငွေဘယ်လောက်ရနိုင်လဲဆိုတာ ငါတို့အားလုံးလည်း သိနေကြတာပဲ။”
စားပွဲခုံကို ပုတ်ကာ လုံဟန်ဝမ် ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုခဏတွင် ကျန်းဖုန်းရှန့်သည်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ နိုင်ငံတွင်းရှိ အဓိကလုပ်ငန်းစုကြီးများမှ ခန်းရှအား ငှားရမ်းရန် ကြိုးစားရာတွင် သူမ၏ငြင်းဆန်မှုသာ ရခဲ့ကြသည်ကို သူလည်း သိသည်။ ယခုမူ သူမသည် အိုးရန်လဲ့အပေါ်တွင် အကြွေးတင်နေသောကြောင့် အိုးရန်လဲ့သာ ဖိတ်ခေါ်ပါက အမှန်တကယ် သူမအား ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် အိတ်ကလေးဖွင့်ထားရန်သာ လိုအပ်ပြီး ငွေကြေးသည် သူ့အလိုအလျောက် ဝင်ရောက်လာတော့မည်ဟူသည့် ဆိုလိုရင်းပင် ဖြစ်တော့သည်။
“သူမ လိုအပ်တာမှန်သမျှ ငါတို့ လိုက်လျောရမယ်။” ကျန်းဖုန်းရှန့် လေးနက်စွာ ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာသောအခါ..
သီးသန့်ခန်း၏တံခါးခေါင်းလောင်း မြည်လာခဲ့သောကြောင့် လုံကျန်ယု တံခါးထဖွင့်ပေးလိုက်ပြီး ခန်းရှအား အထဲဝင်ရန် အလျင်အမြန်နှင့် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
“အိုး… ဒီမှာ စည်ကားနေပါလား။ ကျွန်မ အလည်လာတာ လူတိုင်းကို အနှောင့်အယှက် မဖြစ်ပါဘူးနော်။” ခန်းရှသည် အခန်းတွင်းရှိ လူတိုင်းအား လိုက်ကြည့်လိုက်ပြီး အိုးရန်လဲ့အား နွေးထွေးစွာ ပြုံးလျက် မေးလိုက်သည်။
အိုးရန်လဲ့သည် ပြုံးကာ မတ်တတ်ရပ်လိုက်ရင်း ခန်းရှအား ညင်သာစွာ ဖက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ဖက်ထားသည်အား ဖြေလျော့ပေးလိုက်ပြီး
“မဖြစ်ပါဘူး..မဖြစ်ပါဘူး။ ငါတို့က နင့်အကြောင်း ပြောနေကြတာ။ ဒါနဲ့ နင်ကိုယ်ပိုင်လုပ်ငန်း ထောင်လိုက်တာ သူငယ်ချင်းဟောင်းတွေ ဖြစ်ရက်နဲ့ ငါ့ကို မပြောပြဘူးနော်။ နင် ငါ့ကို အထင်သေးတာတော့ မဟုတ်ဘူးမလား။”
“ဘယ်လို။ နင်က ကျင်းမန်ကျွန်းမှာလေ ကြယ်တာရာမှ မဟုတ်တာ။ ကျင်းမန်ကျွန်းကနေ နင်လာတာကို စောင့်နေသလိုမျိုး မဟုတ်ဘူးလား။ ဒါနဲ့ နင်က ကြယ်တာရာမှာ ဘာကြောင့်ရှိနေတာလဲ။ အရေးကြီးတဲ့ စီးပွားရေးရာ ရှိလို့လား။”
ခန်းရှ ပြုံးကာ မေးလိုက်သည်။
“ငါ့မိသားစုရဲ့လူကြီးလူကောင်း အဖိုးကြီးက အိုးရန်တွေအတွက် စီးပွားရေးအသစ်တွေ ဖွင့်ဖို့ ပြောလာတယ်။ နောက်လုပ်မယ့် စီမံကိန်းမှာ အကျိုးအမြတ်အများကြီး ယူဆောင်ပေးနိုင်ခဲ့ရင် မိသားစုခေါင်းဆောင်နေရာ ငါ့ဟာပဲလို့ သူက ကတိပေးတယ်။ နင် ဘယ်လိုထင်လဲ။ ငါ မကောင်းဘူးလား။” အိုးရန်လဲ့ ပြုံးကာ မေးလိုက်သည်။
“အာ…အနားမှာ တခြားသူတွေ ရှိနေတာတောင်မှ ဒါမျိုးတွေ နင်က ကြွားချင်နေသေးတယ်။” ခန်းရှ ကြိမ်းမောင်းဟန် ပြုလိုက်သည်။
သူမ၏မှတ်ချက်စကားအား လစ်လျူရှုကာ အိုးရန်လဲ့ လက်ကို ဝှေ့ယမ်းလိုက်ရင်း
“ဒါ အဆင်ပြေပါတယ်။ သူတို့က သူစိမ်းတွေမှ မဟုတ်ပဲ။ သူငယ်ချင်းဟောင်းလေးရေ.. ငါတို့ အရင် ယူအက်စ်မှာ ရှိတုန်းက နင် ငါ့ကို အကြွေးပြန်ဆပ်မယ်လို့ ပြောခဲ့တာလေ။ အခု အချိန်ကျနေပြီလို့။”
ခန်းရှသည် တစ်ခဏမျှ သတိလက်လွတ်ဖြစ်သွားပြီးနောက် သူမ၏အမူအရာသည် ချက်ချင်းပင် အလေးအနက်ပုံစံဖြင့် ဖြစ်သွားရကာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“ကြင်နာမှုတစ်ခုစီတိုင်းအတွက် ပေးဆပ်ရမယ်။ ပေးဆပ်သင့်တယ်။ နင်သာမရှိရင် ငါ အဲ့ဒီကားမတော်တဆမှုထဲမှာ သေခဲ့တာကြာပါပြီ။ အဲ့ဒါကြောင့် ပြောပါ။ နင် ငါ့ကို ဘာလုပ်စေချင်တာလဲ။”
“ငါ နင့်ကို အလိုရှိတယ်။” အိုးရန်လဲ့ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ခန်းရှ၏မျက်နှာ နီရဲသွားပြီး ကြိမ်းမောင်းသည့်ဟန်ဖြင့်
“သေလိုက်ပါလား။ ပေါက်ကရတွေ ပြောမနေနဲ့တော့။”
အိုးရန်လဲ့သည် အလေးအနက်ပုံစံ ဖမ်းလိုက်ကာ
“တကယ် ပြောတာပါဟ။ ငါ နင့်ကို တကယ် လိုချင်တာပါ။ ဦးလေးလုံ၊ ဦးလေးကျန်းနဲ့ ငါ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုအတွက် အကျိုးတူ ပူးပေါင်းလိုက်ကြလို့ ငါ နင့်ကို ငါတို့ဆီမှာ စီမံခန့်ခွဲပေးစေချင်တာ။”
ခန်းရှ မျက်မှောင်ကြုပ်သွားရသည်။ သူမသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မချိပြုံး ပြုံးကာ
“သူငယ်ချင်းဟောင်း.. နင်သာ ရှေ့လအနည်းငယ်လောက်ကသာ ပြောခဲ့ရင် တွန့်ဆုတ်ခြင်းမရှိဘဲ ငါ သဘောတူမိမှာပါ။ ဒါပေမယ့် အခု…”
“အကြီးအကဲ ခန်း.. ငါ သိသလောက်ဆိုရင် မင်းရဲ့ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုက အလှကုန်လုပ်ငန်းမဟုတ်လား။ ကိုယ်ပိုင်စက်ရုံ ဝယ်ထားပြီးပြီဆိုပေမယ့် မင်းရဲ့ထုတ်ကုန်တွေက ဈေးကွက်ကို ထိုးဖောက်ဖို့ နည်းဦးမှာပါ။ ဒီအချိန်မှာတော့ အကြီးအကဲခန်း အလုပ်သိပ်မရှုပ်လောက်သေးဘူးလို့ ငါ ထင်တယ်။ နောက်ပြီး မင်းရဲ့လုပ်ငန်းစုက ဒီစီမံကိန်းကို ပူးပေါင်းချင်တယ်ဆိုရင်လည်း ငါတို့၄ယောက် ပူးပေါင်းနိုင်ပါတယ်။ ငါတို့ ရင်းနှီးမြှုပ်နှံမှုငွေ အများကြီး ထည့်ဝင်ထားတာမို့ အကျိုးအမြတ်လည်း အလွန်မြင့်မားမယ်ဆိုတာ ငါ သေချာ ပြောနိုင်ပါတယ်။ မင်း စိတ်ဝင်စားပါသလား။”
လုံဟန်ဝမ် အလျင်စလို ဝင်ပြောလိုက်သည်။
“စိတ်မဝင်စားပါဘူး။” ခန်းရှ ခေါင်းယမ်းပြလိုက်သည်။
“အာ..”
လုံဟန်ဝမ် မချိပြုံး ပြုံးလိုက်ရင်း သူ၏နှာခေါင်းအား ထိနေမိသည်။ သို့သော် ခန်းရှ အာရုံမစိုက်မိသောခဏတွင် သူသည် ကျန်းဖုန်းရှန့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ကျန်းဖုန်းရှန့်သည် ခေါင်းညိတ်လိုက်ကာ သူ၏အမူအရာအား ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြုံးပြလိုက်ရင်း
“အကြီးအကဲ ခန်း… အစွမ်းအစရှိတဲ့သူတွေက အလုပ်များစွာကို လုပ်နိုင်ကြပါတယ်။ ငါတို့အားလုံးက စီးပွားရေးသမားတွေ ဖြစ်ပြီးတော့ ပိုကောင်းတဲ့ အကျိုးအမြတ်ကို ပိုပြီး ရှာဖွေကြတာ သဘာဝလိုပါပဲ။ ငါတို့ စီမံကိန်းအကြောင်း မင်း သိသွားရင် စိတ်ဝင်စားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ နောက်ပြီး ငါတို့ကလည်း မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ပါဘူး။”
“ဘာစီမံကိန်းမို့လဲ။” ခန်းရှ သိချင်စိတ်ပြင်းပြသွားရသည်။
၁၀မိနစ်ကြာပြီးနောက်…
တင်ပြမှုများမှတဆင့် ခန်းရှသည် စီမံကိန်းတစ်ခုလုံး၏အကြောင်းအရာ အသေးစိတ်အား သိသွားခဲ့ပြီး သူမ၏မျက်လုံးများ အရောင်လက်လာသော်လည်း သူမ၏မျက်နှာလှလှလေးထက်တွင် ဝေခွဲရခက်ဟန်အမူအရာ ပေါ်လာခဲ့သည်။
ထိုအချင်းအရာကို ကြည့်ကာ ကျန်းဖုန်းရှန့်သည် ချက်ချင်းပင်
“အကြီးအကဲခန်း… အခုဆိုရင် အစီအစဉ်တစ်ခုလုံးကို သိသွားပြီဆိုတော့ စီးပွားရေးအမြင်ရှိတဲ့ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ဒီစီမံကိန်းကနေ ရလာမယ့် အကျိုးအမြတ် ဘယ်လောက်ကြီးတယ်ဆိုတာ မြင်နိုင်လောက်မှာပါ။ အဲ့ဒါကြောင့် ဘာဆုံးဖြတ်မလဲ။ ငါတို့နဲ့ ပူးပေါင်းလိုစိတ် ရှိပါသလား။”
ခန်းရှ၏မျက်နှာလှလှလေးထက်တွင် ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်ပေါ်သွားရသည်။ အချိန်အကြာကြီး ရှိသွားပြီးသည့်နောက် သူမသည် ခေါင်းကိုသာ ယမ်းလိုက်ရင်း ခါးသီးသောအသံဖြင့်
“အမှန်အတိုင်း ပြောရရင် ကျွန်မကို စိတ်ဝင်စားစေတဲ့ စီမံကိန်းမျိုးက နည်းနည်းလောက်ပဲရှိမယ်။ ဒီစီမံကိန်းက ကျွန်မကို ဆွဲဆောင်နိုင်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ ဒီစီမံကိန်းကြီးမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တောင် အများဆုံးမှ မီလီယံ ရာအနည်းငယ်လောက်ပဲ ရင်းနှီးနိုင်မယ်။”
လုံဟန်ဝမ် အမြန်မေးလိုက်သည်။
“အကြီးအကဲခန်း… မင်း ဘယ်လောက် ထည့်ဝင်နိုင်မလဲ။”
ခန်းရှသည် တစ်ချက် စဉ်းစားလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်ကာ
“ကျွန်မရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုက သတ်သတ်ဖယ်ထားတဲ့ ငွေထဲက ၂၀၀မီလီယံလောက်ပဲ အများဆုံး ထည့်နိုင်မှာ။”
“မင်း ၂၀၀မီလီယံ ထည့်ဝင်နိုင်ပြီး ငါတို့စီမံကိန်းရဲ့ စီအီးအိုအဖြစ် ဆောင်ရွက်ပေးရင် ရှယ်ယာ ၁၀% ပေးမယ်လို့ ကတိပေးတယ်။ ဘယ်လိုသဘောရလဲ။” လုံဟန်ဝမ်သည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရှယ်ယာ ၁၀%တောင် ပေးမှာလား…
ကျန်းဖုန်းရှန့် ကြက်သေ သေသွားကာ အံ့အားသင့်သော အကြည့်တစ်ချက် ပေါ်ထွက်လာသည်။ လုံဟန်ဝမ်သည် သဘောထားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ အိုးရန်လဲ့၏၅ဘီလီယံနှင့်အတူ သူနှင့်လုံဟန်ဝမ်တို့၏ ထည့်ဝင်ငွေသည်လည်း ထိုထက် နည်းမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့အားလုံး၏ စုစုပေါင်းထည့်ဝင်ငွေသည် ၁၅ဘီလီယံ ဖြစ်မည်ဆိုပါက ၁၀%သည် ၁.၅ဘီလီယံနှင့် ညီပေသည်။
“ငါ ပြောနေတာက အမြတ်ရှယ်ယာကို ပြောနေတာပါ။” လုံဟန်ဝမ် ဖြည့်စွက်ပြောလိုက်သည်။
ထို့အခါတွင် ကျန်းဖုန်းရှန့် စိတ်အေးသွားရသည်။ ထို၁၀%သည် အသားတင်အမြတ်မှ ရှယ်ယာသာ ဖြစ်ပါလျှင် သူ ကန့်ကွက်စရာမရှိပေ။
အိုးရန်လဲ့သည် ခန်းရှအား စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး
“သူငယ်ချင်းလေး… လုပ်လိုက်ပါဟာ။ ဒီနေရာကို နင်ကလွဲပြီး နိုင်ငံထဲမှာ ဘယ်သူမှ ထိုက်တန်မှာ မဟုတ်ဘူး။”
ခန်းရှသည် ချက်ချင်း မဖြေသေးဘဲ မိနစ်အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီးမှ
“ဒီစီမံကိန်းအတွက် ရင်းနှီးငွေ ဘယ်လောက် ထည့်ထားလဲ။”
“ဘဏ်တွေကနေ ချေးထားတဲ့ ပိုက်ဆံတွေအပါ ငါ့ဆီက ရှစ်ဘီလီယံလာမယ်။” လုံဟန်ဝမ် ပြောလိုက်သည်။
“ငါက ၅ဘီလီယံ ထည့်နိုင်တယ်။” အိုးရန်လဲ့ ပြောလိုက်သည်။
ခန်းရှသည် ကျန်းဖုန်းရှန့်အား လှည့်ကြည့်လိုက်သည်။
ကျန်းဖုန်းရှန့်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာဖြင့်
“ငါလည်း ၅ဘီလီယံ ထည့်နိုင်ပါတယ်။ နောက်ပိုင်း စီမံကိန်းအဆင့်တွေမှာ ငွေလိုသေးတယ်ဆိုရင် အဲ့ဒီအတွက် ငါ့မှာ ပြသနာ မရှိဘူး။”
ခန်းရှ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူမ စဉ်းစားလိုက်ပြီးနောက် လေးနက်သောဟန်ဖြင့်
“ကျွန်မ ၁၅% လိုချင်တယ်။ ရှင်တို့ သဘောတူရင် ကျွန်မ ပူးပေါင်းမယ်။ မတူရင်တော့ ဒီနေ့ဆွေးနွေးတာ ဘာမှ မရှိဘူးလို့ပဲ သဘောထားလိုက်ကြတာပေါ့။”
၁၅%လိုချင်တာတဲ့လား…။
လုံဟန်ဝမ်နှင့် ကျန်းဖုန်းရှန့် အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ကြပြီး ချက်ချင်းပင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ အိုးရန်လဲ့သည်လည်း ခေါင်းညိတ်လိုက်ပြီး ထိုအရာပေါ်တွင် ကန့်ကွက်ခြင်း မရှိပေ။
ညနက်နက် တောင်တံခါးအိမ်ရာဝင်းထဲတွင်…
ထန်ရှုသည် ပြတင်းပေါက်နားတွင် ထိုင်ကာ ငွေကြေးဆိုင်ရာ အစီရင်ခံမှုများအား ဖတ်ရှုနေသည်။ ထိုအခိုက်တွင် အဝေးမှ မီးအလင်းရောင် လင်းဖြာလာမှုကြောင့် ခေါင်းကို မော့ကာ အပြင်သို့ ကြည့်လိုက်သည်။
“ကျွီ”
ကားရပ်နားသည့်နေရာတွင် လန်ဘော်ဂနီတစ်စီး ရပ်တန့်သွားပြီး ခန်းရှ ဆင်းလာသည်။
“အပေါ်တက်ခဲ့။” ထန်ရှု လက်ဟန်ပြလိုက်သည်။
ခန်းရှသည် အိုကေ လက်ဟန်ပြန်ပြကာ ထန်ရှုအခန်းဆီသို့ တက်လာလိုက်သည်။ သူမ ရောက်သည်နှင့် ပြုံးကာ စကားဆိုလိုက်သည်။
“သူဋ္ဌေး… နင် တကယ်ကို အားလပ်နေတာပဲ။ ငါတို့ အစီအစဉ်ကို လှုပ်ရှားပြီး ခေါင်းပူနေချိန်မှာ သူဋ္ဌေးက အားလပ်ရက် ရနေတယ်။”
“ကျွန်တော် ရှေ့ထွက်ပြလိုက်ရင် ရန်သူ သတိထားမိသွားနိုင်တယ်လေ။ ဒါနဲ့ ဒီနေ့အခြေအနေ ဘယ်လိုရှိလဲ။” ထန်ရှု ပြုံးကာ မေးလိုက်သည်။
“ကောင်းတယ်။ ငါတို့ လူကြီးလူကောင်းကို စိတ်အားတက်ကြွအောင် ဖိတ်ပြီးပြီ။ အခု သဘောတူညီမှုလက်မှတ် ထိုးဖို့ စောင့်နေကြတယ်။ အိုးရန်လဲ့က တကယ် သရုပ်ဆောင်ကောင်းတာပဲ။ နောက်၂ရက်နေရင် လုံစားသောက်ခန်းမမှာ လက်မှတ်ထိုးဖို့ သဘောတူထားကြပြီ။”
“လုံဟန်ဝမ် ပြောတာ တကယ်မှန်တာပဲ။ ကမ္ဘာကြီးက ငြိမ်းချမ်းနေတာပဲဖြစ်ဖြစ် ပွက်လောရိုက်နေတာပဲဖြစ်ဖြစ် လူတွေကတော့ အမြဲတမ်း အကျိုးအမြတ်နဲ့ အကျိုးစီးပွားနောက်ကို လိုက်နေကြတာပဲဆိုတဲ့စကားလေ။ ကျန်းဖုန်းရှန့်က စီးပွားရေးအမြင် တကယ်ကောင်းပေမယ့် အရာရာတိုင်းကို မမြင်နိုင်တာ သနားစရာပဲ။ သည်တစ်ကြိမ် လှုပ်ရှားမှုက သူ့အတွက် ထောင်ချောက်တစ်ခုသက်သက်ပဲ။ နို့မဟုတ်ရင် ဒီဆောက်လုပ်ရေး စီမံကိန်း ပြီးပြည့်စုံသွားတာနဲ့ ကျန်းမိသားစုက အဆင့်တစ်ခုထိ မြင့်မားသွားမှာ သေချာပေါက်ပဲ။” ထန်ရှု ပြုံးရင် ပြောလိုက်သည်။
“ဟား..ဟား..ဟား.. ဒါကြောင့် ကျမ်းစာမှာ လောဘဆိုတာ မူလအပြစ်တွေထဲက တစ်ခုလို့ ဖော်ပြထားရတာပေါ့။” ခန်းရှ ပြောရင်း ရယ်မောလိုက်လေသည်။
ထန်ရှု ခေါင်းကို ယမ်းလိုက်ရင်း
“လူတွေရဲ့လိုချင်စိတ်တွေက အမြဲလိုလို အဆုံးမသတ်ဘဲရှိနေတယ်။ သူတို့ အကျိုးအမြတ်ကို မြင်နိုင်နေသရွေ့ သူတို့ လုပ်ရဲဖို့ လုပ်ချင်ဖို့ ဆွဲဆောင်ခံနေရမှာပဲ။ အာ.. ဟုတ်ပြီ..ကျွန်တော် လိုချင်နေတဲ့ သတင်း ပါလာရဲ့လား။”
ခန်းရှသည် ထန်ရှုအား ဖိုင်တစ်ခု လှမ်းပေးလိုက်ရင်း
“ငါတို့လူတွေ ကျန်းမိသားစုတိုင်းရဲ့လှုပ်ရှားမှုအားလုံးကို နောက်ယောင်ခံလိုက်ပြီး ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသွားပြီ။ ဒါပေမယ့် တစ်ယောက် ပျောက်နေတယ် အခုထိ ရှာမတွေ့သေးဘူး။”
“ဘယ်သူပျောက်နေတာလဲ။” ထန်ရှု မေးလိုက်သည်။
“ကျန်းယုံကျင်း” ခန်းရှ ဖြေလိုက်သည်။
“သူ့ကို ရှာပါ။ ဘယ်လိုနည်းပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို ရှာတွေ့မှ ဖြစ်မယ်။ ကျူပင်ခုတ် ကျူငုတ်ကျန်အောင် မရှင်းရင် နောက်ပိုင်းကျ ကျွန်တော်တို့အတွက် ဘေးဆိုးဖြစ်လာလိမ့်မယ်။”
ထန်ရှု မျက်ခုံးများ တွန့်ချိုးကာ လေးလေးနက်နက် ပြောလိုက်သည်။
“ငါတို့ အစောကြီးကတည်းက လှုပ်ရှားနေပါပြီ။ ဒါပေမယ့် ကျန်းယုံကျင်းက ကြယ်တာရာမှာ မရှိတော့ဘူးလို့ ငါ သံသယဖြစ်မိတယ်။” ခန်းရှ ပြောပြလိုက်သည်။
ထန်ရှု တစ်ချက် စဉ်းစားလိုက်ရင်း ဖြည်းညှင်းစွာဖြင့်
“မနက်ဖြန် လုံဟန်ဝမ်နဲ့ အိုးရန်လဲ့ကို တွေ့တဲ့အခါ သူတို့လူတွေကပါ ကူရှာပေးဖို့ ပြောလိုက်ပါ။ မြောင်ဝမ်တန်နဲ့ ရှောင်မင်ကျန်းရောပဲ။ ကျန်းယုံကျင်း ဘယ်ကြွက်တွင်းမှ ပုန်းပုန်း ငါတို့ တွင်းနက်နက်တူးရရင်တောင်မှ သူ့ကို တူးထုတ်ရမယ်။”
“နားလည်ပြီ။” ခန်းရှ ခေါင်းညိတ်ပြသည်။
ကြယ်တာရာ တရုတ်ဆေးရုံ…
ဆေးရုံအဆောက်အဦးသည် မီးများဖြင့် ထိန်လင်းနေသည်။ ၄လွှာရှိ ခွဲစိတ်ခန်းမ၏တံခါးရှေ့တွင် လူနာများ၏မိသားစုဝင်များသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ ခွဲစိတ်ခန်းမ၏တံခါးသည် အတွင်းမှ ဖွင့်ခြင်းခံရပြီးနောက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများဖြင့် ဆရာဝန်၂ယောက်သည် တစ်ကိုယ်လုံး ချွေးများစိုရွှဲကာ ထွက်လာသည်။
“ကျွန်တော့်ဇနီး အခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ။”
သက်လတ်ပိုင်း လူကြီးတစ်ဦးသည် သူတို့အား မြင်သော် အပြေးရောက်လာပြီး မေးလိုက်သည်။
“ကျွန်တော်တို့ ကြိုးစားပေမယ့် သူမကိုယ်ထဲက စတီးသံချောင်းကို ဆွဲထုတ်ဖို့ နည်းလမ်းမရှိသေးပါဘူး။ သံချောင်းရှိတဲ့နေရာ သွေးလွှတ်ကြော၊ နှလုံးတို့နဲ့ တအား နီးနေတယ်။ နည်းနည်းလေး မှားလိုက်တာနဲ့ သူမ ခွဲစိတ်ရင်း အသက်သေဆုံးသွားနိုင်တယ်။ အခု ဒဏ်ရာတွေကနေ အသက်ရှင်သေးတယ်ဆိုပေမယ့်လည်း သူမအသက်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်တယ်။” ဆရာဝန်တစ်ယောက်မှ မချိပြုံး ပြုံးကာ ပြန်ဖြေလိုက်သည်။
“အဲ့ဒါဆို ဘယ်လိုပြီးသွားမှာလဲ။ ဒီလိုမျိုး အဆုံးသတ်သွားမယ်လို့တော့ ငါ့ကို မပြောနဲ့။”
သက်လတ်ပိုင်း လူကြီး စိတ်မရှည် ဖြစ်သွားရသည်။
“ကျွန်တော်တို့ တကယ်ကို မတတ်နိုင်တာပါ။ ဆေးရုံအုပ်ကြီးကလည်း ကျွန်တော်တို့ကို အဲ့ဒီအကြောင်းပြောပြထားလို့ အကောင်းဆုံး ကြိုးစားလုပ်မှာပါ။”
အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ပြီး ဆရာဝန်မှ ထိုလူကြီးအား ပြန်ဖြေလိုက်သည်။
***