ပြိုင်ဖက်ကင်း နတ်ဆေးသမားတော်
Vol. 04 Ch. 198
လီဟွန်ဂျီသည် မနေ့ညက ဆေးရုံမှ မပြန်ခဲ့ပေ။ သူ၏သွေးသောက်ရဲဘော်ဟောင်းတစ်ဦး၏ ချွေးမသည် ဒဏ်ရာရကာ ဆေးရုံသို့ ရောက်လာသည်။ သူမသည် အခု ခွဲစိတ်ခန်းထဲတွင် ဖြစ်သည်။ သူ၏ရဲဘော်ဟောင်းအား နှစ်သိမ့်ပေးရန် သူသည် ဆေးရုံတွင်နေကာ ထိုသူအား အဖော်လုပ်ပေးနေသည်။
အခုလည်း သူနှင့် ရဲဘော်ဟောင်းသည် ခွဲစိတ်ခန်းသို့ လာခဲ့သည်။ ခွဲစိတ်ဆရာဝန် ပြီးသွားပြီကို မြင်လိုက်ရသောကြောင့် လီဟွန်ဂျီသည် အလျင်အမြန် မေးလိုက်သည်။
“အခြေအနေ ဘယ်လိုလဲ။ သူမကိုယ်ထဲက စတီးသံချောင်းကို ဆွဲထုတ်ပြီးပြီလား။”
ဆရာဝန်သည် ခေါင်းကို ယမ်းလိုက်ပြီး
“သံချောင်းက အထိအခိုက်မခံတဲ့ နေရာမှာ ဖြစ်နေတယ်။ ကျွန်တော်တို့ နည်းလမ်းမျိုးစုံ ကြိုးစားပေမယ့် ဆွဲမထုတ်နိုင်သေးဘူး။ သွေးသွင်းထားပေမယ့် သူမအခြေအနေက ခုထိ မတည်ငြိမ်သေးဘူး။”
လီဟွန်ဂျီ မျက်မှောင်ကြုပ်သွားသည်။ သူ၏ရဲဘော်ဟောင်း၏ဖြူဖျော့နေသော အမူအရာအား ကြည့်ပြီး သူလည်း နေလို့မကောင်းတော့ချေ။ သူ့အနေဖြင့် နှစ်သိမ့်ပေးချင်ရင်တောင်မှ မည်သို့ပြောရမည်ကို မသိပေ။
“ဆေးရုံအုပ်ကြီး…ကျွန်တော်တို့ လူနာကို အခြားဆေးရုံပြောင်းရင်ရော ဘယ်လိုလဲ။ အခု မြို့တော်ဆေးရုံကို လွှဲပြောင်းပေးရင်ရော…”
ဆရာဝန် ပြောရင်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ အတွင်းပိုင်းခွဲစိတ်မှုများသည် နေရာရွှေ့ပြောင်းရန် မသင့်တော်လှချေ။ သူမ၏ကိုယ်တွင်းထဲမှ စတီးသံချောင်းအား နေရာအရွှေ့အပြောင်းကြောင့် ထိသွားခဲ့မိပါက သူမ၏အခြေအနေသည် ပိုမိုဆိုးရွားသွားနိုင်သည် သို့တည်းမဟုတ် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သွားပေသည်။
လီဟွန်ဂျီသည် လေးနက်သော အမူအရာဖြင့်
“ငါတို့ သူမကို အလွယ်ရွှေ့ပြောင်းလို့မရဘူး။ အခြားဆေးရုံတွေက အတော်ဆုံးဆရာဝန်ကို ဖိတ်ပြီး ငါ…”
ရုတ်တရက် သူ၏အတွေးထဲတွင် ထန်ရှု၏မျက်နှာ ပေါ်လာသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် အရောင်များလင်းလက်သွားကာ ဟန်းဖုန်းအား ထုတ်လိုက်ပြီး ထန်ရှုဆီ ဖုန်းခေါ်ဆိုလိုက်သည်။
တောင်တံခါးအိမ်ရာ…
သူ၏ဖုန်းမြည်သံကြားလိုက်ရချိန်တွင် ထန်ရှုနှင့် ခန်းရှသည် စကားပြောနေဆဲပင်ရှိသေးသည်။ ဖုန်းမြည်သံသည် သူတို့နှစ်ယောက်၏စကားပြောဆိုမှုအား ပြတ်တောက်သွားစေသည်။ ထန်ရှုသည် သူ၏ဖုန်းအား ယူကြည့်လိုက်ရာ လီဟွန်ဂျီမှ ခေါ်ဆိုသည်ဖြစ်သောကြောင့် ရုတ်ခြည်းပင် မျက်မှောင်ကြုပ်သွားရသည်။
“တစ်ခုခု ဖြစ်လို့လား။”
“ထန်ရှု ငါတို့လူနာတစ်ယောက်က အသည်းအသန် ဒဏ်ရာကြောင့် ငါတို့ဆေးရုံက ဆရာဝန်တွေ လက်လျှော့ထားရမလို ဖြစ်နေလို့… သူမကို လာပြီး ကုသပေးနိုင်မလား။”
လီဟွန်ဂျီ၏စကားသံတွင် အနည်းငယ် တောင်းပန်တိုးလျှိုးသံပင် ပါဝင်နေသည်။
“လူနာအခြေအနေက ဘယ်လိုရှိတာလဲ။” ထန်ရှု မေးလိုက်သည်။
“နှလုံးနဲ့ သွေးလွှတ်ကြောကြားထဲမှာ စတီးသံချောင်းတစ်ချောင်း ရှိနေတာ။” လီဟွန်ဂျီ ဖြေလိုက်သည်။
“ကျွန်တော့်ကို အဲ့ဒီမှာ စောင့်ပါ။” ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း ဖုန်းချလိုက်သည်။
ခန်းရှ ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။
“သူဋ္ဌေး.. အချိန် နောက်ကျနေပြီကို အပြင်သွားမလို့လား။”
ထန်ရှုသည် အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးလိုက်ရင်း
“ရှင်းပြလို့မရနိုင်တဲ့ အကြောင်းပြချက်အတွက် ကျွန်တော် ကြယ်တာရာဆေးရုံမှာ ဆရာဝန်တစ်ယောက် ဖြစ်သွားတယ်။ အသည်းအသန် ဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ကို အခု ကုသပေးနေပေမယ့် ဆေးရုံရဲ့ အတော်ဆုံးဆရာဝန်တွေတောင် လက်လျှော့သွားရပြီ။ အဲ့ဒါကြောင့် ဆေးရုံအုပ်ကြီးက ကျွန်တော့်ကို လှမ်းခေါ်တာ။ ဒါနဲ့ ခန်းရှမှာ ကားပါလာရင် ကျွန်တော့်ကို ပို့ပေးလို့ရမလား။”
ဂူရင်၏ထူးဆန်းသော ရောဂါအား ကုသပေးနိုင်သည်ကို သူမ ကြားထားသောကြောင့် ထန်ရှု ဆေးပညာရပ်တွင် ကျွမ်းကျင်မှုရှိမှန်း ခန်းရှ သိသည်။ သို့သော်လည်း ကြယ်တာရာဆေးရုံမှ အတော်ဆုံးဆရာဝန်များတောင် မကုသပေးနိုင်သည့် လူနာအတွက် ဆေးရုံအုပ်ကြီးကိုယ်တိုင် ထန်ရှုအား ဆက်သွယ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။ ထန်ရှုရဲ့ ဆေးပညာအစွမ်းက ကြယ်တာရာဆေးရုံက အတော်ဆုံးဆရာဝန်များထက် ပိုပြီး အစွမ်းထက်နေနိုင်လား။
“အဆင်ပြေတယ်။ ငါ နင့်ကို အဲ့ဒီကို လိုက်ပို့ပေးမယ်။” ခန်းရှ ခေါင်းညိတ်ကာ ဖြေလိုက်သည်။
မကြာမီ သူတို့နှစ်ဦး ကြယ်တာရာဆေးရုံသို့ ရောက်လာကြသည်။
“သူဋ္ဌေး.. ငါလည်း နင်နဲ့ လိုက်ခဲ့မယ်။ နင် ဆေးပညာ ကျွမ်းကျင်မှန်း ငါသိပေမယ့် တစ်ခါမှ မမြင်ဖူးလို့ ကြည့်ချင်လို့။” ခန်းရှ နွေးထွေးသောအပြုံးဖြင့် ပြောလိုက်သည်။
“ခင်ဗျား မပင်ပန်းဘူးလား။” ထန်ရှု မေးလိုက်သည်။
“ငါ ပင်ပန်းနေရင်တောင်မှ နင့်အနားမှာ ရှိနေတော့ ပင်ပန်းမှန်း မသိတော့ဘူး။” ခန်းရှ ပြုံးရင်း ပြောလိုက်သည်။
“ဘယ်လိုတောင် စကားတတ်နေတာလဲ။”
ထန်ရှု ပြုံးကာ ပြောလိုက်ရင်း ဆေးရုံ၏ပင်မအဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
ခန်းရှလည်း ကားအား လော့ခ်ချကာ ထန်ရှုနောက်မှ ပါလာသည်။
၄လွှာရှိ ခွဲစိတ်ခန်းတံခါးရှေ့တွင်…
လီဟွန်ဂျီသည် နာရီအား တောက်လျှောက် ကြည့်နေပြီး အနားတွင် သူ၏ရဲဘော်ဟောင်းသည် စိုးရိမ်ပူပန်ဟန်ဖြင့် ရှိနေသည်။
“အဖိုးကြီးလီ… မင်း ဖိတ်ထားတဲ့ ဆရာဝန်က ဘယ်လိုတော်တာလဲ။”
“သူက တရုတ်တိုင်းရင်းဆေးမှာ ဘိုးဘေးဆရာပဲ။ သူ့အဆင့်က ငါ့ထက် မြင့်တယ်။ ခွဲစိတ်မှုပြသနာအကြောင်း ငါ မသိပေမယ့် သူသာဆိုရင် လူနာရဲ့ကိုယ်ထဲက သံချောင်းကို ထုတ်ပေးနိုင်လိမ့်မယ်။” လီဟွန်ဂျီ ပြောပြလိုက်သည်။
တရုတ်တိုင်းရင်းဆေးသမားတော်လား။
အဖိုးကြီး၏မျက်နှာထက်မှ သောကရိပ်သည် ပိုမို ထူထပ်လာခဲ့သည်။
ထန်ရှု၏ပုံရိပ်သည် လီဟွန်ဂျီ၏မြင်ကွင်းထဲသို့ ဝင်လာသည်နှင့် သူသည် အသက်အရွယ်နှင့်မလိုက် အပြေးသွားကာ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ရင်း
“ထန်ရှု… ဒဏ်ရာ ရထားတဲ့လူနာက ခွဲစိတ်ခန်းထဲမှာ။ ငါတို့ဆေးရုံက ဆရာဝန်တွေလည်း သူမကို အကောင်းဆုံး ခွဲစိတ်ထားပေမယ့် သံချောင်းကို ထုတ်လို့မရဘူး။ မင်းတော့ ထုတ်နိုင်မယ်မလား။”
“လူနာနဲ့ သူမရဲ့အခြေအနေကို မမြင်ရသေးတော့ လောလောဆယ်တော့ ကျွန်တော် မသိဘူး။ ကျွန်တော့်ကို အဲ့ဒီကို ခေါ်သွားပေးပါ။” ထန်ရှု ပြောလိုက်သည်။
“ငါနဲ့ လိုက်ခဲ့ပါ။” လီဟွန်ဂျီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထန်ရှုနှင့် လီဟွန်ဂျီ ခွဲစိတ်ခန်းထဲ ဝင်သွားချိန်တွင် ခန်းရှနှင့် လူနာ၏မိသားစုဝင်များသည် တံခါးဝတွင် ရပ်ကာ ကျန်နေခဲ့သည်။ ခွဲစိတ်ခန်းထဲတွင် လီဟွန်ဂျီသည် အခန်းတွင်းမှ ဆရာဝန်များအား လူနာအပေါ်မှာ ပါးလွှာသော အကာအား ဂရုတစိုက်ဖယ်ရန် ပြောလိုက်သည်။
ထန်ရှုသည် လူနာအား စစ်ဆေးလိုက်ရင်း သူ၏မျက်ခုံးများသည် တွန့်ချိုးသွားရသည်။
“သံချောင်းက ဘယ်လိုဖြစ်ပြီး သူမကိုယ်ထဲ ရောက်သွားတာလဲ။”
အဖြစ်အပျက်ကို သိနေသော ဆရာဝန်မှ အကြောင်းစုံ ပြောပြသည်။
“သူမက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဖြတ်ပြီးသွားတဲ့အချိန်မှာ လေသေနတ် ထိမှန်သွားခဲ့တာ ၇နာရီ-၈နာရီလောက်တော့ ရှိပြီ။”
“လူနာကို ထိုင်တဲ့ပုံစံဖြစ်အောင် ကျွန်တော့်ကို ကူညီပေးပါ။” ထန်ရှု ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ဒါ….”
ဆရာဝန်များ ချီတုံချတုံ ဖြစ်သွားရကာ လီဟွန်ဂျီအား ကြည့်လိုက်မိသည်။
“သမားတော် ထန်ပြောတဲ့အတိုင်း လုပ်ပါ။” လီဟွန်ဂျီ လေးနက်စွာ ပြောလိုက်သည်။
ဆရာဝန်များလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လူနာကို ထိုင်တဲ့ပုံစံဖြစ်စေရန် ဂရုတစိုက် ကိုင်တွယ်ပေးထားသည်။ ထန်ရှုသည် ခွဲစိတ်သုံးကိရိယာများ ထားသည့်စားပွဲပေါ်မှ ခွဲစိတ်ရာတွင် သုံးသည့် ဓားချွန်တစ်ချောင်းအား ယူလိုက်သည်။ လူနာဝတ်စုံအား ဖယ်ပြီးသည်နှင့် ပထမခွဲစိတ်မှုချုပ်ရိုးအား စစ်ဆေးလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ခွဲစိတ်ဓားငယ်ဖြင့် ဒဏ်ရာချုပ်ရိုးအား ကန့်လန့်ဖြတ်လိုက်ရာ ချက်ချင်းပင် ချုပ်ရိုးကြောင်းများသည် ပြတ်တောက်သွားတော့သည်။ သွေးများသည် စမ်းရေအလား လျင်မြန်စွာ စီးကျလာသည်။
ထန်ရှုသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် အရေပြားအား ဖွင့်လိုက်သည်။ သံချောင်း၏အဆုံးအား ရှင်းလင်းစွာ မြင်ရပြီးနောက် သူသည် လူနာ၏ပခုံးအား ဆုပ်ကိုင်ကာ ခွဲစိတ်ကုတင်မှ ဆွဲမလိုက်ပြီး သူ၏အခြားလက်တစ်ဖက်ဖြင့် သူမ၏နောက်ကျောအား လက်သီးဖြင့် ထိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်သီးမှတဆင့် ကြယ်စွမ်းအား လူနာ၏ကိုယ်ထဲသို့ စီးဆင်းစေသည်။ ကြယ်စွမ်းအားသည် အစစ်အမှန်စွမ်းအားနှင့် တူညီသော်လည်း ထိုအရာသည် ပိုမိုသန့်စင်ကာ ပိုမိုအဆင့်မြင့်မားသည်။ လူနာ၏အနာမှ သွေးများ ထွက်နေသဖြင့် ထန်ရှုသည် သူ၏ကြယ်စွမ်းအားအား လူနာ၏ကိုယ်တွင်းသို့ စိမ့်ဝင်စေသည်။
ဆရာဝန်များသည် ထိုမြင်ကွင်းအား ကြည့်ကာ ကျောက်ရုပ်များသဖွယ် ဖြစ်နေကြပြီး အာစေးမိသကဲ့သို့ ဖြစ်နေကြသည်။ လူနာ၏ကိုယ်တွင်းသို့ စိမ့်ဝင်နေသော သူ၏ကြယ်စွမ်းအားအား ထိန်းချုပ်ရန် ထန်ရှုသည် လူနာ၏နောက်ကျောသို့ ရောက်ရှိသွားပြီး လျင်မြန်စွာပင် သူမ၏နှလုံးအား ကာကွယ်လိုက်သည်။
၁၀စက္ကန့်ကြာပြီးနောက် ထန်ရှုသည် လူနာအား ခွဲစိတ်ကုတင်ပေါ်သို့ ပြန်လှဲလိုက်ပြီးနောက် ကြယ်စွမ်းအားများနှင့် သူ၏လက်ချောင်းအား ထိုးသွင်းကာ အတွင်းရှိ ဒဏ်ရာတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်စေသည်။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်ဖြင့် ဒဏ်ရာပေါ်သို့ ထည့်လိုက်သည်။ ထန်ရှု ကြယ်စွမ်းအားကို အသုံးပြုပြီး ဒဏ်ရာအနီးရှိ သွေးကြောများအား ထောက်ပံ့ပေးနေသည်ကို မည်သူမျှ မမြင်နိုင်ကြချေ။ သူ၏လက်ချောင်းသည် သံချောင်း၏အဆုံးအား ဆုပ်ကိုင်မိသွားပြီး အသာ ဆွဲထုတ်လိုက်သည်။
“တင်…”
စင်တီမီတာ အနည်းငယ်ရှည်လျားသော စတီးသံချောင်းသည် ကြွေခွက်ထဲ့သို့ လွှင့်ပစ်ခြင်း ခံလိုက်ရသည်။
ကျောက်ရုပ်ဖြစ်နေသော ဆရာဝန်များအား ကြည့်ကာ ထန်ရှုသည် လေးနက်သော အသံဖြင့်
“ကျွန်တော့်အလုပ်တော့ ပြီးသွားပြီ။ လူနာရဲ့သွေးကြောတွေက မလှုပ်ရှားသလို နှလုံးကိုလည်း အထိအခိုက်မရှိတော့ဘူး။ ကျန်တာကို ခင်ဗျားတို့ဆက်လုပ်ပြီး သွေးတိတ်အောင်နဲ့ ဒဏ်ရာကို ပြန်ချုပ်ပေးပါဦး။ အနာကို ပိုးသတ်ပေးဖို့လည်း မမေ့ပါနဲ့။”
လီဟွန်ဂျီသည် ထန်ရှု၏နည်းလမ်းအား ကြည့်ပြီး အံ့သြတုန်လှုပ်ရသောကြောင့် နှလုံးခုန် ရပ်တန့်လုနီးပါးပင် ဖြစ်သွားရရှာသည်။ ထန်ရှု စကားပြောပြီးတော့မှပင် အိပ်မက်မှ နိုးလာသည့်နှယ် ဖြစ်တော့သည်။ ဘေးပတ်လည်ရှိ ဆရာဝန်များ၏ တုန်လှုပ်နေသော အမူအရာအား ကြည့်ကာ သူသည် အော်ဟစ်လိုက်သည်။
“ဟေ့.. ဘာကြောင်ကြည့်နေကြတာတုန်း။ သမားတော်ထန်ပြောတဲ့အတိုင်း ချက်ချင်းလုပ်ကြ။”
“အာ.. ဟုတ်..ဟုတ်ကဲ့။”
နောက်ဆုံးတွင် ဆရာဝန်များသည် သတိပြန်ဝင်လာကြပြီး ချက်ချင်းပင် လူနာ၏ဒဏ်ရာအား ပိုးသတ်ခြင်းနှင့် ဒဏ်ရာချုပ်ခြင်းတို့အား ပြုလုပ်ကြသည်။ တစ်ချိန်တည်းမှာပင် လူနာအား အောက်ဆီဂျင်ပိုက်တပ်ခြင်း၊ သွေးသွင်းခြင်းနှင့် လိုအပ်သော ဆေးကိရိယာများ တပ်ဆင်ခြင်းတို့ကိုပါ ပြုလုပ်လိုက်ကြသည်။
ဆေးကိရိယာများ၏စစ်ဆေးချက်အရ လူနာ၏အခြေအနေသည် ပုံမှန်အခြေအနေသို့ ပြသနေသည်။ ဆရာဝန်များနှင့် လီဟွန်ဂျီသည် ထိုအချက်အလက်အား မြင်မှသာလျှင် တင်းကြပ်နေသော သူတို့၏စိတ်နှလုံးများ သက်သာရာ ရသွားခဲ့ပြီး အံ့သြတုန်လှုပ်နေသော အမူအရာများသည်လည်း ပြန်လည်တည်ငြိမ်လာကြသည်။ သူတို့သည် လက်များအား ဆေးကြောသန့်စင်နေသော ထန်ရှုအား ကြည့်ကာ အချိန်အတော်ကြာမျှ ပြောစရာစကားမဲ့နေရသည်။
ယခု နည်းလမ်းသည် အမှန်တကယ်ကိုပင် မတွေးတတ်လောက်အောင် သမားရိုးကျမဟုတ်သော နည်းလမ်းပင်ဖြစ်တော့သည်။
သူတို့သာ ဆိုပါက ထိုသို့ မည်သည့်အခါမျှ လုပ်ရဲကြမည်မဟုတ်သောကြောင့် ထန်ရှုအား အမှတ်၁၀၀အပြည့် ပေးလိုက်ကြတော့သည်။
လီဟွန်ဂျီသည် ထန်ရှု၏အနောက်မှ လိုက်လျက် ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသည်။ အပြင်ဘက်ရှိ လူနာရှင်များ၏ စိုးရိမ်ပူပန်နေသော အမူအရာများနှင့် သူ၏ရဲဘော်ဟောင်း၏ဖြူဖျော့နေသော အမူအရာတို့အား ကြည့်ပြီး ထန်ရှုအား တစ်ချက် ကြည့်လိုက်ပြီးနောက် ထိုသူများဘက် မျက်နှာ ပြန်လှည့်ရင်း
“အားလုံးပဲ အခု မစိုးရိမ်ရတော့ပါဘူး။ သမားတော်ထန်က ဒဏ်ရာက သံချောင်းဆွဲထုတ်ပေးပြီးပါပြီ။ လူနာက လောလောဆယ် သတိမရသေးပေမယ့်လည်း ဆေးကိရိယာတွေနဲ့ စစ်ဆေးချက်အရ လူနာမှာ နောက်ထပ် ဆိုးဆိုးရွားရွား ထပ်မဖြစ်တော့ပါဘူး။ သူမကို ၂၄နာရီ စောင့်ကြည့်ဂရုစိုက်ဖို့ ဆရာဝန်တွေကို ငါ မှာထားပါတယ်။”
အဖိုးကြီး၏မျက်လုံးများသည် ပြူးကျယ်သွားပြီး မယုံနိုင်သော အမူအရာဖြင့်
“သံချောင်းက တကယ်ထုတ်ပြီးသွားပြီဟုတ်လား။ အဖိုးကြီး လီ… ငါ့ကို မညာပါနဲ့ကွာ။ဒီ သမားတော်လေးက အခုမှ ဝင်သွားတာ မကြာသေးပဲနဲ့ ဒီလောက်ကြီး လုပ်ပြီးပါ့မလား။ ၅မိနစ်ပဲ ရှိသေးတဲ့အချိန်အတောအတွင်း သူ့က ငါ့ချွေးမရဲ့ကိုယ်ထဲက သံချောင်းကို ဘယ်လို အမြန် ထုတ်နိုင်တာလဲ။”
“သမားတော်ဖန်က တကယ်တော့ ပြိုင်ဖက်ကင်း နတ်ဆေးသမားတော်လေ။ ဒါပေမယ့် သူက ငါတို့ရဲ့နောက်ဆုံးလက်နက်အဖြစ်ပဲ လှုပ်ရှားတယ်။ နောက်ပြီး သူက အရမ်းအလုပ်များတော့ ပုံမှန်အချိန်ဆို သူ့ကို ခေါ်လေ့မရှိဘူး။ သည်တစ်ကြိမ် မင်းရဲ့ချွေးမကို ကယ်ခဲ့တဲ့အတွက် အများဆုံး ကျေးဇူးတင်ရမှာက သူ့ကိုပဲ။”
နတ်ဆေးသမားတော် ဟုတ်လား…
အဖိုးအို၏နှုတ်ခမ်းသည် တဆတ်ဆတ် တုန်လာပြီး သူ၏သားအား ကြည့်ကာ အော်ပြောလိုက်သည်။
“မင်း ဘာကြောင့် နတ်ဆေးသမားတော်ကို ဒူးထောက်အရိုအသေပြုပြီး ကျေးဇူးတင်ကြောင်း မပြောသေးတာလဲ။”
သက်လတ်ပိုင်းလူသည် သူ့စကားအား ကြားသော် ထန်ရှုဆီသို့ ချက်ချင်းပြေးလာကာ အရိုအသေပေးလေသည်။ သို့သော် ထန်ရှုသည် သူ့အား တားလိုက်ပြီး လီဟွန်ဂျီအား ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်က သမားတော်တစ်ယောက်ပါ။ လူနာရဲ့အသက်ကို ကယ်တာ၊ ဒဏ်ရာကုသတာတွေတာက သမားတော်တွေရဲ့တာဝန်ပါပဲ။ ကျွန်တော် လုပ်သင့်တာကို လုပ်တာဖြစ်လို့ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး။”
ဘေးတွင် ခန်းရှသည် ထန်ရှုအား ကြည့်ကာ ကြက်သေ သေနေပြီး ပါးစပ်အာစေးမိသကဲ့သို့ ဖြစ်နေသည်။ ထန်ရှုအကြောင်း သူမ သိထားသည်မှာ အလွန်နည်းသည်ဟု ရုတ်ခြည်းပင် သူမ ခံစားမိလာရသည်။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသည် ကြယ်တာရာ ပြည်သူ့ဆေးရုံထက်ပင် အလွန်ကျော်ကြားသည်။ ထိုဆေးရုံမှ အတော်ဆုံးဆရာဝန်များပင် မကုသနိုင်သော လူနာ၏ဒဏ်ရာအား ထန်ရှုရောက်လာပြီး မိနစ်အနည်းငယ်ဖြင့်ပင် ကုသပေးနိုင်ခဲ့သည်။ သည်ဟာသည် တကယ့်ကို အံ့သြစရာကောင်းလှပေတော့သည်။ သူမသည် ထန်ရှုအား ကြည့်လိုက်ရာ သူ၏ဦးခေါင်းထက်တွင် မြင့်မြတ်သော နတ်ဘုရားအော်ရာရှိသည်ဟုပင် ခံစားမိလေသည်။
ထန်ရှုသည် ဖုန်းကို ထုတ်ကာ အချိန်အား ကြည့်လိုက်ရင်း
“အဲ့ဒါဆို တခြားထွေထွေထူးထူး မရှိတော့ရင် ကျွန်တော် ပြန်နှင့်ပါတော့မယ်။”
လီဟွန်ဂျီသည် သူ့အား အမြန်တားလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ထန်ရှု… ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးသွားပြီဆိုတော့ ဆေးရုံကို စောစောလာပြီး ဆေးကုသမှု လုပ်ဖို့ ဖြစ်နိုင်ပြီလား။ ငါ မင်းအတွက် ဆေးကုသခန်းကို ကြိုပြီး ပြင်ဆင်ထားပေးမယ်။ မင်းအားတဲ့အချိန် သုံးလို့ရတာပေါ့။”
ထန်ရှု တစ်ချက် စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ယမ်းလိုက်ရင်း
“အခုတော့ ကျွန်တော့်မှာ အချိန်မရှိသေးဘူး။ နောက်လထဲမှာ အမြန်ဆုံး ဆေးကုသမှု လုပ်ပေးပါမယ်။”
ထန်ရှု၏အာမခံမှုကို ကြားရသော လီဟွန်ဂျီသည် ရုတ်ခြည်းပင် ပေါ့ပါးသွားရပြီး ပြုံးနိုင်တော့သည်။ သူသည် ရွှင်မြူးစွာဖြင့်
“မင်း ပြောလိုက်လို့ ငါ စိတ်ချသွားပါပြီ။ သွားကြစို့။ ငါ မင်းကို လိုက်ပို့ပေးမယ်။”
“အာ..မလုပ်ပါနဲ့။ ဆေးရုံအုပ်ကြီးက အသက်ကြီးပါပြီ။ စောစော ပြန်နားလိုက်ပါ။” ထန်ရှုသည် ခေါင်းယမ်းကာ တုံ့ပြန်ပြောဆိုလိုက်ပြီးနောက် ခန်းရှနှင့်အတူ ထွက်ခွာသွားလေသည်။
ဆေးရဲ၏ပင်မအဆောက်အအုံအပြင်ဘက်သို့ ရောက်ပြီးနောက် ခန်းရှသည် အလွန်တောက်ပလှသော မျက်ဝန်းလေးများဖြင့် ကြည့်လာကာ
“သူဋ္ဌေး… နင် အဲ့ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ နင် သိတဲ့အတိုင်း ခွဲစိတ်ခန်းထဲ နင်ဝင်သွားတာ မိနစ်ပိုင်းလေးပဲ ရှိသေးတာကို။”
***