အကွက်ကြီးကြီးဖြင့် ကစားခြင်း
Vol. 04 Ch. 200
“ဖြောင်း…”
ထန်ရှုသည် သူ၏လက်ဝါးနှစ်ဖက်အား ရိုက်လိုက်ပြီး ပြုံးလျက်
“ဟုတ်ပြီ။ သူတို့ရဲ့ကစားနည်းမှာပဲ သူတို့ကို ရိုက်ချရလိမ့်မယ်။ အဲ့ဒါဆို ကစားတာက ပိုမိုကြီးမားလာလိမ့်မယ်။ ဒါနဲ့ ခင်ဗျား ပေကျင်းပြန်ပြီး အကြီးအကဲတွေကို သွားတွေ့ပါ။ သူတို့ ပိုမိုကြီးတဲ့ ဂိမ်းကို ကစားချင်ရင် အာဏာရှိတဲ့တစ်ယောက်ကို စကားပြောဖို့ ကြယ်တာရာကို လွှတ်ပြီး တောင်တံခါးအိမ်ရာကို လာဖို့ ပြောပေးပါ။”
ချူယီသည် စိတ်အားထက်သန်နေသော ထန်ရှုအား ကြည့်ကာ
“ညီအစ်ကိုထန်.. ငါ့ကို အစီအစဉ် အရင်ပြောဦးလေ။ အဲ့လိုမှမဟုတ်ရင် သေးသေးလေးတောင် စလို့ရမှာ မဟုတ်ဘူး။ အကြောင်းပြချက်ကောင်း မရှိရင် ငါနဲ့ ပိုင်ထောင်က မိသားစုကို နားဝင်အောင် ပြောဖို့ အလွန်ခက်လိမ့်မယ်။”
ထန်ရှု အချိန်ခဏယူကာ စဉ်းစာလိုက်ပြီးနောက် သူနှင့် ကျန်းတို့အကြားမှ ပြသနာနှင့် အစီအစဉ်များကို ပြောပြလိုက်သည်။ ထန်ရှု အားလုံး ပြောပြပြီးသွားသောအခါ လေးနက်သောအသံဖြင့်
“ခင်ဗျားတို့နှစ်ယောက်သာ ၈ဘီလီယံနဲ့ လျှို့ဝှက်ပြီး လာနိုင်ရင် ကျန်းတွေကို အလဲထိုးဖို့ အလွန်လွယ်သွားလိမ့်မယ်။ ကျန်းတွေကို ရှင်းလင်းပြီးတာနဲ့ ကျွန်တော့်ရဲ့ဒီဇိုင်းပုံစံအတိုင်း အပြည့်အ၀ ဆောက်လုပ်ရေးလုပ်ငန်း စတင်နိုင်မယ်။ ဒီစီမံကိန်းက အောင်မြင်သွားတာနဲ့ အမြတ်တွေ သယ်လာလိမ့်မယ်ဆိုတာ ခင်ဗျားလည်း သိတယ်လို့ ကျွန်တော် ယုံတယ်။”
“မင်း တကယ် အကြီးကြီး ကစားချင်တာလား။” ချူယီသည် တုန်လှုပ်သွားရင်း မျက်လုံးအပြူးသားနှင့် မေးလိုက်သည်။
“ကျွန်တော် ကစားပြီဆိုကတည်းက အကြီးကြီးပဲ ကစားချင်တယ်။ ပြီးတော့ ကြယ်တာရာက ဟူမိသားစုနဲ့ ရွှဲ့မိသားစုပါ ပါလာရင် သူတို့လည်း ဆုံးရှုံးမှုကြီးလိမ့်မယ်။ ကျွန်တော်ဆွဲပေးထားတဲ့ ဒီဇိုင်းထဲက အဆောက်အဦးအားလုံးက ၃နှစ်လောက်ဆိုရင် ဆောက်တာပြီးသွားလိမ့်မယ်လို့ ကျွန်တော် တွေးထားတယ်။”
၃နှစ်ဟုတ်လား…
ချူယီ ရင်ခုန်သံ မြန်လာသည်။
ယခင်သဘောတူညီချက်အရ ထန်ရှု ဆွဲပေးထားသော ဒီဇိုင်းအတွင်းအတွင်းမှ အဆောက်အဦးများအား တည်ဆောက်ခြင်းသည် ၈-၁၀နှစ်အတွင်း ပြီးရန် မသေချာဟု သူကိုယ်တိုင်လည်း သိသည်။
ချူယီ၏မျက်ဝန်းအစုံထဲတွင် အရောင်တစ်ချက်လက်သွားရကာ အမူအရာသည် ပိုမို အလေးအနက်ထားဟန် ဖြစ်လာသည်။ ချက်ချင်း ထရပ်လိုက်ပြီး
“ငါ အခုပဲ ပေကျင်းကို ပြန်တော့မယ်။ နောက်အကျဆုံး နောက်နေ့ ညနေခင်းလောက် ငါ မင်းကို အကြောင်းပြန်လိုက်မယ်။ ငါ ပိုင်ထောင်ကိုလည်း ဒီအကြောင်း ပြောပြလိုက်မယ်။ မင်း မစိုးရိမ်ပါနဲ့။ ငါ ဒီအကြောင်းတွေကို ဘယ်သူမှ မပြောပါဘူးလို့ ကတိပေးတယ်။”
ထန်ရှု၏အကြည့်သည် လက်ဆွဲအိတ်အနက်ပေါ်သို့ ရောက်သွားသည်။ သူသည် ချူယီကို လိုက်ပို့ရင်း
“အခုပို့လိုက်တဲ့ဆေးပင်တွေက ဘယ်လောက်ကျသင့်လဲ။”
“၈၀ မီလီယံ။ ငါ အခု ပြန်တော့မှာမို့အဲ့ဒီဆေးပင်ကုန်ကျစရိတ်ကို နောက်မှ ပြောရအောင်။”
ချူယီ ပြောလိုက်သည်။
“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
အိုးရန်လူလူ၏မျက်ဝန်းထဲတွင် အရောင်တစ်ချက်လက်သွားသည်။ ချူယီအား ထန်ရှု တံခါးပေါက်ဝသို့ လိုက်ပို့ပြီးနောက် သူမသည် နောက်ကလိုက်လာပြီး
“ကျန်းတွေကို အမြစ်ဖြုတ်ပြီးရင် ဒီစီမံကိန်းကြီးကို နင် တကယ်ဆက်ပြီးလုပ်မှာ သေချာလား။”
“မင်း ပြောကြည့်။ ဒီစီမံကိန်းကြီးသာ အပြီးသတ်သွားရင် အမြတ်စုစုပေါင်း ဘယ်လောက်ရမလဲဆိုတာ။” ထန်ရှု မေးလိုက်သည်။
“နင်ဆွဲပေးထားတဲ့ အဆောက်အဦးဒီဇိုင်းတွေအရဆိုရင် ၁၀၀ဘီလီယံ ဝန်းကျင်လောက် ရလိမ့်မယ်။ စီးပွားရေးဇုန်နဲ့ လူနေအဆောက်အဦးဇုန်တွေဘက်က ရလာမယ့် အမြတ်က ကြီးတယ်လေ။ ငါ ပြောရဲတယ် အဆောက်အဦးပုံစံတွေကို ကြေညာပြီးတာနဲ့ ငါတို့အိမ် စရောင်းလိုက်ရင် ဈေးနှုန်း အကြီးအကျယ် တက်လာလိမ့်မယ်။ ငါ့ခန့်မှန်းချက်အရဆိုရင် ကြယ်တာရာက အကောင်းဆုံးဧရိယာထက် အောက်မကျဘူး။”
ပြောနေရင်း အိုးရန်လူလူ၏မျက်လုံးများသည် အရောင်များလက်လာပြီး စိတ်အားထက်သန်လာသည်။
“ထန်ရှု… ကျန်ယုရဲ့မြေနေရာအကြောင်း ငါ ကောင်းကောင်းသိတယ်။ ငါတို့ ရှေ့ဆက်သွားမယ်ဆိုရင် အဲ့ဒီမြေနေရာအနီးတစ်ဝိုက်က မြေအားလုံးကို ဘာကြောင့် မဝယ်မှာလဲ။ ငါတို့ မြေဝယ်ထားပြီး ဘာမှ မလုပ်ရင်တောင်မှ အနာဂတ်မှာ သေချာပေါက် မြေဈေးတက်လာပြီး ငါတို့အတွက် ကောင်းမွန်တဲ့ ကံဖြစ်လာလိမ့်မယ်။”
ထန်ရှုသည် သူ၏လက်များအား ဖြန့်လိုက်ပြီး ကသိကအောက်ဖြစ်သွားသော အမူအရာဖြင့်
“ကျွန်တော့်မှာ ပိုက်ဆံ မရှိဘူး။”
အိုးရန်လူလူ၏မျက်ဝန်းများသည် ကြယ်ပွင့်လေးများပမာ အရောင်တဖျတ်ဖျတ်လက်လျက်
“နင့်မှာ ခုချိန် ပိုက်ဆံမရှိသေးရင် ငါတို့အိုးရန်မိသားစုက ငွေအချို့အရင်ချေးပေးထားမယ်လေ။ ကျန်းမိသားစုကို ရှင်းပြီးသွားရင် ငါတို့အဖွဲ့တွေ ငွေတွေအများကြီး ဝင်လာနိုင်တာပဲ။ အဲ့ဒီအချိန်ကျမှ ငါတို့ကို ပြန်ပေးပေါ့။”
“ကျန်းမိသားစုဆီက အကျိုးအမြတ်တွေများနေရင်တောင်မှ အဲ့ဒီပိုက်ဆံက ဒီစီမံကိန်းကြီးတိုးတက်ဖို့အတွက် ရင်းနှီးရလိမ့်မယ်ဆိုတော့ ငါ တစ်ခုချင်းစီ ဆွဲမထုတ်နိုင်မှာကိုပဲ စိတ်ပူတယ်။” ဟု ထန်ရှု ပြောလိုက်ရာ
အိုးရန်လူလူ တစ်ခဏမျှ ငိုင်တွေသွားပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
ထန်ရှုလည်း တစ်ခဏမျှ တွေးတောနေမိသည်။ အိုးရန်လူလူ ပြောသော စိတ်ကူးသည် အလွန်ကောင်းမွန်သည်။ ပမာဆိုရလျှင် ဥဝပ်ခိုင်းရန်အတွက် ကြက်ငှားယူလိုက်သည့် သဘောပင် ဖြစ်ပြီး သူ၏စရိုက်ပုံစံနှင့်လိုက်ဖက်ပေသည်။ သို့သော်လည်း ထိုသို့လုပ်မယ်ဆိုပါက အိုးရန်မိသားစုတွင် သူ အကြွေးများစွာ တင်သွားပေလိမ့်မည်။ သူ အများကြီး စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒါဆို ကျွန်တော်တို့ ဒီလို လုပ်ကြရင်ရော။ ခင်ဗျားတို့ အိုးရန်မိသားစုက ဒေသခံအစိုးရကို အရင် ဆက်သွယ်လိုက်။ မြေနေရာ ရွေးချယ်ပြီးတာနဲ့ ဘယ်လောက်ကုန်ကျမလဲဆိုတာရယ်၊ အဲ့ဒီကနေ ဘယ်လောက်ပြန်ရမလဲဆိုတာရယ်ကို တွက်ချက်ပါ။ အဲ့ဒီအခါကျရင် ကျွန်တော်က ၄၀%၊ အိုးရန်မိသားစုက ၆၀% ရှယ်ယာထည့်ကြတာပေါ့။ အဲ့ဒါဆို အနာဂတ်ဝင်ငွေက ၄အချိူး၆နဲ့ ခွဲလို့ရသွားပြီ။”
“နင်ပဲ ပိုက်ဆံ မရှိဘူးဆို။” အိုးရန်လူလူ ဇဝေဇဝါဖြစ်သွားရသည်။
“ကျွန်တော် နည်းလမ်း ရှာပါမယ်။ ဒါပေမယ့် ကျွန်တော်က ငွေပဲ ထည့်နိုင်မှာ။ ကျန်တာတွေ လိုက်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။”
ထန်ရှု၏ထိုစကားအား ကြားလိုက်သည့် အိုးရန်လူလူ၏မျက်နှာလှလှထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထန်ရှုပေါ်တွင် ဖော်မပြနိုင်သော ယုံကြည်မှုရှိနေသည့် အိုးရန်လူလူသည် ခေါင်းညိတ်ပြလိုက်ရင်း
“အဲ့လိုမှဖြင့် ငါ ကျင်းမန်ကျွန်းကို အခုပြန်ပြီး အဖေနဲ့ ဒီအကြောင်း ဆွေးနွေးလိုက်ဦးမယ်။ အဖေ့ရဲ့သုံးသပ်နိုင်တဲ့စွမ်းရည်နဲ့ဆို ဒီဟာကို သူ သဘောတူလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”
ထိုသို့ ပြောပြီးနောက် သူမ၏အခန်းသို့ ချက်ချင်းပြန်ကာ အဝတ်အစားနှင့် အသုံးအဆောင်များ ထုတ်ပိုးပြီးနောက် အလျင်စလို ကားမောင်းသွားကာ တောင်တံခါးမှ ထွက်ခွာသွားတော့သည်။
သူမ၏လျင်မြန်ဖျတ်လတ်မှုနှင့် ဉာဏ်ရည်တို့သည် ထန်ရှု၏အကြိုက်နှင့် အများကြီးတူညီသည်။ ထိုသဘာဝစရိုက်ရှိသော လူတစ်ယောက်နှင့် ပူးပေါင်းရသည်မှာ အလွန်လွယ်ကူသည်ဟု သူ ခံစားရသည်။ ငွေအတွက်မူ သူသည် ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်သည်။
***
ကြယ်တာရာရှိ ကျန်းဂရု၏ဋ္ဌာနချုပ် အဆောက်အဦးတွင်..
ကျန်းသဲကျင်သည် သူမ၏ရုံးခန်းထဲတွင် မျက်မှောင်ကြုပ်ကာ ထိုင်နေသည်။ သူမ၏မျက်ဝန်းများတွင် စိုးရိမ်ပူပန်အား အထင်းသား တွေ့မြင်ရနိုင်ပေသည်။ သူမသည် ဖုန်းနံပါတ်တစ်ခုအား အကြိမ်ရေများစွာ ခေါ်ဆိုခဲ့သော်လည်း “လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ လတ်တလောတွင် ခေါ်ဆိုမရနိုင်ပါ” ဟုသည့် တုံ့ပြန်မှုသည်သာ အကြိမ်တိုင်း ရနေခဲ့သည်။
“ဒေါက်…ဒေါက်…”
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဖွင့်ထားသော တခါးကျယ်ကြီး၏အရှေ့တွင် ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့သည် ပြုံးလျက် မတ်တတ်ရပ်လျက်ရှိနေသည်။ ထိုနှစ်ယောက်အား မြင်သည်နှင့် ကျန်းသဲကျင်သည် ချက်ချင်း ထွက်သွားလိုက်ကာ လေးနက်စွာ မေးလိုက်သည်။
“နင်တို့နှစ်ယောက် အချိန်ကိုက် ရောက်လာတာပဲ။ အခုပဲ နင်တို့ဆီ ဖုန်းဆက်တော့မလို့။ ဒါနဲ့ ယုံကျင်း ဘယ်မှာလဲ။ နင်တို့နဲ့ မရှိဘူးလား။”
ဟုဝမ်ကျွင်းသည် အံ့အားသင့်စွာဖြင့်
“အစ်မကြီ သဲကျင်… ကျွန်တော်တို့လည်း ယုံကျင်းကို ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ သူ့ကို မတွေ့လို့။ ဖုန်းအဆက်အသွယ်လည်း မရဘူး။ ကျွန်တော်တို့ အကြိမ်များစွာ ခေါ်ခဲ့တယ်။ အာ.. အစ်မကြီးလည်း သူ့ကို ရှာမတွေ့ဘူးလား။”
ကျန်းသဲကျင်၏အမူအရာသည် မှုန်မှိုင်းသွားရပြီး ဆောက်တည်ရာမရမှုသည် သူမ၏စိတ်နှလုံး အတွင်းတွင် ပိုကြီးမားလာလေတော့သည်။ သူမ၏မောင်ဖြစ်သူ ကျန်းယုံကျင်းအား မြောက်ပိုင်းကျန်းစုရှိ သူမ၏အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ထံသို့ ပို့ဆောင်ကာ နေထိုင်စေခဲ့သည်။ ထိုနေရာသို့ ရောက်သည့် ပထမနေ့တွင် သူသည် အဆင်ပြေပြေ ကောင်းမွန်စွာ စားသောက်နေထိုင်ပြီး သူမ၏သူငယ်ချင်းစကားအား နားထောင်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်၂ရက်ကစပြီး သူမသည် ကျန်းယုံကျင်းနှင့် အဆက်အသွယ်မရရုံသာမက သူမ၏သူငယ်ချင်းဖြစ်သူနှင့်ပါ အဆက်အသွယ်မရတော့ပါချေ။ သူမသည် လူတစ်ယောက်အား မြောက်ပိုင်းကျန်းစုသတင်းအား စုံစမ်းခိုင်းခဲ့သော်လည်း မည်သည့်သတင်းမှ ပြန်မရခဲ့ပေ။ သူငယ်ချင်းဖြစ်သူ၏အိမ်တွင် လူတစ်ယောက်မှ မရှိတော့သည့်ဟန်ရှိသည်။
ရွှဲ့ရန်ဖေး စကားစလိုက်သည်။
“အစ်မကြီး သဲကျင်… ယုံကျန်း ကျွန်တော့်ကို ဆက်သွယ်တဲ့နောက်ဆုံးအကြိမ်က သူက မြောက်ပိုင်းကျန်းစုမှာ အချိန်ခဏလောက် နေရဦးမယ်တဲ့၊ တစ်ပတ်လောက်ကြာရင် ပြန်လာမယ်လို့တော့ ပြောတာပဲ။ သူ အဲ့ဒီမှာရော ရှိသေးရဲ့လား။”
ကျန်းသဲကျင် ခေါင်းကိုသာ ယမ်းပြလိုက်ရင်း
“သူ မြောက်ပိုင်းကျန်းစုကို သွားခဲ့ပေမယ့် အစ်မနဲ့ အခု အဆက်အသွယ် ပြတ်နေတယ်။ အစ်မ သူ့ကို အစ်မရဲ့သူငယ်ချင်းကောင်းဆီ လွှတ်လိုက်တာပဲ။ အခု သူမကိုတောင် ဆက်သွယ်လို့မရတော့ဘူး။ တစ်ယောက်ယောက်က သူ ဘယ်မှာရှိနေလဲ စုံစမ်းပြီး သူနဲ့အစ်မသူငယ်ချင်းကိုပါ ပြန်ပေးဆွဲသွားတယ်လို့ အစ်မ သံသယဖြစ်နေတယ်။”
ဟုဝမ်ကျွင်းနှင့် ရွှဲ့ယမ်ဖေးတို့သည် မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်သည်။
“ဘယ်ခွေးမသားက ဒါကို လုပ်တာလဲ။” ဟုဝမ်ကျွင်း အမြန် မေးလိုက်သည်။
“ထန်ရှုရဲ့လူတွေ လုပ်တာလို့ အစ်မ သံသယရှိတယ်။ သူတစ်ယောက်တည်းပဲ အစ်မတို့နှင့် အမုန်းတရား ရှိတာ။” ကျန်းသဲကျင် အေးစက်စွာ ပြောလိုက်သည်။
“ထန်ရှုလား။ သူ ဒါကို လုပ်ရဲပါ့မလား။ သူက သိုင်းပညာလေး မတောက်တခါက် တတ်မြောက်ထားပြီးတော့ လုံမိသားစုကို မှီခိုနေရတဲ့ကောင်။”
ကျန်းသဲကျင်သည် မည်သည့်စကားမျှ မဆိုပေ။ သူမသည် တောင်တံခါးအိမ်ရာတွင် စုံစမ်းထောက်လှမ်းရန် လူအများကို လွှတ်ထားခဲ့ပြီး ထိုသူများမှတဆင့် ထန်ရှုသည် အိမ်ရာဝင်းအပြင် မထွက်သည်မှာ တစ်ပတ်ကျော်ပြီဖြစ်ကြောင်း သိခဲ့ရသည်။
တောင်တံခါးအိမ်ရာအပြင်ဘက်တွင် သေဆုံးခဲ့သည့် လူ၃ဦးသည် အမှန်တကယ်ပင် ပြည်ပမှလာသော လုပ်ကြံသူများ ဖြစ်ကြောင်း သူမ သိရှိခဲ့ပြီးဖြစ်သည်။ ထိုသူများအား သတ်ဖြတ်သူမှာ ထန်ရှု ဖြစ်သည်ဟုပင် သူမ သံသယရှိနေပြီဖြစ်သည်။ သူမသည် ကြားခံလူအား ဆက်သွယ်သော်လည်း မည်သို့မျှ ဆက်သွယ်မရသောကြောင့် ထိုသူလည်း မတော်တဆမှုတစ်ခုခု ကြုံနေပြီဟု သူမ သံသယဖြစ်ခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်များသည် သူမအတွက် ကောင်းသည့်အရာမဟုတ်သည်မှာ သေချာပေါက် ဖြစ်လေတော့သည်။
ကြယ်တာရာ ပြည်သူ့လုံခြုံရေးဗျူရို…
မှုခင်းအရာရှိများသည် စာရွက်စာတမ်းများ ကိုင်ကာ ဝင်လိုက်ထိုင်လိုက်ဖြင့် မှုခင်းရဲတပ်ဖွဲ့သည် အဆက်မပြတ် စည်ကားအလုပ်များနေသည်။ ရုံးခန်းတစ်ခုအတွင်းတွင် သန်ကျင်းမင်သည် သုန်မှုန်သော မျက်နှာဖြင့် စီးကရက်ဖွာလျက်ရှိနေသည်။ ချန်းရွှဲ့မေသည်လည်း လက်ဘက်ရည်တစ်ခွက် ကိုင်ကာ နက်နက်နဲနဲ စဉ်းစားနေသည့်ပုံပေါ်သည်။
“ထိပ်သီးပိုင်းက ငါတို့ကို ၃ရက်အတွင်း လူသတ်သမားကို ဖော်ထုတ်ခိုင်းထားတာ အခု ဘယ်နှစ်ရက် ကုန်သွားပြီလဲ။ ငါတို့ သဲလွန်စတောင် မရသေးဘူးမဟုတ်လား။ ငါတို့လူသတ်မှုနောက်ကို လိုက်တဲ့ ဖြစ်စဉ်ကို ဘယ်လို အစီရင်ခံကြမတုန်း။ ခေါင်းဆောင်ချန်း.. ဒါဟာ ငါတို့ရဲ့စဉ်းစားတဲ့နည်းလမ်းကို ပြောင်းသင့်ပြီဆိုတဲ့အကြောင်းပဲ။ သံသယရှိတဲ့ လူတွေကို ထပ်ပြီး အာရုံမစိုက်နိုင် မစောင့်ကြည့်နိုင်တော့ဘူး။ ပိုပြီး အရေးကြီးတာက ဒီပြည်ပလုပ်ကြံသူတွေကို ငှားခဲ့တဲ့သူကို အာရုံစိုက်ရလိမ့်မယ်။”
ချန်းရွှဲ့မေ မချိပြုံး ပြုံးလိုက်ပြီး
“အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ ဒီလုပ်ကြံသူတွေအကြောင်း သိပြီးပါပြီ။ သူတို့က လုပ်ကြံသူအဖွဲအစည်းအသေးက လာပြီးတော့ တစ်ဖွဲ့လုံးမှ လူဒါဇင်အနည်းငယ်ပဲ ရှိတယ်။ အဲ့ဒီအချိန် ၃ယောက်က ရုတ်တရက် သေသွားပြီး နောက်ကွယ်က ခိုင်းစေသူကို စုံစမ်းဖို့ အခွင့်အရေးလည်း ပိတ်သွားခဲ့တယ်။ ကြားခံလူကလည်း ရုတ်တရက် ပျောက်သွားပြီး ပုန်းအောင်းနေတယ်။ ကျွန်မတို့ အဲ့ဒီအဖွဲ့ဆီက စုံစမ်းရင်တောင် အသုံးဝင်တဲ့သတင်း ရလာမှာ မဟုတ်ဘူး။”
သန်ကျင်းမင် ခေါင်းယမ်းလိုက်ရင်း
“မဟုတ်သေးဘူး။ ငါတို့ အဲ့ဒီကနေ သဲလွန်စအချို့ရနိုင်တယ်လို့ ငါထင်တယ်။”
“ဒါရိုက်တာ သန်… ဘာသဲလွန်စလဲ။” ချန်းရွှဲ့မေ၏စိတ်တို့ တက်ကြွလာကာ အမြန် မေးလိုက်သည်။
“သူတို့ ငါတို့နိုင်ငံထဲ ဘယ်လိုဝင်ပြီး ကြယ်တာရာကို ဘယ်လို ချောချောမွေ့မွေ့ ရောက်သလဲဆိုတာကိုပေါ့။” သန်ကျင်းမင် ပြောလိုက်သည်။
“ဒါရိုက်တာ ဆိုလိုတာက ဒီလူတွေကို ငှားတဲ့ လက်မည်းကြီးက ကြယ်တာရာက လူလို့ ဆိုလိုတာလား။ အဲ့ဒီလူက ဒီလူတွေကို နိုင်ငံထဲ ဝင်နိုင်အောင်နဲ့ ကြယ်တာရာကို လာနိုင်အောင် ကူညီပေးခဲ့တာပေါ့ ဒါဆိုရင်..” ချန်းရွှဲ့မေ၏မျက်လုံးများ အရောင်လက်လာပြီး ရုတ်ခြည်းပင် မတ်တတ်ရပ်လိုက်ကာ ပြောလိုက်သည်။
“မှန်တယ်။ ဒီလူတွေကို လုပ်ကြံဖို့ ငှားပြီးတော့ အဲ့ဒီအတွက် ပိုက်ဆံပေးချေရမယ်။ ပစ်မှတ်က တစ်ခုပဲရှိတော့တယ်။ သူတို့ကို ငှားတဲ့သူကို ငါတို့ ရှာရမယ်။ ဒီလူတွေကို သတ်တဲ့သူကို ငါတို့ မရှာနိုင်သလို အဲ့ဒီလူရဲ့အဖိုးတန် သဲလွန်စလည်း ဘာတစ်ခုမှ မရနိုင်ဘူး။ ဒီတော့ ငါတို့ စဉ်းစားတဲ့နည်းလမ်းကို ပြောင်းပြီးတော့ ငှားတဲ့သူဆီ အာရုံစိုက်ကြည့်ရအောင်။ အဲ့ဒီတော့ ပြင်ပကနေ ကြယ်တာရာကို ဝင်ရောက်နိုင်တဲ့ လေဆိပ်၊ ဘတ်စကားဂိတ်တွေနဲ့ တခြား ကူးသန်းနိုင်တဲ့ လမ်းကြောင်းတွေကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်”
ချန်းရွှဲ့မေ လက်ဖက်ရည်ပန်းကန်ကို အောက်ချလိုက်ပြီး တုံ့ပြန်လိုက်သည်။
“အရာရှိတစ်ချို့ကို ဦးဆောင်ပြီး ကျွန်မကိုယ်တိုင် သွားလိုက်မယ်။”
“နေဦး။ ခေါင်းဆောင်ချန်းက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ရမယ်။ သူတို့ ဘယ်မြို့မှ အခြေစိုက်တာလဲဆိုတာကို ရှင်းလင်းအောင်မေးပြီးမှ လုပ်ဆောင်ရင် ငါတို့ စုံစမ်းမှုက ပိုပြီး မြန်ဆန်လာလိမ့်မယ်။” သန်ကျင်းမင် ပြောလိုက်သည်။
***