သတင်းကောင်း
Vol. 05 Ch. 201
နောက်တစ်နေ့ နေ့လည်ဘက်တွင်…
ထန်ရှုသည် တောင်တံခါးအိမ်ရာမှာ တိတ်တဆိတ် ထွက်ခွာကာ ချူမိသားစုနှင့် ပိုင်မိသားစုမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှင့် သွားတွေ့ခဲ့သည်။ နာရီဝက်ကြာသော လျှို့ဝှက်ဆွေးနွေးမှုအပြီးတွင် ထိုနှစ်ယောက်သည် ပေကျင်းမြို့သို့ ပြန်သွားခဲ့သည်။ နှစ်ဦးစလုံး၏အဖြေမှာ ဆွေးနွေးမှုအား သဘောတူညီသည်ဟုပင် ဖြစ်သည်။
အပျော်ဆုံးလူများမှာ ထန်ရှု မဟုတ်ဘဲ ချုယီနှင့် ပိုင်ထောင်တို့ ဖြစ်ကြပြီး ကြယ်တာရာသို့ အပြေးရောက်လာကြသည်။ ထိုနှစ်ဦးထံမှ ၎င်းတို့၏မိသားစုများသည် သူတို့အား မိသားစု၏အနာဂတ်ခေါင်းဆောင်အဖြစ် ပျိုးထောင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်ကို ထန်ရှု သိလိုက်ရပြီး ၈ဘီလီယံသည်လည်း သူတို့နှင့်အတူ တစ်ပါတည်း ယူဆောင်လာခဲ့သည်။
ညနက်နက်တွင် မာစီးဒီးဘင့်ကားတစ်စီးသည် တောင်တံခါးအိမ်ရာသို့ ရောက်လာပြီး ထန်ရှုသည် သူ၏အိမ် ပထမထပ်တွင် ခရီးသွားဝတ်စုံနှင့် ရှောင်မင်ကျန်းအား တွေ့ဆုံခဲ့သည်။
“ပြီးခဲ့တဲ့၂ရက်က ခင်ဗျား မြောက်ပိုင်းကျန်းစုကို ပြန်သွားတယ်လို့ ကျွန်တော် ကြားတယ်။ ဒီနေ့ ဘယ်လိုပြန်လာတာလဲ။”
ရှောင်မင်ကျန်း၏မျက်လုံးထောင့်တွင် ပျော်ရွှင်ရိပ်တို့အား မြင်နိုင်မည်ဖြစ်ပြီး
“ညီအစ်ကို ထန်… မင်း ဒီစကားကိုတော့ ကြားသင့်တယ်… မင်း မုန်းတီးတဲ့ အရာတစ်ခုကို ကြိုးစားရှာခဲ့ပေမယ့် မအောင်မြင်ဘူး ဒါပေမယ့် အဲ့ဒီအရာကို ချွေးတစ်စက်မှ မထွက်ဘဲ မတော်တဆနဲ့ တွေ့နိုင်တယ်ဆိုတာလေ။ ငါ အခု အမြန်ပြန်လာတာ မင်းကို သတင်းကောင်း ပြောမလို့။”
“ဘာသတင်းကောင်းလဲ။” ထန်ရှု ပဟေဠိ ဖြစ်သွားသည်။
“ငါ ယူလာတဲ့ ဗွီဒီယိုမှတ်တမ်းကို ကြည့်ပြီးရင် မင်း သိလာလိမ့်မယ်။” ရှောင်မင်ကျန်းသည် သူ၏ဖုန်းဖြင့် ဗွီဒီယိုတစ်ခုအား ပြလိုက်သည်။
ထန်ရှု ယူကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ကြိုးတုပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားမှာ ကျန်းယုံကျင်း ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားမိခဲ့ပါချေ။ ကျန်းယုံကျင်းအား မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် အခြားအင်အားစုများအား ကျန်းယုံကျန်းအား ကူရှာပေးပါရရန် အကြောင်းကြားခဲ့ရာတွင် ရှောင်မင်ကျန်းသည် မထင်မှတ်ဘဲ သူ့အား ရှာတွေ့လာခဲ့ခြင်းဖြစ်သည်။
“ခင်ဗျား ဘယ်လို ရှာတွေ့ခဲ့တာလဲ။ သူ့ဘေးက အမျိုးသမီးက ဘယ်သူလဲ။”
ရှောင်မင်ကျန်းသည် သူ၏ဖုန်းအား ပြန်သိမ်းလိုက်ရင်း ရွှင်မြူးစွာဖြင့်
“ပြီးခဲ့တဲ့၄ရက်လောက်က ငါ့လူတွေက အဖွဲ့သေးတစ်ဖွဲ့ ဖွဲ့ပြီး ဆုကြီးတစ်ခု ပေးနိုင်တဲ့ လောင်းကစားဝိုင်းတစ်ခု စီစဉ်ခဲ့တယ်။ အဲ့ဒီအမျိုးသမီးက မြောက်ပိုင်းကျန်းစုရဲ့ဖန်းမြို့က စုန့်ဟောင်လို့ ခေါ်တဲ့ နာမည်ကြီး လောင်းကစားဝါသနာအိုးတစ်ယောက်ပဲ။ ဒီပွဲမှာ သူမက ၂မီလီယံနိုင်ပြီးတော့ ကျန်းယုံကျင်းက ၁၀မီလီယံ ရှုံးနေခဲ့တယ်။ နောက်တော့ သူတို့နှစ်ယောက်က ကာစီနိုကနေ အတိုးမြင့်မြင့်နဲ့ ၆မီလီယံ ချေးယူခဲ့တယ်။ အဲ့ဒီနောက် လောင်းကစားပွဲမှာ စုန့်ဟောင်က လိမ်ကစားနေတာကို တွေ့ခဲ့လို့ ငါ့အောက်က အဖွဲ့လေးခေါင်းဆောင်က သူတို့နှစ်ယောက်ကို ဖမ်းထားလိုက်တာပဲ။”
“မူလ ကာစီနိုထုံးစံအရဆိုရင် သူတို့ရဲ့မိသားစုတွေကို ဆက်သွယ်ပြီး ပိုက်ဆံနဲ့ လာရွေးခိုင်းတာ။ ဒါပေမယ့် ငါ့အောက်က အဖွဲ့လေးခေါင်းဆောင်က စုန့်ဟောင်လှတာ သတိပြုမိတော့ သူနဲ့ လတစ်ဝက်လောက် အဖော်လုပ်ပေးစေချင်ခဲ့တာ။ အဲ့ဒီကျန်းယုံကျင်းက ကံမကောင်းချင်တော့ ကာစီနိုအခန်းထဲမှာ အဖမ်းခံထားရပြီး ၂ရက်လောက် အစာငတ်ရေငတ်ထားခံရတယ်လေ။”
“ငါ မြောက်ပိုင်းကျန်းစုကို လွန်ခဲတဲ့၂ရက်လောက်က ပြန်သွားတဲ့အကြောင်းက ကြီးကျယ်တဲ့အနောက်မြောက်အရပ်ကလာတဲ့ ငါ့သူငယ်ချင်းဟောင်းတစ်ယောက်က ငါ့ကို လာရှာပြီး ရှေးဟောင်းနှောင်းဖြစ် ပြောကြတယ်။ သူကလည်း လောင်းကစား ဝါသနာပါတော့ သူနဲ့အဖော်လိုက်သွားရင်း ဒီကိစ္စကို သိခဲ့တာ။ ဒီကျန်းယုံကျင်းဆိုတဲ့ နာမည်ကို ရင်းနှီးနေတယ်ဆိုပြီးပေါ့။ အဲ့ဒီအချိန်တုန်းကတော့ ငါ အရေးတယူ မလုပ်ခဲ့ဘူး။ ဒါပေမယ့် သူက ကြယ်တာရာက ချမ်းသာပြီး လေးစားရတဲ့ မိသားစုက ဆင်းသက်လာတယ်လို့ ငါ ကြားတော့ ဒါကို ချက်ချင်း လှုပ်ရှားလိုက်တာပဲ။”
ရှောင်မင်ကျန်းသည် ပျော်ရွှင်စွာဖြင့် စကားဆက်တိုက် ပြောနေရင်းမှ စီးကရက်အား မီးညှိကာ ဖွာရှိုက်လိုက်သည်။ ထို့နောက် သူသည် ပြုံးရင်းဖြင့်
“ငါတို့ သူ့ကို ကြယ်တာရာမှာရော ကြယ်တာရာအနီးတစ်ဝိုက်က မြို့တွေမှာရော အချိန်ကြာကြီး ရှာခဲ့ပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး။ စဉ်းစားကြည့်ရင် သူက ငါ့နေရာမှာ ပုန်းအောင်းဖို့ ရောက်လာခဲ့တာကိုက သနားစရာအဖြစ်ကို ရောက်သွားတော့တာပဲ။ ကဲ..ညီအစ်ကိုထန်.. မင်း ရှာခိုင်းတဲ့လူ တွေ့လာပြီဆိုတော့ သူ့ကို ဘာလုပ်မလဲဆိုတာတော့ မင်းအလှည့်ဖြစ်သွားပြီ။”
“သူ့ကို သတ်လိုက်။” ထန်ရှု တွေဝေခြင်းမရှိ ပြောလိုက်သည်။
“စုန့်ဟောင်ဆိုတဲ့ အမျိုးသမီးကိုရော..” ရှောင်မင်ကျန်း ခေါင်းညိတ်ကာ မေးလိုက်သည်။
“သူမအကြောင်း ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီလား။ ကျန်းယုံကျင်းနဲ့က ဘယ်လိုပတ်သက်မှုရှိလဲ။”ထန်ရှု မေးမြန်းလိုက်သည်။
“ငါ အဲ့ဒါကို သေချာအောင် လုပ်ပြီးသား။ စုန့်ဟောင်က မုဆိုးမတစ်ယောက်ဖြစ်ပြီးတော့ ကျန်းသဲကျင်ရဲ့အတန်းဖော် ညီအစ်ကောင်းတွေပဲ။ ကျန်းယုံကျင်း မြောက်ပိုင်းကျန်းစုကို သွားရတဲ့အကြောင်းက စုန့်ဟောင်နဲ့အတူ နိုင်ငံရေးခိုလှုံခွင့် ရှာဖို့ပဲ။”
“နိုင်ငံရေးခိုလှုံခွင့် ရှာဖို့ ဟုတ်လား။” ထန်ရှု ပဟေဠိ ဖြစ်သွားရသည်။
ရှောင်မင်ကျန်းသည် ပြုံးလိုက်ရင်း
“ဟေး… မင်းက သူတို့ကို ကြောက်လန့်စေခဲ့တဲ့သူလေ။ လုပ်ကြံသူ၃ယောက်ကို သတ်ခဲ့တာလေ မင်းပဲလေကွာ။ ကျန်းသဲကျင်က သောက်ကျိုးနည်းကို ကြောက်လန့်နေတာ။ မင်း လက်စားချေမှာကို ထိတ်လန့်လို့ သူမရဲ့မောင်ငယ်လေးကို သူငယ်ချင်းကောင်းရှိတဲ့ ကျန်းစုကို လွှတ်လိုက်တာ။ ဒါပေမယ့် စုန့်ဟောင်ကလည်း ဖြူစင်ရိုးသားတဲ့သူ မဟုတ်ပါဘူး။ သူမက ကျန်းယုံကျန်းနဲ့တောင် အိပ်ပြီးပြီ။”
“အဲ့လိုမှဖြင့် သူမကိုပါ သတ်လိုက်တော့။ ဒီကိစ္စကို ပျံ့သွားတာ ကျွန်တော် မလိုချင်ဘူး။” ထန်ရှု ပြောလိုက်သည်။
ရှောင်မင်ကျန်း ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ဖုန်းကို ထုတ်ကာ ဆက်လိုက်သည်။ အမိန့်အချို့ပေးပြီးနောက် ဖုန်းပြန်ချလိုက်ကာ
“စကားမစပ်… ငါ ကြယ်တာရာဆီလာတဲ့လမ်းမှာ ညီအစ်ကိုမြောင်ကို ဖုန်းဆက်တယ်။ ငါတို့အစီအစဉ်က ပြီးခါနီးပြီလို့ သူ ပြောတယ်။”
“ဟုတ်တယ်။ ကျန်းတွေ ထောင်ချောက်ထဲ ရောက်သွားပြီ။ သူတို့ ပြန်နောက်ဆုတ်ရင်တောင်မှ အရမ်းနောက်ကျသွားပြီလေ။ ဦးလေးလုံနဲ့ ညီအစ်ကို မြောင်က အမှန်တကယ်ကို အဆုံးသတ်ချင်နေတာ။ ဒါပေမယ့် ကျွန်တော်က စီးပွားရေးကိစ္စတွေမှာ အများကြီး အကျွမ်းတဝင် မဖြစ်တော့ ကျန်းတွေရဲ့ ထိပ်သီးပိုင်းကို ဖမ်းဖို့ ကျွန်တော့်လူတွေကို လွှတ်ထားဖို့ပဲ တာဝန်ရှိတယ်။”
ရှောင်မင်ကျန်း၏မျက်လုံးအစုံသည် ကျဉ်းမြောင်းသွားသည်။ ထိုမျက်ဝန်းများထဲမှ အရောင်တစ်ချက် လင်းလက်သွားပြီး သူသည် လေးနက်သောအသံဖြင့်
“ငါလည်း ငါ့လူတွေကို သူတို့ကို စောင့်ကြည့်ဖို့ လွှတ်ထားတယ်။ အချိန်မရွေး လှုပ်ရှားဖို့ အဆင့်သင့်ပဲ။”
“ဒါနဲ့ ကျန်းမိသားစုမှာ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတဲ့အထဲမှာ ဖျော်ဖြေရေးလုပ်ငန်းလည်း ပါတယ်။ အိုးရန်မိသားစုနဲ့ ခင်ဗျားက ဒီလုပ်ငန်းမျိုးတွေ လုပ်တတ်တော့ ခင်ဗျားတို့၂ယောက် ခွဲယူလို့ရတယ်။” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။
“ကြယ်တာရာထိတော့ မလုပ်ချင်ပါဘူး။ အိုးရန်မိသားစုကိုပဲ ပေးလိုက်ပါ။” ရှောင်မင်ကျန်း ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။
၂ရက်ကြာပြီးနောက်…
စီမံကိန်း၏အကြီးအကဲဖြစ်သူ ခန်းရှဆီမှ လာသော အမိန့်အရ ပြည့်စုံသော တိုက်ခိုက်မှုတစ်ခုသည် ကျန်းမိသားစု၏စီးပွားရေးလုပ်ငန်းများပေါ်သို့ သက်ရောက်လာခဲ့သည်။ အထူးသဖြင့် အချို့သူများသည် အိမ်ခြံမြေစီးပွားရေးလုပ်ငန်းထဲရှိ ဆောက်လုပ်မှု အရည်အသွေးအတွက် ပြသနာများ စတင်ဖန်တီးရန် ကြိုတင်ကြံစည်ခြင်းခံရသည်။ တစ်ချိန်တည်းမှာပင် ကျန်းမိသားစု ပိုင်ဆိုင်သည့် ဖျော်ဖြေရေးလုပ်ငန်းများအားလုံးသည် နိုင်ငံခြားသားဝန်ထမ်းများ၏ပြသနာကြောင့် အခက်တွေ့နေရသည်။ ထို့ပြင် ကျန်းမိသားစုမှ ဝန်ထမ်းတော်တော်များများသည် ရုတ်တရက် အလုပ်ထွက်သွားကြသည်။ ကျန်းမိသားစု၏ ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် ဆိုးရွားသော လုပ်ရပ်များသည် အတိုင်ကြားခံရသောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုအဖွဲ့အစည်းမှပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပြီဖြစ်သည်။ အင်တာနက်ပေါ်မှ အဓိကဖိုရမ်များထဲရှိ သတင်းများသည် ကျန်းမိသားစုအား အသရေပျက်စေ၊ ပေါက်ကွဲစေသော သတင်းများသာ ဖြစ်ပြီး နိုင်ငံအနှံ့ လွှမ်းမိုးနိုင်သောအရှိန်ဖြင့် ပျံ့နှံ့သွားတော့သည်။
ကျန်းအုပ်စု၏ရုံးချုပ်…
ကြီးမားကျယ်ပြန့်သော ရုံးခန်းထဲတွင် ကျန်းဖုန်းရှန့် ရှိနေပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ ခံလိုက်ရေသာကြောင့် သူ၏နဖူးမှ သွေးကြောစိမ်းများသည် ထောင်နေကာ မျက်နှာတစ်ခုလုံးသည် ဒေါသကြောင့် နီရဲနေခဲ့သည်။ သူသည် ဒေါသတကြီး ပစ္စည်းများကို ချေမွနေပြီး သူ၏အရှေ့မှ ထိပ်ပိုင်းခေါင်းဆောင်များအား ဝံပုလွေတစ်ကောင်ကဲ့သို့ ကြည့်လိုက်ကာ အော်ဟစ်လိုက်သည်။
“ချီးပဲ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ပြောစမ်း။ ဘယ်ကောင်က ငါ့ရဲ့ကျန်းမိသားစုကို ပစ်မှတ်ထားနေတာလဲ။ ဘယ်သူက ငါ့ကျန်းဂရုကို ချိန်ရွယ်နေတာလဲကွ။”
ထိပ်ပိုင်းခေါင်းဆောင်များသည် ခေါင်းကိုသာ ငုံ့ထားကြပြီး စကားတစ်ခွန်းမျှပင် မထွက်ကြချေ။ သူတို့ မသိချေ။ သူတို့အကြားတွင် ယေဘုယျတွေ့ရှိချက်များသာ ရှိသည်။ အဖြစ်အပျက်သည် အလွန်မြန်ဆန်လွန်းလှသောကြောင့် ထိုအရာသည် ကြိုတင်ကြံစည်ထားမှုသာ ဖြစ်ပေလိမ့်မည်။ ကျန်းဂရု၏ အိမ်ခြံမြေလုပ်ငန်းများ၊ ရုံးခွဲများနှင့် အခြားလုပ်ငန်းများအားလုံးသည် တစ်နေ့တည်းမှာပင် ပိတ်ဆို့ခြင်းခံလိုက်ရသည်။ အဓိက မိတ်ဖက်စီးပွားရေး ပါတနာများသည် ကျန်းဂရုအား ဆက်သွယ်လာကြပြီး နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ရှိတော့မည် မဟုတ်ကြောင်း အကြောင်းကြားလာကြသည်။ သတင်းများသည် နှင်းချပ်လေးများ ကျလာသည့်နှယ် တဖွဲဖွဲ ဖြစ်နေတော့သည်။
“ဒေါက်…ဒေါက်…”
ထိုခဏတွင် ရုံးခန်းတံခါး ခေါက်သံကြားရပြီး ကျန်းသဲကျင်သည် အခန်းတွင်း ဝင်လာခဲ့သည်။ ဒေါသထွက်နေသော ဖခင်ဖြစ်သူ ကျန်းဖုန်းရှန်အား ကြည့်ပြီး သူမ၏မျက်နှာလေးသည် ဖြူဖျော့သွားတော့ကာ
“အဖေ… ဘဏ်က အခုပဲ ဖုန်းဆက်တယ်။ ချေးငွေသက်တမ်း ပြည့်သွားပြီမို့ ပြန်ဆပ်စေချင်တယ်တဲ့။ အစတုန်းက ဥက္ကဋ္ဌလျူက ဆပ်ငွေနောက်ကျတာကို သဘောတူထားပြီးပြီပေမယ့်…”
ကျန်းဖုန်းရှန့် အသက်ရှူရပ်သွားသည့်နှယ် ခံစားလိုက်ရပြီး သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် ဥက္ကဋ္ဌလျူနှင့် အထူးကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်။ အခြားသူများမှ ချေးငွေမှာ သူ၏ကျန်းဂရုနှင့် နှိုင်းယှဉ်နိုင်မည်ပင် မဟုတ်ချေ။
ဘာကြောင့် သူလည်း ?
ကျန်းဖုန်းရှန့်သည် သူ၏ဖုန်းအား ကောက်ယူလိုက်ကာ ဥက္ကဋ္ဌလျူဆီ ဆက်လိုက်သည်။ အတန်ငယ် ကြာသွားပြီးနောက် တိုးတိတ်နက်ရှိုင်းသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဟယ်လို… လျူချန်းဂျန် ပြောနေပါတယ်။”
သူ၏အသံအား ကြားလိုက်သည်နှင့် ကျန်းဖုန်းရှန့်၏စိတ်နှလုံးထဲတွင် ဆိုးရွားသော ခံစားချက်တို့သည် ပိုမို ကြီးထွားလာခဲ့သည်။ ကျန်းဖုန်းရှန့်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးမှ
“အစ်ကိုလျူ… ဘာတွေ ဖြစ်နေတာလဲဗျာ။ အခုပဲ ကျွန်တော့်သမီး သဲကျင်ဆီက ကြားလာတာ။ ကျွန်တော်တို့ ချေးငွေကို အမြန်ဆုံး ပြန်ဆပ်ရမယ်ဆို။ အရင်က ကျွန်တော်တို့ ညီအစ်ကို၂ယောက်ရဲ့သဘောတူညီမှုက မရှိတော့ဘူးလား။ အတိုးရော အရင်းရော ပြန်ဆပ်ဖို့ ၆လပဲ အချိန်ရတာလား။”
“ညီအစ်ကိုကျန်း… အမှန်အတိုင်း ပြောရရင် ဒီအမိန့်က အထက်ကလာတာမို့ ငါလည်း လှုပ်လို့မရဘူးကွာ။ အဲ့ဒါကြောင့် မင်းတို့ ကျန်းမိသားစု ပေးစရာရှိတာ အမြန်ဆုံး ပြန်ပေးလိုက်ပါ။ နို့မို့ဆိုရင် ငါလည်း အကျပ်အတည်း အခြေအနေထဲ ရောက်သွားတော့မှာ။”
ခြောက်သွေ့ကာ စိတ်ပျက်နေသောအသံသည် ဖုန်းထဲမှ ထွက်လာခဲ့သည်။
“အစ်ကိုလျူ… လတ်တလောကမှ စီမံကိန်းကြီးတစ်ခုတည်းကို ကျွန်တော် အများကြီး ရင်းနှီးမြှုပ်နှံလိုက်တာ အစ်ကို ကြားမယ်ထင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ငွေတွေအများစုက အဲ့ဒီအထဲ ဝင်ကုန်ပြီလေဗျာ။ ကျွန်တော့်ကို ဖြေရှင်းဖို့နည်းလမ်း ကူရှာပေးပါဦး။ စီမံကိန်းတည်ငြိမ်သွားတာနဲ့ ကျွန်တော် ချက်ချင်း ပြန်ဆပ်မှာပါ။ အစ်ကို့ကိုလည်း အရင်က ပေးထားတဲ့ကတိထက် ၂ဆပေးပါမယ်။” ကျန်းဖုန်းရှန့် ပြောလိုက်သည်။
“ညီအစ်ကို ကျန်း… ငါ မလုပ်ပေးချင်တာမဟုတ်ဘူး။ အမှန်တကယ်ကို ငါ ဘာမှ လုပ်လို့မရတာပါ။ အာ… ငါ အခြားကိစ္စတစ်ခု လုပ်ဖို့ ရှိနေလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်။ ဒီလကုန် ပြန်ဆပ်ဖို့ ငါ မျှော်လင့်ပါတယ်။”
ဖုန်းချသွားသံကို ကြားလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်နေသော အမူအရာအား ကျန်းဖုန်းရှန့်ထံတွင် တွေ့နိုင်မည်ဖြစ်လေသည်။ ဘဏ်တွင် ပြသနာတစ်ခု ရှိနေသည်ကို သူ သေချာပေါက် ပြောနိုင်လေသည်။ ဥက္ကဋ္ဌလျူအား အကျိုးအမြတ် ပေးခဲ့လျှင်တောင်မှ ချေးငွေအား နည်းနည်းလေးမှ နောက်ကျခံ ဆပ်ရလိမ့်မည်မဟုတ်ပါချေ။
သို့သော်လည်း သူ မကြောက်ရွံ့ချေ။ သူ၏လက်ထဲတွင် အသုံးမပြုဘဲ ထားထားသော ၅ဘီလီယံနီးပါး ရှိနေသေးသည်။ ဟုမိသားစုနှင့် ရွှဲ့မိသားစုဆီမှ ရထားသည့် ၄ဘီလီယံထက် မလျော့သော အခြားငွေကြေးသည်လည်း ရှိသေးသည်။ အခုအချိန်တွင် သူ့အနေဖြင့် မည်သည့်အင်အားစုမှ ကျန်းမိသားစုအား ဆန့်ကျင်နေသည်ကို သေချာပေါက် သိလိုလှပေသည်။
လုံမိသားစုက ကျန်းမိသားစုအား အကွက်ချနေသည်များဖြစ်နိုင်မလား…
ကျန်းဖုန်းရှန့် မျက်မှောင်ကြုပ်လိုက်မိသည်။ လုံဟန်ဝမ်အား ဖုန်းခေါ်တော့မည့်ဆဲဆဲတွင် သူ၏ဖုန်းသည် ရုတ်တရက် မြည်လာခဲ့လေသည်။
“ခန်းရှလား…”
ကျန်းဖုန်းရှန့်၏နှလုံးသား လှုပ်ရှားသွားရပြီး ချက်ချင်းပင် ဖုန်းကိုင်ကာ
“ကျန်းဖုန်းရှန့် ပြောနေပါတယ်။ အကြီးအကဲ ခန်း… ဘာများ ဖြစ်လို့လဲ။”
ခန်းရှ၏အေးစက်တင်းမာနေသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာပြီးလျှင်
“သူဋ္ဌေးကျန်း… ကျွန်မတို့ စီမံကိန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒါရိုက်တာက ရှင့်ရဲ့ဒုတိယညီလေး ကျန်းဖုန်းမင်လား။”
မကောင်းသော ခံစားချက်တို့သည် ကျန်းဖုန်းရှန့်၏စိတ်နှလုံးတွင် တစ်ဖန်ဖြစ်ပေါ်လာပြီးလျှင်
“ဟုတ်တယ်။ ကျန်းဖုန်းမင်က ငါ့ရဲ့ ဒုတိယညီလေးပါ။ အကြီးအကဲ ခန်း ရုတ်တရက် ဘာကြောင့် မေးတာလဲ။”
“မနေ့က ဘဏ္ဍာရေးဋ္ဌာနက ကျန်းဖုန်းမင်ရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ အရေးကြီး ဝန်ထမ်း၅ဦးက ကျွန်မတိုစီမံကိန်းငွေစာရင်းထဲက ငွေအားလုံးကို ဆွစ်ငွေစာရင်းတစ်ခုကို လွှဲလိုက်တယ်။ အခု သူတို့အားလုံး သဲလွန်စမကျန်အောင် ပျောက်ကွယ်နေကြပြီ။ သူတို့ ငွေကြေးနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကျွန်မ သံသယရှိတယ်။ ဒီဟာကို ရဲကိုလည်း ကျွန်မ အကြောင်းကြားထားတယ်။ ဒါပေမယ့် ကျွန်မ အံ့သြတာက ရှင်တို့ကျန်းမိသားစုက ကိုယ့်ဘာသာ ၁-၂ဘီလီယံ သိမ်းထားချင်တာလား။” ခန်းရှ အေးစက်စွာ ပြောလိုက်သည်။
“ဘာ” ကျန်းဖုန်းရှန့်၏ကိုယ်လုံး တုန်ရီသွားကာ မျက်လုံးများပင် ထွက်ကျလုနီးပါး ဖြစ်သွားရသည်။ အကြောက်တရားသည် သူ၏စိတ်နှလုံးတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ကျန်းဖုန်းမင်လား… ဒီကောင် ဘာကြောင့် ဒီလိုတောင် လုပ်ရဲရတာလဲ။
ကျန်းဖုန်းရှန့်၏ကိုယ်သည် ဒယိမ်းဒယိုင် ဖြစ်လာကာ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ရသည်။ ရုတ်ခြည်းပင် သူသည် ဖုန်းအား ဆွဲယူကာ ကျန်းဖုန်းမင်၏ဖုန်းအား ဆက်လိုက်သော်လည်း ဖုန်းပိတ်ထားသည်ဟူသော တုံ့ပြန်မှုသာ သူ ရရှိလိုက်လေတော့သည်။
***