← Chapters

အဆုံးသတ်

Vol. 05 Ch. 202

အဆုံးသတ်

Vol. 05 Ch. 202

ကျန်းဖုန်းရှန့်၏ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာအား ကြည့်ပြီး ကျန်းသဲကျင်သည် သူ၏အနီးသို့ အမြန် ရောက်လာကာ မေးလိုက်သည်။

“အဖေ ဘာဖြစ်လို့လဲ။”

ကျန်းဖုန်းရှန့် ခက်ခက်ခဲခဲ မော့ကြည့်လိုက်ရသည်။ ကျန်းသဲကျင်၏စိတ်လှုပ်ရှားနေသော အမူအရာအား ကြည့်လိုက်ပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလာကာ ခါးသီးသော လေသံဖြင့်

“ခန်းရှ ငါ့ဆီ အခုပဲ ဖုန်းဆက်တယ်။ သမီးရဲ့ဒုတိယဦးလေးက စီမံကိန်းငွေအကောင့်ထဲက ၁-၂ဘီလီယံ ယူသွားတယ်တဲ့။ ကျန်တဲ့ပိုက်ဆံအားလုံးက ဆွစ်ငွေစာရင်းတစ်ခုထဲ အလွှဲပြောင်းခံလိုက်ရပြီတဲ့လေ။ အခု သူနဲ့ဘဏ္ဍာရေးဋ္ဌာနက ဝန်ထမ်းတစ်ချို့ ထွက်ပြေးသွားကြတယ်။ ဒီအမှုမှာ နောက်ကွယ်က ငါ စေခိုင်းတာဆိုပြီး ခန်းရှက ငါ့ကို စွပ်စွဲနေတယ်။ သူမက ရဲတောင် တိုင်ကြားလိုက်ပြီ။”

“ဘာ…” ကျန်းသဲကျင် တုန်လှုပ်ရလွန်းသဖြင့် သူမ၏ခြေလက်များပင် မခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

ကောင်းကင်များ ပြိုကျလေရော့သလား…

သူမ၏ဒုတိယဦးလေးသာ ဒါကို အမှန်တကယ်လုပ်ခဲ့ရင် ကျန်းမိသားစုအတွက် ဇာတ်သိမ်းသွားပြီလို့ ဆိုလိုသည်မှန်း ကျန်းသဲကျင် ကောင်းစွာ သိရှိသည်။ လုံမိသားစု သို့မဟုတ် အိုးရန်မိသားစုမှ သေချာပေါက် ကျန်းမိသားစုအား မည်သည့်အခါမျှ သွားခွင့်ပြုမည်မဟုတ်ပါချေ။

“မဟုတ်ဘူး… ဒါ မမှန်ဘူး။”

သူမ၏စိတ်နှလုံးတွင် အကြောက်တရားနှင့် ပြည့်နေသောငြား သူမ မစဉ်းစားနိုင်သေးသည်တော့ မဟုတ်ချေ။

ဖခင်ဖြစ်သူ ကျန်းဖုန်းရှန့်အား စူးစိုက်စွာ ကြည့်လိုက်ပြီး

“အဖေ…ဒီဟာ ဒုတိယဦးလေး လုပ်တာ မဖြစ်နိုင်ဘူး။ အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်နေတယ်။ သေချာပေါက် ဒါ အစီအစဉ်တစ်ခုပဲ။ လုံမိသားစုရော အိုးရန်မိသားစုရော သမီးတို့ကို ဆန့်ကျင်ဖို့ လုပ်ထားတယ်လို့ သံသယဖြစ်မိတယ်။ ခန်းရှတောင်မှ ဒီအစီအစဉ်ထဲ ပါရင်ပါနိုင်သေးတယ်။ အဲ့ဒါကြောင့် ငွေလွှဲတာ သူတို့ပဲ ဖြစ်ရမယ်။ ဒုတိယဦးလေးကတော့ မတော်တဆမှုတစ်ခုခု ဖြစ်သွားနိုင်လောက်တယ်အဖေ။”

ကျန်းသဲကျင်၏စကားများအား နားထောင်ပြီး ကျန်းဖုန်းရှန့်၏မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ ထိုင်ခုံမှ ရုတ်တရက် ခုန်ထလိုက်ကာ ချက်ချင်း အော်ပြောလိုက်သည်။

“လုံဟန်ဝမ်ကို မြန်မြန်ဆက်သွယ်လိုက်စမ်း။ ငါ သူ့ကို တွေ့ချင်တယ်လို့။ အခုချက်ချင်း။”

“ဟုတ်…” အတွင်းရေးမှူးလေးသည် ချက်ချင်း ဖြေလိုက်သည်။

သိပ်မကြာမီ အတွင်းရေးမှူးလေးမှ

“သူဋ္ဌေး… လုံဟန်ဝမ်က လုံစားသောက်ခန်းမမှာ ရှိနေတယ်။ လောလောဆယ် အရေးကြီးတဲ့ ဧည့်သည်တွေကို ဧည့်ခံနေရလို့ သူ့မှာ သူဋ္ဌေးနဲ့ တွေ့ဖို့ အချိန်မရှိဘူးလို့ ပြောတယ်။ တကယ်လို့ သူဋ္ဌေးမှာ အရေးတကြီးဖြစ်နေရင်တော့ လုံခန်းမကို လိုက်လာခဲ့ပါတဲ့။”

ကျန်းဖုန်းရှန့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုခဏတွင် သူ၏ကျန်းမိသားစုသည် သေချာသော ပစ်မှတ်တစ်ခုဖြစ်ခဲ့ပြီး အရာရာတိုင်းကို အကွက်ချထားသည်မှာ လုံမိသားစုနှင့် အိုးရန်မိသားစုဖြစ်ကြောင်း သေချာသွားခဲ့ပြီဖြစ်သည်။ အရာရာတိုင်းသည် သူတို့၏အစီအစဉ်အတိုင်း ဖြစ်ပေါ်လာခဲ့သည်မှာ အသေအချာပင်။

“လုံစားသောက်ခန်းမကို သွားဖို့ ကားပြင်” ကျန်းဖုန်းရှန့်သည် ရှင်းလင်းစွာ တွေးတောပြီးသည့်နောက လုံဟန်ဝမ်နှင့် အိုးရန်လဲ့တို့အား သတ်ချင်စိတ်တဖွားဖွား ပေါ်ပေါက်လာခဲ့သဖြင့် ချက်ချင်း အော်ပြောလိုက်သည်။

ကျန်းသဲကျင်သည် သူ၏နောက်မှ အမြန်လိုက်ပါလာရင်း

“သမီးလည်း လိုက်ခဲ့မယ် အဖေ။”

မိနစ်အနည်းငယ် ကြာသောအခါ ကား၃စီးသည် ကျန်းဂရုရုံးချုပ်၏ မြေအောက်ကားရပ်နားရာမှ အမြန်ထွက်ပေါ်လာခဲ့ပြီး လုံစားသောက်ခန်းမဆီသို့ ဦးတည်နေတော့သည်။

ကျန်းဂရု၏မျက်နှာချင်းဆိုင်တွင် ရှိသော ၁၂ခန်းပါသည့် အဆောက်အဦးအတွင်းမှ အရပ်မြင့်မြင့် ကိုယ်လုံးတောင့်တောင့် လူတစ်ယောက်သည် အဝေးကြည့်မှန်ပြောင်းဖြင့် ကျန်းဂရု၏မြေအောက် ကားရပ်နားရာထွက်ပေါက်သို့ ကြည့်နေသည်။ သူသည် ကားနံပါတ်အား သေချာစေပြီးနောက် ဖုန်းကို ထုတ်ကာ ဆက်လိုက်သည်။

“မြွေတော့ တွင်းထဲက ထွက်သွားပြီ။ နောက်ကလိုက်တဲ့အစီအစဉ်ကို စတော့။”

“အိုကေ…”

၁၀မိနစ်ကြာပြီးနောက်…

လမ်းပေါ်တွင် ကားအနည်းငယ်သာ ရှိသော်လည်း သုံးလမ်းသွားလမ်းသည် ယာဉ်မတော်တဆမှုတစ်ခုကြောင့် ပိတ်ဆို့နေခဲ့သည်။ မာစီးဒီးကား၏ အလယ်ထိုင်ခုံတွင် ထိုင်နေသော ကျန်းဖုန်းရှန့်သည် မျက်မှောင်ကြုပ်သွားပြီး

“အဲ့ဒီကို သွားပြီး တစ်ချက်ကြည့်လိုက်၊ လမ်းဖွင့်ပေး လမ်းရှင်းပေးဖို့ပါ ပြောလိုက်ပါ။”

“ဟုတ်ကဲ့ သူဋ္ဌေး။” ယာဉ်မောင်းသူ၏ဘေးတွင် ထိုင်နေသော အတွင်းရေးမှူးလေးသည် နာခံစွာဖြင့် ကားတံခါးဖွင့်ကာ ဆင်းသွားလေသည်။

စက္ကန့်အနည်းငယ်ကြာသွားပြီးနောက် လမ်း၃လမ်းထက်မှ ဗန်ကား၆စီးသည် အမြန်မောင်းနှင်လာကြပြီး ဘရိတ်သံများ ဆူညံစွာ ရပ်တန့်ကာ တစ်ဒါဇင်ခန့်ရှိသော လူထွားကြီးများသည် ကျန်းဖုန်းရှန့်တို့ကား၃စီးဆီသို့ အလွန်မြန်ဆန်လွန်းလှသော အရှိန်ဖြင့် ဝန်းရံလာကြသည်။ ကားတံခါးများ ဆွဲဖွင့်ခံလိုက်ရပြီး အတွင်းမှ လူ ၆-၇ယောက်အား ဆွဲထုတ်လာကြသည်။

ကျန်းဖုန်းရှန့် မျက်လုံးပြူးမိရတော့သည်။ သူ၏အကျီၤကော်လာအား ဆွဲမလိုက်သော အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့်လူအား မျက်နှာချင်းဆိုင်လိုက်ရင်း ခက်ခက်ခဲခဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ချီးပဲ… မင်းက ဘယ်သူလဲ။ ငါက ကျန်းအုပ်စုရဲ့သူဋ္ဌေး ကျန်းဖုန်းရှန့်ကွ။ ငါ့ကို အနိုင်ကျင့်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိရဲ့လား။ ငါ့ကို လွှတ်… ငါ့ကို လွှတ်စမ်း။”

“ဘန်း…”

ပြင်းထန်သော လက်သီးတစ်လုံးသည် သူ၏နဖူးအား ထိမှန်ကာ မူးဝေသွားရသည်။ ကျန်းသဲကျင်သည်လည်း အခြားလူတစ်ယောက်မှ တရွတ်တိုက် ဆွဲခေါ်လာကာ ဗန်ကားထဲ ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားရှစ်နေရာရှိ ကျန်းမိသားစုဂရု၏အခြားအရေးကြီးသော လူ၈ယာက်သည် လူထွားကြီးများ၏ အလင်းကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် ဖမ်းဆီးခြင်းအား ခံထားကြရပြီဖြစ်သည်။

ထိုသူများသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားကာ ပုန်းအောင်းကြသောကြောင့် မည်သူမျှ ထိုသူများအား သတိမထားမိလိုက်ကြချေ။

တောင်တံခါးအိမ်ရာ…

ထန်ရှုသည် ဖုန်းချလိုက်ပြီး သူ၏မျက်ဝန်းထဲမှ ရက်စက်သောအရိပ်အယောင်တစ်ချက် ပေါ်ထွက်လာပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းမိသားစု၏ ထိပ်သီးပိုင်း၁၂ယောက်သည် အဖမ်းခံလိုက်ရပြီဖြစ်လေသည်။

ကျန်းဂရု၏လက်အောက်ရှိ အရေးကြီးသောနေရာများတွင် အလုပ်လုပ်နေသော ဝန်ထမ်း၉ယောက်ကျော်ကိုလည်း ထိုအခွင့်အရေးအား အမိအရ ဆုပ်ကိုင်ကာ လုံခြုံရာတွင် ဝှက်ထားလိုက်ပြီဖြစ်သည်။ ယခု ဖုန်းခေါ်ဆိုမှုသည် လုံဟန်ဝမ်ဆီမှ ဖြစ်ပြီး ထိုလူများအား မည်သို့ ဆောင်ရွက်မည်ကို မေးမြန်းခြင်းဖြစ်တော့ည်။

သူ၏ယခင်ဘဝမှ ပုံစံအရဆိုရင် ထိုလူအားလုံးအား သတ်ပစ်မည်ဖြစ်သည်။

သို့သော် ကျန်းမိသားစုသည် ကြယ်တာရာတွင် ဂုဏ်သရေရှိ မိသားစုတစ်စု ဖြစ်သောကြောင့် သူတို့အား အာရုံစိုက်သူ အများအပြား ရှိသည်။ ထိုသူများ၏အလောင်းအများအပြားသာ ပေါ်ပေါက်ခဲ့ပါက သတင်းစာခေါင်းကြီးပိုင်းတွင် ဖော်ပြခြင်းပင် ခံရနိုင်ကာ မလိုလားအပ်သော ဘေးဆိုးများ ကြုံတွေ့နိုင်ပြီး အဆုံးသတ်ရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် သည်အစီအစဉ်သည် အဆုံးမသတ်ရသေးချေ။

ကျန်းဂရု ဖရိုဖရဲဖြစ်မှသာ ကျန်းထိပ်သီးပိုင်းနှင့် တွေ့ဆုံရန် အချိန်ကောင်း ဖြစ်ပေလိမ့်မည်။

ထန်ရှုသည် အိမ်မှ ထွက်လာကာ အိမ်ရာစီမံရေးရုံးခန်းသို့ သွားခဲ့ပြီး လုံရွှဲ့ယောင်နှင့် တွေ့ခဲ့သည်။

“အစ်မလုံ… ကျွန်တော့်ကို ကန်ရှုခင်းသာကို ပို့ပေးလို့ရမလား။ ကျွန်တော့်မှာ ကားမရှိလို့ အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေလို့ပါ။”

“အခုချက်ချင်းလား။ အခုချက်ချင်း မဟုတ်ရင် ခဏလေး စောင့်ပေးပါလား။ အစ်မ လုပ်လက်စလေးရှိနေသေးလို့။ ပြီးတာနဲ့ ပြောမယ်လေ။” လုံရွှဲ့ယောင်သည် အပြုံးတစ်ပွင့် ဖန်တီးကာ ပြန်ပြောလိုက်သည်။

ထန်ရှု ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် အိမ်ရာစီမံကိန်းရုံးခန်းသည် အစိမ်းသက်သက် မဟုတ်တော့ပါပေ။ နားနေခန်းသို့ လာပြီးနောက် ဝန်ထမ်းတစ်ယောက်မှ လက်ဘက်ရည်ပူပူတစ်ခွက်အား စိတ်အားထက်သန်စွာ ပို့လာလေသည်။ ထန်ရှုသည် ကျန်းမိသားစုအား မည်သို့ ကိုင်တွယ်ရမည်နှင့် ရှေ့လျှောက် မည်သည့်အရာတွေလိုအပ်မည်ကို တွေးတောနေသည်။

ကောလိပ်ဝင်ခွင့်ရလဒ်များသည် မကြာမီ ထုတ်ပြန်တော့မည်ဖြစ်သည်။ သူ၏ရမှတ်များအတွက် ထန်ရှု မစိုးရိမ်သော်လည်း မည်သည့်ကျောင်းသို့ တက်ရောက်ရမည်ကို စဉ်းစားရပေမည်။ အပြာရောင်မြို့တက္ကသိုလ်သည် သူ့အတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ပြည်နယ်မြို့တော်အတွင်းတွင် တည်ရှိပြီး တိုင်းပြည်၏ထိပ်သီးတက္ကသိုလ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ သို့သော်လည်း ရှန်ဟိုင်းတက္ကသိုလ်သည်လည်း ကောင်းမွန်သောတစ်ခု ဖြစ်သည်ဟု ထန်ရှုတွေးနေမိသည်။ ရှန်ဟိုင်းသည် တိုင်းပြည်တွင် အဖွံ့ဖြိုးဆုံး မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သည်။ ထန်ရှုအနေဖြင့် ပြည်ပသို့ သွားခြင်း၊ ကြယ်တာရာသို့ ပြန်ရာတွင် ကြားခံဆင်းရသော မြို့မရှိခြင်းနှင့် အခြားနေရာများသို့ သွားရောက်ခြင်းတို့အတွက် လွယ်ကူပေမည်။

ပစိဖိတ်သမုဒ္ဒရာထဲရှိ သူ ဝယ်လိုက်သော သီးသန့်ကျွန်းလေးအား ယခုအချိန်အထိ ထန်ရှု မမြင်ဖူးသေးပါချေ။ ကျောင်းအပ်စာရင်းသွင်းပြီးပါက ၎င်းကျွန်းသို့ သွားရန် အစီအစဉ်ချမှတ်ထားသည်။ လက်ရှိတွင် သူ့၌ ခြူးတစ်ပြားမှ မကျန်တော့သောကြောင့် ကျွန်းလေးအား ပြန်လည်မပြင်ဆင်နိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ကြိုတင်သွားရောက်ကာ လိုအပ်သော စီမံမှုများ ပြုလုပ်ခြင်းနှင့် ကျွန်းအား စောင့်ရှောက်ရန် သင့်လျော်သော သူများအား ရှာဖွေခြင်းတို့အား လုပ်ရပေလိမ့်မည်။

“ဖုန်းမြည်သံ….”

သူ၏ဖုန်းမြည်သံကြောင့် ထန်ရှုသည် အတွေးရေလျဉ်ကြောတွင် မျောနေရာမှ အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။ ခေါ်ဆိုသူအား ကြည့်လိုက်ရာ မုချင်းဖျင်မှန်း သိလိုက်သည်နှင့် ချက်ချင်းဖုန်းပြန်ထူးလိုက်သည်။

“အစ်မကြီးမူ… တစ်ခုခုများ ဖြစ်လို့လား။”

“မောင်ငယ်လေးအမေ အိမ်မှာရောက်နေတယ်။”

“ဟုတ်.. ကျွန်တော် ပြန်လှည့်ခဲ့မယ်။”

ဖုန်းချလိုက်ပြီးနောက် လုံရွှဲ့ယောင်အား လှမ်းကြည့်လိုက်ရာ အလုပ်များနေဆဲ ရှိနေသောကြောင့် သူမအား နှုတ်မဆက်တော့ဘဲ အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ အတွင်းတွင် မုချင်းဖျင်သည် သူ၏မိခင်နှင့် စကားလက်ဆုံကျလျက်ရှိသည်။

“အမေ…” ထန်ရှုသည် မိခင်အား ပြုံးကာ နှုတ်ဆက်လိုက်သည်။

ထန်ရှုအား မြင်လိုက်သည်နှင့် စုလင်းယွမ်၏မျက်ဝန်းများသည် ရုတ်ခြည်းပင် အရောင်လက်လာခဲ့ပြီး ပြုံးကာ စကားဆိုလိုက်သည်။

“ရှုအာ… မနက်ဖြန် ကောလိပ်ဝင်ခွင့်ရလဒ် ကြေညာပြီးတော့ တက္ကသိုလ်ကျောင်းစာရင်းသွင်း ရတော့မှာမဟုတ်လား။ အဲ့ဒါကြောင့် ဘယ်တက္ကသိုလ်ကို သား ရွေးလိုက်လဲလို့ အမေလာမေးတာ။”

“မရွေးရသေးဘူး…အမေ။ ကျွန်တော် နှံ့နှံ့စပ်စပ် မစဥ်းစားရသေးလို့။” ထန်ရှု ခေါင်းယမ်းပြကာ ဖြေလိုက်သည်။

ထိုစကားကို ကြားရသည့် စုလင်းယွမ်တစ်ယောက် ရုတ်ခြည်းပင် စိတ်ပူပန်လာကာ

“အဲ့ဒါဆို ဘယ်လိုလုပ်မှာလဲ သားရဲ့။ မနက်ဖြန်ပဲ ဖောင်ဖြည့်ရတော့မှာကို။ အဲ့ဒါကို  သေချာမရွေးထားရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ သားက ဘယ်တက္ကသိုလ်ကို သွားချင်တာလဲ အမေ့ကို ပြောပါဦး။ ဘယ်တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်ကို ကျော်ဖြတ်နိုင်မယ်လို့ သား ထင်လဲ။”

“အမေ… ကျွန်တော့်အမှတ်တွေက နိုင်ငံတွင်းက ဘယ်တက္ကသိုလ်ကိုမဆို ဝင်ခွင့်ရနိုင်ဖို့ အာမခံနိုင်တယ်။ အမေ တကယ်ကို သိချင်တယ်ဆိုရင် အခု ကျွန်တော် ရွေးထားတာ၂ခုရှိတယ်။ ပထမတစ်ခုက အပြာရောင်မြို့တော်က တက္ကသိုလ်..ကျွန်တော်တို့ခရိုင်ထဲကပဲလေ။ အဲ့ဒါကို ကျွန်တော် ရွေးရတဲ့အကြောင်းက ကြယ်တာရာနဲ့ရော အမေနဲ့ရော နီးတော့ အမေဆိုင်ကို မထားခဲ့ချင်ဘူးဆိုရင် ကျွန်တော် အချိန်မရွေး ပြန်လာကြည့်လို့ ရတယ်လေ။ နောက်တစ်ခုက ရှန်ဟိုင်း တက္ကသိုလ်။ ရှန်ဟိုင်းက စီးပွားရေးအဖွံ့ဖြိုးဆုံးနဲ့ တိုးတက်မှုအရှိဆုံး မြို့တော်ဆိုတော့ ကျွန်တော် အဲ့ဒီမှာ စာသင်ကြားရင် အနာဂတ်မှာ ပြင်ပလောကနဲ့ ထိတွေ့ဖို့ ပိုကောင်းမွန်တဲ့ နည်းလမ်းတွေ ရှိလာလိမ့်မယ်။” ထန်ရှု ရှင်းပြလိုက်သည်။

စုလင်းယွမ်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခါသွားခဲ့ပြီး

“သား… ပေကျင်းတက္ကသိုလ်ကို သွားဖို့ရော စိတ်ကူးခဲ့သေးလား။”

“ကျွန်တော် စိတ်ကူးခဲ့မိသေးတယ်။ ဒါပေမယ့် ကျွန်တော် မသွားချင်ဘူး။” ထန်ရှု ခေါင်းယမ်းပြလျက် ပြန်ဖြေလိုက်သည်။

သူ၏အဖြေကြားလိုက်ရသော စုလင်းယွမ်တစ်ယောက် စိတ်သက်သာရာရသွားဟန်ဖြင့် သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပြန်ပေါ်လာခဲ့သည်။

“ပေကျင်းက တိုင်းပြည်မြို့တော် ဖြစ်ပေမယ့်လို့ သား အဲ့ဒီကို စာသွားသင်ယူရင် ဘွဲ့ရပြီးနောက် ဖိအားတွေ ချည်နှောင်မှုတွေ အမြန်ဆုံးဆိုသလို များလာလိမ့်မယ်။ အဲ့ဒါကြောင့် အမေကတော့ ရှန်ဟိုင်းကို သွားသင့်တယ်လို့ ထင်တယ်။”

ထန်ရှု မျက်မှောင် မသိမသာ ကြုပ်သွားရသည်။

“ဖိအားတွေ ချည်နှောင်မှုတွေ အမြန်ဆုံးဆိုသလို များလာလိမ့်မယ်တဲ့လား။ ပေကျင်းမှာ ဒီလိုအခြေအနေမျိုးဆိုရင် ရှန်ဟိုင်းကရော အတူတူ မဟုတ်ဘူးလား။ ကြည့်ရတာ အမေက ငါ့ကို ပေကျင်းကို မသွားစေချင်ဘူး။ ပေကျင်းအကြောင်း ပြောတုန်းကလည်း အမေရဲ့စိတ်တွေ တအား လှုပ်ရှားနေတယ်။ ကြည့်ရတာ အဲ့ဒီမှာ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေရော့သလား။”

ထန်ရှု စဉ်းစားလိုက်ပြီးနောက် ပိုမိုသေချာစေခြင်းအလို့ငှာ..

“အမေ.. ကျွန်တော် ပေကျင်းကို ရွေးမယ်ဆိုရင် အမေ မကန့်ကွက်ဘူး မဟုတ်လား။”

“ဒါ…” စုလင်းယွမ်တစ်ယောက် တုံ့ဆိုင်းသွားရသည်။

ထန်ရှု၏မျက်လုံးအိမ်သည် မသိမသာ ကျဉ်းမြောင်းသွားပြီးနောက် ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် ပြုံးလိုက်ရင်း

“ကျွန်တော် နောက်နေတာပါ အမေရ။ အမေ ပေကျင်းကို သွားခိုင်းရင်တောင်မှ ကျွန်တော် မသွားမှာမို့ စိတ်မပူပါနဲ့။ အမေ ဆိုင်စီးပွားရေးကို ပိတ်ပြီး ကျွန်တော်နဲ့ ရှန်ဟိုင်းကို လိုက်မယ်ဆိုရင် ရှန်ဟိုင်းတက္ကသိုလ်တက်ဖို့ ကျွန်တော် ဖောင်ဖြည့်လိုက်မယ်။ မသွားချင်ဘူးဆိုရင်တော့ အပြာရောင်တက္ကသိုလ်ကို ကျွန်တော် ဖြည့်လိုက်မယ်။”

စုလင်းယွမ် အမြန် ပြောလိုက်သည်။

“ရှုအာ… အမေတို့ စားသောက်ဆိုင် စီးပွားရေးလုပ်ငန်းက အခုဆို အရမ်းကောင်းမွန်နေတာကို ပိတ်လိုက်မယ်ဆိုရင် နှမြောစရာကောင်းလှတယ်။ အမေ့ကို စိတ်မပူပါနဲ့။ ကြယ်တာရာက အမေတို့အိမ်ပဲ။ အမေက ဒီမှာ နေမယ်..သားက ရှန်ဟိုင်းတက္ကသိုလ်ကို လျှောက်လိုက်ပါ။ အဲ့ဒါက ထိပ်တန်းတက္ကသိုလ်ဆိုတော့ အနာဂတ်မှာ သားအတွက် အထောက်အကူပြုမယ့်အရာတွေကို ပိုမိုကျွမ်းကျင်လာလိမ့်မယ်။ ပြီးတော့ အခုခေတ်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း ဖွံ့ဖြိုးနေပြီဆိုတော့ အမေလွမ်းရင် သားဆီ အချိန်မရွေးလာနိုင်သလို သားကလည်း တနင်္ဂနွေတို့ အခြားကျောင်းပိတ်ရက်တွေမှာ အိမ်ပြန်လာလို့ရတယ်လေ သားရဲ့။”

တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ကာ

“ကောင်းပါပြီ။ ကျွန်တော် အမေ့စကားနားထောင်ပါ့မယ်။ ဒါပေမယ့်လည်း ကျွန်တော် ရှန်ဟိုင်း တက္ကသိုလ်အနားမှာ အိမ်ဝယ်ထားလိုက်မယ်။ အမေ ကြယ်တာရာမှာ နေရာတာငြီးငွေ့လာရင် ဒီကိုလာပြီး ခဏနေလို့ရတာပေါ့။ နောက်ပြီး ကျွန်တော် ရှန်ဟိုင်းကို သွားရင် အမေ ဒီမှာ လာနေလို့ရတယ်။ ဒီလိုအိမ်ကြီးမှာ သေချာပေါက်တော့ လူမရှိဘဲနေတာမျိုး မဖြစ်သင့်ဘူးလေ။”

“ကောင်းပြီ။ သား ရှန်ဟိုင်းကို သွားရင် အမေ ဒီမှာ လာနေလိုက်ပါမယ်။” စုလင်းယွမ် ပြုံးကာ ပြောလိုက်သည်။

“ဒါ သဘောတူညီမှုနော် အမေ။” အဆုံးသတ်တွင် ထန်ရှုသည် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သောကြောင့် သူ၏စိတ်သည်လည်း ရွှင်လန်းသွားရကာ အပြုံးဖြင့် ပြောလိုက်လေတော့သည်။

***

All Chapters