← Chapters

ဖြစ်ရပ်များ၏နောက်ကွယ်မှ ချုပ်ကိုင်သူ

Vol. 05 Ch. 203

ဖြစ်ရပ်များ၏နောက်ကွယ်မှ ချုပ်ကိုင်သူ

Vol. 05 Ch. 203

ထန်ရှု၏အကြည့်များသည် မုချင်းဖျင်ဆီသို့ ရွေ့လျားသွားပြီး

“အစ်မကြီးမု… ကျွန်တော့်အခန်းထဲမှာ လျှော်ဖို့အဝတ်အစား၂စုံရှိတယ်။ အစ်မကြီး ကျွန်တော့်ကို ကူညီပြီး လျှော်ပေးမလား။”

မုချင်းဖျင်၏မျက်လုံးများသည် တစ်ခုခုအား နားလည်လိုက်သည့်ပမာ အရောင်လက်သွားပြီး ပြုံးလိုက်ကာ  “အစ်မကြီး လုပ်လိုက်မယ်။ သားအမိနှစ်ယောက် စကားပြောကြဦး။”

မုချင်းဖျင် ထွက်သွားပြီးနောက် ထန်ရှုသည် မိခင်အား စိုက်ကြည့်လိုက်လိုက်သည်။ သူ၏မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွားရကာ အလေးအနက်ထားသည့်အသွင် ဖြစ်လာသည်။

“အမေ… ကျွန်တော်တို့သားအမိနှစ်ယောက်ကြားမှာ လျှို့ဝှက်ချက် မရှိသင့်ဘူးလို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ကို အမေ့ကို ပြောပြမယ် အမေလည်း အမေ့လျှို့ဝှက်ချက်ကို ပြောပြပါ။”

“ဘာပြောတာလဲ။” စုလင်းယွမ် ပဟေဠိဖြစ်သွားရသည်။

“ကျွန်တော် ပစိဖိတ်သမုဒ္ဒရာထဲမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ထားတယ်။ နောင်တစ်ချိန်ကျ အဲ့ဒီနေရာကို သုခဘုံလေးတစ်ခုဖြစ်အောင် လုပ်ဖို့ စီစဉ်နေတယ်။ အမေ နေရတာ ငြီးငွေ့လာရင် အဲ့ဒီကိုသွားပြီး အပန်းဖြေနိုင်တယ်။”

“ဘယ်လို… ကိုယ်ပိုင်ကျွန်း ဟုတ်လား။ ဘယ်လောက်တောင် ပေးလိုက်ရလဲ။” စုလင်းယွမ် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ထန်ရှုသည် သမားရိုးကျပုံစံဖြင့်  “၂.၅ ဘီလီယံ။”

“ဟင်…” သူမ၏သားဖြစ်သူမှာ မီလီယံရာနှင့်ချီပြီး ပိုင်ဆိုင်မှုရှိကြောင်း သိလိုက်ရသည့် စုလင်းယွမ်တစ်ယောက် လေအေးတစ်ချက် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။

“အစကတော့ ကျွန်တော် ချေးပြီးဝယ်ရတာ။ နောက်တော့ တစ်ချို့အလုပ်လေးတွေကြောင့် ပိုက်ဆံအများကြီး ရပြီး ပြန်ဆပ်ပြီးပါပြီ။ ပိုက်ဆံရတဲ့အကြောင်းရင်းကိုလည်း မစိုးရိမ်ပါနဲ့အမေ။ မသန့်ရှင်းတဲ့ငွေ မဟုတ်ပါဘူး။”  ထန်ရှု ရှင်းပြလိုက်သည်။

စုလင်းယွမ်တစ်ယောက် အသိစိတ်လွတ်နေသေးသည့်ဟန်ဖြင့်

“ရှုအာ… သား..”

ထန်ရှု၏မျက်ဝန်းများသည် ရုတ်တရက် တောက်ပလာခဲ့ပြီး

“အမေ… ကျွန်တော့်လျှို့ဝှက်ချက်တော့ ပြောပြီးသွားပြီ။ သားအမိနှစ်ယောက်တည်း ရှိတဲ့ ကျွန်တော်တို့ဘဝမှာ လျှို့ဝှက်ချက်တော့ မရှိသင့်ဘူးမဟုတ်လား အမေ။ အမေ ဘာကြောင့် ကျွန်တော့်ကို ပေကျင်းတက္ကသိုလ်ကို မတက်စေချင်ရတာလဲ။”

အိပ်မက်မက်ရင်း ယောင်သည့်ပမာ စုလင်းယွမ် နှုတ်မှ လွှတ်ကနဲ ထွက်သွားသည်။

“ဒါ ဘာဖြစ်လို့လဲဆိုတော့ သားအဖေရဲ့မိသားစုက…”

စုလင်းယွမ် ကမန်းကတန်း ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာသည် ဖယောင်းစာရွက်ပမာ ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။

ထန်ရှု၏မျက်ဝန်းများ အေးစက်သွားရသည်။

အဖေဟုတ်လား… ဘယ်လို ထူးဆန်းတဲ့စကားတစ်ခွန်းပါလဲ။

သူ ငယ်ရွယ်စဉ်တုန်းက ထန်ရှုသည် မိခင်အား ဖခင်ဖြစ်သူအကြောင်း ကြိမ်ဖန်များစွာ မေးခဲ့သော်လည်း အဖြေတစ်ခွန်းမှ ပြန်မရခဲ့ပေ။ သူ ကြီးပြင်းလာသည့်အခါ ထိုအကြောင်းအား နောက်ထပ်မမေးရန် တွေးတောခဲ့သည်။ ထိုအကြောင်းအား သူ မေးသည့်အခါတိုင်း မိခင်ဖြစ်သူ နာကျင်ခံစားနေရသည်ကို သူ သိခဲ့သည်။ မကြာခဏဆိုသလိုပင် မိခင်သည် အဖြူအမည်းဓာတ်ပုံအဟောင်းလေးအား ကိုင်ကာ သူမ၏မျက်ရည်များအား တိတ်တဆိတ် သုတ်နေသည်ကို သူ မြင်ဖူးခဲ့သည်။

ထိုသူသည် သေသလား ရှင်သလား ထန်ရှု မည်သည့်အခါမျှ မသိခဲ့ရသလို ထိုအကြောင်းကိုလည်း သူ ဂရုမစိုက်တော့ချေ။ သားဖြစ်သူ မွေးကတည်းက ကြီးပြင်းသည့်အချိန်ထိ မြေတောင်မြှောက်ပေးခြင်း မရှိသလို လာရောက်တွေ့ဆုံခြင်းမရှိသော ထိုကဲ့သို့ ယောကျာ်းသည် ဖခင်တစ်ယောက် မဖြစ်ထိုက်ပါချေ။

သူ၏ရင်တွင်းမှ သက်ပြင်းချလိုက်ရင်း ထန်ရှုသည် စုလင်းယွမ်အနား သွားကာ ထိုင်လိုက်ပြီး သူမ၏လက်များအားဆွဲကိုင်လိုက်ကာ အပြုံးဖြင့်

“အမေ… ကျွန်တော် အဖြေကို ရှင်းရှင်းလင်းလင်း သိတာမို့ ဘာမှ ထပ်မပြောပါနဲ့တော့။ အမေလည်း စိတ်မပူပါနဲ့။ ကျွန်တော် မနက်ဖြန် ဖောင်ဖြည့်ပြီး ရှန်ဟိုင်းမှာ စာသွားသင်ပါမယ်။ နောက်ပြီး ကျွန်တော် အရွယ်ရောက်လာပြီမို့ အမေ့ကို စောင့်ရှောက်နိုင်စွမ်းလည်း ရှိနေပါပြီ။ အမေ ကျန်းမာပြီး ကောင်းမွန်သော ဘဝလေးရှိဖို့ဆိုတာပဲ ကျွန်တော် မျှော်လင့်ပါတယ်။”

စုလင်းယွမ်၏မျက်ဝန်းထက်မှ မျက်ရည်များ စီးကျလျက် ခေါင်းအထပ်ထပ် ညိတ်လိုက်သည်။

မကြာမီ ထန်ရှုသည် မိခင်အား အဖော်လုပ်ကာ စကားစမြည်ပြောနေခဲ့သည်။ မုချင်းဖျင် ဧည့်ခန်းသို့ ပြန်ရောက်လာချိန်တွင် မိခင်အား အဖော်လုပ်ပေးရန်အတွက် တောင်းဆိုလိုက်ပြီးနောက် ထန်ရှု အိမ်မှ ထွက်ခွာလာခဲ့ကာ အိမ်ရာစီမံရေးရာရုံးသို့ ထပ်သွားခဲ့ချိန်တွင် လုံရွှဲ့ယောင်သည် သူမ၏အလုပ်များအား လက်စသတ်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။

“သွားဖို့ အဆင်သင့်ပဲလား။” သေသပ်လှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လုံရွှဲ့ယောင်သည် အပြုံးဖြင့် မေးလိုက်သည်။

“အဆင်သင့်ပါပဲ။ ကန်ရှုခင်းသာကိုပါ။” ထန်ရှု ပြောလိုက်သည်။

“နင် အဲ့ဒီကို ဘာသွားလုပ်တာလဲ။ အဲ့ဒီနေရာက အရမ်းတင်းကြပ်တဲ့နေရာတစ်ခုကြီး။ နင် ကြိုတင်စာရင်းမပေးထားရင် သွားလို့ရမှာမဟုတ်ဘူး။” လုံရွှဲ့ယောင် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။

“ဦးလေးလုံ ကျွန်တော့်ကို အဲ့ဒီမှာ စောင့်နေတယ်။”

“ငါ့ဦးလေးဟုတ်လား။ သူနဲ့ ဘယ်ချိန်တုန်းကတည်းက ဆက်ဆံရေးကောင်းသွားတာလဲ။” လုံရွှဲ့ယောင် အံ့သြသွားသည်။

ထန်ရှု ပြုံးပြလိုက်ရင်း “အစ်မ မသိသေးတာတွေ အများကြီး ရှိသေးတယ်။ ဒါနဲ့ အစ်မ မေးတာတွေ များနေပြီ။ သွားရအောင် ကျွန်တော် အလျင်လိုနေလို့။”

လုံရွှဲ့ယောင်က ဖြူစင်ကာ ချစ်စရာကောင်းသော မျက်ဝန်းတို့ဖြင့် ထန်ရှုအား  ကြည့်လိုက်ပြီး သူမ၏ပြိုင်ကားလေးဖြင့် ထန်ရှုအား သယ်ဆောင်ကာ တောင်တံခါးအိမ်ရာမှ ကန်ရှုခင်းသာသို့ မောင်းနှင်လေတော့သည်။ ကန်ရှုခင်းသာသို့အရောက်တွင် သူမသည် မရပ်တော့ဘဲ တိုက်ရိုက်ဝင်ချလာသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် သည်နေရာတွင် ပုံမှန်စားသုံးသူတစ်ယောက် ဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိသာစေသည်။

ကန်ရှုခင်းသာ၏ကားရပ်နားရာနေရာတွင် ထန်ရှုသည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက်

“လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီမှာ လုပ်စရာရှိသေးလို့ အစ်မ အရင်ပြန်နှင့်လို့ရတယ်။”

“နေပါဦး။ ငါ့ နင့်ကို ပြောစရာ ရှိလို့။” လုံရွှဲ့ယောင် အမြန်ပြောလိုက်သည်။

ထန်ရှုသည် စိတ်မပါလက်မပါဖြင့်

“အစ်မ တစ်လမ်းလုံး အချိန်ရရဲ့သားနဲ့ ဘာလို့ မပြောလာတာလဲ။ ထားလိုက်တော့.. ဘာပြောမလို့လဲ။”

လုံရွှဲ့ယောင် ပက်ကနဲ ပြန်ပြောလိုက်သည်။

“ဟေး… ဒါက နင့်အတွက် ငါ ဒီနေရာကို ရောက်လာတာနော်။ ကားမောင်းသင်တန်းကျောင်းအုပ်က နင် အဲ့ဒီကို ဘယ်အချိန်လာမလဲ မေးခိုင်းလို့။ နောက်တစ်သုတ်အတွက် စာမေးပွဲက ရက်နည်းနည်းပဲ ရှိတယ်။ နင့်ကို သူက အချိန်ဇယားအတိုင်း မတက်ခိုင်းလို့ရပေမယ့် ကားနဲ့အကျွမ်းတဝင်ဖြစ်ဖို့တော့ နင် လိုသေးတယ်။”

ထန်ရှု ချက်ချင်း သဘောပေါက်သွားပြီး အပြုံးဖြင့်

“အိုကေ အစ်မ။ ကျွန်တော် မနက်ဖြန် လာမယ်လို့ ကျောင်းအုပ်ကို ပြောပေးပါ။”

“ကောင်းတယ်။ နင် ရက်နည်းနည်းလောက် လေ့ကျင့်နိုင်ရင် ကျောင်းအုပ်က နင့်အတွက် ကြိုတင် စီစဉ်ပေးလိမ့်မယ်။ အချိန်ကျလာတာနဲ့ နင် ကြိုးစားပြီး စာရွက်စာတမ်း ဖြည့်ဖို့ပဲ လိုတယ်။ ပြီးရင် ကားမောင်းလိုင်စင် ယူဖို့ စောင့်ရုံပဲ။” လုံရွှဲ့ယောင် ပြုံးကာ ပြောပြသည်။

“ကားမောင်းလိုင်စင်ရဖို့ ဘယ်လောက်ကြာကြာ စောင့်ရလဲ။” ထန်ရှု မေးလိုက်သည်။

“လဝက်လောက်တော့ ကြာပြီးရင် သေချာပေါက် လိုင်စင်ရလိမ့်မယ်။”

“ကောင်းပါပြီ။” ထိုစကားများအား ပြောပြီးနောက် ထန်ရှုသည် ချာကနဲလှည့်ကာ လုံဟန်ဝမ်နှင့်ချိန်းထားသော နေရာသို့ အပြေးသွားတော့သည်။

ကားတံခါးနားတွင် မတ်တတ်ရပ်လျက် လုံရွှဲ့ယောင်သည် ထန်ရှုအား စိတ်ကသိကအောက်ဖြစ်သော အမူအရာနှင့် ကြည့်ကာ ကျန်ခဲ့ရင်း တီးတိုးရေရွတ်မိသည်။

“အဲ့ဒီလူ တကယ် အလိုက်မသိတတ်တဲ့သူပဲ။ ငါ့မှာတော့ သူကားမောင်းလိုင်စင်ရဖို့အရေး တစ်ချို့လူတွေနဲ့ဆက်သွယ်လုပ်ဆောင်ရတာကို ကျေးဇူးတင်ကြောင်း တစ်ခွန်းတောင် ပြောမသွားဘူး။”

၁၀မီတာ အကွာတွင်…

ထန်ရှုသည် ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်ကာ

“အစ်မလုံ… ကျေးဇူးအများကြီးတင်ပါတယ်။”

“အမ်…” လုံရွှဲ့ယောင် ကြက်သေ သေသွားပြီး မလုံမလဲအမူအရာသည် သူမ၏မျက်နှာလှလှလေးထက်တွင် ပေါ်ထွက်လာသည်။

“သူ… ငါ ပြောတာကို ကြားသွားနိုင်တာလား။ ဒါကြီးက မဖြစ်နိုင်ပါဘူး။ ငါ့အသံလေးက တိုးတိုးလေး … ပြီးတော့ ၁၀မီတာကျော်တောင် ကွာနေပြီပဲဟာ။ သည်အကွာအဝေးလောက်က ကြားနိုင်တဲ့လူတစ်ယောက် မဟုတ်ရင် သူ ကြားနိုင်စရာ အကြောင်းကို မရှိဘူး။”

လုံရွှဲ့ယောင် သူမကိုယ်သူမ နှစ်သိမ့်လိုက်ပြီးနောက် ထန်ရှုအား လက်ဝှေ့ယမ်းပြကာ ကားပေါ် ချက်ချင်းတက်ပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ထိုကားလေး မြင်ကွင်းမှ ကွယ်ပျောက်သွားသည်အထိ ကြည့်နေရင်း ထန်ရှု၏နှုတ်ခမ်းထက်တွင် အပြုံးရိပ်တစ်ချက် ပေါ်ထွက်လာခဲ့သည်။ လုံရွှဲ့ယောင်၏တီးတိုးရေရွတ်သောစကားအား သူ၏ထက်မြက်သော အကြားအာရုံဖြင့် အမှန်တကယ် သူ ကြားခဲ့ခြင်းဖြစ်သည်။ သာမန်လူများ မကြားနိုင်သော်လည်း သူ့အတွက် ထိုအရာသည် ခက်ခဲလှသောအရာမဟုတ်ပါချေ။

ကန်ရှုခင်းသာ၏အတွင်းဘက်အကျဆုံး လက်ဘက်ရည်အိမ်လေးတစ်ခုအတွင်းတွင် လုံဟန်ဝမ်၊ ချန်းကျီကျုံး၊ ခန်းရှ၊ မြောင်ဝမ်တန်၊ ရှောင်မင်ကျန်း၊ အိုးရန်လဲ့၊ ချူယီ၊ပိုင်ထောင်၊ လုံကျန်ယုနှင့် လူတစ်ချို့ စုဝေးနေကြသည်။

ကျန်းမိသားစုအား ထိုးနှက်ချက်သည် ယခုအခါတွင် အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ယခုအကြိမ်သည် ကျန်းမိသားစုထံမှ ရရှိသော အကျိုးကျေးဇူးများအား ခွဲဝေဖို့ ပြင်ဆင်ရန်အတွက် လူတိုင်း လာခြင်းဖြစ်သည်။ တွက်ချက်မှုများအရ ကျန်းမိသားစုသည် အမှန်ပင် နက်ရှိုင်းသော အုတ်မြစ်ရှိပြီး စုစုပေါင်းပိုင်ဆိုင်မှုသည် ယွမ်၂၀ဘီလီယံမက ရှိသည်ကို တွေ့ရသည်။

“တောင်းပန်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကျွန်တော် နောက်ကျသွားတယ်။”

ထန်ရှု ရောက်လာသည်နှင့် လူတိုင်း အာရုံစိုက်သွားကြသည်။

လုံဟန်ဝမ်သည် ပြုံးလိုက်ရင်း

“ပြသနာ မရှိဘူး။ ငါတို့ လုပ်သင့်တာတွေ လုပ်ပြီးပြီဆိုတော့ အခုက အဆုံးသတ်ဖို့ အချိန်ပဲ။ ထန်ရှု… ငါသိသလောက်ဆိုရင် မနက်ဖြန် တက္ကသိုလ်တက်ဖို့ စာရင်းပေးရမှာ မဟုတ်လား။ ဘယ်ကျောင်းတက်မယ် စဉ်းစားထားလဲ။”

“ရှန်ဟိုင်းတက္ကသိုလ်ပါ။” ထန်ရှု ဖျော့တော့သော အပြုံးဖြင့် ဖြေလိုက်သည်။

“ဒါ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုပဲ။ မင်းရဲ့သဘောသဘာဝကို စဉ်းစားလိုက်ရင် ဒီတက္ကသိုလ်ကို လျှောက်ရဲဖို့ မင်းမှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာ ဦးလေး ယုံတယ်။ လာ… မင်းအတွက် ဝိုင်အစား လက်ဖက်ရည်တစ်ခွက်နဲ့ ဂုဏ်ပြုပါတယ်။ မြင့်မားတဲ့ ပညာရေးကို တက်လှမ်းနိုင်ပြီး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာစေဖို့ ဦးလေး ဆုတောင်းတယ်။”

“လာ… ဂုဏ်ပြုလိုက်ကြရအောင်။” မြောင်ဝမ်တန်ပါ မတ်တတ်ရပ်လျက် အပြုံးဖြင့် ဆိုလိုက်သည်။

ထိုခဏတွင် လူတိုင်း၏စိတ်သည် ကောင်းမွန်သာယာလျက်ရှိပေတော့သည်။ သည်တစ်ကြိမ်သည် ထန်ရှုကြောင့်သာ မဟုတ်ပါက ထိုမျှ များပြားလှသည့် ငွေပမာဏအား သူတို့ရရှိနိုင်မည် မဟုတ်ပေ။ ၂၀ဘီလီယံအား ခွဲဝေမည်ဆိုရင်တောင်မှ ပါဝင်သည့်အဖွဲ့တိုင်းသည် ဘီလီယံတစ်စုစာစီ ရနိုင်မည်ဖြစ်သည်။

ဘီလီယံများတဲ့လား။

လူတိုင်းသည် ချမ်းသာပြီး စွမ်းအားရှိသည့် မိသားစုကြီးများမှ လာခြင်းဖြစ်ကြသော်လည်း သူတို့ ၈-၁၀နှစ်အချိန် သုံးရင်တောင်မှ ၈-၁၀နှစ်အတွင်း ရနိုင်သည့် ပမာဏတစ်ခုအား ရှာနိုင်ရုံမျှသာ ရှိပြီး ယခုခဏလေးအတွင်း ရသောငွေအား မီမည်မဟုတ်ချေ။

လက်ဖက်ရည် သောက်သုံးပြီးနောက် လုံဟန်ဝမ်သည် ထန်ရှုအား တွေးတောဆင်ခြင်သည့် အမူအရာဖြင့်

“ကျန်းတွေကတော့ ပြိုကွဲသွားပြီ။ အခု သူတို့ရဲ့ပိုင်ဆိုင်မှုကို ခွဲဝေနေတယ်။ ထန်ရှု… ငါတို့ ဖမ်းထားတဲ့ ကျန်းထိပ်သီးပိုင်းတွေ မင်း ဘယ်လို လုပ်ချင်လဲ။”

“ကျန်းသဲကျင်နဲ့ ကျန်းဖုန်းရှန့်က သံသယမရှိ သေကို သေရမယ်။ ကျန်တဲ့လူတွေကိုတော့ ကျွန်တော် မစဉ်းစားရသေးဘူး။ ဒါနဲ့ သူတို့ ဘယ်မှာလဲ။ ကျွန်တော် အခု ကြည့်မလို့။” ခေါင်းကို ယမ်းလျက် ထန်ရှု ပြောလိုက်သည်။

“သူတို့ကို ဒီကို ခေါ်လာဖို့ ငါ လူတစ်ချို့ လွှတ်ထားပြီးပြီ။ အခု လုံဟူအိမ်ရဲ့ လျှို့ဝှက်မြေအောက်ခန်းထဲမှာ သူတို့ကို ချုပ်ထားတယ်။” လုံဟန်ဝမ် ပြောလိုက်သည်။

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ခန်းရှအား ကြည့်ကာ

“ငွေခွဲဝေတာကတော့ ခင်ဗျားပဲ သူတို့နဲ့ ဆွေးနွေးလိုက်ပါ။ သတင်းဝယ်ဖို့ ကျွန်တော် သုံးလိုက်တဲ့ ၂၀၀မီလီယံမှတစ်ပါး ကျန်တာအားလုံးကို ခင်ဗျားယူထားပြီး ဒီစီမံကိန်းကြီးအတွက် ပြင်ဆင်ဖို့ ရင်းနှီးမြှုပ်နှံရာမှာလည်း သုံးပါ။”

ထိုသို့ ပြောပြီးနောက် လုံကျန်ယု ဦးဆောင်လျက် သူသည် လုံဟူအိမ်၏မြေအောက်ခန်းသို့ အမြန် ထွက်လာခဲ့သည်။

မြေအောက်ခန်းထဲတွင်…

ကျန်းမိသားစုဝင် ၂၁ယောက်အား ချုပ်နှောင် ဖမ်းဆီးထားပြီး အားလုံးသည် ထိပ်သီးပိုင်းခေါင်းဆောင်များ ဖြစ်ကြသည်။

သူတို့အားလုံး တိတ်ဆိတ်နေကြသည်။ သူတို့အား ဖမ်းဆီးထားရန် စေခိုင်းသည့်လူအား သံသယများဖြင့် တွေးတောကြသော်လည်း မည်သူမှန်း မဆုံးဖြတ်နိုင် မဆုံးဖြတ်ရဲကြပေ။

“ကျွီ…”

မြေအောက်ခန်း၏တံခါးသည် တွန်းဖွင့်ခြင်း ခံလိုက်ရပြီး ဓားများကိုင်ဆောင်ထားသော လူထွားကြီး၄ဦးသည် မှုန်ကုတ်ကုန်ဖြင့် ဝင်လာခဲ့သည်။

“ရှင်တို့က ဘယ်သူတွေလဲ။”

ကျန်းသဲကျင်၏လက်များနှင့်ခြေထောက်များ တုပ်နှောင်ခံထားရကာ သူမသည် ထောင့်တစ်ခုတွင် နံရံကို မှီကာထိုင်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ငါ မင်းကို ပြောပြမယ်။”  ထန်ရှုသည် တံခါးပေါက်ကို ဖြတ်ကာ ဝင်လာပြီး ဒေါသတကြီး ဖြစ်နေသော ကျန်းသဲကျင်အား ကြည့်လိုက်သည်။

သူ၏အမူအရာသည် အေးစက်တင်းမာနေခဲ့သည်။ သို့သော်လည်း သူ၏နောက်မှ လိုက်ပါခဲ့သော လုံကျန်ယုသည် လက်ကိုပိုက်လျက် ကောင်းမွန်သော ပြပွဲတစ်ခုအား ကြည့်နေသည့်ပမာရှိနေသည်။

“လက်စသတ်တော့ နင်ပဲ။” ကျန်းသဲကျင် မျက်လုံးပြူးသွားကာ အော်ဟစ်လိုက်သည်။

ကျန်းဖုန်းရှန့်သည် မျက်မှောင်ကြုပ်လိုက်ပြီး သူ၏အရှေ့မှ လုံကျန့်ယုအား အေးစက်စွာ ကြည့်လိုက်ပြီးနောက် ထန်ရှုအား စိုက်ကြည့်နေရင်း ခေါင်းကို လှည့်ကာ အော်လိုက်သည်။

“သဲကျင်… သမီး သူ့ကို သိနေတာလား။”

ထန်ရှုသည် ခပ်တောင့်တောင့်လူတစ်ယောက်အား ထိုင်ခုံရွှေ့ပေးရန် ကြည့်လိုက်သည်။ ထိုင်ခုံရောက်လာသောအခါ ခြေချိတ်ထိုင်လိုက်ပြီး ပြုံးလျက်

“ဒါပေါ့။ သူမ ကျွန်တော့်ကို သိတာပေါ့။ သိတာမှ အသေအချာပဲ။ ကျွန်တော် ပျက်စီးသွားရင်တောင်မှ သူမ ကျွန်တော့်ကို သိနေသေးဦးမှာတောင် စိုးရွံ့မိတယ်။ မှန်တယ်မလား မစ္စကျန်း။”

ထိတ်လန့်တုန်လှုပ်သော အမူအရာသည် ကျန်းသဲကျင်၏မျက်ဝန်းများထဲတွင် ပေါ်လာခဲ့သည်။ ထန်ရှု ပေါ်လာသည့်အချိန်တွင် သူမ ပြီးဆုံးသွားခဲ့ပြီဆိုသည်ကို သိလိုက်တော့သည်။ ထန်ရှု မည်မျှရက်စက်သည်ကို သူမ သိသည်။ လုပ်ကြံသူ၃ယောက်ပင်လျင် သူ၏လက်တွင်း၌ သေခဲ့ရသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် သူမအား မည်သည့်နည်းနှင့်မျှ လွတ်မြောက်ခွင့် ပေးလိမ့်မည်မဟုတ်ချေ။

“ကဲ..အခုတော့ ဘယ်ဟာက ကြောက်စရာကောင်းလဲဆိုတာ မင်း သိသွားပြီမဟုတ်လား။ ငါ မင်းနဲ့ မင်းမောင်လေးကို အစက ခွင့်လွှတ်ပေးထားပြီးသား။ ဒါပေမယ့် မထင်မှတ်ပဲ မင်းက ပြည်ပလုပ်ကြံသူတွေကို ငှားပြီး ငါ့ကို လုပ်ကြံခိုင်းရဲတယ်ပေါ့။ မင်းရဲ့ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အမုန်းတရားတွေကြောင့် ငရဲမှာ မင်းမောင်လေးနဲ့ သွားတွေ့ဖို့ လုံလောက်ပြီ။”

***

All Chapters