စိတ်ပိုင်းဆိုင်ရာ နာကျင်မှု
Vol. 05 Ch. 204
ကျန်းသဲကျင် တုန်ရီသွားခဲ့သည်။ သူမ၏မျက်ဝန်းများအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုသည် ပိုမိုပြင်းထန်လာခဲ့ရပြီး စူးစူးရှရှ အော်ဟစ်လိုက်တော့သည်။
“ထန်ရှု… နင်..နင် ငါ့မောင်လေးကို သတ်လိုက်တာလား။”
“ကျန်းယုံကျင်းက တကယ်ကံဆိုးတဲ့ကောင်။ ဟုတ်တယ် သူ သေသွားခဲ့ပြီ။ ဒါပေမယ့် သူတစ်ယောက်တည်း အထီးမကျန်ပါဘူး။ မင်းရဲ့သွေးသောက်ညီအစ်မကောင်းက အဖော်လုပ်ပေးထားတယ်လေ။ မစိုးရိမ်ပါနဲ့ မကြာခင် မင်းလည်း ကျန်းယုံကျင်းကို တွေ့ရတော့မှာပါ။ မင်းတို့မိသားစုတွေ ပေါင်းစည်းဖို့ ဆောင်ရွက်ပေးရမှာပေါ့။ ဟဲ..ဟဲ..ဟဲ..” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။
ကျန်းသဲကျင်၏မျက်ဝန်းအစုံမှ မျက်ရည်များသည် တာတမံကျိုးသကဲ့သို့ တဝေါဝေါ ကျဆင်းလာခဲ့ပြီး ထန်ရှုအား စူးစူးရဲရဲ ကြည့်ကာ အသံပြာသည်အထိ အော်ဟစ်တော့သည်။
“ဘာကြောင့်လဲ။ ခွေးမသားရဲ့။ နင် ဘာလို့ ငါ့မောင်လေးကို သတ်ရတာလဲ။ နင် လက်တုံ့ပြန်မယ်ဆိုရင် ငါ့ကိုပဲ သတ်ရမှာလေ။ သပလိုပဲ ခွေးမသား။”
“မင်း ဆဲနိုင်သလောက်ဆဲလိုက်စမ်း။ ရင်ထဲကဒေါသတွေ အားလုံး ဖွင့်ထုတ်ပစ်။ အဲ့ဒီလိုမှ မဟုတ်ရင် မင်းသေပြီးတဲ့နောက် ပြန်လည်မဝင်စားနိုင်ဘဲ မကောင်းဆိုးဝါးဝိညာဉ် ဖြစ်သွားလိမ့်မယ်။” ကျန်းသဲကျင်အား ထန်ရှု လှောင်ပြောင်နေသည်။
ကျန်းဖုန်းရှန့်နှင့် အခြားကျန်းမိသားစုဝင်များသည် ကျန်းသဲကျင်နှင့် ထန်ရှုတို့ ပြောနေသော စကားများအား နားထောင်နေကြရင်း မည်သည့်အရာများ မည်သို့ ဖြစ်ပျက်ခဲ့ပြီး ကျန်းမိသားစု ပျက်စီးစေရန် နောက်ကွယ်မှ ကြိုးကိုင်ခိုင်းစေနေသူသည် မည်သူဖြစ်ကြောင်း နားလည်လာကြပြီ ဖြစ်သည်။ သူတို့၏အရှေ့တွင် ရှိနေသော လူငယ်သည် ကျန်းမိသားစု ပျက်စီးရန်အတွက် အဓိက လက်သည်တရားခံဖြစ်ပြီး ကျန်းသဲကျင်နှင့် ထိုလူငယ်အကြားမှ နက်ရှိုင်းသော အမုန်းတရားအား ကြားတောင်ကြားသိခဲ့ရပြီဖြစ်တော့သည်။
ထန်ရှုအား ဗျာများနေသည့်အမူအရာဖြင့် ကြည့်လိုက်ပြီး ကျန်းဖုန်းရှန့်သည် ကျန်းသဲကျင်ဘက် ခေါင်းကို လှည့်ကာ အပြစ်တင်လိုက်သည်။
“ယီးလိုပဲ။ ငါ့ကို ပြောစမ်း ဘာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာ။ နင်နဲ့ နင့်မောင် ဘာကြောင့် သူနဲ့ ရန်ငြိုးရန်စတွေ ဖြစ်ခဲ့လဲ။”
ကျန်းသဲကျင် အဆူခံလိုက်ရသဖြင့် သူမ၏မျက်ဝန်းများထဲမှ စိတ်ပျက်သွားသော အမူအရာ ပေါ်ထွက်လာခဲ့သည်။
ထန်ရှုသည် ထီမထင်သောဟန်ဖြင့်
“အတွေးအခေါ်ကျောင်းတော်အားလုံးက ဆရာသခင်တွေ ပြောကြတာကတော့ သန္ဓေသား အားလုံးက အသက်ရှင်ဖို့အတွက် သူတို့စွမ်းရည်တွေနဲ့အတူ မွေးဖွားလာလိမ့်မယ်တဲ့။ ကြည့်ရတာ ကလေးမွေးဖွားခြင်းကလည်း အသက်ရှင်ဖို့အတွက် စွမ်းရည်တစ်ခု ဖြစ်ပုံပေါ်တယ်။ ခင်ဗျားက ကျန်းဖုန်းရှန့်နော်…။ ခင်ဗျားရဲ့ပုံဟန်သွင်ပြင်အရဆိုရင် စမတ်ကျပြီး လူရည်လည်တဲ့ ယောကျာ်းတစ်ယောက်လို့ ကျွန်တော် မြင်တယ်။ ဒါပေမယ့် ဒီလို အသိဉာဏ်မရှိ ရူးနှမ်းတဲ့ သားသမီးမျိုးကို ခင်ဗျား ဘယ်လို မွေးထုတ်ထားတာတုန်း။ ခင်ဗျားရဲ့ကလေးတွေက မိသားစုအတွက် ဘေးဆိုးသယ်လာတာက လွဲပြီး ဘယ်နေရာမှာ အသုံးကျတာရှိလဲ။”
“မင်း ငါ့သားကို တကယ် သတ်ခဲ့တာလား။” ကျန်းဖုန်းရှန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒါပေါ့။ သူ့ရဲ့သေဆုံးမှုက တကယ်သနားစရာကောင်းတယ်။” ထန်ရှု ဖြေလိုက်သည်။
ကျန်းဖုန်းရှန့် စိတ်ထိခိုက်စွာဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော်လည်း ပြန်ဖြည်လိုက်ပြီး ထန်ရှုအား စိုက်ကြည့်ကာ
“ပြောပါဦး။ ကျန်းမိသားစုတစ်ခုလုံးကို ပျက်စီးစေချင်ရအောင် မင်းရဲ့အမုန်းတရားတွေက ဘယ်လိုတောင် နက်ရှိုင်းသွားတာလဲ။”
“ခင်ဗျားရဲ့တန်ဖိုးထားရတဲ့သားသမီးတွေက တကယ်ကို ကောင်းတာ လုပ်ခဲ့တယ်လေ။ ပြည်ပလုပ်ကြံသူတွေကိုတောင် ငှား၊ တိုင်းပြည်ထဲ အဝင်ခိုင်းပြီး ကျွန်တော့်ကို သတ်ခိုင်းခဲ့တယ်။ တောင်တံခါးအိမ်ရာအပြင်ဘက်မှာ အသတ်ခံရတဲ့လူ၃ယောက်အကြောင်း ခင်ဗျား ကြားမိမှာပေါ့။ အဲ့ဒီလုပ်ကြံသူ၃ယောက်က ခင်ဗျားကလေးတွေ ငှားခဲ့တဲ့လူတွေပဲ။ သူတို့တတွေ အရမ်းအားနည်းလွန်းတာတော့ သနားစရာပဲ။ ဒီလို အားနည်းတဲ့ခွန်အားနဲ့ ကျွန်တော့်ကို သတ်နိုင်မယ့်အစား သူတို့ပဲ အသတ်ခံလိုက်ရတော့တာပေါ့။” ထန်ရှု သုန်မှုန်စွာ ပြောလိုက်သည်။
ကျန်းဖုန်းရှန့် တုန်လှုပ်သွားရပြီး “မင်း..မင်းက အဲ့ဒီလူတွေကို တောင်တံခါးအိမ်ရာအပြင်ဘက်မှာ သတ်လိုက်တဲ့သူလား။ ဒီဟာက ကျန်းမိသားစုနဲ့ ဆက်နွယ်နေတာကို တွေးရင် မင်းမှန်တယ်လို့ ထင်ရတယ်။ ဘေးဆိုးတွေ သယ်လာတဲ့ မောင်နှမ၂ယောက်ကို ငါ မွေးခဲ့မိတယ်။”
“အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့မိသားစုနဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကျွန်တော် စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ခင်ဗျားတို့ကို အရာအားလုံး ပြောလိုက်ပြီးပြီဆိုတော့ တစ်ချိန်မှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာမှာ ကျွန်တော် မလိုချင်ဘူး။ အဲ့ဒါကြောင့် ခင်ဗျားတို့အားလုံးကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး။ ကျန်ယု… သူတို့အားလုံးကို သတ်ပြီး ပင်လယ်ထဲကို ပစ်လိုက်ဖို့ ခင်ဗျားလူတွေကို ပြောလိုက်ပါ။”
“ဒါ့အတွက် စိတ်မပူပါနဲ့ ညီအစ်ကိုထန်။ ငါ့အဖေက ကြိုတင်ပြင်ဆင်ထားတာမို့လို့ သူတို့အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲမှာ သွားပစ်ဖို့ ငါတို့ အဆင်သင့်ပါပဲ။”
လုံကျန်ယု ပြုံးရွှင်စွာ ပြောလိုက်သည်။
ကျန်းဖုန့်ရှန့်သည် လုံကျန့်ယုအား အကြည့်နက်နက်ဖြင့် ကြည့်လိုက်ပြီးမှ ခါးသီးသော အမူအရာဖြင့်
“မင်းတို့ လုံမိသားစုက ဒီလိုအကူအညီကောင်းတစ်ယောက် တွေ့သွားလိမ့်မယ်လို့ ငါ တစ်ခါမှ တွေးမထင်ခဲ့မိဘူး။ မင်းရဲ့အဖေက သူ့ကို ကျန်းမိသားစုရဲ့ရန်သူဖြစ်အောင် လုပ်ခိုင်းပြီး ငါတို့ကျန်းတွေကို ကြယ်တာရာအပြင်ဘက် မောင်းထုတ်ခိုင်းခဲ့တာလား။ အဲ့ဒီလုပ်ကြံသူ၃ယောက်က လှည့်ကွက်တစ်ခု မဟုတ်လား။ ဒါပေမယ့် ငါ မသိတာက ဒီဟာကို မင်းတို့မိသားစုချည်းပဲ ဘယ်လိုအောင်မြင်နိုင်မှာမို့လို့လဲ။ ဒီကိစ္စကို အောင်မြင်ဖို့ အိုးရန်တွေနဲ့ပူးပေါင်းရင်တောင်မှ မအောင်မြင်နိုင်သေးဘူး။”
လုံကျန်ယု အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း
“ဟား..ဟား..ဟား.. ဦးလေးကျန်း ဒီနောက်ကွယ်ကလူကို ကျွန်တော်တို့ လုံမိသားစုလို့ တကယ်ထင်နေတာလား။ ကြယ်တာရာမှာ နှစ်ပေါင်းများစွာ ခြေကုပ်ယူထားပြီးဖြစ်တဲ့ ခင်ဗျားရဲ့ကျန်းမိသားစုကို တွန်းလှန်ဖို့ ကျွန်တော်တို့ မိသားစုက တကယ် စွမ်းအားကြီးတယ်လို့ ထင်နေတာလား။”
“အဲ့ဒါဆို ဘယ်သူလဲ။” ကျန်းဖုန်းရှန့် ကြက်သေ သေသွားပြီး ပဟေဠိဖြစ်နေသည်။
ထန်ရှုအား ညွန်ပြလျက် လုံကျန်ယုသည် ရယ်သံဖြင့်
“ခင်ဗျားတို့ ကျန်းမိသားစုမှာ လူထောင်ပေါင်းများစွာ ရှိရင်တောင်မှ ဒီလူ့ကို ရန်မစသင့်ဘူး။ ဒါပေမယ့် အခု ခင်ဗျားတို့ကို ကျေကျေနပ်နပ် သေခွင့်ပြုလိုက်မယ်။ ကျန်းမိသားစုကို ဆန့်ကျင်ဖို့ အင်အားစု ဘယ်နှစ်စုပါလဲဆိုတာ ခင်ဗျားသိလား။”
“ဘယ်လောက်ပါတာလဲ။” ကျန်းဖုန်းရှန့် မေးလိုက်သည်။
လုံကျန်ယု ပြုံးလိုက်ရင်း
“နံပါတ်၁ ကျွန်တော်တို့ လုံမိသားစု၊ နံပါတ်၂ သူ့ရဲ့တပည့် ချန်းကျီကျုံး၊ နံပါတ်၃ ကျင်းမန်ကျွန်းက အိုးရန်မိသားစု၊ နံပါတ်၄ ဟိုက်ချင်းက မြောင်ဝမ်တန်၊ နံပါတ်၅ မြောက်ပိုင်းကျန်းစုက ရှောင်မင်ကျန်း၊ နံပါတ် ၆နဲ့၇က ပေကျင်းက ချူနဲ့ ပိုင်မိသားစု။ နံပါတ်၈ကတော့…”
ကျန်းဖုန်းရှန့်၏အမူအရာသည် သေခါနီးလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားကာ သူ၏မျက်ဝန်းထဲတွင် အကြောက်တရားသည် အလွှာတစ်ထုအနေဖြင့် တည်ရှိနေတော့သည်။ လုံကျန်ယုထံမှ များပြားလှသည့် အင်အားစုများအား နားထောင်နေရင်း သူ၏ကျန်းမိသားစုသည် မျှော်လင့်ချက်မရှိတော့သည်ကို သူ သိလိုက်ရသည်။ တုန်ရီနေသော နှုတ်ခမ်းများဖြင့် သူသည် လုံကျန့်ယုအား မယုံနိုင်ကြည်နိုင်ဟန်အမူအရာဖြင့် ကြည့်နေရင်းမှ
“နံပါတ်၈ အင်အားစုက ဘယ်သူလဲ။”
လုံကျန်ယုသည် ထန်ရှုအား ညွှန်ပြလိုက်ရင်း ရယ်သံဖြင့်
“ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုက သူ့ကိုယ်ပိုင်လုပ်ငန်းစုပဲ။ ခန်းရှရဲ့သူဋ္ဌေးက သူဖြစ်လိမ့်မယ်လို့ ခင်ဗျား ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူးမဟုတ်လား။”
“ဘာ…”
သည်တစ်ကြိမ်တွင် ကျန်းဖုန်းရှန့်သာမက မျက်ရည်များ စီးကျနေသော ကျန်းသဲကျင်၊ ကျန်းမိသားစု၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အခြားသူများပါ တုန်လှုပ်စွာ အော်ဟစ်လိုက်မိတော့သည်။
မမျှော်လင့်စွာပင် ခန်းရှက ထန်ရှုအတွက် အလုပ်လုပ်ပေးနေခဲ့တာလား။
ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့လျှို့ဝှက်သူဋ္ဌေးကြီးက ထန်ရှုတဲ့လား။
သူက ဘယ်သူလဲ။ ခန်းရှကို သူ့အတွက် စိတ်ပါလက်ပါ အလုပ်လုပ်ချင်စိတ် ဖြစ်ပေါ်အောင် ဘယ်လိုပြုလုပ်နိုင်ခဲ့တာလဲ။
ကျန်းဖုန်းရှန့် တုန်ရီစွာဖြင့်
“ဒီအစီအစဉ်မှာ ပါဝင်တဲ့ အင်အားစုအားလုံးက သူ့ကြောင့်ပါလာတာလို့ ပြောချင်တာလား။”
“အမှန်ပဲ။ အားလုံးက ထန်ရှုကြောင့်ပါလာတာ။ ကျွန်တော်တို့လုံမိသားစုက ဒီအင်အားစုကြီးတွေနဲ့ ချိတ်ဆက်ဖို့ဆိုတာ ရိုးရှင်းစွာနဲ့ မဖြစ်နိုင်လောက်ဘူးဆိုတာပဲ။”
“ကျန်ယု… ဘာကြောင့် အဲ့ဒါတွေ ပြောနေတာလဲ။ သူတို့က သေတော့မှာပဲကို။ သူတို့ကို မြန်မြန်သတ်ပြီး သူတို့ ပိုင်ဆိုင်မှုတွေ တတ်နိုင်သမျှ မြန်မြန် ခွဲဝေပေးလိုက်။ ဒါမှ လူတိုင်း ကိုယ့်အလုပ်ကို ပြန်လုပ်လို့ရအောင်။ နောက်ပြီး ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဒီကျန်းမိသားစုလေးအကြောင်း စိုးရိမ်ဖို့ အချိန်အများကြီး သုံးရမှာ ပျင်းလွန်းတယ်။”
ကျန်းမိသားစုလေး…တဲ့လား။
ကျန်းမိသားစုဝင်တိုင်း၏ အတွင်းစိတ်ထဲတွင် သေခြင်းတရားသည် အရောင်လက်လာခဲ့ပြီး သေရမည်ကို ကြောက်ရွံ့လာကြလေသည်။
ရုတ်တရက် ကျန်းမိသားစုဝင်တစ်ယောက်သည် ထန်ရှုအား မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် “မစ္စတာထန်… ငါတို့ကြားမှာ နားလည်မှုလွဲနေတာတစ်ခု ရှိတယ်။ မင်းကို နာကျင်စေချင်တဲ့သူက ကျန်းသဲကျင်နဲ့ သူ့မောင်လေးလေ။ သူ့အဖေတောင်မှ ဒီအကြောင်းကို မသိဘူး။ ငါ ကျန်းဖုန်းရှန့်အကြောင်း သိတယ်။ သူသာ ဒီအကြောင်းကို သိရင် ဒါတွေ မဖြစ်အောင် သေချာပေါက် သူ တားဆီးမှာပဲ။ ဘာမှ မသိတဲ့ အခြားသူတွေကိုတော့ မင်း အပြစ်မတင်သင့်ဘူး။ ဒီကိစ္စထဲမှာ ငါတို့တတွေ မပါသလို မင်းနဲ့လည်း ရန်ငြိုးမရှိဘူးလေ။ ငါတို့ကို မင်း သွားခွင့်ပေးနိုင်မလား။ ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို မင်း ယူချင်ရင် ယူလိုက်လို့ရတယ်။ ငါ နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ ငွေကြေးတွေလည်း ရှိသေးတယ်။ မင်းကို အားလုံးပေးနိုင်တယ်။”
အခြားတစ်ယောက်မှလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။
“ငါ့မှာလည်း ပိုက်ဆံရှိတယ်။ ငါ့အသက်ကို ဝယ်ဖို့ ဒါတွေအားလုံး မင်းကို ပေးနိုင်ပါတယ်။ ငါတို့ကို မသတ်ပါနဲ့။ ငါတို့ကျန်းမိသားစု ပြိုကွဲသွားရင် ငါတို့အားလုံး ဆင်းရဲသားတွေ ဖြစ်သွားလိမ့်မယ်။ သေချာပေါက် မင်းနဲ့ဝေးရာမှာ ငါတို့တတွေ ဇာတ်မြှုပ်နေမှာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်တော့မှ ထပ်မတွေ့ကြတော့ဘူး။ မင်းရဲ့ဒေါသနဲ့ အမုန်းတရားတွေကို ဖွင့်ထုတ်ချင်ရင် ကျန်းသဲကျင်ကိုပဲ သတ်လိုက်ပါ။ သူမက တရားခံမို့ သေရမယ့်သူတစ်ယောက်ပဲ။”
“ရှင်တို့…”
ကျန်းသဲကျင် သူမ၏ဆွေမျိုး၂ယောက်အား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ တစ်ယောက်သည် သူမ၏ဦးလေးဖြစ်ပြီး နောက်တစ်ယောက်သည် သူမ၏ဒေါ်လေးဖြစ်သည်။ သူတို့၏အသက်အား ကယ်တင်ရန် တူမဖြစ်သူအား သစ္စာဖောက်လိမ့်မည်ဟု သူမ တစ်ခါမျှပင် တွေးမထင်ခဲ့မိချေ။
ကျန်းဖုန်းရှန့်သည် သူ၏ညီနှင့် ညီမအား စိတ်ထိခိုက်နာကျင်စွာဖြင့်သာ ကြည့်နိုင်တော့သည်။ စိတ်သောကရောက်ရလွန်းသဖြင့် သူသည် အသက်ရှူရပ်လုနီးပါးပင် ဖြစ်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူလည်းပဲ မသေလိုသေးဘဲ အသက်ရှင်နေထိုင်သွားချင်သေးသည်။
သူ၏သားသည် သေဆုံးခဲ့ပြီဖြစ်သည်။ သူသာ သေဆုံးသွားပါက အမွေဆက်ခံသူမရှိဘဲ သေရလိမ့်မည်ဖြစ်သည်။
ကျန်းဖုန်းရှန့်၏မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာခဲ့သည်။ သူသည် ကျန်းသဲကျင်အား စူးစူးနစ်နစ် ကြည့်လိုက်ပြီးနောက် ခေါင်းပြန်လှည့်လိုက်ကာ လေးနက်သောအသံဖြင့်
“ထန်ရှု… ကောင်းကင်ရဲ့အမိန့်တွေက စက်ဝိုင်းထဲမှာ လည်ပတ်နေသလိုပဲ ကံကြမ္မာမှာလည်း တရားမျှတမှုအတွက် ဆုံးဖြတ်နိုင်မှုရှိတယ်။ ငါ့သမီးဖြစ်တဲ့ သဲကျင်က မင်းကို သတ်ဖို့ လုပ်ကြံသူတွေငှားတာက သူမရဲ့အမှား။ အခုဟာကို ကျရှုံးမှုအတွက် သူမရဲ့ကံတရားလို့ မင်းတွေးသင့်တယ်။ လူတစ်ယောက်က ကိုယ်လုပ်ခဲ့တာအတွက် ကိုယ်တိုင်ပဲ တာဝန်ယူရမယ်။ မင်း ငါတို့ရဲ့ကျန်းမိသားစုကိုဖျက်ဆီးပြီးပြီ။ မင်းရဲ့ဒေါသမပြေသေးဘူးဆိုရင် သူမကို သတ်လိုက်ပါ။ ဒါပေမယ့် ငါတို့လိုအခြားသူတွေအတွက်တော့ မင်း သွားခွင့်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါတို့ ကြယ်တာရာကို စွန့်ခွာပြီးတော့ အဝေးဆုံးနေရာကို သွားပြီး နောင်အနာဂတ်မှာ မင်းနဲ့ ဘယ်တော့မှ မဆုံဖြစ်အောင် နေပါ့မယ်။”
“အဖေ…”
ကျန်းသဲကျင်၏သွေးများ ဆူပွက်လာပြီး ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရသည်။ သူမ၏နှုတ်ခမ်းအနီးတစ်ဝိုက်တွင် ပေကျံသွားသော သွေးများအား မသုတ်မိဘဲ ဖခင်ဖြစ်သူအား မယုံကြည်နိုင်စွာ ကြည့်မိလိုက်သည်။ ဦးလေးနှင့်ဒေါ်လေးဖြစ်သူက သူမအား စွန့်လွှတ်ပြီး အကာအကွယ်ဒိုင်းတစ်ခုအဖြစ် အသုံးချသည်ကို သူမ နားလည်နိုင်သည်။ ထိုသူများသည် တစ်ကိုယ်ကောင်းဆန်ကြသည်ကို သူမ သိနေသောကြောင့်ဖြစ်သည်။
သို့သော် ကျန်းဖုန်းရှန့်သည် သူမ၏ဖခင်ဖြစ်သည်။ ကျားတစ်ကောင်ပင်လျှင် သူ၏ကလေးများကို သတ်လိမ့်မည်မဟုတ်ဟု ဆိုရိုးရှိသည်မဟုတ်တုံလော။ သို့သော် သူ…သူသည် သူ၏အသက် တည်မြဲရန် အမှန်တကယ်ပင် သူမအား သေစေလိုခဲ့ပေသည်။
စိတ်ပျက်အားငယ်မှုသည် သူမအား စိတ်ဓာတ်ကျသွားစေခဲ့ပြီး အသက်ရှူရန်အတွက်ပင် ခက်ခဲနေခဲ့သည်။ ထိုကဲ့သို့သော မိသားစုဝင်များရှိခြင်းအတွက် ရုတ်ခြည်းပင် ဝမ်းနည်းလာကာ ကြေကွဲမိရသည်။ ထိုသူများအားလုံးသည် သေရမှာကို ကြောက်ကြသော၊ သူတို့၏အသက်ကို မြတ်နိုးကြသော၊ အရှက်မရှိကြသောသူများသာ ဖြစ်ပေတော့သည်။ ခြွင်းချက်မရှိသေရတော့မည်ကို ကောင်းစွာ သိနေသော ကျန်းသဲကျင်သည်လည်း သေရမည်ကို စိုးထိတ်မိပါသေးသည်။ သို့ဖြစ်ရာ သူမ၏မိသားစုအား မုန်းတီးမှုသည် တရိပ်ရိပ်တက်လာသောကြောင့် အော်ပြောလိုက်သည်။
“ထန်ရှု… ငါက သေလူပါ။ ဒါပေမယ့် ငါ နင့်ကို ပြောချင်တာက နင့်ကို သေစေချင်တာ ငါတစ်ယောက်တည်း မဟုတ်ဘူး..သူတို့တွေရောပဲ။ တောင်နံရံများနဲ့ရွာကလေးစီမံကိန်းမှာ နင် လုံမိသားစုကို ကူညီပေးကတည်းက သူတို့က နင့်ကို သတ်ချင်နေကြတာ။ ငါ့မှာ စွမ်းဆောင်ရည်အများကြီး မရှိတဲ့အတွက် ပြည်ပက လုပ်ကြံသူတွေကို မဆက်သွယ်နိုင်ပါဘူး။ သူတို့ပဲ ငါ့ကို ဆက်သွယ်ရမယ့်သတင်းတွေ ပေးပြီးတော့ နင့်ကို သတ်မယ့်လူတွေအကြောင်း စုံစမ်းပေးကြတာ။”
“ခွေးမ… နင် ပေါက်ကရတွေ ပြောမနေနဲ့။”
“ဒါ စွပ်စွဲချက်သက်သက်ပဲ။”
“နင်က အရှက်မရှိ ပြောနေတုန်းပဲလား။”
“မေနိုးမလေး..”
ကျန်းမိသားစုဝင်တိုင်း၏အမူအရာများသည် အကြီးအကျယ် ပြောင်းသွားကာ ဖြူဖျော့သွားပြီး ကျန်းသဲကျင်၏အော်ဟစ်မှုအား ဒေါသများ ထွက်လာကြသည်။
ကျန်းဖုန်းရှန့်ပင်လျှင် မည်သည့်စကားမှ မဆိုသော်လည်း သူ၏သမီးဖြစ်သူအား အေးစက်တင်းမာသော အမူအရာဖြင့် ကြည့်နေသည်။
ထန်ရှုသည် ကျန်းမိသားစုဝင်များ၏အချင်းချင်း ချနင်းနေသောအခြေအနေအား ကြည့်နေရင်း အေးစက်သော အမူအရာနှင့် ခေါင်းသာယမ်းလိုက်မိတော့သည်။ ယခုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပါချေ။ ထိုအဖြစ်အပျက်သည် ကျန်းမိသားစု၏ အရေးပါသောသူများအား လုံးဝလက်စသတ်ရန်အတွက် ညွန်ပြနေပေသည်။
“ကျန်ယု… မင်း ဒါကို ကိုင်တွယ်လိုက်တော့။”
“စိတ်ချထားလိုက်တော့။ ငါ သေချာပေါက် ဒီဟာကို ပြီးမြောက်အောင် ကိုင်တွယ်လိုက်မယ်။ နောက်ပိုင်း ဘေးဆိုးဖြစ်မယ့်အရာတွေကို ငါ ဘာမှ ချန်ထားခဲ့မှာမဟုတ်ဘူး။” လုံကျန့်ယု အပြုံးဖြင့် ပြောလိုက်သည်။
“နေပါဦး။” ကျန်းဖုန်းရှန့် အော်ဟစ်ကာ တားလိုက်သည်။
“ခင်ဗျားမှာ ပြောစရာရှိနေသေးလို့လား။” ထန်ရှု ရပ်တန့်လိုက်ပြီး ကျန်းဖုန်းရှန့်အား ကြည့်ကာ မေးလိုက်သည်။
ကျန်းဖုန်းရှန့်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်သော အသံဖြင့်
“ထန်ရှု… ငါတို့ကို အသက်ချမ်းသာပေးပါ။ ငါ မင်းကို ငွေအများကြီး ပေးပါ့မယ်။”
ထန်ရှုသည် အမှန်တကယ် ငွေလိုနေသော်လည်း ကျန်းဖုန်းရှန့်အား သွားခွင့်ပေးရန် မရည်ရွယ်ထားပေ။ သို့သော် သေတော့မည့်ဆဲဆဲ လူများထံမှ ငွေညှစ်ယူခြင်းသည် သူ့အတွက် ပြသနာမရှိပါချေ။ စိတ်ဝင်စားမှုအပြည့်ဖြင့် ထန်ရှု မေးလိုက်သည်။
“ပြောပါဦး။ ခင်ဗျားရဲ့အသက်ကို ဘယ်လောက် တန်ဖိုးဖြတ်ထားသလဲဆိုတာ။”
“၃ဘီလီယံ။ ငါတို့အသက်အားလုံးကို ၃ဘီလီယံနဲ့ ငါ ဝယ်ချင်ပါတယ်။ ဒါ ကျန်ရှိတဲ့ ငါ့ပိုင်ဆိုင်မှုလေးပါပဲ။ ငါကလွဲပြီး ဒီအကြောင်း ဘယ်သူမှမသိဘူး။ ငါတို့ကို သွားခွင့်ပြုပေးရင် ဒီ၃ဘီလီယံက မင်းအတွက်ပါ။” ကျန်းဖုန်းရှန့် လေးလေးနက်နက် ပြောလိုက်လေတော့သည်။
***