စိတ်အနှောင့်အယှက်ပေးသော မိန်းမတစ်ယောက်
Vol. 05 Ch. 206
ဟန်ကျင်းဝူ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
“နင်ပြောတဲ့အတိုင်း ငါ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ပြည်ပကနေလာတဲ့အပြင် ဒီနိုင်ငံမှာ မရှိတာ ၅နှစ်ကြာသွားပြီဆိုတော့ ကြယ်တာရာနဲ့ ကျွမ်းဝင်မှုရှိမှာမဟုတ်လောက်ဘူး။ အဲ့ဒါကြောင့် မတော်တဆအဖြစ်တွေနဲ့ သူမ ကြုံတွေ့မှာ ငါ ကြောက်နေမိတယ်။”
“သူမ နိုင်ငံခြားက လာတာကို ဆရာမက ဘာဖြစ်လို့ ရှန်ဟိုင်းကို အတူခေါ်မသွားတာလဲ။”
“သူမက လေယာဉ်စီးနေပြီဆိုတော့ အခု ဆက်သွယ်လို့ မရတော့ဘူး။ နောက်ပြီး ရှန်ဟိုင်းမှာ ငါ အရေးတကြီး လုပ်စရာရှိနေတော့ ငါနဲ့အတူ အဲ့ဒီကို ခေါ်သွားဖို့က အဆင်ပြေမှာ မဟုတ်ဘူးလေ။”
“ကြယ်တာရာမှာ ကျွန်တော်တစ်ယောက်တည်း ဆရာမရဲ့အသိလား။” ထန်ရှု စိတ်မပါစွာ ပြောလိုက်သည်။ “ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ…ဘယ်လိုလုပ်ပြီး သူမကို အဖော်လုပ်ဖို့ အချိန်ရှိမှာလဲ။”
ဟန်ကျင်းဝူ အသက်မပါစွာ ရယ်မောလိုက်ပြီး
“နင် အလုပ်ရှုပ်နေတယ်လို့ ငါ့ကို မပြောနဲ့နော်။ စီအီးတီအောင်ပြီးရုံရှိသေးတဲ့အချိန်မှာ ကစားတာကလွဲပြီး နင့်မှာ ဘာလုပ်စရာရှိလို့လဲ။ ဒီမှာ ထန်ရှု…လွန်ခဲ့တဲ့၂လက အကြိမ်များစွာ အနောက်တံခါးကို ဖွင့်ပြီး ငါ နင့်ကို ကူညီခဲ့တာမို့ ဒီတစ်ကြိမ် ငါ့ကို ကူညီပေးပါ။”
ထန်ရှုသည် ဟန်ကျင်းဝူအား စိတ်မသက်သာသောအမူအရာဖြင့် ကြည့်လိုက်ပြီး
“ဆရာမဟန်…အစားကို ကြုံသလို စားလို့ရပေမယ့် စကားကို ကြုံသလို မပြောသင့်ဘူးလေ။ ဘယ်တုန်းက ကျွန်တော့်အတွက် အနောက်တံခါး ဖွင့်ပေးရလို့လဲ။”
“နင့်ရဲ့ကျောင်းပျက်တဲ့ရက်တွေကို မေ့သွားတာလား။ အဲ့ဒါအတွက် ငါ့မှာ အမြဲ တာဝန်ခံ ထားရတယ်လေ။ နောက်ပြီး နင့်ကို ညတိုင်း အိမ်ပြန်ခွင့်လည်း ပေးခဲ့တယ်မဟုတ်လား။”
“အဲ့ဒါကိုလည်း အနောက်တံခါးဖွင့်ခြင်းထဲမှာ ထည့်တွက်တာလား။” ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။
“ဒါပေါ့။” ဟန်ကျင်းဝူ အလေးအနက်ထားကာ ဖြေလိုက်သည်။
ထန်ရှု အောင့်သက်သက် ပြုံးလိုက်ရင်း စိတ်မပါစွာဖြင့်
“ကောင်းပြီလေ။ ဆရာမနဲ့သိကျွမ်းရတာ ကျွန်တော့်ရဲ့ကံမကောင်းမှုလို့ပဲ မှတ်လိုက်ပါမယ်။ ပြောပါ ဆရာမရဲ့သူငယ်ချင်းက ဘယ်လိုခေါ်လဲ။ ကြယ်တာရာကို သူမ ရောက်လာရင် ကျွန်တော်က ဘယ်လို ဆက်သွယ်ရမှာလဲ။ ဒီဟာက ကျွန်တော့်အလုပ်ဖြစ်နေပြီဆိုတော့ သူမကို ဘယ်လိုဧည့်ခံရမှာလဲဆိုတာကို ကျွန်တော်တို့ ပထမဦးဆုံး သဘောတူညီမှုတစ်ခုထားဖို့တော့ လိုလိမ့်မယ်။ အဲ့ဒါဆို ဆရာမ ရှန်ဟိုင်းက ပြန်လာရင် နောက်ပိုင်း ဆက်လုပ်ဖို့ ကျွန်တော့်ကို မရှာရတော့ဘူးပေါ့။”
“ကောင်းတယ်။ နင် ဆက်သွယ်ဖို့ မလိုဘူး။ ရောက်လာရင် နင့်ကို ဆက်သွယ်လိမ့်မယ်။”
ဟန်ကျင်းဝူ ကျေနပ်စွာ ဆက်ပြောလိုက်သည်။
“ဒါနဲ့ ငါ အရင် သွားနှင့်တော့မယ်။ ရှန်ဟိုင်းကို သွားမယ့် နေ့ခင်းလေယာဉ်ကို မီဖို့လိုတယ်။”
ထန်ရှု လက်ဝှေ့ယမ်းပြလိုက်ရင်း သူလည်း စာသင်ခန်းထဲမှ ထွက်ခွာရန်ပြင်လိုက်သည်။ ရုတ်တရက် ဟန်ကျင်းဝူသည် တစ်စုံတစ်ခုအား သတိရသွားသည့်ပမာ သူမ၏ဘေးလွယ်အိတ်ထဲမှ ပိုက်ဆံတစ်ထပ်အား ထုတ်ယူလျက် ထန်ရှုအား ပေးလိုက်သည်။
“ဒီမှာ… ပိုက်ဆံ၅ထောင်။ ငါ့သူငယ်ချင်းကို ဧည့်ခံပေးဖို့။ နင် မလောက်ရင် ငါ့ဆီ အချိန်မရွေး ဖုန်းခေါ်လိုက်နော်။”
ထန်ရှု မငြင်းဆန်ခဲ့ပေ။ သည်ကိစ္စအား ဟန်ကျင်းဝူဆီမှ လက်လွှဲယူလိုက်ရပြီဆိုကတည်းက ငွေကြေးသည်လည်း ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်ဖြစ်သည်။ ပိုက်ဆံအား သူ၏အိတ်ကပ်ထဲ ထည့်လိုက်ပြီး ထန်ရှုသည် စာသင်ခန်းထဲမှ တန်းထွက်သွားတော့သည်။
နေ့လည်ပိုင်းတွင်…
ထန်ရှုသည် မိသားစုပိုင်စားသောက်ဆိုင်လေးတွင် နေ့လည်စာ စားပြီးနောက် ကြယ်တာရာ၏ ရှေးဟောင်းပစ္စည်းများ ရောင်းချသော ဈေးသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ် ပြုလုပ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သတ္တုအား သန့်စင်ရန် လိုနေသောကြောင့် နှောင့်နှေးနေရသည်။ သူ ကံကောင်းပါက အဖိုးတန်သတ္တုအချို့အား ရှာတွေ့နိုင်သည်။ သို့သော်လည်း ဈေးအား တစ်နေ့လည်းလုံး ပတ်ကြည့်နေသော်လည်း မည်သည့်အဖိုးတန်သတ္တုကိုမှ ရှာမတွေ့ချေ။ အလွန်ကောင်းသည့် ရုပ်တုတစ်ခုအား တွေ့သော်လည်း ဈေးအင်မတန် ကြီးမြင့်သည့်အပြင် သူ့တွင်လည်း ရှေးဟောင်းရုပ်တု စုဆောင်းသည့် ဝါသနာမရှိသောကြောင့် ထိုအပေါ်တွင် သူ ပိုက်ဆံ မသုံးခဲ့ပါချေ။
အငှားကားတစ်စီး တားကာ တောင်တံခါးအိမ်ရာသို့ ပြန်လာသည့် လမ်းတွင် မရင်းနှီးသော အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းခေါ်ဆိုမှုအား ရရှိခဲ့ပြီး မေးမြန်းလိုက်ရင်းမှ သူမသည် ဟန်ကျင်းဝူနှင့် ညီအစ်မလိုနေသော၊ ပြည်ပမှ ပြန်လာသည့် သူငယ်ချင်းဖြစ်နေသည်ကို သူ သိလိုက်ရသည်။
“ခင်ဗျား ကြယ်တာရာမြို့ထဲကို ရောက်ပြီးရင် အရင်ဆုံး ဟိုတယ်တစ်ခု လွပ်လွပ်လပ်လပ် ရှာပါ။ ကျွန်တော် ပြီးရင် ခင်ဗျားကို လာရှာလိုက်မယ်။” ထန်ရှု ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။
ကြယ်တာရာလေဆိပ်တွင်…
အရပ်မြင့်မြင့်နှင့် ချန်းဝေသည် လေဆိပ်ထွက်ပေါက်မှ ထွက်လာသည်နှင့် များစွာခရီးသွားများအား ဆွဲဆောင်လိုက်သည့်နှယ်ဖြစ်သည်။ သူမသည် ဘောင်းဘီတိုနှင့် တီရှပ်အား ဝတ်ဆင်ထားပြီး လည်တိုင်ကျော့ကျော့ထက်တွင် ပလက်တီနမ် ဆွဲကြိုးလေးတစ်ကုံးသည် နေရာယူထားကာ ပန်းနုရောင် နေကာမျက်မှန်သည် သူမ၏မျက်နှာလေးအား ဖုံးကွယ်ထားသည့်ပမာဖြစ်တော့သည်။ အဆွဲဆောင်နိုင်ဆုံးအရာသည် သူမ၏နှုတ်ခမ်းရဲရဲလေးများပင် ဖြစ်ချေသည်။ အကန့်အသတ်နှင့် ထုတ်လုပ်သည့် နောက်ဆုံးပေါ် လူးဝစ်ဗီတန်အိတ်အား ဘေးတွင် လွယ်လျက် ခန့်ထည်သော ခရီးဆောင် သားရေသေတ္တာအဖြူရောင်အား တွန်းလာရင်း ချန်းဝေ တွေးတောလာသည်။
“ကျင်းဝူက ဘယ်လိုလုပ်တာလဲဟ။ သူမရဲ့ကျောင်းသားကို ငါ့ကို အဖော်လုပ်ပေးဖို့ ထည့်ပေးပြီး အခြေခံယဉ်ကျေးမှုတရားကိုတောင် လုံးဝမပြောလိုက်ဘူး။ ဒီည ကြယ်တာရာကို ငါရောက်မယ်ဆိုတာ ဒီကောင်လေး သေချာပေါက် သိရက်သားနဲ့ ငါ့ကို လေဆိပ်မှာ လာမကြိုဘူးလား။”
ချန်းဝေသည် ခါးသီးစွာ ခြေစုံရပ်နေပြီးနောက် ချာကနဲလှည့်ကာ အငှားကားများ ရပ်သည့်နေရာသို့ လျှောက်သွားလေသည်။
ဆီဇာတော်ဝင်ဟိုတယ်…
ထိုဟိုတယ်သည် ကြယ်တာရာရှိ ဖိုက်စတားဟိုတယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းသည် အကောင်းဆုံး မဟုတ်သော်လည်း အဆင့်အတန်းမြင့်ပေသည်။ ဟိုတယ်အဆောက်အဦးတစ်ခုလုံးသည် မီတာ၄၀-၅၀ မြင့်မားပြီး တော်ဝင်ဆန်ကာ ခမ်းနားသော ပုံစံဖြစ်သည်။
ချန်းဝေသည် ပထမတန်းစား အခန်းအား တံခါးဖွင့်ကာဝင်လိုက်သည်။ သူမသည် ရေမိုးချိုး အဝတ်အစားလဲပြီးချိန်တွင် အခန်းတံခါးဘဲလ်တီးသံအား ကြားလိုက်ရသည်။
“သောက်ကျိုးနည်းကို နောက်ကျတာပါလား။”
ချန်းဝေ မကျေမနပ် တီးတိုးရေရွတ်လိုက်သည်။ သူမသည် ဗိုက်အရမ်းဆာမနေပါက ထိုတံခါးအား ထဖွင့်ရန်ပင် ပျင်းရိနေမည်ဖြစ်သည်။ အကြောင်းမူ ဟန်ကျင်းဝူ သူမဆီလွှတ်ပေးသော ကျောင်းသားမှ လွဲရင် သည်နေရာသို့ မည်သူမှ လာလိမ့်မည်မဟုတ်သည်ကို သူမသိနေသောကြောင့်ဖြစ်သည်။
တံခါးဖွင့်ပေးပြီးနောက် ချန်းဝေသည် အပြင်ဘက်တွင် ရပ်နေသော ထန်ရှုအား တစ်ချက်သာ ကြည့်လိုက်ပြီး ပြန်လှည့်ဝင်လာရင်း အနည်းငယ် အလိုမကျသော အသံဖြင့်
“နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့။ ငါသာ ဗိုက်တအားဆာမနေဘူးဆိုရင် နင် ဒီနေရာမှာပဲ ရပ်နေရလိမ့်မယ်။ အထဲဝင်ခဲ့ပါ။”
ထန်ရှုသည် သူနှင့်ချန်းဝေ၏တွေ့ဆုံမှုအား ပုံစံအမျိုးမျိုးဖြင့် စိတ်ကူးကြည့်ထားသော်လည်း ယခုကဲ့သို့ ပုံစံအား တစ်ခါမှ မတွေးထားခဲ့မိချေ။ ကြက်သေ သေသွားရမည့်အစား ထန်ရှု ခေါင်းကိုသာ တိတ်တဆိတ် ယမ်းလိုက်မိတော့သည်။ အခန်းထဲသို့ ဝင်လာပြီးနောက် သူသည် ဆိုဖာဆီသို့ တန်းသွားကာ ထိုင်လိုက်ပြီး စားပွဲပေါ်မှ မဂ္ဂဇင်းတစ်ခုအုပ်အား ဆွဲယူကာ စဖတ်လိုက်သည်။
ချန်းဝေသည် ထန်ရှုအား လစ်လျူရှုထားလေသည်။ သူမသည် ဗိုက်ဆာနေပြီဟု အော်ဟစ်နေသော်ငြား မိတ်ကပ်လိမ်းခြယ်ခြင်းအား အချိန်ယူကာ ပြင်ဆင်နေသည်။ လိမ်းခြယ်မှု အဆုံးသတ်ရန် တစ်နာရီကြာ အချိန်သုံးပြီးနောက် သူမ၏လူးဝစ်ဗီတန်အိတ်အား ကောက်လွယ်လိုက်ကာ
“ရပြီ။ ငါ အဆင်ပြေသွားပြီ။ သွားကြစို့။”
“ဘယ်သွားမှာလဲ။” ထန်ရှု မော့ကြည့်ကာ မေးလိုက်သည်။
ချန်းဝေသည် မကြည်လင်သောအသံဖြင့်
“တစ်ခုခု သွားစားရမယ်လေ။ နင်က ဘယ်သွားမယ်ထင်နေတာလဲ။ အချိန်ကို နင် မတွေ့ဘူးလား။ ၉နာရီထိုးနေပြီ ခုထိ ငါ ညစာ မစားရသေးဘူး။ ညလယ်စာအဆာပြေမုန့်ကို ညစာအဖြစ်တော့ သဘောမထားနိုင်ပါဘူး။”
ထန်ရှု စကားတစ်လုံးမျှ ထွက်မလာနိုင်တော့ပေ။
သူ ဟိုတယ်သို့ ၈နာရီမထိုးခင် ရောက်လာသော်လည်း သူမက မိတ်ကပ်လိမ်းခြယ်ခြင်းအား တစ်နာရီကြာ သုံးခဲ့သည်။
သူ ဒီနေရာကို လာခြင်းကိုတောင်မှ အပြစ်တင်နေခဲ့သည်လား။
ယောကျာ်းကောင်းတစ်ယောက်သည် အမျိုးသမီးတစ်ယောက်နှင့် ရန်ဖက်ဖြစ်လိမ့်မည်မဟုတ်ဟူသော စကားအား နှလုံးသွင်းကာ ထိုအခြင်းအရာအား သူ မေ့ထားလိုက်တော့သည်။
သူမသည် ဟန်ကျင်းဝူနှင့် ညီအစ်မလိုနေသူဖြစ်သည့်အပြင် သူသည်လည်း သူမအား နှစ်ရက်သာ အဖော်လုပ်ပေးရမည်ဖြစ်သည်။ ဟန်ကျင်းဝူ ပြန်ရောက်လာချိန်တွင် သူ ချက်ချင်းပင် ဘိုင်ဘိုင့်လုပ်ကာ သူမအား နောက်ထပ်တွေ့တော့မည်မဟုတ်ချေ။
ထိုအကြောင်းအရာအား တွေးမိသည်နှင့် ထန်ရှုသည် ဘီရိုဘေးနားသို့ လျှောက်လာကာ ဖုန်းဆက်ရန် ကြိုးဖုန်းအား ကောက်ကိုင်လိုက်သည်။
“နင် ဘာလုပ်နေတာလဲ။” ချန်းဝေ ပဟေဠိဖြစ်စွာ မေးလိုက်သည်။
“နောက်ကျနေပြီလို့ ခင်ဗျား တွေးနေတာမဟုတ်ဘူးလား။ ဟိုတယ်က စီစဉ်ပေးတာမို့လို့ ညစာကို အပြင်ထွက်စားစရာ မလိုဘူးလေ။ ဖုန်းဆက်လိုက်ရင် ဟိုတယ်က ညစာကို ဝန်ထမ်းတစ်ယောက်ကို လာပို့ခိုင်းလိမ့်မယ်။ ညစာ စားပြီးရင် ခင်ဗျားလည်း စောစောနားပေါ့။ ကျွန်တော်လည်း မြန်မြန်ပြန်သွားလိုက်ပါမယ်။” ထန်ရှု ပြောပြလိုက်သည်။
မယုံနိုင်ဟန်အမူအရာဖြင့် ချန်းဝေ ပြောလိုက်သည်။
“ဟင့်အင်း။ ညစာမှာဖို့ မခေါ်နဲ့။ ဟိုတယ်က အစားအစာတွေက အရသာမရှိဘူးဆိုတာ နင်မသိဘူးလား။ ညစာစားဖို့ ငါ့ကို အပြင်ခေါ်သွားပေး၊ ငါ ကြယ်တာရာက အရသာအရှိဆုံး အစားအစာတွကို မြည်းစမ်းကြည့်ရမယ်။”
ထန်ရှု မျက်မှောင်ကြုပ်သွားရင်း
“ကျွန်တော် ကြယ်တာရာက နာမည်အကြီးဆုံး ဒါမှမဟုတ် အကောင်းဆုံး အစားအစာတွေကို မသိဘူးဗျ။ တကယ်လို့ ခင်ဗျား ဟိုတယ်က အစားအစာကို မစားချင်ရင် အပြင်က စားသောက်ဆိုင်တစ်ခုခုကို ရှာပြီး စားကြတာပေါ့။ ခင်ဗျားလည်း လေယာဉ်အကြာကြီး စီးခဲ့ရတော့ စောစောနားတာ ပိုကောင်းတယ်။ မနက်ဖြန် နေရာတိုင်းကို လျှောက်သွားချင်ရင် ခင်ဗျား ပိုမို လန်းဆန်းနေမှ ဖြစ်မှာပေါ့။”
“ဟင့်အင်း..ဟင့်အင်း.. ငါ မပင်ပန်းဘူး။ ငါက လေယာဉ်ပေါ်မှာ အပြည့်အ၀ နားလာခဲ့တာ။ အချိန်ကွာခြားချက်တွေ အားလပ်ချိန်တွေ ညှိစရာမလိုဘူး။ နင့်ရဲ့အလုပ်က ငါ့ကို အဖော်လုပ်ပြီး လမ်းညွှန်ပေးဖို့ပဲ။ ငါစားချင်တာမှန်သမျှ နင် ငါနဲ့အဖော်လိုက်ပေးရမယ်။”
“ကျွန်တော်က သောက်ကျိုးနည်း ခင်ဗျားအဖေ မဟုတ်ဘူးဗျ။”
ထန်ရှု စိတ်တွင်းမှ ရေရွတ်လိုက်ရင်း ချန်းဝေနောက်မှ လိုက်လာခဲ့ရတော့သည်။
ဆီဇာဟိုတယ်သည် ကြယ်တာရာ၏ လူစည်ကားသော အရပ်တွင် တည်ရှိသည်။ အရှေ့ဘက် အနီးနားတွင် အထက်တန်းလွှာရပ်ကွက်တစ်ခု၊ အနောက်ဘက်တွင် ရောင်းဝယ်ဖောက်ကားရာ ကုန်သွယ်လမ်းတစ်လမ်းနှင့် တောင်ဘက်တွင် အစားအသောက်ဆိုင်များ ရှိသည့် နာမည်ကြီးလမ်းတစ်လမ်း ရှိပေသည်။
ထန်ရှုသည် ချန်းဝေအား အစားအသောက်ဆိုင်များ ရှိသည့်လမ်းသို့ ခေါ်ဆောင်လာခဲ့သည်။ သို့သော် သူသည်လည်း နေရာများနှင့်ပတ်သက်ကာ ဇဝေဇဝါ ဖြစ်နေသည်။ ယခင်က သည်နေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း ဖြတ်သန်းသွားရုံမျှသာ ဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝမစားခဲ့ချေ။ လမ်းထဲတွင် အဆင့်မြင့် စားသောက်ဆိုင်များသာမက အဆာပြေစားစရာဆိုင်များပါ ရှိသည်ကို သူ သိသည်။
“ခင်ဗျား ဘာစားချင်လဲ ပြောလေ။ ကျွန်တော် ရှင်းပါမယ်။”
ချန်းဝေ၏ဘေးမှ လိုက်ပါလျက် သူမသည် ဟိုဟိုဒီဒီ ကြည့်နေသည်ကို ထန်ရှု တွေ့သောကြောင့် ခံစားချက်မပါစွာဖြင့် မေးလိုက်သည်။
“ဟေးး… ငါက ဒီနေရာအကြောင်း ဘာမှ မသိဘူးလေ။ ဘာစားရမလဲဆိုတာ ငါ ဘယ်လိုသိမှာလဲ။”
ချန်းဝေ မကျေမနပ် ဖြစ်သွားကာ အပြစ်တင်လိုက်သည်။
“ထူးခြားပြီး အရသာရှိတဲ့ စားစရာ စားဖို့ နင် ခေါ်သွားမှပေါ့။ အဆင့်မြင့်ဆိုင်ပဲဖြစ်ဖြစ် လမ်းဘေးက အဆာပြေမုန့်ဆိုင်ပဲ ဖြစ်ဖြစ် နင် ကြိုက်တာ နင် ရွေးလေ။”
ထန်ရှု ခေါင်းယမ်းပြလိုက်ရင်း
“ကျွန်တော်လည်း ဒီနေရာအကြောင်း သိပ်မသိဘူးဗျ။ ကျွန်တော့်ပုံရိပ်လည်း မမေ့လိုက်နဲ့ဦး။ ကျွန်တော်က ကျောင်းသားတစ်ယောက်မို့ ဒီနေရာကိုလာပြီး အချိန်ဖြုန်းဖို့ အခွင့်အရေး မရှိဘူး။”
ချန်းဝေသည် အံ့အားသင့်သွားရပြီး
“အာ.. ကျောင်းသားလည်း ဘာဖြစ်လဲ။ အိုးးး ငါသတိရပြီ။ ဒီမှာက အမေရိကန်လိုမှ မဟုတ်ပဲ။ ဒီမှာရှိတဲ့ ကျောင်းသားတွေက မေမေ့သားအလိမ္မာလေးတွေပဲ။ ငါ ဒါကို မေ့သွားတာ။ ငါတို့နှစ်ယောက်လုံး ဒီနေရာအကြောင်း ဘာမှ မသိဘူးဆိုမှတော့ တစ်ဆိုင်ပြီးတစ်ဆိုင် အရသာရှိတာတွေကို ငါ မြည်းစမ်းရတော့မှာပေါ့။”
ထန်ရှု စိတ်တွင်းမှ တိတ်တခိုး သက်ပြင်းချလိုက်မိတော့သည်။ ချန်းဝေသည် ထန်ရှု မနှစ်သက်ဆုံးသော ပုံစံဖြစ်သည့် ဘဝင်ကိုင်ကာ ဆောင့်ကြွားကြွားနိုင်သည့် မင်းသမီးတော်ပုံစံမျိုး ဖြစ်ပေသည်။ သို့သော်လည်း သူ့အနေဖြင့် သူမ၏အနောက်သို့ ၂ရက်သာ လိုက်ပေးရမည်ဖြစ်သောကြောင့် ထိုအကြောင်းအား မသိလိုက်မသိဘာသာဖြင့် နေရန်သာလိုပြီး သတ်မှတ်ချိန်ရောက်ပါက ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။
ချန်းဝေတစ်ယောက် နောက်ဆုံးတွင် အစားအစာအများအပြားအား မြည်းစမ်းပြီးသည့်နောက် သူတို့သည် ဟူနန်စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ ထန်ရှုသည် သူမနှင့်တစ်လျှောက်လုံးလိုက်နေရသဖြင့် အဆင်ပြေသည့်အချိန်တွင် သူလည်း တစ်ချို့အစားအစာများအား မြည်းစမ်းကြည့်သည်။ သို့သော် သူ့အား အမှန်တကယ် အံ့အားသင့်စေသည်မှာ ချန်းဝေသည် ရုပ်ရည် လှပသလောက် သူမ၏စားသောက်နိုင်စွမ်းသည် မထင်မှတ်လောက်အောင် ကြီးမားခြင်းပင် ဖြစ်ပေသည်။ သူမသည် အနည်းဆုံး ထန်ရှု စားသည်ထက် ၂ဆ စားခဲ့သည်။ ထန်ရှု ဗိုက်ပြည့်နေပြီဟု သူ့ကိုယ်သူ ထင်နေသောအချိန်တွင် သူမသည် ထပ်ပြီး စားနိုင်လျက်ရှိသေးသည်။
မကြာမီ ချန်းဝေသည် စားပွဲအပြည့် စားစရာများအား မှာခဲ့ပြီးဖြစ်ပြီး ဘီယာ၂လုံးပါ မှာလိုက်သည်။
“ခင်ဗျား စားပြီးသွားပြီမဟုတ်ဘူးလား။ ဗိုက်ပေါက်ထွက်မှာ မကြောက်ဘူးလား။”
ထန်ရှု အံ့သြလျက် မေးလိုက်သည်။
ချန်းဝေသည် မျက်လုံးကစားလိုက်ရင်း မနှစ်သက်သောဟန်ဖြင့်
“နင် ယောကျ်ားတစ်ယောက် မဟုတ်ဘူးလား။ ယောကျာ်းကောင်းဆိုတာ နေရာတိုင်းမှာ စားကြည့်ရတယ်တဲ့။ နင့်ရဲ့စားသောက်နိုင်စွမ်းကတော့ တကယ် ရှက်စရာပဲဆိုတာ နင်သိလား။ ငါ စားစရာအချို့စားပြီးထားတာတောင်မှ ၄၀%ပဲ ဗိုက်ပြည့်သေးတယ်ဟ။ ငါ့မှာ အကျင့်တစ်ခုရှိတယ်။ ၁၀၀%ဗိုက်မပြည့်မချင်း ငါ ဗိုက်ဝတယ်လို့ကို မခံစားရဘူး။”
“ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းလိုက်သလဲ။”
လူတစ်ယောက်၏အကြောင်းအား သေသွားသည့်တိုင်အောင် မှန်ကန်စွာ အကဲဖြတ်နိုင်မည် မဟုတ်ချေ။ သည်ဟာသည် ချန်းဝေအား ထန်ရှု နောက်ဆုံးသုံးသပ်လိုက်ခြင်းပင် ဖြစ်တော့သည်။
ဘီယာနှစ်ပုလင်းသည်လည်း ပြောင်သလင်းခါသွားပြီဖြစ်သကဲ့သို့ စားပွဲပေါ်မှ အရသာရှိလှသော အစားအစာများသည်လည်း ကုန်လုနီးပါး ရှိနေပြီဖြစ်သည်။ ချန်းဝေသည် သူမ၏ဗိုက်ကလေးအား ကျေနပ်နှစ်သိမ့်ဟန်ဖြင့် အသာပွတ်နေရင်း
“ဇာတိမြေက အစားအစာတွေက တကယ်ကောင်းတာပဲ။ သောက်ကျိုးနည်း ပြည်ပနိုင်ငံတွေမှာဆိုရင် ငါ့မှာ နို့သောက်၊ ပေါင်မုန့်နဲ့ အသားကင်စား ဒါပဲစားနေရတာ။ အဲ့ဒါတွေ စားပြီးရင် တအားကို အန်ချင်တော့ပဲ။
ထန်ရှုသည် ချန်းဝေအား စိတ်တွင်းမှ “ထမင်းအိုးကြီး”ဟု နာမည်ပြောင် ပေးထားသည်။ ထို့နောက် ထန်ရှု မေးလိုက်သည်။
“ဟုတ်ပါပြီဗျာ။ ခင်ဗျားလည်း ဗိုက်ပြည့်သွားပြီဆိုတော့ အနားယူဖို့ အချိန်ရောက်ပြီမဟုတ်လား။”
ချန်းဝေသည် သူမ၏အိတ်အား ကောက်လွယ်လိုက်ရင်း
“အခု အိပ်ရတော့မှာလား။ ဟိုတယ်ပြန်ပြီး အိပ်လိုက်မယ်ဆိုရင် ငါက နင့်ရဲ့လူငယ်ဘ၀ အချိန်ကောင်းလေးကို ဖြုန်းတီးနေရာ ရောက်သွားမှာပေါ့။ နောက်ပြီး ဗိုက်ပြည့်အောင် စားပြီး အိပ်တာက ဝက်တွေပဲ လုပ်တာ။ လျှောက်သွားရင်း ငါနဲ့အတူ ဘားကို ရှာရအောင်။ ဒီနေ့ ဒီအစ်မကြီးက နင့်ကို ဘားမှာ လိုက်တိုက်မယ်။ ဒီနေရာက တိုင်ပတ်အကလည်း ကြည့်ကြတာပေါ့။”
ထန်ရှု မျက်မှောင်ကြုပ်သွားရင်း “ကျွန်တော် စိတ်မဝင်စားဘူး။”
ချန်းဝေ အော်သံတစ်ချက် ပြုလိုက်ရင်း
“ဒါက ဘာဖြစ်ရတာလဲ။ နင်က ငယ်ရွယ်သေးပေမယ့် နင့်ရဲ့အပြုအမူတွေက အရမ်းကို အပြစ်ကင်းလိမ္မာလွန်းနေတယ်။ ဘာလဲ ငါ ဟန်ကျင်းဝူကို ဒီအကြောင်းတွေ ပြောမှာ ကြောက်လို့လား။ မစိုးရိမ်ပါနဲ့ ချာတိတ်ရ။ ဒီအစ်မက အာမခံတယ် ငါ နင့်ကို ရောင်းမစားပါဘူး။ ဘားကို သွားကြစို့။”
“ဘားသွားရတာကို ကျွန်တော် တကယ်ကို မကြိုက်တာပါ။” ထန်ရှု အလေးအနက် ပြောလိုက်သည်။
***