← Chapters

အတွင်းထိ တူးဖော်ခြင်း

Vol. 05 Ch. 208

အတွင်းထိ တူးဖော်ခြင်း

Vol. 05 Ch. 208

သိပ်ကို သေချာသည့်အတွေးပင် ဖြစ်တော့သည်။ ချန်းဝေသည် ချန်းရွှဲ့မေနှင့် ရဲအရာများအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ပြီး သူမ၏အိုင်ဒီကတ်အား ဆွဲထုတ်ကာ တီးတိုးရေရွှတ်လိုက်သည်။

“ချီးလို စိတ်အနှောင့်အယှက်ပေးတာပဲ။ ဒီရဲတွေက ဗိုက်ပြည့်အောင်စားပြီး အမှန်တကယ်တော့ ဘာမှ လုပ်စရာရှိတာမဟုတ်ဘူး။ နင်တို့က ဒီအန်တီလေးရဲ့အချိန်ကောင်းကို လာပြီးဖျက်ဆီးနေတာ။ ဒီနေ့တစ်နေ့လုံးတော့ ငါ အပြည့်အဝပျော်ရပြီလို့ တွေးထားခဲ့တာ။”

သူမ၏ပွေ့ဖက်ခြင်းကို ခံထားရသော မိန်းကလေးတွင် အကြောင်းမဖော်ပြနိုင်သည့် အမူအရာ ရှိနေသည်။ သူမသည် လျင်မြန်စွာ ချန်းဝေအား မော့ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်

“ကျွန်မ သန့်စင်ခန်းသွားဖို့ လိုနေပြီ။”

“ငါ့ကို မင်းနဲ့အတူ လိုက်စေချင်လား။” ချန်းဝေ မေးလိုက်သည်။

“ဟင့်အင်း…မလိုဘူး။” မိန်းကလေး၏အဖြေမှာ မြန်ဆန်လှသည်။

ထန်ရှု မျက်လုံးစွေကြည့်လိုက်သည်။ အလျင်စလို  ထွက်ခွာသွားသော မိန်းကလေး၏ နောက်ကျောအား ကြည့်ကာ အတွေးများစွာ ရှိနေဟန်ဖြင့်

“အစ်မကြီး… နင်နဲ့ချိတ်မိတဲ့ ကောင်မလေးက မူမမှန်ဘူး။ သူမက တရားဥပဒေချိုးဖောက်တာ မလုပ်ထားပဲနဲ့ တအား စိတ်လှုပ်ရှားနေတဲ့ပုံဖြစ်နေတယ်။ သေချာတာက သူမရဲ့ပုံရိပ်က အထိအခိုက်မခံတဲ့ပုံရိပ် ဖြစ်လိမ့်မယ်။”

“နင် ဘယ်လိုသိတာလဲ။” ချန်းဝေ အံ့အားသင့်သွားသည်။

“ခန့်မှန်းကြည့်တာပါ။” ထန်ရှုက ပြောလိုက်သည်။

ချန်းဝေက ပွစိပွစိလေသံဖြင့်

“ဘာခန့်မှန်းတာလဲ။ နင်က သရဲလား ဘာလား။ နင့်အိုင်ဒီကတ် အမြန်ထုတ်တော့။ နင်က အရွယ်ရောက်ပြီးသားမဟုတ်လား။ ငါ သိသလောက် ကျင်းဝူက တတိယနှစ်အတန်းက ဆရာမဖြစ်ပြီးတော့ သူ့ကျောင်းသားတွေကလည်း စီအီးတီ (တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) အမှတ်ရထားပြီးသားတွေပါ။ နင်က သူမရဲ့ကျောင်းသားဖြစ်တာမို့လို့ စီအီးတီအမှတ်လည်း ရပြီးသား၊ အိုင်ဒီကတ်လည်း ရှိပြီးသားလေ။”

ထန်ရှုသည် မရယ်ချင့်ရယ်ချင် ရယ်လိုက်ပြီး

“ခိုင်မာတဲ့ ကျိုးကြောင်းသုံးသပ်ချက်တွေ တိကျတဲ့အကြောင်းအရာတွေနဲ့ ခင်ဗျားက ဘာတွေ ပြောနေတာလဲ။ ဒါပေမယ့် ကျွန်တော့်မှာ ရဲတွေတောင်မှ ကျွန်တော့်အိုင်ဒီကတ်ကို မစစ်တဲ့ မျက်နှာတစ်ခု အမြဲရှိတယ်။ ခင်ဗျားယုံလား။”

ချန်းဝေက မခိုးမခန့်ရယ်လိုက်ရင်း

“နင် ငါ့နောက်ကို လိုက်တာ တစ်ညပဲရှိသေးတယ်။ နင်လည်း စိတ်ကြီးဝင်ရတာကို ကြိုက်တယ်ဆိုတာ ငါ တွေ့ပြီ။”

ထန်ရှုက ညစ်ကျယ်ကျယ်လေသံဖြင့်

“ဘယ်လိုလဲ..လောင်းမလား။ ရဲတွေက ကျွန်တော့်အိုင်ဒီကို မစစ်တဲ့အပြင် ကျွန်တော်က အမျိုးသမီးရဲအရာရှိကိုတောင် စရဲသေးတယ်။ ခုနက စကားပြောလိုက်တဲ့ အမျိုးသမီးရဲအရာရှိကို ခင်ဗျားတွေ့လား။ သူမက တအား ခန့်ပြီးမာန်ပါတယ်မလား။ မြင့်မားတဲ့ ရာထူးအဆင့်ရှိတဲ့ သူတစ်ယောက် ဖြစ်ရမယ်။”

“ဟမ့်… နင်လား လုပ်ရဲမှာ။ နင့်ရဲ့ဘောတွေက ယုန်တစ်ကောင်ထက်တောင် သေးပြီး မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့တောင် ကြောက်နေပြီးတော့များ။ နင် အဲ့ဒီအမျိုးသမီးရဲအရာရှိကို စရဲတယ်ဆိုရင် အတော်ကောင်းတဲ့ ဟာသတစ်ခုဖြစ်မှာပဲ။”

ချန်းဝေက လှောင်သလို ပြောလိုက်သည်။

“ခင်ဗျား လောင်းချင်သလား မလောင်းချင်ဘူးလားပဲ ဖြေပါ။”

ချန်းဝေ ဟွန့်ကနဲ နှာခေါင်းရှုံ့လိုက်ပြီး

“ဟွန့်… နင်နဲ့လောင်းဖို့လား။ ဘာလို့ မလောင်းရမှာလဲ။ ရဲတွေက နင့်ရဲ့အိုင်ဒီကတ်ကို မစစ်ဆေးဘူး နင်ကလည်း အမျိုးသမီးရဲအရာရှိကို စရဲတယ်ဆိုရင် နင် ပြောတဲ့အတိုင်း ငါ ဘာမဆို လုပ်မယ်။”

“ခင်ဗျား သေချာလား။” ထန်ရှု မေးလိုက်သည်။

“ငါလုပ်တာမှန်သမျှက သေချာတယ်။”ချန်းဝကေ တုံ့ပြန်လိုက်သည်။

ထန်ရှု လက်ခုပ်လက်ဝါးတီးကာ ပြုံးလိုက်ရင်း

“ဒီလိုဆိုမှဖြင့် ခင်ဗျားစောင့်ကြည့်နေပါ။”

ပြောပြီးသည်နှင့် သူသည် စားပွဲပေါ်မှာ ကော့တေးအား လှမ်းယူလိုက်ကာ အကုန်သောက်လိုက်သည်။ ထို့နောက် သူသည် ချန်းရွှဲ့မေဆီသို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားခဲ့သည်။ သူတို့လောင်းထားမှုများအတွက် သက်သေပြနိုင်ရန် ချန်းဝေသည် ထန်ရှုနောက်မှ နီးကပ်စွာ လိုက်လာပြီး နှစ်ယောက်သား လျင်မြန်စွာပင် ချန်းရွှဲ့မေ၏ဘေးသို့ ရောက်လာကြသည်။

“ဟယ်လို မင်းသမီးလေး… ကျွန်တော် ပို့လိုက်တဲ့ စာဖတ်ပြီးပြီလား။”

ထန်ရှုအား ယခုမှ မြင်သော ချန်းရွှဲ့မေသည် ခေါင်းညိတ်ပြလိုက်ကာ

“ငါ ဖတ်ပြီးပြီ။ တစ်ချို့အရာရှိတွေ အဲ့ဒီကို ရှာဖို့ သွားကြပြီ။ ဒီအတွက် ငါ နင့်ကို ကျေးဇူးတင်ရမယ်။”

“ငြိမ်းချမ်းရေးနဲ့အမိန့်ကို ထိန်းသိမ်းခြင်းက ကျွန်တော်တို့လို တာဝန်သိပြည်သူတွေရဲ့ အမြဲတမ်းတာဝန်တွေပါ။ စကားမစပ် ဒါ့အတွက် ကျွန်တော် ဘာဆုလာဘ်ရမလဲဆိုတာ ခင်ဗျား မပြောရသေးဘူးနော်။” ထန်ရှုက ပြုံးရင်း ပြောသည်။

“ဟေး.. နင်  ဒါ့ထက်ပိုပြီးတော့ အလေးအနက်ထားလို့ရမလား။” ချန်းရွှဲ့မေ ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“အာ.. ကျွန်တော် အမြဲတမ်း အလေးအနက်ထားတာပဲလေ မလုံလောက်သေးဘူးလား။ ကောင်းတာလုပ်တဲ့သူက ကောင်းတဲ့အရာပြန်ရခွင့် မရှိဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်။ အဲ့လိုသာဆို နောက်ပိုင်းအမှုတွေမှာ ရဲတွေနဲ့ ကျွန်တော်က ဘာကြောင့် ပူးပေါင်းလုပ်ဆောင်ရမှာလဲ။”

ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။

ချန်းရွှဲ့မေ ကူကယ်ရာမဲ့သောအမူအရာဖြင့်

“အဲ့ဒါဆိုလဲ ပြောပါ။ နင်က ဘာဆုကြေးလိုချင်တာလဲ။”

ထန်ရှု၏အမူအရာသည် တဖြည်းဖြည်း အလေးအနက်ထားသည့်အသွင်ဆောင်လာပြီး

“ကျွန်တော့်ရဲ့အရင်တုန်းက တောင်းဆိုချက်က ဘယ်လိုလဲ။ ကျွန်တော့်ကို နှစ်နှစ်လောက် စောင့်ပေးပြီး ကျွန်တော် ဘွဲ့ရပြီးသွားရင် လက်ထပ်ဖို့ဆိုတာလေ။ အချိန်ကျလာရင် ကျွန်တော့်အတွက် ကလေးနည်းနည်း မွေးပေးပေါ့။ ကလေးဘယ်နှစ်ယောက် မွေးရမလဲဆိုတာတော့ အမေ့ကို မေးပေါ့နော်။ အမေက နည်းနည်းပဲ လိုချင်တယ်ဆိုရင် နည်းနည်းပဲ မွေးပေးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ၂ယောက်စလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ သေချာပါတယ်။”

“ခွိ…”

ထန်ရှု၏အနောက်မှ ချန်းဝေသည် ရယ်ချင်စိတ်ဖြစ်ပေါ်လာကာ ကျိတ်ရယ်လိုက်မိသည်။ ထန်ရှုသည် သူမ၏ သာယာနေသော အချိန်လေးအား ဖျက်ဆီးခဲ့သည့်အပြင် အလောင်းအစားလုပ်ရန် သူမအား အကွက်ဆင်လှည့်ဖျားခဲ့သည်ကို သိနေသည့်တိုင် ချန်းဝေ လုံးဝစိတ်ဆိုးခြင်း မဖြစ်ခဲ့ပါပေ။ သူမ၏နောက်ပါးမှ တစ်ညတာအဖော်လိုက်ပေးခဲ့သော ထိုကောင်ငယ်လေး၏ပုံရိပ်အား မထင်မှတ်စွာပင် သူမ မဖော်ထုတ်နိုင်သည်ကို နားလည်ခဲ့ပြီးဖြစ်သည်။

ချန်းရွှဲ့မေ၏အမူအရာသည် တစ်ခဏမျှ ရပ်တန့်သွားရပြီး သူမ၏နှလုံးသားထဲတွင် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူမသည် ချန်းဝေအား တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုအား စိတ်ဆိုးသောအမူအရာ တမင်ပြလိုက်ကာ စိုက်ကြည့်လိုက်ရင်း

“နင့်ကို ငါ ပေါက်ကရတွေ မပြောနဲ့လို့ မပြောခဲ့ဘူးလား။ နင် ရပ်ရင်ရပ် နို့မဟုတ်ရင် နင့်ကို ငါရိုက်ပြီး ရဲစခန်းမှာ လက်ဖက်ရည်သောက်ဖို့ ဆွဲခေါ်သွားတော့မယ်။”

ထန်ရှုသည် အပြုံးဖြင့်

“အုချ်.. ရန်ဖြစ်ခြင်းနဲ့ကျိန်ဆဲခြင်းပြီးတော့ အလှပြင်ခြင်းတို့က အချစ်ရဲ့သက်သေတွေ မဟုတ်ဘူးလား။ အဲ့ဒီစာကြောင်းကို ကျွန်တော် သိပ်နားမလည်ပေမယ့် ကျွန်တော့်ကို ရဲစခန်းမှာ လက်ဖက်ရည် သောက်ဖို့ ခင်ဗျားခေါ်သွားမယ်ဆိုရင်တော့ ကျွန်တော့်မှာ ရှိပြီးဖြစ်တဲ့သဲလွန်စအတွက် အချက်ပေးတာလို့ ကျွန်တော်ထင်တယ် ဟုတ်တယ်မလား။”

“နင်…”

ချန်းရွှဲ့မေ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိရင်း သက်ပြင်းတစ်ချက်ချလျက်

“နင့်ရဲ့စကားပြောစွမ်းရည်က လူကိုယ်တိုင် ရင်ဆိုင်ရတာထက်တောင် ပိုပြီး ခက်လာတာပဲ။ ဒါနဲ့ နင် ရှန်ဟိုင်းမှာ ကျောင်းသွားတက်မယ်လို့ ငါကြားတယ်။ နင့်ရဲ့အမှတ်တွေကို လက်ခံနိုင်မယ်လို့ နင် သေချာလား။”

“ဟုတ်တယ်။ အသေအချာပဲ။” ထန်ရှု ယုံကြည်ချက်ရှိစွာဖြင့် ခေါင်းမော့ထားသည်။

“ငါလည်း နင့်ကို လက်ခံပါစေလို့ ဆုတောင်းပေးပါတယ်။ ကောင်းပြီ.. ညလည်း အတော်နက်နေပြီ။ နင် စီအီးတီပြီးဆုံးလို့ နင့်ကိုယ်နင် ဖျက်ဆီးချင်ရင်တောင် ဒီလို ပွေရှုပ်တဲ့နေရာ မလာနဲ့။ အခု အိမ်ပြန်ပြီး စောစောနားတော့။ နင်ပြောတဲ့အတိုင်း တကယ်စုံစမ်းတွေ့ရှိခဲ့ရင် နောက်နေ့ကျ ငါ နင့်ကို တစ်ခုခု ကျွေးပါမယ်။” ချန်းရွှဲ့မေ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မြို့တော်ကို မပြန်ခင် ကျွန်တော့်ကို တစ်ခုခုကျွေးမလို့လား။” ထန်ရှု မေးလိုက်သည်။

ချန်းရွှဲ့မေ မျက်မှောင်ကြုပ်သွားကာ ဘေးဘီဝဲယာ အမြန် ကြည့်လိုက်သည်။ အနားတွင်  သူမ၏လုပ်ဖော်ကိုင်ဖက်များ နားထောင်နေသည်ကို မတွေ့ရတော့မှ သူမ စိတ်အတော်သက်သာရာ ရသွားကာ လေသံတိုးတိုးဖြင့်

“ဒီနေရာမှာ မပြောနဲ့။ ငါ အခုအမှုကို ကိုင်ပြီးသွားလို့ နောက်ရက်တွေကျရင် နင့်ကို ဆက်သွယ်လိုက်မယ်။”

“သဘောတူတယ်။” ထန်ရှု ရယ်ကျဲကျဲ ကတိပေးလိုက်သည်။ ထို့နောက် သူသည် ချန်းဝေဘက် အမြန်လှည့်ကာ သူမအား လှောင်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် တြိငှက်မွှေးဘားမှ အမြန်ထွက်လာခဲ့သည်။ ဆီဇာတော်ဝင်ဟိုတယ်သို့ အပြန်လမ်းတွင် ထန်ရှု စကားစပြောလိုက်သည်။

“ကျွန်တော်တို့ကြားက အလောင်းအစား ခင်ဗျား သတိရသေးတာယ်မလား။ ခင်ဗျား ရှုံးပြီနော်။”

“မရပါဘူး။ အဲ့ဒါကို တစ်ခုအဖြစ် ထည့်မတွက်ဘူး။ နင်က လိမ်နေတာကြီး။” ချန်းဝေ ခေါင်းယမ်းပြလိုက်သည်။

“ကျွန်တော်က ဘယ်တုန်းက လိမ်လို့လဲ။”ထန်ရှု သူမအား မနှစ်သက်သလို ကြည့်လိုက်သည်။

ချန်းဝေသည် ဒေါသတကြီးဖြင့်

“နင်.. နင်က ရဲအရာရှိကို သိတယ်လေ။ နောက်ပြီး အဲ့ဒီရဲတွေကိုလည်း နင်ပဲခေါ်လာတာ။ နင် ရည်ရွယ်ချက်ရှိရှိ ငါ့ကို ထောင်ချောက်ဆင်ထားတယ်ဆိုတာ နင် ရှင်းရှင်းလင်းလင်း သိနေတာပဲ။ အရူးမှပဲ ဒါကို လက်ခံလိမ့်မယ်။”

ထန်ရှုသည် အမူအရာကင်းမဲ့စွာဖြင့်

“ယုံကြည်မှုအပြည့်အဝမရှိဘဲ ကျွန်တော်က အလောင်းအစားတစ်ခုကို ခင်ဗျားနဲ့ လုပ်လိမ့်မလား။ ငြင်းနေတာရပ်လိုက်တော့။ ခင်ဗျား လောင်းတာ ရှုံးပြီလို့ လက်ခံလား လက်မခံဘူးလား။ လက်မခံဘူးဆိုရင် ကျွန်တော် ဘာမှ ထပ်ပြောစရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော်ပြောနိုင်တာကတစ်ခုက ခင်ဗျားရဲ့စိတ်က ပုံမှန်မဟုတ်ဘူးဆိုတာပဲ။”

“နင်သာ အရူး။ ကောင်းပြီ။ ငါ ရှုံးတာ လက်ခံတယ်။ နင် ငါ့ကို  ဘာလုပ်ချင်လဲ။ ဒီကြီးမြတ်တဲ့ အန်တီလေးက ဒီညအတွက် ဘယ်အရာမဆို လက်ခံဖို့ အသင့်ဖြစ်နေတာ ကြာပြီနော်။ နင် ငါ့ရဲ့မိန်းကလေးကို လန့်ဖျပ်ထွက်ပြေးသွားအောင် လုပ်လိုက်ပြီဆိုတော့ ညတိုင်း ငါ ပြုစုတာ နင် လိုချင်တယ်ဆိုရင်တောင် ငါ လုပ်ပေးမယ်။” ချန်းဝေ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ချန်းဝေ၏ကြုံးဝါးသံကြောင့် ထန်ရှု အကြောများထဲကပင် စိမ့်အောင် တုန်လှုပ်သွားရသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း

“အဲ့ဒါ မေ့ထားလိုက်စမ်းပါဗျ။ ကျွန်တော်က ခင်ဗျားရဲ့ခန္ဓာကိုယ်ကို စိတ်မဝင်စားပါဘူးဗျာ။ ကျွန်တော့်တောင်းဆိုမှုက အလွန်ရိုးရှင်းပါတယ်။ မနက်ဖြန်နဲ့ သဘက်ခါကျရင် ခင်ဗျားရဲ့ဟိုတယ်ခန်းမှာပဲ လိမ်လိမ်မာမာ နေပေးဖို့ပါပဲ။ ခြေလှမ်းဝက်တောင် အပြင်မထွက်စေချင်ဘူး။ ခင်ဗျား ပျင်းရင် ဖုန်းကြည့် ဒါမှမဟုတ် တီဗွီကြည့်လို့ ရပါတယ်။ ဗိုက်ဆာရင် ဟိုတယ်စားသောက်ဆိုင်ကို အကြောင်းကြားရင် သူတို့ အစားအသောက်ကို ခင်ဗျားအခန်းထဲထိ လာပို့ပေးလိမ့်မယ်။”

ချန်းဝေ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ သူမသည် ခေါင်းမော့ရင်ကော့ထားသဖြင့် သူမ၏ကိုယ်လုံးကိုယ်ပေါက်သည် ဂစ်တာရှိတ်လေးသဖွယ် ဖြစ်နေပြီး ခြေတံရှည်ရှည်လေးများဖြင့် ပံ့ပိုးထားသဖြင့် ကြည့်ကောင်းနေသည့်တိုင် သူမ၏ရင်သားများသည် အတော်ပြားကပ်နေပေသည်။ သူမ၏ ကိုယ်ပေါ်မှ ပိုင်ဆိုင်သမျှအား ကြွားချင်ပါသော်လည်း နောက်ဆုံးတွင် ဖြစ်မလာနိုင်တော့ဘဲ နှာခေါင်း၂ချက် ရှုံ့ကာ မကျေမနပ်ပြောလိုက်သည်။

“နင့်ရဲ့တောင်းဆိုမှုတွေကို ငါ သဘောမကျဘူး။ ဟန်ကျင်းဝူ ပြန်လာရင် သေချာပေါက် ပြောရမယ်။”

“ဆိုလိုတဲ့သဘောက ခင်ဗျား အရှုံးကို လက်မခံချင်ဘူးဆိုတဲ့သဘောပေါ့။” သူမ၏စကားကို ကြားသည်နှင့် ထန်ရှု ပြောလိုက်သည်။

“နင်…”

ချန်းဝေ ဒေါသထွက်လာသော်လည်း ထန်ရှု၏စကားအား ပြန်လည်ကြားယောင်လာပြီး ထိုဒေါသအား ပြန်ထိန်းလိုက်ရသည်။

သူမသည် မျက်လုံးအပြူးသားဖြင့် စကားအား တုတ်ထိုးအိုးပေါက် ပြောလိုက်ပြန်သည်။

“နင့်တောင်းဆိုချက်တွေကို လိုက်လျောဖို့က မခက်ပါဘူး။ ဒါပေမယ့် ဟန်ကျင်းဝူက ငါ့ကို နင်နဲ့မှ ယုံကြည်စိတ်ချတာဆိုတော့ အဲ့ဒီအတွက် နင့်မှာ တာဝန်ရှိတယ်။ နင် ငါ့ကို ဟိုတယ်အခန်းမှာ နေစေချင်တယ်ဆိုရင် နင်လည်း ငါ့ကို အဖော်လုပ်ပြီးနေပေးရမယ်။ ငါတစ်ယောက်တည်းနေရမှာ ကြောက်လို့။”

“ခင်ဗျားစကား ဘယ်သူယုံမှာလဲ။” ချန်းဝေ လုပ်ခဲ့သမျှ ထန်ရှု ပြန်စဉ်းစားကြည့်သောအခါ သူမသည် ဘားထဲတွင် အလွန် လူရည်လည်ခဲ့ပြီး ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ အခြားသူများနှင့် ရေလိုက်ငါးလိုက် ဆက်ဆံနိုင်ခဲ့သည်။ ဟိုတယ်အခန်းထဲတွင် တစ်ယောက်တည်းနေရခြင်းကို သူမ ကြောက်ရွံ့နေလိမ့်မည်လား။ သို့သော်လည်း ချန်းဝေ ဟိုတယ်အပြင်ဘက်ထွက်ပြီး သူ့ကို ပြသနာမရှာသရွေ့ သည်ဟာသည် ကျေနပ်ဖွယ်ကောင်းသော အကျိုးရလဒ်ဟု ဆိုနိုင်ပေမည်။ ဟန်ကျင်းဝူ၏တောင်းဆိုမှုကိုလည်း ဖြည့်ဆည်းရာရောက်သဖြင့် ထန်ရှုသည် ခေါင်းညိတ်ပြီး

“ပြသနာ မရှိဘူး။ ကျွန်တော် မနက်တိုင်းလာပြီး ညကျ ပြန်သွားလိုက်မယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို တစ်ခုခု လုပ်မှာ မကြောက်ဘူးလား။”

“နင့်မှာ ဘောတွေ မရှိဘူးလား။” ချန်းဝေ ခနဲ့လိုက်သည်။

ထန်ရှု စကားထပ်မဆိုတော့ပေ။ အငြင်းသန်သော ချန်းဝေသည် နံရံတစ်ခုကဲ့သို့ မျက်နှာထူသော လူတစ်ယောက်ဖြစ်သည်ကို သူ နားလည်သွားပြီဖြစ်သည်။ ထိုသူမျိုးအား အဆုံးသတ်တွင် ဆုံးမနိုင်မည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။ သူမသည် သန်မာပြီး မြင့်မားသော စိတ်ဝိညာဉ်ရှိသည့် မြင်းတစ်ကောင်နှင့်အလားသဏ္ဍာန်တူသော်လည်း သူမအား ထိန်းကျောင်းနိုင်မည့် တစ်စုံတစ်ယောက်တော့ လိုမည်သာဖြစ်ပေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန် သူသည် စိတ်မဝင်စားပါချေ။

ချန်းဝေအား ဟိုတယ်အခန်းသို့ ပြန်ပို့ပေးသည့်နောက်တွင် ထန်ရှု ပြန်တော့မည်ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။

“နင် တကယ် မနေဘူးလား။” ချန်းဝေသည် အခန်းတံခါးအား မှီကာ ရပ်ရင်း ထန်ရှုအား ပြုံးခြင်းမမည်သော အပြုံးဖြင့် ကြည့်လိုက်သည်။

ထန်ရှုသည် ခေါင်းယမ်းပြလိုက်ရင်း

“တအား နောက်ကျနေပြီ။ ကောင်းကောင်း အနားယူပါ။ ကျွန်တော်တို့ကြားက သဘောတူညီချက်ကို မမေ့ပါနဲ့။ ကျွန်တော့်ခွင့်ပြုချက်မရဘဲ ခြေလှမ်းဝက်တောင်မှ အခန်းအပြင်ထွက်ခွင့်မရှိဘူးနော်။”

“ဒုန်း…”

ချန်းဝေသည် ဒေါသတကြီး တံခါးအား ဒုန်းကနဲမြည်အောင် ဆောင့်ပိတ်လိုက်တော့သည်။

ထန်ရှု ညစ်ကျယ်ကျယ် ပြုံးနေမိသည်။ ယနေ့ညအစီအစဉ်ကဲ့သို့ ကောင်းမွန်သည့်အစီအစဉ်အား ပြုလုပ်နိုင်သည့်အတွက် ကျေနပ်နေသည့်ဟန်ရှိသည်။ ဟိုတယ်မှ ထွက်လာပြီး အငှားကားတစ်စီးအား တားတော့မည့်ဆဲဆဲတွင် ရဲကားတစ်စီးသည် သူ၏ဘေးတွင် ဖြည်းညှင်းစွာ ဆိုက်လာခဲ့သည်။ ကားပြတာင်းပေါက် ပွင့်လာပြီး ချန်းရွှဲ့မေသည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကားပေါ်တက်ပါ။”

ထန်ရှု တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ကားရှေ့ဘက်မှ တစ်ပတ်ပတ်ကာ ကားမောင်းသူ၏ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

“တစ်ခုခု ဖြစ်လို့လား။”

“ဟုတ်တယ်။ အရေးလည်းကြီးပြီး အမြန်လည်းလုပ်ရမယ့်ဟာ။ ငါ အခုလေးတင် တြိငှက်မွှေးဘားကနေ ပြန်လာတာ။ နင်ထွက်သွားပြီးတော့ ငါတို့မူးယစ်ဆေးအထုပ်လိုက် ရှာတွေ့ခဲ့တယ်။ ပြီးတော့ လူတစ်ဒါဇင်မက ဝိုင်းထားတဲ့ရဲတွေကို ပြန်တိုက်ခိုက်ခဲ့တယ်။ သူတို့မှာ လိုင်စင်မဲ့ လက်နက်တွေပါရှိတော့ ရဲအရာရှိ ၂ယောက် ဒဏ်ရာရသွားလို့ ဆေးရုံခေါ်သွားရပြီ။ ဒါပေမယ့်လည်း ငါတို့ အဲ့ဒီတရားခံတွေကို ဖမ်းမိခဲ့တယ်။” ချန်းရွှဲ့မေက လေးလေးနက်နက် ပြောလိုက်သည်။

“ခင်ဗျားက သူတို့ကို ဖမ်းမိတယ်လည်း ပြောတယ် ကျွန်တော့်ကို ဘာဖြစ်လို့ ရှာတာလဲ။ အရမ်းနောက်ကျနေပြီ။ ကျွန်တော် အိမ်ပြန်ပြီး အိပ်ရဦးမယ်။”

“နင်က စွမ်းရည်အရမ်းရှိတဲ့သူတစ်ယောက်ဆိုတာ ငါသိပါတယ်။ အခြားအဓိကကျတဲ့ မူးယစ်ဆေးရောင်းတဲ့သူတွေကို ဖမ်းတဲ့နေရာမှာ ငါတို့ကို ကူညီပေးနိုင်မလား။ တရုတ်ပြည်ကမဟုတ်တဲ့ မူးယစ်ဆေးရောင်းတဲ့သူတစ်ဖွဲ့ရှိနေတာကို ငါတို့သိခဲ့တယ်။ သူတို့က အခုဆီဇာဟိုတယ်မှာ တည်းနေကြတယ်တဲ့။ သူတို့ထဲကတစ်ယောက်က သရဖူမင်းသားလို့ ခေါ်တဲ့ လူရွယ်တစ်ယောက်ပဲ..အရှေ့တောင်အာရှကျင်းဆန်းဒေသက လာတာ။ သူရဲ့မိသားစုမှာ ကိုယ်ပိုင်တပ်ဖွဲ့ရှိရုံမကဘူး သူတို့က ဘိန်းစိုက်ပျိုးခင်းဧရိယာအကျယ်ကြီးကို စောင့်ကြပ်ပေးနေတဲ့ ကြီးမားတဲ့ ပုံရိပ်တစ်ခုပဲ။”

ထန်ရှုသည် စိတ်မကြည်သာစွာဖြင့် ဆတ်ကနဲ ပြောလိုက်သည်။

“ကြီးမြတ်လှတဲ့ အစ်မကြီးချန်း… ခင်ဗျား တစ်ခုခု အမှားလုပ်နေတာတော့ မဟုတ်ဘူးမလား။ ကျွန်တော်က ဝင်ခွင့်ကို အခုမှ အောင်ထားတဲ့ တက္ကသိုလ်တောင် မတက်ရသေးတဲ့ တတိယနှစ် ကျောင်းသားလေးတစ်ယောက်ပါဗျ။ ဒီလိုကိစ္စကြီးမှာ လှုပ်ရှားပေးဖို့ မျှော်လင့်နေတာတော့ မဟုတ်သေးပါဘူးဗျာ။ မထင်မှတ်ပဲ ကျွန်တော့်ကို တစ်ခုခု ဖြစ်သွားခဲ့ရင် အဲ့ဒါအတွက် တာဝန်ယူပေးနိုင်မှာမို့လို့လား။”

***

All Chapters