အပိုင်း(၄)
Vol. 1 Ch. 4
ဟိုင်းယား..
ရှစ်ဖုန့်သည် မြင်း၏ ဝမ်းဗိုက်အား ခြေထောက်ဖြင့် ဆက်လိုက်သည်။
မြင်းနက်ကြီးက နာကျင်သွားသောကြောင့် ထိန့်လန့်သွား ကာ အော်ညည်းလိုက်ပြီး တောင်လမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ သူပြေးသွားသော လမ်းတစ်လျှောက်တွင် ဖုန်မှုန့်တို့က တစ်လိမ့်လိမ့်ကျန်ရစ်နေခဲ့သည်။
ကြော့ရှင်းသော ကုန်းခင်ရိုး တောင်တန်း..
တောအုပ်က စိမ်းလမ်းစိုပြည်လှပြီး သစ်ပင်များက သန်စွမ်းသောကြောင့် အသက်ဝင်လှသည်။
ရှို့လင်တောင်ခြေတွင် ရှို့လင်ဟုခေါ်သော ကျေးရွာကလေးတစ်ရွာတည်ရှ်ိသည်။
ရွာသားအများစုမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသော သူများဖြစ်ကြသည်။
နေထွက်ချိန်မှစတင်၍ လုပ်ငန်းကိစ္စအဝဝကိုစတင်ကြပြီး နေဝင်ချိန်မှသာ လုပ်ငန်းသ်ိမ်းကြသည်။
ဤအချိန်တွင် သူရိန်နေမင်းက အနောက်အရပ်သို့ ဝင်နေပြီး ကောင်းကွင်တစ်ခွင်မှာ ကြက်သွေးရောင်တို့ ဆင်မြန်းလျက်ရှိသည်။
ညနေစောင်းလုသော အချိန်ပင်ဖြစ်သည်။
ရှစ်ဖုန့်က သူ၏ ရှေ့တွင် ရှိနေသော အိမ်နိမ့်လေးများကို ကြည့်လိုက်သည်။
လယ်သမား နှစ်ယောက်စ သုံးယောက်စက ပြန်လာနေကြပြီး ကလေးများမှာ အိမ်ဝိုင်းများထဲတွင် ပြေးလွှားဆော့ကစားနေကြသည်။
ထိုနေရာတွင် ရှစ်လင်အား အနိုင်ကျင့်နေကြဖြစ်သော အသက် ရှစ်နှစ်ကိုးနှစ် အရွယ် ဖက်တီးလေးတစ်ယောက် ရှိသည်။
ရှစ်လင်က ဖက်တီးလေးအား တွေ့လိုက်သောအခါ ရယ်စရာကောင်းသောမျက်နှာထားဖြင့် ဖက်တီးလေးအား သူမ၏ လျှာလေးကိုထုတ်ပြလိုက်သည်။
အာ..
အဲ့တာ ရှစ်မိသားစုရဲ့ ကောင်လေးနဲ့ ကောင်မလေးမလား...
သူတို့ဘာလို့ မြင်းအကြီးကြီးကို စီးလာကြတာလဲ..
ပေါက်ပြားကို သယ်ဆောင်လာသော လယ်သမားက သူ၏နဖူးထက်ရှိ ချွေးတို့ကို သုတ်လိုက်ကာ သူနောက်တွင် ရှိသောသူကို ပြောလိုက်သည်။
သူတို့က တကယ်ကြီး ရှစ်မိသားစုက ကလေးတွေပဲ
သူတို့မှာဘယ်လိုလုပ်ပီးတော့ မြင်းရှိရတာလဲ
သူတို့ ခိုးလာတာများ ဖြစ်နိုင်မလား..
နောက်တစ်ဦးက ပြောလိုက်သည်။
ဒါက ကိစ္စကြီးတစ်ခုပဲ...
မြင်းတွေကို စီးကြတဲ့သူတွေဟာ သာမန်လူတွေ မဟုတ်ကြဘူး..
သူတို့သာ အဲ့လို အရှက်မဲ့တဲ့ က်ိစ္စမျိုးကို လုပ်ခဲ့ကြတာဆိုရင် ငါတို့တစ်ရွာလုံးကိုပါ ငြိစွန်းလာစေလိမ့်မယ်..
ငါတို့နှစ်ယောက် ဒီကိစ္စကို ရွာလူကြီးဆီကို မြန်မြန်သွား ပြောသင့်တယ်..
ဟုတ်တယ်...မင်းမှန်တယ်..
အင်း..ငယ်ငယ်ရွယ်ရွယ်လေးနဲ့တောင်မှ ဒီလိုတွေလုပ်နေတာကွာ(ပတ်ဝန်းကျင်ဆိုတာ ဒီလိုမျိုးတွေပဲဗျ)
သူတို့သာကြီးလာရင် ပိုဆိုးတော့မှာပဲ..
သူတို့ကစကားပြောရင်း ရွာလူကြီးထံသို့ တိတ်တဆိတ်ထွက်ခွာသွားကြသည်။
ရှစ်ဖုန့်ကတော့ ဤအဖြစ်အပျက်များအား မသိခဲ့ပါ။
ရွာသူရွာသားများက သူတို့အား တအံ့တသြဖြင့် ကြည့်နေကြသည်။
ရှစ်ဖုန့်က သူတို့နှင့် စိတ်အနှောက်အယှက် မဖြစ်ခံနိုင်သောကြောင့် သူ၏ မြင်းအား အိမ်သို့ပြန်ရန် အလျှင်အမြန်မောင်းလိုက်သည်။
အပြင်သွားတာ တစ်ရက်မျှကြာလျှင် သူတို့၏ မိခင်မှာ စိတ်ပူတတ်သည်။
သူမက သူ့အား ဘဝသစ်တစ်ခုကို ပေးခဲဲပြီး ပြန်လည်မွေးဖွားနိုင်ရန်အတွက် အခွင့်အရေးပေးခဲ့သူဖြစ်လေသည်။
သူမသည် သူတို့အား ပြုစုပျိုးထောင်ရန်အတွက် ဒုက္ခသုက္ခပေါင်းစုံကိုလည်း ခံစားခဲ့သည်။
ရှစ်ဖုန့်သည် သူ၏ မှတ်ဥာဏ်များမှ တစ်ဆင့် ထိုပုဂ္ဂိုလ်အား သူ၏ မိခင်စစ်အဖြစ် မှတ်ယူထားပြီး သူမအား ငြင်းဆန်ရန် အကြောင်းလုံးဝမရှိပါ။
ခပ်ပုပု ယိုယွင်းနေသော သစ်သားအိမ်ဟောင်းလေး
တစ်လုံးက သူ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ဤအိမ်သည် ရှစ်ဖုန့် ဆယ့်ငါးနှစ်ကြာ နေထိုင်ခဲ့သော အိမ်ဖြစ်သည်။
အိမ်၏ ရှေ့တွင် ခြံစည်းရိုးကာရံထားသော အဝန်းငယ်လေးရှိပြီး ၎င်း၏ နောက်တွင် ရှို့လင် တောင်တန်းရှိသည်။
ရှစ်ဖုန့်က မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှစ်လင်အား ချီမ၍ ချလိုက်သည်။
သူက မြင်းနက်ကြီးအား ဝန်းငယ်လေးထဲသို့ ခေါ်သွားပြီး ကျောက်တုံးတစ်တုံးနှင့် ချည်နှောင်ထားလိုက်သည်။
ထိုအချိန်တွင် အခန်းအတွင်းဘက်မှာ တအားခုန်နေသော နှလုံးခုန်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အား..
မဟုတ်ဖူး
အမေ........
သူ့အမေ၏ အသံကိုကြားလိုက်ရသောကြောင့် ရှစ်ဖုန့်၏ မျက်နှာမှာ ပြာယာခတ်သွားသည်။
သူသည် အခန်းဆီသို့ အလျှင်အမြန်ပြေးသွားကာ သူ၏ ညာခြေကိုမြှောက်၍ ကန်လိုက်သည်။
ဘန်း ခနဲ အသံနှင့်အတူ သစ်သားတံခါးမှာ ရှစ်ဖုန့်၏ ကန်ချက်ကြောင့် ပွင့်သွားခဲ့သည်။
ရိုးရှင်းပြီး မှောင်မိုက်လှသော အခန်းထဲတွင်သူ၏ မိခင်မှာ အဝတ်နွမ်းလေးကို ဝတ်ဆင်ထားသည်။
သူမ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး သူမ၏ ပုံစံမှာ အလွန်အမင်း ဝမ်းနည်းနေပုံရသည်။
သူမ၏ မျက်နှာမှာဖြူဖျော့နေပြီး မျက်လုံးတို့မှာ နီမြန်းနေသည်။
ပါးပြင်ထက်တွင် မျက်ရည်တို့ဖြင့် ဖုံးလွှမ်းနေ၏။
ထိုအချိန်တွင် သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဝတ်ရုံဖြူဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်၏ ညာခြေကိုတင်းကျပ်စွာ ဖတ်တွယ်ထားလေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။
ထိုလူက အသက်သုံးဆယ်အရွယ် ရှိပုံရသည်။
သူ၏ အရပ်မှာ တစ်ဒသမ ရှစ် မီတာခန်းရှိပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသူဟုပင်ထင်ရသည်။
သူ့တွင် စူးရှသော မျက်ခုံးတို့နှင့် တောက်ပသော မျက်လုံးတို့ရှိသည်။
သူ၏မျက်နှာကား ဆောက်ဖြင့်ထွင်းထားသော ဓားတစ်လက်ကဲ့သို့ပင်။
ထိုလူ၏ မျက်နှာအမူအယာက အေးစက်နေပြီး သူ၏ လက်ကိုနောက်ပစ်ကာ မတ်တပ်ရပ်နေသည်။
သူ၏ ပုံစံကား ဓားအိမ်ထဲမသွင်းထားသော ဓားတစ်လက်နှင့်တူပြီး သူရသတ္တိနှင့်ပြည့်စုံသော ရောင်ဝါတို့က ဖြာထွက်နေသည်။
ဘုရင်နယ်ပယ် အဆင့်လား
ရှစ်ဖုန့်က သူ၏ ကျင့်ကြံမှုအဆင့်အား ချက်ခြင်းပင် အသိအမှတ်ပြုခဲ့သည်။
ခင်ဗျားက ဘယ်သူလဲ
ရှစ်ဖုန့်က အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။
သူ့နှလုံးသားက ဒေါသတရားတို့ဖြင့် လောင်မြိုက်နေပြီ ဖြစ်ပြီး သူ၏ ခွန်အား အကုန်လုံးအား သူ့လက်တွင် စုစည်းထားလိုက်သည်။
ထိုလူက သူ့အား ကြည့်လိုက်သည်။
ဖုန့်အာ..မရိုင်းရဘူး..
သူက...သူက...မင်းရဲ့အဖေပဲ..
သူ၏ အမေက ရှစ်ဖုန့်အား ကြည့်ကာ တုန်ယင်သော အသံဖြင့်ပြောလိုက်သည်။
အဖေ..ဟုတ်လား..
ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအယာက ပိုပြီး လေးနက်လာသည်။
သူ၏ စိတ်ထဲတွင် မှတ်ဉာဏ်အချို့ ပေါ်လာခဲ့သည်။
အမေ..ဘာလို့တစ်ခြားသူတွေမှာ အဖေရှ်ိကြတာလဲဟင်..
ဘာလို့ ..သားမှကြ အဖေမရှိရတာလဲ..
ရှစ်ဖုန့်ငါးနှစ်သားအရွယ်က စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ မိခင်ကို မေးခဲ့သည်။
ရှစ်ဖုန့်အား သူ၏ မိခင်ကား ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံး၍ ပြောလိုက်သည်။
သားရဲ့အဖေက ..တခြားသူတွေရဲ့ အဖေတွေလိုမျိုး..သာမညောင်ည သူတစ်ဦး မဟုတ်လို့ပေါ့ သားရဲ့..
ဖုန့်အာ ရဲ့အဖေက သူရဲကောင်းကြီးလေ.
လောလောဆယ်မှာ သူဟာ အမေတို့ နိုင်ငံအတွက် ရန်သူတွေကို စစ်မြေပြင်မှာ သွားသတ်နေရတာ..
သူခုနှစ်နှစ်အရွယ်တွင်..
အမေ..အဲ့ဖက်တီးက သားကို အလေ့ကျပေါက်တဲ့ ကလေး အဖေမရှိတဲ့ကောင်ကို ခေါ်တယ်
ဖုန့်အာ သူတို့ရဲ့ အခြေအမြစ် မရှိတဲ့ စကားတွေကို နားမထောင်စမ်းနဲ့..
ဖုန့်အာရဲ့ အဖေက သူရဲကောင်းကြီးတစ်ယောက်ပဲ..
သူရှစ်နှစ်သား အရွယ်တွင်..
အမေ..အဖေကဘာလို့သားတို့ကို ပြန်လာမရှာတာလဲဟင်..
အဖေက သားတို့ကို မလိုချင်တော့ဘူးလား..
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
အဖေကဘာလို့အမေတို့ကို မလိုချင်ရမှာလဲသားရဲ့
တစ်နေ့ကျရင်လေ သားအဖေက အရမ်းမြင့်တဲ့ မြင်းကြီးကိုစီးပြီးတော့ အမေတို့ကို ခမ်းခမ်းနားနားနဲ့ လာခေါ်မယ်ဆိုတာကို အမေယုံတယ်..
အမေယုံကြည်ထားတဲ့ အဲ့ရက်ကလည်း ဝေးကွားတော့မှာ မဟုတ်ပါဘူး ငါ့သားရယ်...
နောက်ပိုင်းတွင် ရှစ်ဖုန့်က တစ်နေ့ထက်တစ်နေ့ ပိုကြီးပြင်းလာကာ ပို၍လဲ ဉာဏ်ကောင်းလာခဲ့ပြီး သူ့အဖေအကြောင်းများအား သူ၏ အမေဖြစ်သူကိုမေးခဲ့သည်။
သို့သော် သူ့အမေသည် သူ့အဖေပြန်အလာအား နှလုံးသားထဲမှ နေ၍ နေ့တိုင်းစောင့်မျှော်နေသည်ကို သူသိလေသည်။
တစ်နေ့ကြလျှင် သူမ နှလုံးသားထဲမှ လူသည် မြင့်မားသော မြင်းကြီးကိုစီး၍ သူမအား ခမ်းခမ်းနားနားလာခေါ်ဆောင်မည်ဟု သူမမျှော်လင့်ခဲ့သည်။
သို့သော် တကယ်ပြန်လာသော အခါတွင် ယနေ့အဖြစ်အပျက်မျိုး ဖြစ်နေလိမ့်မည်ဟုတော့ သူမ မျော်လင့်ထားခဲ့ခြင်း မရှိချေ။
မေမေ..
ထိုအချိန်တွင် ရှစ်လင်က အိမ်ထဲသို့ပြေးဝင်လာကာ သူ၏ အမေထံသို့ သွားခဲ့သည်။
ဟဲ..ဟဲ
ထိုလူသည် ရှစ်လင်အား မြင်တွေ့လိုက်ရသော အခါ သူ၏ အေးစက်သောမျက်နှာထက်တွင် လှောင်ပြောင်သော အမူအယာပေါ်လာခဲ့သည်။
ပုယွဲ့ ..မင်းငါ့ကို ပြောခဲ့တုံးကတော့ ဆယ့်ငါးနှစ်လောက် ခါးခါးသီးသီးစောင့်ခဲ့ရတယ်ဆို..
ဒါက မင်းပြောတဲ့ ခါးခါးသီးသီးစောင့်တယ် ဆိုတာလား..
ဟားဟား..
ထိုလူက ရှစ်လင်အား လက်ညိုးထိုးပြကာ ပြောဆိုလိုက်သည်။
ကျင်းထျန်း..ရှင်ထင်သလို မဟုတ်ပါဘူး
လင်အာ..လင်အာက ..လွန်ခဲ့တဲ့ ခုနှစ်နှစ်တုံးက တောင်ပေါ်ကနေပြီး ကျွန်မကောက်ယူ မွေးစားခဲ့တဲ့ ကလေးပါ..
ရှစ်ဖုန့်၏ အမေ ပုယွဲ့က ဝမ်းနည်းပူဆွေးသောမျက်နှာဖြင့် ခါးခါးသီးသီး ရှင်းပြသည်။
ဟားဟား...
ရှစ်ကျင်းထျန်းက လှောင်ပြောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
အဆင်ပြေပါတယ် မင်းကောက်ယူမွေးထားတယ်ဆိုလဲ
မင်းက သစ္စာမဲ့တဲ့ မ်ိန်းမတစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်ရဲ့ ကလေးကို ခိုးထားတယ်ဆိုရင်တောင် အဆင်ပြေတယ် အေးဆေးပဲ..
ဒါတွေက ငါနဲ့မှ ဘာမှမှမဆိုင်တာ..
ရော့...ဒါကမင်းအတွက်...
ရှစ်ကျင်းထျန်းက စကားပြောရင်း စာရွက်တစ်ရွက်အား ပုယွဲ့ကို ပေးလိုက်သည်။
ပုယွဲ့က လက်များတုန်ယင်နေပြီး သူမ၏ နှုတ်ခမ်းအား တင်းကျပ်စွာ ကိုက်ထားသည်။
သူမက အသနားခံလိုက်သည်။
ကျင်းထျန်း..မလုပ်ပါနဲ့ရှင်..
အဲ့တုံးက ကျွန်မတို့တွေ အခက်အခဲအများကြီးကို ကျော်ဖြတ်ခဲ့ကြတာကို ရှင်မှတ်မိသေးလား...
ကျွန်မတို့ ရှင့်အတွက် အရာအားလုံးကို စွန့်လွတ်ခဲ့တာလေ...
နောက်ဆုံးတော့ ကျွန်မတို့ အတူပြန်ဆုံကြရပီ..
ရှင်ကျွန်မကို အမြဲချစ်ခင်ပြီးတော့ ထာဝရလက်တွဲပါ့မယ်လို့ သံန္နိဋ္ဌာန်ချထားခဲ့တာကို ရှင် မှတ်မိသေးလား..
ရှင်စစ်တပ်ဆီ ထွက်သွားတဲ့နေ့ကို မှတ်မိသေးလား....
ရှင်ကျွန်မဆီ သေချာပေါက်ပြန်လာပြီးတော့ ဇနီးကောင်းတစ်ယောက် အဖြစ်ထားပါ့မယ်လို့ ရှင်ပြောခဲ့တယ်လေ..
ကျွန်မကလည်း ရှင့်ကို ကိုထာဝရ စောင့်နေပါ့မယ်လို့ ပြောခဲ့တယ်...
ကျင်းထျန်း ရှင်ဒါတွေ အားလုံးကို မေ့သွားပီလားဟင်..
ပုယွဲ့က သူမ၏ ခေါင်းကိုမော့ကာ မျက်ရည်စများဖြင့် အကြင်နာမဲ့သော ကျင်းထျန်း၏ မျက်နှာကို ကြည့်နေသည်။
ယူလိုက်စမ်း...
ကျင်းထျန်းက လုံးဝတုန်လှုပ်ခြင်း မရှိပဲ အသံနက်ကြီးဖြင့် အော်လိုက်သည်။
ရှစ်ဖုန့် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။
သူကရှေ့သို့ လျှောက်လာပြီး ရှစ်ကျင်းထျန်း၏ လက်ထဲရှိစာရွက်ကို လုယူလိုက်သည်။
စာရွက်ပေါ်ရှိ အထင်းဆုံးစကားလုံးမှာ ကွာရှင်းစာချုပ်ဟူသော စကားလုံးဖြစ်လေသည်။
ဟားဟားဟား ..ကောင်းတယ် .အရမ်းကောင်းတယ်..
ရှစ်ဖုန့်က ရှစ်ကျင်းထျန်းဘက်သို့ မျက်နှာမူကာ ပြောလိုက်သည်။
ဖုန့်အာ...မင်း...
ပုယွဲ့ ...လန့်သွားခဲ့သည်။
ရှစ်ဖုန့်က ပုယွဲ့အား လျစ်လျူ ရှုလိုက်ပြီး ရှစ်ကျင်းထျန်းအား အော်ပြောလိုက်သည်။
ခင်ဗျားထွက်သွားခဲ့တာ ဆယ့်ငါးနှစ် ရှိပြီ..
ကျုပ်အမေက ခင်ဗျားလို အကြင်နာမဲ့တဲ့ သူတောင်းစားကြီးကို ဆယ့်ငါးနှစ်တောင် စောင့်နေခဲ့တာ..
ခင်ဗျားဘာလို့ အသက်ရှင်နေရသေးတာလဲ..
တယ်....မိုက်ရိုင်းလိုက်တာ..ပမာမခန့်နဲ့..
ရှစ်ကျင်းထျန်းက ကြိမ်းဝါးလိုက်ကာ သူ၏ လက်ကိုမြှောက်ပြီး ရှစ်ဖုန့်၏ ဦးခေါင်းအား ရိုက်လိုက်သည်။
ဘုရင်အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲသွားသည်။
သူ၏ ပေါ်သို့ တောင်ကြီးဖိကျလာသကဲ့သို့ ရှစ်ဖုန့် ခံစားလိုက်ရသည်။
ဤတိုက်ခိုက်မှုအား ခုခံရန်သူ့ထံတွင် အင်အားမရှိပေ လှုပ်ရှားရန်ပင် မပြုလုပ်နိုင်ပါ။
မဟုတ်ဖူး.....
ပုယွဲ့အော်လိုက်သည်။
အားနည်းပြီး အမြဲအိပ်ယာထဲလဲနေတတ်သော သူမမှာ ရုတ်တရက် ခွန်အားတို့ ရလာခဲ့သည်။
ရှစ်ကျင်းထျန်း၏ခြေထောက်အား ဖတ်ထားသော သူမ၏ လက်တို့ကို လွှတ်လိုက်ပြီး ရှစ်ဖုန့်အား ပွေ့ဖက်လိုက်သည်။
သူမသည် ရှစ်ဖုန့်အားလှဲချကာ သူ၏ အောက်တွင်ထားလိုက်ပြီး ရှစ်ကျင်းထျန်း၏ လက်ဝါးကို သူမ၏ ကျောဖြင့်ခံယူရန် လုပ်ခဲ့သည်။
မဟုတ်ဖူး....မလုပ်နဲ့.....
ဤတစ်ကြိမ်တွင် မျက်လုံးများ နီရဲသည်အထိ အရူးအမူးအော်ဟစ်လိုက်ရသူကား ရှစ်ဖုန့်ဖြစ်၏
ဆင်းသက်လာသော ဘုရင့်အဆင့် လူတစ်ယောက်၏ လက်ဝါးရိုက်ချက်နှင့် သူ့အမေ၏ ပျော့ပျောင်းသောခန္ဓာကိုယ်တို့ ဆုံပါက သူ၏ အမေမှာ သေချာပေါက် အသတ်ခံရမည်ဖြစ်သည်။
ဟမ့်...
ရှစ်ကျင်းထျန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
သူ့လက်ဝါးက ပုယွဲ့ကို ထိတော့မည့် အချိန်တွင် ရုတ်တရက် ရပ်သွားသည်။
သို့သော် သူ၏ လက်ဝါးမှ ထွက်ပေါ်လာသော စွမ်းအင်အကြွင်းအကျန်တစ်ချို့က ပုယွဲ့၏ ကျောပြင်ကို ထိသွားခဲ့သည်။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်က ရုတ်တရပ် တုန်တက်သွား သလိုခံစားလိုက်ရပြီး သူ့မိခင်၏ နှုတ်ခမ်းထောင့်မှ တောက်ပသော အနီရောင်အရည်တို့စီးကျလာခဲ့သည်။
သနားစရာကောင်းသော သူမ၏ ဖြူဖျော့ဖျော့မျက်နှာကိုကြည့်ကာ ရှစ်ဖုန့် နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ဖုန့်အာ.....
ပုယွဲ့က သူမ၏ လက်ဖြင့် ရှစ်ဖုန့်၏ မျက်နှာလေးအား ညင်သာစွာ ပွတ်သပ်လိုက်သည်။
သူ့ကိုကြည့်နေရင်း ရုတ်တရက် သူမပြုံးလိုက်သည်။
ထိုအရာက ခါးသက်သော အပြုံးတစ်ခုဖြစ်သည်။
အမေ....ထပ်ပြီးတော့...မခံ...နိုင်တော့ဘူး...အနာဂတ်မှာ..သားကိုယ်သား...နဲ့ လင်အာ..ကို
သေချာ..ဂရု..စိုက်ရ...မယ်နော်...
မေမေ...
ရှစ်လင်က ပုယွဲ့၏ အဝတ်စလေးကို ဆွဲက ငိုတော့သည်။
လင်အာ...လိမ္မာတယ်နော်..သမီးလေး..
ပုယွဲ့က ရှစ်လင်၏ မျက်နှာလေးကို ထိလိုက်သည်။
ထိုအချိန်တွင် သူမလက်သည် လေထဲတွင် တန့်သွားခဲ့သည်။
ဝေါ့..
ပါးစပ်မှသွေးတစ်ပွက် အန်ထွက်ပြီးနောက် သတိလစ်သွားကာ ကြမ်းပြင်ပေါ်သို့ သူမလဲကျသွားခဲ့သည်။
သူမလဲကျခြင်းအား တားဆီးရန် ရှစ်ဖုန့်က အလျင် အမြန်ပွေ့ဖက်လိုက်သည်။
အရူးပဲ.
ရှစ်ကျင်းထျန်းက အေးစက်စွာ ပြောပြီး လည့်ထွက်သွားခဲ့သည်။
သူတံခါးဝသို့ရောက်သွားချိန်တွင် ရှစ်ဖုန့်က အကြင်နာမဲ့သော သူ၏ ပုံရိပ်အားကြည့်ကာ
ရှစ် ....
ကျင်း..
ထျန်း ...
ရှစ်ကျင်းထျန်းက သူ၏ ခြေလှမ်းကို ရပ်ကာလှည့်ကြည့်လိုက်သည်။
သူ့၏ မျက်နှာက အေးစက်ဆဲဖြစ်ပြီး ခံစားချက် ကင်းမဲ့နေသည်။
ကျုပ်အမေဟာ နှစ်ပေါင်းများစွာ နာကျင်မှုကို ခံစားခဲ့ရပြီး ဒီနေ့လည်း ထပ်ပြီးနာကျင်ခံစားခဲ့ရတယ် အနာဂတ်မှာ အဆထောင်ပေါင်းများစွာ ခင်ဗျားပြန်ပေးဆပ်ရအောင် ကျုပ်သေချာပေါက်လုပ်ပြမယ်..
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်ပြီး သူ၏ မျက်လုံးတို့တွင် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နေသည်။
ယခုအချိန်တွင် ဤသောက်စိတ်ဖောက်ပြန်နေသော သူကို ငရဲကမ္ဘာ၏ ဝိညာဥ်သန့်စင်နေရာသို့ ပို့ပစ်ချင်စိတ်မှလွဲ တစ်ခြားရှိမနေပါ။ ထိုမှသာသူသည် တစ္ဆေတစ်သောင်း ကိုက်ဖြတ်ခြင်း ညှင်းပမ်းနှ်ိပ်စက်မှုကို ထာဝရခံရမည်ဖြစ်သည်။
ရှစ်ကျင်းထျန်းက အေးစင်စွာနှာမှုတ်က သူ၏ နှုတ်ခမ်းထောင့်တွင်သရော်ပြုံးတစ်ခုရှိနေသည်။
ဥာဏ်တိမ်တဲ့ကောင်....
ထိုသို့ပြောပြီးနောက် ရှစ်ကျင်းထျန်းသည် ပျောက်ကွယ်သွားသည်အထိ ရပ်တန့်ခြင်း မရှိပဲ ထွက်ခွာသွားခဲ့သည်။
ဝါးဝါးဝါး...မေမေ...မေမေ..
ရှစ်လင်မှာ ငိုယိုနေဆဲဖြစ်ပြီး သူ၏ နူးညံ့သော မျက်နှာလေးမှာ မျက်ရည်တို့ဖြင့် ပြည့်နေသည်။
ရှစ်လင်၏ ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ငိုယိုနေမှုအား မြင်လိုက်ရသော အခါတွင် ရှစ်ဖုန့်တစ်ယောက် မျက်နှာပေါ်တွင် ရက်စက်လိုစိတ်များ လျော့ပါးသွားခဲ့သည်။
သူမသည် မွေးပြီးသိပ်မကြာခင်မှာပင် မိဘတို့၏ စွန့်ပစ်ခြင်းကိုခံရသူဖြစ်သည်။
သူ၏ အမေက တောင်ပေါ်သို့သစ်သီးကောက်ရန် သွားချိန်တွင် သူမအားတွေ့ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် သူမရင်ဘက်ပေါ်၌ ကျောက်စိမ်းဆွဲသီးလေး တစ်ခုရှိနေခဲ့သည်။
ထိုကျောက်တုံးပေါ်တွင် ဝိညာဥ်ဟု စားလုံးရေးထွင်းထားသောကြောင့် သူ၏ အမေမှသူမအားရှစ်လင် (ကျောက်ဝိညာဥ်)ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
ဤအသေးလေးသည် ငယ်ငယ်ထဲက နာခံမှုရှိသည်။
သူမသည် သူမအရွယ်တစ်ခြားသော ကလေးများထက် ဉာဏ်ပိုကောင်းသည်။
ယခုနှစ်များတွင် သူအမေ၏ ကျန်းမာရေးမှာ တစ်နေ့တစ်ခြားယိုယွင်းလာခဲ့သည်။
သူမသည် ထမင်းချက်၊ ပန်းကန်းဆေး ၊အမေ့အတွက်ဆေးကျိုခြင်းများအပြင် သူ့အမေ၏ ခန္ဓာကိုယ်ကိုပင်သန့်ရှင်းပေးသည်။
ဒါတွေအကုန်လုံးအား ဤ အသေးလေးမှ လုပ်ခဲ့ခြင်းဖြစ်သည်။
ဤ အသေးသေးသည် သူ၏ အမြှီးလိုပင် သူဘယ်သွားသွား အမြဲလိုက်ပါသည်။
သူမသည်သူ၏ ညီမအရင်းဖြစ်လာခဲ့သည်။
ရှစ်ဖုန့်က ရှစ်လင်၏ ခေါင်းအား ဖွဖွလေးပွတ်သက်၍ ညင်သာစွာ နှစ်သိမ့်ပေးသည်။
လင်လေး..လိမ္မာတယ်နော် ညီမလေးက..
ဒီကိုကြီးသာ ဒီမှာ ရှိနေရင် အမေအဆင်ပြေမှာပါ..
ရှစ်လင်က ခေါင်းမော့၍ ရှစ်ဖုန့်အား မျက်ရည်များဖြင့်ပြည့်နေသော မျက်လုံးတို့ဖြင့် မော့ကြည့်သည်။
ထပ်ပြီးမငိုနဲ့တော့
ညီမလေး မျက်နှာကိုကြည့်ပါအုံး...ငိုလို့ မျက်ရည်တွေတောင်ပေပွနေပီ..
ရှစ်ဖုန့်က သူ၏ အင်္ကျီစဖြင့် ရှစ်လင်၏ မျက်နှာပေါ်မှ မျက်ရည်တို့အား ညင်သာစွာ သုတ်ပေးသည်။
လိမ္မာတယ် ..ကိုကြီးအတွက် ရေနွေးအိုး တစ်အိုးလောက် သွားတည်ပေး...
ရှစ်ဖုန့်ကာ ရှစ်လင်၏ ခေါင်းကို ညင်သာစွာ ပုတ် ၍ ပြောလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise