← Chapters

ဖမ်းဆီးစစ်ဆင်ရေး

Vol. 05 Ch. 209

ဖမ်းဆီးစစ်ဆင်ရေး

Vol. 05 Ch. 209

စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်သည် ချန်းရွှဲ့မေ၏မျက်နှာလှလှထက်တွင် ပေါ်လာသည်။ သူမသည် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ရင်း

“ငါ မလုပ်ပေးနိုင်ဘူးဆိုတာ ငါ သိပါတယ်။ နင် ငါတို့ကို မကူညီချင်ဘူးဆိုမှတော့ အဲ့ဒါကို မေ့လိုက်ပြီး ကားပေါ်က ဆင်းသွားပါတော့။ ဒီမူးယစ်ဆေးရောင်းတဲ့သူတွေကို အောင်အောင်မြင်မြင် ဖမ်းဖို့ မျှော်လင့်ချက်တွေက ငါတို့အင်အားအပေါ် မူတည်သွားပြီပေါ့။”

ချန်းရွှဲ့မေ၏မျက်နှာအား ကြည့်ရင်း ထန်ရှု မသိမသာ မျက်မှောင်ကြုပ်သွားရသည်။ သူသည် ကားပေါ်မှ မဆင်းဘဲ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ

“ဘာဖြစ်လို့ ကျွန်တော့်ကို ရွေးရတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ နင်သာ တိုးတက်ခဲ့ရင် သေချာပေါက် ထူးချွန်တဲ့ ရဲအရာရှိတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ တွေးမိတယ်။ ဆိုလိုတာက နင့်မှာပတ်ဝန်းကျင်ကို စူးစမ်းသိမြင်ပြီး သုံးသပ်နိုင်စွမ်းရှိတဲ့ အရည်အချင်း ရှိတယ်လို့။ တြိငှက်မွှေးဘားအခြေအနေကို ငါတို့သုံးသပ်မှုအရ နင့်မှ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်းရှိတဲ့ ထက်မြက်ကောင်းမွန်တဲ့ အာရုံခံစားမှုရှိတယ်။ သာမန်လူတွေသာ ဘားကို ပထမဆုံးအကြိမ်ရောက်တာဆို တစ်စုံတစ်ယောက် မူးယစ်ဆေးရောင်းချနေတာကို မြင်တွေ့နိုင်ဖို့ အခွန်ခက်လိမ့်မယ်။ နင်ကကျတော့ အဲ့ဒါကို ရှာနိုင်ရုံတင်မကဘူး ငါတို့ကိုပါ ဆက်သွယ်ပြီး အဲ့ဒီလူတွေရဲ့ရောင်းဝယ်တဲ့ လှုပ်ရှားမှုကိုပါ ပြောပြတော့ ငါတို့ကို အကြီးအကျယ် ကူညီရာရောက်ခဲ့တာပေါ့။” ချန်းရွှဲ့မေ အလေးအနက် ရှင်းပြလိုက်သည်။

ထန်ရှု ခေါင်းကို ယမ်းကာ မချိပြုံး ပြုံးလိုက်ရင်း

“ခင်ဗျားနဲ့ပူးပေါင်းရတာ အတော် စိတ်ပျက်စရာကောင်းတာပဲ။ ဟူး…ဒီလိုဆိုမှဖြင့် ထားလိုက်ပါလေ။ ခင်ဗျားရဲ့မသက်မသာပုံစံကို မြင်ရတော့ ကျွန်တော် ထပ်ပြီး ကူညီပေးပါမယ်။ မူးယစ်ဆေးရောင်းတဲ့သူတွေ ဘယ်သူဆိုတာနဲ့ သူတို့ ဘယ်အခန်းတွေမှာ တည်းနေကြတယ်ဆိုတာ ကျွန်တော့်ကို ပြောပါ။ သူတို့အခန်းထဲက အခြေအနေကို ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း သိရဖို့ ကျွန်တော့်မှာ နည်းလမ်းအချို့ရှိပါတယ်။”

“နင့်မှာ နည်းလမ်းတွေ ရှိတယ်ဟုတ်လား။ ဘယ်လို ရှိတာလဲ။” ချန်းရွှဲ့မေ အံ့အားသင့်သွားသည်။

“ဒါကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်မို့လို့ ခင်ဗျားကို မပြောနိုင်ဘူး။” ထန်ရှု ခပ်တည်တည်ပြောလိုက်သည်။

ချန်းရွှဲ့မေ သံသယများဖြင့်

“ထန်ရှု… ဒါက နောက်စရာမဟုတ်ဘူးနော်။ နည်းနည်းလေး သတိမမူမိတာနဲ့ နင့်အသက်ကို ထိခိုက်သွားလိမ့်မယ်။ အဲ့ဒီမူးယစ်ဆေးရောင်းတဲ့သူတွေက ရက်စက်တယ်. ပြီးတော့ သရဖူမင်းသားဆိုတာ လူသတ်ရင် မျက်တောင်တစ်ချက်မခတ်ဘူးလို့တောင် ငါကြားဖူးတယ်။ ရဲဋ္ဌာနက စစ်ဆင်ရေးအတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှု မလုပ်ရသေးဘူးလို့ မဆိုလိုပေမယ့် သူတို့သံသယမဝင်အောင်တော့ ငါတို့ ဂရုစိုက်မှ ရမယ်။”

“စိတ်အေးအေးထားပါ။ အခြေအနေကို ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်။ ကျွန်တော်က သူတို့အခန်းထဲက အခြေအနေကို လေ့လာပေးဖို့ပဲ တာဝန်ယူရမယ် အဲ့ဒါ ကျွန်တော့်တာဝန်။ ဖမ်းဆီးမယ့်စစ်ဆင်ရေးက ခင်ဗျားတို့ လုပ်ရမှာ။” ထန်ရှု မျက်နှာသေဖြင့် ပြောလိုက်သည်။

ချန်းရွှဲ့မေ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး

“အခန်းနံပါတ်တွေက ၈၀၆၊ ၈၀၇၊ ၈၀၈။ တြိငှက်မွှေးဘားက လူတွေဆီက သတင်းအရဆိုရင် အဲ့ဒီမှာ စုစုပေါင်း လူ၆ယောက်ရှိတယ်။”

ထန်ရှု ခေါင်းညိတ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ သူ ထွက်ခွာမသွားမီ

“ကျွန်တော် ဖုန်းကနေ ပို့မယ့်စာကို စောင့်ပါ။”

မိနစ်အနည်းငယ် ကြာပြီးနောက်…

ဆီဇာဟိုတယ်၏ရှစ်ထပ်မြောက်တွင် ထန်ရှု ရောက်ရှိနေပြီဖြစ်သည်။ အခန်းနံပါတ် ၈၀၆အား ရှာပြီးနောက် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်ရာ ထိုအခန်းထဲတွင် လူ၆ယောက်မဟုတ်ဘဲ လူ၈ယောက် ရှိနေသည်ကို တွေ့ရသည်။ ထိုလူများထဲမှ ဆံပင်အဖြူရောင် ဆိုးထားသော အဝတ်ဗလာနှင့်လူရွယ်တစ်ယောက်သည် အိပ်ရာထက်တွင် အမျိုးသမီးတစ်ယောက်နှင့် သံဝါသအမှုကို ပြုလုပ်နေသည်။

သို့သော်လည်း သူ၏စိတ်ဝိညာဉ်အာရုံတည်ရှိမှုအား ဖုံးကွယ်နိုင်ရန် သူသည် အခန်းနံပါတ် ၈၀၅အား ပြတင်းပေါက်မှ ထွက်လာခဲ့ပြီး လျင်မြန်စွာပင် အခန်းနံပါတ် ၈၀၆၏ပြတင်းပေါက်အနီးတွင် ထင်ရှားစွာ ပေါ်လာလိုက်သည်။

သဏ္ဍာန်လုပ် သရုပ်တူစေရန် သူသည် တစ်ခုခုအား လေ့လာစူးစမ်းနေသည့် အသွင်ပြလိုက်ကာ သူသည် အခန်းနံပါတ် ၈၀၇နှင့် ၈၀၈သို့ အပြင်ဘက် ပြတင်းပေါက်မှတဆင့် ဆက်ကူးလာခဲ့သည်။

များမကြာမီ သူသည် ဓာတ်လှေကားမှ ဆင်းလာပြီး ချန်းရွှဲ့မေဆီသို့ ဖုန်းဆက်ကာ အခြေအနေအား ပြောပြလိုက်သည်။ ထို့နောက် စကားဆုံးခါနီးတွင်

“အခန်းနံပါတ် ၈၀၆ထဲမှာ ရှိတဲ့ ဆံပင်အဖြူနဲ့လူရွယ်ကို သတိထားပါ။ သူ့အိပ်ရာဘေးက ဗီရိုထဲမှာ သေနတ်တွေအပြင် စနိုက်ပါရိုင်ဖယ်တစ်လက်ပါ ရှိနေတယ်။ ကျွန်တော် တီဗွီထဲမှာ ကြည့်ဖူးတဲ့ သေနတ်တွေနဲ့ တူတယ်။”

“နင့်ရဲ့လေ့လာစောင့်ကြည့်မှုမှာ အမှားမရှိတာ သေချာလား။” ချန်းရွှဲ့မေ စိတ်လှုပ်ရှားသော လေသံဖြင့် မေးလိုက်သည်။

“သေချာတယ်။” ထန်ရှု ပြောလိုက်သည်။

ချန်းရွှဲ့မေ ကျေးဇူးတင်စကား ပြောကာ ဖုန်းချလိုက်သည်။

ထန်ရှု ဖုန်းအား သိမ်းကာ ဆီဇာဟိုတယ်မှ ထွက်လာပြီး ချက်ချင်း မပြန်သေးဘဲ မျက်နှာချင်းဆိုင် အဆောက်အဦးဘက် သွားလိုက်သည်။ သော့မခတ်ထားသော အခန်းလွတ်တစ်ခုအား ရှာတွေ့ပြီးနောက် ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ မျက်နှာချင်းဆိုင်အရပ်မှ လှုပ်ရှားမှုများအား အမြန်စောင့်ကြည့်နေလိုက်သည်။

သူ ရောက်ရှိနေသော အဆောက်အဦးထဲတွင် စနိုက်ပါ၂လက်အား သူ မြင်နိုင်သည့်အပြင် မျက်နှာချင်းဆိုင် အဆောက်အဦးဘက်တွင် ရဲအရာရှိများသည် မထင်မရှားသော ဝတ်စုံများဖြင့် လျင်မြန်စွာ အထဲသို့ ဝင်ကာ စောင့်နေကြသည်။ ဆီဇာဟိုတယ်၏ ပတ်ပတ်လည်တွင် ရဲများမှ လက်နက်ပြည့်ဖြင့် နေရာယူကာ ဝိုင်းထားကြပြီဖြစ်သည်။

“သူတို့လာတာ အတော်မြန်သားပဲ။” ထန်ရှု တိတ်တဆိတ် သက်ပြင်းချကာ ရေရွတ်လိုက်သည်။

သို့သော် သူ ရေရွတ်လိုက်ပြီးသည့် ခဏတွင် သူ၏အမူအရာသည် အနည်းငယ် ပြောင်းသွားကာ မျက်နှာချင်းဆိုင် ဆီဇာဟိုတယ်၏ အခန်းနံပါတ် ၈၀၈တွင် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာပြီး လက်ထဲမှ အဝေးကြည့်မှန်ပြောင်းဖြင့် အောက်ဘက်သို့ လှမ်းကြည့်နေသည်ကို အလျင်အမြန် မြင်လိုက်ရသည်။

ရဲတပ်ဖွဲ့များကို တွေ့သွားကြပြီဖြစ်သည်။

ထန်ရှုသည် ချန်းရွှဲ့မေအား ဖုန်းအမြန်ဆက်လိုက်သည်။ သူမ ဖုန်းကိုင်သည်နှင့် ထန်ရှုသည် အလေးအနက်လေသံဖြင့်

“ကျွန်တော် တွက်ဆတာ မှန်တယ်ဆိုရင် အဲ့ဒီလူတွေ ခင်ဗျားတို့ရဲဋ္ဌာန နေရာယူထားတာကို တွေ့သွားလောက်ပြီ။ သူတို့ အဝေးကြည့်မှန်ပြောင်းကို သုံးပြီး ပြတင်းပေါက်ကနေ ကြည့်နေတယ်။ သေချာပေါက် ရဲတပ်ဖွဲ့အများကြီးကို မြင်မှာပဲ။ အချိန်မဖြုန်းဘဲ အခုအမြန်လှုပ်ရှားတော့။”

ထိုခဏတွင် ချန်းရွှဲ့မေသည် ဆီဇာတော်ဝင်ဟိုတယ်၏၈လွှာသို့ ရောက်ရှိလာပြီဖြစ်သည်။ ထန်ရှု၏သတင်းပို့မှုအား ကြားသည်နှင့် သူမ၏မျက်နှာ ချက်ချင်း ပျက်သွားရသည်။ သူမကိုယ်တိုင် နားမလည်ပါဘဲ ထန်ရှုအား စိတ်တွင်းမှ မဖော်ပြနိုင်သော ယုံကြည်မှုရှိနေသည်။ ထို့ကြောင့် သူမသည် တွေဝေခြင်းမရှိဘဲ ပြတ်သားသောလေသံဖြင့် အော်လိုက်သည်။

“အခုချက်ချင်း လှုပ်ရှားပြီး သူတို့ကို ဖမ်းကြစို့။ ခုခံမှုရှိတာနဲ့ ချက်ချင်း တိုက်ပါ။ အခန်းနံပါတ် ၈၀၈က လူ၃ယောက်ကို သတိထား။ တစ်စုံတစ်ခု မူမမှန်တာကို သူတို့ သိနေတယ်။”

“ဘန်း…”

“ဘန်း…”

“ဘန်း…”

အခန်း၃ခန်းစလုံး၏တံခါးများသည် ရဲအရာရှိ၂ယောက်၏ဖွင့်လိုက်မှုကြောင့် ပွင့်သွားသည်။ လေ့ကျင့်မှုပြည့်ဝနေသည့် အခြားရဲအရာရှိများသည် တစ်ဦးနှင့် တစ်ဦး ပူးပေါင်းကာ သေနတ်အသင့်ချိန်ထားလျက် အခန်းတွင်းသို့ သတိအနေအထားဖြင့် ဝင်လာကြသည်။

ဒိုင်း…ဒိုင်း…ဒိုင်း…

အခန်းနံပါတ် ၈၀၆နှင့် ၈၀၈မှ သေနတ်သံများ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ထန်ရှုရှိနေသော မျက်နှာချင်းဆိုငအဆောက်အဦးမှ စနိုက်ပါ၂လက်သည် ချိန်ထားသော ပစ်မှတ်အား ပစ်ခတ်လိုက်သည်။ အခန်းနံပါတ် ၈၀၇မှ လူ၃ယောက်အား ရဲအရာရှိများမှ အခန်းတွင်းသို့ အပြေးဝင်ကာ သေနတ်များ ချိန်ကာ ဝိုင်းထားလိုက်ကြသဖြင့် အလျင်စလို မလှုပ်ရှားရဲကြပါချေ။

ထန်ရှုသည် မျက်နှာချင်းဆိုင်အဆောက်အဦးမှ ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ ခေတ်သစ်ကမ္ဘာ၏ သေနတ်စစ်ပွဲအား တိတ်တဆိတ်ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ ထိုကဲ့သို့ အရေးမကြီးသော အမှုသည် အမှန်တကယ်ပင် သူ၏စိတ်အား မပြောင်းလဲနိုင်ချေ။ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးရောင်းသူများကြား ခွန်အား အကြီးအကျယ် ကွာခြားသော ထို့ကဲ့သို့ အခြေအနေမျိုးတွင် ခုခံမှုရှိရင်တောင်မှ သေရမည်သာဖြစ်သည်။ ရဲများဘက်ကမူ အချို့အရာရှိများ ဒဏ်ရာအပြင်းအထန် ရခြင်းအချို့တော့ ရှိနိုင်ပေမည်။ သို့သော် အဆုံးသတ်တွင် ထိုမူးယစ်ဆေးရောင်းသူများအား အသေဖမ်းခြင်း သို့မဟုတ် ထောင်ဒဏ်ပေးခြင်းတို့အား ပြုလုပ်နိုင်မည်ဖြစ်သည်။

“ကောင်းပြီ။ ငါလည်း အခု ပြန်တော့မယ်။”

ထန်ရှု ပြန်တော့မည့်ဆဲဆဲတွင် ရှေ့ဟိုတယ်၏ အခန်းနံပါတ် ၈၀၈မှ ပုံရိပ်တစ်ခု ပြေးထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ယောကျာ်းတစ်ယောက်သည် ယခင်က သူ သတိမထားမိသော ကြိုးတစ်ချောင်းကိုပင် ကိုင်ထားသည်။ ထို့ပြင် သူ၏လှုပ်ရှားမှုသည် အလွန် သတိထားနေဟန်ရှိပြီး စိတ်ဝိညာဉ်လူဝံသားရဲအလား ကြိုးအတိုင်း လျှောဆင်းလျက် အောက်သို့ အလွန် လျင်မြန်စွာ လျှောဆင်းလာသည်။

“ဒါ ဆံပင်ဖြူ လူရွယ်ပဲ။”

ညအမှောင်သည် ထန်ရှု၏ ထက်ရှသော အမြင်အာရုံအား မဖုံးကွယ်နိုင်သောကြောင့် ထိုလူ၏ပုံရိပ်အား ချက်ချင်း သူ သိရှိသွားသည်။

“အာ..မဟုတ်သေးပါဘူး။ အခန်းနံပါတ် ၈၀၈အောက်က ၂လွှာက အခန်းရဲ့ပြတင်းပေါက်က ဖွင့်ထားသေးတယ်။ ပြီးတော့ တစ်ယောက်ယောက် အခန်းထဲမှာ ရှိနေသေးတယ်… အာ…အဲ့ဒါက ဟိုအမျိုးသမီးပဲ…”

ဆံဖြူလူရွယ်သည် ကြိုးကို အသုံးပြုကာ ၂လွှာရှိ အခန်းပြတင်းပေါက်ဆီသို့ ဆင်းသွားပြီး ချက်ချင်းပင် ပြတင်းပေါက်အား သူ၏ခြေထောက်ဖြင့် ကန်လိုက်သည်ကို တွေ့လိုက်ရသည်။ အတွင်းမှ အသက်၃၀အရွယ် အမျိုးသမီးတစ်ဦးသည် ထိုသူအား လှမ်းဆွဲလိုက်ကာ အခန်းတွင်းသို့ ဆွဲခေါ်လိုက်သည်။

သည်တစ်ကြိမ်တွင်တော့ ထိုသူများ၏ အစီအစဉ်ကောင်းနှင့် စွမ်းရည်အား ထန်ရှုပင် သဘောကျသွားရသည်။

ထိုကြိုးသည် အန္တရာယ်ရှိသောအခြေအနေတွင် အရေးပေါ် လွတ်မြောက်ရေး လမ်းကြောင်းအဖြစ် ကြိုတင်ပြင်ဆင်ထားသည် ကြာနေဟန်ရှိပြီး ထိုလမ်းကြောင်းအား တန်း အသုံးပြုနိုင်ခဲ့သည်။ ထိုအမှုထဲတွင် ပါနေသော သူတို့၏လုပ်ဖော်ကိုင်ဖက် ထိုအမျိုးသမီးသည်လည်း ထိုနေရာတွင် ကြိုတင်နေထိုင်ကာ ပြင်ဆင်နိုင်ခဲ့သည်။

“အာ.. သူတို့၂ယောက် ဟိုတယ်မှာ ရှိနေသေးရင် ဧည့်သည်တွေအတွက်တော့ အန္တရာယ် ရှိသေးတယ်။ ဟိုစိတ်ပျက်ဖို့ကောင်းတဲ့ စုန်းမ ချန်းဝေကလည်း သူမအခန်းထဲမှာ ရှိသေးတယ်။ သူမသာ ကံဆိုးမှုနဲ့တွေ့သွားရင် ဆရာမဟန်ကျင်းဝူကို ဖြေဖို့ ငါ့မှာ အဖြေမရှိဘူး။”

ထန်ရှု အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အဆောက်အဦးထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

“ဆော်ရီး ဆရာ။ ဆီဇာဟိုတယ်ကို ပိတ်ထားပါတယ်။ ဘယ်သူမှ ဝင်လို့မရသလို ထွက်လို့လည်း မရပါဘူး။”

ထန်ရှု ဆီဇာဟိုတယ်သို့ ဝင်ချင်သောအချိန်တွင် ဟိုတယ်၏ဝင်ပေါက်ထွက်ပေါက်အား စောင့်ကြပ်ရန် တာဝန်ကျထားသည့် ရဲအရာရှိ၏တားမြစ်မှုအား ခံလိုက်ရခြင်းဖြစ်သည်။

“ကျွန်တော်က ထန်ရှု ပြီးတော့ ဒီစစ်ဆင်ရေးမှာလည်း ပါတယ်။ အရာရှိချန်းဆီ ဖုန်းဆက်လိုက်ပါ။ သူမ ပြောပြလိမ့်မယ်။” ထန်ရှု ပြောလိုက်သည်။

ရဲအရာရှိ အံ့အားသင့်သွားသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူ၏အဖွဲ့သားချင်း ဆက်သွယ်သော ဖုန်းဖြင့် စစ်ဆင်ရေးခေါင်းဆောင်အား သတင်းပို့လိုက်သည်။ မိနစ်ဝက်မျှ ကြာသောအခါ ထန်ရှုအား အတွင်းသို့ ဝင်ခွင့်ပြုသည့် အမိန့်အား သူ ရလေသည်။

ရှစ်လွှာရှိ လျှောက်လမ်းတွင်…

ချန်းရွှဲ့မေသည် ပစ်ခတ်မှုမြင်ကွင်းအား ရှင်းလင်းရန် ညွှန်ကြားနေသည်။ ထန်ရှု ရောက်လာသည်ကို မြင်သောအခါ သူမ အမြန်မေးလိုက်သည်။

“နင် ဘာကြောင့် ပြန်လာတာလဲ။”

“ကျွန်တော့်ကို အခု မမေးနဲ့ဦး။ အခန်းနံပါတ် ၈၀၈အောက်ထပ်က ၂လွှာအခန်းတွေဆီ လူတစ်ချို့လွှတ်ပြီး အမြန်ရှာပါ။ ဆံဖြူလူရွယ်က လွတ်နေသေးတယ်။ သူ ၂လွှာကို ကြိုးနဲ့လျှောဆင်းသွားတာ တွေ့လိုက်တယ်။ အသက်၃၀အရွယ် မိန်းမတစ်ယောက်ကလည်း သူတို့နဲ့တစ်ဖွဲ့တည်းပဲ။ ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွ့ဲအင်အား တင်းကျပ်ရင် သူတို့၂ယောက်က ဟိုတယ်ထဲမှာပဲ ရှိနေလိမ့်မယ်။”

“နင် ဘယ်လိုသိတာလဲ။” ချန်းရွှဲ့မေ အံ့သြသွားရသည်။

“ကျွန်တော် ခုလေးတင် ဟိုတယ်နဲ့မျက်စောင်းထိုး အဆောက်အဦးက လာတာမို့လို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတာ။”

ချန်းရွှဲ့မေ ခေါင်းညိတ်လိုက်သည်။ ယခုလေးတင် ရောက်လာသော ပြည်သူ့လုံခြုံရေးဗျူရိုဒါရိုက်တာ သန်ကျန်းမင်နှင့်ပင် စကားမဆိုနိုင်အားဘဲ သည်သတင်းနှင့်အတူ သူမသည် အမိန့်များ ချက်ချင်း ထုတ်ပြန်လိုက်သည်။

နောက်ဆုံးတွင် ထန်ရှုနှင့် သန်ကျန်းမင်တို့ မျက်နှာချင်းဆိုင် တွေ့ကြပြီဖြစ်သော်လည်း ချန်းရွှဲ့မေ အလုပ်များနေသည်အား အခွင့်ကောင်းယူကာ ထန်ရှု အမြန်လစ်ထွက်လာပြီး ချန်းဝေ၏အခန်းသို့ သွားခဲ့သည်။ မကြာမီ သူသည် အခန်းဘဲလ်အား တီးလိုက်ရာ တံခါးပွင့်လာပြီး အဖြူရောင် ညအိပ်ဝတ်စုံ၊ ကပိုကရိုကျနေသော ဆံနွယ်လေးများနှင့်အတူ ကော်ဇော်ပေါ်တွင် ဖိနပ်မပါဘဲ ရပ်နေသော ချန်းဝေအား တွေ့လိုက်ရတော့သည်။

“ဟေး… နင် ပြန်သွားပြီမဟုတ်လား။ ဘာလို့ ပြန်လာတာလဲ။”

ချန်းဝေ၏မျက်နှာသွင်ပြင်သည် ခပ်ဖျော့ဖျော့  ဖြစ်နေသည်။ သူမသည် ထိုသို့ပြောလိုက်သော်လည်း ထန်ရှုဆီ လျင်မြန်စွာ လျှောက်လာကာ သူ့အား အခန်းထဲ ဆွဲသွင်းလိုက်ပြီးနောက် တံခါးအား အားနှင့်ပိတ်ကာ အတွင်းမှ လော့ချလိုက်သည်။

“ဒီနေရာမှာ အန္တရာယ်ရှိနေလို့ ကျွန်တော် ပြန်လာတာ။” ထန်ရှု ပြောလိုက်သည်။

“ငါ တကယ့်ကို ကံမကောင်းတာပဲ။ ပြောရမယ်ဆိုရင် ဇာတိမြေရဲ့ပြည်သူ့လုံခြုံရေးက ပြည်ပနိုင်ငံတွေလောက် မကောင်းဘူး။ သောက်ကံဆိုးလိုက်တာ ဒီနေ့က ကြယ်တာရာကို လာတဲ့ ငါ့ရဲ့ပထမဆုံးနေ့လေးကိုဟာ။ ပြီးတော့ ခုနက ရဲတွေနဲ့လူဆိုးတွေ ပစ်ခတ်နေတာလည်း ကြားတယ်။ ငါကို ပြောပါဦး ဒီလိုမျိုးက ကြယ်တာရာမှာ မကြာခဏ ဖြစ်တာလား။”

“ပုံမှန်ကတော့ အေးချမ်းပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့၂လလောက်ကစပြီး လူသတ်မှုတွေ များလာတယ်။ ခင်ဗျား ကြောက်ရင် မနက်ဖြန် ကြယ်တာရာက အမြန်ထွက်သွားသင့်တယ်။”

ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။

“သောက်ကျိုးနည်း ဘယ်သူက ကြောက်နေလို့လဲ။ ဒီကြီးမြတ်တဲ့အန်တီက ဒါမျိုးတွေ အခုမှ ကြုံဖူးတာမှ မဟုတ်တာ။ ဇာတိမြေပြန်လာတဲ့အချိန် မထင်မှတ်ဘဲ ကြုံတွေ့ရတာမို့လို့ပါ။ ငါ နင့်ကို ပြောလိုက်မယ်… နင့်ရဲ့အဘွားက ပြည်ပက လာတာမို့လို့ ဒီလိုသေနတ်ပစ်တာတွေနဲ့ အရင်ကတည်းက ကြုံဖူးပြီးသား။ နောက်ပြီး ငါက တိုက်ကွမ်ဒို ခါးပတ်နက်တစ်ယောက်ဆိုတာ နင့်ကို ပြောဖို့ မေ့နေတာ။ ယောကျာ်း ၃ယောက် ၅ယောက်လောက်ကတော့ ငါ့ပြိုင်ဖက်မဟုတ်သေးဘူး။”

ထန်ရှု သူမ၏သေးသွယ်သော ခြေတံလက်တံများအား ကြည့်လိုက်သည်။ သူမနှင့် ပြိုင်ငြင်းရမည်ကို ပျင်းလှသောကြောင့် ပြတင်းပေါက်ဆီသို့ အပြင်ဘက်မြင်ကွင်းအား ကြည့်ရန် လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်အာရုံအား  အမြန် ဖြန့်ကျက်လိုက်သည်။ ဆံဖြူလူရွယ် ဟိုတယ်အတွင်းတွင် ရှိနေသရွေ့ သူ၏စိတ်ဝိညာဉ်အာရုံသည် အရာရာအား လွှမ်းခြုံနိုင်သောကြောင့် ထိုသူအား ဖမ်းရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။

“ဟင် ထူးဆန်းလှချည်လား။ သူက ဘာကြောင့် ဒီနေရာမှာ မရှိတော့တာလဲ။”

***

All Chapters