← Chapters

ဒေါသ

Vol. 05 Ch. 210

ဒေါသ

Vol. 05 Ch. 210

သူ၏စိတ်ဝိညာဉ်အာရုံအတွင်းတွင် ထန်ရှု၏ရှာဖွေမှုမှ မည်သည့်အရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ကြွက်တွင်းတစ်တွင်း သို့မဟုတ် ကြမ်းပြင်ပေါ်မှ ပုရွက်ဆိတ်လေးတစ်ကောင်ကိုပင်လျှင် သူသည် ရှင်းလင်းစွာ မြင်နိုင်သည်။ သို့သော်လည်း ဆံဖြူလူရွယ်နှင့် အမျိုးသမီးအား ဟိုတယ်အဆောက်အဦးအတွင်းတွင် သူ ရှာမတွေ့ချေ။

“သူတို့ ထွက်သွားကြပြီလား။”

အခုချိန်တွင် ဟိုတယ်တစ်ခုလုံးအား ရဲများမှ ပိတ်ဆို့ထားသဖြင့် ထိုသူများ အလွန်မြန်ဆန်လိမ့်မည်ဟု ထန်ရှု မယုံကြည်ပေ။ ထိုသူများ အဝေးကို ထွက်ပြေးချင်လျှင်တောင်မှ အချိန်တိုအတွင်း ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုသူများ မည်သည့်နေရာတွင် ရှိနေပါသနည်း။

ထန်ရှု နောက်ဆုံး ဆုံးဖြတ်ချက် မချမီ လူတိုင်းအား အကြိမ်အနည်းငယ်ခန့် သေချာစွာ ကြည့်ရှုလိုက်သည်။ လူတစ်ယောက်၏သွင်ပြင်အား အလွယ်တကူ ပြောင်းလဲနိုင်သော နည်းလမ်းအလွယ်ရှိသည်ကို သူသိသည်။ ဆံဖြူလူရွယ်တွင် သိသာထင်ရှားသော ပုံပန်းသဏ္ဍာန်ရှိသောကြောင့် ထန်ရှု သတိမပြုမိအောင် အဝေးသို့ ပြေးနိုင်မည်မဟုတ်ချေ။

လုံလောက်သေချာစွာ စစ်ဆေးပြီးသည့်နောက်တွင် သံသယဖြစ်စရာ လူနှစ်ဦးအား သူ တွေ့သွားသည်။ ထိုသူများ၏သွင်ပြင်သည် ပြောင်းလဲထားပြီးဖြစ်သော်လည်း သန့်ရှင်းရေးဝန်ထမ်းအသွင်ဆောင်ထားသည်ကို သူ သေချာသိလေသည်။ ဆံဖြူလူရွယ်နှင့် အမျိုးသမီးသည် ယခု တွန်းလှည်းများအား တွန်းနေကြသည်။

ထန်ရှု ဖုန်းကိုထုတ်ကာ ဆက်မည့်ဟန်ပြင်လိုက်ပြီးမှ သည်နေရာအား ရဲများက ဝိုင်းရံထားသည်ကို သတိတရလိုက်သည်။ ကော်ရစ်ဒါတိုင်းတွင် စောင့်ကြည့်ကင်မရာတစ်ခုစီ ရှိပြီး သူ ရောက်နေသော ခန်းတွင်ပင် ရှိသည်။ သူသာ ချန်းရွှဲ့မေဆီ သတင်းပို့လိုက်ပါက သူမသည် စောင်ကြည့်ကင်မရာများအား စစ်ဆေးပြီးနောက်တွင် သေချာပေါက် သူ၏လျှို့ဝှက်ချက်အား ရှာတွေ့သွားမည်ဖြစ်သည်။

“ကြည့်ရတာ ငါကိုယ်တိုင်ပဲ လှုပ်ရှားရမယ်နဲ့တူတယ်။ လူဆိုးများအား ဖယ်ရှားခြင်းလို့ တွေးလို့ရနိုင်လောက်ပါတယ်။”

ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တံခါးဆီသို့ လှည့်ထွက်လိုက်သည်။

ချန်းဝေသည် အိပ်ရာပေါ်သို့  ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ကိုယ်လုံးအား ဖုံးလွှမ်းရန် စောင်ဆွဲယူလိုက်သည်။ ထန်ရှု ထွက်ခွာသည်ကို မြင်လိုက်သောကြောင့် သူမသည် ထိုင်လိုက်ပြီး အမြန် မေးလိုက်သည်။

“နင် ဘယ်သွားမလို့လဲ။”

“ကျွန်တော် အပြင်မှာ လုပ်စရာရှိနေလို့။ ခင်ဗျား ဒီမှာပဲနေပြီး ဘယ်မှမသွားနဲ့ဦး။ အပြင်မှာ အန္တရာယ်ရှိနေသေးတယ်။ ခင်ဗျား လျှောက်ပြေးနေရင် အဲ့ဒီ မူးယစ်ဆေးရောင်းဝယ်တဲ့ လူတွေနဲ့တိုးပြီး ဓားစာခံဖြစ်သွားဦးမယ်။”

“မူးယစ်ဆေးရောင်းဝယ်တဲ့လူတွေ” ချန်းဝေ သူမ၏ဦးနှောက်အား အမြန်အလုပ်ပေးလိုက်ရာ တြိငှက်မွှေးဘားမှ အဖြစ်အပျက်အား ပြန်လည်မှတ်မိသွားတော့သည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့်

“နင်လည်း ဒီအထဲမှာ ပါဝင်နေတာ မဟုတ်လား။ အဲ့ဒီ မူးယစ်ဆေးရောင်းဝယ်တဲ့လူတွေက တြိငှက်မွှေးက လူတွေနဲ့ဆက်စပ်နေတာ မဟုတ်လား။”

“ဟုတ်တယ်။ ဖမ်းမိထားတဲ့လူတွေက ပြောလို့ ရဲတွေက အဲ့ဒီ မူးယစ်ဆေးရောင်းဝယ်တဲ့လူတွေ ဒီဆီဇာတော်ဝင်ဟိုတယ်မှာ တည်းတယ်ဆိုတာ သိထားတယ်။ သေချာမှတ်ထားပါ… အပြင် လုံးဝမထွက်ပါနဲ့။ အဲ့ဒီ မူးယစ်ဆေးရောင်းဝယ်တဲ့လူတွေက လူသတ်ပြီး အလွန်ရက်စက်ကြတယ်။ သူတို့က ကျင်းရှန်းဒေသက လာတာ။ သူတို့မှာ ပစ္စတိုသေနတ်တွေတင်မကဘူး စက်သေနတ်တွေပါ ပါတယ်။”

ချန်းဝေ၏အမူအရာသည် ဖြူလျော်သွားပြီး အိပ်ရာမှ အမြန် ခုန်ထွက်လာကာ ထန်ရှု၏လက်မောင်းအား ဆွဲလျက်

“နင် မသွားရဘူး။”

“ကျွန်တော် အရေးတကြီး လုပ်ရမှာရှိနေတယ်။” ထန်ရှုက ပြောလိုက်သည်။

ချန်းဝေ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ငါ ဂရုမစိုက်ဘူး။ နင် အခန်းထဲမှာပဲ နေရမယ်။ နင်က အထက်တန်းပြီးပြီးခါစလေး။ အဲ့ဒီရဲအရာရှိအလှလေးအတွက် နင့်စွမ်းရည်တွေ ပြမယ်လို့ စိတ်တောင်မကူးနဲ့။ ဟန်ကျင်းဝူက နင့်ကို ငါ့ဆီ လွှတ်ထားတာမို့လို့ ငါ့လုံခြုံရေးအတွက် နင့်မှာ တာဝန်ရှိတယ်။”

“ခင်ဗျား အခန်းထဲမှာ နေနေသရွေ့ ခင်ဗျားလုံခြုံဖို့ ကျွန်တော်လုပ်နိုင်တယ်။ နောက်ပြီး အပြင်မှာ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာသိတာမို့ ကျွန်တော့်ကို မတားတာ ပိုကောင်းတယ်။”

“ငါ နင့်ကို တားမှာပဲ။” ချန်းဝေ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

ထန်ရှု သက်ပြင်းချလိုက်ပြီး အလင်းကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ချန်းဝေအနားသို့ သွားကာ သူမ၏ခါးအား လျင်မြန်စွာ ကိုင်လိုက်ပြီး အိပ်ရာပေါ်တင်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။

ဒုတိယထပ် ကော်ရစ်ဒါတွင်…

တေလာသည် တွန်းလှည်းအသေးအား တွန်းနေသည်။ သူသည် သန့်ရှင်းရေးဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏ဆံပင်အား ဖုံးကွယ်ထားကာ ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။ သူ၏အနားတွင် မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးတစ်ယောက် ရှိသည်။ သူတို့နှစ်ယောက်သည် ရဲအရာရှိတစ်ယောက်အား တွေ့တိုင်း အမြန်လှုပ်ရှားကာ အခန်းတစ်ခန်း၏ အပြင်ဘက်တွင် ရည်ရွယ်ချက်ရှိရှိ ရပ်ပြီး အခန်းသန့်ရှင်းရေး လုပ်မည့်အသွင်ဖြစ်သည်။

“ကျွန်တော်တို့ကို စောင့်ကြည့်ခံနေရသလို ခံစားနေရတယ်။”

တေလာ၏ခြေလှမ်းများ ရုတ်တရက် ရပ်သွားပြီး သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ အခြားနိုင်ငံသားတစ်ဦး ဖြစ်သော်လည်း သူ၏တရုတ်စကားပြောဟန်သည် အလွန်ကျွမ်းကျင်ပြီး ဒေသခံများနှင့် များစွာ မခြားနားလှပေ။

အမျိုးသမီးက စိတ်ပျက်အားလျော့နေဟန်ဖြင့်

“ဖြစ်နိုင်တယ်။ ကော်ရစ်ဒါတွေမှာ စောင့်ကြည့်ကင်မရာတွေ တပ်ထားတယ်။ အဲ့ဒီရဲတွေက ထိန်းချုပ်စောင့်ကြည့်ခန်းကနေ ငါတို့အရိပ်အယောင်ကို ရှာနေတာနေမှာပေါ့။ ငါ အထပ်၂၀ကို သွားပြီးတော့ အဲ့ဒီမှာရှိတဲ့ စောင့်ကြည့်ကင်မရာကို ဖျက်လိုက်မယ်။ သရဖူမင်းသား… နင် ထွက်ပြေးဖို့ အခွင့်အရေးကို ရှာပါ။”

တေလာက လေသံတိုးတိုးဖြင့်

“ပါးစပ်ပိတ်ထား။ မင်း အဲ့ဒီကင်မရာတွေ ဖျက်လိုက်တာနဲ့ ငါတို့တည်ရှိရာကို ပြလိုက်တာနဲ့အတူတူပဲ။ ငါ့နောက်က လိုက်ခဲ့။ မြေအောက်ကားရပ်နားရာကို အောင်အောင်မြင်မြင်ရောက်နိုင်ရင် ငါတို့လုံခြုံပြီ။”

အမျိုးသမီးက ခေါင်းကိုယမ်းလိုက်ရင်း

“ဟင့်အင်း… ရဲတွေက ငတုံးတွေမဟုတ်ဘူး။ သူတို့တွေက မြေအောက်ကားရပ်နားနေရာက ဝင်ပေါက်ထွက်ပေါက်အားလုံး ပိတ်ဆို့ထားပြီးပြီ။ ငါတို့ အဲ့ဒီကို အတင်းဖောက်ထွက်ရင်တောင်မှ ငါတို့လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ မင်းသား… နင့်အသက်က ပိုပြီးအရေးကြီးတာမို့ နင် အောင်အောင်မြင်မြင် လွတ်မြောက်သွားရမယ်။ နင် ဒီဟိုတယ်က ထွက်သွားနိုင်တာနဲ့ နင့်အရည်အချင်းနဲ့ဆို ရဲတွေ ဖမ်းမိမှာမဟုတ်ဘူးလို့ ငါယုံတယ်။ နင် ပြန်ရောက်ရင် ငါ့ရဲ့လေးစားမှုကို ဗိုလ်ချုပ်ကို ငါ့ကိုယ်စား ပြောပေးပါ။”

အမျိုးသမီးအား တေလာ ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့်

“မင်း သေသွားရင် မင်းရဲ့အရိုးတွေကို ပြန်ရအောင် ငါ နည်းလမ်းရှာပြီး သင့်တော်တဲ့ မြှုပ်နှံမှုတစ်ခု လုပ်ပေးပါမယ်။ မင်း အသက်ရှင်လွတ်မြောက်ခဲ့ရင် ဘဝတစ်လျှောက်မှာ ပျော်ရွှင်ကောင်းမွန်တဲ့ ဘဝလေး ရစေဖို့ ငါ အာမခံပါတယ်။”

“ငါ အဲ့ဒီစကားကို သတိနေပါမယ်။”

အမျိုးသမီးသည် ကြမ်းတိုက်တံနှင့် ရေပုံးအား ယူကာ တေလာနှင့် ခွဲထွက်လာခဲ့သည်။ သူမသည် ရဲရင့်သူတစ်ယောက် ဖြစ်သောကြောင့် ဓာတ်လှေကားစီးပြီး ၂၄ထပ်သို့ တန်းတက်လာခဲ့သည်။ ဓာတ်လှေကားမှ ထွက်လာပြီးနောက် သူမသည် အခန်းတွင်း ဝန်ဆောင်မှုပေးသည့် ၂ယောက်နှင့် ကော်ရစ်ဒါတွင် တွေ့လိုက်ရသည်။ သူမသည် တွေဝေခြင်းမရှိဘဲ ထိုသူများအား ဖြတ်ကျော်လိုက်သည်နှင့် လက်ထဲတွင် ဝှက်ကာ ကိုင်ဆောင်လာသည့် ဓားမြှောင်ဖြင့် လည်ပင်းများအား လှီးဖြတ်လိုက်သည်။

“ရွှစ်…”

သူမ၏လှုပ်ရှားမှုများသည် အလွန်မြန်ဆန်လှသည်။ ထို၂ယောက်အား သတ်ပြီးသည်နှင့် ချက်ချင်း ကော်ရစ်ဒါထောင့်အပေါ်မှ စောင့်ကြည့်ကင်မရာများအား ဖျက်ဆီးလိုက်သည်။ ထို့နောက် သူမသည် အခန်းတံခါးအား အလွယ်တကူပင် ကန်ဖွင့်လိုက်ပြီး အတွင်းမှ အမျိုးသားနှင့် အမျိုးသမီးအား သတ်လိုက်သည်။

၂မိနစ်အချိန်အတောအတွင်း သူမသည် စုစုပေါင်း လူ၁၁ဦးအား သတ်ခဲ့ပြီးဖြစ်ပြီး စောင့်ကြည့်ကင်မရာ၄လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်လေသည်။

ဆီဇာတော်ဝင်ဟိုတယ်၏၄ထပ်တွင် ရှိသော ထိန်းချူပ်ခန်းတွင် သန်ကျန်းမင်နှင့် ချန်းရွှဲ့မေတို့သည် ရဲတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းကူညီပေးနေသည်။ ကွန်ပျူတာမျက်နှာပြင်အား ကြည့်ရှုပေးခြင်းဖြင့် သံသယလူများအား အဆက်မပြတ် ရှာဖွေလျက်ရှိသည်။ သို့သော် ကွန်ပျူတာမျက်နှာပြင်တစ်ခုသည် ရုတ်တရက် မှောင်ကျသွားသဖြင့် ထိုကွန်ပျူတာအား ကြည့်ရှုရန် တာဝန်ကျသော လုံခြုံရေး၏အမူအရာသည် အကြီးအကျယ် ပျက်သွားပြီး

“သံသယတရားခံကို ကျွန်တော်တို့ တွေ့ပြီ။ သူမက ဝန်ထမ်း၂ယောက်ကို သတ်ပြီး စောင့်ကြည့်ကင်မရာကို ဖျက်ဆီးလိုက်တယ်။ ချီးပဲ။ သူမက ၂၄ထပ်မှာ ရှိနေတယ်။”

လုံခြုံရေး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုကွန်ပျူတာရှေ့သို့ သန်ကျန်းမင်နှင့် ချန်းရွှဲ့မေ ရောက်လာသည်။ ကွန်ပျူတာ ၄လုံးသည် တစ်လုံးပြီးတစ်လုံး ဆက်တိုက်မှောင်မည်းသွားသည်။ နောက်ဆုံးမှတ်တမ်းအရ မူးယစ်ဆေး ရောင်းသူ တစ်ယောက်သည် ၂၄ထပ်တွင် ရှိနေသည်မှာ သေချာသွားပြီဖြစ်သည်။ အခြားတစ်ယောက်သည် စောင့်ကြည့်ကင်မရာအား ဖျက်ဆီးရုံသာမက ဟိုတယ်ဝန်ထမ်းနှင့် ဧည့်သည်များကိုလည်း ကြုံသလို သတ်ဖြတ်ခဲ့သည်။

ချန်းရွှဲ့မေသည် စကားပြောစက်ကို ကောက်ကိုင်လိုက်ကာ အော်ပြောလိုက်သည်။

“မူးယစ်ဆေးရောင်းသူက ၂၄ထပ်မှာ ရှိနေတယ်။ အဖွဲ့အားလုံး အာရုံစိုက်ပြီး ၂၃ထပ်၊ ၂၄ထပ်နဲ့ ၂၅ထပ်ကို တတ်နိုင်သမျှ အမြန်ပိတ်ပါ။ အဲ့ဒီမူးယစ်ဆေးရောင်းတဲ့သူတွေက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးထားတဲ့အပြင် ဟိုတယ်ဝန်ထမ်းနဲ့ ဧည့်သည်တွေကိုပါ အရှက်မရှိ သတ်ထားတာကို သတိရပါ။ သူမက သန့်ရှင်းရေးဝတ်စုံကို ဝတ်ထားပြီး လက်ထဲမှာ ဓားနဲ့ သေနတ်တွေ ရှိတယ်။”

ရဲများသည် ၂၃ထပ်၊ ၂၄ထပ်နှင့် ၂၅ထပ်သို့ တစ်ယေက်ပြီးတစ်ယောက် အမြန် တက်သွားကြသည်။

မိနစ်ပိုင်းအတွင်း သူတို့သည် သုံးထပ်လုံးအား ပိတ်ဆို့ထားပြီးဖြစ်သည်။ ရဲများ ထို၃ထပ်အား အာရုံစိုက်နေစဉ်တွင် အခြားအထပ်များမှ အထပ်၄၀အထိ ရှိသော စောင့်ကြည့်ကင်မရာများသည် ဆက်တိုက်ပျက်စီးသွားကြသည်။ သူမသည် ထိုစောင့်ကြည့်ကင်မရာများအား ဖျက်ဆီးပြီးနောက် ဟိုတယ်ဝန်ထမ်းများကိုပင် တမင်သတ်ဖြတ်ပြလိုက်သေးသည်။

ဆံဖြူလူရွယ်နှင့် ထိုအမျိုးသမီးအား ထန်ရှု သူ၏စိတ်ဝိညာဉ်အာရုံဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်နေရာ ထိုအမျိုးသမီး၏လှုပ်ရှားမှုသည် သူ့အား ဒေါသထွက်လာစေခဲ့သည်။ သူမ၏ရည်ရွယ်ချက်အား သူ မှန်းဆပြီးဖြစ်သော်လည်း သူမ၏အဆက်မပြတ် သတ်ဖြတ်နေမှုကြောင့် အပြစ်မဲ့သူများ သေဆုံးရသည်မှာ အယောက်၂၀နီးပါး ဖြစ်လာသဖြင့် သူ သည်းမခံနိုင်တော့ပေ။

အထပ်၄၀မှ စောင့်ကြည့်ကင်မရာအား သူမ ဖျက်ဆီးပြီးသည့်အခိုက်အတန့်တွင် သူမဆီသို့ မျက်နှာသေဖြင့် လာနေသော လူရွယ်တစ်ယောက်အား ရုတ်တရက် မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေဘဲ ထိုသူထံ ပြေးသွားလိုက်ပြီး

“သေပေတော့။”

ထက်မြိလှသော ဓားမြှောင်ဖြင့် ထိုသူ၏လည်ပင်းအား အရှိန်ပြင်းစွာ ထိုးစိုက်လိုက်သည်။ ပထမတွင် ထိုထိုးစိုက်ချက်သည် ထိမှန်လိမ့်မည်ဟု သူမ သေချာနေခဲ့သည်။ သို့သော် ထိုသူအား ထိုးစိုက်တော့မည့်ဆဲဆဲတွင် လွဲချော်သွားသောကြောင့် သူမ ကျရှုံးသွားသည်ကို မယုံကြည်နိုင်ဟန်ဖြစ်သွားရသည်။

ဘာဖြစ်သွားတာလဲ။

အမျိုးသမီး၏အမူအရာသည် ပြောင်းသွားပြီး ထိုသူအား ကန်ရန် သူမ၏ခြေထောက်ကိုလည်း မလိုက်စဉ်တွင် အခြားလက်မှ သေနတ်အား ဆွဲထုတ်ကာ ချိန်လိုက်သည်။ သို့သော် သေနတ်မောင်းခလုပ်အား မဆွဲနိုင်သေးခင် သူမ၏ကန်ချက်သည် မာကျောသော ကျောက်တုံးအား ကန်လိုက်မိသည့်အလား ဖြစ်သွားရသဖြင့် သူမ မယုံကြည်နိုင်ဟန် တုန်လှုပ်သွားရတော့သည်။

ဝှစ်…

လက်ရိပ်တစ်ခု လျှပ်တပြက်အလား ရောက်ရှိလာပြီးနောက် သူမ၏လက်သည် ထုံကျင်သွားရပြီး သူမ၏သေနတ်သည် ရုတ်ခြည်းပင် ထိုလူ၏လက်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။ သူမ၏မျက်လုံးများ ပြူးကျယ်သွားရကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လေသံမာမာဖြင့် မေးလိုက်သည်။

“ချီးထုပ် နင်က ဘယ်သူလဲ။ နင်…”

အထပ်၄၀တွင် ရောက်နေသော သူမ၏ပြိုင်ဖက်သည် ထန်ရှုမှလွဲပြီး တခြားသူ မရှိပါချေ။

ထန်ရှု၏မျက်နှာထက်တွင် အေးစက်ကာ လူသတ်လိုသောစိတ်အား မြင်နိုင်မည်ဖြစ်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့်

“ပထမတော့ ငါက ဆံဖြူလူငယ်ကို ဖမ်းချင်ခဲ့တာ မင်းကို မဟုတ်ဘူး။ ဒါပေမယ့် မင်းက ဟိုတယ်ဝန်ထမ်းနဲ့ဧည့်သည်တွေကို ဆက်တိုက်သတ်နေမှတော့ ငါ ငြိမ်မနေနိုင်တော့ဘူး။ မင်း သေကို သေရမယ်။”

သူ၏အသံဆုံးသည်နှင့် ထန်ရှု၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ထိုအမျိုးသမီး၏အရှေ့သို့ ရောက်ရှိလာပြီး သူမ၏လည်ပင်းသို့ လက်ဝါးစောင်းတစ်ချက် ခပ်ပြင်းပြင်း ရိုက်လိုက်ကာ တစ်ဆက်တည်း သူမ၏ဝမ်းဗိုက်သို့ပါ ကန်လိုက်သည်။

ထန်ရှုသည် သူ၏ခွန်အားအကြောင်း လွန်စွာသိသောကြောင့် နွားရိုင်းတစ်ကောင်အား နေရာတွင် ချက်ချင်း သေစေနိုင်သည့် သူ၏ခွန်အားအပြည့် မသုံးထားချေ။ ထို့ကြောင့် သူ၏တိုက်ခိုက်မှုသည် သူမအား သေစေလိမ့်မည်မဟုတ်ချေ။

“ဟင်…”

ထန်ရှု မျက်မှောင်ကြုပ်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံအား မြေအောက်ကားရပ်နားနေရာထိ ဖြန့်ကျက်ထားသောကြောင့် ဆံဖြူလူရွယ်သည် ထိုနေရာသို့ ရောက်ရှိနေပြီး ယခင်ကတွန်းနေသော တွန်းလှည်းအား စွန့်ပစ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။

“သူက ကားမောင်းပြီး ထွက်ပြေးချင်တာလား။”

ထန်ရှု စိတ်သက်သာသွားရသည်။ မြေအောက်ကားရပ်နားနေရာ၏ ဝင်ပေါက်နှင့်ထွက်ပေါက်များတွင် ရဲများက ပိတ်ဆို့ထားပြီးဖြစ်သည်ကို သူ သိထားသည်။ ဆံဖြူလူရွယ် စွမ်းအားရှိလျှင်တောင်မှ ကားတစ်စီးဖြင့် ထွက်ပြေးရန်မှာ မဖြစ်နိုင်သောအရာဖြစ်သည်။ သို့သော် လေပြည်တစ်ချက် ရှူသွင်းလိုက်ရင်းမှ သူ၏အမူအရာသည် ပြောင်းသွားရပြန်သည်။

“မဟုတ်သေးဘူး။ သူက ကားတစ်စီးနဲ့ ထွက်ပြေးမှာ မဟုတ်ဘူး။ သူက လေပိုက်လမ်းကြောင်းကနေ ထွက်ပြေးမလို့လား။”

“သေလိုက်ပါတော့။ သည်ကောင့်အတွက် လေပိုက်လမ်းကြောင်းထွက်ပေါက်မှာ ပြေးပေါက်တစ်ခု ရှိနေတာပဲ ဖြစ်ရမယ်။ ဒီသောက်ခွေးကောင်တွေက တကယ်ကို အကြံအစည်များပြီး လွတ်မြောက်ဖို့ လမ်းကြောင်းကို တစ်ခုထက်မက ပြင်ဆင်ထားတာပဲ။”

ဆံဖြူလူရွယ်သည် လေပိုက်အဖုံးအား အလွယ်တကူ ဖွင့်ကာ ထိုအထဲသို့ အချိန်တိုအတွင်း တက်သွားသောကြောင့် ထန်ရှု၏ခန့်မှန်းချက် ပိုမိုသေချာသွားရသည်။ ထို့နောက် သူသည် ပိုက်လမ်းတစ်လျှောက် ရှေ့သို့ ရွေ့လျားနေသည်။ ရေဆိုးပြွန်များအား ဆင်းသက်စစ်ဆေးသည့် အပေါက်၏အဖုံးအား ဖွင့်ကာ အပြင်သို့ တက်လိုက်ရာ ထိုအနီးတွင် အနက်ရောင်ကား၂စီး ရပ်ထားသော ဟိုတယ်နောက်ဖေးလမ်းကြားသို့ ရောက်ရှိသွားတော့သည်။

“ချီးပဲ… ငါ သူ့ကို မဖမ်းနိုင်တော့ဘူး။”

ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်ကာ ထိုသူ၏အနောက်သို့ လိုက်မည့်စိတ်ကူးအား စွန့်လွှတ်လိုက်တော့သည်။

***

All Chapters