ထင်ရှားသော အကျိုးကျေးဇူး
Vol. 05 Ch. 211
ထန်ရှုသည် အထက်၄၀မှ ထွက်ခွာလာပြီးနောက် ခန်းဝေ၏အခန်းသို့ မပြန်သေးဘဲ ၄ထပ်မှ စောင့်ကြည့်ထိန်းချုပ်ခန်းသို့ လာလိုက်သည်။ သန်ကျန်းမင်နှင့် ချန်းရွှဲ့မေတို့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် တည်ငြိမ်အေးဆေးစွာဖြင့်
“မူးယစ်ဆေးရောင်းတဲ့စုံတွဲက အမျိုးသမီးကို ကျွန်တော် တွေ့ခဲ့တယ်။ သူမက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားလို့ မေ့မျောသွားအောင် လုပ်ထားတယ်။ နောက်ပြီး ဆံဖြူလူရွယ် ဟိုတယ်ကနေ လွတ်မြောက်သွားတာ ကျွန်တော် ပြတင်းပေါက်ကနေ တွေ့လိုက်ရတယ်။”
သန်ကျန်းမင် ဒေါသတကြီး ပြောဆိုလိုက်သည်။
“သောက်ကျိုးနည်း မင်းက ဘယ်သူလဲ။ အရေးကြီးတဲ့ တရားခံ ထွက်ပြေးသွားတာ မင်းက ဘယ်လို သေချာသိနေတာလဲ။”
ထန်ရှုသည် အေးစက်သော လေသံဖြင့်
“ကျွန်တော် ပြောတာယုံဖို့လည်း ခင်ဗျားကို မပြောဘူး။ ကျွန်တော့်အလုပ်က ပြီးပြီ.. ကျန်တာ ခင်ဗျားတို့ တာဝန်။ တခြားဘာမှမရှိရင် ကျွန်တော့်ကို နောက်ထပ် မနှောင့်ယှက်နဲ့။”
ပြောပြီးသည်နှင့် ထန်ရှု အခန်းထဲမှ လှည့်ထွက်သွားရာ ချန်းရွှဲ့မေက သန်ကျင်းမင်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ထန်ရှုအား အမြန်တားလိုက်သည်။
သူမသည် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးပြလိုက်ပြီး
“ထန်ရှု… ဒါရိုက်တာသန်က နင့်ကို မသိလို့ နားမလည်ဖြစ်သွားတာပါ။ ငါ နင့်ကို ယုံပါတယ်။ ငါတို့ သူတို့ကို ရှာပြီး လိုက်ဖမ်းဖို့ လုပ်လိုက်မယ်။ အရင်ဆုံး နားဖို့ တစ်နေရာ ရှာပြီး ငါတို့ ဟိုတယ်ထဲက ကိစ္စတွေ ရှင်းဖို့ စောင့်ပေးပါ။ ပြီးရင် ဒီအကြောင်း ထပ်ပြောကြတာပေါ့။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ချန်းဝေ၏အခန်းနံပါတ်အား ချန်းရွှဲ့မေကို ပြောပြလိုက်ပြီးနောက် သူ ချက်ချင်း ထွက်လာခဲ့သည်။
“အာ… ငါ့မှာ အခန်းကတ်မှ မရှိတာပဲ။”
တံခါးနား ရောက်တော့မှ သူ့ထံတွင် အခန်းကတ်မပါလာမှန်း ထန်ရှု သိလိုက်ရသည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူသည် တံခါးအား ကန်ဖွင့်လိုက်သည်။ ချန်းဝေသည် အတွင်းတွင် မေ့မျောနေဆဲ ဖြစ်သည်။ သူသည် လက်ပြန်ရိုက်ချက်ဖြင့် တံခါးအား ပြန်ပိတ်လိုက်ပြီး ဆိုဖာဆီ လျှောက်ကာ ထိုင်လိုက်သည်။
၂နာရီကြာပြီးနောက် ထန်ရှု ဆိုဖာပေါ်တွင် ထိုင်ရင်း အိပ်ပျော်နေစဉ်တွင် တံခါးခေါင်းလောင်း မြည်လာခဲ့သည်။ အခန်းတံခါးသည် ထန်ရှု၏ကန်ချက် မိထားသောကြောင့် ချန်းရွှဲ့မေသည် အံ့သြသော အမူအရာဖြင့် ဖွင့်ကာ အတွင်းသို့ လျှောက်လာသည်။
“နင်တို့တွေက…”
ထန်ရှု မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။
“သူမက ကျွန်တော့်ဆရာမရဲ့သူငယ်ချင်း။ ကြယ်တာရာကို ဒီနေ့မှ ရောက်တာ။ မြို့ကို လျှောက်လိုက်ပြရင်း အဖော်လုပ်ပေးဖို့ ဆရာမက အကူအညီတောင်းထားလို့။ ခင်ဗျားလည်း သူ့ကို တြိငှက်မွှေးဘားမှာ ညက တွေ့ဖူးတယ်လေ။ အစက ကျွန်တော်က အိမ်ပြန်တော့မလို့။ ဒါပေမယ့် ပြန်တော့မယ်ဆဲဆဲမှာ မူးယစ်ဆေးရောင်းတဲ့သူတွေက ချိုးဖြတ်ထွက်ပြေးမယ်ထင်မထားမိဘူး။ ဒါကြောင့် ဒီပြန်ရောက်လာတာ။”
“သူမက ဘာဖြစ်နေတာလဲ။” ချန်းရွှဲ့မေ ချက်ချင်း မေးလိုက်သည်။
“ကျွန်တော့်ကို အပြင်မထွက်ခိုင်းလို့ မေ့အောင်လုပ်ထားတာ။ ဒါနဲ့ သူမအကြောင်းပြောတာ ရပ်ရအောင်။ ကျွန်တော်တို့ကြားက ကိစ္စပဲ ပြောဖို့လိုတာလေ။”
သူတို့ကြားက…?
ချန်းရွှဲ့မေ ထန်ရှု သုံးလိုက်သောလေသံနှင့် စကားကြောင့် ပဟေဠိဖြစ်သွားသည်။ သို့သော်လည်း သူမသည် စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ခေါင်းကို ယမ်းလိုက်ပြီး အပြုံးဖြင့်
“ငါ ဒီကိုလာတာ နင့်ကို ကျေးဇူးတင်စကား ပြောဖို့ပါ။ ဒီနေ့ည နင်သာ မရှိရင် ငါတို့ အဲ့ဒီမူးယစ်ဆေးရောင်းတဲ့သူတွေကို ဖမ်းမိမှာ မဟုတ်သလို အသေအပျောက်လည်း များလိမ့်မယ်။ နောက်ပြီး နင်ခုခံခဲ့တဲ့ အမျိုးသမီးက သေသွားပြီ။”
ထန်ရှုက
“ကျွန်တော် ခင်ဗျားနဲ့ သဘောတူညီချက်တစ်ခု လုပ်ချင်တယ်။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က အထက်တန်းကျောင်းသား ပြီးခါစ၊ ရှန်ဟိုင်းမှာ တက္ကသိုလ်သွားတက်မယ့် ကျောင်းသား။ အဲ့ဒါကြောင့် ကျွန်တော် ဒီအမှုထဲမှာ ပါဝင်နေတာကို မဖော်ပြစေချင်ဘူး။”
“ဘယ်လိုလုပ်နိုင်မှာလဲ။ ဗျူရိုဒါရိုက်တာ သန်ကျန်းမင်က နင်လုပ်ခဲ့တာတွေ သိပြီးသွားပြီ။ ဒီအရေးကြီးအစီရင်ခံမှုအတွက် နင့်ကို စံပြနိုင်ငံသားဆုကို ပေးဖို့ သူ ဆုံးဖြတ်လိုက်တယ်။ သူက လူထုကို နင် လုပ်ခဲ့တာတွေကို အတုယူစေပြီး ရဲတပ်ဖွဲ့ကို ကူညီပေးတဲ့၊ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေဖြစ်ဖို့ အားပေးချင်တာ။”
ထန်ရှု လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏စကားအား ကြားဖြတ်ကာ လေးနက်သောအသံဖြင့်
“ကျွန်တော့်ကို မထည့်ပါနဲ့။ ကျွန်တော် မကျော်ကြားချင်ဘူး။ ကျော်ကြားမှုက ကျွန်တော့်ကို ပြသနာတွေ အများကြီး သယ်လာလိမ့်မယ်။ ခင်ဗျားတို့ စံပြလူတစ်ယောက် ဖန်တီးချင်ရင် တစ်ယောက်ယောက်ကို ရွေးလိုက်ပါ။ ကျွန်တော် အဲ့ဒါကို ဂရုမစိုက်ဘူး။”
“ငါတို့ အဲ့လို လိမ်ရုံမှတစ်ပါး အခြားမရှိတော့ဘူးလား။” ချန်းရွှဲ့မေ ဖျစ်ညှစ်ပြုံးကာ ပြောလိုက်သည်။
“လူထုကို ကျွန်တော့်အကြောင်း ပြောချင်ရင်လည်း ရတယ်လေ.. ပြသနာမရှိဘူး။ ဒါပေမယ့် မီဒီယာက ကျွန်တော့်ကို အင်တာဗျူးခဲ့ရင် ရဲတွေ လုပ်တာ ဘာမှ မရှိဘူး။ အဲ့ဒီမူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းဖို့ ကျွန်တော့်အကူအညီကို ခြိမ်းခြောက်ပြီး သုံးတာကလွဲလို့ အသုံးမကျဘူးလို့ ပြောလိုက်မှာပဲ။ အဲ့အခါကျရင် ခင်ဗျားတို့ရဲတပ်ဖွဲ့ကို ကျွန်တော် အရှက်ခွဲသလို ဖြစ်နေလိမ့်မယ်။ ကျွန်တော် အဲ့ဒါကို ဘယ်လိုပြောရမလဲ။” ထန်ရှု အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။
“နင်…”
တုန်လှုပ်သောအမူအရာဖြင့် ချန်းရွှဲ့မေက ထန်ရှုအား ကြည့်လိုက်မိပြီး ငိုရမလို ရယ်ရမလို ဖြစ်သွားရတော့သည်။ ထိုကဲ့သို့လူမျိုးအား တစ်ခါမှ သူမ မမြင်ဖူးပါချေ။ ကောင်းမွန်သော လုပ်ရပ်တစ်ခုအတွက် ဂုဏ်သတင်းနှင့် ကျော်ကြားမှုအား သူ ရရှိနိုင်သော်လည်း မမျှော်လင့်စွာပင် သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် ရလာသော ဆုလာဘ်အား ငြင်းဆန်နေခဲ့သည့်အပြင် သူမအား ခြိမ်းခြောက်နေပြန်သေးသည်။
“ထားလိုက်ပါတော့ဟယ်။ ဒီအမှုမှာ နင်ပါဝင်တယ်ဆိုတာ ငါ အစီရင်ခံတဲ့အထဲ မထည့်တော့ပါဘူး။ ဒါပေမယ့် နင် ဘာကြောင့် ဒီလိုမျိုး ကောင်းမွန်တဲ့အရာတစ်ခုကို ငြင်းဆန်တယ်ဆိုတာ ငါ တကယ် မသိဘူး။ အခြားသူတွေဆိုရင် သေချာတယ် သူတို့တွေ မစဉ်းစားဘဲ ယူလိုက်ကြမှာ။”
“ခင်ဗျား ဒီဟာကို ကောင်းတဲ့အရာလို့ တကယ်ထင်တာလား။” ထန်ရှု မျက်နှာသေဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူးလား။” ချန်းရွှဲ့မေ ပြန်မေးလိုက်သည်။
“မူးယစ်ဆေးရောင်းတဲ့သူတစ်ယောက် ထွက်ပြေးသွားတာကို မမေ့နဲ့ဦး။ ကျွန်တော်မှန်းတာ မှန်မယ်ဆိုရင် အဲ့ဒီလူက အရေးကြီးဆုံးလူပဲ ဖြစ်ရမယ်။ ဟိုအမျိုးသမီး အထပ်၃၀ကနေ ၄ဝအထိ စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးပစ်ပြီး လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ပြခဲ့တာက ဟိုဆံဖြူလူရွယ် ထွက်ပြေးလို့ရအောင် ရဲတပ်ဖွဲ့ကို ဆွဲဆောင်ဖို့ သူမရဲ့အသက်ကို အသုံးချခဲ့တာပဲ။”
ထန်ရှု ရှင်းပြလိုက်သည်။
ချန်းရွှဲ့မေ တစ်ခဏမျှ ကြက်သေ သေသွားပြီး ချက်ချင်း သဘောပေါက်သွားတော့သည်။ သူမ၏လှပသော မျက်နှာလေးထက်တွင် ခါးသီးသော အမူအရာ ပေါ်ပေါက်လာပြီး ခေါင်းညိတ်ပြလိုက်ကာ
“နင်ပြောတာ မှန်တယ်။ မူးယစ်ဆေးရောင်းသူတွေရဲ့ဝန်ခံချက်အရ လွတ်မြောက်သွားသူက တေလာတဲ့။ ရွှေတြိဂံက မူးယစ်ရာဇာကြီး တစ်ယောက်ရဲ့သားပဲ။ သူ့ကို သရဖူမင်းသားလို့လည်း ခေါ်ကြတယ်။”
“အဲ့ဒါကြောင့် ကျွန်တော်သာ လူထောင်ပေါင်းများစွာရဲ့အာရုံစိုက်မှုကို လက်ခံလိုက်ရင် အဲ့ဒီလူရဲ့အမုန်းတရားနဲ့လက်စားချေမှုတွေ ကျွန်တော့်ဆီ မရောက်လောက်ဘူးလို့ ခင်ဗျားတွေးထားတာလား။ သူသာ လက်စားချေချင်ရင် အရင်ဦးဆုံး ရောက်လာမှာ ကျွန်တော့်ဆီကိုပဲ မဟုတ်လား။” ထန်ရှု ပြောလိုက်သည်။
ထိုခဏတွင် ချန်းရွှဲ့မေတစ်ယောက် အရာရာကို နားလည်သွားတော့သည်။ ခက်ခက်ခဲခဲဖြစ်နေသော အမူအရာအား သူမထံတွင် မြင်တွေ့ရနိုင်ပြီး သူမ ခေါင်းညိတ်ကာ
“နင် စိုးရိမ်တာ ငါ နားလည်ပါပြီ။ ဒီဟာကို ငါတို့ဘက်က တွေးတာ လိုသွားတယ်။ ဒီအမှုကို ငါတို့ မီဒီယာကို ပြောရင် သေချာလုပ်မှာမို့ စိတ်ချနေလိုက်ပါ။ နင် ပါနေတာကို နည်းနည်းလေးမှ မပြောပြပါဘူး။”
“ကျွန်တော့်ကို မျက်နှာသာ ပေးလို့ရမလား။ အခု အိမ်ပြန်တော့မှာမို့ ဒီအခန်းနားတစ်ဝိုက်မှာ စောင့်ကြည့်ဖို့ ရဲအချို့လွှတ်ပေးထားပါဦး။ မနက်ဖြန်မနက် ကျွန်တော် ပြန်လာခဲ့ပါမယ်။”
“ကောင်းပြီ။” ချန်းရွှဲ့မေ ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှု ဆီဇာတော်ဝင်ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။ သူ့အား အိမ်လိုက်ပို့ပေးရန် တစ်စုံတစ်ယောက်လွှတ်ပေးဖို့ ချန်းရွှဲ့မေအား မပြောခဲ့မိသောကြောင့် ထန်ရှု နောင်တရသွားသည်။ လမ်းဘေးတွင် အငှားကားတစ်စီးရရန် အချိန်အကြာကြီး စိတ်အနှောင့်အယှက်ဖြစ်စွာ စောင့်လိုက်ရတော့သည်။
တောင်တံခါးအိမ်ရာသို့ ပြန်ရောက်လာသော ထန်ရှုသည် မုချင်းဖျင်တစ်ယောက် ယခုအချိန်အထိ အနားမယူသေးသည်ကို တွေ့လိုက်ရသည်။
သူမသည် ဧည့်ခန်းထဲတွင် ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်။ ယခုတလော မုချင်းဖျင်သည် အရင်နှင့်မတူဘဲ များစွာ ပြောင်းလဲနေသည်ကို ထန်ရှု သိထားသည်။ သူမ၏အပြုအမူ၊ စကားပြောဟန် သို့မဟုတ် အမူအကျင့်မှအစ ယခင်နှင့် အတော် ကွဲပြားခြားနားသွားသည်။
“အစ်မကြီးမု… ခုထိ အနားမယူသေးဘူးလား။” ထန်ရှု ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။
မုချင်းဖျင် မော့ကြည့်လိုက်ရာ ထန်ရှုကို မြင်သည်နှင့် ချက်ချင်း ထလာပြီး အပြုံးဖြင့်
“နည်းပြတွေက အစ်မကို စာအုပ်အချို့ပေးထားတာမို့ အဲ့ဒါတွေကို ဖတ်ဖို့ အစ်မ အချိန်ပေးရတယ်လေ။ စကားမစပ် မောင်ငယ်လေး ညစာ စားပြီးပြီလား။ ညလယ်စာအတွက် တစ်ခုခု အစ်မကြီး လုပ်ပေးရမလား။”
“မလုပ်နဲ့တော့ အစ်မကြီးမု.. ကျေးဇူးတင်ပါတယ်။ ကျွန်တော် ညစာစားခဲ့ပြီးပါပြီ။ ဒါနဲ့ အဲ့ဒီနည်းပြတွေရဲ့သင်တန်းစာအုပ်တွေက ဘယ်လိုလဲ။ ကောင်းရဲ့လား။” ထန်ရှု ပြန်ပြောလိုက်သည်။
“ကောင်းတယ်။ သူတို့ကျော်ကြားတဲ့နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူတို့သင်ကြားသမျှ အားလုံးက အရမ်းကောင်းတယ်။ ထန်ရှု… အစ်မကြီး နင်နဲ့ တစ်ခု တိုင်ပင်လို့ရမလား။” မုချင်းဖျင် အပြုံးဖြင့် မေးလိုက်သည်။
“ဘာများလဲ။” ထန်ရှု မေးလိုက်သည်။
“နည်းပြတစ်ချို့က အချို့အကြောင်းအရာတွေကို လေ့လာဖို့ အစ်မကို တစ်ပတ်လောက် ပြင်ပကို ခေါ်သွားချင်နေတယ်။ ကိုယ်ပိုင်လေယာဉ်ကို စီမံမှုနဲ့ ထိန်းသိမ်းပုံ၊ ရွက်လှေအတွက် ဝန်ထမ်းစီမံခန့်ခွဲမှု၊ နေရာအထားအသို… စတဲ့အကြောင်းအရာတွေလေ။”
ထန်ရှု သူမ၏စကားအား ဖြတ်ကာ
“သွားလိုက်ပါ။ ကျွန်တော် ရင်ရင်ကို ဂရုစိုက်လိုက်ပါမယ်။ နောက်ရက်တွေဆိုရင် ကျွန်တော် ယာဉ်မောင်းလိုင်စင် ရတော့မယ်။ အဲ့ဒါဆို အမေ့ကို သွားကြိုနိုင်ပြီး အမေလည်း အဆင်ပြေသလို ရင်ရင်ကို ဂရုစိုက်ပေးလို့ရတာပေါ့။”
“ကျေးဇူးတင်ပါတယ်။” မုချင်းဖျင် ကျေးဇူးစကားဆိုလိုက်သည်။
ထန်ရှုသည် လက်ကို ဝှေ့ယမ်းလိုက်ရင်း
“ကျွန်တော်က သူ့ဆရာဆိုတော့ ဒါ ကျွန်တော်လုပ်ပေးရမယ့်အရာပါ။ နောက်ပြီး ကျေးဇူးတင်စကား အမြဲ မပြောပါနဲ့။ ကျွန်တော်တို့က မိသားစုတစ်ခုတည်းပါ.. ဒါတွေ မလိုအပ်ပါဘူး အစ်မကြီး။”
ရုတ်တရက် ထန်ရှု၏အမူအရာ ပြောင်းသွားပြီး သူ၏မျက်နှာထက်တွင် စိတ်ပျက်ဟန်အထင်းသား ပေါ်လာခဲ့သည်။
“ဘာဖြစ်လို့လဲ။” မုချင်းဖျင်သည် ထန်ရှု၏မျက်နှာအပြောင်းအလဲအား သတိပြုမိပြီး မေးလိုက်သည်။
“ဒီနေ့ ကျွန်တော် ကားမောင်းသင်တန်းကျောင်းသွားရမယ့်နေ့ကို မေ့နေတာ။” ထန်ရှု မချိပြုံး ပြုံးကာ ဖြေလိုက်သည်။
“ဟားဟားဟား.. ဖြစ်တတ်ပါတယ်။ အဲ့ဒီကိုသွားပြီး ကျောင်းနည်းပြနဲ့ တွေ့လိုက်ပါ။ အဆင်ပြေသွားမှာပါ။” မုချင်းဖျင် ရယ်မောကာ ပြောလိုက်သည်။
ထန်ရှု စိတ်မပါစွာဖြင့် “အဲ့ဒါ တောင်တံခါးအိမ်ရာက အိမ်ရာမန်နေဂျာကြောင့်ပါ။ သူမက ကျွန်တော့်ကို သင်တန်းကျောင်းရှာပေးပြီး ကျောင်းအုပ်နဲ့တွေ့ဖို့ ကူညီပေးခဲ့တာ။ အဲ့ဒါကြောင့် ကျွန်တော် ကျောင်းအုပ်ကို သွားတွေ့မှဖြစ်မယ်။ အာ… မေ့လိုက်ပါတော့။ မနက်ဖြန်မှပဲ သွားပါတော့မယ်။”
နောက်တစ်နေ့မနက်…
နေရောင်ခြည်သည် အရှေ့ဝင်ရိုးစွန်းမှ တောက်ပစွာ ဖြာကျနေသည်။
ထန်ရှု အိပ်ရာမှ ထကာ ရေအမြန်ချိုးလိုက်သည်။ အိမ်တွင် မနက်စာ စားပြီးနောက် သူသည် အပြင်သို့ ထွက်လာခဲ့ပြီး ချန်းဝေအတွက် မနက်စာ ဝယ်ကာ ဆီဇာတော်ဝင်ဟိုတယ်သို့ အမြန်သွားလိုက်သည်။
ဟိုတယ်တွင်…
ချန်းဝေသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။ အိပ်ရာထက်တွင် အိပ်ပျော်နေသော သူမ၏ပုံအား ကြည့်ပြီး မနေ့ညက ချန်းဝေ အိပ်ရာမှ နိုးသေးကြောင်း ထန်ရှု သိလိုက်သည်။ စားပွဲပေါ်တွင် မနက်စာအထုပ်အား သူ တင်လိုက်ပြီး ကွန်ပျူတာဖြင့် အင်တာနက်စသုံးလိုက်သည်။
ကျောင်းကွန်ပျူတာသင်ခန်းစာများအတွက် အင်တာနက်ဆိုင်သို့ အကြိမ်အနည်းငယ် သွားသည်မှလွဲပြီး ထန်ရှု ကွန်ပျူတာ သုံးသည်မှာ ရှားလှသည်။ မကြာမီ ကြယ်တာရာ၏ကျန်းအုပ်စုနှင့် ပတ်သက်သည့် သတင်းများအား အင်တာနက်တွင် သူ ရှာတွေ့ခဲ့သည်။ ထိုသတင်းများနှင့်အတူ ကျန်းမိသားစုအား ပြစ်တင်ဆဲဆိုနေသည်များ ပါဝင်ပေသည်။
“အာ…ဟုတ်ပြီ။ အင်တာနက်ကနေ အဖိုးတန်ရင်းမြစ်ရတနာတွေရဲ့ သတင်းတွေကိုလည်း ငါရှာနိုင်တယ်မဟုတ်လား။”
ထန်ရှု စိတ်လှုပ်ရှားကာ အဖိုးတန်ရင်းမြစ်ရတနာသတင်းကို ရှာဖွေရန် ချက်ချင်းပင် စုံစုံလင်လင် ရှိလှသော ပိုင်ဒူကို စသုံးလိုက်သည်။ သတင်းအချက်အလက်များနှင့် ပုံများအား ကြည့်ရှုရင်း ထန်ရှုသည် ကောင်းမွန်သည့် ရင်းမြစ်ရတနာအများအပြားအား ရှာတွေ့ခဲ့သည်။ ကံမကောင်းစွာပင် သူသည် ကွန်ပျူတာသုံးရာ၌ ကျွမ်းကျင်မှုမရှိသောကြောင့် ထိုအရာများ၏လိပ်စာနှင့် မည်သို့ချိတ်ဆက်ရမည်ကို သူ မသိပါချေ။
“အာ… ရင်းမြစ်ရတနာများကုန်သွယ်မှုကွန်ယက်ဆိုပါလား။”
မကြာမီ ထန်ရှုသည် လင့်တစ်ခုအား ကလစ်နှိပ်လိုက်ပြီး သူ၏မျက်ဝန်းများသည် အရောင်တောက်ပလာသည်။
“ဆောင်းဦးဒီရေဓာတ်ပေါင်းလား။ ကြယ်အပိုင်းအစလား။”
နာရီဝက်ကြာအောင် ရှာဖွေပြီးသည့်နောက် အဖိုးတန်ရင်းမြစ်ရတနာ၂ခုအား ထန်ရှု ရှာဖွေတွေ့ရှိသွားသည်။
အထူးသဖြင့် ကြယ်အပိုင်းအစဆိုလျှင် ထိုကဲ့သို့ အဖိုးတန်သောအရာအား ကမ္ဘာမြေပေါ်တွင် တွေ့ရလိမ့်မည်ဟု သူ တွေးပင် မတွေးရဲမိပါချေ။ တစ်ခုသိရမည်မှာ ထိုအရာသည် အင်မော်တယ်ကမ္ဘာတွင်ပင် အလွန်ရှားပါးသော ပစ္စည်းဖြစ်သည်။ သန့်စင်ရန် ပြုလုပ်သည့်ဆရာတိုင်း အိပ်မက်ထဲတွင်သာ မက်ယူရသော ရတနာတစ်ပါး ဖြစ်ပေသည်။
ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ကာ ထိုအင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြထားသော နံပါတ်အား ဆက်သွယ်လိုက်သည်။
“ဘယ်သူ ဆက်တာလဲ။” အိုမင်းသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော် ရင်းမြစ်ရတနာများကုန်သွယ်မှုကွန်ယက်မှာ တစ်ခု တွေ့လို့ပါ။ ခင်ဗျားမှာ အဲ့ဒီကြယ်အပိုင်းအစရှိပါသေးလားခင်ဗျာ။ ရှိသေးတယ်ဆိုရင် ကျွန်တော် အားလုံး ဝယ်ချင်လို့ပါ။”
“မင်း ဘယ်လောက်လိုချင်တာလဲ။”
ထန်ရှု ပြန်ဖြေလိုက်သည်။ “ကျွန်တော် စောစောက ပြောခဲ့သလိုပဲ အားလုံးဝယ်မှာပါခင်ဗျာ။”
“အရောင်းအဝယ်က ကြီးတော့ ထျန်းကျင်းမြို့ကို လာခဲ့ပါ။”
ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရကာ လေးနက်သောအသံဖြင့်
“ကျွန်တော် ဒီ၂ရက်မှာ အရေးတကြီးလုပ်စရာ ရှိနေလို့ အခုတော့ မလာနိုင်ဘူးခင်ဗျ။ နောက်၃ရက်ကျော်ရင် ကျွန်တော် လာနိုင်ပါပြီ။ ကျွန်တော့်အတွက် ဖယ်ထားပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ။”
“ကောင်းပါပြီ။ သေချာသာ လာခဲ့ပါလေ။”
ထန်ရှု ဖုန်းချပြီးသည်နှင့် အင်တာနက်စာမျက်နှာမှ အခြားဖုန်းအား ခေါ်ဆိုလိုက်သည်။ ဖုန်းနံပါတ်မတူသော်လည်း ခုနက ဖြေကြားသော လူအိုကြီးမှပင် ပြန်ဖြေလာသည်ကို ကြားရသဖြင့် ထန်ရှု မျက်မှောင်ကြုပ်သွားရသည်။
“ငါ မင်းကို ထျန်းကျင်းမြို့မှာ ၃ရက်အတွင်း စောင့်နေမယ်။”
ပြောပြီးသည်နှင့် ထိုသူသည် ချက်ချင်းဖုန်းချသွားလေရာ ထန်ရှု အတော်ပင် နားလည်ရခက်သွားတော့သည်။
ထိုသူသည် ဆောင်းဦးဒီရေဓာတ်ပေါင်းနှင့် ကြယ်အပိုင်းအစအား ရင်းမြစ်ရတနာများ ကုန်သွယ်မှုကွန်ယက်တွင် ရောင်းချရတွင် အဘယ်ကြောင့် မတူညီသော ဖုန်းနံပါတ်၂ခုအား ဖော်ပြထားပါသနည်း။
***