အမည်မဖော်လိုသူ
Vol. 1-8 Ch. 15
“ အဟွတ်..အဟွတ်..အဟွတ် ”
ချောင်းအနည်းငယ်သာဆိုးလိုက်ခြင်း ဖြစ်သော်လည်း ယုံချင်ရွှမ်းယာတစ်ယောက် တစ်ကိုယ်လုံးတွင် နာကျင်မှုများ ခံစားလိုက်ရသည်။ ထိုကြောင့် ယုံချင်ရွှမ်းယာသည် အိပ်နေရာမှ မျက်လုံးများကျယ်သွားလေတော့သည်။
‘ ငါဘယ်ရောက်နေတာလဲ ’
ယုံချင်ရွှမ်းယာသည် သတိထား၍ ထထိုင်လိုက်သည်။ သူမ၏မဟူရာမျက်ဝန်းများထဲတွင် အနီရောင် ဝင်းလက်သွားကာ မှောင်မည်းနေသည့်ဂူအတွင်းပိုင်းကို နေ့အလင်းရောင်အောက်မှာအလား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမကဲ့သို့ ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူများသည် အမှောင်ထဲတွင် မြင်နိုင်ကြပြီး အထူးအတတ်တစ်ခုအား သုံးစရာပင် မလိုချေ။
ပထမဦးစွာ သူမ မြင်တွေ့လိုက်ရသောအရာကား ဂူဝတွင် ပိတ်ဆို့နေသည့် ကြီးမားလုံးဝန်းသောကျောက်တုံးကြီးပင် ဖြစ်သည်။ ထိုကျောက်တုံးအား မြေကြီးအတွင်းမှ တူးထားခြင်း ဖြစ်ရပေမည်။ ထိုကျောက်တုံးသည် ဂူနှင့်တသားထဲ ရှိနေပြီး ကျောက်တုံးကြီးနည်းနည်းလွတ်နေရာ ဂူဝရှိအပေါက်ကြားလေးမှ အလင်းတန်းလေးတစ်ခု ဝင်ရောက်နေလေသည်။
အလင်းတန်းလေးသည် မှိန်ပျပျသာရှိရာ အပြင်ဘက်တွင် ညအချိန် ဖြစ်နေပေလိမ့်မည်။
ယုံချင်ရွှမ်းယာသည် ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်သည်။ ဂူအပြင်ဝန်းကျင် လီပေါင်းများစွာအတွင်း အဆိပ်သားရဲများစွာကို အာရုံခံမိလိုက်သည်။ သို့သော် လူသားဟူ၍ သူမတစ်ယောက်သာ ရှိလေသည်။
‘ ငါ အကယ်ခံလိုက်ရတာလား ’
သူမ၏ စိတ်ထဲတွင် ပုံရိပ်များစွာပေါ်လာလေသည်။
ဝတ်စုံနက်များစွာသည် သူမအား ဝိုင်းထားလေသည်။ တိုက်ပွဲအရေးနိမ့်ပြီးနောက် အဖမ်းခံလိုက်ရပါသော်လည်း ရန်သူများ အဆိပ်ပြင်ဆင်နေစဉ် လွတ်မြောက်ရန် အခွင့်အလမ်းတစ်ခုအား သူမ တွေ့လိုက်ရ၏။ ထို့နောက် ဆရာ့ထံမှယူလာသော သက်စောင့် အဆောင်ကိုသုံးကာ လီပေါင်း(၅၀၀) အကွာသို့ တိမ်းရှောင်ထွက်ပြေးလာခဲ့သည်။
ယုံချင်ရွှမ်းယာသည် မည်သည့်နေရာသို့ သွားရမည်မှန်း မသိဘဲ ကြုံရာနေရာတစ်ခုကို စွန့်စားရွေးချယ်ခဲ့သည်ဖြစ်၍ မိုးများသည်းထန်စွာရွာသွန်းနေသည့် နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ မိုးသည်းထဲတွင် မကြာသေးခင်ကမှ တွေ့ဖူးသည့် ဂိုဏ်းတူအစ်ကိုအား သူမ တွေ့လိုက်ရခြင်း ဖြစ်သည်။
‘ သူ ငါ့ကို ကယ်လိုက်တာလား ’
မလှမ်းမကမ်းတွင် အဆောင်နှစ်ထပ်နှင့် ကြွေပုလင်းအနည်းငယ်ကို ယံုချင်ရွှမ်းယာ တွေ့လိုက်ရပြီး အံ့အားသင့်သွားသည်။
ထို့နောက် ယုံချင်ရွှမ်းယာသည် ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်ရာ သာမန်အချိန်တွင် ဖြူဖျော့ဖျော့ရှိသည့် သူမ၏မျက်နှာလေး ရုတ်ခြည်း နီမြန်းသွားပြီး သူမ၏ နူးညံ့ပါးလျသော နှုတ်ခမ်းလေးအား ညင်သာစွာ ကိုက်လိုက်သည်။
နှမြောစရာကောင်းလေစွ။ သူမကဲ့သို့ အလှပဂေးလေး ရှက်သွေးဖြန်းနေပါသော်လည်း ထိုမြင်ကွင်းအား တန်ဖိုးထားခံစားမည့် လူတစ်ယောက်မှ ရှိမနေချေ။
လီချန်ရှို့သည် ထိုနေရာမှ ထွက်ခွာသွားသည်မှာ ကြာလေပြီ။
ယုံချင်ရွှမ်းယာ အလွန်အမင်း ရှက်သွေးဖြာသွားရသည့်အကြောင်းရင်းက ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာများအား ဆေးထည့်ကာ ပတ်တီးစည်းပေးထားသောကြောင့်ပင်။
ပတ်တီးများသည် တုနတ်ဝိဇ္ဇာဂိုဏ်းသားများကို ပေးထားသည့် သွေးတိတ်ချီစုစည်းပတ်တီးများ ဖြစ်သည်။ ထိုပတ်တီးများကို ဆေးပင်ဆေးမြစ်များဖြင့် စိမ်ထားသော လျှော်များဖြင့် ပြုလုပ်ထားသည်။
အမှန်ဆိုရလျှင် ပတ်တီးစည်းထားပုံက သေသေသပ်သပ်ရှိလှသည်။ သွေးတိတ်ချီစုစည်းပတ်တီးများ၏အတွင်းပိုင်းအား အဆိပ်ဒဏ်ရာများကို ကုသရာတွင် သုံးသည့် ဝိညာဉ်လိမ်းဆေးများနှင့်ပင် သုတ်လိမ်းထားသေးသည်။ ယခုအခါ သူမ၏ ဒဏ်ရာတော်တော်များများ သက်သာေနပြီး နာကျင်မှုများသာ ကျန်ရှိတော့သည်။
သို့သော်လည်း သူမ၏ပခုံးရှိဒဏ်ရာနှင့် လက်ဝဲဘက်နံရိုးအောက်ရှိ ဒဏ်ရာက တော်တော်နက်သည်။ ထို့ပြင် ပတ်တီးသည် သူမ၏ ရင်ဘတ်အားဖြတ်ကာ စည်းထားလေသည်။ ထို့ကြောင့် စည်းပေးသောလူသည် သူမ၏ အင်္ကျီအား ပုခုံးလျှောကာ ချွတ်လိုက်ရမည် ဖြစ်သည်။
ယုံချင်ရွှမ်းယာသည် ရုတ်တရက် လက်ယာလက်အားမြှောက်ကာ ကိုယ့်ပါးကိုယ် ရိုက်လိုက်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုချန်ရှို့က ငါ့အသက်ကို ကယ်ခဲ့တာပဲ။ ငါ့ဒဏ်ရာတွေကိုလည်း စိတ်ရှည်လက်ရှည် ဆေးထည့်ပေးသေးတယ်။ ငါ ဘာလို့ ဂိုဏ်းတူအစ်ကိုရဲ့ အကျင့်စရိုက်ကို သံသယ ဝင်နေရတာတုန်း ”
သူမ၏အကြည့်များထဲတွင် ဆိတ်ငြိမ်အေးချမ်းမှုများ ပြန်လည်ပေါ်ပေါက်လာသည်။ သူမသည် ခန္ဓာကိုယ်အတွင်းပိုင်းအားလည်း စစ်ဆေးလိုက်သည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း တည်ငြိမ်နေပေပြီ။ ခြုံငုံ၍ဆိုရလျှင် သူမ၏ခန္ဓာကိုယ်မှ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်ပေသည်။
သူမ၏ ကိုယ်ရောင်ကိုယ်ဝါအား တစ်ယောက်ယောက် ပြန်လည်ကုသပေးခဲ့ကြောင်း သိသာလေ၏။
ယုံချင်ရွှမ်းယာသည် ခေါင်းငဲ့ကာ အစောပိုင်းက လှဲရာ နေရာအား ကြည့်ရှုလိုက်သည်။ သူမ၏ခေါင်းအောက်တွင် ခေါင်းအုံးအဖြစ်ထားထားသော သေသေသပ်သပ်ထပ်ထားသည့် သိုးသားရေအထပ်လေးကို တွေ့လိုက်ရသည်။ ယင်းအပေါ်တွင် သွေးဖြင့်ရေးထားသော စာကြောင်းတချို့လည်း ရှိနေသည်။
သူမသည် ထိုစာများအား ဖတ်ရန် ကောက်ယူလိုက်ရာ ရိုးရှင်းသော မြေပုံတစ်ချပ်နှင့် အောက်ပါစာများကို တွေ့လိုက်ရလေသည်။
‘ အစ်ကိုတို့က တစ်ဂိုဏ်းတည်းသားတွေပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီတာ အပန်းမကြီးပါဘူး။ ဒီနေရာက လွမ့်ကျန့်တောအုပ်ကနေ လီပေါင်း(၁၀၀၀) အကွာမှာ ရှိတယ်။ အောက်မှာ မြေပုံလည်းထားပေးခဲ့တယ်။ ညီမ ဒီနေရာကနေ ဘယ်သွားရမလဲ လမ်းကြောင်းကြည့်နိုင်တာပေါ့ ’
‘ အသက်ရှင်ဖို့ပဲ အာရုံစိုက်။ ညီမရဲ့ဘေးမှာ ညစ်ညမ်းချီပယ်အဆောင်တွေ၊ ခြေရာဖျောက်အဆောင်တွေ၊ အဆိပ်ဖြေဆေးတွေ နဲ့ အားဆေးတွေကို တွေ့လိမ့်မယ် ’
‘ ဂိုဏ်းတူညီမလေး ... ညီမကို အစ်ကိုအကြံပေးစကား တစ်ခုလောက် ပြောချင်တယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ဆိုတာ မသိနိုင်ဘူး။ လူတွေကို လွယ်လွယ်မယုံနဲ့။ ရှေ့ဆက်ခရီးက အန္တရာယ်များလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်လိမ့်မယ်လို့ အစ်ကိုမျှော်လင့်ပါတယ် ’
‘ ပုံ - အမည်မဖော်လိုသူ ’
ယုံချင်ရွှမ်းယာ နောက်ဆုံးစာကြောင်းအားဖတ်ရင်း မျက်တောင်ခတ်လိုက်သည်။ ထိုစကားလုံးတွင် ပို၍လေးနက်သော အဓိပ္ပာယ်ဝှက်တစ်ခု ရှိလေသည်။
ရုတ်တရက် စာလုံးများသည် လင်းချည်မှောင်ချည်ဖြစ်လာကာ အသက်ရှူချိန်အနည်းငယ်အကြာတွင် ကွယ်ပျောက်သွားလေတော့သည်။ မြေပုံမှာမူ စာလုံးများကဲ့သို့ ပျောက်မသွားသဖြင့် တော်ပေသေးသည်။ မြေပုံရှိ ပုံများနှင့်အတိုင်းအတာများသည် အလွန်အသေးစိတ်ကျလေသည်။ သူသည် ယုံချင်ရွှမ်းယာ လက်ရှိရောက်နေသော နေရာကိုပင် အမှတ်အသား ပြထားသေးသည်။
မြေပုံတွင် ဖော်ပြထားသောလမ်းသည် လီချန်ရှို့သွားမည့် လမ်းနှင့် လုံးလုံးဆန့်ကျင်နေသည်။
‘ ဂိုဏ်းတူအစ်ကိုချန်ရှို့က အမြော်အမြင်ကြီးပြီး ကြင်နာတတ်တဲ့သူပဲ ’
ယုံချင်ရွှမ်းယာသည် သိမ်မွေ့စွာမျက်မှောင်ကြုတ်လိုက်ပြီး သိုးသာရေအားခေါက်၍ နံဘေး၌ချထားလိုက်သည်။ ထို့နောက် လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ အခုလိုကယ်တင်ပေးတာကို စကားလုံးတွေနဲ့ပဲ ကျေးဇူးတင်လို့ မလုံလောက်ပါဘူး။ တကယ်လို့ ရွှမ်းယာသာ အသက်ရှင်ခဲ့ရင် ဂိုဏ်းတူအစ်ကိုရဲ့ကျေးဇူးကို ရွှမ်းယာအစွမ်းကုန် ပြန်ဆပ်ပါ့မယ် ”
ထိုသို့ပြောပြီးနောက် သူမသည် သိုးသားရေအား လက်နှစ်ဘက်ဖြင့်ဆုပ်ကာ အရိုအသေပေးလိုက်၏။ ထို့နောက် မြေပုံအား သိမ်းထားလိုက်လေသည်။
သူမသည် ခေါင်းငုံ့ကြည့်လိုက်ရာ ညစ်ညမ်းချီပယ်အဆောင်နှင့် ခြေရာဖျောက်အဆောင်တို့အား သူမ၏ ပုခုံးတွင်ကပ်ထားကြောင်း တွေ့လိုက်ရသည်။ အဆောင်အစွမ်းများ မကုန်သေးသောကြောင့် လဲလှယ်ရန် မလိုအပ်သေးပေ။
ဆေးလုံးများနှင့် အဆောင်များအား ထုပ်ပိုးပြီးနောက် ယုံချင်ရွှမ်းယာသည် အသင့်အနေအထား ဖြစ်စေရန် ကိုယ်ရောင်ကိုယ်ဝါအား ပြင်ဆင်လိုက်သည်။
သူမ၏ဓားကြီးသည် ဂူထောင့်တွင် ရှိနေပြီး ဓားပတ်လည်ရှိ ဝိညာဉ်အလင်းသည်လည်း ပြန်ကောင်းစပြုနေပေပြီ။
သူမ၏ရင်ထဲဝယ် လူနှစ်ယောက်၏ပုံရိပ်များ တဖြည်းဖြည်း ပေါ်လာလေသည်။ လက်ဝဲဘက်ရှိလူသည် သူမ၏ ငယ်သူငယ်ချင်းဆိုသော ယွမ်ချင်း ဖြစ်သည်။ သူသည် သူမနှင့် တချိန်တည်းမှာပင် ဂိုဏ်းသို့ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူမ အကူအညီလိုသောအခါမျိုးတွင်လည်း အမြဲလိုလို အနားမှာရှိနေတတ်သည်။
ဟိုးယခင်ကတည်းက သူမနှင့် အတူကြီးပြင်းကာ ဂိုဏ်းအား အတူဝင်ရောက်ခဲ့သော သူသည် ထင်ရသလို မရိုးသားကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် တမင်တကာ ခပ်တန်းတန်းဆက်ဆံနေခဲ့သည်။
သို့သော်လည်း နေ့စဉ်ဘဝတွင် ကြင်နာနွေးထွေးဟန်ဆောင်ထားသော မျက်နှာဖုံးအောက်တွင် ကောက်ကျစ်စဉ်းလဲသော လူတစ်ယောက်အား တွေ့လိုက်ရမည်ကို သူမ မမျှော်လင့်ခဲ့ပေ။
‘ ဒီရက်ပိုင်းအတွင်း ဘာတွေဖြစ်ကုန်တာလဲ။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ဆိုတာ မသိနိုင်ဘူး။ ဂိုဏ်းတူအစ်ကိုချန်ရှို့ပြောတာ သိပ်မှန်တာပဲ ’
ထိုသို့တွေးမိပြီး ယုချင်ရွှမ်းယာတစ်ယောက် မရယ်ချင့်ရယ်ချင် ရယ်မောလိုက်သည်။ ရုတ်ခြည်း လောကကြီးသည် အေးစက်သော နေရာတစ်ခုပမာ ထင်လာရသည်။ သူမသည် ဒေါသထွက်ကာ လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမရင်ထဲတွင် ပေါ်လာသော လက်ယာဘက်ရှိလူကား အစပိုင်းတွင် ရိုးတိုးရိပ်တိပ်သာရှိသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ထင်ရှားပြတ်သားလာတော့သည်။ ထိုပုံရိပ်သည် သူမ အာရုံတွင် စွဲထင်နေသော လူတစ်ယောက်၏ဘေးတိုက်ပုံစံနှင့် နောက်ကျောပြင်သာ ဖြစ်သည်။
ဤကြိုတင်ပြင်ဆင်တွေ့ဆုံပွဲမတိုင်မီ ရွှမ်းယာသည် ဂိုဏ်းတူအစ်ကိုချန်ရှို့နှင့် တစ်ခါမျှ မတွေ့ဆုံဖူးပေ။ ဝိညာဉ်အခြေတည် နဝမအဆင့်သာ ရှိသေးသူတစ်ယောက်က မြောက်ကျွန်းသို့ ဆေးပင်ရှာရန်သွားမည်ဟု ကြားသိလိုက်ရချိန်တွင် ရွှမ်းယာ အံ့ဩသွားခဲ့ရသည်။
ယုံချင်ရွှမ်းယာ၏ အာရုံထဲတွင် အစွဲထင်ဆုံးသောအရာမှာ ဂိုဏ်းတူအစ်ကိုတွင် အမျိုးသမီးနှင့်ထိတွေ့လျှင် အကြောဆွဲတတ်သော ရောဂါတစ်မျိုးရှိနေခြင်းပင်။
‘ နေပါဦး ... ဂိုဏ်းတူအစ်ကိုချန်ရှို့မှာ အဲဒီလိုရောဂါမျိုး ရှိနေတာပဲ။ ဒါတောင် အကြောဆွဲလို့နာတာတွေ၊ အမြှုပ်ထွက်တာတွေကို တောင့်ခံပြီး ငါ့ဒဏ်ရာဆယ်ခုကျော်လောက်ကို ဆေးလိမ်းပတ်တီးစည်းပေးခဲ့ရတာပေါ့ ’
‘ ဒါက တကယ်ကို ကိုယ်ကျိုးစွန့်ပြီး ရိုးသားဖြောင့်မတ်တာပဲ ’
ယုချင်ရွှမ်းယာ၏ စိတ်ထဲတွင် စိတ်ကူးပုံရိပ်များ ပေါ်လာလေတော့သည်။
ကျဉ်းမြောင်းသောဂူလေးအတွင်းရှိ အမှောင်ထုကြီးထဲတွင် ဂိုဏ်းတူအစ်ကိုတစ်ယောက် တွန့်လိမ်မောဟိုက်နေလေသည်။ သူ၏ နံရိုးများသည် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ့မျက်နှာသည် နာကျင်မှုကြီးစွာခံစားရသဖြင့် ရှုံ့မဲ့နေသည်။ သို့သော် သူ၏မျက်လုံးများထဲတွင်မူ ခိုင်မာပြတ်သားသောအရိပ်အယောင်များရှိနေသည်။ သူသည် သူ၏ ဂိုဏ်းတူညီမလေးအား ကူညီရန် လက်လှမ်းနေ...
‘ ဖြန်း... ’
ယုံချင်ရွှမ်းယာ ကိုယ့်ပါးကိုယ် နောက်တစ်ကြိမ်ချလိုက်သည်။
‘ ဂိုဏ်းတူအစ်ကိုက ငါ့ကိုကုပေးဖို့ နာကျင်မှုဝေဒနာတွေကို တောင့်ခံခဲ့ရတာလေ။ ခုနက ဘာလို့ ဂိုဏ်းတူအစ်ကိုရဲ့ အကျင့်စရိုက်ကို သံသယဝင်မိရတာတုန်း။ ယုံချင်ရွှမ်းယာ .. နင် ဘယ်တုန်းက ဒီလောက်ရိုင်းစိုင်းသွားရတာလဲ ’
ယုံချင်ရွှမ်းယာသည် နှုတ်ခမ်းကိုက်ကာ သိုးသားရေမြေပုံအား လက်နှစ်ဘက်ဆုပ်၍ အရိုအသေပေးလိုက်ပြန်သည်။
“ အနာဂတ်မှာ ဂိုဏ်းတူအစ်ကိုကို ကျေးဇူးပြန်ဆပ်ဖို့သာ အခွင့်အရေးရခဲ့ရင် ရွှမ်းယာ တွေဝေတွန့်ဆုတ်မနေစေရပါဘူး ”
ထိုသို့ ကတိပေးပြီးနောက် ယုံချင်ရွှမ်းယာ၏ အကြည့်များသည် ပို၍ခိုင်မာပြတ်သားသွားတော့သည်။ သူမသည် ပစ္စည်းများအား ထုပ်ပိုးလိုက်ပြီး ဓားလက်ကိုင်အား ကိုင်ရန် လက်မြှောက်လိုက်သည်။
ယုံချင်ရွှမ်းယာက မုဆိုးဒူးထောက်ထိုင်လိုက်ရာ သူမ၏သွေးစွန်းနေသောအဝတ်လေးသည် ခန္ဓာကိုယ်ပတ်လည်တွင် ဝဲပျံသွားလေသည်။ သူမ၏ လက်ယာလက်ဖြင့် ဓားအားကိုင်လိုက်ပြီး သူမ၏ ရှေ့တွင် ထောင်ထားလိုက်သည်။
‘ ရှင်သန်ရမယ် ’
ယုံချင်ရွှမ်းယာသည် ယွမ်ချင်း၏မျက်နှာဖုံးကို ခွာ၍ ကြင်နာဖြောင့်မတ်သော ဂိုဏ်းတူအစ်ကိုချန်ရှို့အား ကျေးဇူးဆပ်ရပေဦးမည်။ သူမ၏ ဖခမည်းတော် အရှင်မင်းမြတ်အား ယုတ်မာသော သစ္စာဖောက်များကို သတိထားရန် သတင်းပို့ရဦးမည်။
ဓားလက်ကိုင်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ယုံချင်ရွှမ်းယာ၏ လက်ယာလက်သည် အနီရဲရဲအလင်းများဖြင့် တောက်ပသွားသည်။
“ ဝိညာဥ်စုစည်း အနှစ်သာရကိုးပါး၊ စိတ်တစ်ထောင်အားဖြည့် ကြာပန်း ... ”
သူမက ခပ်တိုးတိုးရွတ်လိုက်သည်။ ထို့နောက် သူမ၏ ဓားကြီးသည် အနီရဲရဲအလင်းတန်းများ ထုတ်လွှတ်လိုက်လေ၏။ ဓားထိပ်တွင် ထင်ရှားသောအင်းကွက်တစ်ခု ပေါ်ပေါက်လာပြီး ဓားရှိ ပွန်းပဲ့ရာများလည်း တစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားလေသည်။
ယုံချင်ရွှမ်းယာ၏ ပတ်လည်တွင် အနီရဲရဲကြာပွင့်များပေါ်လာပြီး ဆံပင်ရှည်များ လွင့်ပျံနေလေသည်။ ကြာပွင့်များမှ အလင်းရောင်ကြောင့် သူမ၏ အသားအရည်သည် ဝင်းလက်တောက်ပလာပြီး မျက်ဝန်းများလည်း ရွှန်းလဲ့လာတော့သည်။
“ မြောက်ပိုင်းက နတ်ဝိဇ္ဇာ၊ တောင်ပိုင်းက လူသား။ မီးလျှံကို ဝါးမျိုတဲ့ကောင်းကင်၊ ဂုဏ်သတင်းထူးခြားတဲ့ အဏ္ဏဝါလေးသွယ်။ လင်မီးလျှံဓားအိမ် ... ပွင့်စေ ... ”
‘ ဂျောက် ’ ဟူသော အသံသုံးသံထွက်ပေါ်လာပြီး ငါးလီပတ်ချာလည်ရှိ ဓားများအားလုံးနှင့် ပဲ့တင်ပြန်နေလေသည်။
ဂူထိပ်တွင် ပိတ်ထားသည့် ကျောက်တုံးကြီး ပေါက်ကွဲသွားပြီး အနီရဲရဲပုံရိပ်တစ်ခု ဂူအတွင်းမှ ခုန်ပျံထွက်လာလေသည်။ သူမ၏ဘေးပတ်လည်တွင် ဓားပျံဆယ်ချောင်း ဝိုင်းပတ်နေလေသည်။
ပေတစ်ရာခန့်ပျံသန်းပြီးနောက် ယုံချင်ရွှမ်းယာသည် ခန္ဓာကိုယ်မှ အနီရဲရဲအလင်းရောင်များကို ရုတ်သိမ်းကာ တောနက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ သူမသည် အနောက်တောင်ဘက်သို့ ရှေးဦးစွာ သွားလိုက်ပြီးနောက် အရှေ့မြောက်ဘက်သို့ ချိုးကာ အရှိန်မြှင့်လိုက်လေသည်။
‘ ငါ့အာရုံအရဆို အနောက်တောင်ဘက်ကိုသွားသင့်တာ။ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုချန်ရှို့ ပြခဲ့တဲ့လမ်းအတိုင်းသွားရင် ဝတ်စုံနက်တွေရန်က ရှောင်နိုင်လောက်မှာပါ။ ငါ အသက်ရှင်ရမယ် ’
ထိုအချိန် ယုံချင်ရွှမ်းယာ ပုန်းအောင်းခဲ့သောဂူ၏ မြောက်ဘက် လီပေါင်း ( ၃၀၀ ) အကွာ၌ လီချန်ရှို့တစ်ယောက် ညစ်ညမ်းချီရှိသည့် အက်ကွဲကြောင်းများကို သတိထားရှာဖွေ၍ ေတာင်နံရံတစ်ခုအပေါ်သို့ တက်နေသည်။
နေ့ဝက်မျှ ရှာဖွေပြီးနောက် လီချန်ရှို့သည် ခေါင်းခါ၍သာ လှည့်ပြန်ခဲ့ရလေသည်။ ရှေးဟောင်းကျမ်းစာများတွင် ဖော်ပြထားသော နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ ပေါက်ရောက်ရာ ထိုနေရာတွင် မည့်သည့်ဆေးပင်မှ ရှာမတွေ့ခဲ့သည့်သဘောပင်။
လီချန်ရှို့သည် တွေ့သည့် မြေပြန့်လွင်ပြင်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ဓားမြောင်တစ်ချောင်းအား ထုတ်၍ မြေပြင်ပေါ်တွင် သူ ရှာဖွေခဲ့ပြီးသော နေရာများ၏ မြေပုံကို ဆွဲလိုက်သည်။ ထို့နောက် သူက လေးလေးနက်နက် တွေးတောနေလေတော့သည်။
သူသည် မြောက်ဘက်သို့သွားကာ သုံးရက်ဆက်ရှာရပေဦးမည်။
သူသည် အစွမ်းကုန်ကြိုးစားရှာဖွေခဲ့သော်ငြား နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်ကို ရှာမတွေ့သေးပေ။ ထို့ကြောင့် သူ ဒေါသထွက်နေရခြင်းသည် သဘာဝကျပေသည်။ သူသည် မြောက်ကျွန်းသို့ သွားရောက်ကာ ဆေးပင်ရှာဖွေရေး ခရီးစဉ်အတွက် အချိန်များစွာပေးကာ ကြိုတင်ပြင်ဆင်ခဲ့ရသည် မဟုတ်ပါလော။
“ ဆက်ကြိုးစားရမယ် ”
သူသည် ကိုယ့်ဒူးကိုယ်ရိုက်ကာ မတ်တတ်ရပ်လိုက်ပြီး မြောက်အရပ်သို့ ဦးတည်သွားလိုက်သည်။ ညအမှောင်ထုတွင် သူ၏ပုံရိပ်များသာ ကျန်ခဲ့လေတော့သည်။
ထိုနေရာတစ်ဝိုက်ရှိ ညစ်ညမ်းချီများသည် ယမန်နေ့က မိုးကြီးကြောင့် အတန်ငယ် လွင့်ပါးကာ အပေါက်ကလေးများရှိနေခြင်း ဖြစ်တန်ရာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအပေါက်များကြားမှ လရောင်ကလေးများ ကျကာ လီချန်ရှို့ ရှေ့ရှိလမ်းအားအလင်းပေးနေတော့သည်။
လီချန်ရှို့၏ သားနားကြော့မော့စွာ နေတတ်သော စရိုက်သည် နိုးထလာ၏။ သူသည် လရောင်လှုံ၍ လမင်းကြီးအား ကြည့်ရှုခံစားနိုင်မည့် ပုန်းအောင်းရန် နေရာကောင်း တစ်ခုအား ရှာဖွေလိုက်လေသည်။
‘ အား … ကြည့်ပါဦး အစ်ကိုကြီးရယ် လမင်းကြီးက သိပ်ကြီးတာပဲနော် ’
‘ ဟယ် … ဖြူဆွတ်နေတာပဲ ’
‘ အာ … လခြမ်းကွေးကလေးကလည်း ဝိုင်းပြီး ကြီးနေတာပဲ ... ’
အဆိပ်မြူများရောက်ရှိလာသဖြင့် ရှားရှားပါးပါး လရောင်လေး ပျောက်ကွယ်သွားတော့သည်။
‘ အစ်ကိုကြီး ... ပျင်းနေပြီလားဟင် … ’
လီချန်ရှို့သည် မျက်ခုံးပင့်၍ ရယ်မောကာ ခေါင်းခါလိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည်။ သူသည် ညအမှောင်ထုနှင့် တသားထဲ ဖြစ်နေပေသည်။
တာအိုလက်တွဲဖော်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ... ထိုအရာများရှိခြင်းသည် ဆရာတူညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရသည်ထက် ပို၍ကြောက်စရာကောင်းပေလိမ့်မည်။ မတည်ငြိမ်သောကံကြမ္မာ၏ နျူကလီးယားထိပ်ဖူးပင် ဖြစ်ချေမည်။
သူသည် ထိုအရာအား မရနိုင်သလို စိတ်ပင်မကူးဝံ့ချေ။
ယင်းအပြင် ရှုပ်ထွေးသော နောက်ကြောင်းရှိေသာ မျိုးဆက်တူ စွဲမက်ဖွယ် လှပသည့် ယုံချင်ရွှမ်းယာနှင့် နှိုင်းယှဉ်သော် တန်ခိုးကြီးသော နတ်ဝိဇ္ဇာ ဆရာဒေါ်လေးကျိုးကျိုးနှင့်အတူ ရှိရခြင်းသည် သူ့အတွက် ပို၍ ဘေးကင်းလုံခြုံပေလိမ့်မည်ဟူ၍ လီချန်ရှို့ တွေးတောသုံးသပ်မိလိုက်သည်။
***