ထိပ်သီးအရည်အချင်းတစ်ခု
Vol. 05 Ch. 213
ထန်ရှု ထိုစည်းမျဉ်းအား ကိုယ်တိုင်သဘောပေါက်သောကြောင့် ခေါင်းညိတ်ပြလိုက်ကာ
“မစိုးရိမ်ပါနဲ့ နည်းပြလီ။ ကျွန်တော့်ရဲ့စိတ်ခံစားမှုကို ကျွန်တော် ထိန်းချုပ်နိုင်ပါတယ်။ ဒါပမယ့် ကျွန်တော် နေ့လည်မှာ လုပ်စရာရှိနေလို့ မလာနိုင်တော့ဘူး။ လမ်းပေါ်မှာ ခဏ လေ့ကျင့်ထွက်မောင်းဖို့ ကျွန်တော့်ကို ခွင့်ပြုပေးရင်ရော ဘယ်လိုလဲ။”
“မင်းရဲ့စိတ်အခြေအနေကို ထိန်းချုပ်နိုင်ရင် ငါ မင်းကို လမ်းပေါ်မှာ ထွက်မောင်းခိုင်းမယ်။ မထိန်းချုပ်နိုင်ရင်တော့ ထွက်မမောင်းခိုင်းဘူး။” နည်းပြလီ ပြောလိုက်သည်။
“ပြသနာ မရှိဘူး။” ထန်ရှု ပြန်ဖြေလိုက်ပြီး ကားမောင်းလေ့ကျင်းမှုအား ဂိုဒေါင်တစ်ဝိုက် ဆက်လက်မောင်းနှင်လိုက်ပြီး ကားရပ်နားရာနေရာ အထုတ်အသွင်းအား လေ့ကျင့်ခြင်း၊ ဆင်ခြေလျှောနေရာနှင့် တည်ငြိမ်နေရာ ကားရပ်နားမှုလေ့ကျင့်ခြင်းတို့ကိုပင် ပြုလုပ်ခဲ့ရာ အရာရာသည် ချောမွေ့လျက်ရှိသည်။
နည်းပြလီသည် သည်မနက်တွင် လမ်းပေါ်ထွက်မောင်းမည့် စိတ်ကူးအား စွန့်လွှတ်ရန်ရည်ရွယ်ပြီး ထန်ရှု၏အမှားအား အစက ထောက်ပြချင်ခဲ့သည်။ သို့သော်လည်း မည်သည့်အမှားမျှ ရှာမတွေ့သောကြောင့် အံ့အားသင့်သွားခဲ့ရသည်။
“ထန်ရှု… ဒါ မင်းရဲ့ပထမဆုံးအကြိမ်ကားမောင်းတာရော တကယ်ဟုတ်ရဲ့လား။” နောက်ဆုံးတွင် သူ မနေနိုင်တော့သဖြင့် အံ့အားသင့်စွာ မေးယူရတော့သည်။
“ဒါ တကယ်ကို ကျွန်တော့်ရဲ့ပထမဆုံးအကြိမ်ပါ။ ကျွန်တော် တစ်နေရာကို သွားစရာရှိရင် ကားငှားသွားရတယ်။ ကားမောင်းရတာ အတော်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး။”
နည်းပြလီ ဖျစ်ညှစ်ပြုံးလိုက်ရရင်း
“ငါ တကယ်ကို ပြောစရာစကား မဲ့ပါတယ်ကွာ။ လမ်းဖြောင့်ဖြောင့်ပေါ်တက်မောင်းကြည့်ကြစို့။ ဒီအဝိုင်းပတ်မောင်းတာက အဲ့ဒီလမ်းပေါ်တက်မမောင်းခင် လေ့ကျင့်တာ။ တခြားကားတွေမှာလည်း တခြားနည်းပြတွေ သင်ပေးနေတော့ အန္တရာယ်တော့ မရှိပါဘူး။”
ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
နည်းပြလီ၏လမ်းညွှန်မှုနှင့်အတူ သူသည် ညင်သာစွာ ကားမောင်းလိုက်သည်။ စမ်းသပ်မောင်းနှင်မှု အနည်းငယ်ပြုလုပ်ပြီးနောက် နံပါတ်၁ဂီယာမှ နံပါတ်၂၊ နံပါတ်၃၊ နံပါတ်၄ ဂီယာသို့ ပြောင်းပြောင်းသွားရင်း နံပါတ်၅ဂီယာ ရောက်သည့်တိုင်အောင် အဆက်မပြတ် မောင်းနှင်သွားခဲ့သည်။
ဂီယာအတင်အချသည်လည်း ယခုဆိုလျှင် ချောမွေ့နေခဲ့ပြီဖြစ်တော့သည်။ နည်းပြလီ၏ ခက်ခဲသော လမ်းညွှန်မှုအောက်တွင်ပင်လျှင် သူသည် ညွှန်ကြားချက်အတိုင်း ဂီယာများအား ပြောင်းနိုင်ခဲ့ပြီဖြစ်သည်။
တစ်နာရီမက ကြာပြီးနောက် နည်းပြလီသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ထန်ရှုအား ကြည့်ကာ မချိပြုံး ပြုံးလိုက်ပြီး
“ငါ့ဘဝမှာ တပည့်တွေအများကြီး သင်ပေးဖူးပါတယ်။ အဲ့ဒီအထဲက တစ်ယောက်တောင်မှ ကျွမ်းကျင်အဆင့် ပြိုင်ကားမောင်းတဲ့သူ ဖြစ်နေပြီ။ ဒါပေမယ့် မင်းလို အံ့သြစရာကောင်းတဲ့သူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ မင်းက အမှားလုံးဝမရှိလုနီးပါးပဲ။ မင်းရဲ့ကားမောင်းတဲ့စွမ်းရည်ကို ကြည့်ရတာ ဝါရင့်ကားမောင်းသမားအတိုင်းပဲကွာ။ ကောင်းပြီ။ ဒီနေ့တော့ ဒီလောက်ပဲထားတာပေါ့။ ကျောင်းအုပ်ကြီး ငါ့ကို ခိုင်းတဲ့အလုပ်က ပြီးမြောက်သွားပြီလို့ဆိုရမှာပဲ။”
ထန်ရှု ကားကို ရပ်လိုက်ပြီး ခါးပတ်အား ဖြုတ်လိုက်ကာ အပြုံးဖြင့်
“နည်းပြလီ…ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
နည်းပြလီ ခေါင်းကိုယမ်းလိုက်ရင်း
“မင်းလိုသင်တန်းသားမျိုးနဲ့တွေ့ရတာ ငါ ပျော်ရတာနဲ့ကို လုံလောက်နေပါပြီ။ ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ။ မင်း လိုင်စင်ရသွားလို့ နောက်ပိုင်း ကားမောင်းတဲ့အခါ ဂရုစိုက်ပြီးမောင်းပါ။”
“စိတ်မပူပါနဲ့။ ကျွန်တော် ဂရုစိုက်ပါမယ်။” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။
လေ့ကျင့်နေရာမှ ပြန်လာပြီး ကျောင်းအုပ်၏ရုံးခန်းသို့ ထန်ရှုသွားခဲ့ရာ ကျောင်သဲချွမ် ရုံးခန်းထဲတွင် မရှိသည်ကို တွေ့ရသဖြင့် တန်းပြန်လာလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးသော် ကျောင်သဲချွမ် ရုံးခန်းသို့ ပြန်ရောက်လာရာ နည်းပြလီသည် သူ့အား ရုံးခန်းထဲတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး ချက်ချင်း မေးလိုက်သည်။
“မင်း ထန်ရှုကို လေ့ကျင့်ပေးရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီနေရာ ရောက်နေတာလဲ။”
“လေ့ကျင့်တာက ပြီးသွားပြီ။ အဲ့ဒါကြောင့် ကျွန်တော် သတင်းလာပို့တာ။” နည်းပြလီ ပြောလိုက်သည်။
“ဟမ်… လေ့ကျင့်တာ ပြီးသွားပြီဟုတ်လား။ မင်း ဘာကိုပြောတာလဲ။ အဲ့ဒီထန်ရှုက သင်ယူတာမှာ ညံ့ဖျင်းလို့လား။” ကျောင်သဲချွမ် စိတ်ရှုပ်ထွေးသွားသည်။
“သူက မညံ့ပါဘူး။ တစ်နည်းပြောရရင် အရမ်းကို ကောင်းတဲ့သူပါ။ သူ တစ်ခါမှ ကားမမောင်းဖူးတာကိုသာ ကျွန်တော်မသိထားရင် သူ့ကို ဝါရင့်ကားမောင်းသူလို့တောင် ထင်နေမိမှာ။ ဒီနေ့ သူလေ့ကျင့်တဲ့၂နာရီ-၃နာရီအတွင်း ကျွန်တော် သူ့ကို လေ့လာခဲ့တယ်။ သူ့ရဲ့သင်ယူလေ့လာနိုင်စွမ်းက အံ့မခန်းပဲ။ ကားမောင်းစွမ်းရည်က ထိပ်သီးစွမ်းရည်လို့တောင် ဆိုနိုင်တယ်။ အရေးကြီးဆုံးအချက်ကို ကျောင်းအုပ် သိချင်လား။” နည်းပြလီ မချိသွားဖြဲရယ်ကာ ပြောလိုက်သည်။
“ဘာများလဲ။” ကျောင်သဲချွမ် အံ့အားသင့်သွားရသည်။
“စသင်ချိန်ကနေ ပြန်သွားတဲ့အထိ ဘာအမှားမှ သူ မလုပ်ခဲ့ဘူး။ ကျောင်းအုပ် စိတ်ကူးကြည့်ပါဦး။ သင်တန်းသားအသစ်တစ်ယောက်က ပုံမှန်ဆိုရင် အမှားတွေကို အကြိမ်များစွာ လုပ်တတ်ကြတယ်။ သူက တစ်ခုမှတောင် အမှားမရှိဘူး။ သူက ရိုးရိုးရှင်းရှင်း ပြောရရင် မွန်းစတားတစ်ယောက်လို၊ ကားမောင်းနတ်ဘုရား ပြန်လည်ဝင်စားလာသလိုပဲ။” နည်းပြလီ ပြန်ဖြေလိုက်သည်။
ကျောင်သဲချွမ် တုန်လှုပ်သွားပြီး ပြောစရာစကားမဲ့သွားရသည်။ လူအများ ပြောကြသည်မှာ လူတိုင်းသည် မြင်းစီးသင်ရာတွင် အမှားများ လုပ်မိကြလိမ့်မည်။ ဆိုလိုသည်မှာ အသစ်တစ်ခု သင်ယူတိုင်း အမှားများသည် ရှောင်လွှဲမရနိုင်ခြင်းဟုပင်။ သို့သော်လည်း ၂နာရီလေ့ကျင့်မှုအတွင်း အမှားတစ်ခါမျှ မလုပ်ခဲ့သော တစ်စုံတစ်ယောက်အား သူ တစ်ခါမျှ မမြင်ဖူးပါချေ။ သည်ဟာသည် သူ့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်းသာ ဖြစ်တော့သည်။
“ထားလိုက်တော့။ သူက သင်ယူမှုမြန်တဲ့သူတစ်ယောက်ဆိုတော့လည်း ကောင်းတာပါပဲ။ အမှန်တော့ ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ ကားမောင်းလိုင်စင်ကို သူ ယူမယ်ဆိုတုန်းက သူကားမောင်းတဲ့အချိန် မတော်တဆ တစ်ခုခု ဖြစ်သွားမှာ ငါ စိုးရွံ့နေခဲ့မိတာ။ မင်းကောင်းကောင်း လုပ်ခဲ့တာပဲ ဒါကို ငါ မှတ်ထားလိုက်ပါမယ်။ အလုပ်သွားပြန်လုပ်ချေတော့။”
“ကောင်းပါပြီ။” နည်းပြလီ နာခံပြီး ကျောင်းအုပ်ရုံးခန်းမှ ထွက်သွားတော့သည်။
ကျောင်သဲချွမ်သည် သူ၏ဖုန်းအား ထုတ်ကာ လုံဟန်ဝမ်ဆီ ဆက်လိုက်သည်။ ဖုန်းအဆက်အသွယ်ရသည်နှင့် သူသည် ခပ်ဖွဖွရယ်မောလိုက်ရင်း
“သူဋ္ဌေးလုံ… ငါ မင်းကို နှောင့်ယှက်သလိုမဖြစ်ဘူးမဟုတ်လား။”
“ကျောင်းအုပ်ကျောင် မဟုတ်လား။ ဒါ ကိစ္စမရှိပါဘူး။ ငါ့ကို ဖုန်းဆက်တဲ့ အကြောင်းရင်းက…” လုံဟန်ဝမ်၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ကျောင်သဲချွမ်သည် ခပ်သဲ့သဲ့ရယ်မောလိုက်ရင်း
“အကြီးအကဲလုံ… ခင်ဗျား ကျွန်တော့်ကို လုပ်ခိုင်းထားတဲ့ ကိစ္စအကြောင်း ပြောမလို့။ ထန်ရှု ဒီမနက်ပဲ ကားမောင်းသင်တန်းကျောင်းကို လာသွားတယ်။ သူ့ကို သင်ကြားပေးဖို့ အကောင်းဆုံးနည်းပြဆရာကို စီစဉ်ပေးထားခဲ့တယ်။ နည်းပြက ပြောတယ်… ထန်ရှုက ကားမောင်းနတ်ဘုရား ပြန်လည်ဝင်စားလာသလိုပဲတဲ့။ ဒီမနက်ကမှ လေ့ကျင့်ပေမယ့် အမှားတစ်ခုမှ မလုပ်ခဲ့ဘူး။ အဲ့ဒါကြောင့် သူ့ရဲ့ကျွမ်းကျင်မှုအဆင့်က ငါတို့ကျောင်းမှာ နည်းပြလာလုပ်ရင်တောင် ပြသနာ မရှိဘူး။”
“နားလည်ပြီ။ ခင်ဗျားကို အနှောင့်အယှက်ပေးသလို ဖြစ်သွားရပြီ။” လုံဟန်ဝမ် ပြောလိုက်သည်။
“အားမနာပါနဲ့။ ဒါ ငါလုပ်ပေးရမယ့်အလုပ်ပါ။ အကြီးအကဲလုံ… ငါ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ပို့ဆောင်ရေးဋ္ဌာနက မိတ်ဆွေတွေနဲ့တောင် ညစာ စားပေးလိုက်ရတယ်။ အထွေအထူး မဖြစ်ရင် ၁၀ရက်ကနေ ၁၅ရက်အတွင်း ထန်ရှု ကားမောင်းလိုင်စင် သေချာပေါက် ရလိမ့်မယ်။”
လုံဟန်ဝမ် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျောင်းအုပ်ကျောင်… ခင်ဗျားလုပ်ပေးခဲ့တာတွေ ကျွန်တော် သတိပြုမိပါတယ်။ အဲ့ဒါကြောင့် ခင်ဗျားသားနဲ့ပတ်သက်တာကိုလည်း အကောင်းဆုံး လုပ်ပေးလိုက်မယ်။ ၁၀ရက်ကနေ လဝက်အတွင်း မတော်တဆတစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင် သူ့ကို ထောင်ကနေ လွတ်လာလိမ့်မယ်။ ဒါပေမယ့် သူ လွတ်လာတာနဲ့ သူ့ကို ပုံမှန်မဟုတ်တဲ့နည်းနဲ့ တတ်နိုင်သမျှ အမြန် တိတ်တဆိတ် နိုင်ငံခြားကို လွှတ်လိုက်ဖို့ ငါ မျှော်လင့်တယ်။ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုက သေးသေးမွှားမွှား မဟုတ်ဘူး။”
“ဟုတ်ကဲ့… ဟုတ်ကဲ့… ခင်ဗျားစကားတွေကို ကျွန်တော် သေချာမှတ်ထားပါမယ်။”
“ကောင်းတယ်။ ဒါဆိုလည်း နှုတ်ဆက်ပါတယ်။”
ဖုန်းပြောဆိုမှု ပြီးဆုံးခဲ့ပြီဖြစ်သည်။
ကျောင်သဲချွမ် မချိပြုံး ပြုံးကာ သူ၏နဖူးအား ခပ်ကြမ်းကြမ်းပွတ်လိုက်မိသည်။ သူ၏အောက်စည်းကျိုးပေါက်ခဲ့ရသည်မှာ သူ့သားကြောင့်ဖြစ်သည်။ မူလက သူ့ကိုယ်သူ စိတ်တွင်းမှ ပြစ်တင်ရှုံ့ချနေမိသော်လည်း ထန်ရှု၏ကားမောင်းစွမ်းရည် အလွန်ကောင်းသည်ဟု ကြားရသောကြောင့် သူ၏ခံစားချက် ပိုမိုကောင်းမွန်လာရသည်။
နေ့လည်ချိန်တွင် ထန်ရှုသည် ဆီဇာတော်ဝင်ဟိုတယ်သို့ ပြန်ရောက်လာသည်။ မနေ့က အမှုကြောင့် ဆီဇာဟိုတယ်၏ဧည့်သည်များစွာ လျော့ကျသွားရသည်။ မူလက သက်ဝင်လှုပ်ရှားနေခဲ့သော ဟိုတယ်သည် ယခုမူ လက်တစ်ဆုပ်စာ ဝန်ထမ်းများသာ ရှိတော့သည်။
“လုံခြုံရေးတွေ နေရာတိုင်းမှာ တိုးထားပါလား။ ကြည့်ရတာ ဆီဇာတော်ဝင်ဟိုတယ်ရဲ့စီးပွားရေး တော်တော် ထိခိုက်သွားပုံပဲ။”
ထန်ရှု ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဝန်ထမ်းများ၏အကြည့်အောက်တွင် သူသည် ဓာတ်လှေကားဖြင့် ချန်းဝေ၏အခန်းသို့ လာခဲ့သည်။ နေ့လည်ရောက်နေပြီဖြစ်သော်လည်း ချန်းဝေသည် သူမ၏မျက်နှာထက်တွင် ပေါင်းတင်မျက်နှာဖုံးကပ်ထားကာ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေဆဲဖြစ်လိမ့်မည်ဟု ထန်ရှု မမျှော်လင့်ထားမိခဲ့ပေ။
သူမ၏မျက်နှာထက်မှ အမည်းရောင်ပေါင်းတင်မျက်နှာဖုံးအား ကြည့်ရင်း ထန်ရှု စိတ်တွင်းမှ မဲ့ပြုံး ပြုံးလိုက်မိသည်။
“ဟယ်လို… ပြည်ပက အမျိုးသမီး။ ခင်ဗျားရဲ့ပေါင်းတင်မျက်နှာဖုံးကို သန့်ရှင်းပြီး အဝတ်အစားလဲချေ။ နေ့လည်စာ စားဖို့ ခင်ဗျားကို ကျွန်တော် အပြင်ခေါ်သွားမယ်။”
ချန်းဝေ မျက်တောင်ခတ်လိုက်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
“ဟွန့်… စောပါသေးတယ်။ ငါတို့ အခု ဘာလို့ သွားစားရမှာလဲ။ ၁၂ထိုးဖို့ ၁၀မိနစ်တောင် လိုသေးတာကို။ နောက်ပြီး ငါ ဒီပေါင်းတင်မျက်နှာဖုံးကို ခုလေးတင်မှ တပ်ထားတာ ၁၀မိနစ်လောက်ပဲ ရှိဦးမယ်။ ထိုင်စောင့်ဦး။”
“ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားကို ၁၂နာရီခွဲထိပဲ စောင့်မယ်။ ခင်ဗျား အဲ့ဒီအချိန်ထိ အဆင်သင့် မဖြစ်သေးရင် ကျွန်တော့်ဘာသာပဲ သွားစားလိုက်တော့မယ်။ တစ်မနက်လုံး ကားမောင်းသင်တန်းကျောင်းမှာ အချိန်ကုန်ခဲ့ရတော့ ခင်ဗျား မဆာပေမယ့် ကျွန်တော် ဆာနေပြီ။”
“နင် အရမ်း စိတ်ထားသေးသိမ်တယ်ဆိုတာရော သိလား။” ချန်းဝေ မျက်စောင်းတစ်ချက်ထိုးလိုက်ကာ ပွစိပွစိ ပြောတော့သည်။
နေ့လည်တစ်နာရီဖြစ်သည်။ ထန်ရှုသည် ချန်းဝေ၏အနောက်မှ မည်းမှောင်နေသော မျက်နှာဖြင့် ပါလာပြီး ဆီဇာဟိုတယ်မှ ဖြည်းလေးစွာ ထွက်လာခဲ့ကြသည်။ သူမအား ၁၂နာခွဲအထိသာ စောင့်မည်ဟု ထန်ရှု ပြောထားသော်လည်း ချန်းဝေသည် ပြည်ပမှ လာသူ အမျိုးသမီးဖြစ်သောကြောင့် နေ့လည်တစ်နာရီထိုးခါနီးမှ ခြေကြွတော့သည်။ သူတို့ ထွက်ခါနီးဆဲဆဲတွင် သူမသည် အိမ်သာသို့ပင် သွားလိုက်သေးသည်။
“ခင်ဗျား ဘာစားချင်လဲ။” အနီးရှိ လမ်းသို့ လာရင်း ထန်ရှု မေးလိုက်သည်။
“ဟွန့်… အကောင်းဆုံးအရည်အသွေးနဲ့ ဘာမဆိုပေါ့။” ချန်းဝေ နှာခေါင်းရှုံ့သံ ပြုလိုက်ရင်း ပြန်ဖြေလိုက်သည်။
“အဲ့ဒါတော့ ကျွန်တော် ခေါ်မသွားနိုင်ဘူး။ ဒါပေမယ့် ဒုတိယအရည်အသွေးကောင်းမွန်တဲ့နေရာကို ကျွန်တော် ခင်ဗျားကို ခေါ်သွားနိုင်ပါတယ်။” ထန်ရှု ပြောလိုက်သည်။
“အကောင်းဆုံး မဟုတ်ရင် ငါ မသွားဘူး။” ချန်းဝေက မျက်လုံးမှိတ်လိုက်ရင်း ပြောသည်။
“အကောင်းဆုံးက ကျွန်တော့်အမေချက်တဲ့အစားအစာတွေ။”
“အမ်…” ချန်းဝေ အသက်ရှူနေရာမှ တစ်ချက် ရပ်တန့်သွားသည်။ သူမသည် ချက်ချင်း မချိသွားဖြဲလိုက်ရင်း
“အဲ့ဒါဆိုလည်း ဒုတိယတန်းစားကို သွားကြတာပေါ့။ ငါက အမှန်တော့ အလွယ်လိုက်လျောတတ်ပါတယ်။”
ထန်ရှု အငှားကားတစ်စီးအား တားကာ နှစ်ယောက်သား ကားပေါ်ထိုင်လိုက်ကြပြီး ထန်ရှုက
“ဦးလေး… ကျေးဇူးပြုပြီး လုံခန်းမကို ပို့ပေးပါ။”
ကားသမား အံ့အားသင့်သွားကာ ထန်ရှုအား လှည့်ကြည့်လိုက်ပြီး တုံ့ဆိုင်းသောလေသံဖြင့်
“ငါ့တူ တကယ်ပဲ လုံစားသောက်ခန်းမကို သွားချင်တာလား။ အဲ့ဒီက ဈေးနှုန်းက အဆမတန် ဈေးကြီးတယ်နော်။ နောက်ပြီး အဲ့ဒီကို လာစားဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိတယ်။ ဦးလေး ကြားတာတော့ သူတို့က အဖွဲ့ဝင်စနစ်ကို သုံးထားတာတဲ့။ မင်း အဖွဲ့ဝင်တစ်ယောက် မဟုတ်ရင် ဝင်လို့တောင် ရမှာမဟုတ်ဘူး။”`
“ကျွန်တော် အဖွဲ့ဝင်တစ်ယောက်ပါ။”
ကားမောင်းသမားသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာသည်။ လုံစားသောက်ခန်းမ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခြင်းအတွက် ထိုသူများ၏ပုံရိပ်များသည် ရိုးရှင်းမည်မဟုတ်ပါချေ။ တစ်ခုသိရမည်မှာ ငွေသုံးနိုင်ခြင်းသာမဟုတ်ဘဲ ထိုသူသည် သေချာသော အခြေအနေတစ်ခု ရှိရမည်ဖြစ်သည်။ သို့သော်လည်း လုံကျန်ယုနှင့် ရင်းနှီးနေသောကြောင့် ထန်ရှုတစ်ယောက် လုံစားသောက်ခန်းမ၏အဖွဲ့ဝင် ဖြစ်နိုင်သည်ကို ကားသမား မသိချေ။
အံ့အားသင့်နေသော အမူအရာဖြင့် ချန်းဝေက
“ဦးလေး… ဦးလေးပြောတဲ့ လုံစားသောက်ခန်းမက လိုအပ်ချက်တွေ တကယ် အရမ်းမြင့်တာလား။”
“မြင့်တယ်ဟုတ်လား။ မြင့်တာမှ အလွန်အမင်းကို မြင့်တာသမီးရေ။ အဲ့ဒီမှာ ပိုက်ဆံသုံးရင် အနည်းဆုံး တစ်မီလီယံ ကုန်တယ်လို့ ဦးလေးကြားတယ်။ အဲ့ဒါမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမီတာ။ ကြယ်တာရာနဲ့ အနီးနားမြို့က လူကုံထံတွေသာ အဖွဲ့ဝင်ဖြစ်နိုင်ကြတာ။ လုံစားသောက်ခန်းမကို ဝင်နိုင်တာကို သူဋ္ဌေးတွေအများစုက ဂုဏ်ကျက်သရေတစ်ခုအဖြစ် သတ်မှတ်ကြတယ်။”
ကားမောင်းသမားက မချိပြုံး ပြုံးကာ ဖြေလိုက်သည်။
ချန်းဝေသည် ထန်ရှုဘက် အံ့သြတကြီး လှည့်ကြည့်ရင်း
“ဟန်ကျင်းဝူရဲ့စကားအရ နင်တို့မိသားစုမှာ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခုရှိတယ်လို့ ငါ သိထားတယ်။ နင် လုံခန်းမမှာ ဘယ်လိုအဖွဲ့ဝင် ဖြစ်လာတာလဲ။”
“စပ်စုခြင်းက လူတွေကို သတ်နိုင်တယ်ဆိုတာ ခင်ဗျား သိတယ်မဟုတ်ဘူးလား။ ခင်ဗျား အစားစားတဲ့အခါ နှုုတ်ကို လွတ်လွတ်လပ်လပ် ဖွင့်ထားနိုင်ပေမယ့် စကားပြောတဲ့အခါမှာတော့ နှုတ်စောင့်စည်းသင့်တယ်။ မှတ်ထားပါ… ဒီနေ့ ခင်ဗျား ကျေနပ်လောက်အောင် ကျွန်တော် ကျွေးမှာပါ။” ထန်ရှု ပြုံးရင်း ပြောလိုက်သည်။
“ဟွန့်… နင်ရဲ့ပုံရိပ်ကို အမှန်တကယ် မြင့်မားတယ်ဆိုပြီး ပြုမူနေတယ်ပေါ့ဟုတ်လား။ အဲ့ဒီကိုရောက်ရင် ခြေတစ်လှမ်းတောင်မှ အထဲကို ဝင်ခွင့်မရမှာ ငါ စိုးကြောက်မိပါရဲ့။ ငါ အခု နင့်ကို ပြောလိုက်မယ်။ အဲ့ဒီအချိန်ကျရင် သေချာပေါက် ငါ နင့်ကို မသိသလို ဟန်ဆောင်ပြီး လှည့်ထွက်သွားမှာ။”
ချန်းဝေ သူ့အား တစ်ချက်စိုက်ကြည့်လိုက်ရင်း မဲ့ကာရွဲ့ကာ ပြောလိုက်သည်။
ထန်ရှုသည် ပြတင်းပေါက်မှတဆင့် ကားလမ်းတစ်လျှောက် ဖြတ်ကျော်လာခဲ့သော အဆောက်အဦးများကို ငေးကြည့်နေသည်။ မှားသည် မှန်သည် မပြောဘဲ
“ခင်ဗျား မလိုက်ချင်ရင် ကားတံခါးဖွင့်ပြီး အခု ထွက်သွားလို့ရတယ်။”
“ချီးပဲ။ ငါ အသက်ရှင်ချင်သေးတယ်ဟ။” ချန်းဝေ မျက်လုံးဝိုင်းသွားရသည်။
***