ကျယ်ပြန့်လှသော အတွေ့အကြုံ
Vol. 05 Ch. 214
၄၉ထပ်မြင့်သော လုံစားသောက်ခန်းမ၏ပုံပန်းသဏ္ဍာန်သည် ရွှေရောင်နဂါးကြီးနှစ်ကောင်ပုံသဏ္ဍာန်ဖြစ်ပြီး အလယ်မှ ခုံးတံတားလေးသည် စက်လုံးပုံစံရှိလေရာ နဂါးနှစ်ကောင် ပုတီးတစ်လုံးနှင့် ဆော့ကစားနေသည့်ဟန် ဖြစ်ပေသည်။ ထို့အပြင် အဆောက်အဦး၏ ခမ်းနားထည်ဝါမှုသည် ကြည့်မိသူတိုင်းအား ဖိနှိပ်ထားသည့်ဟန်ရှိပေသည်။ လုံခြုံရေး၄ယောက်သည် ဝင်ပေါက်၏အပြင်ဘက်တွင် လှံများသဖွယ် ဖြောင့်တန်းစွာ ရပ်နေကြပြီး ဧည့်ကြိုမိန်းမပျိုသည် သေသပ်သော ဝတ်စုံဖြင့် ဧည်သည်တော်များ၏အထူးအဖွဲ့ဝင်ကတ်ပြားများအား ပြုံးရွှင်စွာ စစ်ဆေးနေပေသည်။
ဝင်ပေါက်တွင် ဇိမ်ခံမှန်လုံကားကြီးတစ်စီး ရပ်တန့်လာပြီး ပြန်ထွက်သွားသည်။ သို့သော် ဝင်ပေါက်ရှေ့သို့ အငှားကားတစ်စီး ရပ်လာသောအခါ မျက်လုံးများသည် အထင်အမြင်သေး နှိမ့်ချစွာဖြင့် စိုက်ကြည့်လာကြသည်။
ထန်ရှုသည် အူကြောင်ကြောင် ဖြစ်နေသော ချန်းဝေနှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။ သူသည် ဧည့်ကြိုမိန်းမပျိုထံသို့ သွားကာ တည်ကြည်သောလေသံဖြင့်
“ကျွန်တော် အဖွဲ့ဝင်ကတ် ယူလာဖို့ မေ့လာခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
ဧည့်ကြိုမိန်းမပျိုသည် တောင်းပန်သောအမူအရာ ဖော်ပြလျက်
“လူကြီးမင်း… လုံစားသောက်ခန်းမက အဖွဲ့ဝင်ကတ်ပါမှ ဝင်လို့ရမှာပါ။ ဒီကိုလာနေကျ ပုံမှန်ဧည့်သည် မဟုတ်ဘူးဆိုရင် မရပါဘူး။ လူကြီးမင်းကို ကြည့်ရတာ…”
ချန်းဝေ၏အမူအရာသည် ရုတ်ခြည်းပင် ရှုံ့တွသွားတော့သည်။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သူမသည် လှည့်ပြန်လိုစိတ်များ ဖြစ်ပေါ်လာသည်။
သိက္ခာကျလိုက်ပုံများ။ ရှက်စရာကောင်းလိုက်ပုံများ။
ထန်ရှုထံတွင် အခြေခံကျသည့် အဖွဲ့ဝင်ကတ် မရှိသည်ကို သူမ တွေ့လိုက်သောကြောင့် ထိုအတွင်းသို့ ဝင်ခွင့်ရှိသည့် တစ်ယောက်ယောက်နှင့် ကပ်လိုက်မည့်အရေးကို ထန်ရှု ဟန်ဆောင်နေသည်ဟု သူမ ထင်လိုက်တော့သည်။
ထန်ရှု၏နဖူး မြင့်တက်သွားရသည်။ သူ၏အကြည့်အား လုံခြုံရေး၄ယောက်ထံသို့ ပြောင်းလိုက်ရာ ယခင်က သူတွေ့ဖူးသော တစ်ယောက်အား မြင်လိုက်ရသောကြောင့် ထိုလူနှင့် မျက်နှာချင်းဆိုင်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“ဗျို့… လုံခြုံရေးအစ်ကို… ဒီကို ခဏလာပေးပါဦး။”
လုံခြုံရေး၄ယောက်က ထန်ရှုအား လှည့်ကြည့်လိုက်သည်။ ထန်ရှု ခေါ်လိုက်သော တစ်ယောက်မှာ ချက်ချင်းပင် လေးစားသော အမူအရာဖြင့် ရောက်လာပြီး
“ဟယ်လို မစ္စတာထန်… ကျွန်တော် ဘာများ ကူညီပေးရမလဲဗျ။”
“ကျွန်တော် ဒီကို လာနေကျ ဖောက်သည်ဆိုတာ ဒီမိန်းကလေးကို ပြောပေးနိုင်မလားဗျ။”
လုံခြုံရေးအစောင့်သည် ဧည့်ကြိုမိန်းမပျိုဘက်သို့ လှည့်ကာ
“မစ္စတာထန်က ဒီကို ခဏခဏလာဖူးသလို သခင်လေးကျန်ယုရဲ့သူငယ်ချင်းမို့လို့ အထူးဧည့်သည်လည်း ဖြစ်ပါတယ်။”
ဧည့်ကြိုမိန်းမပျို၏မျက်လုံးများ အရောင်လက်သွားကာ လေးစားသောဟန်ပန်သို့ ပြောင်းသွားပြီး
“အခုအဖြစ်အပျက်အတွက် ကျွန်မ တောင်းပန်ပါတယ်။ မစ္စတာထန် အထဲသို့ ကြွပါရှင်။”
ထန်ရှု ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘက်လှည့်လိုက်ပြီး အံ့အားသင့်နေသော ချန်းဝေအား ကြည့်လိုက်ကာ ဝင်ပေါက်ကို ဖြတ်ကာ ဝင်သွားလိုက်သည်။
အရာအားလုံးသည် ၁၈၀ဒီဂရီ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ချန်းဝေတစ်ယောက် အိပ်မက်ထဲမှာပင် မတွေးခဲ့မိပေ။ အံ့သြတကြီး ကြည့်ရင်း ထန်ရှုနောက်မှ အမြန်လိုက်ကာ ဝင်သွားလိုက်ရသည်။
“ဘုရားသခင်… ဒီနေရာက အရမ်းကို ခမ်းနားလွန်းတယ်မဟုတ်လား။ ပြည်ပက ဖိုက်စတားဟိုတယ်တွေထက်တောင် အများကြီး သာတယ်ဟ။” ချန်းဝေ ဘေးပတ်ပတ်လည်အား တစ်ခဏမျှ ကြည့်လိုက်ပြီး အောက်မေးရိုးပင် ပြုတ်ကျလုမတတ်ဖြစ်နေရသည်။
“ထန်ရှု… နင်က တကယ် ဒီမှာ အဖွဲ့ဝင်တစ်ယောက်လား။”
“ကျွန်တော်သာ အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင် ဒီအထဲကို ကျွန်တော်တို့ဝင်နိုင်လိမ့်မယ်လို့ ခင်ဗျားထင်လား။” ထန်ရှု ပြန်မေးလိုက်သည်။
“ဒ..ဒါပေမယ့် အငှားကားမောင်းတဲ့ ဦးလေးကြီးက ပြောတယ်လေ.. ပိုက်ဆံရှိတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေပဲ ဒီနေရာမှာ လာစားနိုင်တာဆို။” ချန်းဝေ ပြန်ဖြေလိုက်ရင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“နင်က ဘယ်လိုလုပ်ပြီး…”
“ကျွန်တော်က အကောင်ကြီးကြီးတစ်ယောက်လို့ ခင်ဗျားမထင်ဘူး မဟုတ်လား။” ထန်ရှု ခနဲ့လိုက်သည်။
“ဟွန့်… ဘာအကောင်ကြီးကြီးလဲ။” ချန်းဝေ ဆတ်ကနဲ ပြန်ပြောလိုက်သည်။
“အများဆုံးမှ နင်က စမတ်ကျတဲ့ အထက်တန်းကျောင်းသား တစ်ယောက်ဆိုတာကလွဲပြီး ဘာမှ မဟုတ်ဘူး။”
ထန်ရှု သက်ပြင်းချပြီး ခေါင်းသာ ယမ်းလိုက်မိတော့သည်။
“ထားလိုက်တော့။ ကြည့်ရတာ ခင်ဗျားမှာ ခေတ်နောက်ပြန်တဲ့အိုင်ကျူလည်း ရှိပုံပေါ်တယ်။” ထို့နောက် သူ ဆက်ပြောလိုက်သည်။
“ခင်ဗျားရဲ့ပေါက်ကရပြောတတ်တဲ့ နှုတ်ခမ်းကလွဲပြီး ဦးနှောက်ကောင်းလိမ့်မယ်လို့လည်း ကျွန်တော် မမျှော်လင့်ထားပါဘူးလေ။ သွားကြစို့။ အမေးအမြန်းထူတာ လျှော့ပြီး စားချင်တာကို ဗိုက်ဝအောင် စားပါ။”
ချန်းဝေ ဒေါသတကြီး ထန်ရှုအား စိုက်ကြည့်လိုက်သည်။ သို့သော် အတွင်းသို့ သူ တန်းဝင်သွားသည်ကို တွေ့ရသာကြောင့် သူမ၏ဒေါသများအား မျိုချလိုက်ကာ သူ၏နောက်မှ အတွင်းသို့ လိုက်ဝင်သွားလိုက်သည်။
ချန်းဝေအတွက် ငွေအများကြီး သုံးရန်မလိုအပ်ဟု သူ ထင်သောကြောင့် အကောင်းစားအခန်းသို့ မခေါ်သွားချင်ချေ။ ထိုအခန်းများသည် ဈေးအလွန်ကြီးသောကြောင့် သူ တတ်နိုင်လျှင်တောင်မှ သူ၏ပိုက်ဆံအား မဖြုန်းတီးလိုပါပေ။ ထို့ကြောင့် ပုံမှန်အခန်းကို သူ ယူလိုက်ကာ ဝန်ထမ်းဆီသို့ လျှောက်သွားသည်။
“ဝိုး… တကယ့်ကို ခမ်းနားတာပဲ။” ချန်းဝေတစ်ယောက် အောက်မေးရိုး ပြုတ်ကျလုနီးပါး ဖြစ်ကာ တော်ဝင်ရှုခင်းဥယျာဉ်သို့ အလည်ရောက်လာသော အဘွားလျိူကဲ့သို့ ဖြစ်နေတော့သည်။ (အဘွားလျိုမှာ ဆရာမြသန်းတင့် ဘာသာပြန်ထားသော ခန်းဆောင်နီအိပ်မက်မှ ဇာတ်ကောင်တစ်ယောက် ဖြစ်သည်။)
“ဒီကနေ ကြယ်တာရာရဲ့မြို့တစ်ဝက်ကို ငါတို့ မြင်ရတယ်။”
ထန်ရှု ခေါင်းသာ ယမ်းမိတော့သည်။ သူမ၏နှုတ်ခမ်းလေးအား ကွယ်ကာ ရယ်ချင်နေဟန်ရှိသော ဝန်ထမ်းမိန်းမပျိုအား ကြည့်လိုက်ပြီး
“ခင်ဗျားတို့ရဲ့ အထူးဟင်းလျာတွေထဲက အသားဟင်းလေးပွဲ၊ ထမင်း၂ပွဲ။ အာ… ဟင်းချိုတစ်အိုးရောပဲ။”
“အိုကေ… ကျေးဇူးပြုပြီး စောင့်ပေးပါ။” ဝန်ထမ်း လျင်မြန်စွာ ထွက်ပြီး မကြာမီ အခြားတစ်ယောက်မှ လက်ဖက်ရည် တည်ခင်းလာခဲ့သည်။
ချန်းဝေသည် ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ အပြင်ဘက်ရှိ မြို့ရှုခင်းအား ကြည့်နေရင်း
“သောက်ကျိုးနည်း… ချမ်းသာတဲ့သူတွေမှာ တကယ်ကောင်းတဲ့ဘ၀ ရှိတာပဲ။ ဒီကြီးမြတ်တဲ့ အန်တီက ပေါင်းသင်းဆက်ဆံရေး ကောင်းတော့ ချမ်းသာကြွယ်ဝတဲ့ ဒုတိယမျိုးဆက်တစ်ယောက်ကို ရှာပြီး လက်ထပ်ဦးမှပဲ။ ငါ့ရဲ့အချိန်တွေကို ညတိုင်း သောက်မယ်၊ စားမယ်၊ ပျော်မယ်ပါးမယ် လုပ်ရမယ်။”
“ဇနီးတစ်ယောက်ရဲ့တာဝန်မကျေတာနဲ့ပင် ခင်ဗျားယောကျာ်းရဲ့ ရိုက်တာခံရလိမ့်မယ်လို့ ကျွန်တော် ပြောရဲတယ်။”
ထန်ရှု ပြုံးရင်း ပြောလိုက်သည်။
“ဘဝမှာ တခြားတစ်ယောက်ကိုပါ ဂရုစိုက်ရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး။” ချန်းဝေ ပြန်ပြောလိုက်သည်။
“အာ… သန့်စင်ခန်း ဘယ်မှာရှိလဲ။ ငါ့မိတ်ကပ်ကို ပြန်ညှိဖို့ လိုနေပြီ။ ပြီးရင်တော့ တော်ဝင်အစားအစာကို စောင့်ရမယ်။”
“အပြင်ထွက်ပြီး ဝန်ထမ်းတွေကို မေးလိုက်ပါ။ သူတို့ ခင်ဗျားကို ပို့ပေးလိမ့်မယ်။” ထန်ရှု ပြောလိုက်သည်။
“ကောင်းပြီ။” ချန်းဝေ ကျယ်လောင်စွာ နာခံလိုက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။
၄-၅မိနစ်ကြာသောအခါ…
ထန်ရှု၏အိတ်ကပ်ထဲမှ ဖုန်းသည် မြည်လာခဲ့သည်။ ဟန်းဖုန်းအား ထုတ်ယူပြီး ခေါ်ဆိုသူအား ကြည့်လိုက်ရာ ချန်းဝေ ဖြစ်နေသောကြောင့် သူ မျက်မှောင်ကြုပ်မိသွားသည်။
“ခင်ဗျား သန့်စင်ခန်းထဲမှာ မဟုတ်ဘူးလား။ ခင်ဗျားအန်တီရဲ့ပုဝါ ကျန်ခဲ့တယ်လို့ ကျွန်တော့်ကို မပြောနဲ့နော်။ ကျွန်တော် ပြောလိုက်မယ်… ကျွန်တော်က အမျိုးကောင်းသားတစ်ယောက်ဆိုတော့ အမျိုးသမီးတွေရဲ့သန့်စင်ခန်းထဲ ဘယ်တော့မှ မဝင်ဘူး။” ထန်ရှု သူမအား စနောက်လိုက်သည်။
“ထ…ထန်ရှု… ငါတော့ ဒုက္ခရောက်ပြီနဲ့တူတယ်။ ဒီကို အမြန်လာပြီး ငါ့ကို ကူပါဦး။” သူမ၏အသံအား နားထောင်ရသည်မှာ ချန်းဝေ တုန်လှုပ်နေသည့်ဟန်ရှိသည်။
ထန်ရှု၏မျက်နှာ အေးစက်သွားပြီး တည်ကြည်သောလေသံဖြင့်
“ဘာတွေ ဖြစ်နေလို့လဲ။ ခင်ဗျား အခု ဘယ်မှာလဲ။”
“ငါ သန့်စင်ခန်းအပြင်ဘက်က ကော်ရစ်ဒါမှာ ရှိတယ်။ ငါ…ငါ မတော်တဆနဲ့ လျှောက်လမ်းမှာ ရှိတဲ့ ဘွန်ဆိုင်းပန်းအိုးကို တိုက်မိပြီး အဲ့ဒါက လူတစ်ယောက်ကို မှန်သွားခဲ့တယ်။ သူက လျော်ကြေးတောင်းနေတယ်။” ချန်းဝေက ပြောလာသည်။
“ကျွန်တော့်ကို အဲ့ဒီမှာ စောင့်နေ။” ဖုန်းချပြီးသည်နှင့် ထန်ရှု အခန်းထဲမှ လျင်မြန်စွာ ထွက်လာပြီး ဝန်ထမ်းတစ်ယောက်အား သန့်စင်ခန်းနေရာ မေးလိုက်ကာ အမြန်သွားလိုက်သည်။
“မင်း… ပျက်စီးသွားတာအတွက် ငါ့ကို အလျော်ပေးရမယ်။ ငါ့အဝတ်အစားတွေက ယွမ် ၅သောင်း၈ထောင်၊ ဖိနပ်တွေက ၂သောင်း၆ထောင်တန်တာဆိုတော့ ယွမ်စုစုပေါင်း ၈သောင်း၄ထောင်ကျတယ်။ မင်းကြောင့် ငါ့ခြေထောက် ထိခိုက်သွားရတဲ့အတွက် ဆေးဖိုးစရိတ်လည်း ပေးရမယ်။ အဲ့ဒီအတွက်က ယွမ်၁သောင်း၆ထောင်ဆိုတော့ မင်း ငါ့ကို စုစုပေါင်း ယွမ်၁သိန်း ပေးရမှာပေါ့။ မင်း မပေးနိုင်ဘူးဆိုရင် မင်းမျက်နှာကို တစ်ချက်ရိုက်တာလောက် ရိုးရှင်းမှာ မဟုတ်ဘူး။” မောက်မာသည့်အသံတစ်သံသည် လျှောက်လမ်းထဲမှ ထွက်ပေါ်လာသည်။
“ငါ့သူငယ်ချင်းကို အရင်စောင့်လို့ရမလား။ သူ ဒီကို လာနေပါပြီ။” ထိုသည်မှာ ချန်းဝေ၏အသံဖြစ်သည်။
“လူတစ်ယောက်ကို စောင့်နေတာဟုတ်လား။ ငါ ပြောလိုက်မယ်… အင်ပါယာတစ်ယောက်လာရင်တောင်မှ ငါ့ကို မင်း လျော်ကြေးပေးရဦးမှာပဲ။ ဒီမှာ ငါ အလျှော့ပေးစရာ အကြောင်းကိုမရှိဘူး။ ချီးတဲ့မှပဲ… ဒါအတော်ဆိုးတဲ့ကံ။” အမျိုးသား၏အသံမှာ ပို၍ပင် မောက်မာလာသည့်ဟန်ရှိသည်။
ထန်ရှုသည် ထိုသူများနှင့် ၁၀မီတာအကွာတွင် ရောက်ရုံရှိသေးသော်လည်း အမျိုးသား၏ရုပ်ရည်အား ရှင်းလင်းစွာ မြင်နိုင်လေသည်။ ကမ္ဘာကြီးသည် အလွန်သေးငယ်သည်ဟု ဆိုရလောက်အောင် ထိုသူသည် ယခင်က သူ သင်ခန်းစာ ပေးဖူးသော လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိပါချေ။
“ဟ…လေကြီးလှချည်လား။ ကြိုးစားလိုက်ပါဦး။ သူ မပေးရင် မင်း ဘာလုပ်မလဲဆိုတာ ငါ သိချင်လို့။”
ထန်ရှု အနီးသို့ လျှောက်လာရင်း ပြောလိုက်သည်။
ဟုဝမ်ကျွင်း၏မျက်နှာတွင် ဒေါသအရိပ်အယောင်များအား ဖြစ်ပေါ်လာသည်။ သူ လှည့်ကြည့်ရာ ထန်ရှုကို မြင်လိုက်သောကြောင့် ရုတ်ခြည်းပင် ထိတ်လန့်သွားကာ မျက်လုံးပြူးသွားတော့သည်။ ကျန်းသဲကျင်နှင့် ကျန်းယုံကျင်းတို့၏ အစီအစဉ်ကို ယခင် သူကြားခဲ့စဉ်က ထိုမောင်နှမနှင့်ပူးပေါင်းရန် စိတ်ကူးမိသေးသည်။ သို့သော် ယခုအခါတွင် ကျန်းမိသားစု ကျဆုံးသွားခဲ့ပြီး ထိုမောင်နှမအကြောင်းအား မည်သည့်နေရာတွင်မှ မကြားသိရသောကြောင့် ထန်ရှုသည် ထိုဖြစ်ရပ်နှင့်သက်ဆိုင်နေသည်ဟု သူလည်း သံသယရှိခဲ့သည်။
“မင်း ဘာကြောင့် ဒီနေရာမှာ ရှိနေတာလဲ။”
ထန်ရှု မထီတရီဟန်ဖြင့်
“ငါက ဘာကြောင့် မရှိနိုင်ရမှာလဲ။ သူက ငါ့မိတ်ဆွေ။ တစ်စုံတစ်ယောက်က သူ့ကို ဒုက္ခပေးနေတယ်လို့ ငါ ကြားတယ်လေ။”
ဟုဝမ်ကျွင်းသည် မိသားစု၏အရှိန်အဝါအား မှီခိုသောသူတစ်ယောက်ဖြစ်သည်။ ထန်ရှုသည် သိုင်းပညာစွမ်းရည် ကောင်းသည်ဟု သူ သိလင့်ကစား သူ အရှုံးမပေးလိုသောကြောင့်
“ငါ ပြောတာ ဘာမှားနေလို့လဲ။ ပြောရမယ်ဆိုရင် သူ့အမှား… ငါ့အမှား မဟုတ်ဘူး။ သူကသာ ဝင်ပေါက်ကို ခုန်ဝင်လာပြီး ငါ့ကို ဒဏ်ရာရစေခဲ့တာ။ အဲ့ဒါကြောင့် ငါ့ကို သူ လျော်ကြေးပေးရမယ်။”
“မင်းက လျော်ကြေး ဘယ်လောက် လိုချင်တာလဲ။” ထန်ရှု မျက်နှာသေဖြင့် မေးလိုက်သည်။
ဟုဝမ်ကျွင်းက ချန်းဝေအား စိုက်ကြည့်ပြီး ဝင့်ကြွားစွာဖြင့်
“ယွမ်တစ်သိန်း…”
ထန်ရှု သူ၏ဘဏ်ကတ်အား ထုတ်ကာ ပေးလိုက်ရင်း
“ဒီအထဲမှာ ယွမ်တစ်မီလီယံပါတော့ လျော်ကြေး ၁၀ဆပေါ့။ မင်း ကျေနပ်ပြီလား။”
ဟုဝမ်ကျွင်း တစ်ခဏမျှ တွေဝေသွားသည်။ ထန်ရှုသည် သူ့အား ကြောက်ရွံ့နေသည်ဟု သူ ထင်လိုက်သောကြောင့် ရွှင်မြူးသောအပြုံးသည် သူ၏မျက်နှာထက်တွင် ပေါ်လာပြီး ခေါင်းတစ်ချက်ညိတ်လိုက်ကာ
“ကောင်းတယ်။ ဒီပြသနာပြီးသွားပြီလို့ သဘောထားလိုက်ပြီ။”
“မင်း ကျေနပ်တယ်ပေါ့လေ ဟုတ်စ။ ငါကတော့ မကျေနပ်ဘူး။ ငါ မမှားဘူဆိုရင် ငါ့မိတ်ဆွေ မျက်နှာပေါ်က ဒဏ်ရာက မင်းရိုက်လိုက်လို့ မဟုတ်လား။ သူမတစ်ကိုယ်လုံးက အရမ်းအဖိုးတန်ပြီး ဈေးကြီးတယ်။ သူမကို ရိုက်ဖို့ မဆိုထားနဲ့ …သူမရဲ့ဆံတစ်ခြည်ကို ရွေ့အောင်လုပ်တဲ့ မည်သူမဆို ငါ သွားခွင့်မပေးနိုင်ဘူး။ အဲ့ဒီတော့ မင်း သူ့အတွက် ဆေးစရိတ် မပေးသင့်ဘူးလား… ငါ ပြောတာမှန်လား။”
ဟုဝမ်ကျွင်း၏မျက်နှာထက်မှ အပြုံးမှာ ပျောက်ကွယ်သွားသည်။ သူသည် ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း သူ၏အကြည့်အား လက်ထဲရှိ ဘဏ်ကတ်သို့ ပြောင်းလိုက်သည်။ ဟုဝမ်ကျွင်း ရုတ်ခြည်းပင် အမူးပြေသွားရကာ အော်ဟစ်လိုက်ပြီး
“မင်း ငါ့ကို သတ်ချင်တာလား။”
“ဟမ့်… ငါ မင်းကို သတ်ချင်နေမှဖြင့် မင်းအလောင်းတောင် ပစိဖိတ်သမုဒ္ဒရာထဲမှာ မြှုပ်နေလောက်ပြီပေါ့။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့မိတ်ဆွေအတွက် ဆေးစရိတ်ပေးရင် ဒီပြသနာကို ကျေအေးပေးမယ်။ နို့မဟုတ်လို့ကတော့ မင်းကို ငါ သွားခွင့် မပေးဘူး။” ထန်ရှု ထီမထင်စွာဖြင့် ဆိုလိုက်သည်။
ဟုဝမ်ကျွင်း၏မျက်နှာ တုန်လှုပ်သွားတော့သည်။ သူသည် ခပ်လှမ်းလှမ်းတွင် ရှိသော အခန်းအား ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး
“မင်း ဘယ်လောက် လိုချင်တာလဲ။”
“၁၁ မီလီယံ…” ထန်ရှု ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ရှီး…” ဟုဝမ်ကျွင်း လေအေးတစ်ချက် စုပ်သွင်းလိုက်ရသကဲ့သို့ ချန်းဝေ၏မျက်နှာထက်တွင်လည်း မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာသည်။
“တစ်နာရီ... အဲ့ဒီအချိန်အတွင်း ငါ့အခန်းထဲကို မင်း ပိုက်ဆံ မပို့ခိုင်းလိုက်ရင် ဟုမိသားစုကိုလည်း ကျန်းမိသားစုလို လုပ်မယ်လို့ ငါ စဉ်းစားထားတယ်။ မင်း ကြယ်တာရာကတင် မဟုတ်ဘူး လောကကြီးကတောင် ပျောက်သွားရလိမ့်မယ်။ မှတ်ထားပါ… ဒါ ခြိမ်းခြောက်မှုတစ်ခုပဲ။” ထန်ရှု ခပ်တည်တည်နှင့် ပြောလိုက်သည်။
ပြောပြီးသည်နှင့် ချန်းဝေ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ အခန်းဘက်သို့ လျှောက်လာကြသည်။
ကျောက်ရုပ်သဖွယ် ဖြစ်နေသော ချန်းဝေသည် ထန်ရှု ဆွဲခေါ်ရာနောက်သို့ ပါလာသည်။ ပြသနာဖြစ်ခဲ့သော်လည်း ထန်ရှု၏လက်ထဲတွင် သူမ၏လက်ကလေးသည် လှုပ်ခါနေပြီး ထိုမှတဆင့် နွေးထွေးမှုသည် ချန်းဝေ၏ရင်ထဲထိ ရောက်လာခဲ့သည်။
သူတို့အခန်းသို့ ပြန်ရောက်ပြီး ချန်းဝေသည် စိတ်ရှုပ်နေဟန်ဖြင့်
“ထန်ရှု… သူတို့ လျော်ကြေးပေးမယ်လို့ နင် ထင်လား။ နင် ပေးခဲ့တာက ၁မီလီယံလေးပဲလေ။”
“သူ အဲ့ဒီ၁မီလီယံကို ပြန်ပေးဖို့ နည်းလမ်း မရှိဘူး။ ကျွန်တော်ကလည်း အဲ့ဒါ ပြန်ပေးတာ မလိုချင်ဘူး။”
ချန်းဝေ တံတွေးတစ်ချက် မျိုချလိုက်ပြီး ဘာမှ မပြောတော့ချေ။
လျှောက်လမ်းတွင်…
ဟုဝမ်ကျွင်းတစ်ယောက် လက်ထဲတွင် ကိုင်ထားသော ၁မီလီယံဘဏ်ကတ်အား ကြည့်ပြီး အာလူးပူပူတစ်လုံး ကိုင်ထားမိသကဲ့သို့ ရုတ်တရက် ခံစားမိလေသည်။ မူလက ထန်ရှု၏ခြိမ်းခြောက်မှုအား လစ်လျူရှုရန် သူ တွေးနေခဲ့သော်လည်း ကျန်းမိသားစုအား ထန်ရှု ရည်ညွှန်းလာသည့်အခါ တုန်လှုပ်သွားရတော့သည်။ မည်သည်ကို သူ ဆိုလိုပါသနည်း။ ကျန်းမိသားစု၏ကျဆုံးမှုသည် သူ့ကြောင့်ဟု ဆိုလိုခြင်းပင် မဟုတ်ပေလော။
***