← Chapters

လျော်ကြေးပေးခြင်း

Vol. 05 Ch. 215

လျော်ကြေးပေးခြင်း

Vol. 05 Ch. 215

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝမဖြစ်နိုင်ဘူး။ ကျန်းမိသားစုက ကြယ်တာရာမှာ နှစ်ပေါင်းများစွာ ခြေကုပ်အမြစ်တွယ်နေခဲ့တာလေ။ လူငယ်တစ်ယောက်ကြောင့် ဘယ်လို လှုပ်ခါသွားနိုင်မှာလဲ။”

ဟုဝမ်ကျွင်း အခန်းဆီသို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် စားပွဲရှိ အခြားသူများအား ကြည့်ပင်မကြည့်မိဘဲ သူ၏ထိုင်ခုံတွင် ငေးငိုင်စွာဖြင့် ထိုင်နေလေသည်။

သားဖြစ်သူ၏မရွှင်လန်းသော အမူအရာအား ကြည့်ပြီး ဟုရှန်မင်း မျက်မှောင်ကြုပ်သွားသည်။ သူ့ကုမ္ပဏီ၏ ရှယ်ယာအဖွဲ့ဝင်များအား မိသားစု၏ပထမအမွေခံဖြစ်သည့် သားဖြစ်သူနှင့် ဧည့်ခံနေခြင်းဖြစ်ရာ ထိုကဲ့သို့ အပြုအမူအား မမျှော်လင့်ထားပေ။ ထိုဟာသည် သူ့အား အရှက်ရအောင် လုပ်နေခြင်းနှင့်ပင် တူတော့သည်။

“ဝမ်ကျွင်း… မင်း ဘာဖြစ်နေတာလဲ။”

ဖခင်ဖြစ်သူ၏အသံကြားလိုက်ရသော ဟုဝမ်ကျွင်းမှာ ရုတ်တရက် တုန်ရီသွားရသည်။ သူသည် မပြုံးချင် ပြုံးချင် ပြုံးလိုက်ပြီး

“ကျွန်..ကျွန်တော်တော့ ပြသနာအကြီးကြီး လုပ်မိပြီထင်တယ်။”

“ဘာပြသနာမို့လို့လဲ။ အဖေ့ကို ပြော။” ဟုရှန်မင်း လေးနက်သောအသံဖြင့် မေးလိုက်သည်။

ဟုဝမ်ကျွင်း အပြင်ဘက်တွင် ဖြစ်သခဲ့သမျှ အရာရာကို ပြောပြလိုက်ပြီး အဆုံးသတ်တွင်

“အဖေ… မျိုးရိုးနာမည် ထန်နဲ့လူက လျော်ကြေးအဖြစ် ၁၁မီလီယံ ပေးရမယ်လို့ ကျွန်တော့်ကို ပြောတယ်။ မပေးခဲ့လို့ရှိရင် ဟုမိသားစုလည်း ကျန်းမိသားစုလို ကံကြမ္မာနဲ့တူသွားစေရမယ်။ ကြယ်တာရာကတင်မကဘူး လောကကြီးတောင်မှ ပျောက်ကွယ်သွားစေရမယ်တဲ့။”

“ဘာ…”ဟုရှန်မင်း၏မျက်နှာသည် ချက်ချင်းပင် ရုပ်ဆိုးသွားရသည်။

ရှယ်ယာအဖွဲ့ဝင်များ၏မျက်နှာများသည်လည်း  မှုန်မှိုင်းသွားရပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။

“ထန်ရှုဆိုတဲ့ လူရွယ်က ကျန်းတွေနဲ့ ရန်ငြိုးရှိသလား။” သက်လတ်ပိုင်းလူတစ်ယောက်က မေးသည်။

“ဟုတ်တယ်။ ထန်ရှုက ကျန်းသဲကျင်နဲ့ ကျန်းယုံကျင်းတို့ကို တစ်ခါ ရိုက်ခဲ့ဖူးတယ် အဲ့ဒါကြောင့် ကျန်းသဲကျင်က အငြိုးထားပြီး သူ့ရဲ့သတို့သားလောင်းကို လူတစ်ချို့ ဦးဆောင်စေလို့ ထန်ရှုကို ပြန်တိုက်ခိုင်းတယ်။ သူ့သတို့သားလောင်းက မြင့်မားတဲ့ နဂါးသင်တန်းကျောင်းက နည်းပြတစ်ယောက်ပဲ။ ဒါပေမယ့် သူတို့ ရှုံးနိမ့်ရုံတင်မကဘူး ထန်ရှုကတောင် သူတို့ကို ပြန်ပြီး ရှင်းလင်းခဲ့တယ်။ သူတို့ကျောင်းကို အဲ့ဒီလူတွေကို ပြန်ပို့ပြီး သင်တန်းကျောင်းကိုပါ အနိုင်ကျင့်ခဲ့လို့ နောက်ဆုံးမှာ ကျောင်းအုပ်က ယွမ်၁၀၀မီလီယံ လျော်ကြေးပေးလိုက်တော့မှ ပြသနာက ပြီးသွားတာ။ ဒါပေမယ့် နောက်ကျတော့ ကျန်းသဲကျင်က လက်စားချေချင်သေးလို့ ပြည်ပက လုပ်ကြံသူ၃ယောက်ကို ငှားခဲ့တယ်။ ရလဒ်ကတော့ အဲ့ဒီလူတွေက သူ့ကို မသတ်နိုင်ရုံတင်မကဘူး အဲ့ဒီအစား တောင်တံခါးအိမ်ရာအပြင်ဘက်မှာ သူတို့တောင် ပြန်အသတ်ခံလိုက်ရတယ်။” ဟုဝမ်ကျွင်း ပြောပြလိုက်သည်။

လက်ရှိ ခုနှစ်ယောက်-ရှစ်ယောက်ခန့်ရှိသော ဟုအုပ်စု၏ရှယ်ယာအဖွဲ့ဝင်များသည် တုန်လှုပ်ခြောက်ခြားနေသော အမူအရာသို့ ပြောင်းသွားကြသည်။ တောင်တံခါးအိမ်ရာအပြင်ဘက်မှ လူသတ်မှုအား သူတို့လည်း ကြားမိကြသော်လည်း ယခုကဲ့သို့ အဖြစ်အပျက်မှန်း မတွေးမိကြချေ။

ဟုရှန်မင်း၏မျက်နှာသည် အလွန်ရှုံ့မဲ့သွားရပြီး တစ်ကိုယ်လုံး တုန်ရီနေပြီဖြစ်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ

“ထန်ရှု… အခု ဘယ်မှာလဲ။”

“သူလည်း ဒီအထပ်က အခန်းတစ်ခန်းမှာနဲ့တူတယ်။” ဟုဝမ်ကျွင်း ပြန်ဖြေလိုက်သည်။

“သူနဲ့တွေ့ဖို့ အဖေ့ကို ခေါ်သွားပေး။” ဟုန်ရှန်မင်းက အသံခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။

“အဖေ…” ဟုဝမ်ကျွင်း အမြန် ခေါ်လိုက်မိသည်။

“သွား…” ဟုရှန်မင်း အော်လိုက်သည်။

ဟုဝမ်ကျွင်း သူ၏ခေါင်းအား အမြန်ငုံ့ကာ အခန်းအပြင်သို့ ဦးဆောင် ခေါ်သွားတော့သည်။

လျှောက်လမ်းတွင် ဟုရှန်မင်းသည် ဟုဝမ်ကျွင်းအား အပြေးတားလိုက်ပြီး ပါးတစ်ချက် ခပ်ပြင်းပြင်း ရိုက်လိုက်ကာ တင်းမာနေသောအသံဖြင့်

“ငါ့ကို ပြောစမ်း။ မင်း ထန်မျိုးရိုးကောင်လေးနဲ့ ဘာရန်ငြိုးတွေ ရှိနေတာလဲ။”

ဟုဝမ်ကျွင်းသည် နာကျင်သွားသော သူ၏မျက်နှာအား ကာလိုက်ပြီး

“အရင်တုန်းက ကျွန်တော်တို့ ငြိခဲ့တာတွေ ရှိခဲ့ဖူးပေမယ့် အဲ့ဒါတွေက ပြီးခဲ့တာကြာပါပြီ။ သူနဲ့ ကျန်းမောင်နှမကြားက ပြသနာထဲမှာလည်း ကျွန်တော် မပါခဲ့ပါဘူး။”

ဟုရှန်မင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ချက်စာအုပ်တစ်အုပ်ထုတ်ကာ ၂၁မီလီယံဟုရေးလိုက်သည်။ ထို့နောက် ဟုဝမ်ကျွင်းအား ထန်ရှု၏အခန်းနံပါတ်အား မေးခိုင်းကာ သားအဖနှစ်ယောက် အပြေးသွားတော့သည်။ ၂၁မီလီယံ ပေးရသည်ကို သူ အတော် စိတ်မပါလှသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ ကျန်းမိသားစု၏ကံကြမ္မာအား သူ မြင်ထားသည့်အတွက် ထန်ရှုသည် ထိုအဖြစ်ဆိုး၏နောက်ကွယ်များထဲမှ တစ်ယောက်လည်း ဖြစ်ရပေမည်။ သူ စိတ်မပါရင်တောင်မှ ဟုမိသားစုအား ကျန်းမိသားစုကဲ့သို့ ပြိုကွဲအဆုံးသတ်ရမည်ကို သူ မလိုလားပါချေ။ သူ၏ရင်ထဲမှ အမုန်းဆုံးသူအား ပြပါဆိုလျှင် ထိုနောက်ကွယ်မှသူများ မဟုတ်ဘဲ ကျန်းမိသားစု…အထူးသဖြင့် ကျန်းဖုန်းရှန့်သာ ဖြစ်ပေတော့သည်။ ဟုမိသားစုသည် စီမံကိန်းတွင် ပါဝင်ပြီး ရှယ်ယာခွဲယူနိုင်ရန် ၂ဘီလီယံအား စုဆောင်းကာ ကျန်းဖုန်းရှန့်အား ပေးခဲ့သည်။ သီးသန့်စာချုပ်တစ်ခုပင် ချူပ်ဆိုထားပြီးဖြစ်သည်။

နောက်ဆုံးတွင် ကြက်သည် အသိုက်ထဲမှ ပျံထွက်သွားပြီး ကြက်ဥများကွဲသွားရုံသာမက သူတို့လည်း ၂ဘီလီယံ ဆုံးရှုံးခဲ့ရသည်။ ထိုမျှသာမက ကျန်းမိသားစုဝင်များပင် အကွဲကွဲ ပျောက်ကွယ်သွားရပေသည်။ သူ၏သောကများအား မျိုချရုံသာ တတ်နိုင်ခဲ့ပြီး ထွက်ဖော်မပြောနိုင်ခဲ့ပါပေ။ ထို့ကြောင့် ထန်ရှုသည် လုံမိသားစုနှင့် ရိုးရိုးရှင်းရှင်း ပတ်သက်ခဲ့လျှင်ပင် ဟုရှန်မင်းအနေဖြင့် နည်းနည်းလေးမှ အမှားအယွင်း မဖြစ်ချင်ပေ။

အခန်းကျယ်ကြီးတစ်ခုထဲတွင်…

ချန်းဝေသည် အရသာရှိလှသော အစားအစာများအား နှစ်ခြိုက်စွာ စားသောက်နေသည်။ အစားအစာများအား အရသာခံနေရင်းဖြင့်ပင် သူမ၏မျက်လုံးများသည် အခန်းတံခါးအား တောက်လျှောက်ကြည့်နေလျက် ရှိသည်။

နောက်ဆုံးတွင် သူမသည် လက်ထဲမှ ကိုင်ထားသော တူအား ချလိုက်ကာ ထန်ရှုဘက် လှည့်ကြည့်ရင်း

“ငါ့ကို ပြောပါဦး။ သူတို့ ဒီကို လာပါ့မလား။”

“သူတို့ လာလိမ့်မယ်။” ထန်ရှုက အေးဆေးစွာ ပြောလိုက်သည်။

“နင်က ဘယ်လိုတောင် သေချာနိုင်တာလဲ။” ချန်းဝေက ဆက်လက် မေးမြန်းတော့သည်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို ကြောက်တယ်လေ။” ထန်ရှုက ရုပ်တည်ကြီးဖြင့် ပြန်ဖြေလိုက်သည်။

ထန်ရှု၏တုံံ့ပြန်မှုသည် ချန်းဝေအား ရွှင်မြူးသွားစေသည်။ သူမ၏စိတ်အနှောင့်အယှက်ဖြစ်နေသော ခံစားချက်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ သူမသည် ခေါင်းကိုယမ်းလိုက်ရင်း

“ငါ တကယ် နင့်ကို မမှန်းဆနိုင်တော့ဘူး။ ဟန်ကျင်းဝူက ပြောတော့ နင်က သာမန်ကျောင်းသားလေးတစ်ယောက်ပါတဲ့။ ကျောင်းမှာ နင့်ရဲ့ကောင်းမွန်တဲ့ အာင်မြင်မှုတွေကလွဲရင် ဘာမှ ထူးခြားတာမရှိပါဘူးလို့ သူ ပြောခဲ့တာ။ ဒါပေမယ့် အခု ပြောင်းလဲနေတယ်လို့ ပြောရမယ်။ မနေ့ကနဲ့ဒီနေ့မှာ နင်လုပ်ခဲ့တဲ့အရာတွေက နင်ဟာ အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်လို့ ငါ့ကို ခံစားရစေတယ်။”

ထန်ရှု အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း

“ဟားဟားဟား…. ခင်ဗျားက ကိုနန်မှ မဟုတ်တာ။ အဲ့ဒီလောက် သံသယအများကြီး မထားသင့်ဘူး။ စားစရာရှိတာသာ စားပါဗျာ။ မကြာခင် ကျွန်တော်တို့ အဖြေရလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။”

ချန်းဝေ ခေါင်းညိတ်ကာ တူပြန်ကိုင်လိုက်သည်။ သူမ ဆက်စားတော့မည့်ဆဲဆဲတွင် အခန်းတံခါးခေါက်သံ ကြားရပြီး ဝန်ထမ်းတစ်ယောက် အခန်းတွင်းသို့ ဝင်လာကာ

“ဟယ်လို… မစ္စတာထန်။ ဟုအုပ်စုပိုင်ရှင် ဟုရှန်မင်းနဲ့ သူ့ရဲ့သား အပြင်မှာ ရောက်နေပါတယ်။ သူတို့ကို လက်ခံတွေ့ဆုံပါမလား။”

“အထဲ ဝင်ခိုင်းလိုက်ပါ။” ထန်ရှု ပြောလိုက်သည်။

“နားလည်ပါပြီ။” ဝန်ထမ်းလေး အခန်းအပြင်သို့ ပြန်လှည့်ထွက်သွားသည်။

မကြာမီ ဟုရှန်မင်းသည် ဟုဝမ်ကျွင်းနှင့်အတူ အခန်းထဲသို့ ဝင်လာကြသည်။ သူ၏အကြည့်များသည် ချန်းဝေအား ကြည့်ပြီးနောက် ထန်ရှုတွင် အဆုံးသတ်သွားသည်။ သူသည် ထန်ရှု၏အရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး အပြုံးဖြင့်

“မစ္စတာထန်ရဲ့နာမည်ဂုဏ်သတင်းကို အများကြီး ကြားဖူးပါတယ်။ နောက်ဆုံးတော့ မင်းကို ငါ ဒီနေ့ တွေ့နိုင်ခဲ့ပြီ။ အမှန်တကယ်လည်း မင်းက အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပါပဲ။ ငါက ဟုရှန်မင်း.. ဟုမိသားစုရဲ့ခေါင်းဆောင်ပါ။”

နှုတ်ဆက်ရန် ဆန့်တန်းလာသော ထိုသူ၏လက်အား ထန်ရှ လျစ်လျူရှုကာ မှုန်မှိုင်းသော အသံဖြင့်

“ခင်ဗျား ဘာကြောင့်လာတာလဲဆိုတာ ကျွန်တော် သိပါတယ်။ လျော်ကြေးထားခဲ့ပြီး ထွက်သွားလို့ရပါပြီ။”

ဟုရှန်မင်း အောင့်သက်သက်ဖြစ်သွားရကာ သူ၏လက်အား ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏အိတ်ကပ်ထဲမှ ချက်လက်မှတ်တစ်စောင်အား ဆွဲထုတ်ကာ ထန်ရှုအရှေ့မှ စားပွဲပေါ်သို့ တင်ထားလိုက်ပြီး မချိပြုံးဖြင့်

“မစ္စတာထန်… ငါ့ရဲ့သားက မသိနားမလည်ခဲ့လို့ မင်းနဲ့ မင်းရဲ့သူငယ်ချင်းကို အဆင်ခြင်မဲ့ ပြစ်မှားခဲ့မိပါတယ်။ ငါ့ရဲ့တောင်းပန်မှုကို မင်း လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်။ ဟောဒီမှာ ၂၁မီလီယံ ချက်လက်မှတ်နဲ့ မင်းရဲ့ဘဏ်ကတ်ပါ။ ဒီငွေကို ငါတို့ဟုမိသားစုရဲ့တောင်းပန်မှုလို့ သဘောထားပေးပါ။ မနည်းလောက်ဘူးလို့ ငါ မျှော်လင့်ပါတယ်။”

ထန်ရှု ခေါင်းညိတ်လိုက်ပြီး မျက်နှာသေဖြင့်

“ကျန်းမိသားစုနဲ့ ခင်ဗျားတို့ ဟုမိသားစု စာချုပ်ချုပ်ထားပြီး ခင်ဗျား အတော်ဆုံးရှုံးသွားတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး အကြံပေးချင်တာက မိတ်ဆွေသူငယ်ချင်းဖွဲ့တာနဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်တာတွေအတွက် ပိုပြီး ဂရုစိုက်သင့်တယ်ဆိုတာပဲ။ ခင်ဗျားသားလည်း အတူတူပဲ။ ခင်ဗျား သူ့ကို ကောင်းကောင်း သင်ပေးဖို့ လိုအပ်သလို မိသားစုနောက်ခံကို အသုံးချပြီး မကောင်းတာတွေ လုပ်တာတွေကို ခွင့်မပြုသင့်ဘူး။ တစ်ခါတရံမှာ အရေးမပါတဲ့ကိစ္စလေးနဲ့ မိသားစုတစ်ခုလုံး ရှုပ်ထွေးကုန်ပြီး ကျန်းမိသားစုတွေ ဖြစ်သလို ဖြစ်ကုန်လိမ့်မယ်။ ကောင်းပါပြီ။ ပြောစရာရှိတာ ကျွန်တော် ပြောပြီးပြီဆိုတော့ ခင်ဗျားသွားလို့ရပါပြီ။”

ဟုရှန်မင်း၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ ကြောက်ခမန်းလိလိ စိတ်လှုပ်ရှားမှုသည် သူ၏နှလုံးအိမ်အတွင်း ဖြစ်တည်လာခဲ့သည်။ သည့်မတိုင်မီက ကျန်းမိသားစုအား နှိပ်ကွပ်သည့်အစီအစဉ်တွင် ထန်ရှုသည် အဓိကကျသူဖြစ်လိမ့်မည်ဟု သူ မသေချာခဲ့ပေ။ သို့သော် ဟုမိသားစုနှင့် ကျန်းမိသားစုကြားရှိ သဘောတူညီမှုစာချုပ်အား သူ သိနေသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းမိသားစု၏ခေါင်းဆောင်များသည် သူ၏လက်ထဲတွင် သေကြေပျက်စီးကြပြီဖြစ်ပေမည်။

“ဟုတ်ကဲ့။ ငါ နားလည်ပါပြီ။” ဟုရှန်မင်း ခယသောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူသည် ဟုဝမ်ကျွင်းအား တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်ပြီး အခန်းထဲမှ ပြန်လှည့်ထွက်သွားတော့သည်။

ထိုခဏတွင် ချန်းဝေမှာ ကျောက်ရုပ်အလားဖြစ်နေသည်။ ထန်ရှု၏စကားများ မှန်နေလိမ့်မည်ဟု သူမ၏အိပ်မက်ထဲတွင် ထည့်မမက်ဖူးပါချေ။ တစ်ဖက်လူသည် လျော်ကြေးပေးရုံသာမက ထန်ရှု ပေးခဲ့သော ငွေပမာဏထက် ပမာဏပိုများသည်ကိုပင် ပေးခဲ့ပေသည်။

အခန်းထဲတွင် သူတို့နှစ်ဦးတည်း ကျန်ခဲ့ချိန်တွင် ချန်းဝေသည် ချက်လက်မှတ်အား အမြန်ယူလိုက်ကာ ဂရုတစိုက် ဖတ်လိုက်သည်။ ထို့နောက် သူမသည် အံ့အားသင့်သော အကြည့်ဖြင့်

“ဒီဟုမိသားစုက တကယ်ပေးခဲ့တာလား။ ဟုမိသားစုကိုယ်တိုင် လာသွားခဲ့တာ။ နင် လျော်ကြေးအဖြစ်တောင်းခဲ့တာ ၁၁မီလီယံပဲ မဟုတ်လား။ ဘာလို့ သူတို့က ၂၂မီလီယံ ပေးသွားတာလဲ။”

“ဒါ ဟုရှန်မင်းက စဉ်းစားတွေးခေါ်တတ်တဲ့သူလို့ ဆိုလိုတာပဲ။ ဒီဟာအတွက် ခင်ဗျားရဲ့ဘဏ်ကတ် ကျွန်တော့်ကို ပေးပါ။ ဆေးကုသမှုစရိတ်အဖြစ် ၂မီလီယံ ခင်ဗျားကို ကျွန်တော် ပေးမယ်။ ကျန်တဲ့ပိုက်ဆံ ကျွန်တော် ယူမယ်။” ခပ်ဖျော့ဖျော့အပြုံးဖြင့် ထန်ရှု ပြောလိုက်သည်။

ချန်းဝေ တစ်ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းကို ယမ်းလျက်

“ဟင့်အင်း…ဟင့်အင်း.. ငါ အဲ့ဒါကို မယူနိုင်ဘူး။ သူတို့က သေချာပေါက် ငါ့ကို လျော်ကြေးပေးတာမဟုတ်ဘူး နင့်ကို ပေးတာ။”

“ကောင်းတယ်။ အဲ့ဒါဆို ကျွန်တော့်စကား ပြန်ရုတ်သိမ်းတယ်။” ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။

“ဘာလဲ။” ချန်းဝေ ပဟေဠိ ဖြစ်သွားသည်။

“ခင်ဗျားက ဉာဏ်ရည်မဖွံ့ဖြိုးဘူးလား။” ထန်ရှု ပြောလိုက်သည်။

ချန်းဝေ မျက်မှောင်ကြုပ်သွားသည်။ နောက်ဆုံးတွင် သူမ ပြုံးရင်းနှင့်ပင်  ကျိန်ဆဲတော့သည်။

“သောက်ကျိုးနည်း။ နင် ငါ့ကို စရဲတယ်ပေါ့လေ။ ဒါနဲ့ နင်က အမှန်တကယ်  ဘယ်သူလဲ။ မိသားစုကြီးက ခေါင်းဆောင်ကိုယ်တိုင် နင့်ကို ဘာလို့  လာတောင်းပန်ရတာလဲ။ ပြန်စဉ်းစားကြည့်ရင် တောင်းပန်တာတောင် သူ့မှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဖြစ်နေတာ မဟုတ်ဘူးလား။ နောက်ပြီး နင်ပြောတဲ့ ကျန်းမိသားစုက အရမ်းသြဇာကြီးတာလား။”

ထန်ရှု ဖျော့တော့သောအပြုံးဖြင့်

“ကျွန်တော်က ကျွန်တော်ပါပဲ။ သာမန်အထက်တန်းကျောင်းပြီးထားတဲ့သူတစ်ယောက်ထက် ပိုလည်းမပိုဘူး လျော့လည်း မလျော့ပါဘူး။ သူတို့ ဘာလို့ လာတောင်းပန်တာလဲဆိုတော့ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်အတွက် နောင်တရလို့ နေမှာပေါ့။ ဒါ ရိုးသားတဲ့ အမှန်တရားပါ။ ကျန်းမိသားစုအကြောင်းကိုတော့ ခင်ဗျား နောက်ထပ် ထပ်မမေးစေချင်သလို ဒီနေ့ ကျွန်တော် ပြောတာတွေလည်း မေ့လိုက်ပါ။”

ချန်းဝေက သူ့အား မျက်စောင်းအရှည်ကြီး ထိုးလိုက်ရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့်

“ဟမ့်… ကောင်းမြတ်တဲ့အကျင့်နဲ့ ပညာရှိသိက္ခာလား။ နင် ဒါကို မပြောချင်ဘူးဆိုရင် ထားလိုက်ပါ။ ငါလည်း မသိချင်ပါဘူး။”

ဒေါက်…ဒေါက်…

တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ထန်ရှု ကြည့်လိုက်ရာ တံခါးကို မှီလျက် နွေးထွေးသောအပြုံးဖြင့် လက်ပိုက်ကြည့်နေသော လုံကျန်ယုအား ချက်ချင်း မြင်လိုက်ရသောကြောင့် ပြန်ပြုံးပြလိုက်ပြီး လက်ဝှေ့ယမ်းပြလျက်

“ကျွန်တော် ဒီမှာ လာစားတာ ဘယ်လိုသိလဲ။”

လုံကျန်ယု ရယ်မောလိုက်ရင်း

“ငါ ဘယ်လိုသိရမှာလဲ။ မင်း လုပ်ထားတာ ရှိနေတာကြီးကို။”

“ပေါက်တတ်ကရ မပြောပါနဲ့ကွာ။ လိုရင်းပြောစမ်းပါ။” ထန်ရှု ပြန်ပက်လိုက်သည်။

လုံကျန်ယု ရယ်မောလိုက်ရင်း

“ဟားဟားဟား… ငါ အခုလေးတင် ဟုရှန်မင်းနဲ့ အမှတ်တမဲ့ တွေ့လာတာလေ။ သူ့မျက်နှာက မည်းမှောင်နေတာများ မီးသွေးနဲ့ ရေချိုးလာသလား မှတ်ရတယ်။ ငါ သူ့ကို ပြန်နှုတ်ဆက်တော့ သူ့သားတော်မောင်က မင်းကို ပြစ်မှားမိလို့ လျော်ကြေးလာပေးတာလို့ သိလိုက်ရတယ်လေ။”

ထန်ရှုက ရုပ်တည်ကြီးဖြင့်

“ဘုရားကတောင် အပြစ်သားတွေကို ခွင့်လွှတ်နိုင်မှတော့ ငါတို့က ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ ဟုရှန်မင်းက ရေလိုက်ငါးလိုက် နေတတ်တဲ့သူလည်း ဖြစ်တော့ အခြေအနေကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို သိတယ်လေ။ အဲ့ဒါကြောင့် ဒီပြသနာက ဒီလို ပြီးသွားတာ။ ဒါနဲ့ မင်းရော နေ့လည်စာ စားပြီးပြီလား။ မစားရသေးရင် ငါတို့နဲ့ အတူ လာစားပါလား။”

လုံကျန်ယုက ချန်းဝေအား စူးစမ်းလိုသောအကြည့်ဖြင့် ကြည့်လိုက်ပြီး    “ဒါက…”

“အာ…သူက လမ်းကြုံတစ်ယောက် သူစိမ်း အေပါ။ မနက်ဖြန်လောက်ဆိုရင် သူ့ကို မင်းဘဝထဲမှာ ထပ်တွေ့ရမှာ မဟုတ်လို့ ဘာတွေ ဘယ်လိုတွေ မေးမနေပါနဲ့တော့။”

“ဟွန့်…. နင်သာ သူစိမ်း အေ။”

***

All Chapters