ဖြေရှင်းခြင်း
Vol. 05 Ch. 216
“ဟွန့်…. နင်သာ သူစိမ်း အေ။” ချန်းဝေ တီးတိုး အငေါ့တူးလိုက်သည်။
သူမက လုံကျန်ယုအား လက်ဆွဲနှုတ်ဆက်ရန် မတ်တတ်ရပ်လိုက်ပြီး
“ဟယ်လို ကိုလူချော… ကျွန်မက ချန်းဝေပါ။ ရှင် ကျွန်မကို ဝေဝေလို့ ခေါ်နိုင်ပါတယ်။”
“ဟိုင်း ဝေဝေ…”
လုံကျန်ယုနှင့် ချန်းဝေ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ သို့သော် ချန်းဝေက သူမ၏လက်သန်းလေးဖြင့် သူ၏လက်ဖဝါးအား ကုတ်လိုက်သည်ကို ခံစားမိလိုက်သောကြောင့် လုံကျန်ယု၏အမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
ထန်ရှုသည် လုံကျန်ယု၏အမူအရာအား ကောင်းစွာ သတိပြုမိလိုက်သောကြောင့် ပြုံးစိစိ ဖြစ်သွားရပြီး ချန်းဝေအား စိုက်ကြည့်ကာ
“ကျွန်တော် ခင်ဗျားကို ပြောပြမယ်… သူ့ကို ဘယ်တော့မှ သွားမစလေနဲ့။ ကြယ်တာရာတစ်ဝှမ်းမှာ သူ့အမျိုးသမီးတွေချည်းပဲ… သူတို့နဲ့တောင် မလုံလောက်ဘူး။ နောက်ပြီး ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေတာ ပိုကောင်းတယ်။ နေရာတကာမှာ ယောကျာ်းတွေနဲ့ အလုပ်ရှုပ်မနေနဲ့။ နောင်ကျရင် လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါမဖြစ်အောင် ဂရုစိုက်သင့်တယ်။”
“ထန်ရှု… နင် ငါ့ကို ဒီလိုမျိုး ဘယ်လိုတောင် ချိုးချိုးဖဲ့ဖဲ့ ပြောနိုင်ရတာလဲ။ နင် ဘယ်လိုပဲပြောစေဦးတော့ နင်နဲ့ငါက အေးအတူ ပူအမျှ ဒုက္ခခံလာရတဲ့ သူငယ်ချင်းတွေ မဟုတ်လား။” ချန်းဝေ ခံပြင်းစွာဖြင့် ပြန်လည်ချေပလိုက်သည်။
“အာ… ခင်ဗျားနဲ့ကျွန်တော်က အေးအတူ ပူအမျှ ဒုက္ခခံလာရတယ်ဟုတ်လား။ ဘယ်အချိန်တုန်းကလဲ။”
ထန်ရှု အံ့အားသင့်သွားရသည်။
“မနေ့ညက ဘားထဲမှာရော။ နောက်ပြီး ဟိုတယ်ထဲမှာရောလေ။” ချန်းဝေ ဖိအားပေးကာ ပြောဆိုလေသည်။
ထန်ရှု မျက်လုံးပြူးကာ ဆတ်ကနဲ ပြောလိုက်သည်။
“ခင်ဗျားက အဲ့ဒါကို အေးအတူ ပူအမျှ ဒုက္ခခံလာတယ်ဆိုလိုတာလား။ ဒီမှာ အဖွားကြီး… ခင်ဗျားရဲ့ ယုတ္တိမရှိတဲ့ ငြင်းခုံမှုတွေက တကယ့်ကို မဆီလျော်တာပဲ။ ဟေး ကျန်ယု… မင်း ဘာတွေ ကြောင်ပြီး ကြည့်နေတာတုန်း။ နေ့လည်စာ စားပြီးပြီမို့လို့ ငါတို့နဲ့ မစားချင်ဘူးဆိုရင်လည်း မင်းအလုပ်မင်း ပြန်လုပ်လို့ရတယ်။”
လုံကျန်ယုသည် အမှန်တကယ်တော့ နေ့လည်စာ စားပြီးခဲ့ပြီဖြစ်ပြီး သူတို့နှင့်အတူစားရန် အစီအစဉ်မရှိပါချေ။ သို့သော်လည်း ချန်းဝေ၏စရိုက်နှင့် သူမ၏ထန်ရှုနှင့်ပတ်သက်မှုသည် သူ၏သိချင်စိတ်အား နှိုးဆွနေလေသည်။
ချက်ချင်းပင် သူသည် ကုလားထိုင်တစ်လုံးဆွဲကာ ထိုင်လိုက်ပြီး အပြုံးဖြင့်
“မင်းတို့၂ယောက် မနေ့ညက ဟိုတယ်မှာ အခန်းတစ်ခန်း မှာခဲ့တယ်ပေါ့ဟုတ်လား။ သောက်ကျိုးနည်း… ခင်ဗျားက တကယ်ကံကောင်းတာပဲ ဝေဝေ။ ဒါပေမယ့် အတော်ကို ကံမကောင်းတာပဲလို့လည်း ပြောလို့ရတယ်။”
“ဟမ်..” ချန်းဝေ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ရှင် ဘာကို ဆိုလိုတာလဲ။”
လုံကျန်ယုသည် ဖြည်းညှင်းစွာ ရယ်လိုက်ပြီး
“ခင်ဗျားကို ကံကောင်းတယ်လို့ ပြောရတာက ထန်ရှုက အမျိုးသမီးတစ်ယောက်နဲ့ ချစ်တင်းနှီးနှောဖူးတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးလို့ပဲ။ ကံမကောင်းဘူးလို့ ပြောရတာကတော့ ခင်ဗျားမှာ အချစ်ပြိုင်ဘက်တွေ အများကြီး ရှိနေတယ်။ အဲ့ဒါအပြင် တစ်ယောက်ချင်းစီတိုင်းက အလွန်ထူးချွန်ထက်မြက်တဲ့သူတွေချည်းပဲ။ အဲ့အထဲက အချို့ဆို ကျွန်တော့်နှလုံးသားကိုတောင်မှ မရပ်မနား ခုန်နေစေတယ်။”
“အာ… သူကြိုက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိသေးတာလား။” ချန်းဝေ အံ့အားသင့်စွာ ပြောလိုက်သည်။
“ဟာသပဲ။ အေးစက်စက် အပြုအမူနဲ့ အဆိပ်လိုပြင်းတဲ့ လျှာဆိုးကြီးမှတစ်ပါး အခြားမရှိသူကို အမျိုးသမီးတွေက ဘယ်လိုကြိုက်မှာလဲ။”
“အဲ့ဒီအကြောင်း ပြောရမယ်ဆိုရင် တိုက်ဆိုင်မှုလို့ပဲဆိုရမယ်။ ဒီအခန်းရဲ့ ၂ခန်းမြောက်မှာ သူ့ဘဝတစ်ခုလုံးကို ထန်ရှုအတွက် မြှုပ်နှံထားတဲ့ အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။” လုံကျန်ယု ဖြည်းညှင်းစွာ ရယ်လိုက်သည်။
“ဘယ်မှာလဲ။” ချန်းဝေ အလျင်စလို မေးလိုက်သည်။
“ဘယ်ဘက်အခန်းမှာ” လုံကျန်ယု ဖြေလိုက်သည်။
ချန်းဝေ ထိုင်ခုံမှ ထကာ အပြင်ဘက်သို့ အမြန်ပြေးထွက်သွားသည်။
ထိုအချင်းအရာကို မြင်သည့် ထန်ရှု ချက်ချင်းပင် အော်ပြောလိုက်သည်။
“ဟေး… ခင်ဗျား ဘယ်ကို သွားနေတာလဲ။ အပြင်မှာ ပြသနာ မရှာပါနဲ့တော့။ ပြန်လာပြီး စားစရာရှိတာ အမြန်စားပါဗျ။”
သို့သော်လည်း ချန်းဝေသည် ထန်ရှုအား လျစ်လျူရှုထားလေသည်။ သူမသည် အပြင်ရောက်သည်နှင့် ဘယ်ဘက်ကော်ရစ်ဒါဆီသို့ ပြေးတော့သည်။
ထန်ရှုသည် လုံကျန်ယုအား လှည့်ကြည့်လိုက်ရင်း
“မင်း သူ့ကို ဘာတွေဆေးထိုးလိုက်တာလဲ။ အဲ့ဒီအမျိုးသမီးက အမွှေစိန်တစ်ယောက်ကွ။ မနေ့ညက ပြည်ပက ပြန်လာပြီး ကြယ်တာရာကို ရောက်တယ်။ ပထမက သူ့သူငယ်ချင်းနဲ့ နေဖို့ကို သူ့သူငယ်ချင်းက အရေးတကြီးကိစ္စပေါ်လာတာနဲ့ ငါ့ကို ယုံကြည်ပြီး ၂ရက်လောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ အပ်ခဲ့တာ။”
“ဟ… မင်းသူငယ်ချင်းက ဘယ်သူလဲ။ တွေးလိုက်မယ်ဆိုရင် သူက မင်းကို ဒီလို ကိစ္စမျိုးကိုတောင် လုပ်ခိုင်းတယ်ဆိုတော့” လုံကျန်ယု ညစ်ကျယ်ကျယ်အသံဖြင့် ပြောလိုက်သည်။
ထန်ရှု တွန့်ဆုတ်စွာ တုံ့ပြန်လိုက်သည်။
“အာ… မင်း အဲ့ဒါ မေ့ထားလိုက်စမ်းပါကွာ။ ငါ မင်းကို အမှန်အတိုင်း ပြောနေတာ။ သူက ငါတို့ တတိယနှစ်အတန်းရဲ့ အတန်းပိုင်ဆရာမပါ။”
“အဲ့ဒီတော့ ဘယ်လိုဖြစ်တုန်း။” လုံကျန်ယု အပြုံးဖြင့် ပြောလိုက်သည်။
“မင်းက အေးစက်စက်နဲ့ ဘာသိဘာသိနေတာလို့ မဆိုလိုတဲ့ ခပ်တည်တည်နေတတ်တဲ့သဘာဝရှိတယ်။ မင်းရဲ့ သူငယ်ချင်းဖြစ်ရတာ ကောင်းကင်ကို လှမ်းမီရသလို အတော်ခက်ခဲတယ်ဆိုတော့ကာ ဒီလိုလူမျိုးကို ဒါတွေလုပ်ခိုင်းနိုင်တဲ့ အရည်အချင်းရှိတဲ့ မင်းရဲ့သူငယ်ချင်းကို ငါ အရမ်းသိချင်နေမိပြီ။ ဒါ ငါ့ကို တစ်ခုခုကို အချက်ပေးနေတာပဲ။ ငါ ကြားတာတော့ မင်းရဲ့အတန်းပိုင်ဆရာမက အတော်လှတဲ့ အမျိုးသမီးတစ်ယောက်ဆို ဟုတ်လား။”
“သောက်ကျိုးနည်း…မင်းခေါင်းထဲမှာ မိန်းမလှလေးတွေကလွဲပြီး တစ်ခြားမရှိဘူးလား။” ထန်ရှု ပြောလိုက်သည်။
ချစ်ရည်ရွှန်းလဲ့သောအကြည့်အား ရည်ရွယ်ချက်ရှိရှိ ပြသလျက် လုံကျန်ယုက နူးညံ့ညင်သာသော အသံဖြင့်
“ငါ့မျက်လုံးတွေထဲမှာ မင်းတစ်ယောက်တော့ ရှိပါသေးတယ်။”
“ဒီဖေ…။” ထန်ရှု အကြောများစိမ့်အောင် တုန်ရီသွားကာ ကြောက်လန့်တကြား ပြောလိုက်သည်။
အခြားအခန်းတစ်ခုထဲတွင်…
ခန်းရှသည် မြို့မှ ထိပ်သီးပိုင်းတာဝန်ရှိသူများနှင့် နေ့လည်စာ စားလျက်ရှိနေပြီး ဂျက်က တရုတ်ဟာသအချို့အား ယဉ်ကျေးစွာ ပြောဆိုလျက် ခေါင်းဆောင်များအား တဝါးဝါး သဘောကျနေစေသည်။ သူတို့လက်ထဲမှ ဝိုင်ဖန်ခွက်များသည်လည်း လျင်မြန်သောနှုန်းဖြင့် ဝိုင်များ လျော့နည်းနေပေသည်။
“မစ္စ… ဝမ်းနည်းပါတယ်.. ခင်ဗျား အထဲကို ဝင်လို့မရပါဘူး။” ဝန်ထမ်း၏အသံ ထွက်ပေါ်လာခဲ့သည်။
စကားပြောနေရင်းနှင့်ပင် ချန်းဝေသည် အခန်းအတွင်းသို့ ရအောင် ဝင်လာခဲ့သည်။ သူမ၏အကြည့်များသည် ဝိုင်စားပွဲမှ လူများဆီသို့ ရောက်သွားကာ ခန်းရှ၏မျက်နှာလေးထက်တွင် အဆုံးသတ်သွားပြီး ချက်ချင်းပင် ငူငူကြီး စိုက်ကြည့်နေလေသည်။
လှပသည်။ သူမသည် တကယ့်ကို ကြော့ကြော့မော့မော့နှင့် လှပပေသည်။
ချန်းဝေသည် အလှလေးများစွာအား မြင်ဖူးခဲ့သော်လည်း ယခုမိန်းမလှလေးနှင့် တစ်ယောက်မှ နှိုင်းယှဉ်နိုင်စရာ မရှိပေ။ သူမ၏သူငယ်ချင်းကောင်း ဟန်ကျင်းဝူပင်လျှင် ထိုမိန်းမလှလေးနှင့်ဆိုပါက အတန်ငယ် ရုပ်ဆိုးသည်ဟု ဆိုရပေတော့မည်။
သို့သော် ထိုအလှလေးအား ရင်းနှီးနေသည်ဟု မည်သည့်အကြောင်းကြောင့် သူမ ခံစားမိနေပါသနည်း။
ချန်းဝေ ခေါင်းကို ယမ်းလိုက်သည်။ ခန်းရှသည် ထန်ရှုအား သိလိမ့်မည်ဟု သူမ မယုံကြည်ပေ။ ပမာဆိုရလျှင် ခန်းရှရှေ့တွင်ဆိုပါက ထန်ရှုသည် ငန်းသားစားချင်သော ဖားပြုတ်တစ်ကောင်နှင့် တူပေမည်။ သို့သော် လုံကျန်ယု၏စကားများ မှန်၊ မမှန်အား သူမ အတည်ပြုချင်သေးသည်။ ထို့ကြောင့် ချန်းဝေက
“ဟယ်လို မိန်းမလှလေး… ရှင် ထန်ရှုကို သိလားလို့ ကျွန်မ မေးလို့ရမလား။”
တစ်ဖက်တွင် လူစိမ်းတစ်ယောက်က ရုတ်တရက် အခန်းတွင်းသို့ အတင်းဝင်လာသည်ကို ကြည့်ပြီး ခန်းရှသည် သူမကိုယ်သူမ အတော်စိတ်ပျက်သွားရကာ ချန်းဝေအား မေးတော့မည့်ဆဲဆဲ ဖြစ်သည်။ သို့သော် ချန်းဝေထံမှ အမေးစကားအား ကြားရသောအခါ သူမသည် ချက်ချင်း မတ်တတ်ရပ်လိုက်ကာ ဝန်ထမ်းအား လက်ဝှေ့ယမ်းပြလိုက်ပြီး ပြန်မေးလိုက်သည်။
“ကျွန်မ သူ့ကို သိပါတယ်။ ရှင်က…”
“ရှင် သူ့ကို သိတာ သေချာလား။” ချန်းဝေ အံ့အားသင့်သွားပြီး ဆက်မေးလိုက်သည်။
“ကျွန်မပြောနေတဲ့ ဒီထန်ရှုက တအားငယ်တယ် အသက်၂၀လောက်ပဲ ရှိဦးမယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ပြီးခါစတစ်ယောက်လေ။”
“ရှင်ပြောတဲ့လူနဲ့ ကျွန်မ သိတဲ့သူတစ်ယောက်တည်း ဖြစ်နိုင်ပါတယ်။” ခန်းရှက သေချာနေသောအသံဖြင့် ပြောလိုက်သည်။
ချန်းဝေ အံ့အားသင့်လျက်
“ဒါ လုံကျန်ယု ပြောတာမှန်တယ်လို့ ဆိုလိုတာလား။ ရှင်က ထန်ရှု ကြိုက်နေတာလား။ သူ့နောက်ကို လိုက်တဲ့ထဲက တစ်ယောက်လား။”
ခန်းရှသည် ချန်းဝေအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမက သက်သေပြုသည့်အနေဖြင့်
“ထန်ရှုက လုံကျန်ယု ပြောတာ နားထောင်ခဲ့ပြီး ဝန်ခံခဲ့လား။”
“ဟမ့်… ထန်ရှုလို အမြဲတမ်း ဘယ်အရာမဆို လက်ခံဖို့ တွန့်ဆုတ်နေသူက ဘယ်လို အတည်ပြုနိုင်မှာလဲ။”
ခန်းရှ တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ သူမ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြည်းညှင်းစွာ ပွင့်လန်းလာခဲ့သည်။ သူမသည် နောက်သို့ လှည့်လိုက်ကာ စားပွဲမှ မြို့ခေါင်းဆောင်အနည်းငယ်အား ကြည့်ကာ အပြုံးဖြင့်
“လူကြီးမင်းတို့… ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စလေး ဆောင်ရွက်စရာရှိနေလို့ ခွင့်ပြုပါဦး။ ဂျက်… လူကြီးမင်းတို့ကို ကောင်းကောင်း ဧည့်ခံထားပေးပါဦး။ လူကြီးမင်းတို့ကို ဧည့်ဝတ်မကျေဘူးဆိုရင် ကျွန်မ ရှင့်ကို ခွင့်မလွှတ်ဘူးနော်။”
“နားလည်ပါပြီ မဒမ်…” ဂျက်က ရယ်မောလိုက်သည်။
ခန်းရှ ခပ်ဖွဖွပြုံးကာ ချန်းဝေနှင့်အတူ ထွက်လာခဲ့သည်။ အပြင်ဘက် ကော်ရစ်ဒါသို့ ရောက်လာပြီးနောက် သူမက မေးလိုက်သည်။
“ထန်ရှုက ဒီမှာ ရှိနေတာလား။”
“ဟုတ်တယ်။ ကျွန်မကို သူ ခေါ်လာတာ။” ချန်းဝေက ခေါင်းညိတ်ရင်း ပြောသည်။
“ကောင်းပြီ။ ကျွန်မကိုယ်ကျွန်မ မိတ်မဆက်ရသေးဘူး။ ကျွန်မက ခန်းရှပါ။ ခမ်းနားသော ထန်လုပ်ငန်းစုက အထွေထွေမန်နေဂျာပါ။ စကားမစပ်… ကျွန်မကို သူ့ဆီ ခေါ်သွားပေးနိုင်မလား။” ခန်းရှ အပြုံးဖြင့် ဆိုလိုက်သည်။
“ဟင်…” ချန်းဝေ စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မ ဘာကြောင့် ရှင့်နာမည်ကို ကြားဖူးနေတယ်လို့ ခံစားနေရတာလဲမသိဘူး။”
“ဟုတ်တယ်။ ကျွန်မနာမည်က သာမန်ဆိုတော့ လူတော်တော်များများ ရင်းနှီးတယ်လို့ ခံစားရစေတယ်။”ခန်းရှ အပြုံးဖြင့် ပြောလိုက်သည်။
ချန်းဝေ ခေါင်းယမ်းလိုက်ပြီး သူမ၏မျက်ဝန်းထဲမှ သံသယများအား ဖိနှိပ်ထားလိုက်ကာ
“သွားကြစို့။ သူ့ကို တွေ့ဖို့ ကျွန်မ ရှင့်ကို ခေါ်သွားပေးမယ်။ လုံကျန်ယုက ပြောတယ်… ထန်ရှုကို သဘောကျတဲ့ မိန်းမလှလေးတွေ အများကြီးပဲတဲ့… အဲ့ထဲကတစ်ယောက်က ဒီက အခန်းတစ်ခုမှာလို့ ပြောတယ်။ ကျွန်မ အစက သူပြောတာ မယုံဘူး။ ဒါပေမယ့် ဒီနေရာကို လာလိုက်တော့ သူ ပြောတာမှန်တယ်။ ရှင်က ကျွန်မတွေ့ဖူးသမျှထဲမှာ အလှဆုံးအမျိုးသမီးပဲ။”
“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ခန်းရှ ဖျော့တော့သောအပြုံးဖြင့် ပြောလိုက်သည်။
ထန်ရှု ရှိနေသော အခန်းသို့ ရောက်သောအခါ ထန်ရှုသည် လုံကျန်ယုနှင့် စကားပြောနေသည်ကို ခန်းရှမြင်လိုက်သောကြောင့် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“သူဋ္ဌေး… နင် နေ့လည်စာ စားတာကို ငါ နှောင့်ယှက်သလိုဖြစ်သွားလား။”
“မြို့ခေါင်းဆောင်တွေကို ဘေးအခန်းမှာ ခင်ဗျား ဧည့်ခံနေတယ်လို့ လုံကျန်ယုဆီက အခုပဲ ကြားတယ်။ ဘယ်လိုလဲ။ အများကြီး သောက်ထားလား။” ထန်ရှု အပြုံးဖြင့် ပြောလိုက်သည်။
“နေ့လည်ကျ အလုပ်ရှိသေးလို့ ငါ နည်းနည်းပဲ သောက်ထားတာပါ။ နောက်ပြီး ဂျက်က သူတို့နဲ့ အဖော်လုပ်ပေးနေတယ်။” ခန်းရှ အပြုံးဖြင့် ပြောလိုက်သည်။
ထန်ရှု ခေါင်းညိတ်နေရင်း
“ကျွန်တော့်ကို နှစ်အနည်းငယ်တော့ အချိန်ပေး။ ကျွန်တော်တို့ ကုမ္ပ ဏီ စီးပွားရေးလုပ်ငန်းဆွေးနွေးမှုတွေ သေချာဖို့ လူတွေကို အသောက်အစားနဲ့ ခင်ဗျား မဧည့်ခံရဖို့ ကျွန်တော် အာမခံတယ်။ ကျွန်တော်တို့နဲ့ အတူလုပ်ရဖို့တောင် သူတို့တောင်းပန်လာရလိမ့်မယ်။ ထပ်ပြီးပြောချင်တာက ခင်ဗျားကို မလေးမစားလုပ်တဲ့လူရှိရင် သူတို့မျက်နှာ ထောက်ထားစရာမလိုဘဲ ခင်ဗျား သူတို့ကို ပါးရိုက်နိုင်တယ်။ ကျွန်တော်တို့နောက်ကျောကို ဓားနဲ့ထိုးရဲတဲ့သူရှိရင် ကျွန်တော့်ကို ပြော။ ကျွန်တော် သူတို့ကို ဆုံးမလိုက်မယ်။”
“နင့်လို သူဋ္ဌေးတစ်ယောက်ရှိတာ အလွန်ကောင်းတာပဲ။” ခန်းရှ အပြုံးဖြင့် ပြောလိုက်သည်။
“အာ… နေပါဦး… နေကြပါဦး။”
ချန်းဝေ ခန်းရှဆီသို့ လျှောက်လာသည်။ သူမ၏လက်နှစ်ဘက်အား ထန်ရှုနှင့်ခန်းရှကြားသို့ ဆန့်လိုက်ရင်း သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်အမူအရာများ ဖြစ်ပေါ်နေသည်။
“အကြီးအကဲခန်း… ရှင် သူ့ကို ဘယ်လိုခေါ်လိုက်တယ်။ သူဋ္ဌေး ဟုတ်လား။ ရှင်ပြောတော့ ရှင်က ခမ်းနားသော ထန်လုပ်ငန်းစုက အထွေထွေမန်နေဂျာဆို။ အဲ့ဒါဆို သူက အဲ့ဒီလုပ်ငန်းစုရဲ့သူဋ္ဌေးကြီးဆိုတဲ့သဘောလား။”
“ဟုတ်ပါ့ရှင်။ သူက ခမ်းနားသော ထန်လုပ်ငန်းစုက သူဋ္ဌေးကြီးပါ။” ခန်းရှက ပြုံးကာ ပြောလိုက်သည်။
ချန်းဝေ အံ့သြတုန်လှုပ်စွာဖြင့် ထို၂ယောက်အား ကြည့်လိုက်သည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်ပြီးနောက် သူမ မေးလိုက်ပြန်သည်။
“အဲ့ဒါဆို ခမ်းနားသော ထန်လုပ်ငန်းစုက ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ။”
“ဒါက စီးပွားရေးလျှို့ဝှက်ချက်မို့လို့ ရှင့်ကိုပြောဖို့ အဆင်မပြေဘူး။” ခန်းရှ ခေါင်းယမ်းလိုက်သည်။
“နင် ငါ့ကို ပြောပြ။” ချန်းဝေ၏အကြည့်က ထန်ရှုအပေါ်သို့ ရောက်သွားကာ အော်ပြောလိုက်သည်။
ထန်ရှုက သူမ၏အမေးအား တိုက်ရိုက်မဖြေဘဲ ခန်းရှအား ကြည့်ရင်း မေးလိုက်သည်။
“အစီအစဉ်တွေအားလုံးက ပြီးလုနီးပါးဖြစ်နေပြီမဟုတ်လား။ ကျွန်တော်တို့ အဲ့ဒီကနေ ရှယ်ယာ ဘယ်လောက်ရလဲ။”
“ပြောရမယ်ဆိုရင် အစစ လက်စသတ်ပြီးသွားတဲ့အချိန်မှာ ရလဒ် မကြာခင် သိရလိမ့်မယ်။ ပမာဏအနေနဲ့ဆိုရင်တော့ လူတိုင်းခွဲဝေပြီးရင်တော့ ၄ဘီလီယံ ရနိုင်တယ်။” ခန်းရှ ဖြေလိုက်သည်။
ထန်ရှု ပီတိဖြစ်နေသောအကြည့်ဖြင့်
“၂၀၀မီလီယံ သုံးပြီး ၄ဘီလီယံရတာ ထိုက်တန်လို့ ပြောရမယ်။”
ချန်းဝေ အံ့အားသင့်စွာဖြင့် ထို၂ယောက်အား ကြည့်မိပြန်သည်။ သူမ၏အောက်မေးရိုး ပြုတ်ကျလုမတတ် ပါးစပ်အကျယ်ကြီး ဖြစ်သွားရပြီး ဘဲငန်းဥကြီးတစ်ဥပင် ဝင်လို့ရနိုင်သည်။
“နင်.. နင်က ဘယ်သူလဲ သေချာပြော။” ချန်းဝေ ထန်ရှုအား လက်ညှိုးတထိုးထိုးနှင့်ဖြစ်နေသည်။
“နင်က နင်… နင် ဘယ်သူလဲ။” ထန်ရှု၏အဖြေကို မစောင့်တော့ဘဲ ချန်းဝေ အော်ပြောလိုက်သည်။
“သူ အခုလေးပဲ ပြောခဲ့တာမဟုတ်လား။ သူက ခမ်းနားသော ထန်လုပ်ငန်းစုက သူဋ္ဌေးကြီးလေ။ လူသိများတဲ့ ခန်းရှက သူ့အတွက် အလုပ်လုပ်ပေးနေမှတော့ ဒီလုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုစုစုပေါင်းက နောင်ဆိုရင် အဆထောင်ပေါင်းများစွာ မြင့်တက်လာလိမ့်မယ်လို့ ငါတောင် ပြောရဲတယ်။ သူတို့တွေ ဘီလ်ဂိတ်ထက်တောင် ချမ်းသာနိုင်ဦးမယ်။” လုံကျန်ယုက သူမအား စိတ်အချဉ်ပေါက်သောအသံဖြင့် ဖြေလိုက်သည်။
ချန်းဝေ၏မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရပြီး ရုတ်တရက် သူမကိုယ်လုံးလေး တုန်ရီသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။သူမသည် ခန်းရှအား ကြည့်လိုက်ရင်း အားရဝမ်းသာစွာဖြင့်
“ဘုရားသခင်… ကျွန်မ ရှင့်ကို အခု မှတ်မိသွားပြီ။ ရှင်က ခန်းရှ… ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဝေါလ်စထရိက စီးပွားရေးပါရမီရှင် ဟုတ်တယ်မဟုတ်လား။”
ခန်းရှ တစ်ချက်ပြုံးလိုက်ရင်း
“ကျွန်မရဲ့နာမည်က ကမ္ဘာကို ကိုင်လှုပ်ခဲ့တယ်ဆိုတာကိုတော့ မခံယူဝံ့ပါဘူး။ ဒါပေမယ့် ကျွန်မ အမှန်ပဲ ဝေါလ်စထရိက လာခဲ့တာပါ။”
ချန်းဝေ ဒယီးဒယိုင်ဖြစ်သွားကာ သူမ၏ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရသည်။ သူမ၏ရင်အား လက်ဖြင့် အသာဖိလျက် အတန်ငယ်ကြာသည်အထိ စကားမပြောနိုင်ဘဲရှိပေသည်။
ဒါ အကြီးကြီးကို အံ့သြတုန်လှုပ်ရတာပဲ။ ဒီနေ့ သူမအတွက် နှလုံးသွေးရပ်လုမတတ် အံ့အားသင့်စရာတွေက များလွန်းလှပါလား။
သည်တစ်ကြိမ် အံ့သြတုန်လှုပ်ရမှုသည် ခန်းရှကြောင့် လုံးဝမဟုတ်ဘဲ ထန်ရှုကြောင့်သာ ဖြစ်သည်။ သူမအား အဖော်ပြုပေးနေပြီး မခံချင်အောင် ပြောဆိုနေသော ဒီကောင်လေးသည် မျှော်လင့်မထားမိလောက်အောင် ကြောက်စရာကောင်းလှသည့် ပုံရိပ်အသွင်သို့ ပြောင်းလဲသွားချေပြီ။
ခန်းရှက မည်သူဖြစ်ပါသနည်း။ သူမသည် တစ်ကမ္ဘာလုံးတွင် ဉာဏ်အကောင်းဆုံးပါရမီရှင် ဖြစ်သည်။ ထိုသို့ ထူးချွန်သောသူအား အလုပ်ခန့်လိုသူ၊ ငှားရမ်းလိုသူ လုပ်ငန်းစုကြီးများ အများအပြား ရှိခဲ့သော်လည်း သူမသည် အမိနိုင်ငံသို့ ပြန်လာခဲ့ပြီး မမျှော်လင့်စွာဖြင့် ထန်ရှု၏လက်အောက်ခံတစ်ယောက် ဖြစ်လာခဲ့သည်။
ဒါ မှန်သည်။ ခန်းရှသည် ထန်ရှုအား စိတ်ဝင်စားနေသည်ဟု လုံကျန်ယု ပြောခဲ့သေးသည်မဟုတ်ပါလော။ ဒါ အမှန်တရားပင်လော။
ချန်းဝေ၏တုံ့ပြန်မှုများသည် ထန်ရှုအတွက် ရယ်ချင်စရာဖြစ်နေသော်လည်း လုံကျန်ယုနှင့် ခန်းရှ ရှိနေသောကြောင့် သူ ဘာမျှ မပြောဘဲ ထိုအစား ခန်းရှကိုသာ စကားဆိုလိုက်သည်။
“ဒါနဲ့… ခင်ဗျား သူတို့ကို ထပ်ပြီး ဧည့်ခံစရာ မရှိရင် ဘာမှ လုပ်ဖို့မရှိတော့ရင် စောစောပြန်ပြီး အနားယူသင့်တယ်။”
“လုပ်စရာတွေ ရှိနေသေးလို့ ငါ ပြန်ရဦးမယ်။ ဂျက်ကို သူတို့ကို အဖော်လုပ်ပေးဖို့ ထားခဲ့ပေမယ့် အကြာကြီး ပစ်ထားခဲ့လို့ မကောင်းဘူး။ အဲ့ဒါကြောင့် ငါ အဲ့ဒီကို အရင် ပြန်သွားလိုက်ဦးမယ်။”
“ကောင်းပါပြီ။” ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
***