← Chapters

အလုပ်ပြီးမြောက်ခြင်း

Vol. 05 Ch. 217

အလုပ်ပြီးမြောက်ခြင်း

Vol. 05 Ch. 217

နေ့လည်စာစားခြင်း ပြီးဆုံးခဲ့ပြီဖြစ်သည်။ လုံကျန်ယုနှင့် လမ်းခွဲပြီးနောက် ထန်ရှုသည် ချန်းဝေအား အနီးရှိ ဘဏ်တစ်ခုသို့ ခေါ်ဆောင်သွားကာ ချက်လက်မှတ်အား လဲလှယ်ပြီး အသည်းအသန်ငြင်းဆိုနေသော ချန်းဝေအား ၂မီလီယံ ပေးလိုက်သည်။ ဘဏ်မှ ထွက်လာပြီးနောက် နှစ်ယောက်သား လူစည်ကားသော လမ်းပေါ်တွင် မတ်တတ်ရပ်နေရင်း ထန်ရှုက အပြုံးဖြင့်

“နေ့လည်စာ စားလို့လည်း ပြီးပြီ။ ကျွန်တော်တို့ ပိုက်ဆံတစ်ချို့လည်း ရခဲ့ပြီဆိုတော့ ခင်ဗျား ဟိုတယ်မှာ လိမ်လိမ်မာမာနဲ့ နေနိုင်တယ်မဟုတ်လား။ ကျွန်တော် လုပ်စရာရှိသေးလို့ ခင်ဗျားနဲ့ နေဖို့ အချိန်မရတော့လို့။”

“နင် ဘယ်သွားမလို့လဲ။” ချန်းဝေ မေးလိုက်သည်။

“ကျွန်တော် အရေးကြီးတာတစ်ခု လုပ်ဖို့ရှိနေလို့။” ထန်ရှုက ပြောလိုက်သည်။

ချန်းဝေ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

“အဲ့လိုဆိုမှဖြင့် သွားပါ။ ဟိုတယ်ကို ငါ့ဘာသာ ပြန်လိုက်ပါမယ်။ ဒီည နင် ငါနဲ့အတူ ညစာ စားဖို့ အဖော်လုပ်ပေးဦးမှာလား။”

“ကျွန်တော် မလုပ်နိုင်လောက်ဘူး။ ဒါပေမယ့် ခင်ဗျားစကားအတိုင်း ဟိုတယ်မှာ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ကျွန်တော် မနက်ဖြန်နေ့လည် လာခဲ့မယ်။ ဆရာမဟန်လည်း မနက်ဖြန်နေ့လည်ဆို ကြယ်တာရာကို ပြန်ရောက်ပြီ။ သူ ခိုင်းတာ ကျွန်တော် လုပ်ပြီးကြောင်း သူ့ကို ပြောဖို့နဲ့ ခင်ဗျားကိုလည်း သူ့ဆီ ပြန်ပို့ရဦးမယ်လေ။” ထန်ရှု ပြောလိုက်သည်။

စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ချန်းဝေ ပြန်ပြောလိုက်သည်။

“ငါ့ကို ဟန်ကျင်းဝူဆီ မြန်မြန်ပြန်သွားစေချင်တာ ဟုတ်တယ်မလား။”

“ခင်ဗျားတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေလေ။ အဲ့ဒါကြောင့် ကျွန်တော်က နှစ်ယောက်သား စောစောဆုံလို့ရအောင်လို့ပါ။” ထန်ရှုက ပြောလိုက်သည်။

“နင် ငါနဲ့ မနေရင် ငါ့ဘာသာ လျှောက်လည်မှာ။” ချန်းဝေက ခြိမ်းခြောက်ဟန်ပြုလိုက်သည်။

ထန်ရှု တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် မချိပြုံး ပြုံးကာ ခေါင်းကိုသာ ယမ်းလိုက်တော့သည်။

တစ်နေ့တာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ချန်းဝေသည် ခွေးပလာစတာတစ်ခုသဖွယ် ထန်ရှုအား ကပ်တွယ်နေပြီး မည်သည့်အကြောင်းပြချက်နှင့်မဆို ထန်ရှုအား ပြန်မလွှတ်ချေ။ ညအချိန်တွင်ပင် ထန်ရှုအား တောင်တံခါးအိမ်ရာသို့ ပြန်မလွှတ်ချင်ပေ။ သူမက အကြောင်းပြချက်ပေးသည်မှာ မနေ့ညကဲ့သို့ တစ်စုံတရာ ထပ်ဖြစ်မည်ကို ကြောက်ရွံ့လှသဖြင့် ထန်ရှုက သူမအား ဟိုတယ်တွင် အဖော်လုပ်ပေးစေချင်သည်။ ထန်ရှု ဒေါသထွက်လွန်းသဖြင့် သူမအား ကန်ထုတ်လုနီးပါးပင် ဖြစ်ရသည်။

နောက်တစ်နေ့ နေ့လည်တွင်…

ဟန်ကျင်းဝူထံမှ ထန်ရှု ဖုန်းခေါ်ဆိုမှု လက်ခံရရှိချိန်တွင် ချန်းဝေသည် လမ်းတကာတွင် သူမ စားချင်သလောက် အစားအသောက်များအား အငမ်းမရ စားနေသည့်အချိန်ဖြစ်သည်။ ဟန်ကျင်းဝူ ရောက်လာပြီးနောက် ထန်ရှုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ဆရာမဟန်… ဒီလိုစိတ်တိုစရာကောင်းတဲ့ အလုပ်မျိုးအတွက် ကျွန်တော့်ကို ရှာပြီး အနှောင့်အယှက် ထပ်မပေးပါနဲ့တော့။ ကျွန်တော့်အလုပ်လည်း ပြီးပြီမို့ ကျွန်တော် အရင်သွားနှင့်တော့မယ်။”

ဟန်ကျင်းဝူ ထန်ရှုအား အမြန်ဖမ်းဆွဲထားသည်။ ရယ်ရအခက် ငိုရအခက်ဖြစ်နေသော အမူအရာနှင့် သူမက

“ထန်ရှု… နင် ချန်းဝေကို ဒီနှစ်ရက် အဖော်လုပ်ပေးခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ခါးခါးသီးသီး ဖြစ်နေရတာတုန်း။ ဒီမိန်းကလေးက နင့်ကို အနိုင်ကျင့်ခဲ့သေးလား။ သူ့အကျင့်ကို ငါ သိတယ်။ သူ့မှာ ပေါက်ကရအတွေးတွေ ရှိပေမယ့် သူက ဆိုးညစ်တဲ့သူမဟုတ်သလို သတ္တိလည်း မရှိပါဘူး။ အခုချိန်ထိ ချစ်သူရည်းစားတောင် မရှိသေးဘူးလေ။”

ထန်ရှု မျက်လုံးပြူးသွားရရင်း

“ဟမ့်… သူက လူလည်အကြီးစားပဲ။ ကျွန်တော့်ကို စိတ်အနှောင့်အယှက်အချို့ မလုပ်ရဘူးဆိုရင် ဟိုတယ်မှာ သူက မိန်းကလေးချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် အခြေအနေကို ရောက်နေမှာတောင် စိုးကြောက်ရတယ်။”

ဟန်ကျင်းဝူ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း

“ခစ်..ခစ်..ခစ်… အဲ့ကောင်မလေးကတော့လေ။ နင့်ကို သူက လိင်တူလိင်ကွဲ စိတ်ဝင်စားတဲ့သူလို့ ပြောထားတာလား။ သူ ပေါက်ကရပြောတာတွေ မေ့လိုက်တော့။ လိင်နဲ့ပတ်သက်ပြီး သူမက ပုံမှန်ပါဟယ်။”

ထန်ရှု တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်နေမိသည်။ သူမ၏မုန့်ပဲသွားရည်စာများထဲတွင် ခေါင်းစိုက်ကာ အငမ်းမရစားနေသော ချန်းဝေအား ကြည့်ပြီး သူမ၏ပါးစပ်လေးအား ဆွဲဖြဲချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။ မိန်းကလေးတစ်ယောက်၏အတွင်းကမ္ဘာသည် အပ်နဖါးပေါက်တစ်ခုအလားပင် ဖြစ်သည်ဆိုသည်မှာ မှန်ပေသည်။ သူမသည် ထန်ရှုအား တစ်ချိန်လုံး အရူးလုပ်နေခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ပြန်သင့်ပြီ။ ဘိုင်။” ပြောပြီးသည်နှင့် ထန်ရှု အဝေးသို့ ထွက်သွားတော့သည်။

ဟန်ကျင်းဝူသည် သူ၏နောက်ကျောအား ကြည့်ရင်း ခေါင်းကိုယမ်းကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ ထို့နောက် ချန်းဝေအနားရှိ ထိုင်ခုံတွင် ထိုင်လိုက်ကာ အပြုံးဖြင့်

“နင် သူ့ကို ဘာတွေ နှိပ်စက်လိုက်တာလဲ။”

ချန်းဝေက ထွက်ခွာသွားသော ထန်ရှု၏ကျောပြင်အား စောင့်ကြည့်နေရင်းမှ မော့ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲတွင် တွန့်ဆုတ်သော အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားသည်ကို သူမ၏နဖူးရှေ့မှ ဆံနွယ်လေးများအား လက်ဖြင့် မကာ ဖုံးကွယ်လိုက်ပြီး အသာအယာ ပွတ်သပ်ကာ ဘေးသို့ ပို့လိုက်သည်။ ထို့နောက် သူမသည် တည်ငြိမ်ဟန်ဆောင်လိုက်ကာ

“ဟေး… ငါက မြေခွေးမတစ်ကောင် မဟုတ်ပါဘူးနော်။ သူ့ကို ဒါမျိုး ငါ ဘယ်လို လုပ်နိုင်မှာတဲ့လဲ။ ငါ ပြောပြမယ်…. နင့်တပည့်လေးက နတ်သားတစ်ပါးလိုပဲ။ သူ့နောက်ကို လိုက်တာ အစားအသောက်ကောင်းတွေ စားရတဲ့အပြင် ငါ့ကို ပိုက်ဆံတောင် ရှာပေးလိုက်သေးတယ်။ ငါ့ကို ပြန်မထနိုင်အောင် ရိုက်တာသာ မရှိရင် အဲ့ဒီရက်တွေက အလွန် ကောင်းမွန်တယ်လို့ ဆိုရမှာပဲ။”

ဟန်ကျင်းဝူ၏မျက်နှာလှလှထက်တွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာပြီး ချန်းဝေအား ကြည့်လိုက်သည်။ ပြီးခဲ့သော ၂ရက်သည် သူမအတွက် အလွန်ခမ်းနားကြီးကျယ်ခဲ့သည့်နှယ် ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် သူမအား ထန်ရှု ရိုက်ခဲ့သည်ကို ကြားရသောအခါ သူမ၏အမူအရာသည် မှိန်ဖျော့သွားလေသည်။

“ဝေဝေ… ထန်ရှုက နင့်ကို ပြန်မထနိုင်အောင် ရိုက်တယ်ဆိုတာ တကယ်လား။”

ချန်းဝေက ရှုံ့မဲ့ပြီး ပြောလိုက်သည်။

“ဟွန့်… သူ လုပ်တယ်။ တော်တော်ပြင်းပြင်းကို လုပ်ခဲ့တာ။”

ဟန်ကျင်းဝူ မေးလိုက်သည်။  “ဘာဖြစ်လို့လဲ။”

“သူက လူဒေါင်ဘင်ကို ကိုက်တဲ့ခွေးလိုပဲ… ငါ့ရဲ့ကောင်းမွန်တဲ့ ကြင်နာမှုအတွက် မကောင်းတဲ့ဆုလာဘ်ပြန်ရတယ်ဆိုသလိုပဲ။ ပြီးခဲ့တဲ့၂ညက အရမ်းအန္တရာယ်များတဲ့ ညတွေပေါ့ ပြီးတော့ ငါ့ရဲ့ကြင်နာမှုနဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေရဲ့အပြင်ဘက်ကို….” ချန်းဝေ စိတ်ဆိုးမာန်ဆိုးဖြင့် အစချီကာ ပြန်ပြောပြသည်။

သူမ၏ဇာတ်ကြောင်းပြန်လည်ပြောဆိုမှုကြောင့် ဟန်ကျင်းဝူ အဖြစ်အပျက်တစ်ခုလုံးအား သိရှိသွားတော့သည်။ ထိုအကြောင်းအား သိရှိပြီး သူမလည်း အံ့သြတုန်လှုပ်သွားရကာ အချိန်အတော်ကြာသည့်တိုင် စကားမပြောနိုင်ခဲ့ပါပေ။

“နင်… နင် ပြောတာ ထန်ရှုက ရဲတွေကို ဘားကို ခေါ်ခဲ့တယ် ၊ နင့်ကို ဟိုတယ်ကို လိမ်လိမ်မာမာ ပြန်သွားရအောင် လုပ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီနေရာမှာ မူးယစ်ဆေးရောင်းတ့သူအချို့ကို ရှာတွေ့ခဲ့တယ် ဟုတ်လား။ ပြီးတော့ သူက ဆီဇာတော်ဝင်ဟိုတယ်မှာ ကျန်တဲ့သဲလွန်စတွေနောက် လိုက်ခဲ့သေးတာလား။ တိုက်ခိုက်တာတွေဖြစ်ပြီးတော့ လူတွေအများကြီး သေခဲ့တာပေါ့ဟုတ်လား။”

“ဟုတ်တယ်။ တကယ့်အဖြစ်အပျက်က ရုပ်ရှင်တွေထဲကထက် ပိုပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းတယ်။ ထန်ရှုက ငါ့အကြံဉာဏ်ကို နားမထောင်ဘဲ ထော်လော်ကန့်လန့် လုပ်တယ်လေ။ သူက ငါ့ကို အလဲထိုးရုံသာမကဘူး အပြင်ထွက်ပြီး သူရဲကောင်းတစ်ယောက် အောင်အောင်မြင်မြင် ဖြစ်လာခဲ့တယ်။ ကံကောင်းထောက်မလို့ သူ အခြေအနေ ကောင်းခဲ့တယ်။ နို့မဟုတ်လို့ကတော့ ငါက သူ့ကို ပြန်ပြီး ဂရုစိုက်နေရုံကလွဲပြီး တခြားနည်းလမ်းရှိမှာတောင် မဟုတ်ဘူး။”

ဟန်ကျင်းဝူ၏မျက်နှာလေးတွင် အားကျသည့် အရိပ်အယောင် ဖြစ်ပေါ်သွားပြီး

“နင့်မှာ တကယ်ကို ခမ်းနားတဲ့အချိန်တွေ ရှိခဲ့တာပဲ။ အဲ့လိုမှန်းသိရင် ငါ ရှန်ဟိုင်းကို ဦးစားပေး မသွားခဲ့ပါဘူးဟာ။ အာ ဟုတ်ပြီ။ နင် သူနဲ့အပြင်ထွက်လည်တော့ ပိုက်ဆံရှာနိုင်ခဲ့တယ်လို့ ပြောသေးတယ်လေ အဲ့ဒါ ဘာကို ပြောတာလဲ။”

ချန်းဝေ၏မျက်နှာလေးတွင် တောက်ပသောအပြုံးတစ်ပွင့် ရုတ်ခြည်းပင် ပွင့်လန်းလာပြီး

“ဟင့်အင်း… ဒီဟာတော့ ငါ နင့်ကို ပြောလို့မရဘူး။ ဘယ်သူမှ ပြန်မပြောပါဘူးဆိုပြီး သူ့ကို ကတိပေးထားရတယ်။ ဒါပေမယ့် ငါ နင့်ကို ပြောနိုင်တာတစ်ခုက နင့်ကျောင်းသားက တကယ်အံ့သြဖို့ ကောင်းတယ်ဆိုတာပဲ။ အမေရိကားမှာ နှစ်အကြာကြီးနေခဲ့ပြီး ပါရမီရှင်တွေ၊ ဉာဏ်ကြီးရှင်တွေ၊ မွန်းစတားလိုစွမ်းရည်ကောင်းတဲ့သူတွေနဲ့ တွေ့ခဲ့တာတောင် သူ့ရဲ့ပြင်းထန်တဲ့စွမ်းရည်တွေကို ယှဉ်နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး။ ခဏလေးပဲ စောင့်ကြည့်လိုက်။ အနာဂတ်မှာ သူရဲ့ချပ်ဝတ်တန်ဆာ အလင်းဖြာပြီး ရွှေရောင်အလင်းလို လုံး၀ တောက်ပလာလိမ့်မယ်။”

“ဖွီး…ခစ်..ခစ်…ခစ်…” ဟန်ကျင်းဝူ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပါချေ။ သူမက ပြုံးလိုက်ပြီး

“ဝေဝေ…. နင်ပြောနေတာက ကြီးမြတ်တဲ့ ယောကျာ်းတစ်ယောက်ကို ပုံဖော်နေတာမဟုတ်ဘဲ သတို့သားတစ်ယောက်ကို ပုံဖော်ပြောနေတဲ့အတိုင်းပဲ။ ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ… နင် ငါ့တပည့်လေးကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်။”

ချန်းဝေက သူမ၏ဗိုက်ကလေးကို ပွတ်လိုက်ပြီး ပြန်စလိုက်သည်။

“ငါ သူ့ကို ကြွေသွားပြီဟယ်။ ဒါပေမယ့် သူ့ကို ငါ လက်ထပ်လိုက်ရင် သူခေါ်တဲ့အတိုင်း နင့်ကို ဆရာမဟန်လို့ ခေါ်ရလိမ့်မယ်နဲ့တူတယ်။”

“သောက်ကျိုးနည်း…”

“ဟား…ဟား…ဟား…”

ရွှင်မြူးစွာ ရယ်မောလိုက်ကြပြီးနောက် ဟန်ကျင်းဝူ မေးလိုက်သည်။

“ဝေဝေ… နင် ငါမေးတာ မဖြေသေးဘူးနော်။”

ချန်းဝေ ရယ်နေရာမှ ရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ငါ နင့်ကို အကြောင်းအရာတစ်ခု ဖြေနိုင်တယ်။ အခြားမေးခွန်းတွေကတော့ နင့်တပည့်အကြောင်း တကယ်သိချင်ရင် ကိုယ်တိုင် အဖြေရှာမှရမယ်။”

“ဘယ်တစ်ခုလဲ။” ဟန်ကျင်းဝူ သံသယများနှင့် မေးလိုက်သည်။

“တုန်လှုပ်အံ့သြရမယ့် သူ့ရဲ့အကြောင်းပဲ။ ပြောရမယ်ဆိုရင် လုံစားသောက်ခန်းမက ကြယ်တာရာမှာ အရမ်း အထက်တန်းကျတဲ့ စားသောက်ဆိုင် မဟုတ်လား။” ချန်းဝေက ပြောလိုက်သည်။

ဟန်ကျင်းဝူ လေးနက်သောဟန်ဖြင့်

“အဲ့ဒါဟုတ်တယ်။ အဲ့ဒီအရာကို ဒုတိယလို့ ပြောမယ်ဆိုရင် အခြားအရာတွေက ပထမလို့ ပြောနိုင်စရာအကြောင်းကို မရှိဘူး။”

“ထန်ရှုက အဲ့ဒီလုံစားသောက်ခန်းမမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရုံမကဘူး အထူးဧည့်သည် တစ်ယောက်တောင် ဖြစ်နေတယ်။ ကျန်တာတွေကတော့ နင့်ဘာသာ အဖြေထုတ်ပေါ့။”

“ထန်ရှုက လုံစားသောက်ခန်းမမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဟုတ်လား။”

ဟန်ကျင်းဝူ မယုံကြည်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး

“နင် ဘယ်သူ့ကို နောက်နေတာလဲ။ ထန်ရှုက ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာ၊ ပြီးတော့ သူ့မိသားစုအခြေအနေက သိပ်ပြီး ကောင်းတာမဟုတ်ဘူး။ သူက လုံစားသောက်ခန်းမရဲ့အဖွဲ့ဝင် ဘယ်လိုဖြစ်နိုင်မှာတုန်း။ ဝေဝေ…. နင် ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်။”

ချန်းဝေသည် လက်နှစ်ချောင်းကို မြှောက်ကာ ကျိန်ဆိုလိုက်သည်။

“ကျွန်မသည် အလိမ်အညာစကား ပြောခဲ့ပါက မည်သူတစ်ဦး တစ်ယောက်နှင့်မျှ လက်မထပ်ရဘဲ ဟန်ကျင်းဝူသာ ကျွန်မ၏ဘဝထဲတွင် ရှိပါစေ။”

“ဟေး…. ဒါကြီးက သောက်ကျိုးနည်း ကျိန်ဆိုမှုကြီးပါလား။” ဟန်ကျင်းဝူ ရယ်မောလိုက်တော့သည်။

ကြယ်တာရာလေဆိပ်တွင်…

ထန်ရှုသည် ဟန်ကျင်းဝူနှင့် ချန်းဝေအား နှုတ်ဆက်ပြီးနောက် အငှားကားတစ်စီး ငှားကာ လေဆိပ်သို့ အပြေးသွားခဲ့သည်။ မနေ့က သူသည် ထျန်းကျင်းမြို့သို့ သွားပြီး ဆောင်းဦးဒီရေ ဓာတ်ပေါင်းနှင့် ကြယ်အပိုင်းအစ ဝယ်ရန် တစ်စုံတစ်ယောက်နှင့် ချိန်းဆိုထားခဲ့သည်။

လေယာဉ်ထွက်ရန် ၂နာရီခန့်သာ လိုသေးသောကြောင့် ထန်ရှုသည် ကော်ဖီသောက်ရင်း အချိန်ဖြုန်းရန် ကော်ဖီဆိုင်တစ်ဆိုင် ရှာလိုက်သည်။ သို့သော် အမျိုးသမီးတစ်ယောက်သည် သိုသိုသိပ်သိပ်နေရန် ကြိုးစားနေသည်ကို အမှတ်တမဲ့ သူ တွေ့လိုက်သည်။ သူမသည် နေကာဦးထုပ်အဝိုင်းကြီး ဆောင်းထားကာ နေကာမျက်မှန် ခပ်ကြီးကြီးတစ်လက်ကို တပ်ဆင်ထားပြီး လောင်းကုတ်အရှည်ကို ဝတ်ဆင်လျက် ကော်ဖီဆိုင်ထဲသို့ တိတ်တဆိတ် လျှောက်လှမ်းလာသည်။

“ဟင်…” ထိုအမျိုးသမီးသည် နာမည်ကျော်အဆိုတော်တစ်ယောက်နှင့် အလွန်ဆင်တူသည်ကို သူ တွေ့ရသောကြောင့် ထန်ရှု ရုတ်တရက် အံ့အားသင့်သွားသည်။

ကျန်းရှင်းယာလား?

ကော်ဖီဆိုင်ထဲသို့ ဝင်လာပြီးနောက် သူမသည် ဘေးဘီဝဲယာကြည့်လိုက်ပြီး ထန်ရှုအနားရှိ နေရာလွတ်အား တွေ့မြင်သွားသည်။ ထိုနေရာလေးသည် ကော်ဖီဆိုင်၏ထောင့်တွင် တည်ရှိပြီး တိတ်တိတ်ဆိတ်ဆိတ်နှင့် သီးသန့်ဆန်နေသည်။

“မစ္စ … အော်ဒါ မှာတော့မလား။” ဝန်ထမ်းတစ်ယောက်မှ ယဉ်ကျေးစွာ မေးလာသည်။

ထိုအမျိုးသမီး၏နှုတ်ခမ်းလွှာမှ ဆည်းလည်းသံကဲ့သို့ သာယာကြည်လင်သော အသံဖြင့်

“မိုခါးတစ်ခွက် ပေးပါ။ ကျေးဇူးနော်။”

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဗျ။” ဝန်ထမ်းလေးက ပြန်လည်ပြောဆိုကာ ထွက်သွားသည်။

ထန်ရှု သူမအား ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် ယခုအခါ သူမ၏နေကာမျက်မှန်အား ညင်သာစွာ ချွတ်လိုက်ပြီဖြစ်သောကြောင့် ရုတ်ခြည်းပင် ထန်ရှု သူမအား မှတ်မိသွားပြီဖြစ်သည်။ အမှန်တကယ်ပင် သူမသည် အာရှစင်မြင့်မှသည် နိုင်ငံတကာစင်မြင့်ဆီသို့ နာမည်ကျော်ကြားလာသော ကျန်းရှင်းယာ ဖြစ်လေသည်။

ထန်ရှုသည် သူမ၏ပရိသတ်တစ်ဦး မဟုတ်ချေ။ ကျန်းရှင်းယာ၏မျက်နှာအချိုးအဆစ်သည် အလွန်တရာ ပြေပြစ်လှပသော်လည်း သူသည် နှစ်ခါသာ ကြည့်မိပြီး သူ၏ခေါင်းကို ငုံ့ကာ ဖုန်းကို ထုတ်လိုက်သည်။ ယခုအခါတွင် ထန်ရှုသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်းသည် အလွန်တရာ အဆင်ပြေလှသည်ကို နားလည်ခဲ့ပြီဖြစ်သည်။ သတင်းအမျိုးအစားအားလုံးကို သူ ဖတ်နိုင်ရုံသာမက သူသိလိုသော အရာမှန်သမျှကိုလည်း ရှာဖွေနိုင်သည်။

၁၀မိနစ်ကြာပြီးနောက်…

ထန်ရှု ဖုန်းပွတ်ကာ ကြည့်နေစဉ် ငွေဆည်းလည်းသံလေးအား ထပ်ကြားလိုက်ရသည်။

“လူကြီးမင်း… ကျွန်မ ရှင့်ဖုန်းကို ငှားလို့ရမလား။ ဖုန်းတစ်ခု ဆက်စရာရှိလို့ပါ။”

ထန်ရှု မော့ကြည့်လိုက်ရာ ကော်ဖီခွက်ကို ကိုင်လျက် လျှောက်လာသော ကျန်းရှင်းယာအား တွေ့လိုက်ရပြီး သူမက ထန်ရှုနှင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်လာခဲ့သည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက ခပ်တည်တည်ဖြင့်

“ခင်ဗျား ကျွန်တော့်ဖုန်းနံပါတ်ကို လိုချင်ရင် ဝမ်းနည်းပါတယ်။ ကျွန်တော်က သူစိမ်းတွေကို ဖုန်းနံပါတ် မပေးပါဘူး။ အမှန်တကယ် ဖုန်းဆက်ချင်တာဆိုရင်တော့ ၁မိနစ်ကို ယွမ်၁၀၀။”

“ရှင်….” ကျန်းရှင်းယာ ဒေါသထွက်သွားသည်။ “ရှင့်ဖုန်းနံပါတ်ကို ကျွန်မ စိတ်မဝင်စားပါဘူး။ ရှင့်ဖုန်းလေး ငှားချင်ရုံလေးပါ။ ရှင် ကျွန်မကို လှည့်ဖျားချင်တာလား။”

“မဟုတ်သေးဘူး။ ခင်ဗျား မှားနေပြီ။ ကျွန်တော့်ဖုန်းက ကျွန်တော်ပိုင်တာလေ။ အဲ့ဒီဖုန်းထဲမှာ တခြားလူတွေ မြင်လို့မရတဲ့ လျှို့ဝှက်ချက်တွေ အများကြီး သိမ်းထားတယ်။ ခင်ဗျား ကျွန်တော့်ဖုန်းကို ငှားချင်ရင် အဲ့ဒီအတွက် အခကြေးငွေ ပေးသင့်တာပေါ့။ ယွမ်၁၀၀ကို ခင်ဗျားက များတယ်ထင်နေတာလား။” ထန်ရှု ပြောလိုက်သည်။

“ရှင့်ရဲ့ငြင်းဆိုမှုက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ပေါက်ပန်းလေးဆယ်တွေ။ ရှင့်ရဲ့လျှို့ဝှက်ချက်တွေကို ကျွန်မက ဘာလုပ်ရမှာလဲ။ နောက်ပြီး ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိရဲ့လား။” ကျန်းရှင်းယာ မခံမရပ်နိုင်ဖြစ်သွားသည်။

“ကျွန်တော်က ခင်ဗျားကို သိစရာအကြောင်းရှိလို့လား။” ထန်ရှု ပြန်မေးလိုက်သည်။

ကျန်းရှင်းယာ အံ့အားသင့်သွားပြီး “ရှင် ကျွန်မကို တကယ်မသိတာလား။”

ထန်ရှု သုန်မှုန်စွာဖြင့် ဖျတ်ကနဲ ပြောလိုက်သည်။

“ခင်ဗျားဖုန်း သုံးမှာလား မသုံးဘူးလား။ မသုံးရင်လည်း ပါးစပ်ပိတ်ထား။”

ကျန်းရှင်းယာ မည်သည့်စကားမျှ မဆိုနိုင်ဖြစ်သွားရသည်။ သူမ ၁၈နှစ်သမီးကတည်းက အနုပညာလောကထဲသို့ ဝင်လာပြီး သူမ အောင်မြင်ကျော်ကြားလာသည်မှာ ၆နှစ်ရှိခဲ့ပြီဖြစ်သည်။ သူမ၏ကောင်းမွန်သော အသံနှင့် အလွန်လှပသော ရုပ်ရှည်ကြောင့် ပရိသတ်ပေါင်းများစွာအား ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။ တိုင်းပြည်တွင်းရှိ အသက်ကြီးငယ်မဟူ ၉၉%သည် တီဗွီ၊ အင်တာနက် သို့မဟုတ် အခြားမီဒီယာလမ်းကြောင်းများမှတဆင့် သူမအား မြင်ဖူးကြလိမ့်မည်ဟု သူမ ယုံကြည်ချက်ရှိသည်။

“ဒီအကောင်က အခုမှ တောကြိုအုံကြားက ထွက်လာတာဖြစ်နိုင်လား။ အဲ့လိုဖြစ်တယ်ဆိုရင်တောင်မှ ယောကျာ်းတစ်ယောက်အနေနဲ့ ငါ့လို မိန်းမလှလေးကိုတော့ တုံ့ပြန်သင့်တယ်မဟုတ်လား။”

ကျန်းရှင်းယာ ထန်ရှုအား အကဲခတ်လိုက်သည်။ ထန်ရှု၏မျက်ဝန်းများသည် အခြားယောကျာ်းများထံတွင် မြင်ရသကဲ့သို့မဟုတ်ဘဲ မွေးကာစ ကလေးတစ်ယောက်၏မျက်ဝန်းများအလား အပြစ်ကင်းစင် အလွန်ကြည်လင်လျက်ရှိသည်ကို သူမ အံ့အားသင့်စွာ တွေ့မြင်ရလေသည်။

***

All Chapters