← Chapters

ရင်းရင်းနှီးနှီး ဆက်နွယ်ခြင်း

Vol. 05 Ch. 218

ရင်းရင်းနှီးနှီး ဆက်နွယ်ခြင်း

Vol. 05 Ch. 218

ကျန်းရှင်းယာ အသက်ပြင်းပြင်းတစ်ချက် ရှုကာ သူမ၏ဒေါသများအား ဖိနှိပ်လိုက်ပြီး

“သဘောတူတယ်။ တစ်မိနစ်ကို ယွမ်၁၀၀… အခု ကျွန်မကို ရှင့်ဖုန်း ငှားတော့။”

“ယူပါ။” ထန်ရှု သူ၏ဖုန်းအား လက်လှမ်းပေးလိုက်သည်။

ကျန်းရှင်းယာ ယူလိုက်သည်။ သူမ ထရပ်ကာ ဘေးတစ်ဖက်သို့ လျှောက်သွားလိုက်ပြီး နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။ အခြားတစ်ဖက်နှင့် တီးတိုးစကား အနည်းငယ် ပြောပြီးနောက် သူမ ဖုန်းချလိုက်သည်။ သူမ၏ထိုင်ခုံဆီသို့ ပြန်သွားတော့မည့်ဆဲဆဲတွင် သူ၏ဖုန်းထဲတွင် လျှို့ဝှက်ချက်အချို့ရှိသည်ဟုပြောထားသော ထန်ရှု၏စကားများအား ရုတ်တရက် သတိရသွားပြီးနောက် ဖုန်းဆက်သွယ်မှုနံပါတ်များအား ချက်ချင်းပင် စစ်လိုက်သည်။

၂မိနစ်ကြာပြီးနောက်…

ဖုန်းခေါ်ဆိုမှုနေရာအား သူမ ကြည့်လိုက်ရာတွင် သူမ၏မျက်လုံးအတွင်းသို့ ရင်းနှီးနေသော နာမည်အချို့ ဝင်ရောက်လာတော့သည်။

အိုးရန်လူလူ?

ချန်းကျီကျုံး?

ချူယီ?

ပိုင်ထောင်?

သူမသည် အိုးရန်လူလူ၏ဖုန်းနံပါတ်အား အလွတ်ရလုနီးပါး မှတ်မိနေသည်။ ကျန်းရှင်းယာ နာမည်နှင့်ဖုန်းနံပါတ်အား တွေ့သောအခါ သူမ၏လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်လာသည်။

ဒီနံပါတ်က တကယ်ရီးပေါ့?

ကျန်းရှင်းယာ လှည့်ကာ ထန်ရှုအား ဂရုတစိုက် ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထန်ရှုနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံနေရာသို့ ပြန်သွားကာ ဖုန်းအား သူမ၏လက်ထဲတွင် ကစားနေရင်းမှ

“ရှင့်နာမည် ဘယ်လိုခေါ်လဲ။”

“သူများနာမည်ကို မေးတဲ့အချိန် ကိုယ့်နာမည်ကိုပါ မိတ်ဆက်တာ ယဉ်ကျေးတဲ့ အပြုအမူတစ်ရပ် မဟုတ်ပေဘူးလား။” ထန်ရှု မျက်နှာသေဖြင့် ပြောလိုက်သည်။

ကျန်းရှင်းယာ ရပ်တန့်သွားပြီးမှ အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ပြီး

“ရှင်က တကယ်ကို စိတ်ရူးပေါက်နေတဲ့ တစ်ယောက်ဆိုတာရော သိရဲ့လား။ ကောင်းပြီ။ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါမယ်။ ကျွန်မက ကျန်းရှင်းယာ.. အဆိုတော်တစ်ယောက်။ ရှင်ကရော။”

“ထန်ရှု… ကျောင်းသားတစ်ယောက်။”

“ရှင့်ပုံကို ကြည့်ရတာ ကျောင်းသားတစ်ယောက်မှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ရှင် အိုးရန်လူလူနဲ့ ဘယ်လိုသိလဲ။ သူမက ကျင်းမန်ကျွန်းသူတစ်ယောက်လေ။ ရှင်ကရော အဲ့ဒီကပဲလား။”

“မဟုတ်ဘူး။ ကျွန်တော်တို့က သူငယ်ချင်းတွေ။” ထန်ရှုက ဖြေလိုက်သည်။

ကျန်းရှင်းယာ သိလိုစိတ်ဖြင့်

“ရှင်က သူ့ရဲ့သူငယ်ချင်းလား။ ဘာဖြစ်လို့ သူ့ဆီကနေ အရင်က ကျွန်မ မကြားမိတာလဲ။”

“ကျွန်တော်က သူ့အတွက် အရေးကြီးတဲ့သူတစ်ယောက်မဟုတ်လို့ သူက ပြောဖို့မလိုဘူးထင်လို့နေမှာပေါ့။ ကောင်းပြီ။ မေးခွန်းချိန် ပြီးဆုံးပြီမို့လို့ ကျွန်တော့်ဖုန်း ပြန်မပေးသေးဘူးလားဗျ။ ပြီးတော့ ခင်ဗျား ၄မိနစ်သုံးခဲ့တာမို့လို့ ကျွန်တော့်ကို ယွမ်၄၀၀ ပေးပါ။ ကျေးဇူး။”

ကျန်းရှင်းယာက ထန်ရှုအား ဖုန်းပြန်ပေးလိုက်သည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် လေသံတိမ်တိမ်ဖြင့်

“ကျွန်မတို့ အဲ့ဒီအကြောင်း ပြောလို့ရမလား။ ကျွန်မက အိုးရန်လူလူရဲ့သူငယ်ချင်းပါ။ ရှင်ကလည်း သူ့ သူငယ်ချင်းပဲဆိုတော့ ပိုက်ဆံကိစ္စမေ့လိုက်လို့ရမလား။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးပြီဆိုတော့ ဒါရေစက်လို့ဆိုနိုင်တယ်မလား။”

“မရဘူး။ အဲ့ဒါက အဲ့ဒါ။ ဒီဟာက ဒီဟာ။ ကျွန်တော့်ကို ပိုက်ဆံသာ ပေးပါ။” ထန်ရှု ခေါင်းယမ်းလိုက်သည်။

“ရှင် ဘာလို့ ပိုက်ဆံမှ ပိုက်ဆံဖြစ်နေရတာလဲ။” ကျန်းရှင်းယာ ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ပိုက်ဆံဆိုတာ ကောင်းတဲ့အရာတစ်ခုဆိုတာ ခင်ဗျားလည်း သိတာပဲ။ အစားအသောက်၊ အဝတ်အစားတွေ ခင်ဗျား ဝယ်နိုင်တယ်။ နောက်ပြီး မိဘတွေဆိုရင် သားသမီးကို ပြုစုပျိုးထောင်ပေးနိုင်တယ်။ လူငယ်တစ်ယောက်အတွက်ဆိုရင် နောင်တစ်ချိန်မှာ မိန်းမယူဖို့၊ ကလေးမွေးဖို့အတွက် သုံးနိုင်တယ်လေ။”

“တော်တော့။ တော်တော့။ ရပ်တော့။”

ကျန်းရှင်းယာ ရယ်ရမလို ငိုရမလို ဖြစ်သွားရပြီး

“ပိုက်ဆံအသုံးဝင်တာကို ဘယ်သူက မသိမှာမို့လို့လဲ။ ဒါပေမယ့် ကျွန်မတို့၂ယောက်စလုံးက အိုးရန်လူလူရဲ့သူငယ်ချင်းတွေလေ။ ပိုင်ထောင်နဲ့ ချူယီကိုလည်း သိပါတယ်။ ချန်းကျီကျုံးရဲ့မိတ်ဆွေဆိုရင်လည်း မှန်ပါတယ်။ ကျွန်မတို့၂ယောက်ကြားမှာ များပြားလှတဲ့ ရင်းနှီးသူတွေရှိနေမှတော့ ပိုက်ဆံကိစ္စပြောဖို့ လိုသေးလို့လားလို့။ ရှင်ရဲ့သူငယ်ချင်းတွေက ကျွန်မရဲ့သူငယ်ချင်းတွေဆိုတာ ရှင်လည်း သိနေတာပဲကို။ သူငယ်ချင်းတွေကြားမှာ ပိုက်ဆံကိစ္စအမြဲပြောနေရင် ကျွန်မတို့တွေကြားက ခံစားချက်တွေကို နာကျင်စေလိမ့်မယ်။”

ထန်ရှု ပြုံးလိုက်ပြီး   “ကျွန်တော်တို့ကြားမှာ ခံစားချက်ဆိုတာရှိလို့လား။”

“အာ…” ကျန်းရှင်းယာ ပြောစရာစကားမဲ့သွားရသည်။

“ကျွန်တော်နဲ့ သူငယ်ချင်းဖွဲ့ဖို့ မကြိုးစားပါနဲ့။ ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံပေးရမှာမို့လို့ ပေးပါ။”

ကျန်းရှင်းယာက ထန်ရှုအား စိတ်ပေါက်ပေါက်နှင့် စိုက်ကြည့်လိုက်ပြီး မချိပြုံးတစ်ချက် ပြုံးလိုက်ကာ

“ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ပါ။ ကျွန်မရဲ့ခရီးဆောင်အိတ်တွေရော၊ ပိုက်ဆံအိတ်ရော ပျောက်သွားလို့။ နို့မဟုတ်ရင် ကျွန်မ ဒီနေရာမှာ ဘာလို့ ပုန်းနေရမှာလဲ။”

“အခြေခံအားဖြင့်တော့ ခင်ဗျား အကြွေးမပေးချင်တာမဟုတ်လား။” ထန်ရှု မေးလိုက်သည်။

ကျန်းရှင်းယာ ဒေါသရိပ်တို့ တငွေ့ငွေ့တက်လာပြီး

“ကျွန်မက အကြွေးမပေးချင်တဲ့သူပုံစံ ပေါက်နေလို့လား။”

“ခင်ဗျားအပြုအမူကို ကြည့်ဦးလေ။ အဲ့လိုပုံစံပေါက်နေတာပဲ။” ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။

ကျန်းရှင်းယာ တအားဒေါသထွက်လွန်းသောကြောင့် အသက်ကိုပင် ခက်ခက်ခဲခဲ ရှူလိုက်ရသည်။ တစ်ခဏမျှ နက်နက်နဲနဲ တွေးလိုက်ပြီးနောက် သူမ၏လက်ကို ဖြန့်ကာ

“ရှင့်ဖုန်း ပေးပါ။ ကျွန်မ လူတစ်ယောက်ဆီ ဖုန်းဆက်ရမယ်။”

“အရင်ဟာတောင် ခင်ဗျား မပေးရသေးတာ ကျွန်တော်က ဘာကြောင့် အခုထပ်ငှားရမှာလဲ။ ကျွန်တော့်ဖုန်းထဲက အချက်အလက်တွေကိုလည်း ခိုးကြည့်သေးတယ်။ အဲ့ဒီလုပ်ရပ်အတွက် ခင်ဗျားကို အထင်ကိုမကြီးတာ။”

ကျန်းရှင်းယာ ရှူးရှူးရှဲရှဲ ပြန်ဖြစ်လာကာ

“ဘယ်သူက ရှင့်ဖုန်းထဲက အချက်အလက်တွေကို လိုချင်နေလို့လဲ။ မြန်မြန်သာ ပေးစမ်းပါ။ ရှင့်ပိုက်ဆံကို လိုချင်ရင် ကျွန်မကို ဖုန်းငှားမှရမယ်။”

ထန်ရှု တစ်ခဏတာမျှ  တိတ်ဆိတ်သွားပြီး သူ၏ဖုန်းအား လက်လှမ်းပေးလိုက်သည်။

ကျန်းရှင်းယာ ဖုန်းကို ယူလိုက်ပြီး အိုးရန်လူလူဆီ ဖုန်းခေါ်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးသော် အိုးရန်လူလူ၏အသံလေးသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရှင်းယာက ဖုန်းစပီကာအား ဖွင့်ထားသောကြောင့် ထန်ရှုလည်း ကြားနေရပေသည်။

“ဟန်နီ… နင် ငါ့ကို လွမ်းနေတာလား။ ငါလည်း နင့်ကို လွမ်းနေရတာ။ ငါတို့နှလုံးသားတွေက တစ်ခုတည်း ချိတ်ဆက်နေတယ် ထင်တယ်နော်။”

ကျန်းရှင်းယာ ကြက်သေ သေသွားသကဲ့သို့ ထန်ရှုလည်း ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးပြူးသွားရတော့သည်။

“အဟွတ်..အဟွတ်..”ကျန်းရှင်းယာချောင်းခြောက်အနည်းငယ်ဆိုးလိုက်ပြီး

“လူလူ… ကျန်းရှင်းယာ ပြောနေတာပါ။”

“အာ… ရှင်းယာလား။ နင်…နင်… ဘယ်လိုဖြစ်ပြီး ထန်ရှုရဲ့ဖုန်းနဲ့ ငါ့ဆီဆက်တာလဲ။ နင်…အု…သောက်ကျိုးတော့ နည်းကုန်ပါပြီဟာ။ ငါ ခုနကပြောတာကို တကယ်မထင်လိုက်နဲ့ဦး။ ငါက နောက်နေတာ။” အိုးရန်လူလူ ထိတ်လန့်သွားဟန့်ဖြင့် အယောင်ယောင်အမှားမှား စကားသံများ ထွက်လာသည်။

“စိတ်သက်သက်သာသာ နေပါ။ ငါတို့က သူငယ်ချင်းကောင်းတွေပဲ… ငါ နင့်ကို မရယ်ပါဘူးဟ။ ဒါနဲ့ နင် ထန်ရှုကို တကယ်သိတာလား။ နင့်စကားကို နားထောင်ရတာ သူနဲ့တော်တော် ရင်းနှီးနေတဲ့ပုံပဲ။”

ကျန်းရှင်းယာ နူးညံ့စွာ ပြုံးလိုက်ပြီး တုံ့ပြန်လိုက်သည်။

“အဲ့လို ပြောနိုင်ပါတယ်။ သူနဲ့ငါ ရင်းရင်းနှီးနှီး သိပါတယ်။ သူ့အိပ်ရာ ဘယ်ဘက်လှည့်ထားလဲဆိုတာတောင် ငါ သိ…” အိုးရန်လူလူ သူမပြောနေစကားများအား ကမန်းကတန်း ရပ်တန့်လိုက်ရသည်။ သူမ၏စကားများထဲတွင် အလွယ်တကူ အဓိပ္ပာယ်ကောက်လွဲနိုင်သော စကားလုံးများ ပါဝင်နေသည်ကို သတိထားလိုက်မိသောကြောင့် ဖြစ်သည်။

ကျန်းရှင်းယာ၏မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။ သူမသည် ထန်ရှုအား အချိန်အနည်းငယ်မျှ ကြည့်လိုက်မိပြီး ပြုံးလိုက်ကာ

“နင်တို့ကြားက ရင်းနှီးမှုက အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြတဲ့ အဆင့်ဆိုတော့ သူက နင့်ကို မျက်နှာသာပေးရမှာပေါ့ မဟုတ်ဘူးလား။ နင်ရော ငါ့ကို မျက်နှာသာပေးလိမ့်မယ်မဟုတ်လား။ ငါ သူ့ဖုန်းကို ငှားတော့ သူက ငှားခလိုချင်တယ်။ ငါ သူ့ကို နောက်တစ်ခါ တွေ့တဲ့အခါကျရင် အကြွေးဆပ်ပါမယ်ဆိုတာ သူ့ကို ကူပြီး နားချပေးပါဦး။”

ရှက်ခြင်း၊ ဒေါသထွက်ခြင်းတို့နှင့်အတူ အိုးရန်လူလူက အော်လိုက်သည်။

“ရှင်းယာ… နင် ပေါက်ကရတွေ မပြောလို့ရမလား။ ငါနဲ့သူက ရင်းနှီးတယ်ဆိုပေမယ့် ဖြူစင်ရှင်းသန့်တဲ့ ရင်းနှီးမှုတစ်ခုပဲ။ ဒါပေမယ့် ဒီအကြောင်းကို သောက်ကျိုးနည်း နင် ဘယ်လိုသိလဲ။ ကောင်းပြီ။ အခု နင် ဘယ်မှာလဲ။”

ကျန်းရှင်းယာက ပြောလိုက်သည်။ “ကြယ်တာရာလေဆိပ်မှာ… ငါ အဲ့ဒီကို ကြုံလို့လာခဲ့တာ။”

“ထန်ရှုကရော ဘာလို့ လေဆိပ်ရောက်နေတာလဲ။” အိုးရန်လူလူ အံ့အားသင့်သွားသည်။

“နင်တောင်မှ င့ါကို မေးတယ်ဆိုရင် ငါက ဘယ်လို သိမှာလဲ။ ငါ သူ့ကို နောက်တော့ ပေးမယ်ဆိုတာ သူနဲ့ အမြန်ပြောလိုက်ပါ။” ကျန်းရှင်းယာက ပြောလိုက်သည်။

“ဖုန်း သူ့ကို ပေးလိုက်လေ။ ငါ ပြောလိုက်မယ်။” အိုးရန်လူလူ အသာအယာ ရယ်မောလိုက်သည်။

ကျန်းရှန်းယာ ဖုန်းအား ထန်ရှု၏လက်ထဲသို့ ထည့်လိုက်ကာ

“သူက ရှင်နဲ့ ပြောချင်လို့တဲ့။”

ထန်ရှု ဖုန်းအား ယူကာ ကျန်းရှင်းယာအား ညစ်ကျယ်ကျယ်အကြည့်နှင့် ကြည့်လိုက်ပြီး

“လူလူ… မင်းစကားပြောတာ သတိထားမှပေါ့။ အခြားလူတွေ နားလည်မှုလွဲအောင် မလုပ်ရဘူးလေ။ မင်း ပြောတာ ကျွန်တော် ကြားပြီးပြီ။ သူက တကယ် မင်းရဲ့သူငယ်ချင်းဆိုရင် အဲ့ဒီပိုက်ဆံအကြောင်း ထပ်မပြောတော့ဘူး။ တခြားကိစ္စမရှိရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်။”

“နေဦး… နေဦး။ နင်က ဘာလို့လေဆိပ်မှာ ရှိနေတာလဲ။ ကျင်းမန်ကျွန်းကို လာမလို့လား။ နင်လာမယ်ဆိုရင် ငါ ကျင်းမန်ကျွန်းလေဆိပ်မှာ လာစောင့်နေမလို့။” အိုးရန်လူလူ အမြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး။ ထျန်းကျင်းမြို့ကို သွားမလို့ပါ။” ထန်ရှု ပြောလိုက်သည်။

“နင် အဲ့ဒီမှာ ဘာသွားလုပ်မလို့လဲ။ ကောင်းတာရှိလို့လား။” အိုးရန်လူလူ သံသယဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ အဲ့ဒီမှာ ကောင်းတာအချို့ရှိလို့ ကျွန်တော် သွားဝယ်မလို့။” ထန်ရှုဖြေလိုက်သည်။

“ငါ့ကို လိုက်စေချင်လား။” အိုးရန်လူလူ တုံ့ဆိုင်းသွားကာ မေးလာသည်။

“မင်းက ကျင်းမန်ကျွန်းမှာ။ ကျွန်တော်က ကြယ်တာရာမှာ။ ကဲ… ကျွန်တော်နဲ့အတူသွားဖို့ ဘယ်လိုလာမလဲ။ မင်းအလုပ်ပဲ မင်းလုပ်ပါ။ လုပ်စရာပြီးသွားရင် ကျွန်တော်တို့ နောက်မှ ပြောကြတာပေါ့။ ခန်းရှကို ဆက်သွယ်ဖို့ မမေ့နဲ့ဦး။ သူက စီးပွားရေးကိစ္စအ၀၀ကို ကိုင်တွယ်နေတဲ့သူ။ ကျွန်တော့်ကိုယ်စား ဆုံးဖြတ်ပေးနိုင်တယ်။”

ထန်ရှုက ပြန်ပြောလိုက်သည်။

အိုးရန်လူလူက အော်ပြောလိုက်သည်။

“ငါ သူ့ကို မတွေ့လို့ရမလား။ အဲ့ဒီအမျိုးသမီးက နင့်အပေါ်မှာ ကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး။”

“အမ်…” ထန်ရှု ပဟေဠိ ဖြစ်သွားကာ မေးလိုက်သည်။ “သူက ဘာကြောင့် ကျွန်တော့်အပေါ်မှာ ကောင်းတဲ့ရည်ရွယ်ချက်မရှိတာလဲ။”

“ဒါ…” အိုးရန်လူလူ ချီတုံချတုံ ဖြစ်သွားပြီးနောက် ပွစိပွစိပြောတော့သည်။

“အင်း… သူ နင့်နောက်ကို လိုက်တာ မကောင်းတဲ့ရည်ရွယ်ချက် ရှိမယ်လို့ ငါထင်တယ်။ သူက အရည်အချင်းရှိတဲ့ အမျိုးသမီးဖြစ်ပြီး သူ့ရဲ့အလှတရားက ငါ့အောက်မကျပေမယ့် သူက မမှန်ကန်ဘူး။ သူတော်ကောင်းယောင် ဆောင်နေတာ။”

ထန်ရှုက အားရပါးရ ရယ်လျက်

“ဟား..ဟား..ဟား… မျက်နှာသာပေးဖို့ တိုက်ခိုက်နေကြတဲ့ အမျိုးသမီးနန်းဆောင်က မိဖုရားတစ်ယောက်လို ဘာလို့  မင်းကို ခံစားမိနေတာပါလိမ့်။ ကောင်းပြီ။ ကျွန်တော် လေယာဉ်ပေါ် တက်တော့မှာမို့လို့ ဖုန်းချလိုက်တော့မယ်။”

ထန်ရှုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျန်းရှင်းယာသည် ထိုစကားသံများအား ကြားနေရသောကြောင့် သူမ၏သူငယ်ချင်းကောင်းသည် ထန်ရှုအပေါ် မေတ္တာသက်ဝင်နေမှန်း ကောင်းစွာ သတိပြုမိလေသည်။ သူမသည် အိုးရန်လူလူနှင့် သိကျွမ်းလာခဲ့သည်မှာ ၇နှစ်-၈နှစ်ရှိပြီဖြစ်သောကြောင့် ယောကျာ်းတစ်ယောက်နှင့် စကားပြောရာတွင် ဆတ်ဆတ်ခါနေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ တွေ့ရသည်မှာ သည်ဟာသည် ပထမဆုံးအကြိမ်သာ ဖြစ်ချေသည်။

ထန်ရှု ဖုန်းချလိုက်သည်နှင့် ကျန်းရှင်းယာသည် သူမ၏သိလိုစိတ်ပြင်းပြမှုနှင့်အတူ

“ဝိုး…ကျွန်မရဲ့ဂုဏ်ယူရတဲ့ သူငယ်ချင်းကောင်းက အခုလို ဖျတ်ဖျတ်ခါနေလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ ထန်ရှု… ရှင် ထျန်းကျင်းမြို့ကို ဘာသွားလုပ်မှာလဲ။ ကျွန်မလည်း အဲ့ဒီကို သွားရမှာကို ကံမကောင်းချင်တော့ ကျွန်မရဲ့ အိုင်ဒီကတ်နဲ့ ကိုယ်ရေးအချက်အလက်တွေက ပျောက်သွားခဲ့တယ်။ နို့မို့ဆိုရင် ရှင်နဲ့အတူ အဲ့ဒီကို သွားနေရပြီ။”

“ကျွန်တော်တော့ အဲ့ဒီလို မတွေးဘူး။ ခင်ဗျားရဲ့ပုံရိပ်က မျက်လုံးပေါင်းများစွာကို ဆွဲဆောင်နိုင်တယ်။ ကျွန်တော့်ပုံရိပ်က မြင့်မားခြင်း မရှိသလို လူအများကြီး စိုက်ကြည့်ခံရတဲ့နေရာတွေ သွားဖို့ ကျွန်တော် ဘယ်တော့မှ မကြိုက်ဘူး။”

ကျန်းရှင်းယာ ပြောစရာစကား မဲ့သွားရသည်။ ထန်ရှုကဲ့သို့ လူထူးဆန်းတစ်ယောက်အား မည့်သည့်စကားမျှပင် မဆိုနိုင်တော့ပါချေ။

“ကောင်းပြီ။ ကျွန်တော် လေယာဉ်ပေါ်တက်တော့မှာမို့ သွားနှင့်တော့မယ်။” ထန်ရှု ပြောရင်း မတ်တတ်ရပ်လိုက်သည်။ ပြီးနောက် ယွမ်၂၀၀အား ထုတ်ကာ စားပွဲပေါ်သို့ တင်ထားလိုက်သည်။

“ခင်ဗျားကော်ဖီဖိုးပါ ကျွန်တော် ရှင်းပေးခဲ့တယ်။ ဒီဘဝထဲ နောက်တစ်ခေါက်ပြန်တွေ့ရင် အကြွေးပေးဖို့ မေ့မနေနဲ့ဦး။”

“နေပါဦး။”

ထန်ရှု၏အပြုအမူကို မြင်လိုက်သည့် ကျန်းရှင်းယာ အလွန်ကျေးဇူးတင်သွားသည်။ သူမ မတ်တတ်ရပ်ကာ မေးလိုက်သည်။

“ကျွန်မ မေးခွန်းတစ်ခု မေးလို့ရမလား။”

“မေးပါ။” ထန်ရှု မေးခွင့်ပြုလိုက်သည်။

“ကျွန်မ ရှင့်ရဲ့ဖုန်းထဲမှာ လူကြီးမင်းချန်းကျီကျုံးရဲ့ဖုန်းနံပါတ် မြင်မိလို့ပါ။ ရှင် သူနဲ့ တအား ရင်းနှီးလားဟင်။”ကျန်းရှင်းယာက မေးလိုက်ရာ

“ကျွန်တော်တို့ ရင်းနှီးပါတယ်။” ထန်ရှု ပြောလိုက်သည်။

ကျန်းရှင်းယာ တွေဝေနေပြီးမှ

“ရှင် သူနဲ့ ရင်းနှီးတယ်ဆိုရင် ကျွန်မကို တစ်ခုလောက် မျက်နှာသာပေးလို့ရမလား။ ကျွန်မ သူ့ကို ရှာနေတဲ့ အရေးကြီးကိစ္စရှိပါတယ်။ ဒါပေမယ့် သူ အခု အရမ်းအလုပ်ရှုပ်နေတယ်နဲ့တူတယ် ကျွန်မ သူ့ကို ရှာလို့မရဘူးဖြစ်နေလို့ပါ။ တွေ့ဆုံဖို့အချိန်းအချက် လုပ်နိုင်ရင်တောင်မှ ကျွန်မ ရက်အကြာကြီး စောင့်ရလိမ့်မယ်။”

“ခင်ဗျား သူ့ကို သိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ တိုက်ရိုက်မဆက်သွယ်ဘူးလား။”

“ကျွန်မ သူ့ကို ဆက်သွယ်ပါတယ်။ ဒါပေမယ့် သူက လတ်တလော သူ့မှာ အချိန်မရှိဘူးဖြစ်နေတယ်လို့ ပြောတယ်။”ကျန်းရှင်းယာ မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျား သူ့ကို ဘာကြောင့် တွေ့ချင်တာလဲ။” ထန်ရှု ထပ်မေးလိုက်သည်။

“တရုတ်တိုင်းရင်းဆေးပင်စီးပွားရေးကို လုပ်နေတဲ့ အဆုံးမဲ့ဂုဏ်ရည်ဆေးလုပ်ငန်းက သူ ပိုင်တာလို့ ကျွန်မ သိထားတယ်။ ကျွန်မ အရမ်းကို တန်ဖိုးရှိတဲ့ ဆေးပင်တစ်ပင် လိုအပ်နေလို့ သူ့ဆီက ဝယ်လို့ရဖို့ မျှော်လင့်နေမိတာ။ ပြောရမယ်ဆိုရင် ကျွန်မအဖေက ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားနေရလို့ အဲ့ဒီဆေးပင်ကို လိုနေတယ်။” ကျန်းရှင်းယာက ပြောပြသည်။

“ဘာဆေးပင်လဲ။” ထန်ရှုက မေးလိုက်ရာ

“အဖော်မဲ့မြစ်နဂါးဆေးပင်” ကျန်းရှင်းယာက ပြောပြသည်။

ထန်ရှု၏မျက်နှာသည် အံ့သြမှုအရောင်များ လက်သွားပြီး

“ဒီဆေးပင်က သက်စောင့်မီးလိုအပ်တဲ့ရောဂါအတွက် အဓိကကျတဲ့အရာပဲ။ ခင်ဗျားအဖေက အဲ့ဒီရောဂါဖြစ်နေတာလား။”

***

All Chapters