နတ်ဆိုးကျောက်
Vol. 05 Ch. 219
ကျန်းရှင်းယာ၏လှပသော မျက်နှာလေးထက်တွင် အံ့အားသင့်မှုများ ဖော်ပြလာခဲ့သည်။ သူမ ပြောပြသော ဆေးပင်၏အမည်သိရုံမျှဖြင့် ဖခင်ဖြစ်သူ ခံစားနေရသော ရောဂါအမျိုးအစားအား ထန်ရှုသည် မှန်ကန်စွာ ပြောဆိုနိုင်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
“သူက နတ်ဆေးသမားတော်လား။” သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသော်လည်း လျင်မြန်စွာ ဖယ်ထုတ်လိုက်သည်။
တခြားတစ်ယောက် ပြောလာပါက ထိုသူသည် နတ်ဆေးသမားတော်ဟု သူမ ယုံရင်ယုံလိမ့်မည်ဖြစ်သော်လည်း ထိုစကားသည် ထန်ရှုဆီမှ ထွက်လာသောကြောင့် သူမ သေအောင် အရိုက်ခံရမည်ဆိုလျှင်တောင်မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ထန်ရှုသည် အလွန်ငယ်ရွယ်နေသောကြောင့် ဖြစ်သည်။ အလွန်ကျွမ်းကျင်သော တရုတ်တိုင်းရင်းဆေးသမားတော်ကြီးများသည် အသက်အရွယ် ကြီးရင့်ကြသည်မဟုတ်ပါလော။
“ရှင်ပြောသလိုပဲ အဖေက သက်စောင့်မီးလိုအပ်တဲ့ ရောဂါကို ခံစားနေရတာပါ။” ကျန်းရှင်းယာ စိတ်ထိခိုက်စွာ ပြောလိုက်သည်။
“အဖော်မဲ့မြစ်နဂါးဆေးပင်က အဲ့ဒီရောဂါအတွက် အမှန်ကောင်းမွန်တဲ့ဆေးပင်ပါ။ ငွေမြက်ပြာကို ထပ်ထည့်လိုက်ရင် အကျိုးအာနိသင်က ပိုပြီး ကောင်းမွန်သွားလိမ့်မယ်။ ဟုတ်ပြီ.. အိုးရန်လူလူက ခင်ဗျားအတွက် ပြောပေးထားတာဆိုတော့ ကျွန်တော် အဆုံးထိ ကူညီလိုက်ပါမယ်။” ထန်ရှု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ထန်ရှုက ချန်းကျီကျုံးဆီ ဖုန်းဆက်လိုက်သည်။
“ဆရာ… ငါ့ကို ရှာနေတာလား။” ချန်းကျီကျုံး၏စကားသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ဟုတ်တယ်ဗျ။ ကျွန်တော် ခင်ဗျားကို အသေးအဖွဲလေး တောင်းဆိုစရာရှိလို့။ ခင်ဗျား ကျန်းရှင်းယာကို သိလား။” ထန်ရှုက မေးလိုက်သည်။
“သိတယ်။” ချန်းကျီကျုံး ဖြေလိုက်သည်။
“ကောင်းတယ်။ သူ အဖော်မဲ့မြစ်နဂါးဆေးပင် လိုအပ်နေလို့ ကူညီပြီး ရှာပေးလိုက်ပါဦး။ ခင်ဗျား တတ်နိုင်ရင် ဈေးလည်း လျှော့ပေးလိုက်ပါ။ သူက အိုးရန်လူလူရဲ့သူငယ်ချင်းလည်း ဖြစ်တယ်။” ထန်ရှု ပြောလိုက်လေရာ
တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ချန်းကျီကျုံး ပြောလိုက်သည်။
“နားလည်ပါပြီ။ ငါ သူ့ကို ဆက်သွယ်လိုက်ပါမယ်။”
“သူ အခု ကျွန်တော်နဲ့ရှိနေတာမို့လို့ ခင်ဗျား စကားပြောလို့ရတယ်။” ထန်ရှုက ပြောသည်။
ပြောပြီးသည်နှင့် ထန်ရှုသည် ဖုန်းအား ကျန်းရှင်းယာဆီသို့ ပေးလိုက်ကာ ပေါ့ပေါ့ပါးပါးအသံဖြင့်
“ဒါ ချန်းကျီကျုံးပါ။ ခင်ဗျား ပြောလို့ရတယ်။”
ကျန်းရှင်းယာ အံ့အားသင့်သွားသည်။ သူမသည် ထန်ရှုအား ကျေးဇူးများစွာတင်လျက် ဖုန်းအား ယူလိုက်ကာ
“ဟယ်လို… ကျွန်မ ကျန်းရှင်းယာပါ။ ဦးလေးချန်းလား။”
“ဟုတ်ပါတယ်… ငါပါ။ ငါ့ဆရာက မင်းရဲ့အခြေအနေကို အခုပဲ ပြောပြတယ်။ အဖော်မဲ့မြစ်နဂါးဆေးပင်ကို ငါ အစွမ်းရှိသလောက် ကြိုးစားရှာပေးပါမယ်။ တွေ့တာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးမယ်။”
“ရှင့်ရဲ့ဆရာ ဟုတ်လား။” ကျန်းရှင်းယာ ကျောက်ရုပ်သဖွယ် ဖြစ်သွားကာ သူမ၏မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးဟန်ဖြစ်လာပြီး လွှတ်ကနဲ မေးလိုက်မိသည်။
“ဒီဖုန်းပိုင်ရှင်က ငါ့ဆရာဆိုတာ မင်း တကယ်ကို မသိသေးပဲကိုး။ ကောင်းပြီ။ ဆရာက ဒီကိစ္စကို ဂရုစိုက်ဖို့ ပြောလာမှတော့ ဒီဟာအောင်မြင်တယ်လို့ မင်း တွေးလိုက်ပေတော့။ ဆရာနဲ့ ငါ ဖုန်းထပ်ပြောဖို့မရှိတော့လို့ ငါ ဖုန်းချလိုက်တော့မယ်။”
“ကောင်းပါပြီရှင့်။”
ကျန်းရှင်းယာ ဖြေပြီးသည်နှင့် ဖုန်းထဲမှ တတူတူမြည်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရှင်းယာ အံ့အားသင့်သောအကြည့်တို့ဖြင့် ဂြိုလ်သားတစ်ကောင်အား ကြည့်နေရသကဲ့သို့ ထန်ရှုအား ကြည့်မိလေသည်။
“ဆရာလား။ ထန်ရှု ချန်းကျီကျုံးရဲ့ဆရာလား။ ကောင်းကင်ဘုံကြီး… ဒါ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။ ချန်းကျီကျုံးဆိုတာ ဘယ်သူလဲ။ အဆုံးမဲ့ဂုဏ်ရည်ဆေးလုပ်ငန်းက သူဋ္ဌေးကြီး၊ ပိုင်ဆိုင်မှု ၁၀ဘီလီယံရှိပြီး လွှမ်းမိုးနိုင်တဲ့ ဘီလျံနာတစ်ယောက်လေ။ အသက်၂၀၀န်းကျင်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ရိုသေသမှုပြုနေရတာလဲ။”
ကျန်းရှင်းယာ တံတွေးတစ်ချက် မျိုချလိုက်ပြီး တုန်ရီနေသောအသံဖြင့်
“ထန်..ထန်ရှု… နင်က တကယ် သူဋ္ဌေးချန်းရဲ့ဆရာလား။”
“အဲ့ဒါ ပြသနာရှိလို့လား။” ထန်ရှု တည်ငြိမ်စွာ မေးလိုက်သည်။
“ပြ… ပြသနာ မရှိ… ပြသနာ မရှိပါဘူး။ ကျွန်မ နည်းနည်း အံ့သြသွားလို့ပါ။”
ကျန်းရှင်းယာ ခေါင်းရော လက်ပါ အကြိမ်ကြိမ် ခါပြလိုက်ရင်း
“ဟုတ်တယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်မသာဆိုရင် သူဋ္ဌေးချန်းဆီကို ဖုန်းဆက်ဖို့ တအား ခက်ခဲမှာ။”
ထန်ရှု ဖျော့တော့စွာ ပြုံးလိုက်ပြီး
“ကိစ္စမရှိဘူး။ ယဉ်ကျေးဖို့ မလိုပါဘူး။ အိုးရန်လူလူနဲ့တွေ့တဲ့အခါကျရင်သာ သူ့အရှေ့မှာ ကျွန်တော့်မကောင်းကြောင်းတွေ ခင်ဗျား မပြောရင်ကိုပဲ ကျေနပ်ပါပြီ။ လုပ်စရာရှိတာတွေ လုပ်ပြီးပြီမို့ ကျွန်တော် လေယာဉ်ပေါ် တက်တော့မယ်။ နှုတ်ဆက်ပါတယ်။”
“နေပါဦး။ ကျွန်မ ရှင့်ကို လိုက်ပို့ပေးမယ်လေ။” ကျန်းရှင်းယာ အလျင်စလို ပြောလိုက်သည်။
ထန်ရှု သူမအား ဟန့်တားလိုက်ပြီး တည့်တိုးပြောလိုက်သည်။
“ဟင့်အင်း… နောက်တစ်နေ့ သတင်းစာ ခေါင်းကြီးပိုင်းမှာ “နာမည်ကြီး ပေါ့ပ်အဆိုတော် ကျန်းရှင်းယာသည် လေဆိပ်တွင် လျှို့ဝှက်သော လူငယ်တစ်ယောက်နှင့် တိတ်တဆိတ် ချိန်းတွေ့ခဲ့”ဆိုပြီး ပါလာမှာ ကျွန်တော် မလိုချင်ဘူး။ အဲ့ဒါကြောင့်မို့ ကျေးဇူးပြုပြီး ခင်ဗျား နေရာမှာသာ နေခဲ့ပါ။”
ထိုစကားများ ပြောပြီးသည်နှင့် ထန်ရှုသည် သူ၏အနက်ရောင် ခရီးဆောင်အိတ်ကြီးအား ယူဆောင်ကာ ထွက်ခွာအပေါက်သို့ လျှောက်သွားတော့သည်။
ထန်ရှု၏နောက်ကျောအား ကြည့်ရင်း ကျန်းရှင်းယာ တွေတွေကြီး ကျန်နေခဲ့သည်။ သူမ၏နှလုံးသားလေးမှာလည်း ချိုတစ်လှည့်၊ ခါးတစ်လှည့်၊ စပ်တစ်လှည့်၊ ပူတစ်လှည့် ခံစားချက်ပေါင်းစုံဖြင့် ခုန်ပေါက်နေလေတော့သည်။ သူမ၏အိပ်မက်ထဲတွင်တောင်မှ ထိုကဲ့သို့ ထူးဆန်းအံ့သြဖွယ်လူတစ်ယောက်နှင့် အမှတ်တမဲ့ တွေ့ဆုံရလိမ့်မည်ဟု မတွေးရဲခဲ့ပေ။
တကယ်တော့ ဒါသည် ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ သူမ ခရီးဆောင်အိတ် ပျောက်ခဲ့သည်။ ထို့နောက် ဖုန်းငှားရမ်းခဲ့သော ကိစ္စဖြစ်ခဲ့သည်။ ထိုမှတဆင့် အရာရာတိုင်းသည် မတော်တဆဖြင့် ကြယ်တာရာသို့ သူမ လာရောက်ရသည့်ရည်ရွယ်ချက်သို့ ဦးတည်အထမြောက်ခဲ့သည်။ သူမ၏သူငယ်ချင်းကောင်းနှင့် တွေ့ခဲ့ရုံသာမက တရုတ်တိုင်းရင်းဆေးလောကတွင် မြင့်မားသော အောင်မြင်မှုများ ရရှိထားသည့် လူတစ်ယောက်နှင့်ပါ တွေ့ခဲ့ရခြင်းဖြစ်သည်။
***
ထျန်းကျင်းမြို့….
ထိုမြို့လေးသည် မြို့တော်ပေကျင်းနှင့် အလွန်နီးကပ်စွာ ရှိသောကြောင့် အလွန်တိုးတက်မှု မြန်ဆန်သည်။ မြင့်မားသောအဆောက်အဦးများစွာနှင့်အတူ လူစည်ကားသော ဈေးဆိုင်တန်းများလည်း ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လှသောကြောင့် နေရာအနှံ့သို့ သွားလာနိုင်ပြီး မြို့တွင်းရှိ သွားလာနေသော ကားတန်းများမှာလည်း နဂါးတစ်ကောင်၏ကိုယ်လုံးအလား ရှည်လျားလှပေသည်။
ထျန်းကျင်းမြို့သို့ ထန်ရှုရောက်သောအခါ ညရောက်ခါနီးပြီဖြစ်သည်။ လေဆိပ်ရောက်သည်နှင့် သူသည် လျှို့ဝှက်အဖိုးအိုအား ဖုန်းဆက်ထားခဲ့သည်။ ထို့နောက် ရှေးဟောင်းပစ္စည်းရောင်းဝယ်သော ဈေး၏နေရာအား မေးကာ အပြေးသွားလေသည်။
“ပျက်သုဉ်းမူလရှေးဟောင်းဂိတ်”
ထူးဆန်းသော နာမည်ရှိသည့်ဆိုင်လေး၏အပြင်အဆင်သည် မှုန်မှိုင်းသော ခံစားမှုအား ပေးစေသည်။ သူ၏ခရီးဆောင်အိတ်အား လွယ်လျက် ထန်ရှုသည် ရှေးဟောင်းဈေးထဲမှ သီးသန့်ဆန်သောဆိုင်လေး၏ တံခါးရှေ့သို့ လျှောက်လာရင်း အတွင်းမှ ဖိနှိပ်ထားသော အာရုံခံစားမှုနှင့်အတူ သူ၏စိတ်အာရုံအား ဖုံးကွယ်ထားသည်။ ကြီးမားသော ဒိုင်းများ၊ နံရံများနှင့် ပရိဘောဂများအပါအဝင် ဆိုင်တွင်းမှ အရာအားလုံးသည် အနက်ရောင်သာ ဖြစ်သည်။ သူ မြင်ရသော အရောင်ကွဲပြားမှုအား ပြရမည်ဆိုပါက အနက်ရောင်စင်များပေါ်တွင် ရှိသော ရှားပါးပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများရှိသည့် အတန်းများသာ ဖြစ်ပေမည်။
လက်ရှိတွင် ပထမထပ်တွင် ရှားပါးပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများအား ကြည့်ရှုနေသော ဧည့်သည်၂ဦးမှတစ်ပါး ဆိုင်ရှင်နှင့်ဆိုင်ဝန်ထမ်းများ မရှိချေ။ ထန်ရှု စိတ်တွင်းမှ တိတ်တဆိတ် အံ့အားသင့်သွားရသည်။ ဆိုင်ရှင်သည် ဧည့်သည်များမှ ပစ္စည်းများ ခိုးယူသွားမည်ကို ကြောက်ရွံ့ခြင်း မရှိလေသလော။ သို့သော် သူနှင့်ဖုန်းပြောဆိုခဲ့သည့် အဖိုးအိုအား ရှာဖွေရန် စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်သောအခါ ထိုသူအား ဒုတိယထပ်ရှိ သီးသန့်ခန်းထဲတွင် ရှိနေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။ စာကြည့်မျက်မှန်တပ်ထားသော ဆံပင်ဖြူနှင့်အဖိုးအိုအပြင် သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးစုံတွဲလည်း ရှိနေသည်။ ထိုသုံးယောက်သည် သူတို့ရှေ့ရှိ စားပွဲပေါ်မှ တစ်ပေအရှည်ရှိပြီး ပေဝက်ခန့်မြင့်ကာ လှပစွာ ထွင်းထုထားသည့် ခေါင်းတလားအား စိုက်ကြည့်နေကြသည်။
“အဲ့ဒါ…”
ထန်ရှု အံ့အားသင့်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်ပြီး ထိုခေါင်းတလားပေါ်တွင် အာရုံစိုက်လိုက်သည်။ သည်ကမ္ဘာပေါ်တွင် နတ်ဆိုးကျောက်တုံးတစ်တုံးအား တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါချေ။
နတ်ဆိုးနယ်ပယ်မှ နတ်ဆိုးကျင့်စဥ်ကျင့်ကြံသူများအတွက် ထိုကျောက်တုံး လိုအပ်သည်။ ထိုကျောက်တုံးအတွင်းတွင် နတ်ဆိုးအင်အား များစွာ ပါဝင်ပြီး ၎င်းကို စုပ်ယူသန့်စင်ပါက ကျင့်ကြံသူများ၏အခြေခံခိုင်မာမှုနှင့်ခွန်အား တိုးပွားလာစေသည်။ အင်မော်တယ်နယ်ပယ်မှ အင်မော်တယ်ကျင့်ကြံသူများ အသုံးပြုသော အင်မော်တယ်ကျောက်တုံးနှင့် သဘောတရားအတူတူပင် ဖြစ်သည်။
“ငါ အဲ့ဒါကို ရမှဖြစ်မယ်။” ထန်ရှု၏မျက်လုံးများက အရောင်လက်သွားသည်။
ပုံမှန်အကျိုးသက်ရောက်မှုရှိသော အင်မော်တယ်ကျောက်တုံးနှင့်မတူညီဘဲ ယခုလက်ရှိထန်ရှုအတွက် နတ်ဆိုးကျောက်တုံးများမှာ ခြားနားသည့် သက်ရောက်မှုရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူကျင့်ကြံနေသော ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်ကြောင့်ဖြစ်ပြီး ထိုပညာရပ်သည် နတ်ဆိုးနှင့်နတ်ဘုရားတို့၏ နတ်ဘုရား ခန္ဓာကိုယ်အား တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သန့်စင်ရန် ကျင့်ကြံရသည့်ကျင့်စဉ်တစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။ ထို့ကြောင့် သူသည် နတ်ဆိုးစွမ်းအားကို စုပ်ယူနိုင်ပြီး ၎င်းသည် သူ့အတွက် နတ်ဘုရား ခန္ဓာကိုယ် ပုံဖော်သည့်အခါ ကြီးစွာသော အကျိုးကျေးဇူးဖြစ်ပေလိမ့်မည်။
ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဒုတိယထပ်သို့ တက်သွားလိုက်သည်။ သူသည် တံခါးရှေ့တွင်ရပ်ကာ ခေါက်လိုက်သည်။
“မင်းက…” တံခါးပွင့်လာပြီး ငွေရောင်ဆံပင်များနှင့် အဖိုးအိုက သူ့အား ကြည့်ကာ စူးစမ်းလာသည်။
“ထန်ရှု… ကြယ်တာရာကပါ။” ထန်ရှု ဖြေလိုက်သည်။
ငွေရောင်ဆံပင်များနှင့် အဖိုးအိုက ချက်ချင်း သိရှိသွားသည်။ သို့သော် သူက ထန်ရှုသည် အလွန်ငယ်ရွယ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ရုတ်ခြည်းပင် မျက်မှောင်ကြုပ်သွားတော့သည်။ ချီတုံချတုံ ဖြစ်နေပြီးနောက်
“ကြည့်ပါဦး… ဒီအဖိုးကြီးက မေ့နေလိုက်တာ။ မင်းက ငါ့ဆီ ဖုန်းဆက်တဲ့သူမဟုတ်လား။ ဒါ… အာ..ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါလား။ လူတစ်ချို့က ငါ့ဆီကို ရှေးဟောင်းပစ္စည်းတစ်ခု လာရောင်းနေလို့။ သူတို့ကို အရင်ဆောင်ရွက်ပေးရမှာမို့လို့ပါ။”
“ရှေးဟောင်းပစ္စည်းတစ်ခုဟုတ်လား။ ကျွန်တော်ရော ကြည့်လို့ရမလား။” ထန်ရှု အံ့သြသွားသည့်ဟန်ပြပြီး ပြောလိုက်သည်။
ငွေရောင်ဆံပင်များနှင့် အဖိုးအိုက အမှန်တကယ်တွင် ငြင်းချင်သော်လည်း ထန်ရှုသည် သူ့ထံမှ အဖိုးတန်ကျောက်များ ဝယ်ယူရန်လာသည်ကို သတိရသွားကာ နောက်ပိုင်း အခက်အခဲမဖြစ်စေရန်အတွက် ခေါင်းညိတ်ပြလိုက်သည်။
အခန်းတွင်းသို့ ဝင်လာပြီးနောက် ငွေရောင်ဆံပင်များနှင့် အဖိုးအိုသည် ထန်ရှု၏တည်ရှိမှုအား မေ့လျော့သွားလေသည်။ သူသည် သက်လတ်ပိုင်းစုံတွဲနှင့်အတူ ခေါင်းတလားငယ်အား စစ်ဆေးရန် အလျင်အမြန် ပြန်သွားလိုက်ကာ အရှေ့အနောက် ရွေ့လျားကာ အဖန်တလဲလဲ စစ်ဆေးနေသည်။
“ငါ ဒါကို မဖွင့်နိုင်ဘူး။ ဒီဟာက ဘိုးဘေးတွေက လက်ဆင့်ကမ်းလာတာလို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား။ မင်းတို့ဘိုးဘေးတွေလက်ထက်မှာရော ဖွင့်နိုင်တဲ့သူတစ်ယောက်မှ မရှိဘူးလား။” နောက်ဆုံးတွင် ငွေရောင်ဆံပင်များနှင့် အဖိုးအိုက မနေနိုင်တော့သဖြင့် မေးလိုက်သည်။
သက်လတ်ပိုင်းလူသည် ရိုးရှင်းစွာ ဝတ်စားထားပြီး ရိုးသားသောဟန်ရှိသည်။ ထိုမေးခွန်းအား ကြားသော် သူက ချက်ချင်း ခေါင်းယမ်းလိုက်ပြီး
“မိသားစုအကြီးအကဲတွေက ဒီခေါင်းတလားကိုဖွင့်ရင် နိမိတ်မကောင်းဘူးလို့ တွေးတာကြောင့် ဒီဟာကို မိသားစုရဲ့ဘိုးဘေးအုတ်ဂူမှာ ထည့်ထားတာ။ လတ်တလောမှာ ကျွန်တော်တို့ရွာမှာ မီးလောင်တော့ အိမ်ဒါဇင်ပေါင်းများစွာ လောင်ကျွမ်းတော့ ဘိုးဘေးအုတ်ဂူပါ ပါသွားတယ်။ ပထမတော့ အားလုံးပြာမှုန်တွေ ဖြစ်သွားကြပြီလို့ ထင်နေခဲ့ကြတာ။ ဒါပေမယ့် အပျက်အစီးတွေကို ရှင်းလင်းတော့ ဒီဟာကို အကောင်းအတိုင်း တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကျွန်တော်တို့ အဲ့ဒါကို ဖွင့်ချင်ခဲ့လို့ တူနဲ့ထုတယ်၊ မီးနဲ့ရှို့တယ် လုပ်နိုင်သမျှ ကြိုးစားကြည့်ပေမယ့် ဒီခေါင်းတလားကို နည်းနည်းမှ ထိခိုက်မှုမရှိဘူး။ ဒါကြီးက အလွန်အကျူးကို မာကျောလွန်းပါတယ်။ စိန်ဘယ်လောက်မာလဲ ကျွန်တော် မသိပေမယ့် ဒီဟာက စိန်ထက် မာလိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်တယ်။”
ငွေရောင်ဆံပင်များနှင့် အဖိုးအိုက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“ဟုတ်တယ်။ ဒီဟာက အလွန်အမင်းကို မာကျောလွန်းလှတယ်။ လျှပ်စက်ဖောက်စက်နဲ့ ဖြတ်စက်ကို သုံးတာတောင် ဖျက်ဆီးလို့ မရဘူး။ နောက်ပြီး ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးတာမို့လို့ ဒါက ဘာပစ္စည်းလဲ ဆိုတာနဲ့ သူ့ရဲ့အရည်အသွေးကို မဖော်ထုတ်နိုင်ဘူး ဖြစ်နေတယ်။ ဒီပစ္စည်းရဲ့ဘယ်ရာစုကလာသလဲဆိုတဲ့ ဇစ်မြစ်ကိုလည်း သေချာမသိဘူး။ ဒီပစ္စည်းကို တန်ဖိုးဖြတ်ရမယ်ဆိုရင် ငါ့အတွက်တော့ မှန်းဆရတာ တကယ့်ကို ခက်ခဲလှပါတယ်။”
သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်မိကြပြီး စိတ်ဓာတ်ကျသွားသည့် အမူအရာအား သူတို့၏မျက်နှာထက်တွင် အထင်းသားတွေ့မြင်နိုင်ပေသည်။ သူတို့သည် ရှေးဟောင်းအရောင်းဆိုင် တစ်ဒါဇင်မက ရောက်ခဲ့ပြီးဖြစ်သော်လည်း ခေါင်းတလား၏တန်ဖိုးအား မည်သည့်ဆိုင်ရှင်၊ မည်သည့်ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူများမှ မဖော်ထုတ်နိုင်ချေ။ ထိုသူတို့ အများဆုံး ပေးနိုင်သည့် ငွေပမာဏမှာ ယွမ်၅သောင်းသာလျှင် ဖြစ်တော့သည်။
သက်လတ်ပိုင်းအမျိုးသားမှ
“အဖိုး… ပေးနိုင်တဲ့ဈေးကို ပြောကြည့်ပါ။ ကျွန်တော်တို့ အဲ့ဒီဈေးနဲ့ အဆင်ပြေတယ်ဆိုရင် ရောင်းခဲ့ပါမယ်။ မပြေရင် ကျွန်တော်တို့ ထွက်သွားလိုက်ပါမယ်။”
ငွေရောင်ဆံပင်များနှင့် အဖိုးအိုသည် တန်ဖိုးဖြတ်ရန်အတွက် အချိန်အတော်ကြာအောင် စဉ်းစားနေရသည်မှာ သိသာလှသည်။ အမျိုးသားကြီး၏အသံအား ကြားလိုက်မှသာလျှင် သူ၏လက်ချောင်းများအား ဆန့်ထုတ်ကာ
“ငါ အဲ့ဒါကို ယွမ်သိန်း၁၀၀ ပေးဝယ်ပါ့မယ်။”
ဈေးနှုန်းသိလိုက်သည့် သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးတို့၏ မျက်နှာထက်တွင် စိတ်ဓာတ်ကျဟန်များ ကျန်ရှိနေဆဲ ဖြစ်သည်။ သက်လတ်ပိုင်း အမျိုးသမီးသည် စိတ်ပြင်းပြစွာဖြင့် ထပ်မေးလိုက်သည်။
“ဈေးနည်းနည်း ထပ်တိုးပေးလို့ရဦးမလား အဖိုး။ ကျွန်မတို့ ပိုက်ဆံ တကယ်လိုနေတာမှန်ပေမယ့် ယွမ်သိန်း၁၀၀နဲ့တော့ ဒီပစ္စည်းကို မရောင်းနိုင်ဘူးဖြစ်နေလို့ပါ။”
ငွေရောင်ဆံပင်များနှင့် အဖိုးအိုသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သိန်း၁၂၀။ ဒါ ငါပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ။ ဒီပစ္စည်းကို ဝယ်ရတာ ငါလည်း စွန့်စားရတာပါ။ မင်းတို့လက်ခံနိုင်ရင် ငါတို့ အခု အဆုံးသတ်ကြမယ်။ မင်းတို့ မရောင်းနိုင်ရင်တော့ ငါလည်း ထပ်ပြီး ဈေးမြှင့်နိုင်တော့မှာ မဟုတ်ဘူး။”
သက်လတ်ပိုင်းအမျိုးသားက ခါးသီးသောအမူအရာဖြင့်
“ကျွန်တော် စိတ်မကောင်းပါဘူး။ သိန်း၁၂၀နဲ့ ကျွန်တော်တို့ မရောင်းနိုင်လို့ပါ။”
ထိုသို့ ပြောပြီးနောက် သူသည် ခေါင်းတလားငယ်အား အဝါရောင်အဝတ်စဖြင့် ပြန်လည်ထုပ်ပိုးကာ စိတ်ဓာတ်ကျစွာဖြင့် ငြင်းဆိုလိုက်သည်။
“နေပါဦး။” ထန်ရှု ရုတ်တရက် စကားပြောလိုက်သည်။
သက်လတ်ပိုင်း အမျိုးသားက တစ်ခဏမျှ အံ့အားသင့်သွားသည့်အပြင် သက်လတ်ပိုင်းအမျိုးသမီးနှင့် အဖိုးပါ အံ့သြသွားကြသည်။
သတ်လတ်ပိုင်းအမျိုးသားအား ကြည့်လျက် ထန်ရှုက
“ခင်ဗျားတို့မိသားစုမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား။”
“ဟူး… ငါတို့အိမ် မီးအကြီးအကျယ် လောင်ခဲ့တယ်။ အိမ်တစ်အိမ်လုံး မီးလောင်သွားရုံတင်မကဘူး ငါ့အဖေပါ ဒဏ်ရာတွေ ရခဲ့တာ။ ငါတို့ အဖေအိုကြီးကို ဆေးကုဖို့ ဇနီးမောင်နှံနှစ်ယောက် ပိုက်ဆံအများကြီး ချေးယူခဲ့ရတာမို့လို့ ဒီပစ္စည်းလေးကို ယွမ်သိန်း၃၀၀ထက်လျော့ပြီး ရောင်းချလိုက်ရင် ငါတို့ အကြွေးမပေးနိုင်တော့ဘူး။”
***