ရှေးဟောင်းသုတေသနပညာရှင်
Vol. 05 Ch. 220
စာနာထောက်ထားဟန်ဖြင့် ထန်ရှုက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“သားသမီးဝတ်တရားကို ဆောင်ရွက်တာ အကျင့်ကောင်း အကျင့်မြတ်တွေအားလုံးထဲမှာ အရေးကြီးဆုံးပဲ။ ဒါကြောင့်မို့လို့ ခင်ဗျားက မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာပဲ။ ဒီပစ္စည်းက ဘာမှန်း ကျွန်တော် မသိပေမယ့် ဒီကစီနီယာက ယွမ်သိန်း၁၂၀ ပေးတယ်ဆိုမှတော့ ပစ္စည်းကောင်းဖြစ်ပါလိမ့်မယ်။ ဆိုတော့ကာ ကျွန်တော် ခင်ဗျားကို ယွမ်သိန်း၃၀၀ပေးမယ်။ ကျွန်တော့်ကို ရောင်းပါ။”
“တကယ်ပြောတာလား။” သက်လတ်ပိုင်းဇနီးမောင်နှံ၏မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားသွားကြသည်။
ထန်ရှု သူ၏ဖုန်းအား ထုတ်ကာ တည်ငြိမ်သော အမူအရာဖြင့်
“ကျွန်တော့်ကို ခင်ဗျားရဲ့ဘဏ်အကောင့်နံပါတ်ပြောပါ။ ကျွန်တော် ပိုက်ဆံလွှဲပေးပါမယ်။ မှတ်ထားပါ… အရေးကြီးဆုံးအကျင့်ကောင်းက ကိုယ့်မိဘအပေါ် သိတတ်လိမ္မာတာပဲ။ ဘယ်လောက်ပဲ ချမ်းသာပါစေ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်တော်တို့မိသားစုရဲ့သက်ကြီးရွယ်အို မိဘတွေကို ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ ဘဝမျိုး ရရှိအောင် ပြုလုပ်ပေးရမယ်။”
သက်လတ်ပိုင်းအမျိုးသားကြီးက ကျေးဇူးတင်သော အမူအရာဖြင့် ထပ်ကာထပ်ကာ ပြောဆိုနေတော့သည်။
“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
ထန်ရှုသည် သက်လတ်ပိုင်းအမျိုးသားကြီး၏ဘဏ်အကောင့်အား ရသည်နှင့် တစ်ချက်မျှ စဉ်းစားလိုက်ကာ ယွမ်သိန်း၃၂၀ လွှဲပေးလိုက်လေသည်။
“ကျွန်တော် သိန်း၂၀အပိုထည့်ပေးလိုက်တယ်။ ခင်ဗျားအဖေအိုကြီးကို အာဟာရပြည့်ဝတဲ့အစားအစာတွေ ဝယ်ကျွေးလိုက်ပါ။”
“ဒါ…”သက်လတ်ပိုင်းအမျိုးသားနှင့်အမျိုးသမီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ ကျေးဇူးတင်လွန်းအားကြီးသဖြင့် ဒူးထောက်လုမိနီးပါးပင် ဖြစ်သွားကြသည်။ သူတို့မိသားစုသည် ယခုအချိန်တွင် ငွေကြေး အင်မတန်လိုအပ်လျက်ရှိသည်။ သူတို့၏အကြွေးများ ပြန်ဆပ်ရန်သာမက အိမ်ပြန်ဆောက်ရန်နှင့် ကလေးများ၏ကျောင်းစရိတ်အတွက်ပါ လိုနေခြင်းဖြစ်သည်။ ပြန်ပြောရမည်ဆိုလျှင် သူတို့၏အကြွေးသည် ယွမ်သိန်း၂၀၀စွန်းစွန်းသာ ရှိပြီး ယခု သိန်း၁၀၀နီးပါး အပိုရလိုက်သဖြင့် အိမ်ပြန်ဆောက်ရန်နှင့် ကလေးများ၏ကျောင်းစရိတ်အတွက်ပါ အသုံးပြုနိုင်တော့မည်ဖြစ်သည်။ သိန်း၂၀ဆိုသော ငွေပမာဏသည် သူတို့အတွက် နည်းပါးသော ငွေပမာဏ မဟုတ်ပါချေ။
မိနစ်အနည်းငယ်ကြာသောအခါ သက်လတ်ပိုင်းဇနီးမောင်နှံသည် ထွက်ခွာသွားကြပြီဖြစ်သောကြောင့် အခန်းထဲတွင် ထန်ရှုနှင့် ငွေရောင်ဆံပင်အဖိုးအိုသာ ရှိတော့သည်။ အဖိုးအိုသည် သူ၏မျက်လုံးအစုံအား ကျဉ်းမြောင်းလျက် ထန်ရှုအား အချိန်အတန်ကြာသည်အထိ ကြည့်နေသည်။ ထို့နောက် သူက ဖြည်းညှင်းစွာ စကားစလိုက်သည်။
“ငါ မမှားဘူးဆိုရင် မင်း သူတို့ကို သိန်း၃၂၀ပေးလိုက်တာ သိတတ်လိမ္မာတဲ့ သူတို့ရဲ့ သားသမီးဝတ်တရားကြောင့် မဟုတ်လောက်ဘူး။”
အမြဲလိုပင် လူတစ်ယောက်သည် ထိုက်တန်သည့် တစ်စုံတစ်ခုကို မမျှော်လင့်ဘဲ ကြုံကြိုက်လိုက်သည်ဆိုပါက ထိုသူ၏စိတ်သည် ပျော်ရွှင်နေပေလိမ့်မည်။
“တကယ်တော့… အဖိုး မဝယ်ချင်တဲ့ ဒီလိုကောင်းတဲ့ အရာကို ကျွန်တော် ဝယ်လိုက်တာပါပဲ။ အဖိုး အဲ့ဒါကို ဝယ်ဖြစ်တယ်ဆိုရင်တောင် ကျွန်တော်က ဈေးပိုပေးလို့မရရင် အခြားပြန်ရနိုင်မယ့်နည်းလမ်းတိုင်းကို စဉ်းစားနေသေးတယ်။”
ထန်ရှုက ပြုံးရင်း ပြောလိုက်သည်။
ငွေရောင်ဆံပင်နှင့်အဖိုးအို၏မျက်နှာသည် အံ့အားသင့်သွားဟန်ရှိသည်။ သူ၏မျက်မှန်အား ပင့်ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့်
“ဆိုတော့… ဒီပစ္စည်းအကြောင်း မင်းသိနေတယ်ပေါ့ ဟုတ်လား။ ”
ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူသိနေသည့် အကြောင်းအား အမှန်တကယ်တွင် မပြောပြချင်ပေ။ ပြောရမည်ဆိုလျှင်ဖြင့် နတ်ဆိုးကျောက်သည် ငွေရောင်ဆံပင်နှင့်အဖိုးအိုအတွက် နားလည်နိုင်မည့် အရာမဟုတ်ချေ။ ထန်ရှုသည် ထိုခေါင်းတလားအား လက်ခံသိမ်းဆည်းပြီးနောက်
“စီနီယာရဲ့အမည်က…”
ငွေရောင်ဆံပင်နှင့်အဖိုးအိုက
“မိသားစုအမည်က ဟူ။ မင်း ငါ့ကို ပါမောက္ခဟူလို့ ခေါ်နိုင်ပါတယ်။”
“မစ္စတာဟူ… ကြယ်တာရာကနေ ကျွန်တော်လာရတဲ့ ရည်ရွယ်ချက်ကို သိပြီးသားလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပြောထားတဲ့ ကျောက်တွေကို ဝယ်ချင်ပါတယ်။ အရေအတွက် ဘယ်လောက်ရှိပါသလဲ။”
ငွေရောင်ဆံပင်အဖိုးအို၏မျက်လုံးများ တဖျတ်ဖျတ် လက်သွားကာ
“ဆောင်းဦးဒီရေဓာတ်ပေါင်းက ၂ခု၊ ကြယ်အပိုင်းအစက တစ်ခုရှိတယ်။ အရွယ်အစားကတော့ အရွယ်ရောက်ပြီးတဲ့သူရဲ့လက်သီးဆုပ်အရွယ်ပဲ။ ဒီပစ္စည်းတွေအကြောင်း မင်းသိပြီးမှတော့ အဲ့ဒါတွေရဲ့တန်ဖိုးလည်း မင်း သိမယ်လို့ ငါ ယုံပါတယ်။”
“ကျွန်တော် ပစ္စည်းတွေ အရင်ကြည့်လို့ရမလား။” ထန်ရှုက တောင်းဆိုလိုက်သည်။
“ကောင်းပြီ။”
ငွေရောင်ဆံပင်နှင့်အဖိုးအိုက အောက်ထပ်သို့ ဆင်းသွားရာ ထန်ရှုက နောက်မှ လိုက်ပါသွားသည်။ ကော်ရစ်ဒါကို ဖြတ်ကျော်ပြီးသောအခါ သူတို့နှစ်ဦးသည် အနောက်ဘက်ရှိ မြေကွက်လပ်ငယ်လေးထဲသို့ ရောက်လာကြသည်။ ထိုမြေကွက်ငယ်ထဲတွင် မည်သည့်အပင်မျှ မရှိသည်ကို ထန်ရှု အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ အေးစက်မာကျောသော ကွန်ကရစ်လူသွားလမ်းမှတစ်ပါး အနက်ရောင်သုတ်ထားသော အိမ်တစ်လုံးသာလျှင် ထီးထီးကြီး တည်ရှိနေပြီး မှုန်မှိုင်းသော စိတ်ခံစားမှုအား ခံစားရစေသည်။
“ခဏလောက် စောင့်ပါ။”
အဖိုးအိုသည် ထိုသို့ ပြောပြီး သီးသန့်အခန်းငယ်ထဲသို့ ဝင်သွားတော့သည်။ သိပ်မကြာမီ သူသည် အနက်ရောင် လက်ဆွဲအိတ်၂လုံးဖြင့် ပြန်လည်ရောက်ရှိလာသည်။
“မင်းလိုချင်တဲ့ ပစ္စည်းတွေက ဒီလက်ဆွဲအိတ်တွေထဲမှာ ရှိတယ်။ ဖွင့်လိုက်ပါ။”
ထန်ရှု လက်ဆွဲအိတ်များကို ဖွင့်ကြည့်လိုက်ရာ ဆောင်းဦးဒီရေဓာတ်ပေါင်းနှင့် ကြယ်အပိုင်းအစကို တွေ့လိုက်ရသည်။ သူက ၂မိနစ်ကြာအောင် စစ်ဆေးလိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လျက်
“ဒါတွေက အမှန်ပဲ ဆောင်းဦးဒီရေဓာတ်ပေါင်းနှင့် ကြယ်အပိုင်းအစပါ။ ပါမောက္ခဟူ… ဈေးနှုန်းပြောပါ။”
“ဆောင်းဦးဒီရေဓာတ်ပေါင်းက တစ်ခုကို ၅မီလီယံစီ၊ ကြယ်အပိုင်းအစက ၁၀မီလီယံဆိုတော့ အားလုံးပေါင်း ၂၀မီလီယံ။ မင်း ယူမယ်ဆိုရင် ပိုက်ဆံ တစ်ခါတည်း ပေးသွားပါ။ မယူချင်ဘူးဆိုရင် ကျေးဇူးပြုပြီး ပြန်ပါတော့။”
ငွေရောင်ဆံပင်နှင့်အဖိုးအိုက ပြောလိုက်သည်။
“၂၀ မီလီယံလား။” ထန်ရှု မျက်မှောင်ကြုပ်သွားသည်။ လောလောဆယ် သူ့တွင် မီလီယံအနည်းငယ်သာ ရှိတော့သည်ဖြစ်ပြီး ၂၀မီလီယံ မပေးနိုင်ချေ။ သို့သော်လည်း ထိုပစ္စည်း၂ခုစလုံးအား သူ လိုချင်ပေသည်။ ထို့ကြောင့် ခန်းရှထံ ဖုန်းဆက်ကာ ၂၀မီလီယံ လွှဲပေးရန်အတွက် ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာသော် ငွေရောင်ဆံပင်နှင့်အဖိုးအိုသည် ၂၀မီလီယံအား ဘဏ်ငွေလွှဲဖြင့် လက်ခံရရှိခဲ့သည်။
“ဒီ ပစ္စည်း၂ခုကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာ ငါ မေးလို့ရမလား။ မင်းဖြေဖို့ အဆင်မပြေရင်တော့ မဖြေပါနဲ့။”အဖိုးအိုက မေးလာသည်။
ထန်ရှု ခေါင်းညိတ်လိုက်ပြီး “ပစ္စည်းတစ်ချို့ သွန်းလုပ်ဖို့ပါ။”
ထို့နောက် သူက လက်ဆွဲအိတ်၂လုံးအား လှမ်းယူလိုက်သည်။
ငွေရောင်ဆံပင်နှင့်အဖိုးအိုက အလျင်စလိုဟန်ဖြင့်
“မင်းမှာ ဒါတွေကို ပုံသွင်းဖို့ နည်းပညာရှိတာလား။ ဘယ်လို သွန်းလုပ်နိုင်တာလဲ။”
ထန်ရှု လမ်းလျှောက်ရင်း ဖြေလိုက်သည်။
“ကျွန်တော့်မှာ သွန်းလုပ်တဲ့ကျွမ်းကျင်မှု အရည်အချင်းနဲ့ နည်းပညာအချို့ ရှိတယ်။ ကျွန်တော် ဘာကို သွန်းလုပ်မယ်ဆိုတာတော့ ပြောဖို့ အဆင်မပြေဘူး။ စကားမစပ် ကျွန်တော်တို့ အရောင်းအဝယ်က ပြီးပြီဆိုတော့ ကျွန်တော် အခု ပြန်တော့မယ်။ နောက်ပိုင်း ပစ္စည်းတွေ ထပ်ရခဲ့ရင် ကျွန်တော့်ကို ဆက်သွယ်ပေးပါဦး။ ခင်ဗျားမှာ ရှိသလောက် ကျွန်တော် ယူပါမယ်။”
ငွေရောင်ဆံပင်နှင့်အဖိုးအိုက စက္ကန့်အနည်းငယ်မျှ ကြာအောင် စကားမပြောပဲရှိနေပြီးမှ ဖြည်းညှင်းစွာ ပြောလာသည်။
“ငါ့မှာတော့ ဒါအကုန်ပဲဆိုပေမယ့် ဒီပစ္စည်းတွေ ရှိသေးတဲ့လူကို ငါ သိတယ်။ သူ ရောင်း မရောင်းတော့ ငါ မသိဘူး။”
“တခြားတစ်ယောက်ဆီမှာ ဒါတွေ ရှိသေးတာလား။ ဘယ်သူများပါလဲခင်ဗျာ။” ထန်ရှု လမ်းလျှောက်နေရာမှ ရပ်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
“ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း လီပိုင်ယီ။ သူက ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ရှေးဟောင်းသုတေသနဋ္ဌာနက ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပါ။ မင်း သူ့ကို ရှာချင်ရင် ငါ ကူညီပေးနိုင်ပါတယ်။ သူလည်း အခု ထျန်းကျင်းမြို့မှာ ရှိနေတယ်။”
ထန်ရှု တစ်ချက်ပြုံးလိုက်ရင်း
“ပါမောက္ခဟူ… ညစာ မစားရသေးဘူး မဟုတ်လား။ ကျွန်တော်တို့ ညစာ အတူစားကြရင်ရော ဘယ်လိုလဲ။”
ငွေရောင်ဆံပင်နှင့်အဖိုးအို၏မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ခေါင်းညိတ်ကာ သဘောတူလိုက်ရင်း
“ကောင်းတယ်။ မင်းတို့ကို ဧည့်ခံတဲ့အနေနဲ့ ငါ ညစာကျွေးတယ်လို့ သဘောထားပေးပါ။ ငါ့သူငယ်ချင်းဟောင်းနဲ့လည်း တွေ့ရတာပေါ့။”
ထျန်းကျင်းမြို့၏ညလေးသည် ကြယ်များ ကြွေနေသော ကောင်းကင်ပြာအား အမိုးခုံးသဖွယ် နောက်ခံထားကာ တည်ရှိနေပေသည်။ တဖျတ်ဖျတ်လင်းနေသော နီယွန်မီးရောင်စုံများသည် အလင်းမြစ်တစ်စင်းအလား စီးဆင်းနေကြသည်။
ကြာပန်းစံအိမ်…
ထျန်းကျင်းမြို့၏ထိပ်တန်းစားသောက်ဆိုင်များအကြားတွင် ကျော်ကြားသောအမည်ဖြစ်ပြီး ထိုဆိုင်သည် အရသာရှိသော အစားအသောက်များကြောင့်လည်းကောင်း၊ လှပကောင်းမွန်သော အပြင်အဆင်ဝန်းကျင်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုနိုင်ပေသည်။ ၎င်းသည် ၃ထပ်အဆောက်အဦး စားသောက်ဆိုင်ဖြစ်သည်။ ပထမထပ်သည် စားပွဲများ၊ ကုလားထိုင်များ မရှိသော ခန်းမတစ်ခုဖြစ်ပြီး ပန်းချီကားများနှင့် လက်ရေးလှစာများစွာအား ချိတ်ဆွဲခင်းကျင်းထားသည်။ ပန်းချီကားတိုင်းတွင် ကိုယ်ပိုင်နာမည်များနှင့် လက်မှတ်များပါရှိပေသည်။ ထိုပန်းချီကားများသည် ကြာပန်းများနှင့် ဆက်နွယ်နေသော ပန်းချီပုံစံများ ဖြစ်တော့သည်။
ထန်ရှုသည် ငွေရောင်ဆံပင်နှင့်အဖိုးအိုပါမောက္ခဟူ၏အနောက်မှ ကြာပန်းစံအိမ်သို့ လိုက်ပါလာခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါမှ သူသိလိုက်ရသည်မှာ ထိုနေရာတွင် စားသောက်ရန်အတွက် လိုအပ်ချက်ကြီးတစ်ခုရှိနေပြီး ၎င်းမှာ လူတစ်ယောက်လျှင် ပန်းချီကားတစ်ချပ်အား ပထမထပ်တွင် ပေးခဲ့ရမည်ဟုပင်ဖြစ်သည်။ ပါမောက္ခဟူအတွက် သူသည်လည်း ပန်းချီကားတစ်ချပ်အား ခန်းမတွင် ထားရစ်ခဲ့ပြီဖြစ်သည်။
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်ရာ ပန်းချီကား စုစုပေါင်း ၂၀၀ကျော်ရှိသည်ကို တွေ့ရသောကြောင့် စားပွဲဝိုင်း၂၀၀ကျော် ရှိမည်ဟု ဆိုလိုနိုင်သည်။ သို့သော်လည်း လူတစ်ယောက်လျှင် သူ၏သူငယ်ချင်းမိတ်ဆွေများအား သည်နေရာတွင် စားသောက်ရန် ခေါ်ဆောင်လာနိုင်ပေသည်။
“သည်အလေ့အထက တကယ်ကို ရှားပါးပြီး အံ့သြစရာကောင်းတာပဲ။” ပါမောက္ခဟူ၏အနောက်မှ လိုက်လာသော ထန်ရှုသည် အပေါ်ထပ်လှေကားအားတက်ရင်း ပြောလိုက်မိသည်။
ပါမောက္ခဟူက မျက်နှာသေဖြင့်
“အချို့လူတွေမှာ ဒီလိုဝါသနာမျိုး ရှိတတ်ကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့အတူ သူတို့ရဲ့ဝါသနာကိုပါ အတူပူးတွဲ စီမံလုပ်ဆောင်ကြတယ်ပေါ့။ ဒုတိယထပ်နဲ့ တတိယအထပ်တွေမှာ စုစုပေါင်း ၂၄ခန်းရှိတယ်။ အခန်းအားလုံး မပြည့်တဲ့နေ့မရှိဘူး။ အခြားဒေသက လူတွေဆိုရင် ဒီမှာ လာစားဖို့ မလွယ်ကူနိုင်ဘူးပေါ့။ ပြောဖို့မလိုလောက်အောင် ဒီနည်းလမ်းက တကယ်ကို ထိရောက်ပြီး နေ့တိုင်းလိုလို အခန်းပြည့်တာက များတယ်။”
“ဆိုတော့ ဒါက ဟန်းဂါးမားကက်တင်း နည်းဗျူဟာပေါ့။” ထန်ရှု ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
(Charm Ming Nge: Hunger Marketing(ဟန်းဂါးမားကက်တင်း)ဆိုသည်မှာ လူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်အား အထူးအာရုံစိုက်ကာ ဆောင်ရွက်သည့် ဈေးကွက်ရောင်းချနည်းဗျူဟာတစ်ခုဖြစ်ပါသည်။)
ထိုအရာသည် ထန်ရှုအား အက်ပဲလ်၏အိုင်ဖုန်းအတွက် ရောင်းချမှုပုံစံကို သတိရစေသည်။ ထိုပုံစံမှာ သုံးစွဲသူ/ ဝယ်ယူသူ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုအပေါ်တွင် အထူးအလေးထားအာရုံစိုက်ထားပြီး ထိုပစ္စည်း၏ရှားပါးမှုသည် ပစ္စည်း၏တန်ဖိုးအား မြင့်တက်စေသော ရလဒ်ကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အိုင်ဖုန်းအသစ် စတင်ရောင်းချသည့်နေ့တွင် ဈေးနှုန်းမြင့်မားသော်လည်း ဝယ်ယူလိုသူများသည် ညအိပ်ညနေ တန်းစီစောင့်ဆိုင်းနေကြခြင်းပင် ဖြစ်သည်။ ထိုနည်းတူ အစားအစာနှင့် ဝိုင်များသည်လည်း အရည်အသွေးကောင်းမွန်မှုအား ကြာရှည်ထိန်းထားနိုင်နေသရွေ့ စီးပွားရေးသည် တိုးတက်ကောင်းမွန်ပေလိမ့်မည်။
“ပါမောက္ခဟူ… ကြာပန်းစံအိမ်က ဒီလိုမျိုး စီးပွားရေးအမြင်နဲ့ လည်ပတ်နေတာဆိုတော့ သူတို့ရဲ့အမြတ်အစွန်း မနည်းပေဘူးလား။”
“ဟင့်အင်း။ မနည်းပါဘူး။ သူတို့အမြတ်အားကြီးရတာပေါ့။” ပါမောက္ခဟူက ခေါင်းကိုယမ်းကာ ဖြေလိုက်သည်။
ထန်ရှု အံ့အားသင့်စွာဖြင့် “ဘာကြောင့်များလဲခင်ဗျ။”
“ပစ္စည်းက ပိုမိုရှားပါးလေ… သူတို့က ပိုပြီး ဈေးကြီးလာလေပေါ့။ ဒီဖြစ်ရပ်မှာဆိုရင်လည်း အဓိက အာရုံစိုက်ထားတာက “ဈေးကြီးတယ်”ဆိုတဲ့စကားလုံးပဲ။” ပါမောက္ခဟူက ပြောလိုက်သည်။
ထန်ရှု ချက်ကနဲ နားလည်သွားတော့သည်။ အခန်း၂၄ခန်းနှင့် စားပွဲ၂၄လုံးသာ ရှိပါလျှင်တောင် ဈေးနှုန်း အဆမတန် ကြီးမြင့်ပါလျှင် အမြတ်အစွန်း အတော်ကြီးပေမည်။
သည်နေရာရှိ အခန်း၂၄ခန်းတိုင်းအား တစ်ခန်းချင်းစီတွင် စားသောက်ခန်းမနှင့် ပုံဆွဲအခန်းငယ်ကို သီးသန့်ကန့်သတ်ကာရံပေးထားသည်။ ပါမောက္ခဟူ၏သူငယ်ချင်းဟောင်းမှာ မရောက်သေးသောကြောင့် နှစ်ယောက်သား ပုံဆွဲအခန်းငယ်လေးထဲရှိ ဆိုဖာတွင် ထိုင်လိုက်သဖြင့် လက်ဖက်ရည်၊ အဖျော်ယမကာနှင့် အချိုပွဲများ မှာယူနိုင်ရန် မီနူးစာအုပ်အား စားပွဲထိုးမှ လှမ်းပေးလာသည်။
များမကြာမီ အိုလောင်းလက်ဖက်ရည်တစ်အိုးနှင့် အချိုပွဲ၄ပွဲသည် သူတို့ရှေ့ရှိ စားပွဲပေါ်တွင် နေရာယူထားပြီး ဖြစ်လေသည်။
“အမှန်အကန် ဈေးကြီးတာပဲ။ နီတျာတျာအိုလောင်းလက်ဖက်ရည် တစ်အိုးကို ယွမ်၂၈၀၀နဲ့ အချိုပွဲလေးပွဲကို ယွမ်၁၂၀၀တောင် ကျတယ်။ အဓိက ဟင်းပွဲတွေ မမှာရသေးခင် ငါတို့ ယွမ်၄ထောင် သုံးပြီးနေပြီ။ ကြည့်ရတာ ဒီစားသောက်ဆိုင်ပိုင်ရှင်က “ရှားပါးတဲ့ ကုန်ပစ္စည်းက တန်ဖိုးကြီးတယ်ဆိုတာကို တကယ်ကို အသုံးပြုနေပုံပေါ်တယ်။ ဒီမှာ လာစားဖို့ လိုအပ်ချက်ကလည်း တကယ်ကို မြင့်မားတယ်။ လာစားတဲ့လူတွေက ပန်းချီအကြောင်း နားလည်မှကို ရမယ့်အပြင် ချမ်းသာကြွယ်ဝပြီး လူလေးစားခံရတဲ့သူမျိုးတွေလည်း ဖြစ်ရဦးမယ်။” ထန်ရှု သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားရသည်။
“မင်းက အလွန်ငယ်သေးပေမယ့် ကျောက်တုံးအနည်းငယ်ဝယ်ဖို့ မီလီယံ၂၀ ထုတ်သုံးနိုင်တယ်ဆိုတော့ မင်းရဲ့ပုံရိပ်နဲ့နောက်ခံကလည်း သာမန်မဟုတ်ဘူးလို့ ငါယုံတယ် ဟုတ်တယ်မလား။”
ပါမောက္ခဟူက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
ထန်ရှု မျက်နှာသေဖြင့်
“ကျွန်တော်က အခုမှ တက္ကသိုလ်ဝင်ခွင့်အောင်ထားတဲ့ ကျောင်းသားတစ်ယောက်ပါဗျာ။”
“အာ…” ပါမောက္ခဟူ တစ်ခဏမျှ ကြက်သေ သေသွားပြီး အံ့အားသင့်စွာဖြင့် “မင်းက ခုမှ စာသင်ယူနေတုန်းလား။”
“ဘယ်သူက စာသင်ယူနေတုန်းလဲ။”
စားပွဲထိုးတစ်ယောက်မှ အခန်းတံခါးဖွင့်ပေးလိုက်သောကြောင့် ခေါင်းတုံးခပ်ပါးပါးရိတ်ထားပြီး တရုတ်အမျိုးသားဝတ်စုံဖြင့် အဖိုးအိုတစ်ယောက်သည် အပြင်မှ ဝင်ရောက်လာသည်။ အထူးခြားဆုံးမှာ သူ၏မျက်လုံးများ ဖြစ်ပြီး စိတ်ဝိညာဉ်များ ပြည့်ဝကာ အလွန်တရာ တောက်ပလျက်ရှိသည်။ ထိုသူ၏နောက်မှ ကျက်သရေရှိသော၊ နတ်သမီးတစ်ပါးသဖွယ် လှပသော မိန်းကလေးတစ်ဦးသည် ကပ်လျက် ပါလာခဲ့သည်။ မိန်းမလှလေးများအား မြင်တွေ့နေကျဖြစ်သော ထန်ရှုပင် သူမအား မြင်လိုက်ရသည့်အချိန်တွင် စိတ်လှုပ်ရှားသွားရပေသည်။
“အဖိုးကြီးလီ… မင်း နောက်ကျတယ်။” ပါမောက္ခဟူက မတ်တတ်ရပ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
လီပိုင်ယီက မချိပြုံး ပြုံးလျက်
“ဒီမင်းတို့ထျန်းကျင်းမြို့က တအားကို ကျဉ်းကြပ်လွန်းပါတယ်။ ရှန်ဟိုင်းကို မီလုနီးပါး ဖြစ်နေပြီ။”
ပါမောက္ခဟူက အားရပါးရ ရယ်မောလိုက်ပြီးနောက် မိန်းမပျိုလေးအား ညွန်ပြလျက် ခပ်ဖွဖွအပြုံးဖြင့်
“အာ… ဒါက မြို့တော်က ကျော်ကြားတဲ့ နံပါတ်တစ်မိန်းမလှလေး မုဝမ်ရင်မဟုတ်လား။ ‘ဆော့ကစားနေတဲ့ ကြိုးကြာနဲ့ကြာပန်း’ပန်းချီကားကို လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်း ဆွဲခဲ့တယ်လို့ ငါ ကြားမိတယ် ... ဟုတ်တယ်မလား။ အဲ့သတင်းက ကြာပန်းစံအိမ်မှာ အတော် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသေးတယ်။”
“ပါမောက္ခဟူ… ကျွန်မကို ချီးကျူးလွန်းနေပါပြီ။” မုဝမ်ရင်က နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။
ပါမောက္ခဟူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူက ထန်ရှုကို ညွှန်ပြလျက် လီပိုင်ယီအား ပြောလိုက်သည်။
“အဖိုးကြီးလီ… ဒီနေ့ မင်းကို တွေ့ချင်နေတဲ့လူက သူပဲ။”
“မင်္ဂလာပါ… ပါမောက္ခလီ။ ကျွန်တော်က ထန်ရှုပါ။” ထန်ရှု ပြောလိုက်သည်။
“မင်းက ငါ့ကို တွေ့ချင်တာလား။” ပါမောက္ခလီ ဇဝေဇဝါ ဖြစ်သွားသည်။
“ဟုတ်ပါတယ်ဗျ။ ပါမောက္ခလီဆီမှာ အဖိုးတန်ကျောက်တုံးတွေ အများကြီး ရှိသေးတယ်လို့ ပါမောက္ခဟူဆီက ကျွန်တော် ကြားလို့ပါ။ ပါမောက္ခလီများ အဲ့ဒါတွေကို ရောင်းချလိုစိတ်ရှိပါသလားခင်ဗျာ။” ထန်ရှုက ပြောလိုက်သည်။
လီပိုင်ယီက ထန်ရှုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်တို့အား ပါမောက္ခဟူဆီသို့ ရွှေ့လိုက်ကာ မေးမြန်းဟန်ပြုလိုက်သည်။
ပါမောက္ခဟူက
“ငါ့ရဲ့ဆောင်းဦးဒီရေနဲ့ ကြယ်အပိုင်းအစတွေကို ဒီလူငယ်လေးဆီ ရောင်းပြီးပေမယ့် သူ့ရဲ့လိုအပ်မှုက အတော်ကြီးတယ်ကွာ။”
လီပိုင်ယီ လျှပ်တစ်ပြက်အတွင်း အဖြစ်အပျက်ကို နားလည်သွားခဲ့သည်။ သူ၏အမူအရာမှာ ပိုမိုခံစားချက်ကင်းမဲ့သောအသွင်သို့ ပြောင်းသွားပြီး ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ရည်ရွယ်ချက်ကို ငါ နားလည်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့ကျောက်တွေက ရောင်းဖို့မဟုတ်ဘူး။”
“စိတ်မကောင်းစရာပဲ။”
ထန်ရှု စိတ်တွင်းမှ သက်ပြင်းချကာ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ လူအများပြောကြသကဲ့သို့ မြင့်မြတ်သော လူတစ်ယောက်သည် အခြားသူများ၏နှစ်သက်သောအရာများအား မလုယူပါပေ။
ပါမောက္ခဟူဆီမှ ဆောင်းဦးဒီရေကျောက်၂တုံးနှင့် ကြယ်အပိုင်းအစ၁တုံးအား ဝယ်ယူရရှိသည့်အတွက် ကျေနပ်နေပြီဖြစ်သည်။ သူ များများ ဝယ်ယူနိုင်ပါက ကောင်းမွန်သည့်အရာတစ်ခုဖြစ်သော်လည်း သူ့အနေဖြင့် တစ်ဖက်လူမှ မရောင်းချင်သောအရာအား ဖိအားပေးလိုသောစိတ်မရှိပါချေ။
***