စိတ်ပျက်လက်ပျက်
Vol. 05 Ch. 221
မုဝမ်ရင်၏မျက်ဝန်းများဆီမှ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သည့် ရှေးဟောင်းသချိုင်းတစ်ခုမှ အဖိုးတန်ကျောက်တုံးအနည်းငယ်အား သည်ပါမောက္ခ ရရှိထားသည်ကို သူမ သိထားသည်။ ထိုအရာများသည် သူ၏ရတနာစုဆောင်းမှုသဖွယ် အလေးထားပေသည်။
ထို့ကြောင့် သူမက သိလိုစိတ်ပြင်းပြလာသည်။ ထန်ရှုသည် အလွန်ငယ်ရွယ်သော်လည်း မည်သည့်အကြောင်းကြောင့် ထိုအဖိုးတန်ကျောက်တုံးများအား ဝယ်ယူလိုရပါသနည်း။
“ကောင်းပြီ။ ညစာ စားကြစို့။”
လီပိုင်ယီ ထိုကျောက်တုံးများအား ရောင်းခြင်း၊ မရောင်းခြင်းအား ပါမောက္ခဟူ ဂရုမစိုက်ပါချေ။ သူ၏ရည်ရွယ်ချက်မှာ ထန်ရှု၏ပုံရိပ်အား ရှင်းလင်းစွာ သိရန်နှင့် အဆင်ပြေပါက သူ၏သူငယ်ချင်းဟောင်းနှင့် တွေ့ဆုံရန် ဖြစ်သည်။
သူတို့ ထိုင်လိုက်ကြပြီးနောက် လီပိုင်ယီက ရည်ရွယ်ချက်မဲ့ဟန်ဖြင့်
“ဒါနဲ့ မင်းနာမည်က ထန်ရှုဟုတ်တယ်မလား။ ဆောင်းဦးဒီရေကျောက်တုံးနှင့်ကြယ်အပိုင်းအစကျောက်တုံးက တန်ဖိုးကြီးတာ မင်းလည်း သိနေတာပဲ။ ဘာအတွက်ဝယ်တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။”
“ပစ္စည်းတစ်ချို့ကို ပုံသွင်းဖို့ပါ။” ထန်ရှု တည်ငြိမ်စွာ ပြောလိုက်သည်။
လီပိုင်ယီ တစ်ခဏမျှ ကြက်သေ သေသွားခဲ့သည်။ ထို့နောက် သူက အူလှိုုက်သည်းလှိုက် ရယ်လိုက်ကာ
“ဟားဟားဟား… မင်း ငါ့ကို နောက်နေတာလား။”
တစ်ဖန် သူက ဆက်ပြောလိုက်ပြန်သည်။
“ဆောင်းဦးဒီရေကျောက်တုံးကတော့ အလွယ်အရည်ပျော်နိုင် ဖြတ်တောက်နိုင်တာကို ငါ ယုံပါတယ်။ ဒါပေမယ့် ကြယ်အပိုင်းအစကျောက်တုံးက စိန်နဲ့ယှဉ်နိုင်လောက်အောင် မာကျောတယ်ကွ။ ဒီဟာသက လုံးဝကို ရယ်စရာမကောင်းဘူးနော် ကောင်လေး။”
ထန်ရှု ထပ်မရှင်းပြတော့ပေ။ အခြားသူများအတွက် ကြယ်အပိုင်းအစကျောက်တုံးမှ ပစ္စည်းပြုလုပ်ရန် ဖြစ်နိုင်မည် မဟုတ်သော်လည်း သူ့အတွက်မူ အလွယ်တကူ အရည်ပျော်သွားအောင် လုပ်နိုင်စွမ်းရှိပေသည်။ ပြောရမည်ဆိုပါက သူ၏လက်နက်သန့်စင်သည့် ပညာရပ်အား သာမန်လူများမှ မည်ကဲ့သို့ နားလည်နိုင်ပါလိမ့်မည်နည်း။
ပါမောက္ခဟူ၏သိလိုစိတ်သည် တစ်ဖန်နိုးထလာခဲ့သည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက်
“ထန်ရှု… မင်း ပစ္စည်းတစ်ချို့ကို ပုံသွင်းချင်တယ်လို့ ပြောခဲ့တယ်။ ပုံသွန်းလောင်းတဲ့နည်းပညာအကြောင်း ငါ့ကို ပြောပြနိုင်မလား။ နောက်ပြီး ဘယ်လို ပစ္စည်းတွေကို ပုံသွင်းလောင်းမလို့လဲ။”
ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပစ္စည်းသေးသေးလေးတွေပါ။ အရိုးသားဆုံးပြောရရင် ရည်ညွှန်းဖို့တောင် မထိုက်တန်ပါဘူးဗျာ။ ဒါပေမယ့် ပုံသွန်းလောင်းတဲ့နည်းပညာရပ်က ကျွန်တော် ပြောပြရင်တောင် ပါမောက္ခဟူ နားလည်နိုင်လိမ့်မယ်မထင်ဘူး။”
“……”
ပါမောက္ခဟူနှင့် လီပိုင်ယီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြပြီး တိတ်တဆိတ် ခေါင်းကိုသာ ယမ်းမိတော့သည်။
အလွန်အမင်းကို စိတ်ကြီးဝင်လှပေသည်။
ထန်ရှုသည် သူတို့၏စိတ်ထဲတွင် အလွန်အမင်း စိတ်ကြီးဝင်လွန်းအားကြီးသည်ဟု ထင်မြင်လိုက်ကြသည်။ မုဝမ်ရင်ပင်လျှင် ထန်ရှုမှာ အတော် ဘ၀င်မြင့်သည်ဟု ခံစားမိကာ သူ့အား မနှစ်သက်သလိုပင် ဖြစ်သွားရသည်။
မုဝမ်ရင်အား ကြည့်ပြီး ပါမောက္ခဟူက
“မင်းက ပေကျင်းတက္ကသိုလ်ကနေ ဘွဲ့ရထားပြီး ရှန်ဟိုင်းတက္ကသိုလ်မှာ မာစတာဘွဲ့ကို ဆက်ယူဖို့ ပြင်ဆင်နေတယ်လို့ ငါ ကြားထားတယ်။”
“ဟုတ်ပါတယ်။ ကျွန်မရဲ့အဓိကမေဂျာက ဥပဒေဘာသာရပ် ဖြစ်ပေမယ့် အဲ့ဒါကို သဘောမကျဘူး။ ကျွန်မက ခရီးသွားရတာကို နှစ်သက်သလို ရှေးဟောင်းသုတေသနပညာရပ်ကိုလည်း သဘောကျတယ်လေ။ အဲ့ဒါကြောင့် ရှန်ဟိုင်းတက္ကသိုလ်တက်ဖို့ ဆရာ့နောက်ကို လိုက်ပြီး ရှေးဟောင်းသုတေသနပညာကို ယူမလို့ပါ။”
ရှေးဟောင်းသုတေသနပညာ?
ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားကာ သူ၏မျက်ဝန်းများထဲတွင် အံံ့သြသည့်အရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားသည်။ တက္ကသိုလ်ဝင်ခွင့်အား အောင်မြင်ခဲ့သော သူသည် ထိုနေရာတွင် တက်ရောက်ရန် ဖောင်ဖြည့်ခဲ့ကာ ရှေးဟောင်းသုတေသနပညာကိုပင် ရွေးချယ်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ သူ၏ကျင့်ကြံခြင်းအတွက် အကူအညီပေးနိုင်သော အဖိုးတန်ကျောက်တုံးများအား ရှာဖွေလိုသောကြောင့်ဖြစ်သည်။
ပါမောက္ခဟူက သက်ပြင်းချလိုက်ရင်း
“ရှေးဟောင်းသုတေသနပညာက အမှန်တကယ်တော့ ဗဟုသုတ ပိုမိုကြွယ်ဝစေတဲ့ တံခါးပေါက်ပဲ။ မီလီယံရာစုနှစ်များစွာက တရုတ်ပြည်မှာ ကျန်နေရစ်ခဲ့တဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံတွေကို ငါတို့ကို ပြသပေးဖို့၊ သမိုင်းဝင်အထောက်အထားတွေကို မှတ်တမ်းတင်ဖို့အတွက် အဲ့ဒါက လိုအပ်တယ်။ အဲ့ဒီပညာက လွှမ်းမိုးနိုင်စွမ်းရှိတာဖြစ်ပြီးတော့ နောက်မျိုးဆက်သစ်တွေအတွက် တအားကို အထောက်အကူပေးလိမ့်မယ်။ ဒီအဖိုးကြီးလီက ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်သလို ရှေးဟောင်းသုတေသနအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တော့ မင်း သူ့ဆီကနေ အများကြီး သင်ယူစရာတွေ တွေ့လာမှာပါ။”
မုဝမ်ရင် ညင်သာစွာ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဆရာက တကယ်ကို ဗဟုသုတ ကြွယ်ဝလှပါတယ်။ သူက ကျွန်မကို အများကြီး သင်ကြားပေးခဲ့လို့ ရက်အနည်းငယ်သာ သင်ယူရသေးပေမယ့် ကျွန်မအတွက် အကျိုးအများကြီး ရှိခဲ့ပါတယ်။”
“ဒေါက်…ဒေါက်…”
အခန်းတံခါးခေါက်သံကြားရပြီး စားပွဲထိုး ဝင်လာကာ အပြုံးဖြင့်
“လူကြီးမင်းတို့… ကျွန်တော်တို့ ကြာပန်းစံအိမ်က အထူးဧည့်သည်တော်တစ်ယောက်ကို ဒီနေ့ ကြိုဆိုမှာ ဖြစ်ပါတယ်။ သူက ပန်းချီစွမ်းရည်ပွဲမှာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ထုံးတမ်းစဉ်လာအရ သူ့ကို အခန်းတိုင်းက ဧည့်သည်တော်တွေနဲ့ မိတ်ဆက်ပေးပြီး တစ်ခွက်စီ ဂုဏ်ပြုတဲ့အခွင့်အရေးကို ပြုလုပ်နေပါတယ်။ အထူးဧည့်သည်တော်က ဒီအခန်းကို လာပြီး အတူစားသောက်လိုပါတယ်။”
“အာ… ကြာပန်းစံအိမ်က ဒီရက်ပိုင်း အတော်သက်ဝင်လှုပ်ရှားနေပါလား။ ဒီ၁၀ရက်အတွင်း ပန်းချီအရည်အချင်းစစ်တာကို အောင်မြင်ပြီး အထူးဧည့်သည်ဖြစ်လာတာ လေး-ငါးယောက်လောက် ရှိမယ်ထင်တယ်။ ဒီနေ့အောင်မြင်တာ ဘယ်သူများတုန်း။” ပါမောက္ခဟူ အံ့အားသင့်စွာ ပြောလိုက်သည်။
“ကျူးရှန်ပါခင်ဗျာ။” စားပွဲထိုးက အပြုံးဖြင့် ပြောလိုက်သည်။
ပါမောက္ခဟူ မျက်မှောင်ကြုပ်သွားကာ
“ဒီတစ်ခေါက်က အဲ့ဒီဘဝင်မြင့်နေတဲ့လူလား။ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ပြိုင်ဖက်မရှိလို့ ထင်နေတဲ့ လူငယ်ပဲ။ ငါ့စိတ်အလိုအရဆိုရင်တော့ သူ့ကို မတွေ့ချင်ပေမယ့် ဒီဟာက မင်းတို့ကြာပန်းစံအိမ်ရဲ့အလေ့အထဖြစ်နေတော့ လာခိုင်းလိုက်ပါ။”
လီပိုင်ယီက အံ့အားသင့်စွာ မေးလိုက်သည်။
“အဖိုးကြီးဟူ… မင်း သူ့ကို မကောင်းမြင်နေတာလား။ အဲ့ဒီကောင်လေးက ဘယ်သူမို့တုန်း။ သူ့နောက်ခံကရော ဘာများလဲ။”
ပါမောက္ခဟူက သက်ပြင်းချကာ ခေါင်းကိုယမ်းလိုက်ရင်း
“ဟူး… အမှန်တကယ်တော့ ဒီကောင်လေးက ပန်းချီဆွဲတဲ့နေရာမှာရော လက်ရေးလှရေးသားတဲ့နေရာမှာရော ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမယ့် သူ့မိသားစုက အရမ်းအလိုလိုက်ထားတော့ ပျက်စီးပြီး အကြောက်အလန့်မရှိ ဖြစ်နေတာ။ လူတွေက သူ့ရဲ့မောက်မာမှုနဲ့ရိုင်းပျမှုတို့ကိုသာ မြင်လိမ့်မယ်။ လွန်ခဲ့တဲ့၂နှစ်က ရှန်ဟိုင်းရွှေဘဲပြပွဲကို မင်း ကြားဖူးတယ် မဟုတ်လား။ ဒီကောင်လေးက အဲ့ဒီပွဲက တစ်ဦးချင်းပြပွဲမှာ မြင့်မားတဲ့နေရာ ရခဲ့လို့ လူအများအပြားက အဲ့ဒီကတည်းက သူ့ကို သိလာကြတယ်။”
လီပိုင်ယီက
“အိုး… အဲ့ဒါက သူလား။ သူက အမှန်ကို အနည်းငယ် ဂုဏ်ယူနိုင်တဲ့သူတစ်ယောက်ပေါ့။ ဒါပေမယ့် ငါက လက်ရေးလှနဲ့ ပန်းချီဆွဲတာမှာ သိတာအများကြီး မရှိဘူးဆိုတော့ ဒီဟာကို ငါ အာရုံမရဘူး။”
“ကျွန်မလည်း သူ့အကြောင်းတွေ ကြားဖူးတယ်။ သူက မကောင်းသတင်းကျော်စောပြီး မိန်းကလေးတွေ အများကြီးကို ဖျက်ဆီးထားတယ်။” မုဝမ်ရင်က ပြောလိုက်သည်။
“မင်း ဘယ်လိုသိလဲ။” ပါမောက္ခဟူ မူးမေ့လုနီးပါးဖြစ်သွားရသည်။
“အစတုန်းက ကျွန်မလည်း သူ့ရဲ့ပန်းချီကားတွေကို သဘောကျလို့ တစ်ခုတောင် စုဆောင်းထားသေးတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ဆီကနေ သူက ရှန်ဟိုင်းက မိန်းကလေးတော်တော်များများကို ခြေတော်တင် ဖျက်ဆီးတဲ့သတင်းကို မထင်မှတ်ဘဲ ကြားခဲ့ရတယ်။ တစ်ယောက်ဆိုရင် ကိုယ်ဝန်ရှိလာလို့ ၁၂ထပ်တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ သူ့မိသားစုက အဆက်အသွယ်အတော်များများရှိတော့ အသက်၂ချောင်း ဆုံးရှုံးသွားခဲ့တဲ့ ဒီအမှုကို ပိတ်သိမ်းလိုက်နိုင်တယ်။ ဒါပေမယ့် ကျွန်မက ဒီဖြစ်ရပ် မှန်လား၊မှားလားဆိုတာကို သိချင်လို့ ရှန်ဟိုင်းက သူငယ်ချင်းတစ်ယောက်ကို စုံစမ်းခိုင်းလိုက်တော့ အရာရာတိုင်းက မှန်နေခဲ့တယ်။”
“မျိုးမစစ်ကောင်…” လီပိုင်ယီ မျက်နှာပျက်သွားကာ ကျယ်လောင်စွာ ဆဲဆိုမိတော့သည်။
ထန်ရှုသည် ထိုအရာများအား စိတ်ဝင်စားခြင်းမရှိဘဲ သူ၏ညစာအား တိတ်ဆိတ်စွာ စားရင်း ညစာစားပြီးပါက ကြယ်တာရာသို့ ချက်ချင်းပြန်ရမည်လား သို့မဟုတ် ထျန်းကျင်းမြို့တွင် တည်းခိုပြီး မနက်မှ ပြန်ရမည်လားကို စဉ်းစားနေလျက်ရှိသည်။
သူ့တွင် ဝိုင်လုပ်ငန်းအား တတ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ရန် ရှိနေသေးသည်။ ဓားအမာရွတ်ချန်အား ပါဝင်သည့်အရာများနှင့် ပြုလုပ်ပုံအား သင်ကြားပေးပြီးဖြစ်သော်လည်း ဝိုင်အဆောက်အဦး ပြန်လည်တည်ဆောက်ပြီးသည့်အခါ ဓားအမာရွတ်ချန်သည် အရသာကောင်းမွန်လှသည့် ဝိုင်အား ဖောက်လုပ်နိုင်ပါ့မလားဆိုသည်ကိုတော့ ထန်ရှု မပြောနိုင်ပါချေ။
ထိုကာလအတွင်းမှာပင် အရင်းအမြစ်များ လိုအပ်မှုတိုးမြင့်လာသည်နှင့်အမျှ သူသည်လည်း ပိုက်ဆံ ပိုမိုလိုအပ်လာပေလိမ့်မည်။ ပိုက်ဆံရှာခြင်းအား အရှိန်အဟုန်မြှင့်ရန် နည်းလမ်းတစ်ခုကိုသာ သူ မတွေးထားခဲ့ပါလျှင် သူနှင့် ဂူရင်တို့၏ကျင့်ကြံမှုများအား သေချာပေါက်ပင် ထောက်ပံ့ပေးနိုင်မည် မဟုတ်ပါချေ။
ထို့အပြင် ယန်အာ၏အခြေအနေအား ကြည့်ရန်အတွက် ကျင်းမန်ကျွန်းသို့ တစ်ခေါက် သူ သွားကို သွားရပေဦးမည်။ သူ၏ နှောင့်နှေးမှု ပိုကြာလေ သူမ၏ဒဏ်ရာများ ပိုမိုပြင်းထန်လာလေ ဖြစ်လိမ့်မည်။ သူသည် လူတိုင်းအား ခရိုနိုသလင်းကျောက်နှင့် နတ်ဆိုးရှင်သန်မြက်အား ရှာဖွေပေးရန်အတွက် အကူအညီတောင်းထားခဲ့ပြီးလည်း ဖြစ်လေသည်။ ထိုအရာများသည် ကမ္ဘာ မြေပေါ်တွင် ရှာတွေ့ရန် ဖြစ်နိုင်ချေနည်းပါးလွန်းသော်လည်း အခွင့်အရေး နည်းပါးစေကာမူ သူ့အနေဖြင့် မစွန့်လွှတ်ချင်ပေ။
“ခွင့်ပြုပါရှင်။ ကျွန်မက ကြာပန်းစံအိမ်ရဲ့အထွေထွေမန်နေဂျာ ပိုင်ယုပါ။”
အခန်းတံခါးခေါက်သံနှင့်အတူ သပ်ရပ်ကောင်းမွန်သော ဝတ်စုံအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် မာနကြီးဟန်ရှိပုံရသည့် လူရွယ်တစ်ဦးနှင့် ဝင်လာခဲ့သည်။
ပါမောက္ခဟူက မတ်တတ်ရပ်လိုက်သည်။ သူသည် ထိုလူငယ်အား သဘောမကျသော်လည်း ပိုင်ယုအား မျက်နှာသာပေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိပါချေ။ ထို့ပြင် ပိုင်မိသားစုသည် ထျန်းကျင်းမြို့တွင် သီးခြားပုံရိပ်တစ်ခု ရှိသော မိသားစုဖြစ်သည်။ ပိုင်ယုသည် ကြာပန်းစံအိမ်၏ မန်နေဂျာအဖြစ် ရပ်တည်သော်လည်း အမှန်တကယ်တွင် သူမသည် သည်နေရာ၏ပိုင်ရှင်ဖြစ်သည်ကို လာနေကျ ပုံမှန်ဧည့်သည်များ သိကြသည်။
“ဂုဏ်ပြုပါတယ် မန်နေဂျာပိုင်။ မင်းရဲ့စားသောက်ဆိုင်က အထူးဧည့်သည်တစ်ယောက် ထပ်ရခဲ့ပြန်ပြီ။”
ပိုင်ယုက ပြုံးလိုက်ပြီး “ကျေးဇူးတင်ပါတယ် ပါမောက္ခဟူ။ ရှင့်ကို ကြာပန်းစံအိမ်မှာ မတွေ့တာတောင် အတော်ကြာပြီနော်။ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုက ညံ့ဖျင်းနေလို့ ရှင့်ရဲ့စိတ်ကျေနပ်မှုများ မရတာလားရှင်။”
ပါမောက္ခဟူက လက်ကို ဝှေ့ယမ်းလျက်
“အာ.. မဟုတ်တာဗျာ။ ဒီတစ်လော ကျွန်တော် အလုပ်တအားများနေလို့ ဒီကိုလာဖို့ အခွင့်အရေး မရတာပါ။”
ပိုင်ယုက ခေါင်းညိတ်ပြရင်း
“ပါမောက္ခဟူနဲ့ ဧည့်သည်တော်များ… ကျွန်မတို့ ကြာပန်းစံအိမ်ရဲ့ အထူးဧည့်သည်တော် ကျူးရှန်နဲ့ လူတိုင်းကို မိတ်ဆက်ပေးပါရစေ။ ကျူးရှန်… ဒါက ပါမောက္ခဟူ။ ထျန်းကျန်းတက္ကသိုလ်ရဲ့သမိုင်းဋ္ဌာနက ပါမောက္ခတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။”
ကျူးရှန် အခန်းတွင်းသို့ ဝင်လာခဲ့သည်။ သူ၏အကြည့်များသည် လူတိုင်းအပေါ်သို့ ကျရောက်လာပြီး မုဝမ်ရင်ဆီတွင် အဆုံးသတ်သွားတော့သည်။ သူ၏အမူအရာသည် အေးစက်စက် ဖြစ်နေခဲ့လျှင်တောင်မှ သူ၏အာရုံအားလုံးအား သူမအပေါ်တွင် အပြည့်အ၀ အာရုံစိုက်ထားလေသည်။ ပိုင်ယုနှင့် ပါမောက္ခဟူ ပြောဆိုနေသည့် မည်သည့်စကားကိုမျှ သူ မကြားတော့ပါချေ။
ထျန်းကျင်းမြို့၏လွှမ်းမိုးနိုင်သော မိသားစု၏သားတစ်ယောက် ဖြစ်သည့်အပြင် ရှန်ဟိုင်းတက္ကသိုလ်တွင် ၄နှစ်ကြာ တက်ရောက် သင်ကြားခဲ့သော သူ့အတွက် များပြားလှစွာသော မိန်းမလှလေးများအား မြင်ဖူးခဲ့သော်လည်း မုဝမ်ရင်၏အလှတရားအား နှိုင်းယှဉ်နိုင်မည့်သူ ရှာတွေ့နိုင်ရန် ခက်ခဲလှချေသည်။
“ကျူးရှန်…” ပိုင်ယု မျက်မှောင်ကြုတ်ကာ ထပ်ခေါ်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ကျူးရှန် အသိပြန်ဝင်နိုင်ပြီဖြစ်သည်။ သူသည် ပိုင်ယုအား ကြည့်လိုက်ပြီး မုဝမ်ရင်ဆီသို့ ချက်ချင်းလျှောက်သွားလိုက်သည်။ သူက တတ်နိုင်သမျှ ခင်မင်ရင်းနှီးသော အကြည့်ဖြစ်ရန် ကြိုးစားလိုက်ပြီး လက်ပြနှုတ်ဆက်လိုက်ကာ အပြုံးဖြင့်
“ဟယ်လို… ငါက ကျူးရှန်ပါ။ သည်က မိန်းမပျိုလေးရဲ့အမည်ကို ကျွန်တော် မေးလို့ရမလား။”
ထိုခဏတွင် ပါမောက္ခဟူ၏မျက်နှာသည် မည်းမှောင်သွားရပြီး ပိုင်ယု၏မျက်နှာထက်တွင် စိတ်ပျက်သွားဟန်အထင်းသား ပေါ်လာခဲ့ကာ ကျူးရှန်အား ဒေါသတကြီး ကြည့်လိုက်မိသည်။
မုဝမ်ရင်သည် မတ်တတ်လည်း မရပ်သကဲ့သို့ ကျူးရှန်အား ကြည့်လည်း မကြည့်ချေ။ သူမ၏နေရာတွင်သာ ထိုင်မြဲထိုင်နေပြီး တိတ်ဆိတ်စွာ စားသောက်နေသည်။
ထန်ရှုသည်လည်း မတ်တတ်မရပ်ပါချေ။ သည်ကျူးရှန်ကိုရော ကြာပန်းစံအိမ်ကိုရော သူ စိတ်ဝင်စားမှု လုံးဝမရှိပေ။ သူ၏ကြာပန်းစံအိမ်သို့ အလည်လာရခြင်း၏ရည်ရွယ်ချက်သည် ဆောင်းဦးဒီရေနှင့် ကြယ်အပိုင်းအစအား လီပိုင်ယီထံမှ ဝယ်ယူရန်ဖြစ်သော်လည်း သည်လာရောက်ရခြင်းသည် အချည်းနှီးဖြစ်သွားသည်မှာ စိတ်မကောင်းစရာပင် ဖြစ်တော့သည်။ ထို့ကြောင့် ညစာစားပြီးပါက တစ်ညတာတည်းခိုရန် ဟိုတယ်ရှာမည်ဖြစ်ပြီး မနက်ဖြန်တွင် ကြယ်တာရာသို့ ပြန်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပေသည်။
ကျူးရှန် မျက်မှောင်ကြုတ်သွားသည်။ သူ့အား လျစ်လျူရှုထားသော မုဝမ်ရင်အား ကြည့်ပြီး စိတ်ဆိုးရမည့်အစား ထိုအချင်းအရာအား ဂရုမစိုက်ဟန်ဆောင်ကာ သူ၏ဖော်ရွေသောအပြုံးအား ဆက်လက်ပြုံးထားရင်း
“မိန်းကလေး… ငါ့ရဲ့ပန်းချီပညာမှာ ကျွမ်းကျင်မှုအရ ဒီကြာပန်းစံအိမ်ရဲ့ အထူးဧည့်သည်တော် ဖြစ်လာခဲ့တယ်။ မိန်းကလေးကရော ပန်းချီပညာအကြောင်း သိထားပါသလား။ ငါ့ရဲ့လက်ရာပန်းချီကားကို သယ်လာခဲ့တာမို့ မိန်းကလေးက အသိအမှတ်ပြုပေးမလား။”
မူဝမ်ရင်က နောက်ဆုံးတွင် ဖြည်းညှင်းစွာ မော့ကြည့်လာခဲ့သည်။ သူမသည် ကျူးရှန်အား အေးစက်စွာ ကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာ ယမ်းလျက်
“ဟင့်အင်း… နာမည်ကြီး ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာမဟုတ်ရင် ကျွန်မ ကြည့်မှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်မ ရှင့်ကို အကြံတစ်ခု ပေးချင်ပါတယ်။ ကျွန်မတို့ တရုတ်လူမျိုးတွေမှာ ကောင်းမြတ်တဲ့ ရိုးရာအကျင့်တစ်ခုရှိတယ်။ အဲ့ဒါကတော့ အသက်ကြီးတဲ့သူတွေကို လေးစားပြီး အသက်ငယ်တဲ့သူတွေကို ဂရုစိုက်ပေးရမယ်ဆိုတာပါပဲ။ စားသောက်ခန်းမရဲ့မန်နေဂျာက ရှင့်ကို ပါမောက္ခဟူနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် ရှင်က သူ့ကို သိသာစွာ လျစ်လျူရှုထားတယ်။ ရှင် ပညာတတ်တာလား မတတ်တာလားလို့ ကျွန်မ တကယ်ပဲ သိချင်မိပါရဲ့။ မတတ်ဘူးဆိုရင်တော့ ရှင့်ကို ပညာတတ်ပြီး ဓလေ့ထုံးစံတွေ သင်ကြားပေးမယ့် နေရာတစ်ခုကို ကျွန်မ သိထားတယ်။”
သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထန်ရှုပင် မော့ကြည့်မိပြီး မုဝမ်ရင်၏စကားများသည် အတော် စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲလွဲခိုလာလျက်
“အဲ့ဒါ ဘယ်နေရာလဲ။”
“လူငယ်ပြုပြင်ရေးစင်တာလေ။”မု၀မ်ရင် ဖြေလိုက်သည်။
ထန်ရှု ရှုံ့မဲ့သွားကာ သူမအား ကြည့်လိုက်မိပြီး စိတ်တွင်းမှ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူမ ပြောလိုက်သောစကားများသည် အမှန်ပင် အဆိပ်ပြင်းလှပေသည်။ ပြုပြင်ရေးစင်တာဟူသော စကားလုံးဖြင့် အမှန်တကယ်တော့ ဖော်ပြရန် လုံလောက်နေပြီဖြစ်သော်လည်း သူမက လူငယ်ဟူသောစကားအား ထပ်မံဖြည့်စွက်လိုက်သေးရာ သူမ၏မျက်လုံးထဲတွင် ကျူးရှန်သည် အရွယ်မရောက်သေးဟု ဆိုလိုလိုက်ခြင်းပင် ဖြစ်တော့သည်။
“မင်း…”
နောက်ဆုံးတော့ ကျူးရှန် ဒေါသထွက်လာခဲ့ပြီဖြစ်သည်။ သို့သော် သူ၏ဒေါသမီးလျှံအား ချက်ချင်း ဖိနှိပ်ထားလိုက်သည်။ မုဝမ်ရင်၏စကားများနောက်ကွယ်မှ ပရိယာယ်ကြွယ်ဝလှသည့် စကားအဓိပ္ပ္ပာယ်အား သူ သဘောမပေါက်နိုင်သော်ငြား မုဝမ်ရင်မှာ အမှန်တကယ် လှရက်နိုင်လွန်းသူလေး ဖြစ်သောကြောင့် သူ၏အမုန်းတရားအား ရင်တွင်း၌သာ သိမ်းထားလိုက်ပြီး သူမအား အောင်မြင်စွာ ချိတ်ဆက်နိုင်ပြီးမှသာ အိပ်ရာထက်တွင် ကောင်းစွာ သင်ကြားပေးရမည်ဟု တေးထားလိုက်သည်။
ကျူးရှန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူက ပါမောက္ခဟူဘက် လှည့်ကာ ကြည့်လိုက်ပြီး
“အာ… ပါမောက္ခဟူကို ဒီနေရာမှာ တွေ့ရမယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး။ ပါမောက္ခဟူက ကျန်းမာရေး သိပ်မကောင်းဘူးလို့ ကျွန်တော့်အဘိုးက အရင်တုန်းက ပြောဖူးတာမို့လို့ ပါမောက္ခဟူ ကျန်းမာရေး ပိုကောင်းအောင် ဂရုစိုက်သင့်တယ်။”
ပါမောက္ခဟူ၏မျက်နှာမှာ ပိုမို မည်းမှောင်လာခဲ့သည်။ ကျူးရှန်၏စကားများနောက်ကွယ်မှ အဓိပ္ပ္ပာယ်မှာ သူသာ သေချာစဉ်းစားပါက သူ၏ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာအောင် ပြောဆိုနေသည့်သဘောပင် ဖြစ်တော့သည်။ ပါမောက္ခဟူက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့ကာ သူ၏နေရာတွင် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်သည်။
လီပိုင်ယီက သူငယ်ချင်းဖြစ်သူ ပါမောက္ခဟူ၏အမူအရာအား ကြည့်ကာ စိတ်ထဲမှ သက်ပြင်းတစ်ချက် တိတ်တဆိတ် ချလိုက်မိသည်။ သူသည် ပိုင်ယုဘက်သို့ လှည့်ပြီး
“မန်နေဂျာပိုင် ဟုတ်ပါတယ်နော်။ ဧည့်သည်ကို ပြန်ပို့ဖို့အတွက် ကျွန်တော်တို့ကို ကူညီဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ်ဗျာ။”
***