အကောင်းအဆိုး ခွဲခြားမသိနိုင်လောက်အောင် ဘဝင်မြင့်လွန်းခြင်း
Vol. 05 Ch. 222
ထိုခဏတွင် ပိုင်ယုသည်လည်း ကျူးရှန်၏အပြုအမူကြောင့် စိတ်ကသိကအောက် ဖြစ်သွားရသည်။ သို့သော် အခြားဧည့်သည်တော်များ ရှိနေသည့်အတွက် ဒေါသမပေါက်ကွဲနိုင်ပဲ သူမ၏ဒေါသတရားအား ရင်တွင်းတွင် ဖိနှိပ်မျိုသိပ်လိုက်ရသည်။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ကျူးရှန်အား ကြည့်ကာ
“ဒီအခန်းရဲ့ဧည့်သည်တော်တွေက ရှင့်ကို မကြိုဆိုမှတော့ အခု ရှင် ဒီအခန်းထဲက သွားလို့ရပါပြီ။”
ကျူးရှန် မျက်မှောင်ကြုပ်သွားသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ရင်း
“ဟမ့်..မန်နေဂျာပိုင်။ ဒါက ဘာသဘောလဲ။ ကျွန်တော်က ခင်ဗျားတို့ ကြာပန်းစံအိမ်ရဲ့ထင်ရှားတဲ့ အထူးဧည့်သည်တော်ပါဗျ။ ခင်ဗျားက ဒီလိုအပြုအမူနဲ့ ကွန်တော့်ကို ဘယ်လို ထွက်သွားခိုင်းရတာလဲ။”
ကျူးရှန်သည် အကောင်းအဆိုး ခွဲခြားမသိနိုင်လောက်အောင် ဘဝင်မြင့်လွန်းလိမ့်မည်ဟု ပိုင်ယု ထင်ပင် မထင်ထားမိချေ။ သူမ အတော်ကြီးကို ဒေါသထွက်နေသော်လည်း ထိုဒေါသအား ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့အား အရင် ထွက်သွားစေချင်ခဲ့ပေသည်။ သို့သော်လည်း အနှီပုဂ္ဂိုလ်သည် အခြားသူများ၏ ကောင်းမွန်သော ရည်ရွယ်ချက်အား လက်မခံနိုင်ဘဲ သူမကိုပင် ပြန်ကိုက်နေချေသေးသည်။
ထောင်းကနဲ ထွက်သွားသော ဒေါသနှင့်အတူ ပိုင်ယုသည် ကျူးရှန်အား နည်းနည်းမျှပင် ဂရုမစိုက်တော့ဘဲ အေးစက်စွာ ပြောလိုက်တော့သည်။
“မစ္စတာကျူး… အခြားသူတွေက ဧည့်သည်ကို ထွက်သွားဖို့ ရှင်းရှင်းလင်းလင်း ပြောနေတာတောင် ရှင်က ဒီမှာ နေချင်သေးတာလား။ ရှင်က အကောင်းအဆိုးတောင် မခွဲခြားနိုင်ဘူးလို့တော့ ကျွန်မကို လာမပြောနဲ့နော်။ သူများတွေက ရှင့်ကို ကန်ထုတ်တော့မှ ကျေနပ်မှာလား။ နောက်ပြီး ရှင်က ကျွန်မတို့ ကြာပန်းစံအိမ်ရဲ့ အထူးဧည့်သည်တော်ဆိုပေမယ့်လည်း ရှင့်အပြုအမူကိုလည်း ရှင် ပြန်ကြည့်သင့်တယ်။ ကြာပန်းစံအိမ်ကို ပြသနာရှာမယ်ဆိုရင်တော့ ရှင် ထွက်သွားလိုက်ပါ။ ရှင့်ရဲ့အထူးဧည့်သည်တော်အခြေအနေကို ကျွန်မ ပြန်ရုတ်သိမ်းရလိမ့်မယ်။”
ကျူးရှန် ဒေါသပေါက်ကွဲသွားရပြီဖြစ်သည်။ သည်ခံစားမှုသည် ပြင်းထန်စွာ ကြိမ်းမောင်းပြစ်တင်မှုကို ခံစားလိုက်ရသည့်နှယ် ဖြစ်ပြီး တစ်စုံတစ်ခုက သူ့အား ရပ်တည်နိုင်စွမ်း မရှိအောင် လုပ်နေသကဲ့သို့ပင် ဖြစ်တော့သည်။ သူ၏မျက်နှာတွင် စိတ်အလိုမကျမှုများ တဖျတ်ဖျတ် ရိုက်ခတ်လာကာ အံကြိတ်ပြောလိုက်သည်။
“မန်နေဂျာပိုင်… စကားဆိုတာ ပြောပြီးရင် တည်ရတယ်။ ကျွန်တော်ရဲ့ပန်းချီကားကို ကြာပန်းစံအိမ်ကို ပေးထားပြီး ခင်ဗျားက ကျွန်တော့်ကို တကယ်ကို မောင်းထုတ်ချင်နေတာလား။ ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးချင်နေတာလား။ အောက်ထပ်နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကို ကျွန်တော် ကြည့်ပြီးသွားပြီ။ အများစုက အမှိုက်သာသာပဲ။ ကျွန်တော်ရဲ့ပန်းချီကားကို ဒီလို အမှိုက်အဆင့်လောက်ပဲ ရှိတဲ့ ပန်းချီကားတွေနဲ့ တစ်နေရာတည်းမှာ ချိတ်ဆွဲဖို့ ပေးနိုင်ခဲ့သေးတာ… ခင်ဗျားက ကျွန်တော့်ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို မမြင်ရအောင် ဘာတွေ ဖုံးနေလဲ။”
ဒေါသူပုန်ထရမည့်အစား ပိုင်ယုက ကျူးရှန်အား ကြည့်ကာ ပြုံးလိုက်ပြီး ခက်ထန်စွာ ပြုံးလိုက်သည်။
“သိပ်ကောင်းတယ်။ နင့်မှာ ဒီလိုအကျင့်စရိုက် ပြောင်းသွားလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့မိတာ။ ငါ့စကားကို လက်ကိုင်ထားပါတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး ငါ့ရဲ့ကြာပန်းစံအိမ်ထဲကို နင် ခြေလှမ်းဝက်မျှ လှမ်းရဲခဲ့ရင် ဒါ ငါတို့ကို အမျက်ဒေါသကို လာဆွနေတာတစ်ခုလို့ ငါ စဉ်းစားရလိမ့်မယ်။ နင် ဒါမှမဟုတ် နင်တို့ ကျူးမိသားစုမှာ ဘယ်လိုအစွမ်းအစ ရှိမလဲလို့ ငါ မြင်ချင်သေးတယ်။”
ပါမောက္ခဟူနှင့် မုဝမ်ရင်သည်လည်း ထိုခဏတွင် စိတ်ဆိုးစွာ ကြည့်မိကြသည်။ အောက်ထပ်တွင် ချိတ်ဆွဲထားသော ပန်းချီကားအချို့တွင် သူတို့၏လက်ရာများလည်း ပါဝင်ပေသည်။ ယခုမူ ကျူးရှန်က သူတို့အား အမှိုက်ဟု ခေါ်ဆိုခဲ့ပြီဖြစ်ရာ သည်ဟာသည် သူတို့အား အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေတော့သည်။
“ဘုန်း…”
ပါမောက္ခဟူက စားပွဲအား ရိုက်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ အော်ပြောလိုက်သည်။
“ဘာအသုံးမကျတဲ့စကားလဲ။ မင်းက အမွေးအတောင် မစုံသေးတဲ့ ကောင်လေးတစ်ယောက်သာသာပဲ။ အရည်အချင်းလေး နည်းနည်းရှိတာနဲ့ မင်းရဲ့စိတ်ကြီးဝင် ဘဝင်မြင့်မှုက စည်းလွတ်ဝါးလွတ် တကယ် ဖြစ်နေပြီ။ ငါတို့ရဲ့ပန်းချီကားတွေက အမှိုက်ဆိုရင် မင်းရဲ့ပန်းချီကားတွေကရော ဘယ်အဆင့်မို့လို့လဲကွဟေ။ ရတနာတစ်ခုလား။ ဟမ့်… ပညာရှိတွေက မင်းကို ရယ်လာအောင် လုပ်ချင်နေပုံပဲ။”
“ပါမောက္ခဟူ… ခင်ဗျားက သမိုင်းပညာရှင်တစ်ယောက်ပဲ။ ပန်းချီဆွဲတဲ့နေရာမှာ၊ လက်ရေးလှရေးတဲ့နေရာမှာ ခင်ဗျားက ကျွန်တော့်ကို ပြိုင်ရဲလို့လား။ စာပေနဲ့သမိုင်းပညာမှာ ခင်ဗျားကို ကျွန်တော် လေးစားပေမယ့် ပန်းချီလောကမှာတော့ ကျေးဇူးပြုပြီး ခင်ဗျားကိုယ်ခင်ဗျား အရှက်မခွဲစမ်းပါနဲ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အောက်ထပ်မှာ ချိတ်ဆွဲထားတဲ့ ခင်ဗျားရဲ့ပန်းချီကားတွေက တကယ်ကို အမှိုက်အဆင့်ပဲ။ ခင်ဗျား ဒါကို လက်မခံနိုင်ဘူးဆိုရင် ခင်ဗျားလက်ရာနဲ့ ကျွန်တော့်လက်ရာ ယှဉ်ပြိုင်ပြီး ကြာပန်းစံအိမ်ကဧည့်သည်အားလုံးကို အကဲဖြတ် ဝေဖန်ခိုင်းလိုက်မယ်။” ကျူးရှန်က လှောင်ပြောင်လိုက်သည်။
ပါမောက္ခဟူမှာ ဒေါသထွက်ရလွန်းသဖြင့် နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ရီလာကာ သူ၏မြှောက်ထားသော လက်များသည်လည်း မသိမသာ တုန်ခါသွားရသည်။ ကျူးရှန်သည် အလွန် အာဏာပြလိုသော၊ အရှက်အကြောက်ကင်းမဲ့သော၊ မရိုးသားသော လူတစ်ယောက်ဖြစ်မှန်း အစောကတည်းပင် သူ သိထားပါသော်လည်း ဒီအဖြစ်အပျက်အတွက် သူသည် မောက်မာခံရလိမ့်မည်ဟု ဘယ်သောအခါမျှ တွေးမထားခဲ့မိပေ။ ဒီအကောင်သည် အမှန်တကယ်ကို အသက်အရွယ်ကြီးသောသူများအား လေးစားရကောင်းမှန်း မသိပေဘူးလား။
မုဝမ်ရင် မတ်တတ်ရပ်ကာ ကျူးရှန်အား အေးစက်စွာ ကြည့်လိုက်ပြီး
“ရှင့်ရဲ့အားသာချက်ကို အသုံးပြုပြီး သူတစ်ပါးရဲ့အားနည်းချက်ကို တိုက်ခိုက်တယ်ပေါ့လေ။ ရှင့်ရဲ့ဒီအပြုအမူကို ကြည့်ပြီး ကျွန်မ တကယ်ကို ကွဲပြားမှုကို သိသာစေရတော့မပေါ့။ ရှင်ကိုယ်တိုင်က ပြိုင်ဆိုင်ချင်တယ်ဆိုမှတော့ ကျွန်မ ရှင်နဲ့ကစားပေးရမှာပေါ့လေ။ အလောင်းအစားလေးတစ်ခုပါ လုပ်ကြတာပေါ့။”
ကျူးရှန်က တစ်ခဏမျှ အံ့အားသင့်သွားပြီး ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။
“မင်းနဲ့ ယှဉ်ပြိုင်ရမှာလား။ ငါက မင်း ဒါမှမဟုတ် ပါမောက္ခဟူကို အထင်သေးတာ မဟုတ်ပေမယ့် ငါ့ထက် မင်းက ပိုကောင်းတယ်လို့ အမှန်တကယ် တွေးနေတာလား။”
ရုတ်တရက် သူ၏မျက်လုံးများ ပြောင်းလဲသွားသည်။ အလွန်ကောင်းမွန်သော စိတ်ကူးတစ်ခုသည် သူ၏အတွေးထဲတွင် ကွန့်မြူးလာသောကြောင့် ကောက်ကျစ်သော အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထက်တွင် ပေါ်ပေါက်လာခဲ့သည်။ သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး
“ဒါပေမယ့်လည်း မင်းက ပါမောက္ခဟူရဲ့ကိုယ်စား ငါနဲ့ အလောင်းအစား လုပ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါက အလောင်းအစားတစ်ခု ဖြစ်တဲ့အတွက် လောင်းကြေးတော့ ထပ်ရမှာပေါ့။ မင်းက ဘယ်လိုမျိုး လောင်းကြေးထပ်ရတာလဲ။”
မုဝမ်ရင် မျက်မှောင် မသိမသာ ကြုပ်သွားသည်။ ကျူးရှန်၏ အဓိပ္ပ္ပာယ်ရှိသော အကြည့်က မနှစ်မြို့ချင်စရာ သူမအား နက်နက်ရှိုင်းရှိုင်း ကြည့်နေခဲ့သည်။ အချိန်တိုတစ်ခုမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ဖြည်းညှင်းစွာ တုံ့ပြန်လိုက်သည်။
“ကျွန်မမှာ ဆရာကြီး ဝမ်ရှီကျီရဲ့အဖိုးတန် လက်ရေးလှတစ်စုံ ရှိတယ်။ ကျွန်မ ရှုံးရင် ရှင့်ကို ပေးမယ်။ ဒါပေမယ့် ကျွန်မ နိုင်ရင် ရှင်က ဘာပေးမှာလဲ။”
ကျူးရှန်၏မျက်ခုံးအစုံတို့ တွန့်ချိုးသွားပြီးနောက် သူက လှောင်ပြောင်လိုသောအသံဖြင့်
“ဟမ့်… ဝမ်ရှီကျီရဲ့လက်ရေးလှက အဖိုးမဖြတ်နိုင်တဲ့ရတနာလို့ ဆိုစမှတ်ပြုကြပေမယ့် ငါ့အတွက်တော့ ဒါက မလုံလောက်ဘူး။ မင်း ရှုံးရင် ဘယ်အခြေအနေပဲဖြစ်ဖြစ် တစ်ခုကို လိုက်လျောပေးရမယ်။ ငါ ရှုံးခဲ့ရင် ထန်မင်းဆက်က နာမည်ကြီး ပန်းချီဆရာ လီစစ်ရွှမ်ရဲ့ ရွက်လွှင့်လှေများနဲ့ ပွဲကြည့်စင်များ ပန်းချီကားကို ငါ ပေးမယ်။ ငါလည်း မင်းပြောတဲ့ အခြေအနေတစ်ခုကို သဘောတူမှာပါ။”
“ဒါ…”
မုဝမ်ရင် တွေဝေသွားသည်။ ဝမ်ကျီရှီ၏အဖိုးတန်လက်ရာ လက်ရေးလှတစ်စုံအား သူမ ဂရုစိုက်သော်လည်း ထိုအရာဆုံးရှုံးခဲ့ပါက ရက်အနည်းငယ်သာ သူမအား ဝမ်းနည်းပူဆွေးစေရန် လုပ်နိုင်ပေလိမ့်မည်။ သို့သော် သူမ ကြောက်ရွံ့သည်မှာ ကျူးရှန်မှ သူမ လက်မခံနိုင်လောက်အောင် လွန်ကဲသည့်အခြေအနေတစ်ခုကို တောင်းဆိုလာမည်ကိုပင်။ ထို့ပြင် ကျူးရှန်၏စိတ်နေသဘောထားသည် ဆိုးရွားသော်လည်း သူ၏ပန်းချီစွမ်းရည်မှာ အလွန်ကောင်းသည်ကို သူမ နားလည်သိရှိထားပေသည်။ သူမအနေဖြင့် သူ့အား မည်သို့မျှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။ အလွန်ဆုံးမှ သရေပွဲတစ်ခုသာ ဖြစ်နိုင်လိမ့်မည်။
“ငါ ဘာလုပ်သင့်သလဲ။ အရှုံးပေးသင့်သလား။”
သူမသာ အရှုံးပေးလိုက်ပါက သူမ ကြောက်ရွံ့နေသည်ဟုသာ ဖော်ပြရုံသာမက သူမ၏အရည်အချင်းသည် ကျူးရှန်ထက် ညံ့ကြောင်း ဝန်ခံရာကျသွားပေတော့မည်ဖြစ်သည်။
ထိုခဏတွင် မုဝမ်ရင်၏အခြေအနေသည် ကျားတစ်ကောင်အား စီးနင်းနေရာမှ ပြန်ဆင်းရန် အခက်တွေ့နေသောသူတစ်ယောက်သဖွယ် ဖြစ်နေတော့သည်။ သည်နေရာတွင် ရပ်တန့်ရန် မဖြစ်နိုင်တော့ပါချေ။
ထန်ရှုသည် သူ၏ညစာအား တိတ်ဆိတ်စွာ အရသာခံစားသောက်နေရာမှ သူ၏လက်ထဲမှ တူတစ်စုံအား နောက်ဆုံးတွင် ချလိုက်ရသည်။ သူက သက်ပြင်းချလျက် ခေါင်းကို ယမ်းလိုက်ရင်း
“အိုက်ယား… အယောင်ဆောင် အရှက်မဲ့တဲ့ မျိုးမစစ်တွေကို ငါ အများကြီး မြင်ဖူးပေမယ့် မင်းကို ယှဉ်နိုင်တဲ့သူတော့ နည်းနည်းပဲ ရှိလိမ့်မယ် ကျူးရှန်။ မင်း အမှန်တကယ် တောင်းဆိုမယ့် အခြေအနေဆိုတာ ငါ ပြောနိုင်တယ် မင်းက သူမကို ကစားပြီး ဖျက်ဆီးချင်တာ မဟုတ်လား။ အဲ့ဒါကို မင်း အမှန်တကယ် ဝန်ခံစရာ မလိုပါဘူး။ မင်းရဲ့အကြံတွေ ငါ ကောင်းကောင်းကြီး သိတာပေါ့။ မင်း အနိုင်ရတဲ့အခြေအနေကို အကြောင်းပြုပြီး သူမကို မင်းအတွက် လိုချင်တာကလွဲပြီး အခြားမရှိဘူး။ ငါ ပြောတာမှန်ရဲ့လား။”
တစက္ကန့်အတွင်းတွင် လူတိုင်း၏အမူအရာသည် အကြီးအကျယ် ပြောင်းသွားတော့သည်။
လူတိုင်းက မြင်နိုင်လောက်အောင် စိတ်အားထက်သန်နေခဲ့သော ကျူးရှန်သည် ရုတ်ခြည်းပင် ထန်ရှုအား မုန်းတီးသွားခဲ့ပြီး တင်းမာသော အသံဖြင့် ချက်ချင်း ပြောလိုက်သည်။
“မင်းသာ အရှက်မရှိတဲ့ မျိုးမစစ်။ မင်းက ငါ့ကို သွားပုပ်လေလွင့် ပြောရဲတယ်ပေါ့။ ဟေ့ကောင်… ငါက သူမကို တကယ် ကြိုက်တာကွ။ ဒါပေမယ့် သူမကို ဖိအားပေးတဲ့ အခြေအနေတစ်ခုကို ငါ လုပ်မှာမဟုတ်ဘူး။ ကျက်သရေရှိတဲ့ မိန်းမပျိုလေးက ဒီနေရာမှာ ရှိသလို လူကြီးလူကောင်းတစ်ယောက်ကလည်း သူမကို စောင့်ရှောက်ဖို့ လာတယ်ဆိုသလိုပဲ။ ဒါပေမယ့် သူမရဲ့စိတ်ဆန္ဒနဲ့ ကိုယ်ပိုင်ရွေးချယ်မှုကိုတော့ လေးစားရလိမ့်မယ်။ ငါသာ သူမရဲ့နှလုံးသားကို ရနိုင်ခဲ့ရင် သူမကို လက်ထပ်ယူသွားမှာ။”
လက်ထပ်မယ်ဟုတ်လား။ ဒါကြီးက နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ရည်ရွယ်ချက်တစ်ခု မဟုတ်လား။
အခန်းထဲမှာရှိသော လူတိုင်းက မနှစ်မြို့စရာ အကြည့်တစ်ခုအား ဖော်ပြလိုက်ကြသကဲ့သို့ မုဝမ်ရင်၏ မျက်နှာလေးသည်လည်း ဆိုးရွားစွာ မည်းမှောင်သွားရတော့သည်။
ထန်ရှုသည် အားရပါးရ ရယ်မောလိုက်ရင်း
“ဟားဟားဟား… ငါ အရှက်မရှိတဲ့လူတွေကို မြင်ဖူးပါတယ်ကွာ.. ဒါပေမယ့် မင်းလောက် တကယ်ကို အရှက်မဲ့တဲ့သူကိုတော့ တစ်ခါမှ မမြင်ဖူးဘူးကွ။ ကောင်းပြီ။ ငါက မင်းကို အဖော်လုပ်ပြီး ကစားပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ ငါ ရှုံးရင် မင်းလိုချင်တဲ့ အခြေအနေကို ပြော။ ဒါပေမယ့် မင်းရှုံးရင်တော့ မင်းမှာရှိတဲ့ လက်ရေးလှတွေ ပန်းချီကားတွေ ငါ မလိုချင်ဘူး။ ဒီနေရာကပဲ မင်းထွက်သွားပေး။”
ကျူးရှန်၏မျက်ဝန်းများထဲမှ ဒေါသမီးလျှံများ တလက်လက် တောက်လောင်လာခဲ့သည်။ သူသည် ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး
“မင်းက ဘာကောင်လဲ။ တခြားသူရဲ့အလုပ်မှာ ဘာလို့ ဝင်ရှုပ်နေတာလဲကွ။”
ထန်ရှုသ် မုဝမ်ရင်အား ညွှန်ပြလိုက်ပြီး
“မင်းက မိန်းမချောလေးကို ရဖို့ ကြိုးစားနေတဲ့ လူကြီးလူကောင်းတစ်ယောက်လို့ အခုလေးတင်ပဲ မင်း ပြောခဲ့တာလေ။ ငါ့ကို သူ့ရဲ့သံတမန် ဒါမှမဟုတ် အစောင့်အရှောက်အဖြစ် မင်း ယူဆနိုင်တယ်။ ဘယ်လိုလဲ။ မင်း သူနဲ့ မလောင်းရဲတော့ဘူးလား။ အခုရော မင်း ငါနဲ့ ကစားရဲလား လောင်းရဲလား။”
ကျူးရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့ကိုယ်သူသာ ထိန်းသိမ်းနိုင်စွမ်းမရှိပါက ထန်ရှု၏မျက်နှာအား အမှန်တကယ်ပင် ပိတ်ထိုးမိမည်ဖြစ်သည်။ မုဝမ်ရင်၏ မသာမယာဖြစ်နေသော မျက်နှာလေးအား ကြည့်ပြီး
“ကောင်းပြီ။ မင်းကိုယ်မင်း အရှက်ခွဲချင်တယ်ဆိုမှတော့ ငါက ကူညီပေးရမှာပေါ့။ ဒါပေမယ့် ငါက ကြေးမပါတဲ့ အလောင်းအစားတစ်ခုကို မနှစ်သက်ဘူးဆိုတော့ ငါ့ရဲ့ ရွက်လွှင့်လှေများနဲ့ ပွဲကြည့်စင်များ ပန်းချီကားကို လောင်းကြေးအဖြစ် သုံးမယ်။ မင်းကလည်း မင်းစုဆောင်းထားတာကို လောင်း။”
“ငါ စုဆောင်းထားတာ။” ထန်ရှု မျက်လုံးကစားကာ မုဝမ်ရင်အား လှည့်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဝမ်ရှီကျီရဲ့အဖိုးတန်လက်ရေးလှတစ်စုံကို ကျွန်တော့်ကို ငှားရဲလား။”
မုဝမ်ရင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ငှားမယ်။”
ထန်ရှု ပခုံးတစ်ချက်တွန့်လိုက်ပြီး
“မင်း ကြားတယ်နော်။ ဝမ်ရှီကျီရဲ့လက်ရေးလှတစ်စုံဆိုရင် လုံလောက်ပြီ မဟုတ်လား။”
ဒေါသထွက်ရမည့်အစား ကျူးရှန်က ပြုံးလိုက်ပြီး လက်ခုပ်လက်ဝါးတီးလျက်
“ကောင်းတယ်။ မင်းက လောင်းချင်နေမှတော့ ငါတို့ လောင်းကြတာပေါ့။ မင်း ဒီနေရာမှာ လုပ်ချင်သလား။ ဒါမှမဟုတ် တခြားနေရာကို သွားချင်သလား။”
ထန်ရှုသည် ပိုင်ယုအား ကြည့်ကာ အေးချမ်းစွာ မေးလိုက်သည်။
“မန်နေဂျာပိုင်… ကျွန်တော် ခေါ်တာမှန်ပါတယ်နော်။ ကြာပန်းစံအိမ်မှာ ပန်းချီဆွဲတဲ့အလေ့အထ ရှိတော့ ပန်းချီဆွဲတဲ့ စုတ်တံနဲ့စာရွက်တွေ ပြင်ဆင်ပြီးသားရှိတယ်မဟုတ်လား။ ကျွန်တော်တို့ ပြိုင်တဲ့အခါ ပန်းချီဆွဲတဲ့ပစ္စည်းတွေ ထောက်ပံ့ပေးဖို့နဲ့ စားသောက်ဆိုင်ကို လာတဲ့ ဧည့်သည်တွေပါဝင်တဲ့ အကဲဖြတ်အဖွဲ့ လုပ်ပေးဖို့ မန်နေဂျာပိုင်ကို အကူအညီတောင်းရတော့မှာပဲ။”
ပိုင်ယု ထန်ရှုအား လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်ပြီး
“နင့်ရဲ့တောင်းဆိုချက်ကို အခုချက်ချင်း ငါ ဖြည့်ဆည်းပေးမယ်။ ပထမထပ်က ခန်းမမှာ နောက်နာရီဝက်ကြာရင် ပြိုင်ပွဲပြုလုပ်ကြတာပေါ့။”
“ကောင်းပါပြီ။” ထန်ရှု တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ပိုင်ယုသည် ကျူးရှန်အား စိတ်ပျက်လက်ပျက်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အခု ကျွန်မနဲ့လိုက်ခဲ့ပါ။”
ကျူးရှန်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထန်ရှုအား လှောင်သလိုကြည့်ကာ ချာကနဲ လှည့်ထွက်သွားတော့သည်။
အခန်းအတွင်းတွင်…
ပါမောက္ခဟူ၏မျက်နှာပေါ်မှ ဒေါသများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခါးသီးသော အမူအရာဖြင့် အစားထိုးလာသည်။ သူသည် ထန်ရှုအား ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းကို ယမ်းလျက်
“လူငယ်လေး… မင်းရဲ့ခံစားချက်ကို လိုက်ပြီး စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး။ မင်းက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမှန်း ငါသိပေမယ့် နေရာမှာတင် ချက်ချင်းပန်းချီဆွဲတယ်ဆိုတာ ပုံမှားရိုက်လို့ရတဲ့အရာ မဟုတ်ဘူး။ ဝမ်ရှီကျီရဲ့လက်ရေးလှတစ်စုံက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာ မဟုတ်ပေမယ့်လည်း အလွန်အဖိုးတန်တဲ့ ရတနာတစ်ခုတော့ ဖြစ်နေသေးတယ်။ လက်ရေးလှနဲ့ ပန်းချီကားကို မြတ်နိုးသူတိုင်း သူတို့အိပ်မက်တွေထဲမှာ စုဆောင်းဖို့ ထည့်မက်ရတဲ့အရာတစ်ခုပါပဲ။”
ထိုခဏတွင် လီပိုင်ယီ၏ထန်ရှုအပေါ်တွင် ရှိနေသော အထင်သေးမှုမှာ ပိုမိုပြင်းထန်သွားခဲ့သည်။ မုဝမ်ရင်ကြောင့် ထန်ရှုသည် ကျူးရှန်အား မနာလိုဖြစ်နေသည်ဟု သူ ယုံကြည်သွားသောကြောင့် ထန်ရှုသည် အလွန်ရူးမိုက်သည်ဟုပင် တွေးမိလိုက်လေသည်။ ကျူးရှန်သည် ပန်းချီပညာတွင် အလွန်ကျွမ်းကျင်သည်ဟု သူ သိထားသဖြင့် ထန်ရှုက သူ၏ပါးအား ရိုက်ရန် ကိုယ်တိုင်ထိုးပေးနေသကဲ့သို့ပင် ဖြစ်သည်။ လီပိုင်ယီအတွက် စိတ်မချမ်းမသာဖြစ်ရဆုံးမှာ မုဝမ်ရင်သည်လည်း သူမ၏အဖိုးတန်စုဆောင်းမှု ဆုံးရှုံးရမည်ကိုပင်။
မုဝမ်ရင်သည်လည်း အတော်ခါးသီးမှုကို ခံစားနေရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ ထန်ရှုသည် သူမအား ကူညီသည်ဆိုသော်ငြားလည်း သူမ စုဆောင်းထားသော လက်ရေးလှလေး ဆုံးရှုံးရမည်ကို တွေးမိရင်ဖြင့် အတော် စိတ်ဓာတ်ကျမိပေသည်။ တစ်ခုသိရမည်မှာ ထိုလက်ရေးလှတစ်စုံသည် သူမ၏အဘိုးဖြစ်သူမှ ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိကာ မိုးလောက်မြင့်သည့်ဈေးဖြင့် ပေးဝယ်ထားပြီး သူမအား ပေးထားခြင်း ဖြစ်ပေသည်။
“ထန်ရှု… ရှင် တကယ် ပန်းချီဆွဲနိုင်ရဲ့လား။” တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် မုဝမ်ရင်သည် မမေးဘဲ မနေနိုင်တော့သဖြင့် မေးလိုက်သည်။
“နည်းနည်းပေါ့။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“ရှင် နည်းနည်းပဲသိတာလား။” မုဝမ်ရင် ပိုမို စိတ်ဓာတ်ကျသွားရသည်။
ပါမောက္ခဟူက ထန်ရှုဆီမှ အကြည့်တို့အား ပြန်ရုတ်သိမ်းလိုက်ကာ မချိပြုံးဖြင့် ပြောလိုက်သည်။
“အာ… ရန်ချင်သာ ဒီနေရာမှာရှိရင် ကောင်းမှာပဲ။ သူက ပန်းချီနဲ့ လက်ရေးလှလောကရဲ့မျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံးပါရမီရှင်ပဲ။ သူ့ရဲ့ပန်းချီစွမ်းရည်က အလွန်မတန်ကို မြင့်မားပြီး အရင်မျိုးဆက်က နာမည်ကြီးပန်းချီဆရာအနည်းငယ်လောက်ပဲ သူ့ထက် ပိုမို ကျွမ်းကျင်မယ်လို့ ဆိုနိုင်တယ်။”
လီပိုင်ယီက ထိုစကားကို ကြားပြီး ခေါင်းညိတ်လိုက်သည်။
“ငါလည်း ရန်ချင်ဆိုတဲ့အမည်ကို ကြားဖူးတယ်။ သူက အမှန်တကယ်ကို ကျွမ်းကျင်တဲ့ လူငယ်ပန်းချီဆရာတစ်ယောက်ပဲ။ ၅နှစ်သားလောက်က ပန်းချီစသင်ပြီး ဆယ်နှစ်သားမှာ ပန်းချီကို ကောင်းကောင်းဆွဲနိုင်နေပြီ။ အသက်၁၆နှစ်နဲ့ ၂၆နှစ်ကြား ၁၀နှစ်လောက်မှာ သူ ဆုရာပေါင်းများစွာ ရခဲ့တယ်။”
ပါမောက္ခဟူက ခေါင်းညိတ်လိုက်ပြီး
“ဒါမှန်တယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကိစ္စတစ်ခုသာ မရှိဘူး၊ ပန်းချီကားတစ်ခုသာ ပေါ်မလာဘူးဆိုရင် လာမယ့် အာရှပန်းချီပြိုင်ပွဲမှာ ‘ငှက်တစ်ရာဟာ ဖီးနစ်ငှက်ဆီသို့’ဆိုတဲ့ ပန်းချီကားနဲ့ သူ ပထမ ရလိမ့်မယ်လို့ အရင်က ငါ ယုံကြည်ထားတယ်။”
“ဟင်…” လီပိုင်ယီ အံ့အားသင့်ကာ မေးလိုက်သည်။
“အရေးပေါ်ကိစ္စတစ်ခု ဟုတ်လား။ အဲ့ဒီပန်းချီကားက ဘာများလဲ။”
“လတ်တလော ပြောနေကြတာတော့ အဲဒါက ခမ်းနားကြီးကျယ်တဲ့ ဗိသုကာဒီဇိုင်းတစ်ခုဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က အဲ့ဒါကို လက်နဲ့ အနုစိတ်ရေးဆွဲထားတာဆိုပဲ။” ပါမောက္ခဟူ ပြောပြလိုက်သည်။
***