← Chapters

ပြိုင်ပွဲ

Vol. 05 Ch. 223

ပြိုင်ပွဲ

Vol. 05 Ch. 223

လီပိုင်ယီ အံ့သြသွားသကဲ့သို့ မုဝမ်ရင်သည်လည်း သိချင်မိသွားရသည်။ ဆန့်ကျင်ဘက်အားဖြင့် ထန်ရှု၏မျက်နှာမှာ ပါမောက္ခဟူ၏ဇာတ်လမ်းအား ကြားပြီး ရှုံ့မဲ့သွားရသည်။

ဗိသုကာဒီဇိုင်း ရေးဆွဲထားသောပုံ ဟုတ်လား။ အဲ့ဒါက သူဆွဲထားတာများ ဖြစ်လေမလား။

“အဖိုးကြီးဟူ… ငါ့ကို အသေးစိတ် ပြောစမ်းပါဟ။ မင်းဟာကလည်း ဆန့်တငင်ငင်နဲ့။ အဲ့ဒီပန်းချီကားက ဘာကြောင့် အာရှပန်းချီပြိုင်ပွဲမှာ ဆုရနိုင်တာလဲ။” လီပိုင်ယီ ထပ်မေးလိုက်သည်။

“ဘာကြောင့်လဲ ဟုတ်လား။” ပါမောက္ခဟူက ပြန်မေးလိုက်သည်။ “မင်း အဲ့ဒီပုံကို မမြင်ဖူးသေးလို့ပါကွာ။ မင်းသာ မြင်ဖူးသွားရင် သေချာပေါက် မင်းရဲ့အောက်မေးရိုးတွေ ပြုတ်ကျကုန်လိမ့်မယ်။ ကျော်ကြားပြီး လေးစားစရာကောင်းတဲ့ ပန်းချီဆရာသူငယ်ချင်းတွေ ငါ့မှာ အများကြီးရှိတာလည်း မင်းလဲ အသိသားပဲ။ သူတို့တွေတောင်မှ အဲ့ဒါကို ကြည့်ပြီး တုနှိုင်းမမီလို့ ဝန်ခံကြရတယ်။ အဲ့ဒီဗိသုကာလက်ရာကို ဖန်တီးတဲ့သူမှာ အလွန်သာလွန်တဲ့ ပန်းချီပညာရပ်ရှိပြီး အဲ့ဒါက အရမ်းကို ဆွဲဆောင်မှုရှိလွန်းတယ်။ အဲ့ဒီပန်းချီပညာဒီဇိုင်းကနေ ကောင်းကင်ဘုံနန်းတော်ရဲ့အငွေ့အသက်တွေကို မြင်ယောင်ရရှိစေတယ်။”

ရုတ်ခြည်းပင် ပါမောက္ခဟူ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူ၏ဟန်းဖုန်းအား ထုတ်ကာ အီးမေးလ်တစ်စောင်အား ဖွင့်လိုက်ပြီး ပန်းချီကားပုံအား ဆက်ဖွင့်လိုက်သည်။ သူသည် ဖုန်းအား လီပိုင်ယီဆီသို့ လှမ်းပေးလိုက်ကာ

“သူငယ်ချင်းတစ်ယောက်က အဲ့ဒီပန်းချီကားပုံကို အီးမေးလ်နဲ့  ငါ့ဆီပို့ပေးထားတာကို သတိရသွားလို့။ ကံမကောင်းချင်တော့ အဲ့ဒါက ဓာတ်ပုံဖြစ်နေပြီး မူရင်းပုံတော့ ငါ မမြင်နိုင်ခဲ့ဘူး။”

လီပိုင်ယီ ဖုန်းကို လှမ်းယူလိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏မျက်လုံးအစုံမှာ မယုံကြည်နိုင်ဟန်တို့ဖြင့် ပြူးကျယ်လျက် ရှိနေသည်။ ပန်းချီပညာတွင် သူ၏ဗဟုသုတမှာ နည်းပါးသည်ဆိုသော်ငြားလည်း ယခုလက်ရာသည် သာမန်မဟုတ်ကြောင်း သူ မြင်နိုင်သည်။ သေသပ်လှပသော ပန်းချီကောက်ကြောင်းများနှင့်အတူ ထူးခြားသော အမြင်အား ပေးစွမ်းစေသည်။ ပန်းချီလက်ရာမှာ ရိုးရှင်းစွာပင် တုနှိုင်းမမီ ဖြစ်တော့သည်။

သူ့အား အံ့သြတုန်လှုပ်ရဆုံးအရာမှာ ပန်းချီလက်ရာကြောင့်တင်သာမကဘဲ အဆောက်အဦးဒီဇိုင်းပုံစံများပင် ပါသေးသည်။ ထိုအဆောက်အဦးပုံစံများသည် အလွန်အမင်းကို ခမ်းနားထည်ဝါလွန်းလှပြီး မြင်နေကျ ပုံစံများနှင့် မတူချေ။ ရေးဆွဲသူ၏ ထက်မြက်ထူးချွန်လှမှုအား ရောင်ပြန်ဟပ်နေသကဲ့သို့ ရှိသည်။ သည်ထူးချွန်ကောင်းမွန်သည့် အဆောက်အဦးဒီဇိုင်းလက်ရာအား တစ်စုံတစ်ယောက်က တည်ဆောက်လိုက်သည်နှင့် ထိုတည်ဆောက်မှုသည် တရုတ်ပြည်၏ အကျော်ကြားဆုံး မှတ်တိုင်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်ဟု သူ ပြောရဲပေသည်။ တိုင်းပြည်တစ်ဝှမ်းတွင် ကျော်ကြားရုံသာမကဘဲ ကမ္ဘာတစ်ဝှမ်းပင် ကျော်ကြားလာလိမ့်မည်ဖြစ်သည်။

“တအား အံ့သြဖို့ ကောင်းတာပဲ အဖိုးကြီးဟူ… ငါ့ဘဝမှာ နာမည်ကြီး ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေအပါအ၀င် အများကြီး မြင်ဖူးခဲ့ပါတယ်ကွာ။ ဒါပေမယ့် ဒီလက်ရာကို ယှဉ်နိုင်တဲ့ ပန်းချီကား မရှိတာ အသေအချာပဲ။”

ယခုထက်ထိ ပန်းချီကားကို မမြင်ဖူးခဲ့သော မုဝမ်ရင်၏သိလိုစိတ်သည် အံ့သြတုန်လှုပ်နေသော သူမ၏ဆရာ မျက်နှာအား ကြည့်ကာ အလွန် ပြင်းပြလာခဲ့သည်။ သူမသည် တင့်တယ်စွာ မတ်တတ်ရပ်လိုက်ပြီး လီပိုင်ယီ၏ဘေးသို့ လာခဲ့သည်။ သူမ၏အကြည့်များသည် မိုဘိုင်းမျက်နှာပြင်ပေါ်မှ ပန်းချီကားအား အသာအယာ ခါးလေးကိုင်းကာ ကြည့်လိုက်သည်။

“ဒါ…”

မုဝမ်ရင်သည် တုန်လှုပ်သွားကာ သူမ၏မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ တစ်စုံတစ်ယောက်သည် ကမ္ဘာပေါ်တွင် ပြိုင်ဖက်ကင်းလက်ရာတစ်ခုအား ရေးဆွဲနိုင်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ပေ။ “ချင်းမင်ပွဲတော်အတွင်း မြစ်ကြောင်းတစ်လျှောက်” ဟူသည့် မပြီးပြည့်စုံသေးသော ပန်းချီကားတစ်ခုအား သူမ တစ်ခါ မြင်ဖူးခဲ့ပြီး ထိုလက်ရာအား ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်သည်ပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု သူမ အာမခံရဲပေသည်။

ယခုပန်းချီကားမှာမူ…. ကောင်းကင်ဘုံ၌သာ ရှိသင့်သည့်ပန်းချီကား ဖြစ်ပေမည်။ လူသားလောကထဲသို့ မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာပါသနည်း။

လီပိုင်ယီသည် ဖုန်းအား မုဝမ်ရင်ဆီသို့ လှမ်းပေးလိုက်သည်။ သူ၏အိုမင်းသော မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှုသည် ယခုထိတိုင် ကွယ်ပျောက်မသွားသေးဘဲရှိသည်။

“အာ… ဒီပန်းချီကားကို ဆွဲနိုင်တဲ့သူကိုတော့ ပန်းချီနတ်ဘုရားလို့တောင် ခေါ်နိုင်နေပြီ။ ဒီပန်းချီကားထဲကအတိုင်းသာ အဆောက်အဦးတွေကို တည်ဆောက်နိုင်ခဲ့ရင် ဘယ်လောက်ကြီးမားတဲ့ အံ့သြစရာတွေ ဖြစ်လာလိမ့်မယ်ဆိုတာကို ငါ တကယ်ကို မမှန်းဆနိုင်ဘူး။”

“အမှန်ပဲ။ ဒီပန်းချီကားထဲကအတိုင်းသာ တကယ်ကို ဆောက်နိုင်ရင် ငါ အဲ့ဒီ အဆောက်အဦးနေရာကို သွားပြီး အိမ်တစ်လုံးလောက် သေချာပေါက် ဝယ်မိမှာပဲ။” ပါမောက္ခဟူက ဘွင်းဘွင်းရှင်းရှင်းပင် ပြောချလိုက်သည်။

လီပိုင်ယီကလည်း တက်ကြွစွာဖြင့် “မင်းသာ သွားဝယ်ဖြစ်ရင် င့ါကိုပါ ခေါ်။”

မုဝမ်ရင်က လီပိုင်ယီ လှမ်းပေးလိုက်သော ဖုန်းအား ယူကာ သူမ၏နေရာတွင်  ပြန်ထိုင်လိုက်သည်။ သူမသည် အံ့အားသင့်နေသောကြောင့် အဖိုးကြီး၂ယောက် ပြောနေသောစကားအား မကြားတော့ပါချေ။ သူမ၏ဆွဲဆောင်မှု ရှိနေသော နှုတ်ခမ်းအစုံမှာ အနည်းငယ် ပွင့်ဟနေပြီး တီးတိုးရေရွတ်မိသည်။

“ဒီပန်းချီကားကို ဆွဲတဲ့ ဆရာသာ တပည့်လက်ခံခဲ့မယ်ဆိုရင် ငါက သေချာပေါက် ပထမဆုံးတပည့် သွားလုပ်မိမှာပဲ။”

သူမ၏အသံလေးသည် ကျယ်လောင်မှု မရှိသော်လည်း ပါမောက္ခဟူ၊ လီပိုင်ယီနှင့် ထန်ရှုတို့မှာ ထိုစကားသံအား ရှင်းလင်းစွာ ကြားနိုင်ပေသည်။

ပါမောက္ခဟူနှင့် လီပိုင်ယီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မချိပြုံး ပြုံးမိကြသည်။ သူတို့တွင်လည်း တူညီသော အတွေး ရှိကြသည်။

ထန်ရှုသည် မုဝမ်ရင်ဆီ လက်လှမ်းကာ “ကျွန်တော့်ကို ပြပါဦး။”

မုဝမ်ရင်သည် အသိပြန်ဝင်လာပြီး ဖုန်းအား ထန်ရှုဆီသို့ တွေဝေသောအမူအရာဖြင့် လှမ်းပေးလိုက်သည်။ သူမ၏မျက်ဝန်းများသည် အသိလွတ်နေသကဲ့သို့ ရှိပြီး သူမ မည်သည့်အကြောင်းအရာ တွေးနေမှန်း မည်သူမျှ မသိကြပါချေ။

ထန်ရှု ဖုန်းကို ယူလိုက်ရာ မျက်နှာပြင်ပေါ်မှ ပုံအား တွေ့လိုက်ရပြီး သူ၏မျက်နှာထက်တွင် အပြုံးခပ်သဲ့သဲ့တစ်ချက် ပေါ်ထွက်သွားသည်။ ပါမောက္ခဟူ၊ လီပိုင်ယီနှင့် မုဝမ်ရင်တို့ ချီးမွှမ်းနေသော အဆောက်အဦးဒီဇိုင်း ပန်းချီကားသည် အမှန်တကယ်ပင် သူ ရေးဆွဲထားသော ပန်းချီကား ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။

ချက်ချင်းပင် သူသည် ဖုန်းအား ပါမောက္ခဟူဆီ ပြန်ပေးလိုက်သည်။

ထန်ရှု၏အပြုအမူအား ကြည့်ပြီး ပါမောက္ခဟူနှင့် လီပိုင်ယီတို့ တိတ်တဆိတ် အထင်အမြင်သေးသွားကြသည်။ ထန်ရှုသည် ထိုအရာနှင့်ပတ်သက်ပြီး စိတ်အားထက်သန်ခြင်းအလျဉ်းမရှိဟု တွေးလိုက်ကြပြီး လာမည့်ပြိုင်ပွဲအတွက်ပင် စိတ်ပူသွားစေသည်။

သိပ်မကြာမီ ကြာပန်းစံအိမ်မှ စားပွဲထိုးတစ်ယောက်သည် သူတို့၏အခန်းသို့ လာကာ လူတိုင်းအား ပန်းချီပြပွဲလုပ်ထားသည့် အောက်ထပ်မှ ခန်းမဆီသို့ ကြွရောက်ရန် ဖိတ်ကြားခဲ့သည်။ သူတို့၄ယောက် ခန်းမဆီသို့ ရောက်သောအခါ ဧည့်သည်တစ်ဒါဇင်ကျော်သည် ခန်းမအလယ်မှ စားပွဲ ၂လုံးအား ဝန်းရံလျက်ရှိပြီး ထိုသူတို့၏အသံများအား ရှင်းလင်းစွာပင် ကြားနိုင်ပေသည်။

“ဒီနေ့ ပန်းချီပါရမီရှင်လူငယ် ၂ဦးရဲ့ပြိုင်ပွဲကို ကြည့်နိုင်တာ ငါတို့ သိပ်ကံကောင်းတာပဲ။ ပန်းချီပညာအကြောင်း ပြောရမယ်ဆိုရင် အရင်တုန်းက ငါ အဲ့ဒီပညာကို အချိန်တစ်ခုလောက်ထိ သင်ခဲ့ဖူးပေမယ့် နှမြောစရာကောင်းတာက ငါက အဲ့ဒီဘက်မှာ ပါရမီ မပါလို့ စွန့်လွှတ်လိုက်ရတယ်။ ကံကောင်းချင်တော့ ဒီနေ့ အဖိုးကြီးဝမ်နဲ့ ကြာပန်းစံအိမ် လိုက်လာမိတော့ တွေ့ရခဲတဲ့ ပန်းချီပြိုင်ပွဲကို မြင်နိုင်သွားပြီပေါ့ကွာ။”

“ငါ ကျူးရှန်အကြောင်းတော့ ကြားဖူးတယ်ကွ။ သူက အတော်နာမည်ကြီးတဲ့ လူငယ်ပန်းချီဆရာပဲ။ ဒါပေမယ့် ထန်ရှုကိုတော့ ငါ တစ်ခါမှ မကြားဖူးဘူး။ သူက နာမည်မရှိတဲ့ ဂျူနီယာတစ်ယောက် ဖြစ်မယ်ထင်တယ်။”

“ကျူးရှန်က အလွန်မောက်မာတဲ့လူပဲ။ စောစောက အခန်းထဲမှာ သူ့ကို မိတ်ဆက်ပေးပြီး တစ်ခွက်ဂုဏ်ပြုကြတုန်းက သူ့ရဲ့စိတ်နေသဘောထားက မဖော်ရွေသလို ဆက်ဆံတာမှာလည်း ဟက်ဟက်ပက်ပက် မရှိလှဘူး။ ဒီလိုလူမျိုးက အလွန်တော်တဲ့ ပန်းချီအရည်အချင်း ရှိရင်တောင်မှ သူ့အလုပ်ထဲမှာ ကောင်းမွန်နိုင်မယ်မထင်ဘူး။ ဒါပေမယ့် သူ့ပြိုင်ဖက် လူငယ်အကြောင်းကိုတော့ ငါ တကယ်ကို စိတ်ဝင်စားနေတယ်။”

“ထျန်းကျင်းမြို့က အရမ်းကြီးသလို ဒီမြို့မှာ ရှိနေတဲ့ ကျူးရှန်ကလည်း အဲ့ဒီသဘောအတိုင်းပဲ။ သူ့ထက် ပိုပြီး အရည်အချင်းရှိတဲ့သူ ရှိနိုင်မလား။ ဒါပေမယ့် ဒီညမှာတော့ သူ သေချာပေါက် နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။”

“ငါလည်း အဲ့လိုပဲ ထင်တယ်။”

“ပွဲကောင်းတစ်ခု ကြည့်ရသေးတော့ပေါ့။”

“……”

ထန်ရှုသည် ထိုဆွေးနွေးသံများအား ကြားသောအခါ တိတ်တဆိတ် ပြုံးမိသည်။ ပန်းချီလောကအသာထားဘိ ထျန်းကျင်းမြို့တွင်ပင် သူသည် နာမည်မကြီးပေ။ ထို့ကြောင့် လူတိုင်းက ကျူးရှန်အပေါ်တွင် ယုံကြည်ချက်အပြည့်ရှိသည်မှာ အံ့သြစရာ မရှိပါပေ။

သို့သော်လည်း လူတစ်ယောက်သည် ဖိအားကို မခံနိုင်ပါက ပြသနာများကို ဖြေရှင်းရန် ကြိုးစားနိုင်မည် မဟုတ်ချေ။

ထန်ရှုသည် သူ၏ပန်းချီစွမ်းရည်အား ယုံကြည်သည်။ ကျူးရှန်လို ပြိုင်ဖက်ကို မဆိုထားဘိ တစ်ဖက်လူသည် ပန်းချီပညာရှင်ကြီးတစ်ယောက်ပင် ဖြစ်စကောမူ သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပါချေ။

“ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများရှင့်… အခု ကျွန်မတို့ ပြိုင်ပွဲကို စတင်ပါတော့မယ်။”

ထန်ရှုနှင့် အခြားသူများ ရောက်လာသည်ကို မြင်သည့် ပိုင်ယုက ကြေညာလိုက်သဖြင့် လူတိုင်းသည် ချက်ချင်းပင် ခန်းမထဲမှ ကြီးမားသော စင်မြင့်ဆီသို့ ရှေးရှုကာ ရောက်လာကြသည်။ ထို့နောက် သူမသည် ထန်ရှုဆီသို့ ရောက်လာကာ မေးလိုက်သည်။

“နင့်မှာ ယုံကြည်ချက်ရှိလား။”

“သေချာတာပေါ့။” ပိုင်ယု၏စိတ်သဘောထားကို မြင်နိုင်သောကြောင့် ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ တုံ့ပြန်လိုက်သည်။

ပိုင်ယုက ခေါင်းညိတ်လိုက်ပြီး

“နင် ယုံကြည်ချက် ရှိရင် ကျေးဇူးပြုပြီး အကောင်းဆုံးလုပ်ပါ။ နင့်ရဲ့လုပ်ဆောင်ချက်ကို ငါ ကြည့်နေပါ့မယ်။”

“ခင်ဗျားကို စိတ်မပျက်စေရဘူး။” ထန်ရှုက ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ထန်ရှုသည် ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။ ကျူးရှန်အား ခပ်တည်တည်ဖြင့် ကြည့်ပြီးနောက်

“မင်းတတ်စွမ်းသမျှ အရာရာ လုပ်ဆောင်ပါ။ ဒါမှ  မင်းရှုံးတဲ့အခါ ငါက အနိုင်ကျင့်တယ်လို့ မင်းပြောလို့မရမှာ။”

ကျူးရှန် ခနဲ့သံဖြင့်

“မင်းကများ… ဟမ့်.. ဒီနယ်ပယ်မှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံတွေ မင်းမှာ ရှိရင်သာ ဒီစကားပြောဖို့ အရည်အချင်းမီကောင်းမီလိမ့်မယ်။ ပေါက်ကရတွေ တော်လိုက်တော့။ စကားထက် အလုပ်နဲ့ သက်သေပြတာ ပိုကောင်းတယ်။ မင်း ဘာပြနိုင်လဲ ကြည့်ရအောင်။”

ထန်ရှုသည် ကျူးရှန်အား အာရုံမစိုက်တော့ဘဲ ပိုင်ယုအား ကြည့်ကာ တည်ငြိမ်သော လေသံဖြင့်

“ဒီပြိုင်ပွဲအတွက် လိုအပ်ချက်တွေ၊ စည်းမျဉ်းတွေ ရှိဦးမလား။”

ပိုင်ယုသည် ကြည့်ရှုသူများကြားမှ ယောကျာ်းနှင့် မိန်းမ၁၀ယောက်အား ခေါ်ဆောင်လာသည်။ နှစ်ယောက်မှလွဲပြီး ကျန်သောသူများမှာ သက်လတ်ပိုင်းများနှင့် အသက်ကြီးသောသူများ ဖြစ်ကြသည်။ ပိုင်ယုက ထိုလူ၁၀ယောက်အား ညွှန်ပြလျက်

“ဒီ၁၀ယောက်က ငါတို့ရဲ့ထင်ရှားတဲ့ အထူးဧည့်သည်တော်တွေ ဖြစ်ပြီးတော့ သူတို့ပန်းချီကားတွေကိုလည်း ဒီခန်းမမှာ ပြထားတယ်။ ဒီပြိုင်ပွဲအတွက် အကဲဖြတ်ကော်မတီ လုပ်ပေးဖို့ သူတို့ရဲ့တရားမျှတမှုကို ငါ အာမခံနိုင်တယ်။ နောက်ပြီး နင်တို့လက်ရာကို သူတို့အကဲဖြတ်ပြီးတာနဲ့ အခြားဧည့်သည်တွေကလည်း မဲတစ်မဲစီ ပေးလိမ့်မယ်။ ပြိုင်ပွဲရဲ့စည်းမျဉ်းက အလွန် ရိုးရှင်းပါတယ်။ နာရီဝက်အတွင်းမှာ ကြာပန်းတစ်ပွင့်နဲ့ ဆက်နွယ်တဲ့ ရှုခင်းပန်းချီကားတစ်ခုကို ရေးဆွဲရမှာဖြစ်တယ်။ နင်တို့အတွက် လိုအပ်တဲ့ ပန်းချီစုတ်တံတွေ၊ ပန်းချီဆေးတွေနဲ့ ပန်းချီဆွဲဖို့စာရွက်တွေ အားလုံး ပြင်ဆင်ပေးထားပြီးပြီ။”

“ကောင်းတယ်။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

ကျူးရှန်က မထုံတက်သေးအမူအရာဖြင့် “ငါလည်း အဆင်ပြေတယ်။”

ပိုင်ယုက ခေါင်းညိတ်လျက် သူမ၏နာရီအား တစ်ချက်ကြည့်လိုက်ပြီးနောက်

“အခု ည၈နာရီ ၂၈မိနစ် ရှိနေပြီဆိုတော့ ပြီးဆုံးချိန်က ည၈နာရီ ၅၈မိနစ် ဖြစ်မယ်။ ဒီနေရာမှာ ပြိုင်ပွဲကို အခုပဲစတင်ကြောင်း ကြေညာအပ်ပါတယ်။”

ကျူးရှန်သည် ထန်ရှုအား လှောင်ပြောင်သလို တစ်ချက်ကြည့်သွားသည်။ သူသည် လျင်မြန်စွာပင် ပန်းချီစုတ်တံများအား ကောက်ယူလိုက်ရင်း ဆေးစပ်ပြီးနောက် သူသည် ကင်းဗတ်စပေါ်တွင် ဖြည်းညှင်းစွာ စတင်ရေးဆွဲတော့သည်။

ထန်ရှုက ဆန့်ကျင်ဘက်ဖြစ်သည်။

ပိုင်ယု ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည့်ခဏတွင် သူ၏မျက်ဝန်းအစုံအား ဖြည်းညှင်းစွာ မှိတ်ကာ သူရေးဆွဲမည့် ပန်းချီအတွက် စိတ်ကူးပုံဖော်နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးသော် ထန်ရှုသည် ပန်းချီစုတ်တံအား လျင်မြန်စွာ ကောက်ယူကာ ရနိုင်သော ဆေးအားလုံးအား သတ်မှတ်ပြီး စတင်ရေးဆွဲတော့သည်။ သူ၏ပန်းချီဆွဲသော အမြန်နှုန်းသည် ကျူးရှန်ထက် အတော် မြန်ဆန်လှပေသည်။ သူ၏စုတ်ချက်ရွေ့လျားမှုသည် နဂါးတစ်ကောင်အလား လျင်မြန်စွာ ရွေ့လျားနေပေရာ ကင်းဗတ်စပေါ်တွင် ပုံသဏ္ဍာန်တိုင်းသည် စတင်ပုံပေါ်စပြုလာသည်။

“အာ… သူတော့ ရှုံးတော့မှာပဲ။”

ထန်ရှု၏ပန်းချီရေးဆွဲသော အရှိန်အား ကြည့်ပြီး မုဝမ်ရင်၏နှုတ်ဖျားမှ ခါးသီးသော ခံစားမှု ထွက်ပေါ်လာခဲ့သည်။ ပန်းချီရေးဆွဲခြင်း၏ အဓိကအချက်အား သူမ ကောင်းစွာ သိရှိထားပေသည်။ နဂါးရွေ့လျားခြင်းနည်းစနစ်ကိုသုံးကာ မြန်ဆန်လှသော စုတ်ချက်များအား ဆွဲရဲသော ပန်းချီပါရဂူတစ်ယောက်ပင် ရင်သပ်ရှုမောဖွယ်ပန်းချီကားအား ရေးဆွဲနိုင်မည်မဟုတ်ပါချေ။

ပုံကြမ်းရေးဆွဲခြင်းနှင့် ဆေးချက်ထည့်ခြင်းတို့၏အနှစ်သာရမှာ ပန်းချီဆရာလောကတွင် တစ်ခုတည်းသာရှိသည်။ ၎င်းမှာ ပုံသဏ္ဍာန်နှင့်ပုံဟန်အား အကျိုးသက်ရောက်မှု မဖြစ်စေရန် ဖြည်းညှင်းစွာ ပုံဖော် အသေးစိတ် ရေးဆွဲခြင်းဖြစ်သည်။

မုဝမ်ရင်ကိုယ်တိုင်ပင် ထန်ရှု၏နာမည်အား ယခင်က မကြားဖူးပါသောကြောင့် ထန်ရှုသည် လက်ရေးလှနှင့်ပန်းချီလောကတွင် နာမည်ဂုဏ်သတင်း မထင်ရှားသော အမည်မဲ့လူငယ်တစ်ယောက်သာလျှင် ဖြစ်မည်ဟု သူမ တွေးမိသည်။ သူ့တွင် အရည်အချင်းအချို့ရှိပါလျှင်တောင်မှ ကျူးရှန်နှင့် တူညီသောအဆင့်တွင် ရှိမည့်သူတစ်ယောက် မဟုတ်လောက်ချေ။

ပါမောက္ခဟူက တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။ သူသည် ထန်ရှုအား အဝေးမှ ကြည့်နေရင်း ခါးသီးစွာ ပြုံးလိုက်ကာ

“မုဝမ်ရင်.. မင်း အစောက သဘောတူညီချက်ကို မလုပ်သင့်ဘူး။ သူဆွဲနေပုံကို  ကြည့်ရတာ မင်းရဲ့ဝမ်ရှီကျီလက်ရေးလှတော့ ဆုံးတော့မယ်နဲ့တူတယ်။”

မုဝမ်ရင် အတော် စိတ်ဓာတ်ကျသွားသည်။ သို့သော် သူမသည် ခံနိုင်ရည်ရှိနေသေးသောကြောင့် ဖြည်းညှင်းစွာ တုံ့ပြန်လိုက်သည်။

“ကျွန်မ ရှုံးရမယ်ဆိုတော့လည်း ရှုံးရမှာပါပဲ။ အရှုံးက အရှုံးပဲမို့ ဖိတ်စင်သွားတဲ့နွားနို့အတွက် ငိုနေဖို့ မလိုပါဘူးရှင်။”

ပါမောက္ခဟူက စိတ်မကောင်းဖြစ်ကာ

“ကြည့်ရတာ ဒီအခြေအနေကို မင်းမှာ အကောင်းမြင်စိတ်တော့ ရှိသေးတာပဲ။ ဒါပေမယ့် ထန်ရှုကိုယ်တိုင်က သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ငါ ခံစားမိတယ်။ မင်းရဲ့တန်ဖိုးကြီးလက်ရေးလှ ဆုံးရှုံးခဲ့ရင်တောင်မှ တစ်ခုခု လျော်ကြေးပေးဖို့ သူ စဉ်းစားမှာပါ။”

“သူ့နောက်ခံက ဘာမို့လို့လဲ။” မုဝမ်ရင် အံ့အားသင့်သွားသည်။

“ငါ မသိဘူး။” ပါမောက္ခဟူက ခေါင်းယမ်းပြသည်။

“ဒါပေမယ့် တက္က သိုလ်ဝင်ခွင့်စာမေးပွဲကို အခုမှ အောင်မြင်ထားတဲ့ သာမန်ကျောင်းသားတစ်ယောက်က ကျောက်တုံးအနည်းငယ်အတွက် ၂၀မီလီယံပေးနိုင်တာ မင်းမြင်ဖူးလား။ သူက အဖိုးကြီးလီရဲ့ ကျောက်တုံးတွေကိုတောင် ဝယ်ချင်နေသေးတာ။ သူ့ရဲ့ပိုင်ဆိုင်တာက သေချာပေါက် များမှာပဲ … ၂၀မီလီယံထက် အဆပိုများလိမ့်မယ်။”

မုဝမ်ရင် အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။

“သူက ဆောင်းဦးဒီရေနဲ့ကြယ်အပိုင်းအစကို ပါမောက္ခဟူဆီက ဈေးကြီးပေးပြီး ဝယ်ခဲ့တာလား။”

“ဟုတ်တယ်။” ပါမောက္ခဟူ ခေါင်းညိတ်လိုက်သည်။ “အဖိုးကြီးလီက သည်ကျောက်တုံးတွေရဲ့တန်ဖိုးအကြောင်း ကောင်းကောင်းကြီးသိတာပေါ့။ ငါ သူ့ကို ပေးလိုက်တာ ကြမ်းခင်းဈေးနဲ့ ပေးလိုက်တာကို ဒီကောင်လေးက ဈေးတောင်မဆစ်ဘဲ ပျော်ပျော်ကြီး လက်ခံပြီးတော့ တန်းငွေလွှဲပေးလိုက်တာ။ သူ ငါ့ကို ကိုင်ခိုင်းထားတဲ့ အဝါရောင်အဝတ်နဲ့ ထုပ်ထားတာလည်း ဝယ်ထားတာ မကြာသေးဘူး။ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ပကတိအခြေအနေကို ငါ မပြောနိုင်သလို သူ့ကို ထွင်းဖောက်ပြီးတောင် မမြင်နိုင်ဘူး။”

***

All Chapters