လေးစားလာကြခြင်း
Vol. 05 Ch. 224
လီပိုင်ယီက စိတ်မပါလက်မပါဖြင့်
“ဟမ့်… ဘယ်သူမဆို သင့်တော်သလို ခမ်းနားထည်ဝါဟန် လုပ်နိုင်တာပဲ။ သူ့မှာ နောက်ခံအကြီးကြီးနဲ့အခြေအနေတစ်ခုရှိရင်တောင် ပန်းချီပညာမှာတော့ သူက မဆိုးပါဘူးလို့ ပြောနိုင်ရုံလောက်ပဲ။ လူငယ်တစ်ယောက်မှာ ရှိနိုင်တဲ့ စိတ်နေသဘောထားအတိုင်း စိတ်ဝင်စားနေတဲ့လူတစ်ယောက်ရဲ့အာရုံစိုက်မှု ရဖို့အတွက် သူက ရည်ရွယ်ချက်ရှိရှိနဲ့ အချစ်ပြိုင်ပွဲ စိန်ခေါ်မှုမှာ စွမ်းရည်ပြသချင်တာပဲ ဖြစ်မှာပေါ့။ သူရှုံးသွားတော့မှ သူ့ကိုယ်သူ အရှက်ခွဲနေမှန်း သူသိလာတာကို စောင့်ကြည့်ဦးမယ်။”
“မင်းက တကယ်ကို အဆိုးမြင်သမားတစ်ယောက်ပဲ။” ပါမောက္ခဟူက ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
လီပိုင်ယီက လှောင်ရယ်သံဖြင့်
“ငါက သူ့ကို ဘာကြောင့် အကောင်းမြင်ပေးရမှာလဲ။ သူ့ကို အကောင်းမြင်ပေးရအောင် သူ့မှာ ဘာအရည်အချင်းတွေများ ရှိလို့လဲ။ သူသာ ကျူးရှန်ကို တကယ်နိုင်ခဲ့ရင် ငါ့ရဲ့ကျောက်တုံးတွေကို သူ့ကို ရောင်းဖို့ သဘောတူလိုက်ဦးမယ်။ မဟုတ်ဘူး… သူ့ကို အလကားကို ပေးပစ်လိုက်မှာ။”
ပါမောက္ခဟူက ဖျစ်ညှစ်ပြုံးလိုက်ပြီး
“အဖိုးကြီးလီ… ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မင်းရဲ့စိတ်ခံစားမှုကို မသက်ရောက်စေသင့်ဘူး။”
လီပိုင်ယီက လှောင်ရယ်သံဖြင့်
“အဖိုးကြီးဟူ… မင်း ငါ့အကြောင်းသိပါတယ်ကွာ။ ငါ ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တယ်ဆိုတာ။ သူသာ ကျူးရှန်ကို တကယ်နိုင်ခဲ့ရင် ငါ ချက်ချင်း ရှန်ဟိုင်းပြန်ပြီး ငါ့ရဲ့ကျောက်တုံးအမျိုးအစား ၂ခုကို သူ့ကို ယူပေးလိုက်မှာ။”
ထန်ရှု၏မြန်ဆန်လှသော ပန်းချီရေးဆွဲဟန်အား ကြည့်ပြီး ပိုင်ယုနှင့် အကဲဖြတ်အဖွဲ့မှ ကျွမ်းကျင်ပန်းချီပညာရှင် ၁၀ယောက်သည်လည်း ခေါင်းယမ်းလိုက်မိကြသည်။ ထန်ရှုသည် အမှန်တကယ် သင်ယူထားခြင်း သို့မဟုတ် ပါရမီရှင်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သောအသွင်ဖြစ်စေရန် ကြိုးစားသရုပ်ဆောင်နေသည်ဟုသာ သူတို့တွေးထင်မိပေသည်။
ကျူးရှန်အား စိတ်ဆိုးနေသော ပိုင်ယုအပါအဝင် သူတို့အားလုံး၏စိတ်ထဲမှ အောင်မြင်မှုအခြေအနေသည် ကျူးရှန်ဘက်သို့ အလေးသာနေခဲ့ပြီဖြစ်သည်။
၁၅မိနစ်ကြာပြီးနောက်…
ထန်ရှုသည် သူ၏ပန်းချီစုတ်တံအား အဝေးတွင် ထားလိုက်ပြီး ပန်းချီကားပေါ်တွင် ပုံစံ၂ခုအား ဖျော့ဖျော့လေး ထည့်လိုက်သည်။ ထို့နောက် သူသည် စက္ကူအဖြူတစ်ရွက်အား ဆွဲထုတ်လိုက်ကာ ပန်းချီကားပေါ်တွင် ချည်နှောင်ဖုံးအုပ်လိုက်သည်။
“ကျွန်တော် ပြီးပြီ။” ထန်ရှုသည် ဘေးပတ်လည်အား ကြည့်လိုက်ပြီး သူ၏အကြည့်များသည် ပိုင်ယု၏မျက်နှာထက်တွင် နောက်ဆုံး၌ အဆုံးသတ်သွားခဲ့သည်။
“အချိန်မစေ့သေးလို့ ငါတို့ ကျူးရှန်ကို စောင့်ရလိမ့်မယ်။” ပိုင်ယု ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ။” ထန်ရှု ပြန်ပြောလိုက်ပြီး စားပွဲအရှေ့တွင် ရပ်လျက် တိတ်ဆိတ်စွာ စောင့်နေသည်။
မိနစ်၃၀ပြည့်ခါနီးတွင် ကျူးရှန်သည် သူရေးဆွဲချင်သော ရှူခင်းပုံအား အဆုံးသတ်နိုင်ခဲ့သည်။ နဖူးထက်မှ ချွေးများအား သုတ်ရန် သူ၏လက်ကို မြှောက်လိုက်ရင်း ချောမောလှသော သူ၏မျက်နှာထက်တွင် ကျေနပ်သောအပြုံးတစ်စ ပေါ်ထွက်လာသည်။ သူသည် ကြည်လင်သောအသံဖြင့်
“ကျွန်တော် ပန်းချီကားကောင်းတစ်ချပ်ကို ဆွဲပြီးပြီ။ ဒီပန်းချီကားက ကျွန်တော့်ရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ခုလို့ သေချာပေါက် ဆိုနိုင်တယ်။”
“မင်းတို့၂ယောက်ထဲက ဘယ်သူ ပန်းချီကားကို အရင်ဆုံးပြချင်လဲ။” ပိုင်ယုက ခေါင်းညိတ်ကာ မေးလိုက်သည်။
ကျူးရှန်က စိတ်ကြီးဝင်စွာဖြင့် ဖြေလိုက်သည်။
“ဒီက ကျွမ်းကျင်တဲ့သူတွေကို ကျွန်တော့်ပန်းချီကား အရင်ပြမယ်။ ကျွန်တော် ပြတာကို စောင့်ကြည့်ပေးပါ။ ပန်းချီကားကို ကြည့်ရတာဟာ အစားစားတာနဲ့ အများကြီး တူတယ်ဆိုတဲ့ အမှန်တရားကို ဒီလူကို နားလည်စေချင်တယ်။ ကောင်းမွန်တဲ့အစားအစာ စားပြီးမှ မကောင်းတဲ့အစားအစာ စားမိရင် ခင်ဗျားတို့ လုံးဝငြီးငွေ့ပြီး အဲ့ဒါဟာ မထိုက်တန်ဘူးလို့ ခံစားမိလာလိမ့်မယ်။”
“မစ္စတာထန်… နင်ကရော။” ပိုင်ယု မေးလိုက်သည်။
“ခင်ဗျားတို့သဘောပါ။” ထန်ရှုက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
ပိုင်ယုက ခေါင်းညိတ်လိုက်ကာ အကဲဖြတ်သူ၁၀ယောက်အား အလယ်သို့ ခေါ်ဆောင်လာသည်။ သူတို့သည် ကျူးရှန်၏စားပွဲအား ဝိုင်းကာ မတ်တတ်ရပ်လိုက်ပြီး သူ၏ပန်းချီကားအား စတင်အကဲဖြတ်ကြလေသည်။
“ကျွမ်းကျင်မှုအခြေခံက သိပ်သည်းတယ်။ မျဉ်းတွေက အလွန်ရှင်းလင်းပြီးတော့ သိသာထင်ရှားတဲ့အသွင်ကို ဖြစ်စေတယ်။ တောင်တန်းတွေက စိမ်းစိုနေပြီးတော့ ရေတံခွန်တွေက လှပလို့။ ငှက်ကလေးတွေကလည်း သစ်ကိုင်းတွေထက်မှာ နားပြီး တေးဆိုနေကြတယ်။ အထင်ရှားဆုံးနဲ့အကောင်းဆုံးအပိုင်းကတော့ တောင်ခြေမှာ ရှိတဲ့ နက်ရှိုင်းလှတဲ့ ရေကန်ထဲမှာ လှပစွာ ပွင့်လန်းနေတဲ့ ကြာပန်းတစ်ပွင့်ပုံပဲ။ ဒီပန်းချီကားကိုကြည့်ပြီး ဒီလှပတဲ့မြင်ကွင်းထဲက ရှုမျှော်ခင်းပုံရိပ်ကမ္ဘာထဲကို လူတွေကို ဆွဲခေါ်သွားနိုင်ပါပေတယ်။”
“ဟုတ်တယ်။ အရောင်စပ်ထားပုံနဲ့ အရောင်အသွေးစုံလင်မှုကို တစ်ချက်ကြည့်ဦး။ နူးညံ့ပြီး ခမ်းနားတဲ့ဟန် လင်းလက်နေစေတယ်။ သစ်ကိုင်းပေါ်မှာရှိတဲ့ ငှက်ကလေးတွေက ပါးစပ်လေးတွေ ဟပြီး သဘာဝတေးသီချင်းတွေကို တီတာကျူးရင့်နေသလိုပဲ။ ငါ ပန်းချီကားတွေ အများကြီး မြင်ဖူးပေမယ့် ဒီပန်းချီကားထက် ကောင်းတာ လက်တစ်ဆုပ်စာလောက်ပဲ ရှိမယ်ထင်တယ်။ အမှတ်ပေးရမယ်ဆိုရင် ဒါကို အမှတ်၈၀လောက် ငါ ပေးနိုင်တယ်။”
“တင့်တယ်လှပပါပေတယ်။ ဒီပန်းချီကားက မမျှော်လင့်ဘဲ ငါ့ကို ယဉ်ကျေးသိမ်မွေ့စွာ လှပတယ်ဆိုတဲ့ခံစားမှုကို ပေးစွမ်းတယ်။ တကယ်ကို ကောင်းတယ်။ ငါက ၈၁မှတ် ပေးမယ်။”
“အမှတ် ၈၀…”
“……”
အကဲဖြတ်သူများ၏သုံးသပ်အမှတ်ပေးမှုတစ်လျှောက် ပိုင်ယု၏မျက်နှာတွင် စိတ်ရှုပ်ထွေးနေသော အမူအရာအား ဖော်ပြနေသည်။ ကျူးရှန်၏အကျင့်စရိုက်မှာ အလွန်ဆိုးရွားကောင်း ဆိုးရွားလိမ့်မည် ဖြစ်သော်လည်း သူ၏ပန်းချီအရည်အချင်းအခြေခံမှာ အမှန်တကယ်ပင် သိပ်သည်းလှပေသည်။ သူမ၏ကြာပန်းစံအိမ်ထဲတွင် ပန်းချီကား အများအပြား ရှိပါသော်လည်း သည်ပန်းချီကားထက် ပိုကောင်းသည့် ပန်းချီကားမှာ ၁၀ချပ်ထက် ပိုမည်မဟုတ်ပေ။
ထိုခဏတွင် သူမသည် ထန်ရှုအတွက် တိတ်တခိုး စိတ်ပူသွားမိသည်။
ပိုင်ယုသည် စိတ်တွင်းမှ သက်ပြင်းကြိတ်ချလိုက်ပြီးနောက် ကျူးရှန်အား ကြည့်ကာ
“ရှင့်ရဲ့ပန်းချီကားကို ယူပြီး လူတိုင်းကို ပြပါဦး။ လူတိုင်းက ရှင့်လက်ရာနဲ့ ထန်ရှုရဲ့လက်ရာကို ကြည့်ပြီးတဲ့အထိ စောင့်ပါ။ ပြီးရင် ဒီပြိုင်ပွဲရဲ့အကဲဖြတ်မှု ရလဒ်ကို ငါတို့ ပြောပါမယ်။”
“ကောင်းပြီ။”
ကျူးရှန်သည် သူ၏ပန်းချီကားအား ယူလိုက်ကာ ပြသရန်အတွက် ဝန်းရံကြည့်ရှုနေသူများ၏အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားတော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် စားပွဲဆီသို့ ပြန်ရောက်လာပြီး သူ၏ရှူမျှော်ခင်းပန်းချီကားအား စားပွဲပေါ်သို့ တင်ထားလိုက်သည်။ သူသည် ထန်ရှုအား လှောင်သလိုကြည့်ကာ
“မင်းရဲ့ပန်းချီလက်ရာ ဘယ်လောက်ဆိုးလဲဆိုတာ ပေါ်လာတော့မှာပဲ။ မင်းရဲ့လက်ရာကို ဘယ်လိုပဲ ဖုံးကွယ်ထားဦး အဆုံးသတ်မှာ အချည်းနှီးဖြစ်တော့မှာပါ။ လူတိုင်းရဲ့ရှေ့မှာ ငါက ငါ့ပန်းချီကားကို ပြပြီးပြီ။ အခု မင်းအလှည့်ပဲ။ မင်းမှာ နိုင်ဖို့အခွင့်အရေးမရှိဘူးလို့ တကယ်ကို ခံစားမိရင် ငါက မင်းကို မျက်နှာသာအချို့ပေးချင်ပါတယ်ကွာ။ မင်း ရှုံးတယ်လို့သာ တန်းဝန်ခံလိုက်ရင် ငါတို့ မင်းပန်းချီကားကို မကြည့်တော့ဘူး။”
ထန်ရှု ခေါင်းကို ယမ်းကာ ပြုံးလိုက်ရင်း
“ကျူးရှန်… မင်းရဲ့ယုံကြည်ချက်တွေ ဘယ်ကရောက်လာတာလဲဆိုတာ ငါ တကယ်ကို စဉ်းစားမရဘူး။ မင်း အမှန်တရားရဲ့အခြေခံစည်းမျဥ်းကိုရော သင်ဖူးရဲ့လား။”
ကျူးရှန်က သူ၏မျက်ခုံးအစုံအား ပင့်တင်လိုက်ကာ ခနဲ့သံဖြင့်
“ဘာအမှန်တရားရဲ့စည်းမျဥ်းမို့လဲ။”
“အမြင့်မှာ မင်း ပိုရပ်လေလေ မင်းလဲကျတဲ့အခါ ပိုအထိနာလာလေဆိုတာပဲ။ မင်းက အခု ကြိုတင်အောင်မြင်မှုပြပြီး ဆူညံနေတာပဲကွ။ တကယ်လို့ မင်းသာ ရှုံးသွားရင် မင်းမျက်နှာ ဘယ်နားသွားထားမလဲ။”
ကျူးရှန်က အမြင်ကတ်စရာကောင်းလောက်အောင် တုံ့ပြန်လိုက်သည်။
“ဟမ့်… မင်းလောက်ကများ ငါ့ကို ရှုံးနိမ့်အောင် လုပ်ချင်တာလား။”
ထန်ရှု နောက်ကို ပြန်ဆုတ်ကာ ပိုင်ယုဘက်လှည့်ပြီး ဖိတ်ခေါ်သည့်အမူအရာ ပြလိုက်သည်။
ပိုင်ယုသည် ထန်ရှု၏စားပွဲဆီသို့ လျှောက်လာကာ ပန်းချီကားချပ်အား ဖုံးကွယ်ထားသော စာရွက်ဖြူအား ညင်သာစွာ မလိုက်သည်။ သူမ၏အကြည့်များ ပန်းချီကားထက်သို့ ရောက်သောအခါတွင်မတော့ မျက်လုံးများ ဝိုင်းစက်သွားကာ လက်ကလေးများပင် တုန်ရီလာရသည်။ သူမ၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်ဟန်များ ဖြတ်ပြေးသွားပေသည်။
“ဒီ…ဒီပန်းချီကားက…”
ထိုခဏတွင် သူမ၏တုန်လှုပ်နေမှုအား မည်သူမျှ နားမလည်နိုင်ကြချေ။ သူမ၏အကြည့်များသည် ပန်းချီကားထက်တွင် စွဲမြဲနေတော့သည်။ ပိုင်ယု၏နှလုံးခုန်သံသည် တဒုတ်ဒုတ်နှင့် သာမန်ထက်ပင် ပိုမိုမြန်ဆန်နေခဲ့ချေပြီ။
သူမ၏အမူအရာအား မြင်သော အကဲဖြတ်၁၀ယောက်တွင် ပဟေဠိဖြစ်နေသောအမူအရာများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် စားပွဲဆီသို့ ရောက်လာကြရာ စားပွဲပေါ်မှ ပန်းချီကားအား မြင်သော် ပိုင်ယု၏မျက်နှာထက်မှ အမူအရာနှင့်တူညီစွာ ထိုသူတို့၏မျက်နှာထက်တွင်လည်း ဖြစ်ပေါ်လာကြကုန်သည်။
အသက်မရှိတော့သည့်အလား တိတ်ဆိတ်သွားကြသည်။ မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်မှာ ထိုခဏတွင် အပ်ကျသံကိုပင် ကြားနိုင်ရလောက်ပေမည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် အကဲဖြတ်၁၀ယောက်အဖွဲ့နှင့်ပိုင်ယုတို့အားလုံး မယုံကြည်နိုင်ဟန်များဖြင့် တုန်ရီနေကြသည်။
“ဘာတွေဖြစ်နေကြတာလဲ။”
နောက်ဆုံးတွင် စင်မြင့်အပြင်ဘက်တွင် စောင့်ဆိုင်းကြည့်ရှုနေသော သက်လတ်ပိုင်းလူတစ်ယောက်မှ အသံကျယ်လောင်စွာဖြင့် မေးလိုက်သည်။
တစ်ကိုယ်လုံး တုန်ရီနေကြသော အကဲဖြတ်၁၀ယောက်အဖွဲ့နှင့် ပိုင်ယုသည် မိန်းမောနေရာမှ တစ်စက္ကန့်အတွင်းတွင် ပြန်လည်အသိဝင်လာကြသည်။ ထို၁၁ယောက်သည် တိုင်ပင်ထားသည့်အလား မေးလိုက်သော သက်လတ်ပိုင်းလူအား ဒေါသတကြီး စိုက်ကြည့်ကြလေသည်။
ထိုသက်လတ်ပိုင်းလူမှာ စိတ်ရှုပ်ထွေးသွားပြီး သူ၏လက်အား မြှောက်ကာ ခေါင်းကို ကုတ်လိုက်မိသည်။ အကဲဖြတ်၁၀ယောက်နှင့်ပိုင်ယုအား သူ မည်သို့အပြစ်ပြုမိသည်ကို စဉ်းစားမရဖြစ်နေတော့သည်။ မည်သည့်အတွက်ကြောင့် ထိုသူများသည် သူ့အား စိတ်ဆိုးသည့်အမူအရာဖြင့် ကြည့်ကြပါသနည်း။
ပိုင်ယုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထန်ရှုအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်မိပြီးနောက်
“တကယ့်ကို မမျှော်လင့်ထားခဲ့မိဘူး။ ငါ့အိပ်မက်ထဲမှာတောင် ဒီလိုရှူမျှော်ခင်းပန်းချီကားကို မြင်ရလိမ့်မယ်လို့ တွေးမကြည့်မိပါဘူး။ ဒီကနေ ငါရလိုက်တာ တုန်လှုပ်မှုမဟုတ်ဘူး… ထိတ်လန့်မှုတစ်ခုဆိုတာ ငါ ပြောရဲတယ်။ နင့်ပန်းချီကားကြောင့် ငါ တကယ်ကို တုန်ရီသွားခဲ့မိပါတယ်။”
အကဲဖြတ်အဖွဲ့ထဲမှတစ်ယောက်ကလည်း ခါးသီးသော အမူအရာဖြင့်
“ငါလည်း ကြောက်လန့်သွားတယ်။ ဒီလိုရှူမျှော်ခင်း ပန်းချီကားကို ဒီကမ္ဘာ ပေါ်မှာ ဆွဲနိုင်တဲ့သူ ရှိလိမ့်မယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။”
ကျူးရှန်သည် အကဲဖြတ်၁၀ယောက်နှင့်ပိုင်ယုတို့၏တုံ့ပြန်မှုများအား ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။ အဆုံးသတ်တွင် ထန်ရှု၏ပန်းချီကား ကောင်းသလား ဆိုးသလားဆိုတာကိုပင် သူ မကြားမိတော့ချေ။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက်
“မန်နေဂျာပိုင်နဲ့အကဲဖြတ်၁၀ယောက်ခင်ဗျား…ဒီချာတိတ်ရဲ့ပန်းချီကားက ကြည့်ရတာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေတာလား။ ဒီလိုဆိုမှတော့ သူ့ဘာသာ အရှက်ကွဲသွားအောင် ခပ်ကျယ်ကျယ်လေး ကြေညာလိုက်ပါလား။”
“ပါးစပ် ပိတ်ထား။” အကဲဖြတ်တစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဟမ်…” ကျူးရှန်၏မျက်နှာသည် အေးခဲသွားသည်။ မကောင်းသော ခံစားချက်တစ်ခုသည် သူ၏စိတ်နှလုံးအတွင်းတွင် လျင်မြန်စွာ မြင့်တက်လာခဲ့ပေပြီ။
ပိုင်ယုသည် ထန်ရှုအား နက်ရှိုင်းစွာ ကြည့်လိုက်ပြီး
“မစ္စတာထန်… ရှင့်ရဲ့ပန်းချီကားကို လူတိုင်းကြည့်နိုင်ဖို့ ကျွန်မ ပြလို့ရမလား။”
“ကျေးဇူးပြုပြီး… အလုပ်ရှုပ်မိစေပါပြီ။” ထန်ရှု ခေါင်းညိတ်ကာ ဖြေလိုက်သည်။
ပိုင်ယု ခေါင်းညိတ်လိုက်ပြီး ထန်ရှု၏ပန်းချီကားအား ဂရုတစိုက် ကောက်ယူလိုက်ကာ တစ်လှမ်းချင်း လျှောက်သွားတော့သည်။ သူမသည် ဖြည်းညှင်းစွာ လျှောက်ရုံသာမက ခြေလှမ်း ၂လှမ်းတိုင်းအတွက် မိနစ်ဝက်စီ ရပ်တန့်သေးသည်။ လှည့်လည်ပြသမှုပြီးဆုံးရန် သူမအတွက် ခုနှစ်မိနစ်မှ ရှစ်မိနစ်အထိ အချိန်ယူလိုက်ရလေသည်။
ထန်ရှု ရေးဆွဲထားသော ရှူမျှော်ခင်းပန်းချီကားအား ကြည့်ပြီးသူတိုင်းသည် အလွန်အမင်း တိတ်ဆိတ်သွားပေသည်။ သူတို့သည် ကျူးရှန်အား စိတ်ရှုပ်ထွေးသော အမူအရာဖြင့်ပင် ကြည့်မိလိုက်ကြသည်။
ပါမောက္ခဟူ၊ လီပိုင်ယုနှင့် မြို့တော်ကြီး၏နံပါတ်တစ်အလှပိုင်ရှင်လေး မုဝမ်ရင်တို့သည်လည်း ဆိုဖွယ်ရာမရှိပါချေ။
ပိုင်ယုသည် ပန်းချီကားအား ထန်ရှု၏အရှေ့မှစားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။ တစ်ခဏမျှ စဉ်းစားရခက်နေပြီးမှ သူမက
“မစ္စတာထန်… ဒီပန်းချီကားကို ရောင်းချလိုစိတ်များ ရှိမလား။ ကျေးဇူးပြုပြီး နင် ဈေးဖွင့်လိုက်ပါလား။ ငါ တတ်နိုင်သရွေ့ နင့်ကို စိတ်မပျက်စေရပါဘူး။”
ထန်ရှုသည် ခေါင်းယမ်းပြလိုက်ပြီး မုဝမ်ရင်အား ကြည့်ကာ
“သူက ကျွန်တော့်ကို ယုံကြည်ပြီး ဒီပြိုင်ပွဲအတွက် ဝမ်ကျီရှီရဲ့လက်ရာကို လောင်းကြေးအနေနဲ့ ပေးခဲ့တော့ ပြိုင်ပွဲပြီးရင် ဒီပန်းချီကားကို သူ့ကို ပေးမှာပါ။ တကယ်တမ်းကျတော့ ဒီလိုပန်းချီကားမျိုး ရေးဆွဲရတာ ကျွန်တော့်အတွက် အရမ်းလွယ်ပါတယ်။ ကျွန်တော်သာ ဆန္ဒ ရှိရင် ထောင်ပေါင်းများစွာ ရေးဆွဲနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က အရမ်းပျင်းပြီး ထိုင်းမှိုင်းနေတာကများတော့ ဒီအချိန်တင်မကဘူး နောင်ကာလမှာပါ ကျွန်တော့်ပန်းချီကားတွေက အရမ်းနည်းပြီး ရှားနေမှာ။”
မုဝမ်ရင် ကြက်သေ သေသွားပြီး
“ရှင်…ရှင်…ရှင်က ဒီပန်းချီကားကို ကျွန်မကို ပေးချင်တာလား။ ဟင့်..ဟင့်အင်း…ဒါ..ဒါ အရမ်းကို အဖိုးတန်လွန်းပါတယ်။”
ထန်ရှုက တည်ငြိမ်အေးဆေးသော အမူအရာဖြင့်
“ပန်းချီဆွဲတယ်ဆိုတာ ပန်းချီစုတ်တံမှာ ခံစားချက်ကို ထည့်သွင်းပြီး အဲ့ဒါကို တင့်တယ်လှပစွာ ဖော်ပြဖို့ ပန်းချီဆေးတွေနဲ့ကစားခြင်းပါပဲ။ ဒါက ဒီပညာရပ်တွေနဲ့ပတ်သက်တဲ့ ကျွန်တော်နားလည်ထားတဲ့ အချက်ပဲ။ ဒါကြောင့်မို့ ပန်းချီရေးဆွဲတာဆိုတာက ဥပမာပေးရင် ဘဝရဲ့ဟင်းခတ်အမွှေးအကြိုင်သာသာပဲ။ အဲ့ဒါကို စွဲလန်းတဲ့စိတ်လျှော့ပါ… ဘဝရဲ့အဓိကလမ်းကြောင်း အဖြစ်မခံပါနဲ့။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားရဲ့ကျန်တဲ့ဘဝအစိတ်အပိုင်းမှာ အလွန်ရိုးရှင်းပြီး ငြီးငွေ့စရာ ကောင်းသွားလိမ့်မယ်။ ယူလိုက်ပါဗျ။ ဒီထန်က ပေးပြီးသားအရာတွေကို ပြန်မယူတတ်ပါဘူးဗျာ။”
မုဝမ်ရင်၏မျက်ဝန်းများဆီမှ တောက်ပသော အလင်းရောင်တစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထန်ရှု၏မှတ်ချက်စကားသည် သူမ၏နှလုံးသားအား ဖော်ပြမတတ်လောက်အောင်ပင် လှုပ်ခါသွားစေခဲ့သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် ခေါင်းကို ညိတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
ထန်ရှု၏ပန်းချီကားကို မမြင်ရသေးသော ဘေးတွင် မတ်တတ်ရပ်နေသည့် ကျူးရှန်သည် ထိုအခိုက်အတန့်တွင် မကောင်းသော ခံစားချက်တို့ ရှိနေပြီး ဒေါသပိုမိုထွက်လာခဲ့သည်။ သူ့အား လျစ်လျူရှုထားသော မုဝမ်ရင်နှင့် ထန်ရှုတို့အား ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
သူသည် ဒေါသပေါက်ကွဲစွာဖြင့် ရုတ်တရက် အော်ပြောလိုက်သည်။
“ဘယ်သူက ရှုံးနိမ့်တယ် နိုင်တယ်တောင် မဆုံးဖြတ်ရသေးတာကို သောက်ကျိုးနည်း မင်းက ဘာတွေ ဆူညံနေတာလဲ။ မင်း ဘယ်လိုအမှိုက်တွေ ရေးဆွဲထားလဲဆိုတာ ငါ ကြည့်စမ်းမယ်။”
ပြောပြီးသည်နှင့် ကျူးရှန်သည် ထန်ရှုအရှေ့မှ စားပွဲဆီသို့ လျှောက်လာပြီး သူရေးဆွဲထားသော ပန်းချီကားအား ကြည့်လိုက်သည်။
“ဒီဟာက…” ပန်းချီကားကို မြင်လိုက်သည့်ခဏတွင် သူ၏နှလုံးသားသည် အေးစက်သွားရသည်။ အေးစက်မှုသည် ပြင်ပကလာသည်မဟုတ်ဘဲ သူ၏အနက်ရှိုင်းဆုံး အတွင်းစိတ်ဝိညာဉ်ဆီမှ လာခြင်းဖြစ်တော့သည်။
ဒါ…ဒါ ပန်းချီကားကောင်းတစ်ချပ်ပဲ။ ပြီးပြည့်စုံပြီး အံ့မခန်းလောက်စရာ။
သူသည် ထောင်ပေါင်းများစွာသော ပန်းချီကားများအား မြင်ဖူးပါသော်လည်း ပိုမိုကောင်းမွန်သည့် ပန်းချီကားအား တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
မြင့်မားသော တောင်ထိပ်ပေါ်တွင် အဆုံးမရှိ ဖြန့်ကျက်ထားသော နဂါးကြီးတစ်ကောင်သည် ခမ်းနားထည်ဝါသော နန်းတော်နှင့်အတူ ရှိနေသည်။ ထိုနန်းတော်အား တိမ်များ၊ မြူခိုးများဖြင့် မပီဝိုးတဝါး အလှဆင်ထားပြီး ကောင်းကင်ပြာထဲရှိ အဖြူရောင်တိမ်တိုက်များအောက်တွင် ကခုန်နေသော ကြိုးကြာများနှင့် အဖြူရောင်အဆင်းရှိသော ငှက်များသည် ဘဝင်မငြီးလောက်စရာ တေးဆိုလျက် ခုန်ပေါက်လျက် ရှိနေကြသည်။
မုန်တိုင်းထန်နေသော မြစ်ကြောင်းတစ်လျှောက် သစ်ရွက်လှေတစ်စီးသည် ရေစုန်အတိုင်း ရွေ့လျားနေပြီး ထိုလှေထက်တွင် ချောမောခန့်ညားလှသော လူရွယ်တစ်ယောက်သည် စာအုပ်တစ်အုပ်အား တိတ်ဆိတ်စွာ ဖတ်လျက်ရှိနေပေသည်။
***