ပြင်းထန်သော တိုက်ချက်များ
Vol. 05 Ch. 225
မြစ်၏အဆုံးသည် အဆုံးမဲ့သမုဒ္ဒရာနှင့် ချိတ်ဆက်မနေသော်လည်း အဆုံးသတ်တွင် ရှေးဆန်ကာ သေသပ်လှပေသောတဲအိမ်တစ်လုံးပါရှိသည့် ကြည်လင်တောက်ပသော ရေကန်တစ်ကန် ရှိနေပေသည်။ ကြာပန်းတစ်ပွင့်အနီးနားတွင် ဖိနပ်မစီးထားသော မိန်းကလေးတစ်ယောက်သည် သူမ၏ခြေထောက်လေးများအား ရေကန်ထဲသို့ ချကာ စွတ်စိုနေစေသည်။
ပိုမိုနီးကပ်စွာ ကြည့်ရင်း ကျူးရှန်သည် သူ့ကိုယ်သူအား ကောင်းကင်ဘုံလောကမှ ပန်းချီကားထဲတွင် တွေ့လိုက်ရသည့်နှယ်ဖြစ်သည်။ သူသည် ထိုပန်းချီကားအား မကြည့်လျှင်ပင် သူ၏မျက်ဝန်းထဲတွင် သည်လောကအား မြင်နေရသည်။ သူသည် ထိုနေရာ၏တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့သည်။ သူ့အား ထိုနေရာသို့ လာရန် ဆင့်ခေါ်လိုက်သည့်နှယ်ဖြစ်သည်။
ထိုကဲ့သို့ ခံစားမှုသည် အခိုက်အတန့်ခဏလေးတွင် သူ့အား အတွေ့အကြုံ ရနေစေသည်။
ကြာပန်းစံအိမ်၏ပထမထပ်ရှိ စောင့်ကြည့်နေသူများသည် ကျေနပ်နှစ်သိမ့်မှုထဲရောက်နေသော ကျူးရှန်အား ကြည့်မိကြသည်။ သူတို့သည် အရှက်မရှိသောသူများစွာအား မြင်ဖူးပါသော်လည်း သူ့လောက် မျက်နှာပြောင်တိုက်သောသူအား တစ်ခါမျှ မမြင်ဖူးကြချေ။
ပန်းချီကား၂ချပ်တွင် မည်သည်က ပိုကောင်းပြီး မည်သည်က ပိုညံ့ပါသနည်း။
ဦးနှောက်နှင့်ပင် စဉ်းစားစရာမလိုဘဲ ခြေထောက်ဖြင့် စဉ်းစားလျှင်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ကျူးရှန်၏ပန်းချီကားမှာ ကောင်းမွန်ပါသော်လည်း ထန်ရှု၏ပန်းချီကားနှင့် နှိုင်းယှဉ်ပါက နေ့နှင့်ညသဖွယ် ကွာခြားကာ နှိုင်းယှဉ်ရန်ပင် မလိုချေ။
“ဟေး… မျိုးရိုးအမည် ကျူးဆိုသောလူ မင်းထက်ပိုတော်တဲ့ လူတစ်ယောက်ရှိနေတတ်တယ်ဆိုတာ သေချာပေါက် သင်ယူပြီးသွားပြီလား ဟမ်။ ငါသာ မင်းနေရာမှာဆိုရင် ဘောင်းဘီကို အမြန်ချွတ်ပြီး ခေါင်းကို အုပ်လို့ ဒီနေရာကနေ အမြန်ပြေးထွက်သွားမှာ ကိုယ့်လူရေ။ ကိုယ့်ကိုယ်ကိုယ်တော့ ထပ်ပြီး အရှက်ကွဲမခံဘူး။” လူအုပ်ကြားမှ သရော်သံ လှောင်ပြောင်သံများသည် ရယ်သံများနှင့်အတူ ချက်ချင်း ပေါ်ထွက်လာကြသည်။
အခြားတစ်ယောက်မှလည်း စက်ဆုပ်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး ရင့်သီးသောအသံဖြင့်
“မျိုးရိုးအမည် ကျူး… မင်း ရှုံးပြီ ဟေ့ကောင်။ မင်းကတိအတိုင်း လောင်းထားတဲ့ ပန်းချီကားကို ပေးလိုက်တော့။ ရလဒ်က ထွက်နေပြီမင့်ဟာ။ မင်းက ကတိမတည်တဲ့ မျိုးမစစ်တစ်ယောက်တော့ မဖြစ်ဘူးမလား။”
“မှန်တာပေါ့။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ… မင်းက ထျန်းကျင်းမြို့က ကျူးမိသားစုရဲ့ ဒုတိယသခင်လေးပဲကွာ။ ကျက်သရေ မရှိ စကားမတည်တဲ့ အရှုံးသမားတစ်ယောက် မဖြစ်ချင်စမ်းပါနဲ့။ မင်းမိသားစုရဲ့ သိက္ခာကို မကျစေချင်ဘူးမဟုတ်လား။”
ကြည့်ရှူသူများကြားထဲတွင် ပါမောက္ခဟူ၏ နှုတ်ခမ်းသည် အကြိမ်များစွာ ဆွဲဆိတ်ခံနေရပေသည်။ သည်တစ်ခေါက်တွင်သာ သူသည် အံ့သြတုန်လှုပ်မှုမှ တည်ငြိမ်သွားနိုင်ခဲ့သည်။ ထန်ရှုအား ကြည့်နေသော သူ၏အကြည့်သည် ယခင်နှင့်မတူဘဲ လုံးဝကို ခြားနားနေပြီဖြစ်သည်။ ထန်ရှုအား လျှော့တွက်မိသည့်အတွက် သူ့ကိုယ်သူပင် အပြစ်တင်စပြုလာပြီဖြစ်သည်။ သူသည်လည်း ပန်းချီဆရာတစ်ယောက် ဖြစ်သော်ငြား စာအုပ်အဖုံးကို ကြည့်ကာ အကဲခတ်ဖြတ်မိသကဲ့သို့ ထန်ရှု၏အသက်အရွယ်ကို ကြည့်ကာ အထင်သေးခဲ့မိပေသည်။
“ဒီနေ့ဟာ ငါ့ဘဝမှာ ဒီလိုအမှားမျိုး လုပ်ခဲ့မိတဲ့ ပထမဆုံးအကြိမ်ပဲ။” ပါမောက္ခဟူ မချိပြုံး ပြုံးကာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်း ရှိုက်လိုက်မိတော့သည်။
ထို့နောက် သူသည် လီပိုင်ယီမှ မည်သည့်စကားပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း သတိရမိသဖြင့် သူ့အတွက် သနားစိတ်ဝင်လာမိသည်။
ဆောင်းဦးဒီရေဓာတ်ပေါင်းနှင့် ကြယ်အပိုင်းအစကျောက်တုံးများ!
သို့သော်လည်း လီပိုင်ယီထံတွင် ရှိသော ကျောက်တုံးအရေအတွက်သည် သူ့ထက်များသည်ကို သူ ကောင်းစွာ သိနေသောကြောင့် ထိုကျောက်တုံးများသည် သူရောင်းချလိုက်သော ဈေးနှုန်း၏၂ဆခန့် တန်ဖိုးထိုက်တန်ပေသည်။
လီပိုင်ယီသည် အသိပြန်ဝင်လာပြီဖြစ်သည်။ မမြင်ရသော လက်နှစ်ဖက်မှ သူ၏လည်ပင်းအား ဆုပ်ကိုင်ထားသကဲ့သို့ သူ၏မျက်နှာသည် နီရဲနေပြီး အတန်ကြာသည်အထိ စကားမပြောနိုင်ဘဲရှိလေတော့သည်။
သူသည် ရေတွင်းအောက်ခြေမှ ကောင်းကင်ကို မော့ကြည့်သော ဖားတစ်ကောင်အလားပင် ဖြစ်သည်။ အခံရခက်စွာ ခါးသီးလှပြီး အန်ထုတ်လိုက်ချင်မိပေသည်။
မုဝမ်ရင်၏မျက်နှာလှလှလေးထက်တွင် သိလိုစိတ်များအား အထင်းသား တွေ့မြင်နိုင်သည်။ ရှေးဦးစွာ ပါမောက္ခဟူက သည်လူငယ်၏ပုံရိပ်သည် လျှို့ဝှက်ဆန်းကြယ်သည်ဟု ပြောခဲ့ရာ ယခုတော့ သူမ ယုံကြည်မိပြီဖြစ်သည်။ ယခင်က သူမသည် ထန်ရှုအား သေချာစွာ မြင်နိုင်သည်ဟု တွေးထင်ခဲ့မိရာ ဘယ်လောက် ရယ်စရာကောင်းလိုက်ပါသနည်း။
သို့သော် သူမ စိတ်လှုပ်ရှားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထန်ရှုက သူသည် ပန်းချီရေးဆွဲသည်မှာ အလွန်နည်းကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပေရာ သည်ပန်းချီကားသည် အနာဂတ်တွင် သေချာပေါက် တန်ဖိုးမဖြတ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။
နောက်ဆုံးတွင် ကျူးရှန်သည် လူတိုင်း၏လှောင်ပြောင်သံများအောက်တွင် နစ်မြှုပ်သွားခဲ့သည်။ သူသည် ဟာတာတာဖြစ်နေသော အမူအရာဖြင့် ဘေးပတ်လည်အား ကြည့်နေရင်းမှ သူ၏မျက်နှာသည် နီရာဖြူ၊ ဖြူရာမှ စိမ်း၊ စိမ်းရာမှ ခရမ်း၊ နောက်ဆုံးတွင် ဖယောင်းစက္ကူတစ်ရွက်ကဲ့သို့ ဖြူလျော်သွားလေတော့သည်။
သူ ရှုံးခဲ့ပြီ! သူ လက်မခံချင်သော်လည်း အမှန်တရားသည် သူ၏ရှေ့မှောက်တွင် ရှိနေရာ ဝန်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိပါချေ။
ရုတ်တရက် ကျူးရှန်သည် ထန်ရှုအား သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး လေသံတင်းတင်းဖြင့် အော်ဟစ်လိုက်သည်။
“မင်းရဲ့အစစ်အမှန်က ဘယ်သူလဲ။”
ထန်ရှုက မျက်နှာသေဖြင့် တုံ့ပြန်လိုက်သည်။
“ကျွန်တော်လား… သာမန်လူတစ်ယောက်ပါပဲ။ တက္ကသိုလ်ဝင်ခွင့်ကို အောင်မြင်ပြီးခါစ ကျောင်းသားလေးတစ်ယောက်လို့ ဆိုရမှာပေါ့ဗျာ။ ခင်ဗျား ကျွန်တော့်အကြောင်းကို ဂရုစိုက်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော်က ပန်းချီလောကထဲမှာ နာမည်မကြီးချင်သလို နာမည်ကြီးတစ်ယောက်ဖြစ်လည်း မဖြစ်ချင်ဘူး။ ကျော်ကြားမှုဆိုတာ ပြသနာတွေပဲ သယ်ဆောင်လာတတ်တာ အဲ့ဒီကနေ အကျိုးကျေးဇူး ဘာမှ မရဘူး။”
ထန်ရှု၏စကားများအား ကြားလိုက်ရသော ကျူးရှန်မှာ နင်သွားသလိုဖြစ်ကာ အချိန်အတန်ကြာသည့်တိုင်အောင် မည်သည့်စကားကိုမျှ မဆိုနိုင်ခဲ့ပေ။ တက္ကသိုလ်ဝင်ခွင့်ကို အောင်မြင်ပြီးခါစ ကျောင်းသားလေးတစ်ယောက်၏ လက်ထဲတွင် သူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူသိသည်မှာ ထန်ရှုပြောခဲ့သော မှတ်ချက်စကားကိုပင်။ အမြင့်မှာ ရပ်လေလေ လဲကျရင် အထိနာလေလေ ဖြစ်သည်။ သူသည် အင်မတန် စိတ်ကြီးဝင်ခဲ့သည် အင်မတန် ဘဝင်မြင့်ခဲ့သည် လောကတွင် သူနှင့် ယှဉ်နိုင်မည့်သူမရှိဟု တွေးထင်ခဲ့သည်။ သို့သော် လက်တွေ့တွင် သူသည် သူ့ကိုယ်သူ အရှက်ခွဲမိခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
ပိုင်ယုက ကျူးရှန်အား ကြည့်ကာ ခနဲ့လိုက်သည်။
“ငါ့မှတ်ဉာဏ် မပျက်သေးဘူးဆိုရင်တော့ ရှင်က နာမည်ကျော်ပန်းချီဆရာ လီစစ်ရွှမ်ရဲ့ ရွက်လွှင့်လှေများနဲ့ ပွဲကြည့်စင်မြင့်များ ပန်းချီကားကို မစ္စတာထန်ကို ပေးမယ်လို့ အရင်က ပြောထားတယ်။ ရှင်က ဒေသခံဖြစ်နေတော့ အိမ်ကနေသွားယူပြီး ဒီကို သယ်လာဖို့ဆိုတာ အချိန်မကြာဘူးမဟုတ်လား။”
ကျူးရှန် သူမအား ရဲရဲနီနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ထန်ရှုအား မုန်းတီးသောစိတ်ဖြင့် ကြည့်ကာ
“လောင်းလိုတဲ့စိတ် ရှိတယ်ဆိုကတည်းက ငါက ရှုံးရဲတယ်လို့ ဆိုလိုတာပဲ။ အခု ငါ သွားပြီး ယူခဲ့မယ်။”
ပြောပြီးသည်နှင့် များပြားလှစွာသော အထင်အမြင်သေးသည့်အကြည့်များအောက်မှ သူသည် ကြာပန်းစံအိမ်အပြင်ဘက်သို့ အရှက်သည်းသော မျက်နှာဖြင့် ပြေးထွက်သွားတော့သည်။
သည်တစ်ကြိမ်တွင် လူအုပ်ထဲမှ သက်လတ်ပိုင်းလူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဆိုတော့… ဒီနေ့ ကျူးမျိုးရိုးက ဆိုးဆိုးရွားရွား ရှုံးခဲ့တယ်။ သူ့မှာ ပြန်လာဖို့ အရှက်ရှိပါဦးမလား။ ငါ ပြောရဲတယ် သူ ပန်းချီကားကို ပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိမ့်မယ်။”
“ဟား..ဟား..ဟား..” လူအုပ်ကြီးမှ ချက်ချင်းပင် ရယ်မောသံများ ထွက်ပေါ်လာသည်။
ပိုင်ယုသည် ယခုအချိန်တွင် အလွန်စိတ်လက်ကြည်သာနေသည်။ ကျူးရှန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် စိတ်အနှောင့်အယှက်များအား သူမ၏စိတ်နှလုံးအတွင်းမှ မောင်းထုတ်နိုင်ခဲ့ရုံသာမက ပြိုင်ဖက်ကင်း ထူးခြားသည့် ပန်းချီကားတစ်ချပ်ကိုလည်း မြင်ခဲ့ရပြီဖြစ်သည်။ အနာဂတ်တွင် သည်ပန်းချီကားသည်သာ ပြင်ပလောကတွင် လူသိများလာသည်နှင့်ချက်ချင်း သူမ၏ကြာပန်းစံအိမ်ဂုဏ်သတင်းသည်လည်း မြင့်တက်လာလိမ့်မည်ဖြစ်ပေသည်။
အနာဂတ်၌ ကြာပန်းစံအိမ်ထဲတွင် ဖြစ်ပေါ်လာမည့် ခမ်းနားသည့်မြင်ကွင်းအား သူမ ရှင်းလင်းစွာ မြင်နိုင်ခဲ့ပေသည်။
“မစ္စတာထန်… ပန်းချီကားကောင်းတစ်ချပ်ကို မြင်တွေ့ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ ရှင့်ရဲ့ကုန်ကျစရိတ်ကို ကျွန်မရှင်းပါမယ်။ နောက်ပြီး အခုချိန်ကစပြီး ရှင့်ရဲ့ကုန်ကျစရိတ်အားလုံးက ကြာပန်းစံအိမ်မှာ အခမဲ့ဖြစ်လိမ့်မယ်လို့ ကျွန်မ အာမခံပါတယ်။” ပိုင်ယုက ပွင့်လင်းစွာ ပြောလိုက်သည်။
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“သည်လိုဆိုမှတော့ ကျွန်တော် ခင်ဗျားအတွက် စာလုံးအနည်းငယ် ရေးပေးပါမယ်။ ကျေးဇူးပြုပြီး အဲ့ဒါကို ကောင်းကောင်း အသိအမှတ်ပြုပေးပါဦး။”
တစ်စုံတစ်ယောက်က ကျွနု်ပ်အား မက်မွန်သီးတစ်လုံး ပေးသည့်အခါ ကျွန်ုပ်က သူ့အား ဇီးချိုသီးတစ်လုံး ပေးမည်ဖြစ်သည်။ ပိုင်ယုက သူ့အား ကောင်းမွန်စွာ ဆက်ဆံသောကြောင့် ထန်ရှုက သူလည်း အလဲအလှယ်အဖြစ် တစ်ခုပေးသင့်သည်ဟု ခံစားမိသည်။ သူသည် အပြန်အလှန်အားဖြင့် ပန်းချီကားတစ်ချပ်အား ပေးရမည်ထက် လက်ရေးလှစာ အနည်းငယ်အား ရေးပေးလိုပေသည်။
ထိုစကားကို ကြားသော် ပိုင်ယုခမျာ ရုတ်တရက်အားဖြင့် ထိတ်လန့်အံ့သြသွားပြီးမှ အလွန်အမင်း ကျေနပ်ဝမ်းသာစွာဖြင့် ကျေးဇူးတင်စကားအား ထပ်ခါထပ်ခါ ပြောကြားတော့သည်။
“အရမ်းကောင်းတယ်… ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာထန်။”
ထန်ရှုသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ကြည့်ရှုနေသူများ၏ စောင့်ကြည့်နေသော မျက်လုံးများရှေ့မှောက်တွင်ပင် သူသည် စုတ်တံတစ်ချောင်းအား ကောက်ယူလိုက်ကာ ထင်းလင်းသည့် လက်ရေးဆက်၆လုံးအား ရေးလိုက်သည်။
ကြာပန်းစံအိမ်၏တင့်တယ်လှပပန်းချီကားများ
ရေးထားသော စာလုံးတိုင်းသည် ကြံ့ခိုင်ပြီး စွမ်းအားကြီးသည့်ဟန်ရှိကာ ဘုရင်တစ်ပါး၏ကျက်သရေရှိတင့်တယ် ခန့်ညားမှုနှင့်နှစ်လိုဖွယ်ကောင်းမှုတို့အား ပေးစွမ်းသည့်အပြင် ဘဝ၏ပျော်ရွှင်မှုကိုပါ ခံစားရရှိစေသည်။
ကျက်သရေရှိတင့်တယ်လှပမှုဟူသော စာလုံးတွင် ဘုရင်တစ်ပါး၏နှစ်လိုဖွယ်ကောင်းမှုအကြောင်းကိုပါ သယ်ဆောင်လာပေသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ဇွဲလုံံ့လကြီးမှုတို့နှင့်အတူ နူးညံ့သိမ်မွေ့ကာ ကြင်နာသနားတတ်မှုဆိုသည်ပါ တွဲဖက်ပါဝင်နေပေသည်။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စာလုံးတွေလဲ!”
ထူးချွန်သော ပန်းချီဆရာလည်းဖြစ်သည့်အပြင် လက်ရေးလှစာပန်းချီရေးသူတစ်ယောက်ဖြစ်သော အဖိုးအိုတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်မိသည်။ လက်ရေးလှစာပန်းချီအား မြင်သောခဏ၌ ပိုင်ယုမှာ ချက်ချင်းပင် သဘောကျနှစ်သက်သွားတော့သည်။ ပန်းချီကားများနှင့် လက်ရေးလှစာပန်းချီထဲတွင် နှစ်မြှုပ်ထားသော သူမအနေဖြင့် လက်ရာများ၏အရည်အသွေးအား ကောင်းမွန်စွာ ခွဲခြားနိုင်ပေသည်။ သူမသည် ကျွမ်းကျင်သူတစ်ယောက်ဟု မဆိုနိုင်သည့်တိုင် သည်ရေးထားသော စာလုံး၆လုံးသည် ထိပ်တန်းအဆင့်ဆိုသည်ကို သူမ မြင်နိုင်ပေသည်။
“တစ်…မီ… မဟုတ်ဘူး။ ငါး… ငါးမီလီယံနဲ့ အဲ့ဒီလက်ရေးလှစာလုံးစာလိပ်ကို ငါဝယ်မယ်။”
အစောပိုင်း အော်လိုက်သော အဖိုးအိုသည် ပိုင်ယုအား မျက်စိမှိတ်ပြကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ပိုင်ယု၏နှလုံးခုန်သံ မြန်သွားကာ အလျင်အမြန်ပင် သူမ၏ခေါင်းအား ယမ်းလိုက်ပြီး
“မရောင်းပါဘူး။ ၅မီလီယံကို အသာထားဦး ၅၀မီလီယံ ပေးရင်တောင်မှ ကျွန်မ မရောင်းနိုင်ပါဘူး။”
အဖိုးအို၏မျက်နှာထက်တွင် စိတ်ပျက်သွားသောဟန် အထင်းသား ပေါ်လွင်လာပြီး ထန်ရှုဘက်လှည့်ကာ မျှော်လင့်သောအကြည့်ဖြင့်
“ညီငယ်လေး… ငါ့ကိုရော စာလုံးနည်းနည်း ရေးပေးလို့ရမလား။ ငါ မင်းဆီက ဝယ်ပါမယ်ကွာ။”
“ခင်ဗျား သေချာလား။” ခံစားချက်ဖြင့် ထန်ရှု မေးလိုက်သည်။
အဖိုးအိုက အသည်းအသန် ခေါင်းညိတ်ပြကာ
“ငါ သေချာတာပေါ့။”
ထန်ရှု ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အသံကျယ်လောင်စွာဖြင့်
“လက်ရေးလှစာပန်းချီ လိုချင်တဲ့သူတွေ ရှိသေးလား။ စာလိပ်တစ်ခုကို ၅မီလီယံနဲ့ ကျွန်တော် ၄ခုတော့ ရေးပေးနိုင်လိမ့်မယ်။”
“ကျွန်မ တစ်ခု ဝယ်မယ်။” မုဝမ်ရင် ခြေတစ်လှမ်း လှမ်းလိုက်ပြီး တွေဝေခြင်းမရှိစွာ ပြောလိုက်သည်။
ထန်ရှု အံ့အားသင့်စွာဖြင့် သူမအား စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ
“အခြားသူတွေ ရှိသေးလား။”
ပါမောက္ခဟူကလည်း သူ၏မျက်လုံးအစုံတို့ ကျဉ်းမြောင်းသွားသည့်တိုင် ပြုံးလိုက်ပြီး
“ဒီနေ့မှာ ကောင်းမွန်တဲ့အရာတစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေမှတော့ ငါလည်း တစ်ခု ဝယ်ရမှာပေါ့။”
ထိုခဏတွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမှ မတ်တတ်ရပ်ကာ အော်ပြောလိုက်သည်။
“ငါလည်း တစ်ခုဝယ်မယ်။”
ထန်ရှု ချက်ချင်း ပြောလိုက်သည်။
“ဟုတ်ပြီ။ လက်ရေးလှစာပန်းချီ၄ခုစလုံး အရောင်းထွက်သွားပါပြီ။ ဒီနောက်ပိုင်း ဘယ်သူကြီးပဲ ဖြစ်နေပါစေ ကျွန်တော် ထပ်ရေးတော့မှာ မဟုတ်ဘူး။”
ထိုသို့ ပြောပြီးသည်နှင့် သူက ချက်ချင်းပင် လက်ရေးလှစာပန်းချီတစ်ခုလျှင် စာလုံး၆လုံးစီ ရေးပေးရာ မကြာမီ ၄ခုစလုံး ရေးလို့ပြီးသွားခဲ့သည်။ ထန်ရှုသည် ထို၄ယောက်အား ကြည့်ပြီး သူ၏ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပေးရန်သာ ပြောလိုက်သည်။
ငွေကြေးသည် သူ့ဘာသာသူပင် ရောက်လာခဲ့ပြီဖြစ်သည်။
ထန်ရှုသည် ကျေနပ်နှစ်သိမ့်စွာ ခေါင်းညိတ်လိုက်ရင်း ချက်ချင်းပင် အတွေးတစ်ခု ဝင်လာသည်။ သူသာ အားလပ်ချိန်တွင် လက်ရေးလှပန်းချီနှင့် ပန်းချီကားများ ရာပေါင်းများစွာ ရေးဆွဲပြီး ရောင်းချမည်ဆိုပါက အားလုံးရောင်းထွက်သွားသည်နှင့် သူသည်လည်း ချက်ချင်း လူချမ်းသာတစ်ဦး ဖြစ်လာပေလိမ့်မည်။
သို့သော် ထိုဟာသည် အတွေးသက်သက်သာ ဖြစ်ချေသည်။ သူ နားလည်ထားသော အမှန်တရားတစ်ခုမှာ ပစ္စည်းတစ်ခုသည် ရှားပါးမှသာ ထိုအရာသည် အလွန်တန်ဖိုးရှိပေလိမ့်မည်။ သူသည် ရာပေါင်းများစွာ ရေးဆွဲခဲ့မည်ဆိုပါက သူ၏လက်ရာများသည် သူလိုငါလို သာမန်မျှသာ ဖြစ်သွားပေမည်။
ပိုင်ယုက ထန်ရှုအား ကြည့်ကာ အပြုံးဖြင့်
“မစ္စတာထန်… နင့်အခန်းကို ပြန်သွားတော့မလား။ ငါ အဲ့ဒီကို လူလွှတ်ပြီး ပန်းကန်တွေ ရှင်းလင်းခိုင်းရင်း လက်ဖက်ရည်နဲ့ အချိုပွဲ ပို့ထားတယ်။ ကျူးရှန် ပို့လာမယ့် ရွက်လွှင့်လှေများနဲ့ ပွဲကြည့်စင်များ ပန်းချီကားကို အဲ့ဒီအခန်းထဲမှာ နားရင်း စောင့်နေပါဦး။”
ထန်ရှုလည်း ပါမောက္ခဟူဘက်လှည့်ကြည့်လိုက်ရာ ထိုသူက အပြုံးဖြင့် “အဲ့ဒီအခန်းကို ပြန်ပြီး စကားပြောကြတာပေါ့။”
လီပိုင်ယီသည် ထိုအခိုက်အတန့်တွင် အတော် စိတ်ဓာတ်ကျနေခဲ့သည်။ ပါမောက္ခဟူက သူ့အား ခေါင်းညိတ်ပြနေသည်ကို မြင်ရသောအခါ ထန်ရှုအား သူ၏ကျောက်တုံးများ ပေးမည်ဟု မူလက ပြောချင်နေခဲ့သော်လည်း သူတို့အခန်းသို့ ပြန်ရတော့မည်ဖြစ်သောကြောင့် အခန်းထဲရောက်မှသာ ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် အမျိုးသမီးနှစ်ယောက်သည် ကြာပန်းစံအိမ်၏ဝင်ပေါက်မှ ဖြတ်ကာ လျှောက်လာနေသည်။ နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းအား ဝတ်ဆင်ထားပြီး နာမည်ကြီးအိတ်များ ကိုင်ဆောင်ထားသော ထိုအမျိုးသမီးနှစ်ဦးမှာ အသက်၃၀ ၀န်းကျင်ဖြစ်သော်လည်း ကျက်သရေရှိချောမောသည့်သူများဖြစ်ပေသည်။ ရုတ်တရက် ထိုအမျိုးသမီးနှစ်ဦးမှ တစ်ဦး၏အပြုံးသည် ကွယ်ပျောက်သွားကာ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။
“ထန်ရှုများလား…။”
ထန်ရှုဆိုသည့် ထိုသူသည် ဟောင်ကျဲမမေ့နိုင်သော လူတစ်ယောက်ဖြစ်သည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူမသည် ခပ်ကျယ်ကျယ်လှမ်းခေါ်လိုက်သည်။
အခြားသူများနှင့်အတူ အပေါ်ထပ်သို့ တက်ရန်စိုင်းပြင်းနေသော ထန်ရှုလည်း သူ၏နာမည်အား တစ်စုံတစ်ယောက်မှ ခေါ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အံ့သြသွားရသည်။ သူ လှည့်ကြည့်လိုက်ရာ ဟောင်ကျဲအား တွေ့လိုက်ရသဖြင့် နှုတ်ခမ်းများပင် မဲ့ရွဲ့သွားရသည်။ ရစရာရှိသည်ကို စောင့်ယူရန်သာ မရှိပါက သည်နေရာမှ သူ ချက်ချင်းပင် ထွက်ခွာသွားချင်မိတော့သည်။
အံ့အားသင့်နေသော ဟောင်ကျဲသည်လည်း အတော်ပင် ကျေနပ်သွားရသည်။ သူမ၏အဖော်အား ခေါ်ကာ ထန်ရှုထံသို့ အပြေးရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့်
“ထန်ရှု.. တကယ်ပဲ နင်ဖြစ်နေတာကိုး။ ကောင်းလိုက်တာ။ အစကတည်းက ကြယ်တာရာကို လာပြီး နင့်ကို ရှာဖို့ ငါ ရည်ရွယ်ထားတာ။”
ထန်ရှုက မချိပြုံး ပြုံးလိုက်ရင်း
“ကျေးဇူးပြုပြီး ခင်ဗျားက ကျွန်တော့်ကို ရှာနေတယ်လို့ ဘယ်တော့မှ မပြောပါနဲ့လားဗျာ။ ကျွန်တော် အကြောက်ဆုံးအရာက အဲ့ဒီစကားတွေအပေါ် လူတွေက နားလည်မှုလွဲမှာကိုပဲဗျ။”
ဟောင်ကျဲက ဝမ်းနည်းသွားသော အမူအရာကိုပြကာ ပြုံးလိုက်ပြီး
“နင်က ငါ့ယောကျာ်းပြီးရင် ဒီဟောင်ကျဲ အတွေးရဆုံး ဒုတိယလူပဲ။ ဘာပဲဖြစ်ဖြစ် ဒီဟာက တိုက်ဆိုင်မှုလို့ ငါတော့ မထင်ဘူး။ ဒီဟာက နင် ဘာလိုချင်တယ်ဆိုတာကို နင် တကယ်မသိတာလို့ပဲ ငါ ထင်တယ်။”
***