← Chapters

များပြားလှသော အရည်အချင်းများတွင် ကျွမ်းကျင်သူ

Vol. 05 Ch. 226

များပြားလှသော အရည်အချင်းများတွင် ကျွမ်းကျင်သူ

Vol. 05 Ch. 226

“ခင်ဗျား အဲ့ဒီတောင်းဆိုမှုကို ထပ်မပြောသရွေ့ ခင်ဗျား ဘာပြောပြော ကျွန်တော့်အတွက် အဆင်ပြေတယ်။ ဒါပေမယ့် အဲ့ဒါကို ထပ်ပြောရင်တော့ ကျွန်တော်တို့ သူစိမ်းတွေ ဖြစ်သွားကြနိုင်တယ်။”ထန်ရှု ပြောလိုက်သည်။

ဟောင်ကျဲက စိတ်ဆိုးမာန်ဆိုးဖြင့်

“နင် ဘာဖြစ်လို့ အဲ့လောက်တောင် ပြောရခက်နေတာတုန်း။ ငါတို့ တော်ဝင်ဂီတအနုပညာတက္ကသိုလ်မှာ နင့်ကို ပါမောက္ခတစ်ယောက်အဖြစ် ကမ်းလှမ်းနေတာလေ။ ဒီအရာက လူတော်တော်များများက အိပ်မက်ထဲတောင် ထည့်မက်ရတဲ့ရာထူးတစ်ခုဖြစ်တာကို နင် ဘာကြောင့် တစ်ချိန်လုံး ငြင်းနေရတာလဲ။”

“ကျွန်တော်လည်း ဒီမေးခွန်းကို အချိန်တိုင်း ဖြေခဲ့ပြီးပြီ။ ထပ်ဖြေရဦးမယ်ဆို ဒါ နောက်ဆုံးအကြိမ်ပဲ။ ကျွန်တော် ဂီတမှာ တကယ်ကို စိတ်မဝင်စားပါဘူး။ ကျွန်တော် စိတ်ခံစားမှု ရှိတဲ့အချိန်မှာ ဂီတကို တီးမှုတ်ကောင်း တီးမှုတ်နိုင်ပေမယ့် ကျွန်တော့်ဘဝတစ်ခုလုံး မြှုပ်နှံရလောက်အောင်အထိတော့ မဟုတ်ဘူးလေ။ ကျွန်တော့်မှာလည်း ကျွန်တော့်ကိုယ်ပိုင်အိပ်မက်တွေ ရှိတာမို့ ကျွန်တော့်ရဲ့ရွေးချယ်မှုကို ခင်ဗျားလေးစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ထန်ရှုက ရှင်းလင်းစွာ ပြောလိုက်သည်။

“နင်…” ဟောင်ကျဲ အသက်ရှူရပ်သွားမတတ် ဖြစ်သွားသည်။

သူမ၏ဘေးတွင် ရပ်နေသော အမျိုးသမီးသည်လည်း အံ့အားသင့်သွားသည်။ ထန်ရှုအား အထင်ကြီးမိရင်း ဟောင်ကျဲ၏အကျီၤစအား အသာဆွဲကာ

“ယောင်းမ… သူက နင် ပြော ပြောနေတဲ့ ဂီတပါရမီရှင်ဆိုတာလား။” ထို့နောက် သူမက အပြုံးဖြင့်

“ဟယ်လို ထန်ရှု… ငါက ကျူးရှင်းမေ့ပါ။ ဟောင်ကျဲရဲ့ယောကျာ်းက ငါ့ရဲ့အစ်ကိုကြီးပါ။ ဒီတစ်လော အစ်မက နင့်အကြောင်း နေ့တိုင်းလိုပြောနေတော့ အများကြီး ကြားဖူးနေတာ။ နင့်ကို ထျန်းကျင်းမြို့မှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”

ထန်ရှုသည် သူမအား ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး

“အစ်မဟောင်ကျဲ… ကျွန်တော် ခင်ဗျားကို အဖြေပေးပြီးမို့ နှုတ်ဆက်လိုက်ပါတယ်။ ပါမောက္ခဟူ သွားကြရအောင်။”

ပါမောက္ခဟူသည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသကဲ့သို့ လီပိုင်ယီနှင့် မုဝမ်ရင်သည်လည်း သူ့အား မိုက်မဲလိုက်တာဟူသော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။ ထန်ရှုသည် ထိုမျှကောင်းမွန်လှသော အခွင့်အရေးတစ်ခုအား မျက်တောင်မခတ်ဘဲ ငြင်းဆန်လိုက်လိမ့်မည်ဟု သူတို့၏အိပ်မက်ထဲတွင်ပင် တွေးကြည့်မိမည်မဟုတ်ပေ။ တော်ဝင်ဂီတအနုပညာတက္ကသိုလ်သည် တစ်တိုင်းပြည်လုံးရှိ ထိပ်တန်းဂီတအနုပညာတက္ကသိုလ်၃ခုတွင် အပါအဝင်ဖြစ်ပြီး နာမည်ကျော်ကြားလှသည်။ များပြားလှသော အဆိုတော်များသည် ထိုတက္ကသိုလ်မှ ဘွဲ့ရကာ အများစုမှာ နာမည်အင်မတန်ကျော်ကြားသူများ ဖြစ်လာကြသည်။ သူ့အား ပါမောက္ခရာထူးဖြင့် ကမ်းလှမ်းသည်ကို တွေးကြည့်ပါက တေးဂီတဘက်တွင် သူ၏ပြီးပြည့်စုံမှုသည် ပန်းချီရေးဆွဲသောအရည်အချင်းနှင့် တူညီစွာ မြင့်မားနေသည်များ ဖြစ်နိုင်လေမလား။

ပိုင်ယုသည် မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးလိုက်ပြီး

“မစ္စတာထန်… ကျူးရှင်းမေ့က ငါတို့ကြာပန်းစံအိမ်ရဲ့ အထူးဧည့်သည်ပါပဲ။ သူမရဲ့မောင်လေးလိုပဲ ပန်းချီပညာမှာ အတော်ဗဟုသုတနဲ့ ပြည့်စုံတယ်။ သူမရဲ့ယောင်းမက နင့်သူငယ်ချင်းဆိုမှတော့ နင်နဲ့အတူ ထိုင်ဖို့ သူတို့ကို ဖိတ်လိုက်ရင်ရော ဘယ်လိုလဲ။ အာ… ခဏလေး စောင့်ပါဦး ငါလည်း သူမနဲ့ပြောစရာစကား ရှိနေတယ်။”

ထန်ရှု မျက်မှောင်ကြုပ်သွားသည်။ သူမကို တည့်တည့်ကြည့်လိုက်ရင်း

“သူမရဲ့မောင်လေး ဟုတ်လား။ မျိုးရိုးနာမည်က ကျူးဆိုတော့ ခုနက လူနဲ့ မျိုးရိုးနာမည် တူနေတာပဲ။ ကျူးရှန်ရဲ့အစ်မများလား။”

ကျူးရှင်းမေ့ အံ့အားသင့်သွားပြီး

“ထန်ရှု… ငါ့မောင်လေးနဲ့ သိတာလား။”

ထန်ရှု မျက်လုံးပြူးသွားကာ မျက်နှာလွှဲသွားသည်။

ပိုင်ယုက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ဖြစ်ပျက်ခဲ့သည်များအား ပြောပြလိုက်သည်။ အဆုံးသတ်တွင် သူမသည် အလေးအနက်ထားပြီး

“ရှင်းမေ့… ငါ နင့်ကို သိပါတယ်။ နင့်မှာ ကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ ဂုဏ်သတင်း ရှိတယ်ဆိုတာကို။ ဒါပေမယ့် နင့်မောင်လေးကတော့ အတော် ဆက်ဆံရခက်တယ်။ အဲ့ဒါကြောင့် သူ့ကို အနာဂတ်မှာ ကြာပန်းစံအိမ်ကို လာရောက်ခွင့်မရှိဘူးလို့ ကြေညာပြီးသွားပြီ။”

“သောက်ကျိုးနည်း ခံရခက်မှာပဲ။ ကျွန်မ သိတယ် သူ့ရဲ့စိတ်နေသဘောထားကြောင့် အနှေးနဲ့အမြန် ဒုက္ခ ရောက်မယ်ဆိုတာကို။ မန်နေဂျာပိုင်၊ ထန်ရှု… ဒီနေ့ဖြစ်ပျက်သမျှမှာ သူ့ကို သင်ခန်းစာ ပေးလိုက်တဲ့အတွက် ရှင်တို့နှစ်ယောက်စလုံးကို ကျွန်မ တကယ်ကို ကျေးဇူးတင်ရမှာပါ။ ဒီအရာက သူ့ရဲ့ဘဝင်မြင့်မှုကို အကြီးအကျယ် ရိုက်ခတ်ပြီး အနာဂတ်ဒုက္ခတွေထဲက ကယ်တင်လိုက်သလို ဖြစ်လာမှာပါ။ မစိုးရိမ်ပါနဲ့။ သူ ပန်းချီကားကို မပို့လာခဲ့ရင် ကျွန်မ အိမ်ပြန်တဲ့အခါ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ်။”

ကျူးရှင်းမေ့၏အပြစ်ကင်းစင်မှုအား မြင်တွေ့ရသည့် ထန်ရှုလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ သို့သော် သူက ခေါင်းကိုယမ်းကာ သက်ပြင်းကို ချလိုက်ပြီး

“ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကမ္ဘာကြီးကို ပြုလုပ်နိုင်မယ့်အရာတွေချည်းပါပဲ။ ဒီမှတ်ချက်စကားက တကယ်ကို တရားမျှတပါတယ်။ ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့။ ခင်ဗျားရဲ့မောင်လေး သူ့ကတိစကားအတိုင်း ပန်းချီကားကို လာပို့ရင် အရာရာက အဆင်ပြေသွားမှာပါ။”

ကျူးရှန်မေ့ ခေါင်းညိတ်ပြီး ဟောင်ကျဲအား ကြည့်လိုက်သည်။

သည်တစ်ကြိမ်တွင်တော့ ဟောင်ကျဲမှာ သူမ၏ မသိဆိုးရွားသော  မတ်တော်မောင်နှင့် ထန်ရှုတို့အကြားမှ ပြသနာအား ဂရုမစိုက်တော့ချေ။ မတ်တော်မောင်၏ပန်းချီစွမ်းရည်အား သူမ သိထားသောကြောင့် ကျူးရှန်ထက် သာလွန်သည့် ထန်ရှု၏ပန်းချီစွမ်းရည်ကိုသာ သူမ ပိုပြီး အာရုံရောက်နေပေသည်။

“ထန်ရှု… နင်က ပန်းချီမှာ တကယ် ကျွမ်းကျင်တာလား။”

ထန်ရှုက ထူးမခြားနားဟန်ဖြင့်

“ကျွန်တော်က သာမန်လူပါဗျာ။ ကျွန်တော်တို့ တခြားလုပ်စရာလေးတွေ ရှိလို့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ်။”

ပြောပြီးသည်နှင့် ထန်ရှုက  ပါမောက္ခဟူအား လျင်မြန်စွာ ကြည့်လိုက်သည်။

ပါမောက္ခဟူကလည်း ရိပ်မိသဖြင့် ပြုံးလိုက်ပြီး

“ကျွန်တော်တို့ လုပ်စရာလေးတွေ ရှိလို့ ခင်ဗျားတို့ကို အဖော်မလုပ်ပေးနိုင်တော့ဘူးဗျာ။ ထန်ရှုနဲ့ စကားသတ်သတ် ပြောချင်တယ်ဆိုရင်တော့ နောက်ရက်တွေ ရွေးလိုက်ပါ။”

ဟောင်ကျဲ အတော် တွေဝေသွားရသည်။ သူမ၏မတ်တော်မောင်မှ ထိုသူများအား ပြစ်မှားထားသည်ကို သိသောကြောင့် ထပ်ခါတလဲလဲ တိုက်တွန်းနေခြင်းသည် မကောင်းမှန်းလည်း သူမ ခံစားမိသည်။

ထွက်ခွာသွားသောသူများ၏နောက်ကျောအား ကြည့်ရင်း ဟောင်ကျဲက စိတ်ပျက်လက်ပျက် ပြောမိသည်။

“ရှင်းမေ့… ငါတို့တော့ ကျူးရှန့်ကို တစ်ချို့အပြုအမူတွေ တကယ်ကို သင်ပြပေးသင့်နေပြီ။ သူ့ရဲ့စိတ်ဓာတ်နဲ့အပြောဆိုတွေကို မပြောင်းလဲဘူးဆိုရင် လူ့အသိုင်းအဝိုင်းမှာ ကြာရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူး။”

ရှင်းမေ့ကလည်း ခါးသီးစွာ ပြန်ပြောလိုက်သည်။

“ငါရော အဲ့လို မလုပ်ချင်ဘူးလို့ နင် ထင်လား။ ငါ သူ့ကို ကြိမ်ဖန်များစွာ သင်ပြခဲ့ပြီးပေမယ့် အဲ့ဒါ လုံးဝကို အလုပ်မဖြစ်ဘူး။ နောက်ပြီး သူ့ရဲ့စိတ်ကြီးဝင်မှု၊ ဘဝင်မြင့်မှုတွေက… ဟူး.. ဘာပြောကောင်းမလဲ.. ငါတို့မိသားစုလည်း သူ့ရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကို အများကြီး ဖြေရှင်းရပြီးပြီ။ အဲ့လိုမှ မဟုတ်ရင် သူ့ရဲ့မကောင်းသတင်းက ပျံ့နေတာကြာပြီပေါ့။”

တစ်ခဏမျှ စဉ်းစားလိုက်ရင်း ဟောင်ကျဲ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီနေ့ အဖြစ်အပျက်ကို နင်တို့အစ်ကိုကို ငါ ပြောလိုက်ရင်ရော ဘယ်လိုလဲ။ နင့်မောင်လေးက ဘယ်သူမှ ကြောက်တာမဟုတ်တော့ အစ်ကိုကြီးက လှုပ်ရှားရင် သူ ပြောင်းလဲလိမ့်မယ်လို့ ငါ ထင်တယ်။”

ကျန်းရှင်းမေ့ ခေါင်းယမ်းလိုက်ကာ

“မပြောနဲ့ ယောင်းမ။ အစ်ကိုကြီးကို ဒါကို ဘယ်တော့မှ မပြောပါနဲ့။ နို့နို့ဆို အစ်ကိုကြီးက သေချာပေါက် မောင်လေးရဲ့ခြေထောက်တွေကို ရိုက်ချိုးမှာ။”

“အဲ့ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ကျူးရှန်ကို ဒီလိုပဲ ပေါ့ပေါ့လေးထားတော့မလို့လား။” ဟောင်ကျဲက အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ပြောလိုက်သည်။

ကျူးရှင်းမေ့ အချိန်အကြာကြီး စဉ်းစားလျက်ရှိပြီး ဆိုင်ဝန်ထမ်းနောက်မှ နှစ်ယောက်သား လိုက်လာကာ သီးသန့်ခန်းသို့ ရောက်လာကြပြီးနောက် သူမက

“ငါတို့ အခြေအနေကို တစ်ချက် ကြည့်ကြရအောင်။ ဒီနေ့သင်ခန်းစာ ရပြီးနောက်မှာ သူ မပြောင်းလဲဘူးဆိုရင် ငါ အစ်ကိုကြီးကို ဒီအကြောင်းတွေ ပြောလိုက်ပါမယ်။”

“ကောင်းတယ်။” ဟောင်ကျဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။

အခြားသီးသန့်ခန်းအတွင်းတွင်…

လူတိုင်း နေရာတကျ ပြန်ထိုင်ကြပြီးနောက် ပိုင်ယုက စကားစမြည် အနည်းငယ် ပြောဆိုကာ ပြန်သွားခဲ့သည်။ သူမသည် ရင်းနှီးကျွမ်းဝင်မှုမရှိသောကြောင့် သူမ ဆက်နေကာ မိတ်ဆွေဖြစ်လိုလျှင်တောင် ထန်ရှု မကြိုက်မည်ကို စိုးထိတ်မိလေသည်။

ထိုအခိုက်အတန့်တွင် ၄ယောက်သာ ကျန်တော့သည်။ သူ၏သိလိုစိတ်အား တစ်ချိန်လုံး ထိန်းသိမ်းထားနေရသော ပါမောက္ခဟူက ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။

“ထန်ရှု… ပန်းချီရေးဆွဲတာအပြင် တေးဂီတဘက်မှာပါ တကယ်ကို နားလည်တတ်ကျွမ်းတာလား။”

“နည်းနည်းပါးပါးပါ။” ထန်ရှု ခေါင်းညိတ်ရင်း ပြောလိုက်သည်။

နည်းနည်းပါးပါး?

ပါမောက္ခဟူ၊ လီပိုင်ယီနှင့် မုဝမ်ရင်တို့သည် ရှေးမဆွက ထန်ရှု၏တုံ့ပြန်မှုအား ပြန်လည်သတိရသွားသည်။ ထိုစဉ်တုန်းကလည်း “နည်းနည်းပါးပါးပါ။” ဟု သူ ပြောခဲ့သည်။

ပန်းချီရေးဆွဲခြင်းတွင် နတ်ဘုရားတစ်ပါးအလား အရည်အချင်းရှိသူအား နည်းနည်းပါးပါး တတ်မြောက်သည်ဟု အမှန်တကယ်ဆိုနိုင်ပါမည်လော။

ထိုခဏမှာပင် ၃ဦးစလုံးသည် ထန်ရှုမှာ ဂီတပညာရာတွင်ပါ ပြည့်စုံကျွမ်းကျင်သူဟု တွေးတောထားပြီး ဖြစ်သည်။ ထိုသို့သာ ကျွမ်းကျင်မှု မရှိပါက အစောပိုင်းက တွေ့ခဲ့သော အမျိုးသမီးမှ ထန်ရှုအား တော်ဝင်ဂီတအနုပညာတက္ကသိုလ်တွင် ပါမောက္ခတစ်ယောက်အဖြစ် မည်သို့မျှ တောင်းဆိုလိမ့်မည်မဟုတ်ပါချေ။

ပါမောက္ခ! ထိုအရာသည် လူတိုင်း လွယ်ကူစွာ ရရှိနိုင်သော အရာ မဟုတ်သည့်အပြင် ကမ်းလှမ်းသည့် တက္ကသိုလ်မှာလည်း နာမည်ကြီး တော်ဝင်ဂီတအနုပညာတက္ကသိုလ် ဖြစ်ပေသည်။

ပါမောက္ခဟူက တစ်ခဏမျှ စဉ်းစားဆင်ခြင်လိုက်ပြီး မေးလိုက်သည်။

“ထန်ရှု… မင်းကို ကြယ်တာရာမြို့ကလာပြီး တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားဆဲ ကျောင်းသားတစ်ယောက်လို့ပဲ ငါတို့ သိထားတာပါနော်။”

ထန်ရှုက ပါမောက္ခဟူ၏အတွေးများအား လျှပ်တစ်ပြက်အတွင်း နားလည်လိုက်သဖြင့်

“ကျေးဇူးပြုပြီး ချုံပုတ်ပတ်လည် ရိုက်ဖို့ မလိုပါဘူးဗျာ။ ကျွန်တော်က ပိုလည်းမပို လျော့လည်းမလျော့ သာမန်လူတစ်ယောက်ပါ။ ဒါပေမယ့် အတန်းချိန် ပြီးသွားတဲ့ ကျွန်တော့်အားလပ်ချိန်မှာတော့ စီးပွားရေး နည်းနည်းပါးပါး လုပ်ထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ခင်ဗျားအတွက်တော့ ခင်ဗျားက အတော် ထူးဆန်းတယ်လို့ ခံစားမိတယ်။”

“ဟမ်…” ပါမောက္ခဟူ ဇဝေဇဝါ ဖြစ်သွားသည်။ “ငါက ဘာတွေ ထူးဆန်းနေလို့လဲကွ။”

ထန်ရှု ခပ်ဖွဖွ ပြောလိုက်သည်။

“ခင်ဗျားကို ပထမဆုံးအကြိမ်တွေ့ကတည်းက ခင်ဗျားဆီက အရမ်းပြင်းထန်တဲ့ သေခြင်းတရားရဲ့ အငွေ့အသက်တွေကို ကျွန်တော်ခံစားမိတယ်။ ခင်ဗျားက အသုဘအခမ်းအနားမှူးတစ်ယောက် ဒါမှမဟုတ် မီးသဂြိုဟ်တဲ့နေရာမှာ လုပ်တဲ့သူတစ်ယောက် အဲ့ဒါမှမဟုတ်ရင် ဂူဖောက်သူတစ်ယောက် ဖြစ်နိုင်တယ်။ ခင်ဗျားရဲ့ဘယ်ဘက်လည်ပင်းမှာ အမာရွတ်ရှည်တစ်ခု ကျွန်တော် မြင်ရတယ်။ ကျွန်တော် မမှားဘူးဆိုရင် ခင်ဗျား ဖုတ်ကောင်တစ်ကောင်နဲ့ ကြုံဖူးတယ်မဟုတ်လား။”

ဝုန်း…

ပါမောက္ခဟူ ရုတ်တရက် ထရပ်မိသွားပြီး မယုံကြည်နိုင်သော အလင်းတစ်ချက် မျက်ဝန်းများထဲတွင် ဖြတ်သန်းလျက် ထန်ရှုအား စိုက်ကြည့်နေမိသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူက လေးနက်သော အသံဖြင့်

“မင်း ဘယ်လိုသိတာလဲ။”

ဘေးမှ လီပိုင်ယီ၏မျက်နှာသည်လည်း ပျက်သွားလေသည်။

“ထိုင်လိုက်ပါ။” ထန်ရှုက လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ပါမောက္ခဟူက သူ၏အပြုအမူအား မထိန်းချုပ်နိုင်ဖြစ်သွားသည်ကို သတိပြုမိသွားသဖြင့် သူ၏နေရာတွင် ပြန်ထိုင်လိုက်ကာ ထန်ရှုဆီမှ သူ၏အကြည့်အား မရုတ်သိမ်းသေးဘဲ ထန်ရှု၏အဖြေအား စောင့်နေသည်။

ထန်ရှုက ပြောလိုက်သည်။

“ဒီနေ့ခေတ်လို ငြိမ်းချမ်းတဲ့ခေတ်ကြီးမှာ သာမန်လူတွေက လူသေအလောင်းတွေနဲ့ ပတ်သက်တယ်ဆိုတာ ရှားတယ်။ လူတွေ သေဆုံးကြရင် သေခြင်းချီက အရေအတွက်နည်းနည်းပဲ ရှိကြပြီး အဲ့ဒီသေဆုံးတဲ့ လူတွေနဲ့ ၁၀ရက် ၁၅ရက်လောက် အတူရှိနေတဲ့ သက်ရှိလူတွေမှာတောင် အဆိပ်အတောက်နည်းနည်းပဲ ရှိလိမ့်မယ်။ ခင်ဗျားက သက်ရှိထင်ရှားလူတစ်ယောက် ဖြစ်ပေမယ့် ခင်ဗျားကိုယ်အတွင်းထဲမှာ သေခြင်းချီ ရှိနေတယ်။ ဒါက ဘာကို ဖော်ပြနေသလဲဆိုတော့ ခင်ဗျားက လူသေအလောင်းတွေရဲ့အရိုးတွေနဲ့ ဆက်နွယ်နေတာ နှစ်များစွာ ရှိနေပြီလို့ ဖော်ပြနေတာပဲ။ ခင်ဗျားလည်ပင်းမှာ ကျန်ခဲ့တဲ့ အမာရွတ်က ဖုတ်ကောင်တစ်ကောင်ရဲ့ လက်သည်းကနေ ကျန်ခဲ့တာလို့ ကျွန်တော် ထင်တယ်။ နောက်ပြီး အမာရွတ်က အနက်ရောင်ကို  ပြောင်းပြီးပြီဆိုတော့ ဒါ လူသေအဆိပ်ကြောင့်  ဖြစ်တာပဲ။”

“အဲ့ဒါတွေကနေ ခန့်မှန်းခဲ့တာလား။” ပါမောက္ခဟူ မေးလိုက်သည်။

“မဟုတ်ဘူး။” ထန်ရှု ခေါင်းယမ်းလိုက်ရင်း “ပြောရမယ်ဆိုရင် ခင်ဗျားဆိုင်ကို ကျွန်တော် ပထမဆုံးအကြိမ် ရောက်လာတုန်းက တစ်ခုခု မူမမှန်တာကို သတိပြုခဲ့မိတယ်။ ခင်ဗျားရဲ့ဆိုင်တစ်ခုလုံးက နေရာတိုင်းမှာ အနက်ရောင်ချည်းပဲ ဒါကို ဘာကို သက်သေပြုနေလဲဆိုတော့ ခင်ဗျားက မှုန်မှိုင်းပြီး မည်းမှောင်တဲ့ ပတ်ဝန်းကျင်မှာ နေရတာကို နှစ်သက်နေတာကိုပဲ။ အရင်တုန်းက အဲ့ဒါကို ခင်ဗျားမကြိုက်ခဲ့တာ ကျွန်တော် သေချာသိတယ်။”

ပါမောက္ခဟူ၏မျက်နှာ ညှိုးငယ်သွားကာ “အမှန်ပဲ အရင်တုန်းက ငါ အဲ့ဒါကို မကြိုက်ဘူး။”

“ခင်ဗျား အဲ့ဒီအကြောင်းကို မအံ့သြဘူးလား။” ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဘာကြောင့်လဲ။” ပါမောက္ခဟူက အူကြောင်ကြောင်ဟန်ဖြင့် မေးလိုက်သည်။

ထန်ရှုက ထိုသူ၏နှလုံးနေရာအား ညွှန်ပြလျက် ခပ်ဖွဖွ ပြောလိုက်သည်။

“ခင်ဗျား လူသေအဆိပ်ကို ဘယ်လို ကုသခဲ့လဲ ကျွန်တော် မသိပေမယ့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ချို့တစ်ဝက် ကျန်နေသေးတယ်။ ခုချိန်မှာ မသိသာပေမယ့် ပုန်းကွယ်နေတဲ့ အနက်ရှိုင်းဆုံး အန္တရာယ်တစ်ခုပဲ။ ခင်ဗျားရဲ့လက် ကျွန်တော့်ကို ပေးပါ။ ခင်ဗျားရဲ့အခြေအနေ ကျွန်တော် စမ်းသပ်စစ်ဆေးကြည့်ပါရစေ။”

“မင်းက ဆေးပညာလည်း တတ်မြောက်ထားတာလား။” ပါမောက္ခဟူ အလျင်စလို မေးလိုက်သည်။

“ကျွန်တော် နည်းနည်းပါးပါး သိပါတယ်။”

လာပြန်ပြီလား… ဒီ နည်းနည်းပါးပါး…

လီပိုင်ယီနှင့် မုဝမ်ရင်တို့ မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ သည်တစ်ကြိမ်တွင်တော့ သူတို့၂ယောက်သည် ထန်ရှုအား တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော နတ်ဘုရားတစ်ပါးအလား ကြည့်မိကြလေသည်။

ဒါ နည်းနည်းပဲ သိနိုင်တာ ဟုတ်ပါ့မလား။

သူ့အနေဖြင့် နည်းနည်းပဲ သိသည်ဟုဆိုခြင်းသည် သေချာပေါက်ပင် ထိုပညာရပ်၌ နက်ရှိုင်းသော အောင်မြင်မှုတစ်ခု ရှိမည်သာ  ဖြစ်သည်။

လီပိုင်ယီက လေးနက်စွာဖြင့် “အဖိုးကြီး ဟူ… သူ့ကို စမ်းသပ်ခွင့် ပြုလိုက်ပါ။”

ပါမောက္ခဟူက ထန်ရှုအား သူ၏လက်အား ဆန့်ပေးလိုက်သည်။

ထန်ရှုသည် ပါမောက္ခဟူ၏သွေးခုန်နှုန်းအား လက်ချောင်းလေးများဖြင့် စမ်းသပ်လိုက်သည်။ ပထမတွင် ဘယ်ဘက်လက်၊ ပြီးသော် ညာဘက်လက်အား စစ်ဆေးပြီး တစ်မိနစ်ကြာသောအခါ ထန်ရှုက သူ၏လက်အား ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ ခေါင်းကိုယမ်းလျက်

“ကြည့်ရတာ ကျွန်တော် ထင်ထားတာထက်ကို ပိုပြီး ပြင်းထန်နေတာပဲ။ ခင်ဗျား ခုတလော ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးတယ်မဟုတ်လား။ ကောင်းကောင်း မအိပ်ရတဲ့အပြင် ချွေးတွေ အဆက်မပြတ် ထွက်တယ်။ အိပ်နေရာက လန့်နိုးတိုင်း ချောင်းဆိုးပြီးတဲ့အခါ ကော်တွေလို စေးကပ်နေတဲ့ အနက်ရောင် တံတွေးတွေ ထွက်တယ်မဟုတ်လား။”

ပါမောက္ခဟူ မျက်လုံးအဝိုင်းသား ဖြစ်ကာ

“ဒါ ငါ့ရဲ့အခြေအနေ အတိအကျပဲ။”

“လူသေအဆိပ်က ခင်ဗျားရဲ့နှလုံးထဲကို ဖြည်းဖြည်းချင်း တိုက်ခိုက်ဖျက်ဆီးနေပြီ။ အတိုဆုံး ၆လ အရှည်ဆုံး တစ်နှစ်ပဲ ခင်ဗျား အသက်ရှင်သန်တော့မယ်ဗျ။”

***

All Chapters