← Chapters

နတ်ဘုရားတစ်ပါးအလား

Vol. 05 Ch. 227

နတ်ဘုရားတစ်ပါးအလား

Vol. 05 Ch. 227

ပါမောက္ခဟူ၏မျက်နှာမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ဖြူလျော်သွားခဲ့သည်။

လီပိုင်ယီ၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေကာ အလျင်စလို မေးလိုက်သည်။

“ထန်..ညီငယ်လေး ထန်… အဖိုးကြီးဟူရဲ့အခြေအနေကို မင်း စစ်ဆေးနိုင်မှတော့ သူ့ကို ကုသဖို့ နည်းလမ်းများ ရှိမလား။ ကျေးဇူးပြုပြီး ကုသပေးပါဦး။ ဈေးနှုန်းဘယ်လောက်ပဲကျကျ ငါတို့ ပေးမှာပါ။”

ထန်ရှု သူ့အားကြည့်လိုက်ပြီး

“ဆောင်းဦးဒီရေနဲ့ ကြယ်အပိုင်းအစကျောက်တုံးတွေ ကွန်တော့်ကို ပေးနိုင်မလား။”

“မပေးနိုင်ဘူး။” လီပိုင်ယီ ခေါင်းယမ်းပြလိုက်သည်။

ထန်ရှု၏မျက်နှာသည် အေးစက်သွားခဲ့သည်။

လီပိုင်ယီက ခဏစကားရပ်လိုက်ပြီးမှ ဆက်ပြောလေသည်။

“ညီအစ်ကိုထန်… ပထမထပ်ကို မသွားခင်က ငါ အဖိုးကြီးဟူနဲ့ ပေါက်တတ်ကရတွေ ပြောခဲ့တယ် မင်းသာ ကျူးရှန်ကို နိုင်ခဲ့ရင် အဲ့ဒီကျောက်၂မျိုးစလုံး မင်းကို ပေးလိုက်မယ်ဆိုပြီးပေါ့။ အဲ့ဒါကြောင့် မင်း အဲ့ဒါကို လုံး၀ တောင်းဆိုဖို့ မလိုတော့ဘူးလေ။”

“ကျွန်တော့်ကို ပေးမှာ!”

ထန်ရှု သူ့အား အံ့အားသင့်စွာ ကြည့်လိုက်ရင်း သူ၏မျက်နှာထက်မှ အေးစက်မှုများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ရွှေရောင်ရင်ကွဲမြက်နဲ့ ကုမုဒြာပန်းကို ရှာပါ။ အကောင်းဆုံးကုသမှုအတွက်ဆိုရင် ထိပ်တန်းအရည်အသွေးရှိတဲ့ ရှီးပတီးအချို့နဲ့ နှစ်ငါးရာသက်တမ်းရှိတဲ့ တရုတ်ထုံးမြက်တို့ကိုပါ ရှာဖို့ လိုလိမ့်မယ်။ အဲ့ဒီဆေးပင်တွေရရင် ကျွန်တော့်ဆီလာခဲ့ပါ။”

“ညီအစ်ကိုထန်… အဲ့ဒီဆေးပင်တွေကို ဘယ်နေရာမှာ ရှာလို့ရမလဲ။ ငါ တရုတ်ထုံးမြက်ကို ကြားဖူးပေမယ့် ရွှေရောင်ရင်ကွဲမြက်နဲ့ ကုမုဒြာပန်းကို မကြားဖူးဘူး။” ပါမောက္ခဟူက မေးလိုက်သည်။

“ကြယ်တာရာကို သွားပြီး အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းက ချန်းကျီကျုံးကို ရှာပါ။ သူက တရုတ်တိုင်းရင်းဆေးတွေ ရောင်းတော့ အဲ့ဒါတွေကို ရှာပေးနိုင်ပါတယ်။” ထန်ရှု တစ်ခဏမျှ စကားမပြောဘဲနေရာမှာ ဖြည်းညှင်းစွာ တုံ့ပြန်လိုက်သည်။

“ချန်းကျီကျုံးကို မင်း သိလား။” ပါမောက္ခဟူက ပြောလိုက်သည်။

“သိပါတယ်။ သူက ကျွန်တော့်ရဲ့တပည့်ပဲလေ။”

“ဘာ…”

ပါမောက္ခဟူနှင့် လီပိုင်ယီတို့ တစ်ပြိုင်နက်တည်း အော်မိလိုက်သည်။ သူတို့သည် ထန်ရှုအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြသည်။ သူတို့၏အကြားအာရုံများ ချို့ယွင်းပြီး နားကြားမှားလေသလားဟုပင် တွေးမိသည်။

ထို၂ယောက်၏အမူအရာကို ကြည့်ပြီး မုဝမ်ရင်မှာလည်း စိတ်ရှုပ်သွားရကာ

“ချန်းကျီကျုံးက ဘယ်သူလဲ။ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းက တော်တော် ကြီးလို့လား။”

ပါမောက္ခဟူက သူ၏ရင်တွင်းမှ အံ့သြမှုများအား ဖိနှိပ်လျက် ခေါင်းညိတ်ပြရင်း

“ကြီးတာပေါ့။ ချန်းကျီကျုံးဆိုတာကလည်း တရုတ်တိုင်းရင်းဆေးဝါးလုပ်ငန်းမှာ အဓိကကျတဲ့ အဲ့ဒီကုမဏီကြီးရဲ့ သူဋ္ဌေးကြီးပဲလေ။ ငါ မှတ်မိတာ မှန်ရင် အဲ့ဒီစီးပွားရေးလုပ်ငန်းရဲ့စုစုပေါင်းပိုင်ဆိုင်မှုက ၁၀ဘီလီယံ ကျော်လိမ့်မယ်။”

မုဝမ်ရင်မှာ အံ့အားသင့်လျက်

“အဲ့လိုဆို ပြောရမယ်ဆိုရင် ထန်ရှုရဲ့တပည့်က ဘီလျံနာသူဋ္ဌေးကြီးတစ်ယောက်ပေါ့။”

“သူက ကျွန်တော့်ရဲ့အမည်ခံတပည့်တစ်ယောက်ပါ။ တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့တိုက်ရိုက်တပည့်ဖြစ်ဖို့ဆိုရင်တော့ လိုအပ်ချက်တွေက အများကြီးရှိတယ်။ ဒီကိစ္စ ဒီမှာပဲ ရပ်ကြအောင်။ ပါမောက္ခဟူက အလျင်စလို လုပ်ရလိမ့်မယ်။ ဒီပြသနာကို ရှည်ကြာထားလေ ကုသမှုမှာ ပိုခက်ခဲလေပဲ။ ၂လ၃လအတွင်း အဲ့ဒီဆေးပင်တွေ မရှာနိုင်ရင် အဆိပ်က စီးဆင်းသွားပြီး တစ်ကိုယ်လုံးကို ပျံံ့နှံ့သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဘုရားတောင် ကယ်နိုင်မှာမဟုတ်ဘူး။” ထန်ရှု မျက်နှာသေဖြင့် ပြောလိုက်သည်။

“ငါ မနက်ဖြန်မနက် ကြယ်တာရာကို သွားမယ်။” ပါမောက္ခဟူ အမြန်ဝင်ပြောလိုက်သည်။

ထန်ရှု၏မျက်ခုံးအစုံတို့ မြင့်တက်သွားပြီး

“ခင်ဗျား မနက်ဖြန် ကြယ်တာရာကို သွားမယ်ဆိုရင် ကျွန်တော်နဲ့အတူ လိုက်ခဲ့လေ။ ထျန်းကျင်းကို အလျင်စလို လာရတော့ ကျွန်တော့်စီးပွားရေးကိစ္စတွေ လုပ်စရာတွေ ရှိနေလို့ ပြန်မှရမယ်။”

လီပိုင်ယီက လေသံနှိမ့်လျက်

“ညီလေးထန်… မင်းရဲ့လိပ်စာ ပေးထားဦး။ မနက်ဖြန် ကြယ်တာရာကို တစ်ယောက်ယောက် လွှတ်ပြီးတော့ ဆောင်းဦးဒီရေနဲ့ ကြယ်အပိုင်းအစကျောက်တုံးတွေ ပေးခိုင်းလိုက်မယ်။ ဒါနဲ့ မင်း အဖိုးကြီးဟူကို ကုပေးတဲ့အတွက် ဘယ်လောက်ကျမလဲဆိုတာ မပြောရသေးဘူးနော်။”

“ခင်ဗျားက တကယ့်ကို သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ သူငယ်ချင်းအတွက် ဆောင်ရွက်ပေးလိုစိတ်ရှိတယ်ဆိုတယ်ဆိုရင် ရှန်ဟိုင်းတက္ကသိုလ်မှာ ကျွန်တော့်ကို စောင့်ရှောက်ပေးပေါ့ဗျာ။” ထန်ရှု ပြောလိုက်သည်။

“ဟမ်…”လီပိုင်ယီ ပဟေဠိ ဖြစ်သွားသည်။ “ရှန်ဟိုင်းတက္ကသိုလ်လား။ မင်းက ရှန်ဟိုင်းတက္ကသိုလ်မှာတက်ဖို့ လျှောက်ထားတာလား။”

“ဟုတ်တယ်ဗျ။” ထန်ရှု ပြောလိုက်သည်။ “ကျွန်တော့်လျှောက်လွှာမှာ ရှန်ဟိုင်းကို ဖြည့်ထားပြီး ရှေးဟောင်းသုတေသနဋ္ဌာနကို ရွေးထားခဲ့တာလေ။ စက်တင်ဘာ၁ရက်နေ့ကျရင် အဲ့ဒီကို သွားပြီး ကိုယ်တိုင် စာရင်းသွင်းရမှာ။”

“တက္ကသိုလ်ဝင်ခွင့်ရလဒ်နဲ့ ကျောင်းဝင်ခွင့်တွေက မထုတ်ပြန်သေးဘူး မဟုတ်လား။ ဒီလို ယုံကြည်ချက်မျိုးနဲ့ ရှန်ဟိုင်းတက္ကသိုလ်မှာ တက်ခွင့်ရဖို့ တကယ်ကို သေချာနေတာလား။” မုဝမ်ရင်က စပ်စုလိုက်သည်။

“ကျွန်တော် မသေချာဘဲ ပြောနေတယ်လို့ ထင်နေတာလား။” ထန်ရှုက ပြန်မေးလိုက်သည်။

“ဒါ…” မုဝမ်ရင် ပြောစရာစကားမရှိ ဖြစ်သွားသည်။

သူမအနေဖြင့် ထန်ရှုအား ဒီနေ့မှသာ တွေ့ဖူးပြီး အများကြီး ပြောဆိုမဆက်ဆံဖူးသော်လည်း ထန်ရှုသည် လွန်စွာ အရည်အချင်းနှင့်ပြည့်စုံသည်ဟု သူမ နားလည်ထားသည်။ အရေးကြီးဆုံးအချက်အနေဖြင့် သူသည် မမောက်မာ မထောင်လွှားဘဲ တည်တည်ကြည်ကြည်နေခြင်းပင်တည်း။ ထန်ရှု၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသော သွင်ပြင်အား ကြည့်လျက် သည်စက်တင်ဘာလတွင် သူ့အား ရှန်ဟိုင်းတက္ကသိုလ်တွင် တွေ့နိုင်လိမ့်မည်ဟု မုဝမ်ရင်တစ်ယောက် ရုတ်တရက် ခံစားမိလေသည်။

တစ်နာရီနီးပါး ကြာပြီးနောက် အခန်းဘဲလ်မြည်လာကာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။ သူမ၏အကြည့်တို့သည် အခန်းတွင်းရှိ လူတိုင်းပေါ်သို့ ဝေ့ဝဲကာ ကြည့်ရင်း ထန်ရှုတွင် အဆုံးသတ်သွားခဲ့သည်။

“ရှင်က မစ္စတာထန်ရှု…မစ္စတာထန်ပါလားရှင့်။”

“ဟုတ်ပါတယ်။” ထန်ရှု တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးက သေတာရှည်တစ်ခုအား ထန်ရှုအား လှမ်းပေးရင်း

“မစ္စတာကျူးက ဒီဟာလေးကို ရှင့်ဆီ ပို့ခိုင်းလိုက်လို့ပါ။ တခြားမှာစရာ မရှိတော့ရင် ကျွန်မမှာ လုပ်စရာမရှိတော့ပြီမို့ ပြန်လိုက်ပါဦးမယ်။”

ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။ ထိုအမျိုးသမီး ထွက်သွားပြီးနောက် သူက သေတ္တာရှည်အား တန်းဖွင့်ကာ အတွင်းမှ ပန်းချီကားလိပ်အား ထုတ်လိုက်သည်။

လီပိုင်ယီ၊ ပါမောက္ခဟူနှင့် မုဝမ်ရင်တို့လည်း ကြည့်ရန် အနားရောက်လာကြသည်။

လေ့လာအကဲဖြတ်ပြီးနောက် ပါမောက္ခဟူက သက်ပြင်းတစ်ချက် ချကာ

“ဒါ ထန်မင်းဆက်မှာ အမှန်တကယ်ကို ကျော်ကြားတဲ့ ပန်းချီဆရာ လီစစ်ရွှမ်ရဲ့လက်ရာအစစ်ပဲ။ ကြည့်ရတာ ကျူးရှန်က စိတ်ထားမကောင်းပေမယ့် အကောင်းအဆိုးတော့ ခွဲခြားနိုင်သေးတယ်။”

ထန်ရှုသည် နိုင်ငံတွင်း ပန်းချီကားများနှင့်ပတ်သက်ပြီး ဗဟုသုတအများကြီး မရှိသော်လည်း ထိုပန်းချီကားသည် နှစ်တရာရှိပြီဖြစ်သည့် ရှေးဟောင်းပန်းချီကားတစ်ချပ်မှန်း သူ မြင်နိုင်ပေသည်။ ပန်းချီကားအား ပြန်သိမ်းလိုက်ပြီးနောက် သူက မတ်တတ်ရပ်လိုက်ကာ

“အာ…ပန်းချီကားလည်း ရပြီဆိုတော့ ကျွန်တော် ခင်ဗျားတို့ကို နှုတ်ဆက်ပါတယ်ဗျာ။”

ပါမောက္ခဟူက အမြန်မေးလိုက်သည်။ “ညီလေးထန်… ဘယ်သွားမလို့လဲ။”

“ဒီညအိပ်ဖို့ ဟိုတယ်တစ်ခု ရှာရမယ်။ မနက်ဖြန်မနက် ကျွန်တော် ကြယ်တာရာကို ပြန်မယ်ဗျ။” ထန်ရှုက ပြောပြသည်။

“ညီလေးထန်… ငါ မင်းအတွက် နေစရာ စီစဉ်ပေးပါမယ်။” ပါမောက္ခဟူက ပြောလိုက်သည်။

ထန်ရှုက ခေါင်းကိုသာ ယမ်းပြလိုက်ရင်း

“ကိစ္စ မရှိပါဘူး။ ကျေးဇူးတင်ပါတယ်ဗျာ။ မနက်ဖြန် ခင်ဗျားက ကျွန်တော်နဲ့ ကြယ်တာရာကို လိုက်မှာဆိုတော့ စောစောပြန်ပြီး အထုပ်အပိုးပြင်သင့်တယ်ဗျ။ မနက်ဖြန်မနက် လေဆိပ်မှာ ဆုံကြတာပေါ့။”

“ကောင်းပြီ။” ပါမောက္ခဟူ ခေါင်းညိတ်လိုက်သည်။

လီပိုင်ယီက လျင်မြင်စွာဖြင့်

“ညီလေးထန်… စိတ်မရှိဘူးဆိုရင် ငါတို့နောက်လိုက်ခဲ့ပါလား။ ငါတို့လည်း ဒီအနီးနားက ဟိုတယ်တစ်ခုမှာ တည်းနေကြတာ။”

ထန်ရှု တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ထျန်းကျင်းမြို့၏ကြယ်ငါးပွင့်အဆင့်မီ ရှီရာတွန်ဟိုတယ်…

ထန်ရှုသည် လီပိုင်ယီ၊ မုဝမ်ရင်တို့နှင့်အတူ လိုက်လာခဲ့ပြီး လီပိုင်ယီကိုယ်တိုင် သူ့အတွက် ပထမတန်းစား အခန်းအား မှာပေးခဲ့သည်။ မူလက လီပိုင်ယီသည် ထန်ရှုနှင့် စကားများစွာ ပြောလိုသေးသော်လည်း ထန်ရှုက စောစော အနားယူမည်အကြောင်းပြကာ ငြင်းဆိုခဲ့သည်။ ပါမောက္ခဟူ၏ဆိုင်တွင် ဝယ်လာခဲ့သော နတ်ဆိုးကျောက်တုံးခေါင်းတလားလေးအား သူ တစ်ချက်ကြည့်လိုသေးသည်။ နတ်ဆိုးကျောက်တုံးခေါင်းတလားလေး၏အဖုံးသည် ပိတ်ထားသော်လည်း သူ့အနေဖြင့် ဖွင့်နိုင်ပေသည်။ သူ့တွင် အချိန်မရသဖြင့် ထိုပစ္စည်းအား မလေ့လာရသေးကြောင့် အတွင်းတွင် မည်သည့်အရာ ရှိမည်ကို သူ မသိချေ။ သို့သော်လည်း ရေမိုးချိုးပြီး ထိုခေါင်းတလားလေးအား လေ့လာတော့မည့်ဆဲဆဲတွင် သူ၏အခန်းတံခါးခေါက်သံအား ကြားလိုက်ရတော့သည်။

“လီပိုင်ယီလား။” အေးစက်စက်အငွေ့အသက်သည် ထန်ရှု၏မျက်ဝန်းအိမ်ထဲတွင် ပေါ်လာခဲ့သည်။ တံခါးဖွင့်ပေးရန်အတွက် အခန်းတံခါးဆီသို့ သူ လျှောက်သွားလိုက်ပြီး ဖွင့်ပေးလိုက်ရာ လီပိုင်ယီ မဟုတ်ဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့် ရပ်နေသော မုဝမ်ရင်အား ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးအလား တွေ့လိုက်ရတော့သည်။

“တစ်ခုခု လိုအပ်တာများ ရှိလို့လား။” ထန်ရှုက တံခါးဝတွင်ပိတ်ရပ်ကာ မေးလိုက်သည်။

မုဝမ်ရင်၏မျက်ဝန်းများထဲတွင် ကသိကအောက်နိုင်သော ခံစားမှုတစ်ရပ် ဖြတ်သန်းသွားခဲ့သည်။ ကြည့်ရသည်မှာ ထန်ရှုသည် သူကစပြီး အထဲသို့ ဝင်ထိုင်ရန် ခေါ်မည့်ဟန်မရှိချေ။ သူမက ပြုံးလိုက်ပြီး

“ကျွန်မကို အထဲဝင်ဖို့ မခေါ်တော့ဘူးလား။”

“ညနက်နေပြီ။ ဒီအချိန်က လွပ်လပ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက် အခန်းတစ်ခုအတွင်းမှာ အတူရှိဖို့ မသင့်တော်ဘူး။ တစ်ခုခု ပြောစရာရှိရင် ဒီနေရာမှာပဲ ပြောလိုက်ပါ။ ကျွန်တော် အနားယူတော့မှာမို့လို့။”

“ရှင်…”

မုဝမ်ရင် ကြက်သေ သေသွားကာ ထန်ရှုအား ငိုရမလို ရယ်ရမလိုမျက်နှာဖြင့် ကြည့်လိုက်မိသည်။ ထန်ရှု၏ကြည်လင် သန့်စင်သော မျက်ဝန်းများကြောင့်သာ မဟုတ်ပါက ထန်ရှုသည် ရည်ရွယ်ချက်တစ်ခုဖြင့် သရုပ်ဆောင်နေသည်ဟု ထင်မြင်မိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူမသည် ထန်ရှုအား နောက်ကျမှ လာတွေ့ရန် အကြောင်းရှိနေသဖြင့်

“ကျွန်မလို မိန်းမသားတစ်ယောက်တောင်မှ မကြောက်တာ ရှင်က ဘာကို ကြောက်နေတာလဲ။ နောက်ပြီး ကျွန်မမှာ ရှင့်ကို ပြောစရာရှိနေတယ်။”

ထန်ရှု တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ လမ်းဖွင့်ပေးလိုက်သည်။ မုဝမ်ရင် အခန်းထဲ ဝင်လာပြီးနောက် သူက တံခါးကို ပိတ်လိုက်ပြီး အခန်းထောင့်ရှိ ဆိုဖာအား ညွှန်ပြလိုက်ကာ

“ထိုင်ပါဗျ။”

မုဝမ်ရင်တွင် မြင့်မြတ်သော မိန်းမပျိုတစ်ယောက်၏အမူအကျင့်ရှိသောကြောင့် သူမသည် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး သူမ၏အရှေ့တွင် ထန်ရှု ဝင်ထိုင်လိုက်သည်ကို ကြည့်နေရင်းမှ

“ပြောရမယ်ဆိုရင် ရှင့်လို လူရွယ်တစ်ယောက်က ရှာမှရှားပါပဲ။”

“ခင်ဗျားလို အမျိုးသမီးကတော့ ကျွန်တော် အများကြီးတွေ့ဖူးပါတယ်။” ထန်ရှု တုံ့ပြန်လိုက်သည်။

မုဝမ်ရင် တစ်ခဏမျှ ကြောင်သွားပြီးမှ သာယာသော အသံလေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သည်။

“ရှင်ကတော့ တကယ်ကိုပဲ။ တကယ်တော့ ရှင့်ကို လာတွေ့ရတာ ရှင်က ပန်းချီနဲ့ လက်ရေးလှကို မနှစ်သက်ဘူးလို့ ကြားတယ်လေ။ အဲ့ဒါကြောင့် ရှင့်လက်ထဲက ရွက်လွှင့်နေသောလှေများနဲ့ ပွဲကြည့်စင်များ ပန်းချီကားကို ဝယ်ချင်လို့ပါ။ ဈေးနှုန်းပြောပါရှင်။”

ထန်ရှု နောက်သို့ လှည့်ကာ ဗီရိုပေါ်တွင် သူတင်ထားသော ပန်းချီကားအား ကြည့်လိုက်ပြီးမှ တည်ငြိမ်သောလေသံဖြင့်

“ခင်ဗျား ဈေးပြောကြည့်ပါ။ ကျွန်တော် အဲ့ဒါကို လက်ခံနိုင်ရင် ရောင်းလိုက်မယ်။ လက်မခံရင်တော့ ခင်ဗျား ပြန်နိုင်ပါတယ်။”

မုဝမ်ရင်အား ကြည့်ရသည်မှာ သူမ တတ်နိုင်သောဈေးနှုန်းအား အကြာကြီး အချိန်ယူ စဉ်းစားနေရဟန်တူသည်။

“ဒီပန်းချီကားက အရမ်းတန်ဖိုးကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မမှာလည်း ပိုက်ဆံက အကန့်အသတ်နဲ့ဖြစ်နေတော့ ၆မီလီယံပဲ အများဆုံး ကမ်းလှမ်းနိုင်ပါတယ်။”

“ဟာ..” ထန်ရှု အံ့အားသင့်သွားသည်။ “ရှေးဟောင်းပန်းချီကားတွေက တကယ်ကို တန်ဖိုးကြီးတာလား။”

“ရှေးဟောင်းပန်းချီကားတွေနဲ့ လက်ရေးလှစာပန်းချီတွေရဲ့တန်ဖိုးကို ရှင် တကယ်မသိတာလား။” မုဝမ်ရင် အံံသြသွားသည်။

“မသိဘူးဗျ။ ကျွန်တော်က အဲ့ဒီအပိုင်းမှာ သိပ်မလေ့လာဖြစ်ဘူး။” ထန်ရှု ခေါင်းယမ်းလျက် ပြန်ပြောလိုက်သည်။

မုဝမ်ရင်သည် သူ့အား ထူးဆန်းဟန် ကြည့်လျက်

“ကြည့်ရတာ ကျွန်မတော့ ဈေးအများကြီး ပေးမိပြီနဲ့တူတယ်။ ကောင်းပြီလေ အဲ့ဒါကို ဘယ်လိုသဘောရလဲ။ ရှင် ရောင်းချင်လား။”

ထန်ရှုသည် လက်ကို ဝှေ့ယမ်းလျက်

“ယူသွားလိုက်ပါ။ ကျွန်တော့်အတွက်လည်း အသုံးမဝင်ပါဘူး။ ကျွန်တော့်အတွက် တကယ့်ပိုက်ဆံနဲ့ လဲလှယ်ရတာက ပိုကောင်းပါတယ်ဗျာ။”

“အိုကေ… ကျွန်မ ရှင့်ကို ပိုက်ဆံလွှဲပေးလိုက်မယ်။” မုဝမ်ရင် ပြောလိုက်သည်။

သိပ်မကြာမီ ထန်ရှုသည် ၆မီလီယံ ငွေလွှဲသတင်းပို့မှုအား ဖုန်းမှတဆင့် လက်ခံရရှိခဲ့သည်။

သူ ထျန်းကျင်းမြို့သို့လာတုန်းက သူ့တွင် မီလီယံအနည်းငယ်သာ ပါလာခဲ့သည်။ နတ်ဆိုးကျောက်တုံးခေါင်းတလားငယ်အား ဝယ်ယူရန် ငွေသိန်းပေါင်းများစွာ သုံးခဲ့ရပြီး ဆောင်းဦးဒီရေနှင့် ကြယ်အပိုင်းအစကျောက်တုံးအား ထပ်ပေါင်းလိုက်သောအခါ ခန်းရှအား သူ့ဆီ ငွေလွှဲပေးပါရန်အတွက်ပင် တောင်းဆိုခဲ့ရသည်။ လက်ရေးလှစာပန်းချီ၄ချပ် ရောင်းပြီးသောအခါ ၁၆မီလီယံ ရရှိခဲ့ပြီး ငွေများအား ရေတွက်မည်ဆိုပါက လက်ရှိ သူ့ထံတွင် ၁၉မီလီယံ ရရှိခဲ့ပြီးဖြစ်တော့သည်။

ယခု ရွက်လွှင့်နေသောလှေများနဲ့ ပွဲကြည့်စင်များ ပန်းချီကားအား ၆မီလီယံနှင့်ရောင်းချလိုက်သောအခါ သူ့ထံတွင် စုစုပေါင်း ၂၅မီလီယံ ရှိခဲ့ပြီဖြစ်လေသည်။

ထန်ရှုသည် တွေဝေခြင်းမရှိဘဲ ခန်းရှဆီသို့ ၂၀မီလီယံအား ချက်ချင်း လွှဲပေးကာ ဖုန်းမှ စာတစ်စောင် ပို့လိုက်သည်။ ထို့နောက် မုဝမ်ရင်အား ကြည့်လိုက်ကာ

“ခင်ဗျား လိုချင်တာ ရပြီးပြီမဟုတ်လား။ ကျေးဇူးပြုပြီး ပြန်ပါတော့။”

ထူးဆန်းသော အမူအရာ၊ လေသံတို့ဖြင့် မုဝမ်ရင်က မေးလိုက်သည်။

“ရှင် ကျွန်မကို တကယ်ပဲ အမြန် ပြန်စေချင်တာလား။ ထန်ရှု… ရှင်က ဦးဆောင်ပြီး ချစ်တင်းနှီးနှောမှုမှာ ပြသနာ မရှိဘူးမဟုတ်လား။ ကျွန်မရဲ့အလှတရားကတောင် ရှင့်ကို မဆွဲဆောင်နိုင်ဘူးတဲ့လား။”

ထန်ရှုက ခေါင်းကို ယမ်းလိုက်ရင်း

“ကျွန်တော်က သာမန်လူတစ်ယောက်ပါပဲ။ ပြောရမယ်ဆိုရင် ခင်ဗျားက တကယ်ကို ဆွဲဆောင်မှုရှိလွန်းလှပါတယ်။ ကျွန်တော့်အိပ်ရာလေးကို ခင်ဗျားက နွေးအောင်လုပ်ပေးချင်တယ်ဆိုရင် ငြင်းလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘာခံစားချက်မှ မရှိဘဲ တစ်ညတာ ကုန်ဆုံးပြီး ချစ်တင်းနှီးနှောတယ်ဆိုတာ တကယ်ကို အဓိပ္ပာယ်မရှိတဲ့အပြင် တအား ငြီးငွေ့စရာ ကောင်းလှတယ်ဗျာ။ ဒါပေါ့… ဒါလည်း ခြွင်းချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။”

ထန်ရှု၏ငြင်းဆိုချက်ကို ကြားပြီး မုဝမ်ရင် ပဟေဠိ ဖြစ်သွားရသည်။

“ဘာခြွင်းချက်များလဲ။”

ထန်ရှုက ပျင်းရိလေးတွဲ့ဟန်ဖြင့်

“ခင်ဗျားက အပျိုစင်လေးတစ်ယောက်ဖြစ်တယ်။ ခင်ဗျားရဲ့ပထမဆုံးကို ခင်ဗျားလိုချင်ပေမယ့် စိတ်ရှုပ်စရာကောင်းတဲ့ ပြသနာတွေက ကျွန်တော့်ဆီ ရောက်လာတော့မယ်။ ကျွန်တော်က ဘယ်အရာကိုမှ မကြောက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပေမယ့် စိတ်ရှုပ်စရာကောင်းတဲ့ ပြသနာတွေ ရှိတာကိုတော့ မကြိုက်ဘူးဗျ။”

***

All Chapters