← Chapters

လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးအရိုး

Vol. 05 Ch. 228

လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးအရိုး

Vol. 05 Ch. 228

မုဝမ်ရင်သည် ထန်ရှုအား ကြည့်ရင်း ကြက်သေ သေသွားသည်။ ထန်ရှုသည် ထိုကဲ့သို့ ငြင်းဆိုလိမ့်မည်ဟု သူမ လုံး၀ မမျှော်လင့်ထားချေ။ ထို့ပြင် ထိုစကားမျိုးအား ယောကျာ်းတစ်ယောက်ဆီမှ ပထမဆုံးအကြိမ်အဖြစ် သူမ ကြားဖူးရခြင်းဖြစ်သည်။

ထူးဆန်းတဲ့ ခံစားမှုတစ်ရပ်! သူမသည် အတော်ပင် ရှက်ကိုးရှက်ကန်းဖြစ်ကာ ရှက်ရွံ့သွားခဲ့သည်။

သူမ၏ကြည်လင်ဖြူဝင်းသော ဘဲဥပုံမျက်နှာလေးထက်တွင် ရှက်သွေးများ ဖြာလာလျက် အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ တံခါးဆီသို့ မပြေးရုံတမည် လျှောက်သွားလေသည်။ သူမ၏ ရှက်ကိုးရှက်ကန်းဖြစ်ကာ ရှက်ရွံ့နေသောအမူအရာအား ထန်ရှု မြင်သွားမည်ကို စိုးထိတ်နေခဲ့သည်။

“ခင်ဗျား ပန်းချီကား ယူမသွားတော့ဘူးလား။” သူမ၏ကျောပြင်လေးအား ကြည့်ရင်း ထန်ရှု၏နှုတ်ခမ်းသည် အနည်းငယ် တွန့်သွားသည်။

မုဝမ်ရင်ခမျာ သွားနေရာမှ ရပ်တန့်သွားခဲ့ရသည်။ သူမ၏မျက်နှာ အတော်ပူနေသည်ကို ခံစားမိနေသည်။ ချက်ချင်းလှည့်ကာ ဗီရိုပုလေးဆီသို့ အပြေးသွားလျက် ပန်းချီကားအား ယူလိုက်ပြီးနောက် တံခါးဝဆီသို့ တစ်ဟုန်ထိုး ပြေးကာ တံခါးဖွင့်ပြီး ထွက်သွားလေတော့သည်။

သူမ၏အခန်းကို ပြန်ရောက်သည်နှင့် တံခါးအား ပိတ်လိုက်ကာ ထိုတံခါးတွင် မှီကာ ရပ်နေရင်း ရှက်စိတ်သည် နားရွက်ဖျားလေးမှသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရဲတက်သွားတော့သည်။ မည်သည့်အကြောင်းကြောင့်ရယ်မှန်း သူမ မသိပါသော်လည်း သူမ၏နှလုံးခုန်သံသည် မြန်ဆန်နေခဲ့သည်။ ထန်ရှု ပြောခဲ့သလို သူမသည် အပျိုစင်လေးတစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။ သည်အကြောင်းအရာသည် သူမ လက်ခံနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားခြင်းကြောင့်ဖြစ်နိုင်ပေသည်။

အချိန်တိုခဏ သူမ ရှက်သွေးဖျန်းကာ ယောက်ယက်ခတ်နေသော်လည်း အချိန်ကြာလာသည့်အခါ သူမ တည်ငြိမ်လာခဲ့သည်။

“အဲ့ဒီလူက တကယ်ထူးဆန်းတာပဲ။”

မုဝမ်ရင် ပင့်သက်တစ်ချက်အား ညင်သာစွာ ရှိုက်လိုက်ရင်း ရှက်နေသော အမူအရာဖြင့် အခန်းတွင်းသို့ လျှောက်လာသည်။

ထန်ရှု၏ဟိုတယ်အခန်းအတွင်းတွင်…

ထန်ရှုက အဝါရောင်အထုပ်လေးအား အသာအယာ ဖွင့်ကာ နတ်ဆိုးကျောက်ခေါင်းတလားအား ထုတ်လိုက်သည်။ တစ်ခဏမျှ ထိုအရာအား ဖွင့်ရန် ကြိုးစားပြီးနောက် ခေါင်းတလားအဖုံးသည် ခွဲခြားမရပဲ တွယ်ဆက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးမပြုခဲ့ပါက ထို၂ခုအကြားရှိ ဟနေသောအရာအား ရှာနိုင်လိမ့်မည်မဟုတ်ပါချေ။ ထို့အပြင် နတ်ဆိုးကျောက်တုံး၏ပင်ကိုယ်သဘာဝအားဖြင့် စိတ်ဝိညာဉ်အာရုံခံမှုအား ပိတ်ဆို့ထားသည့်သဘောသဘာဝရှိသောကြောင့် အထဲတွင် မည်သည့်အရာ ရှိနေသည်ကို သူ မသိနိုင်ပါချေ။

နောက်ဆုံးတွင် ထန်ရှုသည် ထိုအရာအား ရှာဖွေဆန်းစစ်နေမှုအား ရပ်တန့်လိုက်ပြီး သူ၏ကြယ်စွမ်းအားစုအား တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။

“ကလစ်…”

ဟနေသောအရာသည် ပွင့်လာခဲ့သဖြင့် ထန်ရှုသည် သူ၏လက်အား အလင်း၏လျင်မြန်ခြင်းနှုန်းဖြင့် လှုပ်ရှားရာ အဖုံးသည် ညင်သာစွာ ကြွတက်လာခဲ့သည်။

“ဒီဟာ…”

ထန်ရှု၏မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ မြင်လိုက်သောအရာအား ယုံကြည်ရန်ပင် ခက်ခဲနေခဲ့သည်။ သူ၏အေးစက်စက်နေတတ်သော အမူအကျင့်အရဆိုပါက သူ့အား တုန်လှုပ်သွားစေသည့်အရာများမှာ အနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်မည်။ သို့သော်လည်း ခေါင်းတလားအတွင်းရှိ အရာဝတ္ထုမှ သူ့အား အကြီးအကျယ် အံ့သြတုန်လှုပ်မှုအား ပေးခဲ့သည်။ တိတိပပဆိုရပါလျှင် ထိုအရာသည် အံ့သြတုန်လှုပ်မှုသာမက ခြောက်ခြားစရာတစ်ခုနှင့် ပိုမိုနီးစပ်ပေလိမ့်မည်။

ခေါင်းတလားအတွင်းရှိ အရာဝတ္ထုသည် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးအရိုးပင် ဖြစ်တော့သည်။ သည်အရိုးသည် ကြီးမြတ်သော နတ်ဆိုးဧကရာဇ်၏အရိုးဖြစ်မှန်း ထန်ရှု ရှင်းရှင်းလင်းလင်းကြီး သိနေပေသည်။

ထို့အပြင် ကြီးမြတ်သော နတ်ဆိုးဧကရာဇ်ဖြစ်သော ဟစီလူသည် သူ့အား နှစ်ထောင်ပေါင်းများစွာ အနှောင့်အယှက်လိုက်ပေးနေသောသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။

ပြီးတော့ သည်နတ်ဆိုးအရိုးသည် ထိုနတ်ဆိုးခန္ဓာ၏ရင်ဘတ်မှ သူ ယူထားခဲ့ပြီးသော အရိုးပင် ဖြစ်တော့သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ စီလူက ဒီနတ်ဆိုးအရိုးကို သန့်စင်နိုင်တဲ့သူလေ။ သူ့ရဲ့နှစ်၂သောင်း အသက်သက်တမ်းမှာ တပည့်လည်း မထားခဲ့ဖူးပါဘူး။ ကမ္ဘာပေါ်ကို ဒီဟာက ဘယ်လိုရောက်တာလဲ။ သူ သေဆုံးသွားတာများ ဖြစ်နိုင်မလား။ ဒါပေမယ့် သူ သေဆုံးခဲ့ရင်တောင် သူ့ရဲ့နတ်ဆိုးအရိုးကို ကမ္ဘာမြေကို ဘယ်သူ သယ်လာတာလဲ။ ယန်အာများ ဖြစ်လေမလား။”

ထန်ရှု၏မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏နှလုံးအိမ်အတွင်းမှ အံ့သြတုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့အား ဖိနှိပ်ကာ တည်ငြိမ်အောင် ကြိုးစားနေရသည်။

သည်အရိုးသည် စီလူ၏အရိုး မဟုတ်လျှင်တောင်မှ သူ့အတွက် အရေးကြီးပေသည်။ လက်ထဲရှိ သည်အရိုးနှင့်အတူ သူ၏ကျင့်ကြံမှုသည် နှစ်အနည်းငယ်အတွင်း အင်မော်တယ်စဦးပိုင်းအဆင့်နှင့် ယှဉ်နိုင်လာလိမ့်မည်ကို ထန်ရှု သေချာ သိနေခဲ့သည်။

“ကံမကောင်းချင်တော့ ငါ့ရဲ့ကျင့်ကြံမှုက အားနည်းလွန်းပြီး ကျင့်ကြံမှုအခြေခံက မလုံလောက်သေးတာပဲ။ ဒီအရိုးမှာ ပါတဲ့စွမ်းအားတွေကို ငါ မခံနိုင်သေးတော့ သန့်စင်နိုင်ဦးမှာ မဟုတ်ဘူး။ ငါ့ရဲ့ကောင်းကင်စကြာဝဠာ ကျင့်စဉ်ကျင့်ကြံမှုက ကြယ်ခန္ဓာစဦးပိုင်းအဆင့်ကို ပြီးပြည့်စုံတဲ့အထိ မရောက်ရင် အဆင်ပြေမှာ မဟုတ်ဘူး။”

ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခေါင်းတလားအား ပိတ်ရန် အဖုံးအား သူ၏လက်ချောင်းဖြင့် အားသုံးကာ ဖိလိုက်သည်။ နတ်ဆိုးကျောက်တုံးခေါင်းတလားအား ညင်သာစွာ ကိုင်လျက် ထိုအရာမှ နတ်ဆိုးစွမ်းအားကို ငြိမ်သက်စွာ စုပ်ယူလိုက်လေသည်။

လက်ရှိတွင် ထန်ရှုမှာ နတ်ဆိုးအရိုးမှ စွမ်းအားအား သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနိုင်စွမ်းမရှိသလို စုပ်ယူနိုင်မည့် နည်းလမ်းများလည်း မရှိသေးသည်မှာ ပိုမိုသနားစရာ ကောင်းနေပေသည်။ သို့ပါသော်လည်း သူ့ထံတွင် နတ်ဆိုးကျောက်တုံးခေါင်းတလား ရှိနေပြီဖြစ်သောကြောင့် သူ၏ကျင့်ကြံမှုမြင့်တက်လာပါက ခေါင်းတလားအတွင်းမှ နတ်ဆိုးစွမ်းအားကို စုပ်ယူကျင့်ကြံနိုင်မည်ဖြစ်ပေသည်။

ကောင်းကင်စကြာဝဠာကျင့်စဉ်၏ကျင့်ကြံမှုလမ်းကြောင်းအတိုင်း ထန်ရှုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်စွမ်းအားကို လည်ပတ်စေလိုက်သည်။ ထိုခဏတွင် ကောင်းကင်ထက်မှ တောက်ပနေသော ကြယ်စွမ်းအားများသည် ချက်ချင်းပင် မှေးမှိန်သွားကာ အရပ်မျက်နှာအားလုံးမှ ဒီရေအလား စီးဆင်းလာလေသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးကျောက်တုံးခေါင်းတလားအတွင်းမှ နတ်ဆိုးစွမ်းအားသည် သူ၏လက်ဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာခဲ့သည်။

ကြယ်စွမ်းအားနှင့် နတ်ဆိုးစွမ်းအား ချိတ်ဆက်မိသောခဏတွင် မည်သည့်ဆန့်ကျင်ဘက်မျှ မဖြစ်ဘဲ ရောစပ်သွားပြီး ရေသဖွယ် တစ်သားတည်း ဖြစ်လာပြီးနောက် ကြည်လင်တောက်ပသောအရည်အသွင်သို့ ပြောင်းသွားကာ သူ၏ခန္ဓာကိုယ်ဆီသို့ လှိုင်းလုံးကြီးများသဖွယ် တလိမ့်လိမ့်တက်လာခဲ့သည်။

ထန်ရှုသည် သူ၏ခွန်အားမှာ မယုံနိုင်စရာအရှိန်ဖြင့် မြင့်တက်လာနေသည်ကို ခံစားမိနေသည်။ ထိုကြည်လင်တောက်ပသော အရည်သည် သူ၏ခန္ဓာကိုယ်အား မရပ်မနား ဆေးကြောလျှော်ဖွပ် သန့်စင်နေသည်။ သူ၏ခန္ဓာကိုယ်မှ မသန့်စင်သောအရာများ ထွက်သွားအောင် အဆက်မပြတ် တွန်းအားပေး ပုံသွင်းနေခဲ့ပြီး ထပ်ကာထပ်ကာ ရောစပ်နေလျက်ရှိသည်။ ထိုကြည်လင်တောက်ပသောအရည်ကြောင့် အရပ်မျက်နှာအားလုံးမှ ကြယ်စွမ်းအားများ စီးဆင်းလာရခြင်းဖြစ်တော့သည်။

ထိုစွမ်းအားများသည် ယခင်ကထက် အဆပေါင်းများစွာ တိုးမြင့်စီးဆင်းလာခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့ဝင်ရောက်လာကာ သူ၏ကျင့်ကြံမှုအုတ်မြစ်အား ပြောင်းလဲစေခဲ့သည်။

ထိုအရာသည် နာကျင်ရသော်လည်း သက်တောင့်သက်သာရှိပေသည်။ ထန်ရှုသည် ဆန့်ကျင်ဘက်ဖြစ်နေသော ထိုခံစားမှုအား ရှင်းလင်းစွာ ခံစားမိခဲ့သည်။ ပြီးတာနှင့် တဖြည်းဖြည်းချင်း သူ၏အသိတရားများသည် အမှောင်ထုအတွင်းသို့ ကျရောက်သွားပြီး ထိုနေရာတွင်ပင် မလှုပ်မယှက် ထိုင်နေမိသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ထန်ရှုသည် မနက်အစောပိုင်း ပထမဆုံး နေရောင်ခြည်ကျလာသည့်တိုင် ထိုပုံစံအတိုင်းပင် ရှိနေခဲ့သည်။ သူ၏မျက်လုံးများ ဖွင့်လိုက်သည်နှင့် ပြည့်ဝသောစွမ်းအားကို ခံစားမိသောကြောင့် သူ၏အပြုံးအား မဖုံးကွယ်နိုင်တော့ပါပေ။

ထန်ရှုသည် သူ၏အရေပြားသန်မာမှုအား ရှင်းလင်းစွာ ခံစားမိနေသည်။ သူ၏အရေပြားအလွှာများကြားတွင် သန်မာသော ကြယ်စွမ်းအားသည် စမ်းချောင်းတစ်ခုအဖြစ် အကန့်အသတ်ထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူ၏ကြယ်စွမ်းအားသည် အရေးပါအရာရောက်သော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ပြီဖြစ်ကာ ယခုတွင် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအလား ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်မှ သူ့အား သေနတ်ဖြင့် ပစ်ပါက ကျည်ဆံများသည် သူ၏အရေပြားအား ထိုးဖောက်နိုင်မည်မဟုတ်ဟူသော ခံစားချက်အား သူ ရရှိနေပြီဖြစ်တော့သည်။

“နောက်ဆုံးတော့ အရေပြားသန်မာခြင်းအဆင့်က ပြီးပြည့်စုံမှုကို ငါ ရောက်လာခဲ့ပြီ။ ဒီအဆင့်ကို ချိုးဖြတ်ပြီး အသားသန်မာခြင်းအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်။ နောက်ပြီး ငါ့ရဲ့ပြင်ပခွန်အားက အသားသန်မာခြင်းအဆင့်ကို ကျော်လွန်နေပြီးသားဆိုတော့ ဒီအဆင့်မှာ ငါ့ရဲ့ဖွဲ့စည်းပုံက ဘယ်လောက်တောင် ခွန်အားကြီးလာမလဲဆိုတာ သိချင်စမ်းပါဘိ။”

ထန်ရှုသည် ထိုအတွင်းဘက်ဆီသို့ ရှေးရှူကြည့်လိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံး နံဟောင်နေသောကြောင့် ရုတ်ခြည်းပင် သူ၏မျက်ခုံးများ မြင့်တက်သွားရသည်။ သူ၏အရေပြားအပေါ်မှာ မည်းညစ်နေသော အလွှာအား ကြည့်ရင်း သူ၏ကိုယ်အား လှုပ်ခါလိုက်သည်။ အံ့အားသင့်စွာပင် သူ၏ကိုယ်မှ အညစ်အကြေးများသည် ယခင်ကထက် ပိုမိုထွက်လာသည်ကို တွေ့လိုက်ရသည်။

ထန်ရှုက ရေချိုးခန်းဆီသွားကာ သက်တောင့်သက်သာဖြစ်လှစွာဖြင့် ရေမိုးချိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အညစ်အကြေးများ လုံးဝသန့်စင်သွားတော့မှသာလျှင် ရေချိုးခြင်းအမှုပြီးဆုံးတော့သည်။ ထန်ရှုသည် အဝတ်အစားလဲပြီးနောက် သူ၏အခန်းထဲမှ စိတ်အားတက်ကြွစွာ ထွက်ခွာလာသည်။ လီပိုင်ယီနှင့်မုဝမ်ရင်တို့၏ အခန်းနံပါတ်များနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား မသိသောကြောင့် ထိုသူများအား မနှုတ်ဆက်တော့ရန် ဆုံးဖြတ်လိုက်ပြီး ဟိုတယ်မှ ချက်ချင်းထွက်ခွာကာ လေဆိပ်သို့ တက္ကစီဖြင့် သွားလိုက်တော့သည်။

သူ့အား များစွာ အံ့အားသင့်ရသည်မှာ ပါမောက္ခဟူအား လေယာဉ်လက်မှတ်ရောင်းသောနေရာတွင် ကြိုရောက်နေကာ သူ့အား စောင့်မျှော်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

“အာ.. အစောကြီးပါလားဗျ။” သူ့ဆီသို့ ထန်ရှု လျှောက်သွားကာ စကားစလိုက်သည်။

ပါမောက္ခဟူက အားတင်းပြုံးလိုက်ပြီး

“လေဆိပ်မှာ ဆုံမယ်လို့ ငါတို့ သဘောတူညီထားခဲ့ပေမယ့် အချိန်ကို မသတ်မှတ်လိုက်ကြဘူးလေ။ ဟိုတယ်မှာ လာရှာဖို့ အစီအစဉ်ရှိပေမယ့် မင်း မနက်အစောကြီး ထပြန်သွားမှာစိုးတာနဲ့ ဒီကိုပဲ အစောကြီးလာလိုက်ပြီး စောင့်နေခဲ့တာ။”

“ဟုတ်ပါပြီဗျာ။ သွားကြစို့။ ကျွန်တော်လည်း လက်မှတ်မဝယ်ရသေးဘူးဆိုတော့ လက်မှတ်အရင်ဝယ်ပြီးမှ တစ်ခုခုစားဖို့ နေရာရှာကြတာပေါ့။”

“ကောင်းပြီလေ။”

ထျန်းကျင်းမြို့ရှိ ရှီရာတွန်ဟိုတယ်တွင်…

ဘလောက်စ်အကျီနှင့် စကတ်အရှည် ဝတ်ဆင်ထားပြီး နူးညံ့ပျော့ပြောင်းသော ဆံနွယ်များအား ဖြန့်ချထားသော မုဝမ်ရင်သည် ထန်ရှု၏အခန်းဆီသို့ လာကာ တံခါးခေါက်လိုက်သည်။ အချိန်အတန်ကြာသည့်တိုင်အောင် စောင့်နေပြီးနောက် တုံ့ပြန်မှုမရှိသောကြောင့် ဟိုတည်ဧည့်ခန်းမဆီသို့ သွားလိုက်ရာ ထန်ရှု အခန်းအပ်ပြီး ထွက်ခွာသွားသည်ကို သိလိုက်ရလေသည်။

“ဘာ။ သူက ထွက်သွားပြီလား။” လီပိုင်ယီ အံ့အားသင့်သွားသည်။

“ဟုတ်ကဲ့။” မုဝမ်ရင်က ခေါင်းညိတ်ပြလိုက်ပြီး မချိပြုံး ပြုံးလျက်

“သူ အခန်းအပ်သွားတာ တစ်နာရီရှိသွားပြီ။”

“ဒါက ပုံမှန်ပါပဲ။ မနေ့က ငါတို့ ဖုန်းနံပါတ်တွေ လဲဖို့ မေ့သွားခဲ့ပြီး ငါတို့ဘယ်အခန်းမှာ နေလဲဆိုတာကို သူ မသိဘူးလေ။ ဒါနဲ့ ငါ အဖိုးကြီးဟူကို ဖုန်းဆက်တော့ သူတို့ ဒီနေ့ လေဆိပ်မှာ ဆုံဖို့ ချိန်းထားတယ်တဲ့။ သူ့ကိုပဲ ထန်ရှုရဲ့ဖုန်းနံပါတ် ပို့ပေးဖို့ ပြောရတော့မှာပဲ။”

သို့သော်လည်း သူ ဖုန်းဆက်ကာ စကားအနည်းငယ် ပြောပြီးနောက် ဖုန်းပြန်ချလိုက်ပြီး ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ကာ

“ဒီနေ့ခေတ်လူငယ်တွေက ဆိုးဆိုးရွားရွားကို အပျင်းထူကြပေမယ့် ဒီထန်ရှုကတော့ အတော် အံ့သြဖို့ကောင်းတဲ့ လူငယ်ပဲ။ သူက စောစောအိပ်ရာထပြီး လေဆိပ်ကို အပြေးသွားတယ်။ အဖိုးကြီးဟူကို ထန်ရှုရဲ့ ဖုန်းနံပါတ်တောင်းပေးဖို့ ငါ ပြောပြီးသွားပြီ။ ရှန်ဟိုင်းကို ပြန်ရောက်တာနဲ့ ဆောင်းဦးဒီရေနဲ့ ကြယ်အပိုင်းအစကို ကြယ်တာရာဆီ ပို့ပေးလိုက်မယ်။”

“ဆရာ့ကြည့်ရတာ ဒီထန်ရှုကို အခု ဂရုစိုက်နေတဲ့ပုံပဲနော်.. ဟိ..” မုဝမ်ရင် ရယ်ကာ ပြောလိုက်သည်။

လီပိုင်ယီက သက်ပြင်းချလိုက်ပြီး

“ငါလည်း မတတ်နိုင်ဘူးလေ။ သူက ငါ့ရဲ့သိချင်စိတ်ကို နှိုးဆွသွားတာကိုး။ မနေ့ညကသာ သူနဲ့ဆုံခဲ့ပေမယ့်လည်း သူက တအားဆန်းကြယ်တယ်ဆိုတာ ငါတို့လည်း အသိသားမဟုတ်လား။ မင်းရော သူ့အကြောင်း မသိချင်ဘူးလား။”

“ဟုတ်ပါတယ်။ သူက တအား ဆန်းကြယ်လို့ ကျွန်မလည်း သူ့အကြောင်း သိချင်မိတယ်။” မုဝမ်ရင်က တုံ့ပြန်လိုက်သည်။

“ငါတို့ သူ့အကြောင်းသိဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ လူတစ်ယောက်ကို အတွေးနဲ့တင် ရှုံးသွားအောင် ပန်းချီဆွဲနိုင်တယ်၊ အဖိုးတန်မြင့်မြတ်တဲ့ လက်ရေးလှပန်းချီတွေကို ရေးနိုင်တယ်၊ စိတ်ဓာတ်ကောင်းတယ်၊ ပါမောက္ခ အလွယ်တကူ ဖြစ်နိုင်တဲ့ လူငယ်တစ်ယောက်။ မင်းပြောတာ မှန်ပါတယ်။ သူ့အကြောင်းကို ငါ တကယ်ကို သိချင်မိတယ်။” လီပိုင်ယီ ပြုံးလိုက်သည်။

မုဝမ်ရင်က ခပ်ဖွဖွ ပြုံးလျက်

“ဆရာ… ၂ခု ကျန်နေခဲ့ပြီ။”

“ဟမ်…” လီပိုင်ယီ ပဟေဠိ ဖြစ်သွားသည်။ “ဘယ်အချက်တွေ ကျန်ခဲ့တာပါလိမ့်။”

“သူက ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်ဖြစ်ပြီး အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းသူဋ္ဌေးကြီး ချန်းကျီကျုံးရဲ့ ဆရာလည်း ဖြစ်တယ်။”

လီပိုင်ယီ သူ့နဖူးအား လက်ဝါးဖြင့် ဖတ်ကနဲနေအောင် ရိုက်ကာ ပြုံးလိုက်ရင်း

“ငါက အသက်ကြီးပြီဆိုတော့ တကယ်ကို မေ့တတ်တာပဲ။ ဟုတ်တာပေါ့… ဒီလူငယ်က လျှို့ဝှက်ချက်တွေ အပြည့်နဲ့ပဲ။ ငါ သူ့ကို တကယ်ကို နှံ့နှံ့စပ်စပ် သိချင်မိတော့တယ်။ အရိုးသား ပြောရရင် ငါ့ဘဝမှာ ကမ္ဘာ့နေရာအနှံ့အပြားကို ရောက်ဖူးသလို ရှန်ဟိုင်းတက္ကသိုလ်နဲ့ ချိတ်ဆက်ပြီး သုတေသနလုပ်ကြတဲ့ ထူးချွန်တဲ့သူတွေ အများကြီးနဲ့ တွေ့ဖူးပါတယ်ကွာ။ ဒါပေမယ့် သူ့ထက် ပိုပြီးထူးချွန်တဲ့သူ မရှိဘူးဆိုတာ အခုတော့ ငါ နားလည်ခဲ့ပြီ။”

မုဝမ်ရင်က ဖျော့တော့စွာ ပြုံးလိုက်ရင်း

“သူက တကယ်ကို တအား ထူးချွန်တဲ့သူပါ။ ဒါပေမယ့် လူထူးလူဆန်းတစ်ယောက်လည်း ဖြစ်တယ်ဆရာ။”

“ဟ…” လီပိုင်ယီ ဒွိဟ ဖြစ်သွားသည်။ “မင်း ဘာကို ဆိုလိုတာလဲ။”

မနေ့ညက ထန်ရှု၏ခံစားချက်မပါသော ငြင်းဆိုမှုကို ပြန်တွေးမိရင်း မုဝမ်ရင်၏ချစ်စရာကောင်းသော မျက်နှာလေးမှာ ရှက်သွေးဖြန်းလာလေသည်။

သူမသည် ခေါင်းကိုသာ ယမ်းပြလိုက်ရင်း

“ဆရာ… ထျန်းကျင်းမြို့က အလုပ်တွေ ပြီးသွားပြီဆိုတော့ ရှန်ဟိုင်းကို ပြန်တော့မှာလား။ ဒါမှမဟုတ် တပည့်နဲ့ ပေကျင်းမှာ ခဏလောက်နေဦးမလား။ အဘိုးကလည်း ဆရာနဲ့ အချိန်အကြာကြီး စကားပြောချင်နေသေးတယ်။”

လီပိုင်ယီ တစ်ခဏမျှ တွေဝေသွားပြီးမှ

“ငါ ရှန်ဟိုင်းကို အရင်ပြန်လိုက်မယ်။ ထန်ရှုဆီကို ဆောင်းဦးဒီရေနဲ့ ကြယ်အပိုင်းအစကျောက်တွေ ပို့ဖို့လိုသေးတယ်။ အဲ့ဒါပြီးသွားရင်တော့ ပေကျင်းကိုလာပြီး မင်းအဖိုးကို လာတွေ့ပါမယ်။”

“ကောင်းပါပြီဆရာ။ အဲ့ဒါဆို ပေကျင်းမှာ စောင့်နေပါမယ်။” မုဝမ်ရင်က သိမ်မွေ့စွာ တုံ့ပြန်လိုက်သည်။

လီပိုင်ယီက ပြုံးလျက်

“အိုကေ.. အဖိုးကို ပြောလိုက်ပါဦး။ ငါ့အတွက် ဝိုင်ကောင်းကောင်းတစ်လုံးလောက် ကြိုပြင်ထားတာ ပိုကောင်းမယ်လို့။ သူနဲ့အတူ စကားပြောရင်း သောက်ကြမယ်။”

“စိတ်မပူပါနဲ့ဆရာ။ ဆရာ့အမှာစကားကို အဖိုးကို ပြောလိုက်ပါမယ်။” မုဝမ်ရင်က သူမ၏နှုတ်ခမ်းလေးများအား ကာလျက် ခပ်ဖွဖွ ရယ်မောလေတော့သည်။

***

All Chapters