အလွန့် အလွန် အလုပ်များသောလူ
Vol. 05 Ch. 229
ကြယ်တာရာမြို့…
ထန်ရှုနှင့် ပါမောက္ခဟူ လေဆိပ်သို့ ရောက်လာသောအခါ ချန်းကျီကျုံးသည် လေဆိပ်တွင် ကိုယ်တိုင်လာရောက် စောင့်ဆိုင်းနေသည်ကို ထန်ရှု လှမ်းတွေ့လိုက်ရသည်။
“ဆရာ… ပြန်လာပြီ။” ချိန်းကျီကျုံးက ထန်ရှုအား လေးစားစွာ နှုတ်ဆက်လိုက်ပြီး ရှေ့မှ ပါမောက္ခဟူအား ချက်ချင်း လှမ်းကြည့်လိုက်သည်။
“လုပ်စရာလေး လက်စသတ်ပြီးတော့ အချိန်ဖြုန်းတီးရာမကျအောင် အမြန်ပြန်လာခဲ့တာ။ စကားမစပ် နောက်ဆက်တွဲကိစ္စရပ်တွေအတွက် ခင်ဗျား ကောင်းကောင်းလုပ်နေခဲ့တယ်လို့ ခန်းရှက ပြောတယ်။ ဒီဟာလက်စသတ်သွားတာနဲ့ လာမယ့်စီမံကိန်းအတွက် အမြန်ရင်းနှီးမြှုပ်နှံလို့ရမယ်။ ကျွန်တော် ငွေတော်တော် ပြတ်လတ်နေပြီဆိုတော့ စီမံကိန်းရဲ့နောက်ဆုံးရလဒ်က ကျွန်တော့်ရဲ့ငွေကြေးကို အထောက်အကူပြုဖို့ မျှော်လင့်နေရတာပဲ။”
ချန်းကျီကျုံး ပြုံးတုံ့တုံ့အမူအရာဖြင့်
“ဆရာ့စကားကို ငါ စိတ်ထဲမှာ မှတ်သားထားပါတယ်။ လုံဟန်ဝမ်နဲ့ ကျန်တဲ့သူတွေကို တွန်းအားပေးလိုက်ပါမယ်။”
ထို့နောက် ထန်ရှုက မိတ်ဆက်ပေးလိုက်သည်။
“သူက… အာ… မေ့လိုက်တော့။ ခင်ဗျား သူ့ကို ပါမောက္ခဟူလို့ ခေါ်နိုင်တယ်။ ကျွန်တော် ထျန်းကျင်းကို သွားတာ သူ့ကို သွားတွေ့တာဖြစ်သလို သူက ဆေးပင်တွေ ဝယ်ဖို့ ခင်ဗျားနဲ့ တွေ့ဖို့လိုတယ်။ သူ့ကို ဆေးပင် မြန်မြန် ကူရှာပေးလိုက်ပါ။ သူ့မှာ အချိန်အများကြီး မရှိတော့ဘူး။”
“ဆရာ မနေ့ညက ခေါ်ကတည်းက တပည့်တွေကို ရှာဖို့ ညွှန်ကြားထားပြီးပါပြီ။ ဒီရက်ပိုင်းဆိုရင် အဖြေသိရတော့မှာပါ။” ချန်းကျီကျုံး ပြန်ဖြေခဲ့သည်။
“ဒီကိစ္စကို ခင်ဗျား စီစဉ်ပေးတာ ကောင်းတယ်။ ကျွန်တော် တောင်တံခါးကို အရင် ပြန်ရမှာမို့ သူ့ရဲ့နေရေးထိုင်ရေး စီစဉ်ပေးလိုက်ပါဦး။ သူ ကြယ်တာရာမှာ နေချင်တယ်ဆိုရင် နေစရာ ရှာပေးလိုက်ပါ။ ပြန်မယ်ဆိုရင်လည်း လက်မှတ်ဝယ်ပေးလိုက်ပါဗျာ။”
“ကောင်းပါပြီ။” ချန်းကျီကျုံး လေးလေးစားစား ခေါင်းညိတ်လိုက်သည်။
ထန်ရှုနှင့် ချန်းကျီကျုံးတို့၏ဆက်ဆံရေးကို ကြည့်ပြီး ပါမောက္ခဟူ တုန်လှုပ်ခဲ့မိသည်။ ချန်းကျီကျုံး၏ပုံရိပ်နှင့် နိုင်ငံအတွင်း သူ၏တည်ရှိမှုအား ပါမောက္ခဟူ ကောင်းစွာ သိပေသည်။ မနေ့ညက သူ အိမ်ပြန်ရောက်သည်နှင့် ချန်းကျီကျုံးနှင့် သူ၏အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းအကြောင်း စုံစမ်းမှုတစ်ခု ပြုလုပ်ခဲ့သဖြင့် ထိုစုံစမ်းမှုမှတစ်ဆင့် ထိုသူ၏ပိုင်ဆိုင်မှုသည် ခန့်မှန်းခြေ ၁၀ဘီလီယံ ရှိမည်ဖြစ်ပြီး သူ့ထက် ၂ဆ သို့မဟုတ် ၃ဆ ပိုချမ်းသာပေမည်။
လက်ရှိအခြေအနေတွင် ပါမောက္ခဟူတစ်ယောက် ထန်ရှု၏အကြောင်းအား ပိုမိုသိလိုစိတ်ပြင်းပြလာခဲ့သည်။
တောင်တံခါးအိမ်ရာ…
ထန်ရှု အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူ စုလင်းယွမ်အား ဂူရင်နှင့်စကားပြောနေသည်ကို တွေ့လိုက်ရပြီး အေပရွန်ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးသည် အိမ်ခန်းထဲတွင် သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည်။
“အမေ… အစ်မကြီးမုက သွားပြီလား။” ထန်ရှုက သူ၏ခရီးဆောင်အိတ်အား ဆိုဖာပေါ်တွင် တင်လိုက်ရင်း အပြုံးဖြင့် မေးလိုက်သည်။
စုလင်းယွမ်ကလည်း ပြုံးလျက်
“သား ခရီးသွားတာ အမေ မနေ့ညကမှ သိတယ်။ အဲ့ဒါကြောင့် ရင်လေးနဲ့ ဒီမှာ လာနေပေးတာ။ မင်းအစ်မကြီးကတော့ သွားပြီ။ နည်းပြဆရာတွေနဲ့ တစ်ပတ်ကြာ လေ့ကျင့်ရမယ်လို့ ပြောတယ်။ မသွားခင် အိမ်ရာစီမံရေးရုံးကို အကူ၂ယောက်ရှာပေးဖို့ မှာခဲ့တယ်။”
ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း အကူ၂ယောက်မှာ အလုပ်ရပ်သွားသည်ကို မြင်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ရင်း
“သည်အိမ်မှာ သန့်ရှင်းရေးလုပ်ဖို့ မလိုတဲ့ နေရာ၂ခုရှိတယ်။ တစ်ခုက ကွန်တော့် စာကြည့်ခန်းဖြစ်ပြီးတော့ နောက်တစ်ခုက အိမ်အပြင်ဘက်က ဂိုဒေါင်ဖြစ်တယ်။”
“နားလည်ပါပြီ။”
“ဟုတ်ကဲ့ပါ။”
အကူအမျိုးသမီး၂ဦးမှာ ခေါင်းညိတ်ကာ ပြန်ဖြေသည်။
ထန်ရှုသည် ဂူရင်ဘက်လှည့်ကာ ပြုံးရင်း မေးသည်။
“မင်းကရော… ဒီနေ့ စာမသင်ရဘူးလား။”
“မနက်ပိုင်း သင်တာက ပြီးသွားပြီ။ မနက်ပိုင်းဆရာက ပြောတယ် မနက်စောစောမှာ သင်ယူတာက အရာရာကို အလွန်ရှင်းလင်းလွယ်ကူစွာ ဆုပ်ကိုင်မိစေတယ်တဲ့။ အဲ့ဒါကြောင့် ရင်ရင်တို့ နေ့တိုင်း ခပ်စောစောပဲ သင်ခန်းစာတွေကို သင်ယူလေ့လာကြတယ်။ ဒါနဲ့..ဆရာ ရင်ရင့်ကို ပိုက်ဆံနည်းနည်း ပေးလို့ရမလား။”
“မင်းက ပိုက်ဆံကို ဘာအတွက် လိုချင်တာလဲ။” ထန်ရှု အံ့အားသင့်သွားသည်။
“သချာၤသင်တဲ့ဆရာက ပြောတယ်။ အတန်းထဲမှာ နာမကျန်းဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်တဲ့။ အဲ့ဒီရောဂါက အတော်လေး ပြင်းထန်ပြီး သူ့မိသားစုကလည်း ပိုက်ဆံအလုံအလောက် မရှိကြဘူးတဲ့လေ။ အတန်းထဲက ကျောင်းသားတော်တော်များများ လှူကြတယ်။ ရင်ရင်လည်း လှူ.. လှူချင်လို့ပါ။” ရင်ရင်က ပြောသည်။
“ရင်ရင့်အမေကို ဒီအကြောင်းမပြောပြဘူးလား။” ထန်ရှုက မေးလိုက်ရာ
“ပြောပြပါတယ်။” ဂူရင်၏အမူအရာမှာ မှုန်မှိုင်းသွားကာ လေသံတိမ်တိမ်ဖြင့်
“ဒါပေမယ့် အမေက မပေးချင်ဘူး။ အမေက ပြောတယ် ရင်ရင်က ကိုယ့်ကိစ္စကို ကိုယ့်ဘာသာကို ဆောင်ရွက်ဖို့လိုတယ်တဲ့။ ကိုယ်က သူများကို ကူညီချင်ရင် ဆရာ့ဆီက ကြိုးကြိုးစားစား သင်ယူရမယ်။ ဒါမှသာ နောင်တစ်ချိန်ကျရင် သူများကို ကူညီနိုင်တဲ့ အစွမ်းအစ ရလာမှာလို့ ပြောတယ်။”
ထန်ရှု ခေါင်းညိတ်လိုက်ရင်း “ကြည့်ရတာ ရင်ရင့်အမေက အများကြီး ပြောသွားတာပဲ။ ဒါပေမယ့် နတ်သမီးလေးကလည်း အစောပိုင်းကတည်းက လေ့ကျင့်ခံရဖို့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းပြီလေ ဆရာ မင်းကို ပိုက်ဆံနည်းနည်း ပေးရမှာပေါ့။”
“တကယ်ပြောတာလား။” ဂူရင်၏မျက်လုံးများသည် အံ့သြမှုနှင့်အတူ တောက်ပလာသည်။
ထန်ရှု ပေါ့ပေါ့ပါးပါး ရယ်မောလျက် “ဆရာက ရင်ရင့်ကို ဘယ်တုန်းက ညာဖူးလို့လဲ။”
“ဘယ်တုန်းကမှ မညာဖူးဘူး။” ဂူရင်က ချက်ချင်း ခေါင်းယမ်းပြကာ အလေးအနက်ပြောလိုက်သည်။
“ဆရာက ရင်ရင့်ကို ဘယ်တော့မှ အရူးမလုပ်ဖူးဘူး။”
ထန်ရှုက ကျေနပ်နှစ်သိမ့်သော အမူအရာဖြင့် ဂူရင်၏ပန်းရောင်သမ်းနေသောမျက်နှာလေးအား အသာညှစ်လိုက်သည်။ ထို့နောက် စုလင်းယွမ်အား ကြည့်လိုက်ပြီး
“အမေ… ဒီမှာပဲ နေပါဦး။ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတော့ အိမ်ကို ညနက်ထိအောင် ပြန်ရောက်နိုင်မှာ မဟုတ်လောက်ဘူး။”
စုလင်းယွမ်က ပြုံးလိုက်ပြီး “အေးပါကွယ်။ အမေ ရင်ရင့်ကို ဒီမှာ ဂရုစိုက်ပေးပါမယ်။”
“အမေ… တစ်ချိန်လုံး မနေချင်လည်း ရပါတယ်။ ဆိုင်ကို ထားခဲ့ရတာ စိတ်မချရင် အချိန်မရွေး သွားလို့ရတယ်လေ။ ရင်ရင် မနက်ပိုင်းသင်ခန်းစာတွေ ပြီးသွားရင် ဆိုင်မှာ ကစားဖို့ ခေါ်သွားလို့ရတယ်အမေ။ သူလည်း အိမ်မှာ တစ်ချိန်လုံး နေရတာငြီးငွေ့နေလိမ့်မယ်။” ထန်ရှု ပြောလိုက်သည်။
“အမေ သိပါတယ်။ သား စိတ်ချလက်ချသာ နေပါ။” စုလင်းယွမ်က အပြုံးဖြင့် ပြောလိုက်သည်။
ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ပစ္စည်းများကို ကောက်သိမ်းကာ ဒုတိယထပ်ရှိ စာကြည့်ခန်းသို့ သယ်ဆောင်သွားသည်။ သူ၏စာကြည့်ခန်းထဲတွင် အဖိုးတန်အရာများစွာ ရှိနေခဲ့သည်။ တစ်ခဏမျှ တွေဝေနေပြီးနောက် ထန်ရှုသည် မီးခံသေတ္တာအကြီးတစ်လုံး ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
အင်တာနက်သည် အလွန်အဆင်ပြေလှပေသည်။ ထန်ရှုသည် အင်တာနက်၏ဝန်ဆောင်မှုအား ပိုမို အသုံးပြုလာနိုင်ခဲ့ပေသည်။ အင်တာနက်အား အသုံးပြုပြီးနောက် ယောကျာ်းတစ်ယောက်အရပ်၏ခါးဝက်ခန့် ရှိသော မီးခံသေတ္တာအား ရွေးချယ်လိုက်သည်။ အွန်လိုင်းမှ ငွေပေးချေမှု လုပ်ပြီးသည်နှင့် သူ၏ဖုန်းအား အဝေးတွင် ပစ်ထားလိုက်သည်။
နေ့လည်စာ စားပြီးနောက်…
ထန်ရှုသည် တောင်တံခါးအိမ်ရာမှ ထွက်လာခဲ့ပြီး သူဝယ်ယူထားသော ဝိုင်လုပ်ငန်းရှိရာသို့ ထွက်လာခဲ့သည်။ လုပ်ငန်းခွင်နေရာသည် အကြီးအကျယ် ပြောင်းလဲနေပြီဖြစ်ပြီး ကျိုးပဲ့နေသော စက်အပိုင်းအစများသည် ထရပ်ကားများဆီသို့ တွန်းတင်ခြင်းကို ခံရကာ ကားများသည် ဝိုင်လုပ်ငန်း၏တံခါးမှ ထွက်လာကြသည်။
“ကြည့်ရတာ ငါတော့ ဝိုင်စက်အသစ် ဝယ်ရဦးမှာပဲ။”
ထန်ရှု ခေါင်းယမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ဓားအမာရွတ်ချန်အား ဖုန်းခေါ်လိုက်သည်။
“ဟယ်လို သူဋ္ဌေးလား။” ဓားအမာရွတ်ချန်၏အသံ ထွက်ပေါ်လာသည်။
“ဟုတ်တယ်။ ကျွန်တော်ပါ။ ကျွန်တော် ဝိုင်လုပ်ငန်းရဲ့ရှေ့ပေါက်မှာ ရောက်နေတယ်။ ခင်ဗျား ဘယ်မှာလဲ။”
“ကျွန်တော် အထဲမှာ။ ခဏလေး စောင့်ပါ သူဋ္ဌေး။ ချက်ချင်း ထွက်လာခဲ့မယ်။” ဓားအမာရွတ်ချန်က ပြောသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်…
တစ်ကိုယ်လုံး ချွေးသံတရွှဲရွှဲနှင့် ပေတလူးနေသော ဓားအမာရွတ်ချန်သည် အတွင်းမှ ထွက်လာခဲ့ပြီး သူ၏နောက်တွင် ဟဲလ်မက်ဆောင်းထားသော လူနှစ်ယောက် ပါလာသည်။ ထိုလူ၂ယောက်အား ထန်ရှု မသိရှိချေ။
“သူဋ္ဌေး… လုပ်ငန်းခွင်ကို လာစစ်ဆေးတာလား။” မျက်နှာပေါ်မှ ချွေးများကို သုတ်ကာ ဓားအမာရွတ်ချန် ရယ်မောလိုက်သည်။
“ဟုတ်ပါ့။ ကျွန်တော်က လုပ်ငန်းပြီးစီးမှုအခြေအနေကို တစ်ချက် သိချင်တယ်လေ။ စကားမစပ်.. သူတို့က ဘယ်သူတွေများလဲ။” ထန်ရှု ပြောလိုက်သည်။
ဓားအမာရွတ်ချန်က အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
“သူတို့က အကြီးအကဲခန်း လွှတ်လိုက်တဲ့ စက်ပြင်ဆရာတွေပါ။ သူက လီယန်၊ သူက လုဝေပါ။ သူတို့က တကယ်တော်ကြတယ်။ သူတို့ အကူအညီ မပါရင် ဒီဝိုင်လုပ်ငန်းကို ကျွန်တော် ပြန်ပြင်နိုင်မှာ မဟုတ်ဘဲ ခေါင်းကိုက်နေရတော့မှာ။”
“ဟိုင်း… သူဋ္ဌေး။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ။”
လီယန်နှင့်လုဝေတို့သည် ထန်ရှုအား တစ်ချိန်တည်း နှုတ်ဆက်လိုက်ကြသည်။
သူတို့၏မျက်နှာထက်တွင် အံံ့သြတုန်လှုပ်မှုအား မြင်နိုင်မည်ဖြစ်သည်။ ခမ်းနားသောထန်လုပ်ငန်းစုကြီး၏ သူဋ္ဌေးကြီးသည် သည်ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့ မည်သည့်အခါမျှ ထင်မိလိမ့်မည်မဟုတ်ပါချေ။
“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ဒါနဲ့ ဝိုင်လုပ်ငန်းအခြေအနေ ဘယ်လိုရှိလဲ။ ဘယ်အချိန်လောက် ပြင်ဆင်တာပြီးမလဲဆိုတာ ကျွန်တော့်ကို ပြောပါ။ ကနဦးလုပ်ငန်းစဉ်တွေက ပြီးပြီလား။” ထန်ရှုက ခေါင်းညိတ်လျက် မေးလိုက်သည်။
လုယန်မှ “ကနဦးလုပ်ငန်းစဉ်တွေ ပြီးဖို့က အလွန်ဆုံး၂လလောက်ပါပဲ။ ပြီးရင် ကျွန်တော်တို့ စက်တွေနဲ့ ထုတ်လုပ်မှုလိုင်းကို စမ်းကြပါမယ်။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းကို ယမ်းလျက်
“အရမ်းနှေးလွန်းတယ်။ နောက်ထပ်အင်ဂျင်နီယာ တစ်ဖွဲ့ ထပ်ထည့်ဖို့ ခန်းရှကို ပြောလိုက်ပါ။ ဝိုင်ထုတ်လုပ်မှုပြန်လည်ပြင်ဆင်နေတာက လဝက်ဆိုရင် ပြီးရမယ်။ ပြီးတာနဲ့ ပထမအသုတ်ကို တစ်လအတွင်း ထုတ်မယ်။ ကနဦးအဆင့်မှာ ငွေသုံးရာတာမကြောက်ဖို့ ခန်းရှကို ပြောပါလေ။ ပထမအသုတ်ထုတ်ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံတာတွေအားလုံး ပြန်ရလိမ့်မယ်။”
ထန်ရှု၏စကားအား သံသယဖြစ်စွာနှင့် လီယန်နှင့်လုဝေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
တစ်ဖက်တွင် ဓားအမာရွတ်ချန်ကမူ ထန်ရှုအား များစွာ ယုံကြည်ထားသည်။ ပြင်းပြသော စိတ်ဓာတ်ဖြင့် အလေးအနက်ထားလျက် “သူဋ္ဌေးရဲ့အမှာစကားကို အကြီးအကဲခန်းဆီ သေချာ ပြောလိုက်ပါမယ်။ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အလုပ်ပြီးစီးဖို့ သူဋ္ဌေးရဲ့စကားကိုလည်း သေချာ ဆောင်ရွက်ပါ့မယ်။”
“ကျွန်တော့်ကို အထဲခေါ်ပြီး လိုက်ပြပါဦး။” ထန်ရှုက ဓားအမာရွတ်ချန်၏ပခုံးအား ပုတ်လိုက်သည်။
“ကောင်းပြီ။”
တစ်နာရီကြာမျှ ထန်ရှုသည် ဓားအမာရွတ်ချန်၊ အခြားအလုပ်သမားများနှင့်အတူ ဝိုင်လုပ်ငန်းအား လိုက်လံစစ်ဆေးခဲ့ပြီး အတော်အသင့် စိတ်ကျေနပ်မှုရှိခဲ့သည်။ ဝိုင်လုပ်ငန်း၏စက်အများစုသည် သန့်စင်ပြီးဖြစ်ပြီး အချို့အစိတ်အပိုင်းအနည်းငယ်သည် အသုံးဝင်နေပေသေးသည်။ ရုံးအဆောက်အဦးနှင့် ဝန်ထမ်းများနေထိုင်ရာနေရာကိုပင် အသုံးပြုနိုင်ပေသည်။ နောက်ဆုံးတွင် သူတို့၄ယောက်သည် မပြင်ဆင်ရသေးသောနေရာတွင် ရပ်တန့်လိုက်ကြသည်။
“သူဋ္ဌေး…ဒီဟာက မူလလက်ဟောင်းဝိုင်လုပ်ငန်းရဲ့စက်နေရာပဲ။ အပြင်ပိုင်းကသာ မလှပပေမယ့် အတွင်းပိုင်းက သန့်ရှင်းပြီးပြီ။ နောက်ထပ်၈နှစ်လောက် သုံးလို့ရသေးတယ်။ သူဋ္ဌေးပြောတဲ့အတိုင်း အကြီးအကဲခန်းက ဝိုင်ထုတ်လုပ်တဲ့စက်ကိုလည်း ဝယ်ပေးထားတယ်။ သူဋ္ဌေးသင်ထားတဲ့ ဝိုင်ဖောက်တဲ့နည်းစနစ်အတိုင်း ငါလည်း လေ့ကျင့်ပြီးသွားလို့ အကြိမ်ဒါဇင်ပေါင်းများစွာ စမ်းသပ်ထုတ်ကြည့်ထားသေးတယ်။ ဖောက်ထားတဲ့ ဝိုင်က တကယ်ကို အရသာကောင်းတယ်။” ဓားအမာရွတ်ချန်က ရှင်းပြသည်။
“ခင်ဗျားမှာ နမူနာတွေ ရှိသေးလား။” ထန်ရှုက မေးသည်။
ဓားအမာရွတ်ချန်က “ဟုတ်ကဲ့.. စက်ရုံဝန်းထဲမှာ ၂စည်လောက် ရှိသေးတယ်။”
“ကျွန်တော့်ကို အဲ့ဒီကို ခေါ်သွားပါဦး။ အရသာ မြည်းကြည့်ဦးမယ်။” ထန်ရှု ပြောလိုက်သည်။
ဓားအမာရွတ်ချန်က နာခံစွာဖြင့် အလုပ်ရုံထဲသို့ ဦးဆောင်ခေါ်သွားခဲ့ပြီးနောက် ဝိုင်တစ်စည်အား လျင်မြန်စွာ ဆွဲထုတ်ကာ ဖွင့်လိုက်ပြီး ပန်းကန်လုံးတစ်လုံးထဲသို့ သတိကြီးစွာ လောင်းထည့်လိုက်သည်။ ထိုဝိုင်ပန်းကန်လုံးအား ထန်ရှုအား ပေးလျက်
“ဒီဟာက အကြိမ်ပေါင်းများစွာ ကြိုးစားထားမှုရဲ့ရလဒ်ပါ သူဋ္ဌေး။ ကျေးဇူးပြုပြီး မြည်းကြည့်ပေးပါဦး။”
ထန်ရှု ဝိုင်ပန်းကန်လုံးအား ယူကာ တစ်ငုံမြည်းကြည့်လိုက်ပြီး ခေါင်းကို ယမ်းလျက်
“အရသာက ကောင်းပေမယ့် ကျွန်တော် မျှော်မှန်းထားတာနဲ့စာရင် ဝေးနေသေးတယ်။ ကျွန်တော် ပေးထားတဲ့ ဖော်စပ်နည်းအညွှန်းအတိုင်း တကယ် လိုက်လုပ်ရဲ့လား။”
ဓားအမာရွတ်ချန်က ခေါင်းညိတ်ပြကာ “ထပ်တူထပ်မျှ တစ်သွေမတိမ်းပါပဲ။”
ထန်ရှုက ထူးဆန်းနေသောဟန်ဖြင့်
“ဒါ ထူးဆန်းတယ်။ အညွှန်းအတိုင်း အတိအကျ လိုက်လုပ်ရင် ဖောက်ထားတဲ့ဝိုင်ရဲ့အရသာက ဒီဟာထက် အဆပေါင်းများစွာ ပိုကောင်းနေရမှာ။ ပြသနာက ဘာရှိနိုင်လဲ။”
ဓားအမာရွတ်ချန်က ပဟေဠိဖြစ်နေသော အမူအရာဖြင့်
“သူဋ္ဌေး… မင်းပြောတဲ့ ဝိုင်က ကမ္ဘာပေါ်မှာ ဘယ်လို ရှိနိုင်မှာလဲ။ ကောင်းကင်ဘုံက ကျောက်စိမ်းဝတ်ရည်ဝိုင်လို တခြားဝိုင်နဲ့ မတူရဘူးလား။”
ကျောက်စိမ်းဝတ်ရည်ဝိုင်?
ဓားအမာရွတ်ချန်ပြောသော နာမည်အား ထန်ရှု ဆုပ်ကိုင်မိလိုက်သောကြောင့် သူ၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။ သူသည် လီယန်နှင့် လုဝေတို့အား ပြန်လွှတ်ရန် လှည့်လိုက်သည်။ ထို၂ယောက်ထွက်သွားပြီးနောက် ထန်ရှုက လေးနက်သော အသံဖြင့်
“ဝိုင်ဖောက်ရာမှာ သုံးတဲ့ ကောက်ပဲသီးနှံကို အစားထိုးမယ်။ ကောက်ညှင်းဆန်နဲ့ ပြန်စမ်းသပ်ကြည့်ရအောင်။ ပြီးတော့ လတ်ဆတ်တဲ့ ဝါးရွက်အချို့ကို ဝိုင်ဖောက်တဲ့ရေထဲမှာ စိမ်မယ်။ သတိထားပါ… ဝါးရွက်တွေက လတ်ဆတ်မှ ရမယ်နော်။ ဝိုင်ဖောက်တဲ့အထဲမထည့်ခင် သန့်ရှင်းအောင် ဆေးကြောဖို့ ဂရုစိုက်ဦး။”
ဓားအမာရွတ်ချန်က ခေါင်းညိတ်လျက် “နားလည်ပါပြီ။ ငါ အဲ့ဒါကို နောက်ပိုင်းမှာ လုပ်ပြီး တစ်ခုခု ဝယ်ပြီး အကြိမ်အနည်းငယ် ကြိုးစားကြည့်လိုက်မယ်။”
ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။
“ဓားအမာရွတ်ချန်… ကျွန်တော့်ရဲ့အခြားစီးပွားရေးလုပ်ငန်းတွေက အချိန်တိုအတွင်းမှာ ပိုက်ဆံအများကြီး ရှာပေးဖို့ ခက်လိမ့်မယ်။ ကျွန်တော် ငွေတအားလိုနေတဲ့အချိန်မှာ ဒီကာလလေးက အဖိုးထိုက်တန်တာမို့ ခင်ဗျား အတော် ဂရုစိုက်မှရမယ်။ ခင်ဗျား ကျွန်တော့်နောက်ကို လိုက်နေသရွေ့ မီလျံနာသူဋ္ဌေးတစ်ဦးဖြစ်ဖို့ ကျွန်တော် ကတိပေးတယ်။”
***